← Chapters

တိုက်ပွဲမဟာဗျူဟာအသစ်

Vol. 18 Ch. 211

တိုက်ပွဲမဟာဗျူဟာအသစ်

Vol. 18 Ch. 211

ကောင်းကင်နှင့်မြေပြင်တို့ တသိမ့်သိမ့်တုန် ဟီးသွားပြီး မဟာအုပ်စိုးရှငိ၏တိုက်ခိုက်မှုကလည်း လုံးဝပျက်စီးသွားခဲ့သည်။

ကျူးရှီကျုံးက သူ၏ကျယ်ဝန်းသော အင်္ကျီလက်စများကို ဟန်ပါပါခါယမ်းလိုက်ပြီး ခေါင်းကိုပင့်ထားလိုက်၏။သူ၏ မျက်ဝန်းထဲတွင် ကျေနပ်ဂုဏ်ယူနေသော အရိပ်အယောင်များကလည်း ပြည့်နှက်နေသည်။

"ဒီလောက်ဆိုရင် ငါကျူးကြီးက အဲဒီခွေးနက်ကြီးကို အလွယ်တကူ အနိုင်ပိုင်းနိုင်ပြီပေါ့ကွ"

သူမွေးသောခွေးက သူ့အားပြန်ပြန်ကိုက်နေသည်ကို ရင်နာနာနှင့်ခံစားနေခဲ့ရသည့်ရက်များကို သူမမေ့ပါ ။ ယခုအခါတွင်မူ သူသည် ခေါင်းမော့ရင်ဆိုင်နိုင်စွမ်း ရှိလာခဲ့လေပြီ။

ကျန်သော ရွာသားသုံးယောက်ကတော့ သူ့လိုမဟုတ်ဘဲ တည်ငြိမ်မြဲ တည်ငြိမ်နေကြပြီး သူတို့၏မျက်ဝန်းထဲမှ နတ်ဘုရားအရှိန်အဝါများကိုလည်း တဖြည်းဖြည်းလျှာါချလိုက်ကြသည်။

ရှေးဟောင်းနတ်ဘုရားများကတော့ ယခုလေးတင် မြင်တွေ့လိုက်ရသော အံ့မခန်း မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်နေကြဆဲဖြစ်ပြီး ပါးစပ်ပြဲသူကပြဲ ၊ မျက်လုံးပြူးသူကပြူးနှင့် ချက်ချင်းသတိပြန်မဝင်နိုင်ကြသေးပါ။

ထိုတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သူမှာ မည်သူနည်း ။

မဟာအုပ်စိုးရှင်တစ်ပါး မဟုတ်ပါလား။

မဟာအုပ်စိုးရှင်တစ်ပါး၏ အစွမ်းကုန်တိုက်ခိုက်မှုကို သာမန်နတ်ဘုရားလေးပါးက မည်သည့်အားစိုက်ထုတ်မှုမျှမပါဘဲ နတ်စွမ်းအားသပ်သပ်ဖြင့် ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ဒါက ဘယ်လိုယုတ္တိကြီးလဲ။

အားလုံးမှာ စကားများပျောက်ဆုံးကာ ဆွံ့အလျက် အံ့အားသင့်နေကြ၏။

သူတို့ဘဝတစ်လျှောက်လုံးနားလည်လာခဲ့သော နတ်ဘုရားစွမ်းအားများအကြောင်းကိုပင် သံသယဝင်လာမိကြသည်။

သေချာတာကတော့ ထိုအရာသည် နတ်ဘုရားစွမ်းအားသက်သက် မဟုတ်သည်နိုင်တော့ပေ ။

သူတို့သည် သူတော်စင်အဆင့်နတ်ဘုရားနည်းစနစ်များကို တစ်ခါမျှ မမြင်ဖူးကြသော်လည်း ဤမျှအထိ ချဲ့ကားနိုင်စွမ်းရှိမည်မဟုတ်ကြောင်းတော့ သိပါသေးသည်။

သူတို့ရင်ဆိုင်ခဲ့ရသည်က မဟာအုပ်စိုးရှင်တစ်ပါး၏ အစွမ်းကုန်တိုက်ခိုက်မှုဖြစ်၏။

ထိုတိုက်ခိုက်မှုကို ရင်ဆိုင်သော ရွာသားလေးဦးမှာ ပထမ သို့မဟုတ် ဒုတိယအဆင့်နတ်ဘုရားများသာ ရှိသေးသည်။ နတ်ဘုရားနယ်ပယ်မျိုးစေ့များကလည်း နိုးထကာစသာ ရှိသေးသဖြင့် ထိုတိုက်ကွက်ကို ခုခံနိုင်စွမ်း မရှိသင့်ပါ။

ဆန်းကြယ်လွန်းသော မြင်ကွင်းမှာ သူတို့၏ နားလည်နိုင်စွမ်းကို အဆများစွာ ကျော်လွန်နေခဲ့သည်။

သူတိူ့၏အကြည့်များက ကျိယွမ်အပေါ်သို့ ကျရောက်သွား၏။

သူ ချိုင်တိုင်းပြည်ကို လာရဲတာ အံသြစရာမရှိတော့ပါဘူး။

သူတိူ့၏ အရှင်အသစ်သည် အောင်ပွဲအတွက် အစီအစဉ်ရှိထားပြီးသားဖြစ်ကာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေခြင်းသာ ဖြစ်သည်။

ငါတို့က နားမလည်ခဲ့တာပဲ။

သူတို့၏ စိတ်နှလုံးထဲတွင် မူလနတ်ဘုရား၏ ပုံရိပ်မှာ ပိုမိုခန့်ညားထည်ဝါလာ၏။

ထိုအချိန်တွင် အသံတစ်ခု ပဲ့တင်ထပ်လာပြီး အတွေးများနေသော ရှေးဟောင်းနတ်ဘုရားအားလုံး၏ နားထဲသို့ ရောက်ရှိသွားသည်။

"အရည်အချင်းရှိတဲ့ NPC တစ်ယောက်ဟာ အချိန်တိုင်း ပါးစပ်ကြီးဖြဲပြီး အံ့ဩပြနေလို့ပဲ မရဘူး၊ အဲဒါကြောင့် ခေတ်နောက်ကျကျန်ခဲ့တာ။ အတတ်ပညာတစ်ခုခု ရှိထားဖို့ အရေးကြီးတယ်။ မဟုတ်ရင် မင်းတို့ အသက် ၃၅ မတိုင်ခင် အလုပ်လက်မဲ့ ဖြစ်သွားလိမ့်မယ်။ "

"ပြောစမ်း ..ဘာဝါသနာပါလဲ ၊ စားဖိုမှူးလား ၊ ဂီတပညာရှင်လား ၊ ငိုချင်းသည်လား ။ ဘာသင်ချင်လဲ ငါသင်ပေးနိုင်တယ်။ချင်းရွှေရွာမှာ ဒီသုံးခုက အလုပ်ရဖို့ အလွယ်ဆုံးပဲ၊အတတ်ပညာတစ်ခုရှိပြီဆိုရင် ခေတ်နောက်ကျကျန်မှာကို စိုးရိမ်စရာမလိုတော့ဘူး"

ရှေးဟောင်းနတ်ဘုရားများမှာ ကြောင်တောင်တောင်ဖြစ်သွားကြပြီး ကျိယွမ်အား သေသေချာချာကြည့်မိကြကုန်၏။

ယခုအခါမှာတော့ သူတိူ့၏အကြည့်များထံတွင် တုန်လှုပ်မှုနှင့်လေးစားကြည်ညိူခြင်းများ ပျောက်ကွယ်သွားခဲ့သည်။

ငါတို့အရှင်က စကားမပြောဘဲနေရင် ပိုကြည်ညိုဖို့ကောင်းမှာ သေချာတယ်။

အမြွှာညီအစ်မအနက် အစ်မဖြစ်သူက ကျိယွမ်ကို ကြည့်ကာ အကူအညီမဲ့နေသော မျက်နှာဖြင့် ပြောလိုက်သည်။

"အရှင်... ကျွန်မတို့ အမြန်ထွက်ပြေးသင့်ပြီ။ အဲဒီ မဟာအုပ်စိုးရှင်သာ လိုက်လာရင် ဒါဟာ အသက်လုရမဲ့တိုက်ပွဲဖြစ်သွားပါလိမ့်မယ်"

အခြားသော ရှေးဟောင်းနတ်ဘုရားများကလည်း ထိုစကားကို အလျင်အမြန် ခေါင်းညိတ်ထောက်ခံကြသည်။ မဟာအုပ်စိုးရှင်၏ အစွမ်းကုန်တိုက်ကွက်ကို ခုခံနိုင်ခဲ့သော်လည်း အကယ်၍ ထိုပုဂ္ဂိူလ်သည် ရာနှင့်ချီသော မိစ္ဆာနတ်ဘုရားများနှင့်အတူ လိုက်လံတိုက်ခိုက်ပါက သူတို့သည် အန္တရာယ်ကြီးစွာ ကြုံတွေ့ရမည်မှာ သေချာသလောက်ပင်။

"ငါတို့ ထွက်သွားလို့ရတယ်၊ ဒါပေမဲ့ မိုးကြိုးနတ်ဘုရားကရော ဘယ်လိုလုပ်မလဲ "

ကျိယွမ်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါ၏ ။ အဘိုးကြီးရှန်းလဲ့အတွက် စိုးရိမ်စရာမလိုဟု ဆုံးဖြတ်လိုက်သည်။

သူက အရူးမှမဟုတ်တာ ၊ ဒီသတင်းတွေကိုကြားရင် ပြန်ဆုတ်သွားမှာပဲ။

"သွားကြစို့"

သူတိူ့လူစုသည် အလင်းတန်းတစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားကာ ချင်းရွှေကျေးရွာဆီသို့ ဦးတည်ပျံသန်းသွားကြသည်။

တစ်ချိန်တည်းမှာပင် နန်းမြို့တော်နှင့် မိုင်ပေါင်းထောင်ချီဝေးကွာသော နေရာတစ်ခု၌ ဆန်းကြယ်သောပုံစံများ ထွင်းထုထားသည့် ရွှေရောင်မျက်နှာဖုံးကို တပ်ဆင်ထားသော အဖိုးအိုတစ်ဦး ရပ်နေခဲ့သည်။ မျက်နှာဖုံးစွပ်ထားသော်လည်း သူ၏အေးစက်ပြီး ရက်စက်တတ်သော မျက်ဝန်းများကို အားလုံး မြင်တွေ့နိုင်၏။

"ငါ့ရဲ့တိုက်ကွက်က... အဟန့်အတား ခံလိုက်ရတာလား"

အဘိုးအိုသည် ပထမတွင် အနည်းငယ် အံ့အားသင့်သွားသည် ။ ထို့နောက် အံ့သြရုံသာမက ထိတ်လန့်သွားဟန်ပင် ပေါ်လာသည်။ ပြိုင်ဘက်များမှာ သာမန်နတ်ဘုရားမျှသာဖြစ်သော်လည်း ထိုလေးဦး ပူးပေါင်းကာ သူ၏တိုက်ကွက်ကို ပိတ်ဆို့နိုင်ခဲ့၏။

"ကျွန်တော်တို့ သူတို့နောက်ကို လိုက်ကြမလား"

မိစ္ဆာ နတ်ဘုရားတစ်ပါး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ ထိုရှေးဟောင်းနတ်ဘုရားများက လုပ်ချင်ရာလုပ်ပြီး ထွက်ပြေးသွားသည်ကို သူတို့ ဒီအတိုင်း ကြည့်မနေနိုင်ပါ။ ရှေးဟောင်းနတ်ဘုရားများက ထိုတိုက်ကွက်ကို မည်သို့ခုခံသွားသည်ကို သူတို့ နားမလည်သော်လည်း သူတို့ဘက်တွင် စစ်မှန်နတ်ဘုရားများစွာ ရှိနေသည်။ သူတို့၏ ခေါင်းဆောင်အမိန့်တစ်ချက်ပေးရုံဖြင့် ထိုရှေးဟောင်းနတ်ဘုရားများကို အလွယ်တကူ ချေမှုန်းပစ်မည်သာ ။

"မလိုက်နဲ့"

စခန်းခေါင်းဆောင်က တည်ငြိမ်သောအသံဖြင့် ဖြေကြားလိုက်သည်။

အခြေအနေက ထူးဆန်းနေသည်ကို သူသတိထားမိ၏။ထိုရှေးဟောင်းနတ်ဘုရားများက မဟာအုပ်စိုးရှင်များမဟုတ်သေးဘဲ နတ်ဘုရားနယ်ပယ်မျိုးစေ့များ ရှိနေခြင်းမှာ မယုံနိုင်စရာ ကောင်းလွန်းနေသည်။

ထိုသို့အရည်အချင်းရှိ နတ်ဘုရားများကို ရှေးဟောင်းနတ်ဘုရားများက သေချာပေါက်ဂရုတစိုက် မွေးမြူထားသင့်သည်မဟုတ်ပါလား။ထိုပါရမီရှင်များ မဟာအုပ်စိုးရှင်မဖြစိမီ လုံးဝထုတ်ပြမည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် ယခုလိုပျက်စီးနယ်မြေသို့ လုပ်ကြံသတ်ဖြတ်သူများအဖြစ် ရုတ်တရက် ရောက်ရှိလာရသနည်း။

ဤကိစ္စတွင် မရိုးသားမှုတစ်ခုခု ရှိနေပြီး ၎င်းသည် သူ့ကိုပစ်မှတ်ထားသော ထောင်ချောက်ပင် ဖြစ်နိုင်သည်။

ငါ့ကို လာဖို့ မျှားခေါ်နေတာလား ။

ခေါင်းဆောင်အဘိုးအိုက တားမြစ်လိုက်သောကြောင့် သူ၏ လက်ထောက်ဖြစ်သူသည် စိတ်ပျက်သွား၏။ မဟာအုပ်စိုးရှင်ကသာ လှုပ်ရှားပါက ထိုရှေးဟောင်းနတ်ဘုရား ၂၀ လုံးကို ကြက်ကလေးငှက်ကလေးများလို ကွိခနဲဖမ်းမိမည်မှာ သေချာသည်ဟု သူက ယူဆထားသည်။

အဘိုးအိုက သူ့လက်ထောက်၏အတွေးကို နားလည်၏။ သူက ခဏတာစဥ်းစားပြီးနောက် ခွင့်ပြုလိုက်သည်။

"မင်း စစ်မှန် နတ်ဘုရားတချို့ကို ခေါ်သွားပြီး သူတို့ကို ဖမ်းခဲ့လိုက်"

"ဗျာ"

လက်ထောက်မှာ အနည်းငယ်ကြောင်အသွားသည်။ ခေါင်းဆောင်ကြီးကသူမလိုက်သော်လည်း သူ့အား ခွင့်ပြုပေးလိုက်သည် မဟုတ်ပါလား။

"အမိန့်အတိုင်းပါ ..အရှင်"

...............

ကျယ်ဝန်းသော လမ်းမကြီးပေါ်တွင် လူအများစည်စည်ကားကားရှိနေ၏။သွားလာလှုပ်ရှားနေသူများကလည်း အမျိုးအစားစုံလင်လှပြီး ရံဖန်ရံခါ၌ နတ်ဘုရားအရှိန်အဝါရှိသူများက်ုပင် တွေ့နိုင်သည်။

စည်းကားသောလမ်းမဖြစ်သည်နင့်အညီ လမ်းဘေးတွင် ဆိုင်ခန်းမျိုးစုံလည်းရှိနေသည် ။ ထိုဆိုင်များထဲမှ အရက်ဆိုင်တစ်ခုတွင် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထား၏။

"ယနေ့ အရက် ၃ အိုးဝယ်လျှင် ၃ အိုး လက်ဆောင်"

သန်မာထွားကျိုင်းသော လူတစ်ဦးသည် အရက်ဆိုင်ရှေ့တွင် ရပ်တန့်လိုက်ပြီး လေထုထဲမှ အနံ့ကို အားရပါးရ ရှူရှိုက်လိုက်သည်။ မွှေးကြိုင်လှသောအနံ့က သူ၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။

"ကြီးကျယ်တဲ့ အလုပ်တွေမလုပ်ခင်မှာ ခမ်းခမ်းနားနား သောက်သင့်စားသင့်တယ်"

ထိုသို့တွေးရင်း ဆိုင်ထဲသို့ဝင်လိုက်၏။

"ဆိုင်ရှင်... မင်းဆီက အကောင်းဆုံးအရက် ၃ အိုး ယူခဲ့စမ်း"

"လာပါပြီခင်ဗျာ"

ထိုသူသည် ခုံအလွတ်တစ်ခုတွင် ထိုင်ချလိုက်ပြီး အခန်းထဲသို့တစ်ချက်ဝှေ့ကြည့်သည်။ သူ၏မျက်ဝန်းများထဲတွင် ခရမ်းရောင် လျှပ်စီးတန်းများ လက်ခနဲ ဖြစ်သွားသော်လည်း အခြားသူများက သတိမထားမိကြပေ။

"ကံကြမ္မာက ငါ့ဘက်မှာ ရှိနေပုံပဲ။ ငါသာ လမ်းမမှားခဲ့ရင် အဲဒီ မဟာအုပ်စိုးရှင်နဲ့ တည့်တည့်တိုးနေလောက်ပြီ"

ထိုသူကား အခြားသူမဟုတ်ပါ ၊ ချင်းရွှေရွာမှထွက်လာသော မိုးကြိုးနတ်ဘုရားရှန်လဲ့ ပင်ဖြစ်လေသည်။ ချင်းရွှေကျေးရွာမှ ထွက်ခွာလာကတည်းက သူသည် ကျန်းဖုန်းကို အလစ်တိုက်ရန်အတွက် သူ၏မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ကာ ဂရုတစိုက်ခရီးဆက်နေခဲ့၏။

လမ်းတွင် ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ နတ်ဘုရားတစ်ပါးနှင့် တွေ့ဆုံခဲ့သဖြင့် လိုအပ်သော သတင်းအချက်အလက်များကိုစုံစမ်းမိရာမှ ထိုသကောင့်သားနတ်ဘုရားက သူ့အား လမ်းမှားကြီးကို ညွှန်ပြလိုက်သဖြင့် မိအေးတစ်လမ်း ၊ စံမြတစ်လမ်းဖြစ်ကာ ခရီးဖင့်သွားခဲ့ရသည်။

သို့သော် ထိုလမ်းလွဲမှုကြောင့်ပင် သူသည် မဟာအုပ်စိုးရှင်များအကြား ဖြစ်ပွားသော တိုက်ပွဲကြီးကို ရှောင်ရှားနိုင်ခဲ့ခြင်းပင်။

ချိုင်တိုင်းပြည်သို့ အမြန်ဆုံးလာနေစဉ်မှာပင် ကောင်းကင်ယံ၌ မဟာအုပ်စိုးရှင်များ တိုက်ခိုက်နေကြသည်ကို သူ အဝေးမှ မြင်တွေ့ခဲ့ရသည်။ ရွှေထီးဆောင်းခဲ့စဥ်တုန်းဆိုလျှင် သူသည်ထိုတိုက်ပွဲမျိုးကို ရှောင်လွှဲနေမည့်မဟုတ်ပေ ။ ထိုနေရာသို့ အမြန်ဆုံးသွားရောက်ပြီး အမြင်မတော်လျှင် သိသိမသိသိ ဝင်တီးမိမှာသေချာ၏။

သို့သော် ယခုအခါတွင်တော့ သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး မည်သူမည်ဝါဖြစ်ကြောင်းကိုပါ ဖုံးကွယ်ထားရသဖြင့် မဟာအုပ်စိုးရှင်များ သတိမပြုမ်စေရန် အသည်းအသန်ကြိုးစားနေရသည်။

ထို့ကြောင့် လမ်းမှားသွားခြင်းက တိုက်ပွဲနှင့် လွဲချော်သွားစေခဲ့သဖြင့် ကံကြမ္မာသည် သူ့ဘက်တွင် ရှိနေသည်ဟု သူ ခံစားနေရခြင်းပင်။

"ဘယ် မဟာအုပ်စိုးရှင်နှစ်ယောက် တိုက်နေကြတာလဲဆိုတာတော့ ငါ သိချင်မိသား" ဟု သူ တွေးမိသေးသည်။ သို့သော် သူသည် ထိုအတွေးကို ချက်ချင်းပင် ဖယ်ထုတ်လိုက်ရ၏။ သူ၏တာဝန်ကို အနှောင့်အယှက်မပေးသရွေ့ မည်သူဖြစ်သည်မှာ အရေးမကြီးပါ။

စားပွဲထိုးက အရက်ကို စားပွဲပေါ်သို့ တင်ပေးလိုက်သောအခါ ရှန်းလဲ့၏အတွေးစများပြတ်သွားပြီး ခွက်ထဲသို့ အရက်အပြည့်လောင်းထည့်ကာ ဂွပ်ခနဲတစ်ချက်တည်းမော့ချလိုက်၏။

"အရက်က ကောင်းသားပဲ "

အရက်သောက်နေရင်း သူ၏စိတ်ထဲတွင် ပို၍ သက်သောင့်သက်သာ ရှိလာသည်။

သို့သော် သောက်ရင်းသောက်ရင်းဖြင့် အရက်ရှိန်တက်လာသည်နှင့်အမျှ သူ၏အတွေးများကလည်း ပိုမိုရှုပ်ထွေးလာသည်။

"အခုအချိန်ဆိုရင် ဟိုကောင်လေး ဘိုးဘေးနယ်မြေကနေ ထွက်လာပြီးလောက်ပြီ။ အဲဒီမြေခွေးအိုကြီး လီရှန်းက သူ့ကို တားထားနိုင်ပါစေလို့ပဲ ငါ ဆုတောင်းပါတယ်"

ရှန်လဲ့က အရက်ခွက်ကိုချကာ သက်ပြင်းချရင်း လမ်းမကြီးပေါ်မှ လူများကို အဓိပ္ပါယ်မဲ့ငေးမောနေမိ၏။ ကျန်းဖုန်းကို လုပ်ကြံရန်ဆုံးဖြတ်ပြီးသည်နှင့် သူ၏ ပိုင်ဆိုင်သမျှကို ရှောင်းရွှယ်ထံတွင် ထားခဲ့ပြီမို့ ယခုအချိန်တွင် တစ်ပြားမှမရှိအောင် ဆင်းရဲသွားလေပြီ။ ထို့အပြင် သူ၏ မိတ်ဆွေဟောင်းများက သူ့ကို ပြန်လာရန် ဖျောင်းဖျမည်ကို စိုးရိမ်သဖြင့် ဆက်သွယ်ရေး ကျောက်စိမ်းပြားကိုပင် လွှင့်ပစ်ခဲ့၏။

"တော်ပြီ ဖြစ်ချင်ရာဖြစ်"

"ဂွပ်...ဂွပ် ..အေ့.."

သူက နောက်ဆုံးအရက်အိုးကို အပြတ်မော့သောက်ပြီးနောက် အထဲသို့ အော်လိုက်သည်။

"ဆိုင်ရှင်... ၃ အိုးဝယ်ရင် ၃ အိုး အလကားပေးမယ်ဆို"

"လာပါပြီခင်ဗျာ"

ဆိုင်ရှင်အဖိုးကြီးသည် ပြုံးရွှင်လျက် အရက် ၃ အိုးကို အမြန်ယူလာပေးလေသည်။ တစ်ခုခု ကောင်းသောကိစ္စ ဖြစ်ပျက်ထားသည့်အလား သူ၏မျက်နှာက အလွန် ပြုံးနေ၏။

"ခငိဗျားက ပြုံးလှချည်လား ၊ တစ်ခုခုများ ထူးခြားလို့လား ဆိုင်ရှင်"

ရှန်းလဲ့က အရက်အိုး ၃ အိုးကိုကြည့်ကာ စပ်စုလိုက်သည်။အရက်ကောင်းများကို ၃ အိုးအထိ အလကားပေးနေခြင်းမှာ တော်ရုံနှင့် လုပ်နိုင်သောအရာမဟုတ်ပေ ။

ဘာတွေများ ဝမ်းသာစရာဖြစ်ထားလို့လဲ ။

သို့သော် သူသာ သစ္စာဖောက်ကျန်းဖုန်းကို လုပ်ကြံပြီးပါက မြို့သားများအမှနိတကယ်ပျော်ရွှင်ရလိမ့်မည်ဟု သူက ပြောချင်နေသည်။ ယနေ့ခေတ်၏ သာမန်လူအများစုမှာ မိစ္ဆာနတ်ဘုရားများကို မုန်းတီးကြပြီး ကျန်းဖုန်းကဲ့သို့ သစ္စာဖောက်များကို ပို၍ပင် မုန်းတီးကြသည် မဟုတ်ပါလား။

အဲဒီအချိန်ကျရင် ပျော်လွန်းလို့အရက်အလကားတိုက်နေကြမှာ မြင်ယောင်နေသေးတယ် ။

ရှန်လဲ့က သူကိုယ်သူ ဂုဏ်ယူချင်သလိုလိုဖြစ်သွားသည်။

"တကယ်ကို ကြီးကျယ်တဲ့ ကိစ္စပါပဲ"

ဆိုင်ရှင်က ရှန်းလဲ့ကိုပြောပြမလိုပြင်ပြီးမှ စိတ်မချသလိုစစ်ဆေးလိုက်သည်။

"ခင်ဗျား က နတ်ဘုရားအသစ်တွေကို ကိုးကွယ်တဲ့သူတော့ မဟုတ်ဘူးမလား"

"ဖွီ.... လုံးဝမဟုတ်ဘူး။ ဒီအဖိုးကြီးက အဲဒီမိစ္ဆာကောင်တွေကို ဘယ်တော့မှ ကိုးကွယ်မှာမဟုတ်ဘူး"

မဟာအုပ်စိုးရှင်ရှန်လဲ့က အားရပါးရ ဖြေလိုက်၏။ ဆိုင်ရှင်သည် သိသိသာသာ စိတ်သက်သာရာ ရသွားသည် ။ နတ်ဘုရားအသစ်များကို ဆဲဆိုရဲသောကြောင့် ထိုအရက်သမားကြီးသည် မိစ္ဆာများ၏ဘက်တော်သား မဟုတ်သည်မှာ သေချာသည်။

"ချိုင်တိုင်းပြည်ရဲ့ ကောင်းကင်ကြီးကတော့... ပြောင်းလဲသွားပြီဗျ"

"ဟေ.."

မဟာအုပ်စိုးရှင်ရှန်လဲ့ ကြောင်အသွားသည်။

"ကျန်းဖုန်း သေပြီဗျ"

"ဘာကွ..."

ရှန်လဲ့မှာ ထိတ်လန့်သွားပြီး မတ်တပ်ပင်ထရပ်မိသည်။ သူက ကျန်းဖုန်းကို သတ်ရန် လာခဲ့ခြင်းဖြစ်သည် ။ သို့သော် သူပင်မသတ်ရသေးဘဲ ကျန်းဖုန်းက သေဆုံးသွားပြီဟု ပြောနေ၏။

ဘာတွေလဲ။

ရှန်းလဲ့၏ မျက်နှာပေါ်မှ အံ့ဩမှုကို မြင်သောအခါ ဆိုင်ရှင်က ကျေနပ်သွားဟန်ဖြင့် ဆက်ရှင်းပြလိုက်သည်။

"မကြာသေးခင်ကပဲ ကောင်းကင်ယံမှာ အသံကြီးတစ်ခု ပဲ့တင်ထပ်လာတာဗျ။ ကျန်းဖုန်းကို ကွပ်မျက်တော့မယ်၊ တားဆီးတဲ့သူမှန်သမျှ သေရမယ်လို့ ကြေညာခဲ့တာ။ အဲဒီနောက်မှာ ရှေးဟောင်းနတ်ဘုရားတစ်စုက ချိုင်နန်းတော်ကို ဝင်စီးပြီး ကျန်းဖုန်းကို သတ်ပစ်လိုက်ကြတယ်။"

"ပြီးတော့ သူတို့ ထွက်ပြေးသွားတာပေါ့ ၊ အဲဒီမှာ မိစ္ဆာနတ်ဘုရားတပ်စခန်းခေါင်းဆောင်ကြီးက အစွမ်းကုန် လိုက်ပြီးတိုက်ခိုက်ပေမဲ့ အဲဒီနတ်ဘုရားတွေက ခုခံနိုင်ခဲ့တယ်။ အခုတော့ အဲဒီရှေးဟောင်းနတ်ဘုရားတွေဟာ မြောက်ဘက်ကို ထွက်ပြေးသွားကြပြီ"

ဆိုင်ရှင်က ပါးစပ်ကပြောရုံနှင့်အားမရဘဲ လက်ကပင် လမ်းညွှန်ပြသလိုက်သေးသည်။

"အဲဒီနတ်ဘုရားတွေက ဟောဒီဘက်ကနေ လာခဲ့တာ၊ သတ်ပြီးတော့လည်း အဲဒီဘက်ကိုပဲ ပြန်သွားကြတယ်"

မဟာအုပ်စိုးရှင်ရှန်လဲ့ လုံးဝ ဆွံ့အသွားခဲ့သည်။

မည်သူက သူ၏သားကောင်ကို လုယူသွားသနည်း။ ပျက်စီးနေသောနယ်မြေတွက် ဤမျှ ရဲတင်းသော ရှေးဟောင်းနတ်ဘုရားတစိပါး ရှိနေသလော။

"ဒီလို ဖြောင့်မတ်တဲ့ နတ်ဘုရားမျိုးကို... ဒီအဖိုးကြီး လေးစားမိပါတယ်"

ရှန်းလံ့က ငေးမှိုင်သွားရင်းမှ ချီးမွမ်းစကားပြောလိုက်ပြီး ထိုင်ခုံပေါ်သို့ ပြန်ထိုင်ချလိုက်၏။ သူ သတ်ရန် ရည်ရွယ်ထားသော ပစ်မှတ်မှာ အခြားသူတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးသွားလေပြီ။

ဒါဆို ငါကဘာလုပ်ရတော့မှာလဲ ။

သူသည် လမ်းပျောက်သွားသလို ခံစားလိုက်ရ၏။

မထူးဇာတ်ခင်းပြီး ကျန်နေတဲ့ မိစ္ဆာနတ်ဘုရားတပ်စခန်းကို သွားတိုက်ရမှာလား။

ကျန်းဖုန်းကို သတ်သွားသော ရှေးဟောင်းနတ်ဘုရားကို အနည်းငယ်မကျေနပ် သော်လည်း လေးစားမိနေသည်။ ယနေ့အချိန်၌ ထိုသို့သော သတ္တိရှင်မျိုး များများလိုအပ်၏။

"အဲဒီ ဖြောင့်မတ်တဲ့နတ်ဘုရားက တကယ့်သူရဲကောင်းပဲဗျ ၊ မိုင်ပေါင်းထောင်ချီ ခရီးနှင်လာပြီး သစ္စာဖောက်နတ်ဘုရားတစ်ပါးကို သတ်တယ်၊ ပြီးတော့ ခြေရာဖျောက်သွားတယ်၊ သူက သေခြင်းတရားကို ဘာမှမဟုတ်သလို သဘောထားတာ"

ဆိုင်ရှင်က စိတ်လှုပ်ရှားစွာဖြင့် မပြီးနိုင်မစီးနိူင် ဆက်၍ချီးမွမ်းနေသည်။

ရှန်လဲ့မှာ ပါးစပ်ကထုတ်မပြောသော်လည်း အလွန်စိတ်ပျက်သွားခဲ့သည်။

ထိုချီးမွမ်းစကားများသည် သူနှင့်သာ ထိုက်တန်သင့်ပါသည်။ သို့သော် ယခုအခါမှာတော့ သစ္စာဖောက်ကို သတ်ခွင့်ကိုပင် သူ၏လက်ထဲမှ အလုခံလိုက်ရပြီမဟုတ်ပါလား။

"ဒါပေမဲ့ အဲဒီ ဖြောင့်မတ်တဲ့ နတ်ဘုရားက ထူးဆန်းတယ်ဗျ။"

ဆိုင်ရှင်က ပြော၍အားမရသေးဟန်ရှိ၏။ရှန်လဲ့က ဆိုင်ရှငိအား စိတ်မရှည်သလိုကြည့်သည် ။

"ဘာထူးဆန်းတာလဲ "

"သူက ကျန်းဖုန်းကိုသတ်ပြီးတော့ ဘာလုပ်တယ်မှတ်လဲ ။ မြို့သူမြို့သားတွေကို နောက်တစ်ခါကျရင် စားပွဲတော်နဲ့ တည်ခင်းဧည့်ခံဦးမယ်လို့ အော်ပြောသွားသေးတာဗျာ။ ဟားဟား...ဟား ... ဒီအဖိုးကြီးကတော့ ကျန်းဖုန်းရဲ့ စားပွဲတော်မှာ စားရမယ်လို့ တွေးတောင် မတွေးဖူးဘူး ၊ တကယ်သာလုပ်ပေးကြည့် ကျုပ်က အားရပါးရစားပစ်မှာ "

ဆိုင်ရှင်က ပြောရင်းမှ တဟားဟား ထရယ်လေသည်။

သို့သော် ရှန်းလဲ့ကတော့ မရယ်နိုင်ပါ ။ သူက လုံးဝ အေးခဲသွားသည်။

"စားပွဲတော်တဲ့လား "

"စားပွဲတော်" ဆိုသော စကားလုံးမှာ သူ၏မှတ်ဉာဏ်ထဲတွင် စိမ်းသက်နေသော အရာတစ်ခု မဟုတ်ပါ ။ ချင်းရွှေကျေးရွာသို့ ရောက်ကတည်းက "စားပွဲတော်" ဆိုသော စကားလုံးမှာ သူ အကြားရဆုံးသော စကားလုံးဖြစ်သည်။ထိုနေရာတွင် ကလေးအစ ခွေးအဆုံး စားပွဲတော်ကို စောင့်နေကြသည် မဟုတ်ပါလား ။ ယခု ထိုစကားလုံးကို ဝေးကွာလှသော နေရာတစ်ခုတွင် ထပ်ကြားလိုက်ရသဖြင့် သူ တုန်လှုပ်သွားခြင်းပင်။

ကျန်းဖုန်းကို သတ်လိုက်တာ ကျိယွမ်များလား။

သို့သော် မဖြစ်နိုင်ပါ။ ထိုကလေးသည် ခရမ်းရောင်နန်းတော်အဆင့်မျှသာ ရှိသေးသည်။ထို့အပြင် သူသည် ဘိုးဘေးနယ်မြေသို့ ဝင်သွားသည်မှာ တစ်ပတ်ပင်မရှိသေးပေ ။

ဒီကောင် စစ်မှန်နတ်ဘုရားတစ်ပါးဖြစ်သွားရင်တောင် ကျန်းဖုန်းကို ဒီလောက်လွယ်လွယ်နဲ့ သတ်မရဘူး ၊ မဟာအုပ်စိုးရှင်ရဲ့ တိုက်ကွက်ကို ပိတ်ဆို့ဖို့ဆို ပိုဝေး ။

သူက ပိုစဉ်းစားလေလေ ပို၍ အဓိပ္ပာယ်မရှိလေလေ ဖြစ်နေခဲ့သည်။ သို့သော် ယခုနတ်ဘုရား၏ ပြုမူပုံမှာမူ ထိုကလေးနှင့် တကယ်ပင် တူညီနေပြန်သည်။

ရုတ်တရက် ရှန်လဲ့သည် တစ်ခုခုကို သတိရသွား၏။ ဆိုင်ရှင် ညွှန်ပြခဲ့သော လမ်းကြောင်းမှာ လင်းတိုင်းပြည်ရှိသောအရပ်ဖြစ်သည် ။

"ငါ့လခွေး.."

သူ အကြီးအကျယ် ထိတ်လန့်သွားသည်။

သူ၏အတွေးများ ရှုပ်ထွေးသွားပြီး အတည်ပြုရန်အတွက် ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။

သ်ု့သော် မည်သည့်အရာကိုမှ မစမ်းမိချေ။

ငါလွှင့်ပစ်ခဲ့တာပဲ ။

သူသည် ပုံရိပ်ဖော်နယ်ပယ်သို့ အမြန်ဝင်ရောက်ကာ အဖွဲ့လိုက် စကားပြောခန်း တွင် မေးမြန်းလိုက်သည်။

"လီရှန်း ရှိလား ၊ ငါ့မှာ မေးစရာရှိလို့"

"အိုး.. မိုးကြိုးနတိဘုရားကြီးပဲ၊ မင်း ပြန်လာပြီလား"

"မိုးကြိုးကြီး... သူတော်စင်အဆင့် ၈ ခုကို ပုံဖော်ခဲ့တဲ့ အဲဒီရှေးဟောင်းနတ်ဘုရားက မင်းရဲ့တပည့်လား"

"ရှန်းလဲ့ .. မင်း အခု ဘယ်မှာလဲ ၊ မင်းလိုအပ်တဲ့ မိုးကြိုးသစ်သား ကို ငါ ရှာတွေ့ထားပြီ"

"မင်းဒဏ်ရာတွေကို ငါတို့မျိုးနွယ်က ကုပေးနိုင်လောက်တယ် ၊ မင်းတို့ ဆရာတပည့် လာခဲ့လိုက် "

ရှန်လဲ့သည် အပြိုင်အဆိုင်ဖြစ်နေသောနှုတ်ဆက်စကားများကြောင့် အံ့အားသင့်သွားသည်။ ဒီကောင်တွေ ဘယ်တုန်းက ငါ့ကိုဒီလောက် လေးစားသွားပါလိမ့် ။

ပြီးတော့ သူတော်စင်အဆင့် ၈ ခုကရော ပြောတာလဲ ။

ဘယ်သူက သူတော်စင်အဆင့် ၈ ခုကို ဖန်တီးနိုင်မှာလဲ ။

မဖြစ်နိုင်တာ ။

နေဦး ..ငါ့တပည့်ဆိုလား ...။

သူက စာများကို သေချာပြန်ဖတ်ကြည့်လိုက်၏။

ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု သူ၏စိတ်ထဲသို့ တိုးဝင်လာတော့သည်။

ထိုအချိန်တွင် မဟာအုပ်စိုးရှင်လီရှန်းက သူ၏ မေးခွန်းကို ပြန်လည်ဖြေကြားလာသည်။

"မိုးကြိုးနတိဘုရား .. မင်း အသက်ရှင်နေသေးတာပဲ ...ဟားဟား ဟားဟား ကောင်းလိုက်တာ ၊ မင်း... အမြန်ပြန်လာသင့်တယ်"

"အခု ပြန်ခဲ့တော့ "

အဖွဲ့လိုက်စကားပြောခန်းထဲတွင်ဖြစ်သောကြောင့် လီရှန်းသည် အသေးစိတ် မရှင်းပြခဲ့ပါ။ ကျိယွမ်နှင့် ချင်းရွှေကျေးရွာ၏ အခြေအနေကို မိစ္ဆာနတ်ဘုရားများထံမှ ဖုံးကွယ်ထားရန် လိုအပ်နေဆဲဖြစ်သည်။

သူတော်စင်အဆင့် နတ်မင်း ၈ ပါး အပြည့်အဝ မကြီးထွားသေးသောကြောင့်ပင်ဖြစ်သည်။

လီရှန်း၏ စကားကို ကြားပြီးနောက် ရှန်လဲ့တွင် မေးခွန်းပေါင်း ထောင်ချီ၍ ရှိနေပါသည်။ သူက ပိုမိုမေးမြန်းလိုသော်လည်း အခြားသော ရှေးဟောင်းနတ်ဘုရားများ ရှိနေသဖြင့် သူ၏သိလိုစိတ်ကို ထိန်းချုပ်လိုက်ရသည်။

စကားပြောခန်းမှ ထွက်လာပြီးနောက် ရှန်းလဲ့သည် မျက်မှောင်ကြုတ်လျက် စဉ်းစားနေပခဲ့သည်။

"သူတော်စငိအဆင့် ၈ ခု... တကယ်ပဲ ဒီကောင့်လက်ချက်လား"

၎င်းမှာ အလွန်တရာ အံ့ဩစရာ ကောင်းလေ၏။

"ဒီကောင်က ငါထင်တာထက်ပိုနေတဲ့ ပါရမီရှင်တစ်ယောက်လား"

အတန်ကြာစဥ်စားပြီးနောက် ရှန်လဲ့မျက်လုံးပြူးသွားတော့သည်။

"သူက ဘယ်လိုလုပ်ပြီး ရဲတင်းနေရတာလဲ"

ယခုအချိန်က မည်သူမျှသတိမထားမိအောင်နေရမည့် အချိန်ပင် ။

"ဒီကောင် တော်တော်လေးကို သတိလက်လွတ်နိုင်လွန်းတယ်"

ကျိယွမ်သည် အလွန်နမော်နမဲ့လုပ်နေ၏။ သူသည် သူတော်စင်အဆင့် ၈ ခုကို ပုံဖော်ပြီးသည်နှင့် ပြည့်စုံရန်မစောင့်ဘဲ ချက်ချင်းကြီး ထတိုက်လ်ုက်သည် မဟုတ်ပါလား ။ထိုလုပ်ရပ်က မိစ္ဆာနတ်ဘုရားများ၏ အာရုံစိုက်မှုကို ခံရမည်မှာ သေချာနေလေပြီ။

ထိုအချိန်တွင် ဖေးဝူမြို့ထဲသို့ လူအများအပြားပျံသန်းနေရာမှ ဆင်းသက်လာကြသည်။

ကျိယွမ်သည် စားပွဲတော်တွင် ပျော်ပါးနေကြဆဲဖြစ်သော မြို့သူမြို့သားများကို ကြည့်ကာ သူ၏ဘေးမှ ရှေးဟောင်းနတ်ဘုရားများကို လှည့်ကြည့်လိုက်သည်။

"ကဲ..အလုပ်တွေ အပြင်းအထန် လုပ်ပြီးပြီဆိုတော့ မင်းတို့ ပင်ပန်းနေမှာပဲ။ သွားပြီးတော့ စားပွဲတော်မှာ ပျော်ပါးရင်း အားအင်ဖြည့်ကြ"

ရှေးဟောင်းနတ်ဘုရားများက နားမလည်စွာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"အရှင်... ကျွန်မတို့က မိစ္ဆာနတ်ဘုရားတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဆွေးနွေးသင့်တာ မဟုတ်ဘူးလား"

အမြွှာညီအစ်မအနက် ညီမဖြစ်သူက ပွင့်ပွင့်လင်းလင်း မေးလိုက်မိ၏။ ယခုအချိန်က ကျန်းဖုန်းကို သတ်ဖြတ်လိုက်သည့်အပြင် မဟာအုပ်စိုးရှင်ကိုပါ ခုခံခဲ့သောကြောင့် သူတို့သည် မိစ္ဆာနတ်ဘုရားစခန်း၏ အာရုံကိုဆွဲဆောင်မိပြီးသားဖြစ်နေလေပြီ ။ မိစ္ဆာနတ်ဘုရားတပ်စခန်းသည် သူတို့ကို ဝိုင်းရံချေမှုန်းရန်အတွက် အင်အားများ သေချာပေါက် တိုးမြှင့်လာပေတော့မည်။

ယခုလိုအခြေအနေမျိုး၌ မည်သူက ပျော်ပွဲစားချင်စိတ်ရှိမည်နည်း။

"နင်ပြောတာ မှန်တယ်"

ကျိယွမ်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

သူက လက်ခံလိုက်သောကြောင့် ရှေးဟောင်းနတ်ဘုရားများ စိတ်သက်သာရာ ရသွားကြသည်။ ကျိယွမ်သည် လုံးဝ အားကိုးမရသူတော့ မဟုတ်ပေ။စဥ်းစားချင့်ချိန်နိုင်သူဖြစ်နေသေးသည်။

"အခုဆိုရင် ချင်းရွှေကျေးရွာရဲ့ အင်အားက အနည်းဆုံး ဆယ်ဆလောက် တိုးလာပြီဆိုတော့ ငါတို့ ဒီအတိုင်း ထိုင်စောင့်နေလို့မရဘူး။ ငါတို့ကပဲ အရင်ဦးအောင် တိုက်ခိုက်ပြီး ပိုသန်မာလာအောင် လုပ်ရမယ်"

"ရှင်.."

"တိုက်ရမယ် .."

"တကယ်ကြီးလား .."

ကျိယွမ်က ဝက်သားတုံးတစ်တုံးကို ဟပ်ခနဲကောက်ဝါးလိုက်ရင်းမှ မှတ်ချကိချ၏။

"ငါ့ရဲ့ ထူးချွန်တဲ့ ဦးနှောက်ကို အသုံးချပြီး တိုက်ပွဲမဟာဗျူဟာအသစ်တစ်ခု ထုတ်ဖော်ရမယ့်အချိန် ရောက်ပြီထင်တယ်"

ရှေးဟောင်းနတ်ဘုရားများမှာ ပြောစရာစကားများ ပျောက်ဆုံးသွားကုန်၏။

သူတို့သည် မိစ္ဆာနတ်ဘုရားများ၏ တိုက်ခိုက်မှုကို မည်သို့တုံ့ပြန်ရမည်နည်း၊

ထွက်ပြေးရမလား၊

ပုန်းရမလား

သို့မဟုတ် ပြောက်ကျားစစ် တိုက်ရမလား စသည်တို့ကို တွေးတောသင့်သည် မဟုတ်ပါလော။

အဘယ့်ကြောင့် သူတို့က အရင်ဦးအောင် တိုက်ခိုက်ရမည်ဟူသော စကားမျိုး ထွက်လာရသနည်း။

၎င်းမှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်း မဟုတ်ပါလား။

"အရှင်. ဒါက နည်းနည်းလောလွန်းနေသလားလို့"

အစ်မဖြစ်သူက မပြောဘဲ မနေနိုင်တော့ပါ။ အချိန်မီမပြောလျှင် အားလုံးသေသွားနိုင်လေသည်။ အခြားသော ရှေးဟောင်းနတ်ဘုရားများကလည်း ထိုအတွေးမျိုး ရှိကြသည်။

ယခုအချိန်မှာ တိုက်ပွဲကို တတ်နိုင်သမျှ ရှောင်ရှားရမည့်အချိန်ဖြစ်သည်။ သူတို့သည် အင်အားများကို မြှင့်တင်ရန်အတွက် သယံဇာတများကို အမြန်ဆုံး အသုံးချရန် လိုအပ်၏။

အထူးသဖြင့် သူတော်စင်အဆင့်နည်းစနစ်များကို ရရှိထားသော စစ်မှန်နတ်ဘုရား ၈ ပါးသည် မဟာအုပ်စ်ုးရှင်အဆင့်သို့ အမြန်ရောက်ရှိရန် လိုအပ်နေလေပြီ။ ထိုအခါမှသာ ချင်းရွှေကျေးရွာ၏ အင်အားမှာ အမှန်တကယ် ခိုင်မာတောင့်တင်းမည်ဖြစ်သည်။

"ဒါက လောတယ်မခေါ်ဘူး "

ကျိယွမ်က ခေါင်းခါလိုက်သည်။

"ငါ့မှာ ရန်သူတွေအများကြီး ရှိခဲ့ဖူးတယ်။ သူတို့က ရိုးရှင်းတဲ့ကိစ္စလေးကို ဆယ်စုနှစ်နဲ့ချီပြီး အချိန်ဆွဲတတ်ကြတာ။ နောက်ဆုံးတော့ ငါ သူတို့အားလုံးကို အမြစ်ပြတ်အောင် ချေမှုန်းလိုက်တာပဲ"

ဥပမာအားဖြင့် မဟူရာတောင်တန်းဂိုဏ်း ပင် ။ သူတို့သည် ကမ္ဘာမြေကို ကျူးကျော်ပြီး သူ၏ဘိုးဘေးသင်္ချိုင်းများကို တူးဖော်ချင်နေသည်ဟု ကျိယွမ် သံသယရှိခဲ့သည်။ သို့သော် ဟေးရှန်းဂိုဏ်းမှာ အချိန်ဆွဲနေခဲ့သောကြောင့် ကျိယွမ်မှာ ညတိုင်း အိပ်မပျော်နိုင်ဖြစ်ခဲ့ရကာ နောက်ဆုံးတွင် သူတို့၏အခြေစိုက်စခန်းသို့ ဝိညာဉ်လှေဖြင့် ခရီးထွက်ကာ တစ်ညတည်းနှင့် အမြစ်ပြတ်အောင် လုပ်ခဲ့ခြင်းဖြစ်သည်။

အလင်းနန်းတော် ကိစ္စမှာလည်း အတူတူပင်ဖြစ်၏။ သူတို့သည် ကျိယွမ်ကို ပစ်မှတ်ထားခဲ့ပြီး သာ့ရှန်းမင်းဆက်အား ကျိယွမ်နှင့် ကန်းဖူလူတို့ကို လွှဲပေးရန် အမြဲတောင်းဆိုခဲ့ကြသည်။ အကယ်၍ ကျိယွမ်သာ ထိုနန်းတော်သခင်ဖြစ်နေပါက သူသည် အချိန်ကန့်သတ်ချက်များ သတ်မှတ်နေမည်မဟုတ်ဘဲ ရန်သူကို ချက်ချင်း အမြစ်ပြတ်အောင် ချေမှုန်းမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ရန်သူမှာ သန်မာလာရန် အချိန်ရလိမ့်မည်မဟုတ်ပါ။

"အချိန်ဆွဲလေလေ၊ မရေရာတဲ့ အပြောင်းအလဲတွေ ပိုများလေလေပဲ။ ဒါကြောင့်... ငါတို့ဟာ လျှပ်စီးလို မြန်ဆန်တဲ့နှုန်းနဲ့ ပတ်ဝန်းကျင်က မိစ္ဆာနတ်ဘုရားတွေကို ရှင်းလင်းရမယ်"

ကျိယွမ်က ပါးစပိထဲမှ ဝက်သားတုံးကို မျိုချလိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ရှေးဟောင်းနတ်ဘုရားများမှာ သူတို့၏အရှင်သခင်အသစ်အား လုံးဝနားမလည်နိုင်စွာ ငေးကြည့်နေကြသည်။

သူက မိစ္ဆာနတ်ဘုရားတွေကို သူနေ့တိုင်းစားနေတဲ့ ဝက်တွေလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော် ။

ကျိယွမ်က ကြောင်တောင်တောင်ဖြစ်နေသော နောက်လိုက်အသစ်များကို ပြုံးပြလိုက်သည်။

"ငါ့မှာ အစီအစဉ်အသစ် ရှိတယ်၊ အဲဒါကတော့... 'သုံးရက်အတွင်း... နတ်ဘုရားတစ်ရာကို သုတ်သင်ခြင်း' ပဲ"

"ဗျာ .."

All Chapters