ဒေါသထွက်နေရသော ဆည်းဆာနတ်ဘုရား
Vol. 18 Ch. 212
စားပွဲဝိုင်းအချို့၌ တိတ်ဆိတ်ခြင်းက စိုးမိုးသွား၏။ ရှေးဟောင်းနတ်ဘုရားများအားလုံး တဖန်ပြန်၍ နှုတ်ဆိတ်သွားကြသည်။
"သုံးရက်အတွင်း နတ်ဘုရားတစ်ရာကို သုတ်သင်မည်" ဟူသော အစီအစဉ်မှာ အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလွန်းလှသောကြောင့် ဖြစ်၏။
ယခင်က မိစ္ဆာနတ်ဘုရားစခန်းများသည် အခြေအနေကို စောင့်ကြည့်ခြင်း သို့မဟုတ် အခြားစခန်းများနှင့် ညှိနှိုင်းခြင်းများ ပြုလုပ်နေရသောကြောင့် ချင်းရွှေကျေးရွာကို တိုက်ခိုက်ရန် ဝေခွဲမရ ဖြစ်နေနိုင်ကြသေးသည်။ သို့သော်လည်း သူတို့ကသာ ကျိယွမ်၏ အစီအစဉ်အသစ်ကို စတင်လိုက်သည်နှင့် ကျဆုံးနယ်မြေတစ်ခုလုံးကို စစ်မီးလျှံများထဲသို့ ဆွဲသွင်းလိုက်သကဲ့သို့ ဖြစ်သွားမည်မှာ ဧကန်မလွဲပေ။
ထိုအခါ မိစ္ဆာနတ်ဘုရားတပ်စခန်းများရှိ မဟာအုပ်စိုးရှင်များကလည်း လက်ပိုက်ကြည့်နေကြတော့မည် မဟုတ်ချေ။ ကြီးမားပြင်းထန်သော နှိမ်နှင်းရေးစစ်ပွဲကြီး တစ်ခုသည် မရပ်မနား ဆက်တိုက် ဖြစ်ပွားလာတော့မည်မဟုတ်ပါလား။
"အရှင်... ဒါက နတ်ဘုရားစစ်ပွဲကို မီးမွှေးလိုက်တာပဲ"
ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်သော မှဲ့ကြီးက တံတွေးမျိုချပြီး ခက်ခဲစွာ ပြောလိုက်သည်။
သုံးရက်အတွင်း နတ်ဘုရားတစ်ရာ သုတ်သင်ရေး အစီအစဉ် စတင်မယ်တဲ့လား။
သုံးရက်မပြောနဲ့ နှစ်ရက်တည်းနဲ့ကို မိစ္ဆာနတ်ဘုရားအုပ်စုအကုန်လုံးက ချင်းရွှေကျေးရွာကို ရောက်လာလိမ့်မယ်။
ထိုအချိန်ရောက်လျှင် မိမိတို့၏ အင်အားသည် မိစ္ဆာနတ်ဘုရားများကို ရင်ဆိုင်ရန် လုံလောက်တော့မည် မဟုတ်ချေ။
"နတ်ဘုရားစစ်ပွဲ ဖြစ်တာ ကောင်းတာပေါ့။ နေ့တိုင်း မိစ္ဆာနတ်ဘုရားစွမ်းအင်တွေ အများကြီး ရမှာဆိုတော့ တကယ့်ကို အမြတ်ကြီးပဲ"
ကျိယွမ်က မှဲ့ကြီး၏စကားကို လက်ခုပ်တီးကာ ထောက်ခံလိုက်၏။
အခြားရှေးဟောင်းနတ်ဘုရားများမှာ တစ်ဦးကိုတစ်ဦး ကြည့်မိကြသည်။
အမြတ်အစွန်းရမည်မှာ မှန်သော်လည်း ယင်းကို ခံစားနိုင်ရန်အတွက် အသက်ရှင်နေဖို့ လိုအပ်သေးသည်။
"စိတ်မပူကြနဲ့၊ ငါ့အစီအစဉ်က အမှားအယွင်း မရှိဘူး။ မင်းတို့ ငါခိုင်းတာကို လုပ်ရုံပဲ၊ ငါ့ကိုယုံ .. မိစ္ဆာနတ်ဘုရားတွေ ရှုံးနိမ့်သွားလိမ့်မယ်"
ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်ပြီး ဝက်ခေါင်းဟင်းထဲမှ ကောင်းနိုးရာရာများကို တူဖြင့်ထိုးရှာနေ၏။
ရှေးဟောင်းနတ်ဘုရားများမှာ အင်းမလုပ် အဲ မလုပ်ဖြင့် အသေကောင်များလိူ့ ရပ်နေကြစဉ် တစ်ဖက်စားပွဲတွင် စွတ်ပြုတ်သောက်နေသော ကျူးရှီကျုံးက ဟောက်လိုက်တော့သည်။
"ဘာတွေ တွန့်ဆုတ်နေကြတာလဲ။ သတ္တိကြောင်တဲ့ နတ်ဘုရားအတုတွေလို လုပ်မနေကြနဲ့။ ငါ ကျူးကြီးကတော့ အရှင်ရဲ့ အစီအစဉ်ကို ထောက်ခံတယ်"
ရှီချုံရှန်းကလည်း ပလုတ်ပလောင်းဖြင့် ထအော်၏။
"ကျွန်တော်လည်း ထောက်ခံပါတယ်"
"ငါလည်း ယုံတယ် ၊ မင်းတို့စားစရာရှိတာစား "
အဘိုးအိုယွီလီက ဆေးတံသောက်ချင်လာသဖြင့် သူ၏ဆေးတံကိုရှာရင်းမှ သူတိူ့အားစိတ်မရှည်သလို ပြောသည်။
"ဆေးတံမရှိလို့ ခံတွင်းချဥ်နေပါတယ်ဆို ၊ မင်းတို့က ဘာတွေးကြောက်နေတာလဲ ၊ အားရှိအောင်သာ စားထား "
နောက်ဆုံးတွင် ဝမ်စုန်းက သက်ပြင်းချ၏။
"ဘာဖြစ်ဖြစ် ဖြစ်ပါစေတော့။ အရှင်က ငါတို့ကို ပျက်စီးရာလမ်းကို ပို့မယ်လို့တော့ မထင်ပါဘူး"
သူက နီးရာစားပွဲတွင် ထိုင်ချလိုက်သည် ။
ထိုအခါမှ ကျန်နေသော ရှေးဟောင်းနတ်ဘုရားများသည်လည်း ခေါင်းညိတ်ကာ အသီးသီးဝင်ထိုင်ကြကုန်၏။
အစ်မဖြစ်သူက ကျိယွမ်အနီးသို့သွားကာ ခေါင်းငုံ့ပြီး
"မူလနတ်ဘုရားအရှင်၊ ကျွန်မတို့ကို အကောင်အထည်ဖော်နိုင်ဖို့ အစီအစဉ်ကို ချပြပေးပါ"
လူတိုင်းကလည်း ကျိယွမ်ကို ကြည့်လိုက်ကြသည်။ ၎င်းတို့သည် သူ့အား အစေခံရန် ဆုံးဖြတ်ပြီးဖြစ်၍ သူ၏ အမိန့်ကိုသာ နာခံကြရုံသာရှိ၏။
"ချီချီ"
ကျိယွမ်က အစီအစဥ်ကိုမပြောသေးဘဲ အဝေးသို့အော်ခေါ်လိုက်သည်။
အသက်ရှုကြိမ်တစ်ရာခန့်အတွင်းမှာပင် ရှောင်ချီသည် မောဟိုက်စွာ အပြေးအလွှားရောက်ရှိလာ၏။
"အဖေ ပြန်ရောက်ပြီပေါ့"
ချီချီသည် ရှေးဟောင်းနတ်ဘုရားအသစ်များကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားသော်လည်း အမူအရာကို ချက်ချင်း ပြန်ထိန်းလိုက်သည်။
"ချီချီ၊ လင်းတိုင်းပြည်မှာ စစ်မှန်နတ်ဘုရား ဘယ်နှစ်ပါး ကျန်သေးလဲ"
ကျိယွမ်က လက်ရှိအခြေအနေကို မေး၏။
"၄၃ ပါး ကျန်ပါသေးတယ်။ ၅ ပါးကတော့ တတိယအဆင့်မှာ ရှိပြီး ပထမနဲ့ ဒုတိယအဆင့် အရေအတွက်ကတော့ အတိအကျမသိပါဘူး"
ချီချီက သူမစုံစမ်းထားသမျှကို ရှင်းပြလိုက်သည်။
"ဒါလေးတင်ပဲလား"
ကျိယွမ်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်၏။ လင်းတိုင်းပြည်တွင်ရှိနေသော မိစ္ဆာနတ်ဘုရား အရေအတွက်မှာ သူထင်ထားသည်ထက် နည်းနေ၏ ။
"ကဲ... သုံးရက်အတွင်း နတ်ဘုရားတစ်ရာ သုတ်သင်ရေး အစီအစဉ်ရဲ့ ပထမအဆင့်ကတော့ နတ်ဘုရားနယ်ပယ်မျိုးစေ့ပိုင်ဆိုင်ထားတဲ့ မင်းတို့ ရှေးဟောင်းနတ်ဘုရား အပါးနှစ်ဆယ်က အစားအသောက်တွေ စားပြီးတာနဲ့ လင်းတိုင်းပြည်က မြို့တိုင်းကို သွားပြီးတော့ အဲ့ဒီမိစ္ဆာနတ်ဘုရားတွေကို ငါ့အတွက် အကုန်သတ်ပေးရမယ်"
ကျိယွမ်က ထမင်းစားရေသောက်ကိစ္စတစ်ခုလို ပေါ့ပေါ့ပါးပါးစီစဥ်ပေးလိုက်သည်။ ထိုကိစ္စသာအောင်မြင်ပါက သူ၏ စေ့စပ်သော အစီအစဉ်မှာ သုံးပုံတစ်ပုံ ပြီးမြောက်သွားပေလိမ့်မည်။
ရှေးဟောင်းနတ်ဘုရားများမှာ ဘာမှပြန်မပြောကြသော်လည်း မအီမလည်ခံစားနေကြရ၏။
ဤအစီအစဉ်မှာ အလွန်ပင် ကမောက်ကမ နိုင်လှသည်မဟုတ်ပါလား ။ကျိယွမ်သည် နောက်ဆက်တွဲပြဿနာများကို လုံးဝလျစ်လျူရှုနေ၏။ ထိုအစီအစဥ်က သူတို့အားလုံး ဘေးဒုက္ခကြီးတွေ့လာမည့် အခြေအနေပင်။
ကျိယွမ်သည် စကားပြောရလွန်း၍ ပင်ပန်းလာဟန်ဖြင့် စားပွဲပေါ်ရှိ ရေကို တစ်ငုံ သောက်လိုက်သည်။
"ပထမနေ့ အစီအစဉ်ကတော့ ဒါပဲ။ အခု ဒုတိယနေ့ အစီအစဉ်ကို သွားရအောင်။ ချီချီ... လင်းတိုင်းပြည်နဲ့ အနီးဆုံးက ဘယ်တိုင်းပြည်လဲ၊ မိစ္ဆာနတ်ဘုရား ဘယ်နှစ်ပါး ရှိလဲ"
"အနီးဆုံးက ဖုန်းတိုင်းပြည်ပါ၊ မိစ္ဆာနတ်ဘုရား ၇၂ ပါး ရှိပါတယ်"
ချီချီက မဆိုင်းမတွပြန်ဖြေသည်။ သူမသည် ချင်းရွှေကျေးရွာ၏ ဗျူဟာမှူးနှင့် ထောက်ပံ့ရေးမှူးပီသ၏။ လိုအပ်သောအချက်အလက်များကို ကျိယွမ်ပြောစရာမလိုဘဲ ကြိုတင် စုဆောင်းထားခဲ့သည်။
သူမ၏အဖြေကို ကြားသောအခါ ကျိယွမ် မျက်မှောင်ကြုတ်သွားသည်။
"ဖုန်းတိုင်းပြည်မှာ မိစ္ဆာနတ်ဘုရား ပိုများနေတာပဲ။ ပထမနေ့မှာ အပါးလေးဆယ်ပဲ သတ်တာက အဖြုန်းအတီး ဖြစ်နေလိမ့်မယ်၊ ပြီးတော့ သတင်းကြားရင် ဖုန်းတိုင်းပြည်က နတ်ဘုရားတွေ ကြောက်ပြီး ထွက်ပြေးသွားနိုင်တယ်။ ဒါကြောင့် အရင်အစီအစဉ်ကို ဖျက်ပြီး အသစ်ပြန်စရအောင်"
"ဗျာ..."
ရှေးဟောင်းနတ်ဘုရားများ ကျိယွမ်ကို တဖန်ပြန်၍ ကြည့်မိကြကုန်၏။
အစီအစဥ်က ပြောင်းဦးမှာလား။
သူ၏အပြုအမူများမှာ ကလေးကလား ဆန်လှသည်ဟု ယူဆရသော်လည်း အနည်းဆုံးတော့ အစီအစဉ်သစ်မှာ ပိုမိုခိုင်မာပါစေဟု မျှော်လင့်နေမိကြသည်။
"ဒီလိုလုပ်လိုက် သုံးရက်စာ အစီအစဉ်ကို တစ်ရက်စာ အစီအစဉ်အဖြစ် ပြောင်းလိုက်မယ်။ အခုချက်ချင်း လင်းနဲ့ ဖုန်းတိုင်းပြည်ကို ဝင်စီးပြီး အဲ့ဒီမိစ္ဆာနတ်ဘုရားတွေ အကုန်လုံးကို သတ်ပစ်ကြ"
ကျိယွမ်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
သူ၏ လက်အောက်မှ နတ်ဘုရားများသည် နတ်ဘုရားနယ်ပယ်မျိုးစေ့များ ပိုင်ဆိုင်ထားကြသဖြင့် မဟာအုပ်စိုးရှင် အဆင့်အောက်ရှိ မည်သူ့ကိုမဆို ချက်ချင်း သုတ်သင်နိုင်စွမ်း ရှိကြသည်။ ထို့ကြောင့် မိစ္ဆာနတ်ဘုရားများ သတင်းရရှိပြီး ထွက်ပြေးမသွားမီ အမြန်ဆုံး ရှင်းလင်းပစ်ရန် ကျိယွမ်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
အစီအစဥ်၏ကောင်းမွန်မှုကို တွေးမိသောအခါ ကျိယွမ်သည် မိမိကိုယ်မိမိ အလွန်ထက်မြက်သည်ဟုပင် ဂုဏ်ယူနေမိသည်။ဗျူဟာနှင့်ပတ်သတ်လျှငိတော့ ဉာဏ်ပညာအရာ၌ ကန်းလန်လောကရှိ မဟာဉာဏ်မညာရှိပင် သူ့ကို မမီနိုင်ဟု ယူဆသွားမိသည်။
"ငေးကြောင်မနေနဲ့ ..မင်းတို့ လုပ်နိုင်လား"
ကျိယွမ်က တိတ်ဆိတ်နေသော ရှေးဟောင်းနတ်ဘုရား နှစ်ဆယ်ကို တိုက်ရိုက်မေးလိုက်သည်။
"လုပ်...လုပ်နိုင်ပါတယ်"
အစ်မဖြစ်သူက ဖြေလိုက်သည်။
"မြေပုံသာရှိရင် အဲ့ဒီမိစ္ဆာနတ်ဘုရားတွေကို တစ်ရက်အတွင်း အကုန်ရှင်းပစ်နိုင်မှာပါ"
သို့သော် ထိုသို့သတ်ဖြတ်ပြီးနောက်မှာတော့ အကျိုးဆက်က.....။
အားလုံးက သက်ပြင်းကြိတ်ကာ ချမိကြ၏။
မနက်ဖြန်ဆိုရင်တော့ လင်းတိုင်းပြည်ရဲ့ အနောက်မြောက်ဘက် တစ်ခုလုံး ပရမ်းပတာ ဖြစ်တော့မှာပဲ။
ချီချီက မြေပုံများကို အမြန်ယူလာပြီး ရှေးဟောင်းနတ်ဘုရားများကို ဝေငှပေးလိုက်သည်။
"အစီအစဉ်လည်း ချမှတ်ပြီးပြီ မြေပုံလည်းရပြီဆိုတော့ အလုပ်ရဲ့ တစ်ဝက်က ပြီးသွားပြီ။ ကျန်တာက မင်းတို့အပေါ်မှာပဲ မူတည်တယ်"
ကျိယွမ်က မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်၏။
ရှေးဟောင်းနတ်ဘုရားများသည် မြေပုံများကိုကြည့်နေရင်းမှ ရင်ခုန်စိတ်လှုပ်ရှားသလို ခံစားလာမိကြသည်။ ယခင်ကဆိုလျှင် သူတို့သည် အမြဲတမ်း ဆုတ်ခွာရှောင်တိမ်းနေခဲ့ရပြီး ယခုကဲ့သို့ စတင်တိုက်စစ်ဆင်ရန် အိမ်မက်ထဲ၌ပင် မစဉ်းစားခဲ့ဖူးချေ။ ယခုလုပ်ရပ်ကြောင့် နောက်ပိုင်းတွင် ဝိုင်းရံခံရနိုင်သော်လည်း လက်ရှိအချိန်မှာတော့ တော်တော်လေးစိတ်ကျေနပ်စရာကောင်း၏။
"အစီအစဉ် ပိုထိရောက်အောင် ငါ မင်းတို့ကို ဗျောက်အိုးနည်းနည်း ပေးမယ်"
ကျိယွမ်က ထိုက်ယင်မိုးကြိုးပုလဲ များကို ဝေပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်"
"အဲဒါဆို ..အားရှိအောင်. စားသောက်လိုက်ကြဦး။ နာရီဝက်နေရင် ရန်သူတွေကို သတ်ဖို့ ထွက်ကြမယ်"
ရှေးဟောင်းနတ်ဘုရားများအားလုံးလည်း အတွေးမများတော့ဘဲ စတင်စားသောက်လိုက်ကြတော့သည်။
ကျူးရှီကျုံးကဗိုက်ဝသွားသဖြင့် နေရာမှထကာ ခွေးနက်ကြီးကိုရှာလေသည်။ ထို့နောက် မပြောမဆိုနှင့် အပေါ်မှ တက်ထိုင်လိုက်ရာ ခွေးနက်ကြီးမှာ ဒေါသတကြီး တဂီးဂီး တဂဲဂဲဟောင်၏။ သို့သော်လည်း ကျူးရှီကျုံးက အလွတ်မပေးချေ။
"ဟားဟား ဟားဟား ၊ ရုန်းလေ ရုန်းစမ်း "
ညီအစ်မအမွှာနှစ်ဦးမှာ အတူထိုင်နေကြပြီး စိတ်ချင်းဆက်သွယ်၍ စကားပြောနေကြသည်။
"အစ်မ... ဒီနေ့ အစီအစဉ်က ဘာလို့ ယုံကြည်လို့မရသလို ဖြစ်နေရတာလဲ"
ညီမဖြစ်သူက အံ့အားသင့်စွာ မေးသည်။ သူမ သိထားပုံအရ အစီအစဉ်ဆိုသည်မှာ အသေးစိတ်ကျပြီး သေသေချာချာဆွဲရသည်ဆိုသော်လည်း ယခုအစီအစဉ်မှာ ကျိယွမ် စိတ်ကူးပေါက်သလို လုပ်ထားသည့် ကလေးကလားအကွက်များဟု သူမ ခံစားနေရခြင်းဖြစ်သည်။
"ဒါပေမဲ့ အစီအစဉ်က မသေချာသလို ထင်ရပေမယ့် အောင်မြင်ဖို့ အခွင့်အရေး အများကြီး ရှိတယ်လို့တော့ ခံစားရသလိုပဲ။ အရင်က အသေးစိတ် အစီအစဉ်တွေ ဆွဲခဲ့ပေမယ့် အမြဲတမ်းအောင်မြင်နေတာမှ မဟုတ်တာ "
အစ်မဖြစ်သူက ဆက်ပြောလိုက်သည်။
" ဘာလို့လဲဆိုတော့ မူလနတ်ဘုရားက အစီအစဉ်အပေါ်မှာ အားကိုးနေတာ မဟုတ်ဘဲ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အင်အားအပေါ်မှာ အားကိုးထားလို့ပဲ။ ငါတို့က လုံလောက်အောင် သန်မာနေရင် ဘာအသေးစိတ် အစီအစဉ်မှ မလိုတော့ဘူး။ အားလုံးကို နင်းခြေဖျက်ဆီးပစ်ရုံပဲ"
ညီအစ်မနှစ်ယောက်တိတ်ဆိတ်သွားပြီး ဆက်စားနေကြသည်။
ထိုအချိန်တွင် ကျိယွမ်သည် ခွေးနှင့်နပမ်းလုံးနေသော ကျူးရှီကျုံးကို ခေါ်လိုက်သည်။
"မင်းကတော့ ဒီနေ့ အစီအစဉ်မှာ ပါဖို့ မလိုဘူး။ မင်းအတွက် အခြားတာဝန် တစ်ခု ရှိတယ်"
ကျူးရှီကျုံးအလွန် ဝမ်းသာသွားပြီး ခေါင်းတဆတ်ဆတ်ညိတ်လေ၏။
ဤသို့ဖြင့် နာရီအနည်းငယ် ကြာပြီးနောက်...
ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့၏ စခန်းတစ်ခုတွင်ဖြစ်သည်။
မိုးများ သည်းထန်စွာ ရွာသွန်းနေပြီး အများစုက အပြင်မထွက်ကြဘဲ အေးအေးဆေးဆေးအနားယူနေကြ၏။
ထိုအချိန်တွင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးသည် မိုးရေထဲ၌ ပျာပျာသလဲ ပြေးဝင်လာလေသည်။
"အရှင်...အရှင်တို့ ...လုပ်ကြပါဦး "
" အဲ့ဒီရှေးဟောင်းနတ်ဘုရားတွေက နောက်ထပ် မိစ္ဆာနတ်ဘုရားတစ်ပါးကို သတ်လိုက်ပြန်ပြီ။ ဒီတစ်နေ့ထဲမှာ အနီးနားကမြို့သုံးမြို့မှာ ရှိတဲ့ မိစ္ဆာနတ်ဘုရားတွေ အကုန်လုံး အသတ်ခံလိုက်ရတယ်"
ဤသတင်းမှာ သတင်းကောင်း ဖြစ်သင့်သော်လည်း သူ၏မျက်နှာမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။
"ဒီရှေးဟောင်းနတ်ဘုရားတွေက ဘယ်သူတွေလဲကွာ ၊ ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ"
မဟာအုပ်စိုးရှင် ဝမ်ရှန်းက မျက်မှောင်ကြုတ်ပြီး စဥ်းစားနေသည်။
မဟာအုပ်စိုးရှင်ဝမ်ယန်ကတော့ သက်ပြင်းချကာ ညည်းညူ၏။
"မိစ္ဆာနတ်ဘုရားတွေကို သုတ်သင်တာက စိတ်ကျေနပ်ဖို့ ကောင်းပေမယ့် သူတို့လုပ်ရပ်ကြောင့် ဖုန်းတိုင်းပြည်တစ်ခုလုံး စစ်မီးတောက်လိမ့်မယ်။ မိစ္ဆာနတ်ဘုရားတွေက လက်တုံ့ပြန်လာကြတော့မှာပဲ ။ ငါတို့ ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ စခန်းတွေလည်း ပျက်စီးကုန်လိမ့်မယ်"
"ဘာလို့ ဒီလောက် စိတ်ပျက်နေတာလဲ ဝမ်ယန်။ သူတို့ မိစ္ဆာနတ်ဘုရားတွေကို မသတ်လည်း အချိန်တန်ရင် အဲ့ဒီမိစ္ဆာနတ်ဘုရားတွေက ငါတို့ကို ချန်ထားမှာ မဟုတ်ပါဘူး"
ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းက အဖြစ်မှန်ကို ဝင်ပြောလိုက်သည်။
"ဖြစ်ချင်ရာဖြစ် သူတို့ မိစ္ဆာနတ်ဘုရားတွေကို သတ်ရဲတာကို ငါကတော့ တကယ်လေးစားတယ်"
သို့သော် ဝမ်ရှန်းကတော့ ခေါင်းခါ၏။သူက ထိုအဖွဲ့ကို အပြစ်မြင်နေသဖြင့် ကဲ့ရဲ့လေသည်။
"နှမြောစရာပဲ။ ဒီလောက် အင်အားရှိတာကို ငါတို့ မဟာမိတ်အဖွဲ့လို ဘာလို့ အသာလေး ငြိမ်မနေကြတာလဲ။ အခု သူတို့သတ်လိုက်တာတွေက အကောင်ပေါက်လေးတွေပဲ ရှိသေးတယ်။ ဒါက ပြဿနာရဲ့ အရင်းအမြစ်ကို မဖြေရှင်းနိုင်ဘူး။ မဟာအုပ်စိုးရှင်တွေ လှုပ်ရှားလာရင် သူတို့ မြေမြှုပ်ဖို့ နေရာတောင် ရှိမှာ မဟုတ်ဘူး"
ဆည်းဆာနတ်ဘုရားသည် ထိုစကားကြောင့် အလွန်ဒေါသထွက်သွား၏။ အခြားသူများက အသက်စွန့်ပြီးမိစ္ဆာနတ်ဘုရားများကို တိုက်ခိုက်နေချိန်တွင် သူ၏ရှေ့မှလူများက တိတ်တိတ်လေးပုန်းနေပြီး ထိုင်ရာမထ ကဲ့ရဲ့ ဝေဖန်နေကြသည် မဟုတ်ပါလား။
"မိစ္ဆာနတ်ဘုရားအုပ်စုတွေ လှုပ်ရှားလာရင် ငါတို့ မဟာမိတ်အဖွဲ့က သူတို့ကို သွားကူညီပေးလို့ ရတာပဲ"
ဆည်းဆာနတိဘုရားက ဒေါသကိုချုပ်တီးကာ အဖြစ်သင့်ဆုံးကို အကြံပြုလိုက်သည်။
ဝမ်ရှန်းက ဆည်းဆာနတ်ဘုရား၏ စကားကိုဟာသတစ်ခုအလား ရယ်မောလေ၏။
"ဆည်းဆာအဘိုးကြီး.. မင်းက စိတ်လိုက်မာန်ပါ လုပ်တတ်တာပဲ။ သူတို့က ချင်းရွှေကျေးရွာက မူလနတ်ဘုရားရဲ့ လူတွေလို့ ပြောနေကြတာ။ ငါတော့ အဲ့ဒီရွာကို တစ်ခါမှတောင် မကြားဖူးပါဘူး။ ကံကောင်းလို့ နည်းနည်းပါးပါးသန်မာလာတာ နေမှာပေါ့။ သူတို့လုပ်ရပ် ဘယ်လောက် မိုက်မဲတဲ့ လုပ်ရပ်လဲ ၊ ဉာဏ်မရှိတဲ့သူတွေ ပဲ "
"ဟူတ်တယ် ၊ ငါတို့အင်အားကို အလဟဿဖြူန်းတီးလို့မရဘူး ၊ သူတို့မိုက်ပစ်နဲ့ သူတို့ခံကြပါစေ "
"သူတို့လျှောက်လုပ်တာ ငါတို့အဖွဲ့ကိုပါ ဂယက်ရိုက်လာတော့မယ် ၊ တိတိတိတ်လေး ငြိမ်နေရမဲ့ဟာကို "
အခန်းထဲရှိနတ်ဘုရားအားလုံးက ကူညီရန်အသာထား အပြစ်တင်ကဲ့ရဲ့ပြီး ခေါင်းရှောင်နေကြတော့သည်။
"ဟမ့်... မင်းတို့နဲ့ တစ်ဖွဲ့တည်း ဖြစ်နေရတာကို ငါရှက်တယ်"
ဆည်းဆာနတ်ဘုရား ဒေါသတကြီး အော်ဟစ်ကာ အခန်းထဲမှ ထွက်ခွာသွားတော့သည်။ သူသည် ယခင်ကတည်းက ကျိယွမ်နှင့် တွေ့ဖူးခဲ့ပြီး သူ့လူဖြစ်ရန် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ဖူးသည်။ ယခုအချိန်မှ ကျိယွမ်၏ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ခြင်းမှာ မှားယွင်းမှန်း သူသိလိုက်ရလေ၏။
ဝမ်ရှန်းနှင့် ဝမ်ယန်တို့ကလည်း ဒေါသထွက်ကျန်ရစ်ခဲ့သည်။
"ဆည်းဆာနတ်ဘုရားက ဒုတိယအဆင့်ပဲ ရှိသေးတာ။ သူ ဒီအဖွဲ့က ထွက်သွားလည်း ဘာမှမဖြစ်ဘူး"
"ထားလိုက် .."
သူတို့ဒေါသတကြီးမှတ်ချက်ချကာ ယခုကိစ္စများမှ မည်သို့ဘေးရှောင်နေမည်နညိးဟု ဆက်လက်ဆွေးနွေးနေကြသည်။
သို့သော် ခဏအကြာတွင် ငယ်သားတစ်ယောက်ရောက်လာပြီး သတင်းပို့လေ၏။
"အရှင်မြတ်တို့... ဆည်းဆာနတ်ဘုရားက ချင်းရွှေကျေးရွာကို ကူညီဖို့ဆိုပြီး အဖွဲ့ထဲက လူတွေကို လိုက်ခေါ်နေပါတယ် "
"ဘာကွ.."
---------------