အစားရှောင်မယ်တော်ဝူရှီ
Vol. 18 Ch. 207
ကျိယွမ်သည် သူ၏မျက်လုံးများကို ညင်သာစွာဖွင့်လိုက်သည်။သို့သော် သူသည် မည်သည့်အရာကိုမျှ မမြင်ရသလို၊ မည်သည့်အသံကိုမျှလည်း မကြားရပေ။ ထိုအခိုက်အတန့်တွင် သူ၏အတွေးစများကပင် အေးခဲသွားသကဲ့သို့ ခံစားရ၏။
လျူဖုန်းနယ်မြေမှာရှိစဥ်က အတိတ်သို့ ပြန်သွားခဲ့စဉ် စာဝါငှက်မလေးကျူးယန်နှင့် ဆုံတွေ့ခဲ့ရမှုမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤနေရာမှာတော့ ပျောက်ဆုံးနေသော အလင်းချောင်း ကို အသုံးပြုရသည်မှာ အလွန်ကြာမြင့်နေသကဲ့သို့ ခံစားရသည်။
၎င်းမှာ သူ၏အတွေးများ ခေတ္တရပ်တန့်သွားသောကြောင့်လည်း ဖြစ်နိုင်၏။
အလွန်ကြာမြင့်သော အချိန်ကာလတစ်ခု ကုန်ဆုံးသွားပြီးနောက်တွင်မှ ကျိယွမ်၏ မြင်ကွင်းအတွင်းသို့ အလင်းစအချို့ ဝင်ရောက်လာခဲ့သည်။ သူ၏ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်သောအခါ သွေးကဲ့သို့ နီရဲနေသော ကြယ်တာရာကြီးများကို ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ရာ ချိတ်ဆွဲထားသည်ကို တွေ့ရသည်။
သူသည် ကောင်းကင်အနှံ့ကို ကြာမြင့်စွာရှာဖွေကြည့်သော်လည်း သူ၏ ကြယ်တာရာ အမြုတေကို မတွေ့ရတော့ပါ။
"ငါ တကယ်ပဲ အတိတ်ကို ပြန်ရောက်လာတာလား"
ကျိယွမ်က မယုံနိင်သလို တီးတိုးရေရွတ်လိုက်သည်။
သူ၏အနီးတွင်ရှိသော ရွာသားများ၏ မျက်နှာတွင်လည်း ဇဝေဇဝါ ဖြစ်နေသော အရိပ်အယောင်များ ရှိနေကြသည်။
"ငါတို့ ဘယ်ကို ရောက်နေတာလဲ။"
"ဒီနေရာက တစ်မျိုးကြီးပဲ။"
"ဒီက သစ်ပင်တွေက အရမ်းထူပြီး ပိတ်စိပ်နေတာပဲ။"
အခြားရွာသားများကလည်း တဖြည်းဖြည်း နိုးလာကြပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ အံ့အားသင့်နေကြသည်။
"ဒါ ဘယ်နေရာလဲဆိုတာ စိတ်မပူကြနဲ့ ၊ မင်းတို့ကို ကောင်းကျိုးပေးမဲ့နေရာလို့သာ မှတ်ထား "
ကျိယွမ်က သူတို့အားညွှန်ကြားလိုက်သည်။
"စိတ်အာရုံကိုပဲ စူးစိုက်ထားကြ၊ ပြီးရင်... ကျင့်စဉ်အဆင့် တက်လှမ်းကြတော့။"
သူ၏စကားကို ကြားသောအခါ ယောင်တောင်တောင်ဖြစ်နေသော ရွာသားများ သတိဝင်လာကြ၏ ။ ချက်ချင်းလိုလိုပင် သူတို့၏ စိတ်ကို ပြန်လည်စုစည်းကာ မိမိတို့၏ သက်ဆိုင်ရာ ကျင့်စဉ်များအတိုင်း စတင်ကျင့်ကြံကြတော့သည်။
ကျူးရှီကျုံး၏မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာပြီး ကောင်ကာငင်ကာ ထကြွေးကြော်လိုက်၏။
"ငါကျူးကြီးတစ်ယောက် နောက်ဆုံးတော့ ထိပ်တန်းကို ရောက်တော့မယ်ကွ"
နဂါးနိုင်သူတော်စင်နှင့် ကျားနိုင်သူတော်စင်တို့က အခြားသူများထက် အံ့အားသင့်နေကြပုံရလေသည်။ ဤနေရာရှိ စွမ်းအင်များသည် သူတို့အား စစ်မှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ရန် အမှန်တကယ် ထောက်ပံ့ပေးနိုင်သည်ကို သူတို့ သတိပြုမိကြသောကြောင့်ပင်။
ဒါက ဘယ်လိုနေရာမျိုးလဲ ၊ ဘယ်ရတနာကိုမှ မသုံးဘဲ စစ်မှန်နတ်ဘုရားအဆင့်ကို တိုက်ရိုက်တက်လို့ရတာလား ။
ခေတ္တမျှ သူတို့ ဇဝေဇဝါ ဖြစ်သွားသော်လည်း သူတို့ကို ဤနေရာသို့ ခေါ်ဆောင်လာသူမှာ သူတို့၏ စောင့်ရှောက်သူ နတ်ဘုရားကျိယွမ်ဖြစ်ကြောင်း သတိရလိုက်သဖြင့် စိုးရိမ်နေခြင်းတော့ မရှိပါ။ သူတို့၏ နတ်ဘုရားသည် သူတော်စင်အဆင့် နတ်မင်းကြီးများကိုပင် ဖန်တီးနိုင်သူဖြစ်ရာ ဤအခြင်းအရာမှာ အံ့သြစရာ မဟုတ်တော့ပေ။
ရွာသားများသည်လည်း တရားမှတ်သည့် အခြေအနေသို့ ရောက်ရှိသွားပြီး သူတို့၏ ခန္ဓာကိုယ်များသည် လေထဲတွင် လွင့်မျောနေကြသည်။
သူတော်စင်နှစ်ပါးကလည်း အချိန်မဖြုန်းတော့ဘဲ ချက်ချင်းကျင့်ကြံလိုက်ကြ၏။
ထိုစဉ် သူတို့ထိုင်နေသော နေရာသို့ တောအုပ်အတွင်းမှ အမည်းရောင်နှင့် အနီရောင်အတောင်ပံများရှိသော လိပ်ပြာကြီးတစ်ကောင် ပျံသန်းလာလေသည်။ အားလုံးက မျက်လုံးမှိတ်ကျင့်ကြံနေကြသဖြင့် လိပ်ပြာကိုမမြင်ကြသော်လည်း ကျိယွမ်က သေသေချာချာမြင်လိုက်သည်။
သူက လက်ကို ရုတ်တရက်ဆန့်ထုတ်ပြီး လိပ်ပြာကြီးအား တားဆီးရန် သို့မဟုတ် ခြောက်လှန့်ရန် ကြိုးစား၏။သို့သော်လည်း ထူးဆန်းစွာပင် ထိုလိပ်ပြာကြီးသည် တစ်စုံတစ်ရာနှောင့်နှေးခြင်းမရှိဘဲ သူ၏လက်ဖဝါးကို ဖောက်ထွက်သွားခဲ့သည်။
ဘာလဲဟ ။
ကျိယွမ်၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ တောက်ပလာသည်။
"ငါက ဒီကမ္ဘာကို သက်ရောက်မှု မပေးနိုင်သလို၊ ဒီကမ္ဘာကလည်း ငါ့ကို သက်ရောက်မှု မပေးနိုင်ဘူးပေါ့ ၊ ဒါဆို ဒီနေရာမှာ ကျင့်စဉ်အဆင့်ကို ဘယ်လို တိုးတက်အောင် လုပ်မလဲ"
ကျိယွမ်က လက်ဖဝါးကိုတစ်လှည့် ပျံသန်းသွားသော လိပ်ပြာကိုတစ်လှည့်ကြည့်ကာ လေးနက်စွာ တွေးတောနေသည်။
သူသည် ပျောက်ဆုံးနေသော အလင်းချောင်း၏ နက်နဲသော အခြေခံသဘောတရားများကို နားလည်ရန် အလွန် အားနည်းနေသေးကြောင်း သဘောပေါက်လိုက်၏။ ၎င်းမှာ သာမန်လူတစ်ယောက်ကို နက်နဲလွန်းသော နည်းစနစ်တစ်ခု ပေးလိုက်သကဲ့သို့ပင်။
ဉာဏ်မမှီသလို ဖြစ်နေ၏။
"အဆင့်တက်စမ်း"
ခဏအကြာတွေးတောနေပြီးနောက် ကျိယွမ်က သူ့ကိုယ်သူ ညင်သာစွာ ရေရွတ်လိုက်သည်။
ရုတ်တရက် လေပြင်းများ တိုက်ခတ်လာ၏ ။ ရေကန်ဘေးတွင် ရေသောက်နေသော သမင်ဖြူတစ်ကောင်သည် တစ်ခုခုထူးဆန်းသွားသလို ခေတ္တခေါင်းထောင်ကြည့်၏ ။ ပြီးနောက် မထူးဆန်းသလို ရေပြန်သောက်နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး လေတိုက်ခတ်သံမှအပ အနှောင့်အယှက်ကင်းစွာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။
ထိုတိတ်ဆိတ်မှုထဲတွင် ကျိယွမ်သည်လည်း မည်သည့် ဆူညံသံမျှ မရှိဘဲ တိတ်တဆိတ် အဆင့်တက်သွားခဲ့သည်။ သူ၏အဆင့်သည် နတ်ဘုရားအဆင့် ၉၀ သို့ ရောက်ရှိသွား၏ ။ထို့နောက် စစ်မှန်နတ်ဘုရား အဆင့် ၁ သို့ ဆက်လက် တိုးတက်သွားသည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ နတ်ဘုရားပေါက်တစ်ခု စတင်ဖြစ်ပေါ်လာသည်။ ထိုအခိုက်မှာပင် အတွေ့အကြုံရမှတ်များက စွမ်းအင်များအလား ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းသွားပြီး နတ်ဘုရားပေါက်များ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပေါ်လာရာ နောက်ဆုံး၌ ၁၃ ခုမြောက်တွင် ရပ်တန့်သွားသည်။
ကျိယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး
"စစ်မှန်နတ်ဘုရားအဆင့် ၁၃ လား"
သူသည် အဆင့် ၁၃ သို့ တိုက်ရိုက်ကြီး ခုန်တက်သွားခြင်းပင်။
"ဒါက ယင်နတ်ဘုရားဖြစ်ရတဲ့ ခံစားချက်လား။ သိပ်တော့လည်း မဆိုးပါဘူး"
ယင်နတ်ဘုရားဖြစ်လာသော်လည်း ကျိယွမ်သည် ထူးထူးခြားခြား စိတ်လှုပ်ရှားခြင်းမျိုးမရှိသလို ဂုဏ်ယူဝင့်ကြွားခြင်းလည်း မဖြစ်ပါ။
"အခုတော့ ငါဟာ သန္ဓေသားလောင်းဘဝကနေ အနည်းငယ် ဖွံ့ဖြိုးလာတဲ့ သန္ဓေသားအဆင့်ကို ပြောင်းလဲသွားပြီပေါ့"
ကျိယွမ်က တည်ငြိမ်စွာ တွေးပြီးနောက် အခြားသူများကို စစ်ဆေးကြည့်လိုက်၏။ နဂါးနိုင်သူတော်စင်နှင့် ကျားနိုင်သူတော်စင်တို့မှာလည်း စစ်မှန်နတ်ဘုရားများ အဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ ။ သူတို့ထံမှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။
အရှိန်အဝါများပေါ်မူတည်၍ ခန့်မှန်းရလျှင် သူတို့သည် နတ်ဘုရားပေါက် တစ်ခုတည်းဖြင့်ပင် နတ်ဘုရားပေါက် ငါးခုရှိသော ယင်နတ်ဘုရားကို ယှဉ်ပြိုင်နိုင်စွမ်း ရှိလောက်သည်။ ၎င်းမှာ ထိတ်လန့်ဖွယ်ကိုယ်ရည်ကိုယ်သွေးပင် ။
ထိုအချိန်တွင် သူတို့နှစ်ယောက်လုံးသည် နိုးထလာခြင်းမရှိသေးဘဲ နောက်ထပ် နတ်ဘုရားပေါက်တစ်ခု ရရှိရန်အတွက် နက်နက်ရှိုင်းရှိုင်း ဆက်လက် ကျင့်ကြံနေကြဆဲရှိ၏။
"ကောင်းတယ် ကောင်းတယ် ကြိုးစားထားကြ"
ကျိယွမ် ခေါင်းတညိတ်ညိတ်လုပ်နေစဥ်မှာပင် ရုတ်တရက်ဆိုသလို သူရောက်နေသောကမ္ဘာကြီးက ပြင်းထန်စွာ တုန်ခါသွားသည်ကို ခံစားလိုက်ရ၏။ မြေပြင်များ အက်ကွဲသွားပြီး ရေကန်သည် ရေဇလုံတစ်ခု မှောက်ကျသွားသကဲ့သို့ လျှံကျလာသည်။ ရေသောက်နေသော သမင်ဖြူကြီးသည်လည်း အလွန်လန့်ဖျပ်သွားကာ ခုန်ထွက်လိုက်သော်လည်း တစ်ကိုယ်လုံး ရေများစိုရွှဲသွားသည်။
ကောင်းကင်ပေါ်မှ သွေးရောင်ကြယ်များသည်လည်း ကမ္ဘာမြေပေါ်သို့ ကျဆင်းလာတော့မည့်အလား ပို၍ နီးကပ်လာသယောင် ရှိသည်။
ဘာဖြစ်ကုန်တာလဲ။
ကျိယွမ်၏ရှေ့တွင်ရှိနေသော တောင်တန်းပေါ်သို့ တက်ကာ လက်လှမ်းလိုက်ရုံနှင့် ထိုကြောက်မက်ဖွယ် ကြယ်များကို ထိတွေ့နိုင်တော့မည်ဟုပင် ခံစားရသည်။
သို့သော် ကျင့်ကြံနေသော ရွာသားများကတော့ ယခုဖြစ်ရပ်များ၏ သက်ရောက်မှုကို မခံရဘဲ စိတ်အာရုံ စူးစိုက်မြဲ စူးစိုက်နေကြကုန်၏။
"ဒါ..ဒဏ္ဍာရီထဲက .ဟုန်ထန်စစ်ပွဲကြီးဆိုတာလား"
"စစ်ပွဲကြီးဖြစ်နေတဲ့အချိန်ကို ငါတို့ပြန်ရောက်လာတာလား"
ကျိယွမ်က အတွေးနှင့်အတူမျက်မှောင်ကြုတ်ကာ အနောက်တောင်ဘက်အရပ်အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။ တုန်ခါမှုများသည် ကောင်းကင်တိုင်လုံးကြီးဆီမှ မြစ်ဖျားခံလာခြင်း ဖြစ်ဟန်တူသည်။
ဒဏ္ဍာရီလာပုကျိုးတောင်ကဲ့သို့ပင် ကောင်းကင်တိုင်လုံးကြီးသည် အဝေးတစ်နေရာတွင် မြင့်မားခန့်ညားစွာ တည်ရှိနေ၏။
ယခုအခါမှာတော့ တိုင်လုံးကြီးသည် အချိန်မရွေး ပြိုလဲတော့မည့်အလား တုန်ခါလျှက်ရှိသည်။
"ငါ့ကောင်တွေအကုန်လုံး စစ်မှန်နတ်ဘုရားအဆင့် မရောက်ခင်မှာ ဒီတိုင်လုံးကြီး ပြိုမကျသွားဖို့ မျှော်လင့်ရတာပဲ"
ကျိယွမ်က စိုးရိမ်တကြီး တွေးလိုက်သည်။ထိုအရာက လက်ရှိတွင်အရေးအကြီးဆုံးပင်။
သူကရွာသားများကို အကဲခတ်ကြည့်သောအခါ ၈ ယောက်လုံးသည် စစ်မှန်နတ်ဘုရားအဆင့်သို့ ရောက်ရန် အနည်းဆုံး ၆ နာရီခန့် ကြာဦးမည်ဟု ထင်ရသည်။ တိုင်လုံးကြီး၏ အခြေအနေက တုန်ခါနေသော်လည်း တစ်ရက် နှစ်ရက်အတွင်း ပြိုလဲမည် မဟုတ်သဖြင့် သူ၏စိုးရိမ်မှုက သိပ်တော့အရေးမကြီးချေ။
ဘာပဲပြောပြော သေချာတာပိုကောင်းတယ် ။
ကျိယွမ်က ထိုသို့တွေးပြီးနောက်...
"မင်းတို့အားလုံး ဒီမှာပဲနေပြီး သေချာကျင့်ကြံကြ။ ငါ... ဟိုနားဒီနား ခဏ လမ်းလျှောက်လိုက်ဦးမယ်"
မှာကြားပြီးသည်နှင့် ကျိယွမ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်တိုင်လုံးကြီးဆီသို့ ဦးတည်သွားသည်။ ရှေးဟောင်းခေတ်၏ ဒဏ္ဍာရီဖြစ်သော ဟုန်ထန်စစ်ပွဲကြီးကို သူကိုယ်တိုင် ဒိဌဓမ္မမြင်တွေ့လို၏။
ဤနေရာတွင်ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်သူများရှိသော်လည်း ထိုသူများက သူ့ကို အန္တရာယ် မပေးနိုင်သဖြင့် သူက ရုပ်ရှင်ကြည့်သကဲ့သို့ပင် သဘောထားလိုက်ရုံပင်။
တောင်တန်းများက ဆက်တိုက်နိမ့်ဆင်းသွားပြီး တွင်းကြီးများဖြစ်ပေါ်လာကာ ထိုတွင်းကြီးများထဲတွင် နီရဲဝါဝင်းသော ချော်ရည်များ စီးဆင်းနေသည်။
ထိုအချိန်တွင် နှင်းကဲ့သို့ ဖြူဖွေးသော လက်ကြီးတစ်ဖက်က ရှေးဟောင်းစစ်မြေပြင်ပေါ်မှ ဝှီးခနဲကျဆင်းလာပြီး ချော်ရည်များထဲသို့ ဘုန်းကနဲ ပြုတ်ကျသွားသည်ကို သူမြင်လိုက်ရသည်။ ကန်ထဲသို့ ကျောက်တုံးကြီးပြုတ်ကျသကဲ့သို့ဖြစ်သွားပြီး တွင်းထဲမှချော်ရည်များကက မီးတောင်ပေါက်သည်အလား စင်ထွက်လာကုန်သည်။
စစ်ပွဲကြောင့် မြေပြင်တစ်ခုလုံးကြီးမားသော ပျက်စီးယိုယွင်းမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
နီးကပ်လာသောအခါမှ ကောင်းကင်တိုင်လုံးကြီး၏ထိပ်ဖျားပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်အချို့ ရပ်နေသည်ကို သူမြင်လိုက်ရသည် ။ သူတို့ထဲမှ တစ်ဦးစီတိုင်းသည် ကောင်းကင်ဘုံသို့ ခြေလှမ်း ၇ လှမ်း တက်လှမ်းနိုင်ခဲ့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များဖြစ်ကြ၏။
သူတို့ထဲတွင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးလည်း ပါဝင်နေသည်။ သူမ၏ မျက်ခုံးများသည် မြသားမွှေးကဲ့သို့ ဖြစ်ပြီး အသားအရေမှာ ဖယောင်းကဲ့သို့ ဖြူဝင်းကာ ကိုယ်လုံးကိုယ်ပေါက်မှာလည်း ဝါးပင်ပေါက်လေးကဲ့သို့ သွယ်လျသည်။ သူမ၏ ခါးတွင် ကျိုးပဲ့နေသော ရွှေရောင်ဆွဲသီးတစ်ခု ချိတ်ဆွဲထားသည်ကို သူသတိပြုမိ၏။
သူမ၏ အသွင်အပြင်မှာ အလွန်နုနယ်ပုံရသော်လည်း အမှန်စင်စစ်မှာတော့ ဖန်ထုန်နယ်မြေတွင် အစွမ်းအထက်ဆုံး ဖြစ်သည့် အစာမစားသော အစားရှောင်မယ်တော်ဝူရှီ ဖြစ်လေသည်။
"မိစ္ဆာနတ်ဘုရားတွေရဲ့ တိုက်ခိုက်မှုက အခုရက်ပိုင်း ပိုစိပ်လာတယ် ၊ ဒီတစ်နေ့ထဲနဲ့တင် စစ်မှန်နတ်ဘုရား ၃၂၇ ပါး ကျဆုံးသွားပြီ"
ချန်းရွှမ် မဟာအုပ်စိုးရှင်က သွေးရောင်တောက်ပနေသော နေမင်းကြီးကို မော့ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်၏။
"မိစ္ဆာနတ်ဘုရားတွေက ကောင်းကင်တိုင်လုံးကြီးကို ဖြတ်တောက်ပစ်ချင်နေတာ။ ငါတို့ နယ်မြေရဲ့ အမြစ်ကို သူတို့ ဖျက်ဆီးချင်နေကြတာ"
အခြား မဟာအုပ်စိုးရှင် တစ်ပါးက စိတ်မချမ်းမြေ့သောအမူအယာဖြင့် လေးနက်စွာ ဆိုသည်။
ကောင်းကင်တိုင်လုံးကြီးပေါ်တွင် စုဝေးနေသော မဟာအုပ်စိုးရှင် ၇ ပါးသည် ဤနယ်မြေ၏ နောက်ဆုံးကျန်ရှိသော အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အခြားသူများအားလုံးကတော့ စစ်ပွဲကြီးအတွင်း ရဲရင့်စွာ တိုက်ခိုက်ရင်း ဝမ်းနည်းဖွယ်ကျဆုံးသွားခဲ့ရလေပြီ။
လက်ရှိမှာတော့ သူတို့ ၇ ပါးသည် တိုင်လုံးကြီး ပြိုမကျသွားစေရန် စုပေါင်း၍ အစွမ်းကုန် ကာကွယ်နေကြ၏။ သူတို့ သေဆုံးသွားလျှင်တောင် နယ်မြေအတွက် မျှော်လင့်ချက် ရှိသေးသော်လည်း တိုင်လုံးကြီးသာ ပြိုလဲသွားပါက ဤနယ်မြေသည် အမြစ်မရှိဘဲ လွင့်မျောနေသော အရာတစ်ခု အလား ဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း ရင်နာစရာကောင်းသော အမှန်တရားမှာ မိစ္ဆာနတ်ဘုရားများ၏ ဖျက်ဆီးမှုကို သူတို့ တားဆီးနိုင်မည်မဟုတ်ပေ ။ ထိုအမှန်တရားက ခါးသက်၏ ။ သူတို့က သိသိကြီးနဲ့ ရင်စည်းကာအံတုနေကြရသည်။
မဖြစ်နိုင်ဘူးဆိုသည့်တိုင်အောင် နယ်မြေအတွက် နောက်ဆုံးအချိန်ထိ သူတို့က လက်လျှော့မည်မဟုတ်ပါ ။
"နောက် ၂ ရက်နေရင် စစ်မှန်နတ်ဘုရားထက် အဆင့်မြင့်တဲ့သူတွေ လှုပ်ရှားလာတော့မယ်။ မင်းတို့ ဘယ်လိုထင်လဲ"
အဖိုးအိုတစ်ဦးက အက်ရှရှအသံဖြင့် မေးလိုက်သည်။
အားလုံး တိတ်ဆိတ်သွားကြ၏။ စစ်မှန်နတ်ဘုရားအဆင့်ထက် မြင့်သော ပုဂ္ဂိုလ်... သူတို့ ၇ ယောက် ပေါင်းလျှင်ပင် ထိုသူကို ယှဉ်နိုင်မည် မဟုတ်ပါ။
"ကျွန်မ တားဆီးမယ်"
အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
သူတို့ ၆ ဦးစလုံးသည် အစားရှောင်မယ်တော်ကို လှည့်ကြည့်မိကြ၏။ သူတို့၏ မျက်လုံးထဲတွင် လေးစားမှု၊ ဝမ်းနည်းမှုနှင့် အားကိုးရာမဲ့မှုများ ရောယှက်နေခဲ့သည်။
"မယ်တော်၊ အဲ့ဒီ ပုဂ္ဂိုလ်ကို မင်း ဘယ်လောက်ကြာကြာ တားထားနိုင်မလဲ"
ချန်းရွှမ်က သက်ပြင်းချကာ မေးသည်။
"တိုင်လုံးကြီး ကျိုးသွားပြီးရင် တိုင်ထဲက မျိုးစေ့ကို ထုတ်ယူဖို့ ငါတို့အတွက် အနည်းဆုံး အသက်ရှုချိန် ၂၀ တော့ လိုလိမ့်မယ်။"
ကောင်းကင်တိုင်လုံးကြီးအတွင်း၌ ဤနယ်မြေ၏ ကောင်းကင်ဘုံတာအိုကိန်းဝပ်နေပြီး ထိုတာအိုအတွင်း၌ "ကမ္ဘာဦးမျိုးစေ့" ရှိသည်။ ပုံမှန်အားဖြင့် သူတို့သည် ထိုမျိုးစေ့ကို ထိတွေ့နိုင်ရန်မရှိပါ ။
သို့သော်လည်း တိုင်လုံးကြီး ကျိုးပျက်သွားလျှင် နိယာမများရှုပ်ထွေးသွားမည်ဖြစ်သောကြောင့် ထိုမျိုးစေ့ကို အဝေးသို့ ပို့ဆောင်ရန် အခွင့်အရေး ရနိုင်လိမ့်မည်။ မျိုးစေ့ကိုသာ ဘေးကင်းရာသို့ ပို့နိုင်လျှင် ရန်သူက တာအိုကို ဝါးမြိုသွားပါစေဦးတော့ ဤနယ်မြေအတွက် မျှော်လင့်ချက် အလင်းစလေးတစ်ခု ကျန်ရှိနေဦးမည် မဟုတ်ပါလား။
"အသက်ရှုချိန် ၂၀ အထိ တားပေးမယ်"
အနီရောင်ဝတ်ထားသော အစားရှောင်မယ်တော်၏အသံတွင် မည်သည့် ခံစားချက်မျှ မပါဝင်ပေ ။ အေးစက်၏ ၊ ပြတ်သားပြီး အပိုစကားလုံးများလည်း မပါဝင်ခဲ့ချေ။
"ကောင်းပြီ"
အခြားသူများက ခေါင်းညိတ်လိုက်ကြသည်။ သူမသည် ဤနေရာ၌ အစွမ်းဆုံး ဖြစ်သောကြောင့် ရန်သူကို တားဆီးရန် အသင့်တော်ဆုံး ရွေးချယ်မှုပင် ။
အရေးကြီးသည့်စကားကို ပြောပြီးနောက်အစားရှောင်မယ်တော်သည် ကောင်းကင်ပေါ်မှ နီရဲနေသော သွေးရောင်ကြယ်များကို တစ်ချက်ကြည့်ကာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ကျန်ရှိနေသော မဟာအုပ်စိုးရှင် ၆ ပါး၏ အကြည့်များကလည်း ကောင်းကင်ပေါ်မှ ကြယ်များဆီသို့ ရောက်ရှိသွားကြ၏။
"ဒါက ငါတို့အင်အားနဲ့ အစွမ်းကုန်လုပ်နိုင်တဲ့ နောက်ဆုံးအရာပဲ။ နောင်လာနောက်သားတွေအတွက် မျှော်လင့်ချက်လေး ချန်ထားခဲ့ရမယ်။"
"အနာဂတ်ကသူတွေ ဒါကို ဆုပ်ကိုင်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပဲ။"
ထိုအချိန်တွင် ကောင်းကင်တိုင်လုံးကြီး၏ ခြေရင်းတွင်ရှိနေသော တောင်ကုန်းတစ်ခုအနားမှ ရေကန်တစ်ခုအနားတွင် ကျိယွမ် ရပ်နေခဲ့သည်။သူ၏အကြည့်က ရေကန်ဘေးမှ စိမ်းလန်းသော ဝါးအိမ်လေးတစ်လုံးပေါ်သို့ ကျရောက်သွားခဲ့သည်။
တဲအိမ်လေးရှိရာ ခြံဝင်းထဲတွင် ကျောက်စိမ်းဗျက်စောင်းတစ်ခု ရှိနေပြီး
အနီရောင်ဝတ်စုံမိန်းမပျိုတစ်ယောက်သည် စောင်းကြိုးများကို ညင်သာစွာ တီးခတ်နေ၏။
သူမ၏ ဆံပင်များတွင် မည်သည့် အဆင်တန်ဆာမျှ မရှိသလို မျက်နှာပေါ်တွင်လည်း မိတ်ကပ်လည်း လိမ်းခြယ်ထားခြင်း မရှိပါ။ သို့သော် သူမ၏ ထူးခြားသော အရှိန်အဝါမှာ မှေးမှိန်သွားခြင်း မရှိသလို သာယာသော စောင်းသံကလည်း စမ်းရေစီးသံကဲ့သို့ အေးချမ်းစွာ စီးဆင်းနေသည်။
"ဒါ... အစာမစားတဲ့ အစားရှောင်မယ်တော်ဆိုတာလား"
ကျိယွမ်က သူမကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမသည် ဘာမှမစားသဖြင့် အာဟာရချို့တဲ့နေမည်ဟု သူ ထင်ခဲ့မိသည်။ယခုမြင်လိုက်ရမှ သူ၏အတွေးများက လုံးဝမှားနေကြောင်း သိလိုက်ရ၏။
"ကောင်းကင်တိုင်လုံးကြီး ကျိုးတဲ့နေ့မှာ သူက ရန်သူကို တားဆီးရင်း သေဆုံးသွားလိမ့်မယ်။ သူရဲ့ နတ်ဘုရားစွမ်းအင်တွေက ရတနာတွေအဖြစ် ပြောင်းလဲသွားပြီး အနာဂတ်လူသားတွေကို အဆင့်တက်ဖို့ ကူညီပေးလိမ့်မယ်။ ဒါက တကယ်ပဲ အတ္တကင်းတာလား၊ ဒါမှမဟုတ် တခြား ရည်ရွယ်ချက်တစ်ခုခုများ ရှိလို့လား"
ကျိယွမ်က သာယာသော စောင်းသံကို နားထောင်ရင်း အတွေးနက်နေမိသည်။
လောကမှ ဒီလောက်ကြီးထိ အနစ်နာခံတဲ့သူမျိုး ရှိနိုင်လို့လား။
ထိုအခိုက်ကလေးမှာပင် အစားရှောင်မယ်တော်တီးခတ်နေသော စောင်း၏ကြိုးများက ရုတ်တရက်ပြတ်တောက်သွားသည်။ သူမ၏ လှပသောမျက်နှာပေါ်တွင် မည်သည့် ခံစားချက်အမူအယာများ ပြောင်းလဲမသွားသော်လည်း ကြည်လင်သောမျက်လုံးများထဲတွင်တော့ ရှုပ်ထွေးသော အရိပ်အယောင်များ ရှိနေသည်။
"ရောက်နေမှတော့... ဝင်ပြီး ထိုင်ပါဦးလား"
သူမ၏ဖူးငုံသောနှုတ်ခမ်းအစုံမှ တောင်ကျစမ်းရေကဲ့သို့ ကြည်လင်သော အသံထွက်ပေါ်လာသည်။
တိတ်ဆိတ်စွာငေးမောကြည့်နေသော ကျိယွမ်တစ်ယောက် နေ့ခင်းကြောင်ကြောင် သရဲခြောက်ခံရသလို လန့်ဖျန့်သွား၏။
သူမ၏ အသံကို ကျိယွမ် ကြားရသည်မှာ မထူးဆန်းပါ ။ ရုပ်ရှင်ကားထဲမှအသံကို ပရိတ်သတ်များ ကြားရသည်မှာ သဘာဝပင် ။ သို့သော် သူမက သူ၏တီးတိုးမှတ်ချက်သံကို ကြားနိုင်သည်ကတော့ မဖြစ်နိုင်သော အရာပင် ။
ကျိယွမ်က ဟိုဟိုဒီလှည့်ကြည့်သော်လည်း ပတ်ဝန်းကျင်တွင် သူတစ်ယောက်တည်းသာရှိသည်ကို တွေ့ရသည်။
"ငါ့ကို ပြောတာလား"
သူ မမေးဘဲမနေနိုင်တော့ပါ ။
"မင်း ငါ့အသံကို ဘယ်လိုကြားတာလဲ။ မင်းမှာ နားအကြားအာရုံ ထူးခြားတာမျိုး ရှိလို့လား။"
ကျိယွမ်၏နားများကလည်း ထိုသို့ကြားနိုင်သည့်စွမ်းရည်ရှိသဖြင့် ထိုသိူ့တွေးမိခြင်းဖြစ်၏။
"အင်း. အဲလိုပဲထားပါတော့.."
အစာရှောင်မယ်တော်က တိုးတိုးလေး ရေရွတ်လိုက်သဖြင့် ကျိယွမ်က အင်း ဟူသောစကားလုံးများကိုသာ ကြားရသည်။
"ဒါက အတိတ်က အသံသွင်းထားတာကို ပြန်နားထောင်နေရတာများလား"
ကျိယွမ်က ဇဝေဇဝါ ဖြစ်နေဆဲရှိသည်။
ဤကမ္ဘာရှိ မည်သူကမျှ သူ့ကို မြင်နိုင်၊ ကြားနိုင်ခြင်း မရှိသင့်သော်လည်း ယခုမှာမူ ခြွင်းချက် ဖြစ်နေ၏။
"နောက် ၂ ရက်နေရင် ကောင်းကင်တိုင်လုံးကြီး ကျိုးလိမ့်မယ်။ အဲ့ဒီအထိပဲ ကျွန်မ တောင့်ခံထားနိုင်တော့မှာ"
အစာရှောင်မယ်တော်က ကျိယွမ်ရပ်နေသောဘက်ကို လှမ်းကြည့်ကာ ဝန်ခံသလို ပြောလာသည်။ သူမ၏မျက်လုံးများထဲတွင် မမြင်ရသော်လည်း သူမကြည့်နေသော နေရာကတော့ ကျိယွမ်ရှိသည့် နေရာတည့်တည့်ပင် ။
သူက အဲလောက်စွမ်းတာလား။
ကျိယွမ် သက်ပြင်းချမိ၏။
"နောက် ၂ ရက်အတွင်း တကယ်ကျိုးတော့မှာလား"
ကျိယွမ်က မြင့်မားလှသော ကောင်းကင်တိုင်လုံးကြီးကို မော့ကြည့်လိုက်သည်။
နှစ်ရက်ဆိုသောအချိန်မှာ လုံလောက်ပါသည်။ ၂ ရက်အတွင်း သူ၏ရွာသားများအားလုံး စစ်မှန်နတ်ဘုရားများအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
"ငါအချိန်ခရီးသွားတာ အချိန်မီရုံကလေးပဲ ၊ တော်သေးတာပေါ့ "
ကျိယွမ်က စိတ်သက်သာရာ ရသွားသလိုမှတ်ချက်ချသည်။ ထို့နောက်သူ၏ အကြည့်က အစာရှောင်မယ်တော်ထံသို့ ပြန်လည်ကျရောက်သွား၏။
ဝန်ခံရလျှင် သူသည် ရှေးဟောင်းခေတ်မှ ထိပ်တန်းအဆင့်ရှိသော ထိုအမျိုးသမီးအပေါ် တကယ်ပင် စိတ်ဝင်စားမိသည်။
အစာရှောင်မယ်တော်၏ လှပသောမျက်နှာထက်တွင် ဖျော့တော့သော ပြုံးရိပ်တစ်ခု ပေါ်လာ၏။
"ကျွန်မ သေပြီးရင် ကျွန်မရဲ့ စွမ်းအင်တွေက ရတနာတွေဖြစ်သွားပြီး အားလုံးကို အဆင့်တက်ဖို့ ကူညီပေးလိမ့်မယ် မဟုတ်လား"
သူမက ကျိယွမ်ကို သက်သေတစ်ခုရလိုသည့်အလား မေးပြန်သည်။
"ဟုတ်တယ်၊ မင်းက ငါ့ကို တော်တော်လေး ကူညီခဲ့တာ"
ကျိယွမ်က အမှန်အတိုင်းဝန်ခံ၏။ ချင်းရွှေရွာ၏ အစောပိုင်း ကြီးထွားမှုမှာ သူမ၏ စွမ်းအင်မှ ဖြစ်ပေါ်လာသော ရတနာများနှင့် များစွာ သက်ဆိုင်နေသဖြင့် ငြင်းစရာမရှိပါ။
"ကျွန်မက ရှင့်ကို ကူညီခဲ့တယ်ပေါ့..."
သူမက တိုးတိုးလေး ရေရွတ်လိုက်ပြီး ကြိုးပြတ်နေသော စောင်းကို အဓိပ္ပါယ်မဲ့ ပြန်ငုံ့ကြည့်နေ၏။ သူမ၏ သွယ်ပြောင်းသော လက်လေးများက စောင်းကြိုးများကို ညင်သာစွာတို့ထိနေရင်းမှ
"ဒါဆို ကျွန်မကို တစ်ခုလောက် ပြန်ကူညီပေးနိုင်မလား။"
ကျိယွမ်၏ မျက်ခုံးများကျုံ့သွားခဲ့သည် ။စိတ်အနှောင့်အာှက်ဖြစ်သွားခြင်းမဟုတ်ပါ ။ စိတ်ဝင်စားသွားသောကြောင့် ဖြစ်၏။
အစားရှောင်မယ်တော်၏ အတွေးအခေါ်က သိသိသာသာထူးဆန်းလှသည်ဟု သူခံစားမိသည်။ သူမအတွက် ကျိယွမ်မှာ ရုပ်မမြင်အသံကြားသက်ရှိတစ်ခုထက်မပိုသလို ၊ မည်သည့်နေရာမှ မည်သို့မည်ပုံရောက်လာပြီး မည်သည့်ရည်ရွယ်ချက်ရှိသူမှန်းလည်း မသိနိုင်သည့် ထူးဆန်းသော အရာတစ်ခုသာ ဖြစ်၏။
ထိုအရာမျိုးထံမှ သူမက အဘယ်ကြောင့် အကူအညီ တောင်းရသနည်း။
သူ့အားအလွန်အစွမ်းထက်သော တည်ရှိမှုကြီးတစ်ခုဟု ထင်မှတ်နေသည်လား ။
နင်းထောင်သည်လည်း သူ့အားထိုသို့ထင်မှတ်ခဲ့ဖူးလေသည်။
ကျိယွမ် စိတ်ထဲမှ ခေါင်းခါမိ၏။
မိန်းကလေး မင်းတော့ လူမှားပြီး အကဲခတ်မိပြီ ထင်တယ် ။
"ဒီကမ္ဘာမှာ ဘယ်သူမှ ကျွန်မကို မကူညီဖူးဘူး"
သူမက ပျက်စီးနေသော ဗျက်စောင်းကြိုးတစ်စကို ရည်ရွယ်ချက်မရှိစွာ ငေးကြည့်နေရင်းမှ ဝန်ခံသည်။
ကြည့်ရသည်မှာ သူမအတွက် အစွန်းကုန် မျှော်လင့်ချက်မဲ့နေသော အခြေအနေကြောင့် ယခုလို စိတ်ရူးထသော အကြံမျိုးတွေးမိသွားခြင်း ဖြစ်နိုင်သည်ဟု ကျိယွမ် ယူဆလိုက်သည်။
"ဘယ်လို အကူအညီလဲ"
"နောက် ၂ ရက်နေရင် ကောင်းကင်တိုင်လုံးကြီးကျိုးတော့မယ်။ အဲ့ဒီအချိန်မှာ ကျွန်မ ရန်သူကို စက္ကန့် ၂၀ ကြာအောင် တားနိုင်ဖို့ အသက်နဲ့ရင်းပြီး ကြိုးစားမှာ။ အဲ့ဒီအချိန်မှာ တခြားသူတွေက မျိုးစေ့ကို အပြင်ပို့ကြလိမ့်မယ်။ မဟုတ်ရင်... ဒီကမ္ဘာမှာ အနာဂတ် ရှိတော့မှာ မဟုတ်ဘူး။"
ကျိယွမ်သည် ဥပါဒါန်သွေးမျိုးဆက်ဖြစ်နေသောကြောင့် ဂိမ်းရူးရူးနေသော်သော်လည်း အထူအပိန်းတော့ မဟုတ်ပါ ။ထို့ကြောင့် သူမ၏ အစီအစဉ်ကို ချက်ချင်းနားလည်လိုက်သည်။
ဖန်ထုန်ကမ္ဘာ၏ရန်သူကြီးကသာ ကောင်းကင်ဘုံတာအိုကို ဝါးမြိုနိုင်သွားလျှင် အနာဂတ်မှချင်းရွာနှင့် ဂိမ်းတစ်ခုလုံးကလည်း အလိုလို ပျက်စီးသွားပေလိမ့်မည်။
၎င်းမှာ သူ၏တာဝန် ကျရှုံးခြင်းပင် ။
သူက ဤဂိမ်းကို ရှုံးနိမ့်သွားလေပြီ။
ဒါမျိုး မိမိလက်မခံ ။
သူက ပြတ်သားစွာ ခေါင်းညိတ်ပြလိုက်၏။
"ငါ ကူညီပါ့မယ်၊ သေချာပေါက်ကူညီမှာ "
"ဒါပေမဲ့ အဲ့ဒီ အဆင့်မြင့်ရန်သူကြီးက ဘယ်လိုပုံစံလဲဆိုတာလည်း ငါ မြင်ချင်သေးတယ်။ တစ်ခုတော့ ရှိတယ်နော် ၊ ငါက သိပ်ပြီး မကူညီနိုင်တာမျိုး ဖြစ်နိုင်တယ် ။"
သမိုင်းမှတ်တမ်းများအရ သူမသည် အသက်ရှုချိန် ၂၀ အထိ တားဆီးနိုင်ခဲ့သည်မှာ သေချာသဖြင့် သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဖြေမှာ ပြောင်းလဲမည်တော့ မဟုတ်ဟုလည်း သူယူဆမိ၏။
သို့သော် သူသည် ဂိမ်း၏ နောက်ဆုံးရန်သူ Boss ၏ အစွမ်းကို ကြိုတင် လေ့လာချင်နေ၏။ ယခုဂိမ်း၏ အဆုံးသတ်တွင် သူက ထိုငနဲနှင့် ဘတပြန် ကျားတပြန် သတ်ကြရမည် မဟုတ်ပါလား။
မင်းက ငါဘယ်သူလဲ မသိပေမဲ့ ၊ ငါက မင်းကို သိနေတယ်လေ ၊ ဒါက တစ်ပန်းသာနေတာပဲ ။
သူက ထိုသို့တွေးမိကာ အနည်ငယ်ရွှင်ပျသွားသည်။
"ငါတို့ အချင်းချင်း အသံပဲ ကြားနိုင်ပြီး ထိလို့မရတာ နှမြောဖို့ကောင်းတယ်။ မဟုတ်ရင် မင်းရဲ့ လက်မှတ်လေး တောင်းသွားဦးမလို့"
ကျိယွမ်က အရွှန်းဖောက်ကာ စောင်းကြိုးများကို ထိရန် ကြိုးစားသော်လည်း သူ၏လက်မှာ စောင်းတစ်ခုလုံးကို ဖောက်ထွက်သွားသည်။
"ဒါဆို ဒီ ၂ ရက်အတွင်း ဒီမှာပဲ နေပါလား "
အစားရှောင်မယ်တော်မယ်တော်က မည်သို့စိတ်ကူးပေါက်သွားသည်မသိ စောင်းနှင့်အနည်းငယ်ခွာလိုက်ပြီး ကန်ရေပြင်ကို ငေးကြည့်ကာ အကြံပေးလာသည်။
"ကောင်းပြီလေ ၊ ငါ နေပါ့မယ်"
ကျိယွမ်က သဘောတူလိုက်ပြီး ခြံဝင်းထဲရှိ နောက်မှီကုလားထိုင်တစ်ခုတွင် လှဲအိပ်သယောင် လုပ်လိုက်သည်။ သူက ကုလားထိုင်ကို အမှန်တကယ် မထိနိုင်သော်လည်း ဟန်ဆောင်၍တော့ ရသေးသည်။
"ဒီမှာ ကုလားထိုင် ၂ လုံးရှိတာပဲ။ ဧည့်သည်တွေ ခဏခဏ လာတတ်လို့လား"
အစားရှောင်မယ်တော်၏ အကြည့်က အခြားကုလားထိုင်တစ်ခုအပေါ်ကျရောက်သွားပြီးမှ တုံ့ဆိုင်းစွာဖြေ၏။
"ခဏခဏတော့ မဟုတ်ပါဘူး"
"အင်း.....ငါ ခဏ အိပ်လိုက်ဦးမယ်။ အချိန်တန်ရင် နှိုးလိုက်ပါ"
စကားဆုံးသည်နှင့် မျက်လုံးများကို မှိတ်ကာတိတ်ဆိတ်သွား၏။ သူသည် အမှန်တကယ် အိပ်စက်ခြင်း မဟုတ်ဘဲ ကျိယွမ်ကျမ်း ကို ဆက်လက် ပြုစုနေခြင်း ဖြစ်သည်။
အစားရှောင်မယ်တော်ကလည်း ထပ်မံစကားမဆိုတော့ဘဲ ကန်ရေပြင်ကို တည်ငြိမ်စွာ ငေးကြည့်နေခဲ့သည် ။ သူမ၏ ကြည်လင်သောမျက်ဝန်းများက လေးနက်နေပြီး မည်သည့်အရာများ တွေးနေသည်ကို မည်သူမှမသိနိုင်ပေ။
အချိန်တစ်ခုကြာသည််အထိ တဲအိမ်လေးက တိတ်ဆိတ်နေပြီးသောအခါမှ အစားရှောင်မယ်တော်က ဗလာဖြစ်နေသော ကုလားထိုင်ကို ကြည့်လိုက်သည်။
"ရှင် ကုလားထိုင်ပေါ်မှာ ရှိနေတုန်းလား"
သို့သော် မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပါ။ သူမသည် ကုလားထိုင်ကို ကြည့်ပြီးနောက် သက်ပြင်းချ၏။
"နှမြောစရာပဲ၊ ၂ ရက်ပဲ ကျန်တော့တယ်"
ထိုသို့ ရေရွတ်ရင်းမှ တဲအိမ်လေးထဲသို့ သိမ်မွေ့စွာ ဝင်ရောက်သွားသည်။
နောက်ထပ်အချိန်အနည်းငယ် ကြာပြီးနောက်မှ ကျိယွမ်သည် အသံတစ်ခုကြောင့် ရုတ်တရက် နိုးလာ၏။
ဘာသံလဲ ။
သူက ပတ်ဝန်းကျင်အားအကဲခတ်လိုက်ရာ ခြံဝင်းထဲတွင် ငါးစွပ်ပြုတ်အိုးတစ်လုံးကို တွေ့လိုက်ရသည်။အသံက ထိုအိုးမှ ရေဆူလာသော အသံပင်။
ငါးဟင်းအိုးရှေ့တွင်တော့ သူ့အားကျောပေးကာ မီးထိုးနေသည် သွယ်ပျောင်းသည့်မိန်းမပျိုလေးတစ်ယောက်ရှိ၏။
သူမက အစားရှောင်မယ်တော်ပင်တည်း..။
အကြောင်းအရာတစ်ခုက အမှတ်မထင် သူ၏ခေါင်းထဲသ်ု့ ဝင်ရောက်လာခဲ့၏။
လှပတဲ့ ရေကန်ကြီးတစ်ခု..
ရေကန်ဘေးက တဲအိမ်ငယ်လေး..
ပြီးတော့ ငါးစွပ်ပြုတ်....
ထိုအခိုက်အတန့်မျိုးကို သူအလွန်ရင်းနှီးဖူးသည် မဟုတ်ပါလား ။ သို့သော် ယခုအခါ၌ ထိုအချိန်ကလို နှင်းများတော့ တဖွဲဖွဲကျမနေခဲ့ပါ ။ နှင်းဖုံးသောတောင်တန်းများရှိသော်လည်း နှင်းကျသည့်ရာသီ ဟုတ်ပုံမရချေ။
"မင်းက အစာမစားတဲ့ အစားရှောင်မယ်တော် မဟုတ်ဘူးလား။ ဘာလို့ ငါးချက်နေတာလဲ"
ကျိယွမ် အံ့သြတကြီး မေးလိုက်မိသည်။
ဖန်ထုန်နယ်မြေတွင် သူတွေ့ဖူးသော သူမ၏ တပည့်များက အစာမစားရန် အလွန် ငြင်းပယ်သူများကြသဖြင့် သူမ ကိုယ်တိုင်လည်း ဘာမှမစားဟု သူ ထင်ထားခဲ့သည်။
"နိုးပြီလား"
သူမက ကုလားထိုင်ဘက်သို့ လှည့်ကြည့်ကာ ပြုံးပြသည်။
"ကျွန်မ ငါးစားရတာ ကြိုက်တယ်လေ"
"အင်း.. သမိုင်းမှတ်တမ်းတွေက အမြဲတမ်း မမှန်နိုင်ဘူးပဲ"
သမိုင်းမှတိတမ်းများအရဆိုလျှင် သန့်စင်သော အစားရှောင်မယ်တော်သည် မည်သည့်အစာကိုမျှ မစားပါ ။
"ရှင် မြည်းကြည့်ချင်လား။ ကျွန်မ ကိုယ်တိုင် ချက်ထားတာ"
သူမက သူ့ကိုပါ ကမ်းလှမ်းနေ၏။
"မလိုပါဘူး၊ မင်း ငါ့ကို စနေတာလား။ ငါက ဒီကမ္ဘာက ဘာကိုမှထိကိုင်လို့မရဘူးလေ ၊ ဘယ်လိုစားနိုင်မှာလဲ "
ကျိယွမ်က မတတ်သာစွာငြင်းလိုက်သည်။
"ရှင် ဒီလို အရသာရှိတဲ့ အစားအစာကို မစားနိုင်တာ စိတ်မကောင်းစရာပဲ"
သူမက စိတ်မကောင်းဟန်ဖြင့် ဟင်းအိုးမှထွက်လာသော အခိုးအငွေ့များကို ရီဝေစွာငေးနေ၏။
ကျိယွမ်က သူမအားတစ်စုံတစ်ရာ မှတ်ချက်မပြုခဲ့ပါ ။
ယခုလို သေခါနီးအချိန်မျိုးတွင် ခံစားချက်များ ပြင်းထန်လာတတ်သည်မှာ သဘာဝပင် ။ သူကိုယ်တိုင်ဆိုလျှင်လည်း လာမည့်နှစ်ရက်အတွင်း သေရတော့မည်ဟု သိပါက ယခုလို ငေးသလိုလို ငိုင်သလိုလို ဖြစ်နေမိတတ်မှာ သေချာပါသည်။ သူမထက်ပင် ပိုဆိုးနေနိုင်၏။
"တခြားလုပ်စရာလည်း မရှိဘူးဆိုတော့ မင်းစားတာကိုပဲ ထိုင်ကြည့်တော့မယ်"
၎င်းမှာ သေဆုံးတော့မည့်သူကို လေးစားမှုပြခြင်းလည်း ဖြစ်သည်။ ယခုအချိန်မျိုး၌ အဖော်ရှိနေခြင်းကလည်း သူမအတွက် စိတ်ဖြေစရာတစ်မျိုးဖြစ်ကောင်း ဖြစ်နိုင်၏။
အစားရှောင်မယ်တော်က နုညံ့စွာပြုံးလိုက်ပြီး ငါးစွပ်ပြုတ်ကို ဖြည်းညှင်းစွာ စားသုံးနေသည်။
"ရှင့်ရဲ့ အခု ကျင့်စဉ်အဆင့်က ဘယ်လောက်လဲ"
သူမက မေးသည်။
"ငါ့မှာ အဆင့်နှစ်မျိုး ရှိတယ်။ လက်တွေ့ကမ္ဘာမှာဆိုရင် အခြေတည်အဆင့် ၊ ဒါပေမဲ့ ဂိမ်းထဲမှာတော့ စစ်မှန်နတ်ဘုရား အဆင့် ၁၃ ဖြစ်တယ်"
ကျိယွမ်က အမှန်အတိုင်း ဖြေပေးလိုက်သည်။
"နတ်ဘုရားပေါက် ၁၃ ပေါက်ပေါ့..."
သူမက လက်ထဲမှ ဇွန်းကိုညင်သာစွာချကာ သူထိုင်နေသော ကုလားထိုင်ဘက်သို့ လှည့်ကြည့်လာ၏။
"ဒီနယ်မြေကို ကျွန်မ လိုက်ပြရမလား။ အဲ့ဒါက ရှင့်ရဲ့ ကျင့်စဉ်အတွက် အထောက်အကူ ဖြစ်နိုင်မယ်။"
ကျိယွမ်က ခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်ပြသည်။
"ကောင်းပြီလေ"
သူအနေနှင့် သဘောမတူစရာမရှိပါ ။ နေရာအသစ်များသို့ အလည်အပတ်ထွက်ပြီး ရှုခင်းလှလှများကို ကြည့်ရှုခြင်းက သူ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်နိုင်မည်ဟုလည်း သူ ယူဆလိုက်သည်။
"အခု သွားကြမလား..."