ထွက်ပြေးရမှာလား ၊ဆောရီးပဲ.. ဒါက ငါ့စတိုင်လ် မဟုတ်ဘူး
Vol. 18 Ch. 209
"ခင်ဗျား တစ်ခုခု လိုအပ်နေလို့လား"
ကျိယွမ်သည် မဟာအုပ်စိုးရှင်လီရှန်းကို ကြည့်ကာ မေးမြန်းလိုက်သည်။
လီရှန်းသည် သူ၏မေးခွန်းကို ချက်ချင်းမဖြေသေးဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရပြီး လူထွားကြီးနှင့် ဘိုးဘေးနယ်မြေမှ အကြီးအကဲတို့၏ အာရုံငါးပါးကို ပိတ်ဆို့လိုက်သည်။
သူက ကျိယွမ်အနားတွင်ရှိနေသော အခြားရှေးဟောင်းနတ်ဘုရားများကိုလည်း ထိုသို့ပြုလုပ်ရန် ပြင်ဆင်လိုက်စဉ် ကျိယွမ်က လက်ကာပြလိုက်၏။
"သူတို့အားလုံးဟာ အခု ကျွန်တော့်ရဲ့ နောက်လိုက်တွေဖြစ်သွားကြပြီ။ ခင်ဗျား ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်"
ပျောက်ဆုံးနေသောအလင်းချောင်းကို အသုံးပြုပြီး အတိတ်သို့သွားရာမှ ပစ္စုပ္ပန်သို့ ပြန်ရောက်လာခဲ့သည်မှာ နှစ်နာရီခန့်သာ ကြာမြင့်သေးသည်။ သူပြန်ရောက်လာချိန်တွင် ရှေးဟောင်းနတ်ဘုရားများအားလုံးသည် ဝမ်စုန်းကဲ့သို့ ကျိယွမ်၏ ထာဝရနောက်လိုက်များအဖြစ် ခံယူရန် ဆုံးဖြတ်ခဲ့ကြ၏။
သူတော်စင်အဆင့် နည်းစနစ်ရှစ်မျိုးကို ဖန်တီးနိုင်သော ကျိယွမ်၏အစွမ်းမှာ တုန်လှုပ်ဖွယ်ကောင်းနေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် အချင်းချင်း တိုင်ပင်ဆွေးနွေးပြီးနောက် ကျိယွမ်နောက်သို့ ထာဝရလိုက်ပါရန် ဆုံးဖြတ်ခဲ့ကြခြင်းပင်။
လီရှန်းသည် ရှေးဟောင်းနတ်ဘုရားများကို တစ်ချက်ကြည့်လိုက်ပြီး ခေတ္တမျှ စဉ်းစားလိုက်ပြီး ချီယွမ်ဘက်သို့ ပြန်လှည့်လာသည်။
"မူလနတ်ဘုရား....မင်းက သူတော်စင်အဆင့် နတ်ဘုရားပုံရိပ်ဖော် နည်းစနစ်ရှစ်မျိုးကို ဖန်တီးခဲ့တယ်။ ဒီကိစ္စက အရမ်းအရေးကြီးတယ်။ မင်းက ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို လုံးဝလျှို့ဝှက်ထားရမယ်၊ မဟုတ်ရင် မိစ္ဆာနတ်ဘုရားတွေက မင်းကို လုပ်ကြံဖို့ သန်မာတဲ့သူတွေကို သေချာပေါက် စေလွှတ်လိမ့်မယ်"
"အင်း"
ကျိယွမ်က တည်ငြိမ်စွာ ခေါင်းညိတ်ပြသည်။ ထိုသို့သော အန္တရာယ်များကို သူ ကောင်းစွာသိရှိထားသော်လည်း အလေးအနက်မထားပေ။ ဂိမ်းများထဲတွင် လူဆိုးများသည် ဇာတ်လိုက်သူရဲကောင်းကို သတ်ရန် ငယ်စဥ်ကြီးလိုက် တစ်ယောက်ပြီးတစ်ယောက် ရောက်လာတတ်သည်မှာ ထုံးစံပင် ဖြစ်သည်။
"ချင်းရွှေကျေးရွာဟာ ကျဆုံးနယ်မြေထဲမှာ ရှိနေတာ။ မင်း အခုပြန်သွားမယ်ဆိုရင် ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်။ ကျဆုံးနယ်မြေထဲမှာဆိုရင် ငါတို့ ရှေးဟောင်းနတ်ဘုရားတွေကလည်း မင်းကို မကူညီနိုင်ဘူး။ တကယ်လို့ မိစ္ဆာနတ်ဘုရားတွေက မင်းကို တိုက်ခိုက်လာရင် မင်းတစ်ယောက်တည်း တိုက်ခိုက်ရလိမ့်မယ်"
လီရှန်းက လက်ရှိအခြေအနေ၏ ပြင်းထန်မှုကို ကျိယွမ်အား ရှင်းပြရန် ကြိုးစားသည်။
"တစ်ယောက်တည်း တိုက်ရမှာလား ၊ ကျွန်တော် အဲဒါကို ကျင့်သားရနေပါပြီ။ ဒါပေမဲ့ အခုတစ်ခါတော့ တစ်ယောက်တည်း မဟုတ်တော့ဘူးလေ၊ ကျွန်တော့်ကို ထောက်ခံတဲ့ ရွာသားတွေ အများကြီးရှိတယ်။ သူတို့ တစ်ယောက်ချင်းစီမှာ တောက်ပတဲ့ အနာဂတ်တွေ ရှိနေပြီ"
ကျိယွမ်က ထိုကိစ္စကို ပေါ့ပေါ့ပါးပါးသာ သဘောထား၏ ။ တစ်ယောက်တည်းတိုက်ခိုက်ရခြင်းက သူ့အတွက်မထူးဆန်းတော့ပါ ။
တားမြစ်နယ်မြေများတွင်ဖြစ်စေ ဝမ်ယုကုန်းမြေတိုက်ကြီးတွင်ဖြစ်စေ ကျိယွမ်သည် အစပိုင်းကတည်းက တစ်ယောက်တည်း တိုက်ပွဲဝင်ခဲ့ရသည်။
ထိုအချိန်ကဆိုလျှင် သူ့တွင်စကားပြောဖော်အဖြစ် ကျင်းလီသာ အမြဲရှိနေခဲ့ပြီး နောက်ပိုင်းတွင်မှ သတို့သမီးလေးက တိုက်ပွဲများတွင်ပါဝင်လာခဲ့၏ ။
ဂိမ်းတစ်ခုကို ကစားရာတွင် အကြီးစားရန်သူ ဘော့စ်များကို တစ်ယောက်တည်း ရင်ဆိုင်ရခြင်းမှာ ပလေယာတစ်ယောက်၏အ
တွေ့အကြုံအစိတ်အပိုင်းတစ်ခုသာ ဖြစ်သောကြောင့် ထူးထူးခြားခြားကိစ္စမျိုးဟု သူ မယူဆပါ။
မဟာအုပ်စိုးရှင်လီရှန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ
"သူတော်စင်အဆင့် ပုံရိပ်ဖော်နည်းစနစ်ရှစ်မျိုးကို ဖန်တီးနိုင်တဲ့ မင်းရဲ့စွမ်းရည်ကြောင့် မင်းရဲ့ အရေးပါမှုဟာ ကံကြမ္မာသားတော်တွေထက်တောင် သာလွန်နေပြီ။ မင်း သူတော်စင်စီမံကိန်းအကြောင်း ကြားဖူးလား"
"မကြားဖူးဘူး။"
"ဟုန်ထန်စစ်ပွဲကြီးအတွင်းမှာ ဖန်ထုန်နယ်မြေရဲ့အခြေခံအုတ်မြစ်ဟာ အကုန်လုံး ပျက်စီးသွားခဲ့တယ်။ ရှေးဟောင်းနတ်ဘုရား သုံးပုံနှစ်ပုံ သေဆုံးခဲ့ပြီး ဒဏ္ဍာရီလာပုဂ္ဂိုလ်အားလုံး ကျဆုံးခဲ့ရတယ်။ ဒါပေမဲ့ သူတို့ သေဆုံးခဲ့ပေမဲ့ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ကမ္ဘာဦးမျိုးစေ့တစ်ခုကို ချန်ထားခဲ့ကြတယ်"
အတိတ်ကိုပြန်သတိရမိသောအခါ လီရှန်း၏မျက်နှာပြင်၌ ဝမ်းနည်းပူဆွေးသောအမူအယာများ ပြည့်နှက်သွားသည်။သူသည် သူသည်စစ်မှန်နတ်ဘုရားများစွာ
နေ့စဉ်သေဆုံးခဲ့ရသည့် ကြောက်မက်ဖွယ်ကောင်းသော ဟုန်ထန်စစ်ပွဲတွင် ပါဝင်ခဲ့သော စစ်သည်တစ်ဦး ဖြစ်ခဲ့၏။ သာမန်လူသားများအတွက်မူ ထိုတိုက်ပွဲသည် တိုက်ပွဲပင် မဟုတ်ဘဲ အမြောက်စာထက်ပင် နိမ့်ကျသည့် အခြေအနေ ဖြစ်သည်။
"အင်း"
ကျိယွမ်က ခေါင်းညိတ်ပြသည်။ သူသည် လွန်ခဲ့သော နာရီအနည်းငယ်ကပင် ဟုန်ထန်စစ်ပွဲကြီးကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး ကောင်းကင်တိုင်လုံးကြီး ပြိုကျသည်ကိုလည်းကောင်း၊ အစားရှောင်မယ်တော်က ယန်နတ်ဘုရား၏ အရိပ်ကို တစ်ကိုယ်တည်း ခုခံရင်း နောက်ဆုံးတွင် မိမိကိုယ်ကို စတေးသွားသည်ကိုလည်းကောင်း မြင်တွေ့ခဲ့ရသည်။
"ဖန်ထုန်နယ်မြေဟာ သူ့ရဲ့အထွတ်အထိပ်အချိန်မှာတောင် မိစ္ဆာနတ်ဘုရားတွေကို မတားဆီးနိုင်ခဲ့ဘူး၊ အခုဆိုရင် ပိုဆိုးတာပေါ့။ ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ ဒဏ္ဍာရီလာပုဂ္ဂိုလ်အများအပြားကို ဖန်တီးပေးမယ့် သူတော်စင်စီမံကိန်း ပဲ ။ အဲဒီ ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေက ဖန်ထုန်နယ်မြေရဲ့ နယ်နိမိတ်မှာ လမ်းကြောင်းတစ်ခုကို ဖောက်ထွက်ပြီး မျှော်လင့်ချက်မျိုးစေ့ကို လွတ်မြောက်အောင် လုပ်ပေးရလိမ့်မယ်"
" အရင်ကဆိုရင်တော့ လုပ်သာလုပ်နေရတာ ဒီစီမံကိန်းရဲ့ အောင်မြင်မှုနှုန်းဟာ သုညဒသမငါးရာခိုင်နှုန်းတောင် မရှိဘူး။ ဒါပေမဲ့ မင်းရဲ့ အကူအညီနဲ့ဆိုရင် အောင်မြင်မှုနှုန်းဟာ ၃၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားနိုင်တယ် ၊ အဲဒီအချိန်ကျရင် ငါတို့လို လူကြီးတွေက အရာအားလုံးကို စတေးပြီး မင်းနဲ့ လူငယ်အချို့၊ ပြီးတော့ မျှော်လင့်ချက်မျိုးစေ့တွေကို ဖန်ထုန်နယ်မြေထဲကနေလွတ်မြောက်အောင် သေချာပေါက် ဆောင်ရွက်ပေးပါ့မယ်"
လီရှန်းသည် ကျိယွမ်အား မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ပါ ။ ယခုအချိန်သည် ဖုံးကွယ်နေရမည့်အချိန်လည်း မဟုတ်တော့ပေ။
သူ၏စကားကိုကြားသောအခါ ကျိယွမ်၏ နောက်တွင်ရပ်နေသော ရွာသားများနှင့် ရှေးဟောင်းနတ်ဘုရားများသည် အလွန်တုန်လှုပ်သွားကြပြီး ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားကြသည်။ ဖန်ထုန်နယ်၏ လက်ရှိအင်အားမှာ မိစ္ဆာနတ်ဘုရားများထက် အလွန်အားနည်းနေသည် မဟုတ်ပါလား ။ လက်ခံချင်သည်ဖြစ်စေ မခံချင်သည်ဖြစ်စေ ဆိုးရွားသောအဆုံးသတ်တစ်ခုက သူတို့အားလုံးကို စောင့်ကြိုနေခဲ့လေပြီ ။
ကျိယွမ်က လီရှန်း၏စကားများကို ဆုံးအောင်နားထောင်ပြီးနောက် သဘောပေါက်သွားသလို ခေါင်းညိတ်၏။
"ဪ...ဇာတ်လမ်းက အဲဒီလိုကိုး"
သူ၏ အမူအယာကအလွန်ပေါ့ပါးသည်။ ထူးထူးခြားခြားဝမ်းနည်းခြင်းလည်းမရှိသလို စိုးရိမ်သောကဖြစ်ခြင်းလည်း မရှိပေ ။ အိမ်နီးချင်းတစ်ယောက်၏သမီး လင်နောက်လိုက်သွားသည်ကို ကြားရသည့်အလား ရှိ၏။
လီရှန်းသည် ကျိယွမ်၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားသည်။ ကျိယွမ်သည် ပို၍ စိတ်လှုပ်ရှားသွားလိမ့်မည်ဟု သူက မျှော်လင့်ထားခြင်းပင်။
"ဖန်ထုန်နယ်မြေရဲ့ အနာဂတ်အတွက် ငါတို့ရဲ့ သူတော်စင်စီမံကိန်းမှာ ပါဝင်ပေးဖို့ ငါနှိမ့်ချပြီး တောင်းဆိုပါတယ်။ စီမံကိန်းကို အကောင်အထည်ဖော်တဲ့အခါ မင်းဟာ ဖန်ထုန်နယ်မြေကနေ ထွက်ခွာနိုင်ပြီး ကြီးမားတဲ့ လွတ်လပ်ခွင့်ကို ခံစားရမှာပါ"
လီရှန်း၏ ကမ်းလှမ်းမှုမှာ ကျိယွမ်၏ အကျိုးစီးပွားကို အဘက်ဘက်မှ ထည့်သွင်းစဉ်းစားပေးထားသော စိတ်ရင်းမှန်ဖြင့် ကမ်းလှမ်းချက် ဖြစ်သည်။ သူသည် ကျိယွမ်အား အခြားသော ပါရမီရှင်များ မက်မောနေကြသည့် ဘေးဆိုးနယ်မြေကြီးမှ ထွက်ခွာခွင့်ကိုပင် ပေးခဲ့သည်။
လူအများစုသည် သူတော်စင်စီမံကိန်းတွင် ပါဝင်ပြီး ကမ္ဘာဦးမျိုးစေ့နှင့်အတူ ထွက်ပြေးရန် အစွမ်းကုန်ကြိုးစားနေကြ၏။ယခုလောက်ကောင်းသော အခွင့်အရေး မရှိနိုင်တော့ပါ ။
ကျိယွမ်က မဟာအုပ်စိုးရှင်လီရှန်း၏ကမ်းလှမ်းမှုကို ခေါင်းခါ၏။
"ထွက်ပြေးတာက ကျုပ်စတိုင်လ် မဟုတ်ဘူး။မစ်ရှင်ကို အောင်မြင်အောင် မလုပ်ဘဲ ဘယ်လိုလုပ် အဆင့်တက်မှာလဲ ၊ အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့"
ကျိယွမ်သည် ဤဂိမ်းထဲသို့ ရောက်ရှိရန် အလွန်ကြိုးစားခဲ့ရသည်။ ထို့ကြောင့် ဂိမ်းထဲမှ ထွက်ခွာသွားရန်လာပြောနေသည်ကို မည်သို့လက်ခံနိုင်မည်နည်း။
သူ၏ ပြတ်သားသောစကားများကြောင့် လီရှန်းမှာ ဆွံ့အသွားရသည်။
သူက ငြင်းနေတာလား။
ကျိယွမ်၏နောက်တွင်ရပ်နေသော ရှေးဟောင်းနတ်ဘုရားများလည်း အံ့အားသင့်သွားကြသည် ။ ထို့နောက် ကျိယွမ်အပေါ် လေးစားမှုများ ဖြစ်ပေါ်လာကြ၏။
သူတို့သိရသမျှဆိုလျှင် ကျိယွမ်သည် ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါးနှင့် ထူးဆန်းသောအမူအကျင့်များရှိသူဖြစ်သည် ။ သို့သော် ယခုလို အရေးကြီးသည့် အချိန်တွင်မူအလွန်လေးနက်သောခံယူချက်နှင့်သတ္တိမျိုးရှိကြောင်း ၎င်းတို့ သဘောပေါက်သွားကြသည်။
ယွီလီနှင့် ကျူးကြီးတို့အဖွဲ့ကတော့ ကြိတ်ကာ လက်မထောင်နေကြသည်။
သိကြပြီလား ငါတို့ရဲ့နတ်ဘုရားဘယ်လောက် ရဲရင့်တယ်ဆိုတာ ။
နတ်ကွန်းတောင်ကိုထားခဲ့ပြီး သူများရွာအထိသွားတိုက်ရဲတာ ဖန်ထုန်မြေမှာ ငါတို့အရှင်တစ်ပါးပဲရှိတယ်။
"ကျုပ်မပြေးဘူး ..ကောင်းကင်တိုင်ပေါ်က အဲဒီ ယန်နတ်ဘုရားကိုပါ သတ်ဦးမှာ"
ကျိယွမ်၏ စိတ်ထဲတွင် မြင်ကွင်းတစ်ခုကို ပြန်သတိရပြီး မျက်လုံးများထဲ၌ သတ်ဖြတ်လိုစိတ်များ ရုတ်တရက်တောက်လောင်လာသည်။ သူသည် သမိုင်းဝင်ဖြစ်ရပ်တစ်ခုကို ကြည့်ရန် အတိတ်သို့ ခေတ္တခရီးသွားခဲ့ခြင်းသာဖြစ်သော်လည်း ထိုယန်နတ်ဘုရားအရိပ်က သူ့ကို "ပိုးကောင်လေး" ဟု ခေါ်ကာ စော်ကားခဲ့ပြီး တိုက်ခိုက်ရန်ပင် ကြိုးစားခဲ့သည်။
ထိုအရာက လက်ခံနိုင်စရာမရှိပေ။
အဲဒီကောင် နိုင်ငံကြီးသား မပီသဘူး ၊ ငါက ဧည့်သည်လေ သူကအိမ်ရှင်ဆိုပြီး အနိုင်ကျင့်တာ ။
ကျိယွမ်သည် သူကိုယ်တိုင်အတွက်သာမက သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး လမ်းပြပေးခဲ့သည့် အစားရှောင်မယ်တော်အတွက်ပါပေါင်း၍ ထိုသတ္တဝါကို လက်စားချေရမည်ဟု ဆုံးဖြတ်ထားသည်။
သူ၏ ကြေညာချက်ကိုကြားသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။ အကယ်၍ ဤစကားကို တခြားသူတစ်ယောက်က ပြောခဲ့လျှင် ၎င်းတို့က ဟာသတစ်ခုဟု ထင်မိကြမည် ဖြစ်သော်လည်း ထူးကဲသော အံ့ဖွယ်များကို ဖန်တီးခဲ့သည့် ပါရမီရှင် မူလနတ်ဘုရားထံမှ ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့် ၎င်းမှာ အလဟဿစကားမဟုတ်ဘဲ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုအဖြစ် ခံစားရစေသည်။
ကျိယွမ်၏ ရွာသားများကလည်း ပြတ်သားသော စိတ်ဓာတ်များဖြင့် သူ့စကားကို ထပ်ဆင့်ထောက်ခံလိုက်ကြသည်။
"ကျုပ် ကျူးကြီးကတော့ သခင်ကြီးအတွက် လမ်းဖောက်ပေးမယ့် ရှေ့ပြေးတပ်သားအဖြစ် ဆောင်ရွက်ဖို့ အသင့်ပါပဲ"
"ကျုပ်အဖိုးကြီး ယွီလီကလည်း အစွမ်းကုန် အလုပ်အကျွေးပြုပါ့မယ်"
"ကျုပ် ချန်ရှီးဖန်ကလည်း ထမင်းချက်တစ်ယောက်ထက် ပိုစေရပါမယ် အရှင်"
"ဒီရွာသားရဲ့ အသက်ဟာ အရှင်ပိုင်တာပါ။ အရှင်ဘာပဲပြောပြော ကျုပ် လုပ်ပါ့မယ်"
ဝမ်စုန်းကလည်း စိတ်လှုပ်ရှားမှုနှင့်အတူ တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်လာပြီး ဝင်ရောက်ကြွေးကြော်လိုက်သည်။
"ငါဟာ ထင်ရှူးပင်ကနေ မွေးဖွားလာတဲ့ နတ်ဘုရားတစ်ပါးဖြစ်ပြီး အမြင့်မားဆုံး ဂုဏ်သိက္ခာရှိတယ်။ အထက်မှာ ပုန်းနေတဲ့ ယန်နတ်ဘုရားတစ်ပါးကို ကြောက်နေရမှာလား"
"ဟုတ်တယ် လာပါစေစမ်း ၊ အဲဒီနတ်ဘုရား .."
လီရှန်းနှင့်တကွ အခြားသော မဟာအုပ်စိုးရှင်နှစ်ပါးမှာ အလွန်အံ့အားသင့်သွားကြသည်။
သူတို့သည် ကျိယွမ်ထံမှ ထိုကဲ့သို့ တုံ့ပြန်မှုကို မမျှော်လင့်ထားခဲ့ကြပေ။ ကျိယွမ် ငြင်းဆိုလိမ့်မည်ဟု တွေးထားခဲ့သော်လည်း ဤနည်းလမ်းမျိုးဖြင့် ငြင်းဆိုလိမ့်မည်ဟုတော့ မထင်ထားခဲ့ကြပေ။
ယခုတော့ ခေါင်းဆောင်ကလည်း ခေါင်းမာသလို နောက်လိုက်များကလည်း ဘုမသိဘမသိနှင့် ရမ်းသန်း၍ထောက်ခံနေကြသည်။
သူတို့က ယန်နတ်ဘုရားကို ဘာများမှတ်နေကြတာလဲ ။
"မင်း တကယ်ပဲ ဒီလမ်းကို ရွေးချယ်မှာလား"
လီရှန်းသည် အံ့အားသင့်နေသလို အနည်းငယ်လည်း စိတ်လှုပ်ရှားနေ၏။
ဖန်ထုန်နယ်မြေတွင် သူတော်စင်စီမံကိန်းကို ထောက်ခံသည့် ရှေးဟောင်းနတ်ဘုရားများ ရှိသကဲ့သို့ မထောက်ခံသူများလည်း ရှိသည်။ အချို့သော နတ်ဘုရားများသည် ကျိယွမ်တို့ကဲ့သို့ မိစ္ဆာနတ်ဘုရားများကို နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ရန် ရွေးချယ်ကြသည်။
"ကျုပ်က ဒီလမ်းကို ရွေးတာမဟုတ်ဘူး၊ သူတို့က ကျုပ်ကို မရွေးလို့မရအောင် အကျပ်ကိုင်နေတာ"
မဟာအုပ်စိုးရှင်လီရှန်းသည် ကျိယွမ်၏ပြတ်သားသော စကားကြောင့် သက်ပြင်းချလိုက်သည်။ ကျိယွမ်ကို သူ မည်သို့မှ နားချ၍ မရနိုင်တော့ကြောင်း သဘောပေါက်သွားလေပြီ။
"ချင်းရွှေကျေးရွာကို ပြန်တဲ့အခါ သတိထားပါ။ ဒီရှစ်ယောက်လုံး အပြည့်အဝ ရင့်ကျက်မလာခင်အထိ သိုသိုသိပ်သိပ် နေထိုင်တာပိုသင့်တော်တယ်။ အဲဒီအချိန်ကျမှ မင်းရဲ့ အင်အားကို ထုတ်ပြပါ"
မိုးကြိုးနတ်ဘုရားရှန်လဲ့က လီရှန်းအား ကျိယွမ်သည် သူ့ထက်ပင် မဆင်မခြင် ပြုမူတတ်သည့်အကြောင်း သတိပေးခဲ့၏။ ထို့ကြောင့်လီရှန်းက ယခုလိုသတိပေးနေရခြင်းပင်။
"အကြံပေးတာ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကျုပ်က အရမ်းသတိထားတတ်ပါတယ်။ အစီအစဉ်မရှိဘဲ ဘာမှမလုပ်ဘူး။ တစ်ခုခုဆို အမြဲတမ်း တွက်ချက်ပြီးမှ လုပ်ဆောင်တတ်တယ်၊ ဘယ်တော့မှ ဇွတ်မလုပ်ဘူး။ အရေးကြီးတဲ့ အခြေအနေမှာတောင်မှ အသေးစိတ် အစီအစဉ်တွေနဲ့ ဂရုတစိုက် ဆောင်ရွက်တတ်တဲ့သူပါ"
ကျိယွမ်က အတည်ပေါက်ပြန်ပြောလိုက်သည်။ သူ၏နောက်မှ အကြောင်းသိရွာသားများကတော့ ထိုစကားကြောင့် ထူးဆန်းသော မျက်နှာအမူအရာများ ဖြစ်သွားကြသည်။
နတ်ကွန်းတောင်ထားခဲ့ပြီး သူများအိမ်ပေါ်အထိ လိုက်သတ်တဲ့သူက အရမ်းသတိထားတယ်တဲ့လား။
အကြောင်းမသိသော ဝမ်စုန်းကတော့ ထိုစကားကြောင့် စိတ်သက်သာရာရသွားရှာသည်။
ထိုကဲ့သို့ ဂရုတစိုက်ရှိပြီး သတိဝီရိယရှိသော အုပ်ထိန်းသူနောက်သို့ လိုက်ရခြင်းက အနာဂတ်အတွက် မျှော်လင့်ချက်ရှိသည်ဟုပင် ခံစားလိုက်ရသည်။
သို့သော် မဟာအုပ်စိုးရှင်လီရှန်းကတော့ ကျိယွမ်အား ဇဝေဇဝါကြည့်၏။
ဟိုကောင်ရှန်လဲ့များ မှားပြောသွားတာလား ။
ယခုကြည့်ရသည်မှာ ကျိယွမ်သည် အမြော်အမြင်ရှိပြီး သတိရှိပုံရနေသည် မဟုတ်ပါလား။
"ကောင်းပြီလေ ၊ဒါဆိုလည်း ဂရုစိုက်ပါ"
လီရှန်းက ပြောမရသည့်အဆုံး နှုတ်ဆက်ရုံသာရှိတော့သည်။ တစ်ဖက်သူက အခိုင်အမာဆုံးဖြတ်ထားပြီမို့ ဆက်ပြောနေလျှင် အချင်းများရုံသာရှိလိမ့်မည် ။
သို့သော်လည်း သူသည် တစ်ခုခုကို သတိရလိုက်သဖြင့် ကျိယွမ်အားအသိပေးလိုက်သည်။
"ရှန်လဲ့က မင်းကို စောင့်ရှောက်ပေးဖို့ ငါ့ကို တောင်းဆိုထားတယ်"
"ကျွန်တော့်ကို စောင့်ရှောက်ဖို့လား"
ကျိယွမ် အံ့အားသင့်သွားသည်။ အဘိုးကြီးက အဘယ့်ကြောင့်ထိုသို့ပြောခဲ့လေသနည်း ။ အကြောင်းရင်းတစ်ခုခုတော့ ရှိနေလေပြီ ။
"မင်း ဘိုးဘေးနယ်မြေကို သွားမယ့်အကြောင်း ငါ့ကို သူပဲ ပြောခဲ့တာ။ မင်း အသက်ရှင်သန်နိုင်ဖို့ စီမံကိန်းထဲ ခေါ်ဆောင်ပေးဖို့က်ုလည်း သူက ငါ့ကို ယုံယုံကြည်ကြည်နဲ့ အပ်နှံခဲ့တာပါ"
"အဲဒီ အဖိုးကြီး အခု ဘယ်မှာလဲ"
ကျိယွမ်က အမြန်မေးလိုက်၏။
"သူ... ကျန်းဖုန်းနောက်ကို လိုက်သွားတယ်"
"ဘာ..."
လီရှန်းက သက်ပြင်းချရင်း ပြန်ဖြေသည်။
"သူ့မှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားပြီး အချိန်သိပ်မကျန်တော့ဘူး။"
ထိုစကားကို ကြားသောအခါ ကျိယွမ်သည် အရာအားလုံးကို ချက်ချင်း နားလည်သွားသည်။ အဘိုးကြီး၏ ရည်ရွယ်ချက်ကို သူသဘောပေါက်သွားလေပြီ။
"ဂိမ်းထဲက အဖိုးကြီးတွေအားလုံးဟာ ဘာလို့ ဒီလောက်တောင် ခေါင်းမာနေကြတာလဲ"
ကျိယွမ်ကစကားဆုံးသည်နှင့် လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ရွာသားများနှင့် ရှေးဟောင်းနတ်ဘုရားများကို အိမ်ပြန်ရန်အချက်ပြလိုက်၏ ။ ၎င်းတို့အားလုံးက တည်နေရာရွှေ့ပြောင်းအစီအရင်ထဲသို့ ချက်ချင်းဝင်ရောက်လိုက်ကြသည်။
ကျိယွမ်သည် တိတ်ဆိတ်နေပြီး သူ၏ အကြည့်များမှာ တည်ငြိမ်နေသည်။ သို့သော် ကျူးရှီကျုံးကတော့ အနည်းငယ်မကျေမနပ်ဖြစ်နေ၏။
"အဲဒီ အဖိုးကြီးက ငါ့ကို စော်ကားပြီး အခု ငါပြန်တီးမှာကြောက်လို့ ထွက်ပြေးသွားတာလား"
သူက အခြေအနေမှန်ကို သဘောမပေါက်သဖြင့် ထိုသို့တွေးကာ ပါလာခဲ့သည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် ကျိယွမ်နှင့် သူ၏ နောက်လိုက်များသည် ရှေးဟောင်းရေတွင်းထဲမှ ထွက်ပေါ်လာကာ ချင်းရွှေကျေးရွာသို့ ရောက်ရှိလာကြသည်။
ကျိယွမ်က မြေပြင်ပေါ်သို့ ခြေချမိသည်နှင့် မြေပြင်ကို အသာအယာ ပုတ်လိုက်ရာ ပုပုသေးသေး မိန်းကလေးတစ်ယောက် မြေပြင်ပေါ်သို့ ချာချာလည်ကာ ထွက်ပေါ်လာသည်။
ထိုမိန်းကလေးမှာ လက်ရှိ မြေစောင့်နတ်သမီးရှောင်းရွှယ်ပင်။
"အဘိုးကြီးရှန်လဲ့ဘယ်မှာလဲ"
ကျိယွမ်က လိုရင်းကို ချက်ချင်းမေးလိုက်သည်။
"မဟာအုပ်စိုးရှင်ရှန်လဲ့ မနေ့ညက ထွက်သွားပါပြီ ၊ ပြီးတော့.."
ထို့နောက် သူမသည် ယမန်နေ့က ဖြစ်ပျက်ခဲ့သမျှကို ကျိယွမ်အား ပြန်လည်တင်ပြလိုက်၏။
"မထွက်ခွာခင်မှာ အရှင်ရှန်လဲ့က သခင်ကြီးကို ဒါလေးပေးဖို့ ပြောခဲ့ပါတယ်"
အစေခံမလေး ရှောင်းရွှယ်က ကျိယွမ်ထံသို့ သိုလှောင်အိတ်တစ်လုံး ကမ်းပေးလိုက်သည်။ထိုအိတ်ထဲတွင် ရှန်လဲ့၏ ကိုယ်ပိုင်စုဆောင်းမှုများရှိနေမည်မှာ သံသယဝင်စရာမလိုပေ။
ကျိယွမ်သည် ထိုအိတ်ကို ယူပြီး တစ်ချက်ကြည့်လိုက်သည်။ သူက အိတ်ကိုစိတ်မဝင်စားပါ ။
"ကျန်းဖုန်း... သူက ချိုင်တိုင်းပြည်မှာ ရှိနေတာပေါ့၊ ဟုတ်လား"
ကျန်းဖုန်းသည် ချိုင်တိုင်းပြည်၏ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သည်။ ဖေးဝူမြို့တွင် ကျိယွမ်သတ်ပစ်သော မိစ္ဆာနတ်ဘုရားက ကျန်းဖုန်း၏ ယောက်ဖဖြစ်၏။ ကျန်းဖုန်းသည် ရှေးဟောင်းနတ်ဘုရားများကို သစ္စာဖောက်ပြီး မ်စ္ဆာနတ်ဘုရားများနှင့် ပူးပေါင်းပြီးနောက် မဟာအုပ်စ်ုးရှင်တစ်ပါး၏ သမက်ဖြစ်လာသည်အထိပင် အောင်မြင်ခဲ့သူပင်။
ရတနာနတ်ဘုရားနေထိုင်ခဲ့သည့် ကျန်းတိုင်းပြည်ပျက်စီးသွားရခြင်းမှာလည်း ကျန်းဖုန်း၏ လက်ချက် တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။
"ငါ့ရဲ့ အစီအစဉ်ကို အရှိန်မြှင့်ဖို့ လိုလာပြီနဲ့ တူတယ်"
ကျိယွမ်က သိုလှောင်အိတ်ကို တင်းကျပ်စွာဆုပ်က်ုင်ထားရင်းမှ သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ဖျတ်ခနဲ ပေါ်လာ၏။
ငါတို့နတိဘုရားဒေါသထွက်နေပြီ။
ဓာတ်သိများဖြစ်သော ရှန်ထူတို့အဖွဲ့ ငြိမ်သွားကြသည်။
အဘိုးအိုယွီလီက သက်ပြင်းချမိသည်။ ပွဲဦးထွက်တိုက်ပွဲကတော့ သူတို့အား စောင့်ကြိုနေလေပြီ။
အနားတွင်ရှိနေသော အမွှာညီအစ်မနှစ်ယောက်ထဲမှ ညီမဖြစ်သူက စိုးရိမ်တကြီး ကြည့်လာသည်။
"အရှင်... တကယ်လို့ အခုချိန်မျိုးမှာ ချိုင်တိုင်းပြည်မှာရှိတဲ့ မိစ္ဆာနတ်ဘုရားတွေနောက်ကို လိုက်မယ်ဆိုရင် သူတို့ သေချာပေါက် သတိထားမိသွားပါလိမ့်မယ်။"
အခြားသော ရှေးဟောင်းနတ်ဘုရားများကလည်း သူမကဲ့သို့ပင် စိုးရိမ်နေကြသည်။ ချင်းရွှေကျေးရွာသည် ဘိုးဘေးနယ်မြေမှ အရင်းအမြစ်များစွာ ရရှိထားပြီဖြစ်သည်။ ယခုအချိန်၌ အခြေအနေကို တိတ်တဆိတ်စောင့်ကြည့်ပြီး မိမိတို့၏အင်အားကို စုဆောင်းရမည့် အချိန်ပင်။
ကျန်းဖုန်းနောက်သို့ ဗြောင်ကျကျ လိုက်ခြင်းက အခြားသောမိစ္ဆာနတ်ဘုရားများ၏ အာရုံစိုက်မှုကို သေချာပေါက် ခံရစေမည့် အလားအလာများစွာရှိနေသည်။
အမွှာအစ်မဖြစ်သူကတော့ သူတို့နှင့်တစိမျိုးတစ်ဖုံကွဲပြား၏ ။ သူမက ခိုင်မာသော လေသံဖြင့် ကျိယွမ်အား ခွင့်တောင်းသည်။
"တကယ်လို့ သွားရမယ်ဆိုရင် အရှင်ကိုယ်တိုင် သွားစရာမလိုပါဘူး။ ကျွန်မ ချိုင်တိုင်းပြည်ကို သွားပြီး မဟာအုပ်စိုးရှင်ရှန်လဲ့ကို ပြန်ခေါ်လာပါ့မယ်"
"အစ်မ"
ညီမဖြစ်သူက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ အစ်မဖြစ်သူ၏ ရည်ရွယ်ချက်ကို သူမ နားလည်သည်။ သူမ၏ အစ်မသည် ကျိယွမ် အန္တရာယ်မဖြစ်စေရန် သူမအသက်ကို စတေးရန် ပြင်ဆင်နေခြင်းဖြစ်သည်။အတူတူမွေးဖွားလာသော အစ်မဖြစ်သူ၏အကြောင်းကို သူမသာလျှင် အသိဆုံးဖြစ်၏။
"အရှင်...အစ်မကိုမလွှတ်ပါနဲ့ ၊ ကျွန်မကိုပဲ သွားခွင့်ပြုပါ"
ညီမဖြစ်သူကလည်း ချက်ချင်း တောင်းဆိုလိုက်သည်။အစ်မဖြစ်သူအား သေလမ်းသို့ မည်သို့လွှတ်နိုင်မည်နည်း ။
ကျိယွမ်က အမွှာညီအစ်မနှစ်ယောက်လုံးကို ကြည့်ကာ ပြုံးလိုက်သည်။
"ငါ့ကို ဘာမှမစဉ်းစားဘဲ ဇွတ်လုပ်တတ်တဲ့ လူမိုက်တစ်ယောက်လို့ နင်တို့ တကယ်ပဲ ထင်နေတာလား ၊ ဒီနယ်မြေမှာ အသန်မာဆုံး ရန်သူက ကျန်းဖုန်းပဲ၊ ဟုတ်တယ်မလား ၊ သူ့ရဲ့ နတ်ဘုရားစွမ်းအင်က တော်တော်လေးတန်ဖိုးရှိတယ်။ "
"တကယ်လို့ အဘိုးကြီးကသာ အဲဒီကောင်ကို သတ်လိုက်ရင် နှမြောစရာကြီး ဖြစ်သွားမှာပေါ့ ။ ဒီတော့ ငါ့အနေနဲ့ ရှိပြီးသား အစီအစဉ်ထဲကို မမျှော်လင့်ထားတဲ့ တာဝန်တစ်ခု ထပ်ဖြည့်လိုက်ရတာပဲ"
ရှေးဟောင်းနတ်ဘုရားများနှင့် ရွာသားများသည် သူ၏ဆိုလိုရင်းကို နားမလည်ကြပါ ။ သို့သော် သူတို့သိလိုက်သည်ကတော့ ကျိယွမ်သည် သေချာပေါက် ချိုင်တိုင်းပြည်ကို တိုက်ခိုက်တော့မည်။
၎င်းတို့၏ မျက်နှာများပေါ်တွင် စိုးရိမ်မှုများ ပြည့်နှက်နေသော်လည်း ကျိယွမ်၏ အခွင့်အာဏာကို လေးစားသောအားဖြင့် တိတ်တဆိတ်သာနေလိုက်ကြသည်။ သို့သော် အနည်းငယ်လောက်တော့ တင်ပြချင်သည်များ ရှိနေ၏။
ထိန်းထားသည့်ကြားမှ မှဲ့ကြီးက မနေနိုင်စွာမေးရန် ပြင်လိုက်၏။
"ဟို..."
"စကားတွေ အများကြီး ပြောမနေနဲ့တော့။ ငါက အကြာကြီး ဆွေးနွေးရတာကို မကြိုက်ဘူး။"
ကျိယွမ်က လက်ခါပြလိုက်သည်။
"ငါက ခေါင်းဆောင်ပဲ၊ မင်းတို့ ငါ့အမိန့်ကို လိုက်နာရမယ်"
"ငါတို့ ချိုင်တိုင်းပြည်ကို သွားပြီး ကျန်းဖုန်းကို သတ်ကြမယ်"
ကျိယွမ်သည် ထပ်မံငြင်းခုံရန် အခွင့်အရေးမပေးဘဲ ချက်ချင်းအမိန့်ထုတ်ပြန်လိုက်သည်။သူ၏ အစီအစဥ်ကို သူယုံကြည်၏ ။
သူ၏ ပြတ်သားမှုကို မြင်သောအခါ ရှေးဟောင်းနတ်ဘုရားများလည်း ဆက်လက်စောဒကမတတ်ကြတော့ပါ ။
ကိုယ်တည်သည့်ဘုရား လင်းတနားနား ကိုးကွယ်ရုံသာ ရှိတော့သည်။
"သွားကြစို့"
လူအယောက် ၂၀ ကျော်ပါဝင်သည့် အဖွဲ့သည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ချိုင်တိုင်းပြည်သို့ တိုက်ရိုက် ဦးတည်ထွက်ခွာကြ၏။
လမ်းခရီးတွင် ရှောင်းရွှယ်ထံမှသတင်းရထားသည် ဝမ်ဝမ်ချီသည်လည်း အဖွဲ့ထဲသို့ ချက်ချင်း ပါဝင်လာခဲ့သည်။ သူမ၏ ဘိုးဘေးရတနာနတ်ဘုရားမှာ သစ္စဖောက်ကျန်းဖုန်း၏ လက်ချက်ကြောင့်သေဆုံးခဲ့ရသည် မဟုတ်ပါလား။သူမအတွက် ထိုအရာက ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေနိုင်သော ရန်ကြွေးပင်။ ထို့ကြောင့် သူမအနေဖြင့် ဤခရီးတွင် ပါဝင်ရန် လိုအပ်သည်။
ကျိယွမ်နှင့်သူ၏အဖွဲ့သည် ဗြောင်ကျကျချီတက်လာကြပြီး သူတို့ကိုယ်သူတို့ ဖုံးကွယ်ရန် မကြိုးစားကြပေ။ သူတို့သည် မိစ္ဆာနတ်ဘုရားများ သတင်းရသွားမည်ကို လုံးဝဂရုမစိုက်ဘဲ ချိူင်တိုင်းပြည်သို့ တိုက်ရိုက် ပျံသန်းသွားကြသည်။
လမ်းတစ်လျှောက်တွင် ထိတ်လန့်တကြား အော်ဟစ်သံများစွာ ထွက်ပေါ်လာ၏။
"ဘယ်သူက ငါတို့ဆီကို လာဝံ့တာလဲကွ "
မြို့များတွင် အခြေချနေသော မိစ္ဆာနတ်ဘုရားများသည် ရှေးဟောင်းနတ်ဘုရားများ ချဉ်းကပ်လာသည်ကို ခံစားမိပြီး ၎င်းတို့ကို တားဆီးရန် အင်အားပြင်းသော စွမ်းအင်များကို ထုတ်ဖော်လိုက်ကြသည်။
သို့သော်လည်း ကျိယွမ်နှင့် အဖွဲ့သည် မည်သည့် အဟန့်အတားကိုမျှ ဂရုမစိုက်ဘဲ သူတို့ဦးတည်ရာသို့သာ ဆက်လက်ပျံသန်းနေကြသည်။ ယခင်အချိန်ကဆိုလျှင်တော့ ယခုလိုချီတက်မှုမျိုးကို ဂရုတစိုက်ပြင်ဆင်ပြီး ချဉ်းကပ်ခဲ့ကြမည်ဖြစ်သော်လည်း ယခုအခါမှာတော့ လမ်းတလျောက်ရှိမြို့များမှ မိစ္ဆာနတ်ဘုရားများကို လုံးဝဂရုမစိုက်တော့ပေ ။ ၄င်းတို့ကို ဖုတ်လေသည့်ငပိ ရှိတယ်ဟုပင်မထင်ဘဲ ရှေ့သို့သာ တစိုက်မက်မက် တိုးဝင်နေကြ၏။
"မင်းတို့က ငါတို့ကို မခန့်တာလား"
"ထော်လော်ကန့်လန့် လာလုပ်နေတာပဲ "
မိစ္ဆာနတ်ဘုရားများကလည်း ထိုသို့သောအပြုအမူမျိုးကို မည်သို့သည်းခံနိုင်မည်နည်း။ သူတို့က ဒေါသတကြီးဟိန်းဟောက်ကာ ပျံသန်းနေသော လူစုထံပြေးဝင်လာကြကုန်သည်။
"မင်းတို့ ရပ်လိုက်ကြစမ်း..."
"သေချင်လို့ လာရှုပ်နေတာလား ..."
မိစ္ဆာနတ်ဘုရားသုံးပါးသည် အမြွှာညီအစ်မ၏လက်အဝှေ့တွင် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရ၏။
မိစ္ဆာနတ်ဘုရားများသည် အခိုင်အမာ တည်ဆောက်ထားသော မြို့များတွင် ရှိနေကြသော်လည်း ကျိယွမ်၏ အဖွဲ့ကို လုံးဝမယှဉ်နိုင်ကြပေ။ လမ်းကို ပိတ်ဆို့လာသည့် မိစ္ဆာနတ်ဘုရားတိုင်းမှာ အမွှာညီအစ်မ၏ လက်ချက်ဖြင့် ဆက်တိုက်သေဆုံးနေကြ၏။
သို့သော် နောက်ထပ်တစ်မြို့သို့ရောက်သောအခါမှာလည်း ယခင်အတိုင်းတားမြစ်သူများက ရှိနေပြန်၏။ ကျိယွမ်သည် နောက်ထပ် အနှောင့်အယှက်များကို အကြိမ်ကြိမ် ထပ်တွေ့နေရသဖြင့် မျက်မှောင်ကြုတ်သွားသည်။
"ဒီပိုးမွှားလေးတွေက တကယ် စိတ်ရှုပ်ဖို့ကောင်းနေပြီ"
အမွှာညီမဖြစ်သူက နတ်ဘုရားနယ်ပယ်မျိုးစေ့ကိုပါ သုံး၍အမြန်ဆုံးရှင်းလင်းနေသော်လည်း မြို့တစ်ခုရောက်တိုင်း တစ်ခါနှောင့်ယှက်ခံနေရခြင်းက အဆင်မပြေပေ။ သူတို့ခရီးစဥ်အား နှောင့်နှေးစေ၏။
"အရှင်..ကျွန်မတို့ အမြန်တိုက်ခိုက်ပြီး ပြန်ဆုတ်မှရမယ်။ မဟုတ်ရင် မိစ္ဆာနတ်ဘုရားတပ်တွေရဲ့ ဝိုင်းရံတာကို ခံရရင်အားလုံးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
အမွှာအစ်မဖြစ်သူက စိုးရိမ်တကြီး သတိပေးလိုက်သည်။အခြားသူများကလည်း သူမ၏ စိုးရိမ်မှုအတိုင်း ထပ်တူခံစားနေကြရသည်။
မိစ္ဆာနတ်ဘုရားစခန်းတစ်ခုစီတိုင်းတွင် အနည်းဆုံး မဟာအုပ်စိုးရှင်တစ်ပါးနှင့် အခြားသော စစ်မှန်မိစ္ဆာနတ်ဘုရားများ ရာနှင့်ချီ၍ ရှိနေတတ်သည်။ အကယ်၍ အဝိုင်းခံရပါက လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်ပင် ။
"ငါ နားလည်ပါတယ်။ ဒါပေမဲ့ မြို့တစ်မြို့နား ရောက်တိုင်း အခုလို တစ်ယောက်ပြီးတစ်ယောက်က လမ်းပိတ်နေတာ တကယ်ကို စိတ်ပျက်ဖို့ ကောင်းတယ်"
ကျိယွမ်က စိတ်ပျက်သလို ဆိုသည်။
သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ချင်သော စိတ်များပင် ဖြစ်ပေါ်လာနေသည်။
အမွှာညီမဖြစ်သူနှင့်အတူ အခြားသော နတ်ဘုရားများကလည်း စိုးရိမ်ပူပန်နေကြလေ၏။
အတန်ကြာစဥ်းစားပြီးနောက် ကျိယွမ် အကြံတစ်ခု ရရှိသွားသည်။
"စိိတ်မပူကြနဲ့ ..ငါနည်းလမ်းရပြီ "
သူက ထိုမျှသာပြောကာ ကောင်းကင်ယံသို့ပို၍မြင့်မားစွာပျံတတ်သွား၏။ထို့နောက် နတ်ဘုရားစွမ်းအားကို အသုံးပြု၍ ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားစေမည့် သတင်းစကားတစ်ခုကို ပေးပို့လိုက်သည်။
"ငါတို့က သစ္စာဖောက် ကျန်းဖုန်းကို သတ်ဖို့ လာတာပဲ ။မဆိုင်တဲ့သူတွေ ဘေးဖယ်နေကြ ၊ တကယ်လို့ ငါတို့ကို ပိတ်ဆို့မယ်ဆိုရင်တော့ အကုန်လုံးကို မညှာမတာ သတ်ပစ်မယ်"
ကျိယွမ်၏ အသံသည် နယ်မြေတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားခဲ့သည်။
ရွာသားများနှင့်ရှေးဟောင်းနတ်ဘုရားများကတော့ အူကြောင်ကြောင်နှင့်ငေးကြည့်နေကြကုန်၏။
ဒါက သူပြောတဲ့ အကြံလား ။
မှဲ့ကြီးတို့အဖွဲ့မှာ မရည်ရွယ်ဘဲ တစ်ယောက်ကိုတစ်ယောက်ကြည့်မိလိုက်ကြသည်။ မည်သူ့ကို အပြစ်တင်ရမည်နည်း။
ကျိယွမ်က ၄င်းတို့၏အမူအယာများကို မသိပါ ။ သူက လက်ဝှေ့ယမ်းပြလိုက်သည်။
"ဆက်သွားမယ်"
သူတို့အဖွဲ့သည် ချိုင်တိုင်းပြည်သို့ဆက်လက် တိုးဝင်သွားကြ၏။
သို့သော် ထူးခြားသည်မှာ ကျိယွမ်၏ သတင်းစကားက အဆင့်နိမ့် မိစ္ဆာနတ်ဘုရားများကို ကြောက်လန့်သွားစေသည်လား မပြောတတ်ပေ ။ ၎င်းတို့၏ လမ်းတွင် မည်သူမျှ ထပ်မံ ပိတ်ဆို့ခြင်း မရှိတော့ပါ။
ထိုသတင်းစကားသည် လင်းတိုင်းပြည်မှ ကျန်းတိုင်းပြည်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် ချိုင်တိုင်းပြည်သို့လည်းကောင်း ပျံ့နှံ့သွားလေသည်။ မိစ္ဆာနတ်ဘုရားများစွာမှာ တုန်လှုပ်သွားကြပြီး ကောင်းကင်ယံမှ အလင်းတန်းများကို မော့ကြည့်ကြသည်။
ဘေးလွတ်ရာတွင် ပုန်းအောင်းနေကြသော ရှေးဟောင်းနတ်ဘုရားများလည်း အံ့အားသင့်သွားကြ၏။
"သစ္စာဖောက် ကျန်းဖုန်းကို သတ်ဖို့ နောက်ဆုံးတော့ ဖြောင့်မတ်တဲ့ နတ်ဘုရားတစ်ပါး ပေါ်လာပြီလား"
"ဟားဟားဟား၊ ဖြောင့်မတ်တဲ့ နတ်ဘုရားကြီး အေးအေးချမ်းချမ်း သွားနိုင်ပါစေ"
ပုန်းအောင်းနေသော ရှေးဟောင်းနတ်ဘုရား အများစုမှာ ကျိယွမ်သည်အစွမ်းထက်သော်လည်း ဆက်လက်ရပ်တည်ရန်အခြေအနေမဲ့နေသဖြင့် နောက်ဆုံးအကြိမ် တိုက်ပွဲဝင်ရန် ရောက်လာသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါးဟုသာ ထင်မှတ်နေကြသည်။
ကျန်းဖုန်း၏ သစ္စာဖောက်မှုကြောင့် ချိုင်တိုင်းပြည်နှင့် ကျန်းတိုင်းပြည်တို့မှာ မိစ္ဆာနတ်ဘုရားများ၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့ရပြီး ပတ်ဝန်းကျင်ရှိ တိုင်းပြည်ငါးခုလုံးတွင်လည်း ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။
ပုန်းအောင်းနေသော ရှေးဟောင်းနတ်ဘုရားများသည် ကျန်းဖုန်းကို မုန်းတီးကြပြီး သူ သေဆုံးသည်ကို မြင်ချင်နေကြသူများ ဖြစ်၏။
ရုတ်တရက် ပျံသန်းနေသော ကျိယွမ်၏ စိတ်ထဲသို့ သတင်းစကားတစ်ခု ဝင်ရောက်လာသည်။
"စီနီယာ၊ သတိထားပါ။ ချိုင်တိုင်းပြည်ရဲ့ မြို့တော်မှာ မိစ္ဆာနတ်ဘုရားတပ်စခန်းကြီး တစ်ခု ရှိနေပါတယ်"
ထိုအသံမှာ လျင်မြန်စွာ ပျောက်ကွယ်သွား၏။မိစ္ဆာနတ်ဘုရားများ ရိပ်မိခြင်းကို မခံရစေရန် စွန့်စား၍ သတိပေးလိုက်သည့် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အသံ ဖြစ်ကြောင်း ထင်ရှားသည်။
ကျိယွမ်၏ နှလုံးသားထဲ၌ လေးလံသွား၏။
"ချိုင်တိုင်းပြည်မှာ မိစ္ဆာနတ်ဘုရားစခန်းကြီးတစ်ခု အခြေစိုက်နေတာလား"
ဘာကြောင့်လဲ။
မဟာအုပ်စိုးရှင်ရှန်းလဲ့ ရောက်ရှိသွားသောကြောင့် မိစ္ဆာနတ်ဘုရားများက အင်အားဖြည့်တင်းထားခြင်းလေလား။
ကျိယွမ်နှင့်အတူ လိုက်ပါလာသော ရှေးဟောင်းနတ်ဘုရားများမှာလည်း ပို၍ပင် စိုးရိမ်သွားကြသည်။
အမွှာအစ်မဖြစ်သူက လျင်မြန်စွာ အကြံပြု၏။
"အရှင်မြတ်...ကျွန်မတို့ လူခွဲလိုက်ရင် ပိုကောင်းမယ် ထင်တယ်။ကျွန်မနဲ့ ညီမလေးက ချိုင်တိုင်းပြည်ကို သွားပါ့မယ်၊ အရှင်တို့ကတော့ အမြန်ဆုံး နောက်ဆုတ်ပါ"
"မလိုဘူး"
ကျိယွမ်က တည်ငြိမ်စွာ ပြန်ဖြေသည်။
"ကျန်းဖုန်း... သူ အသက်ရှင်နေတာပဲဖြစ်ဖြစ်၊ သေနေတာပဲဖြစ်ဖြစ်၊ ငါ ကိုယ်တိုင် မြင်ရမှ ဖြစ်မယ်"
"ဆက်သွားမယ်"
သူသည် ချိုင်တိုင်းပြည်၏ ကျန်းဖုန်းနှင့် ရင်ဆိုင်ရန် အခိုင်အမာ ဆုံးဖြတ်ထားပြီးဖြစ်သည်။ မိစ္ဆာနတ်ဘုရားတပ်စခန်းကြီးတစ်ခုရှိရုံမျှဖြင့် နောက်ပြန်လှည့်မည်မဟုတ်ပေ ။
သေချင်တဲ့ကောင် တားကြ။