မိုးကြိုးလျှပ်စီးများက လက်ခနဲ..
Vol. 18 Ch. 214
"ငါတို့ဒီနေရာမှာ အခြေချနေတာ နှစ်ပေါင်း တစ်ရာကျော်ခဲ့ပြီ။ ဒါပေမဲ့ ငါတို့ စုဆောင်းပြီး ပို့ပေးနိုင်ခဲ့တဲ့ သတင်းအချက်အလက်တွေကတော့ တော်တော်လေး အကန့်အသတ်ရှိလွန်းတယ်"
လျိုသခင်မက စိတ်ပျက်လက်ပျက် အသံဖြင့်ညည်းညူသည်။
သူမတို့သည် ရှေးဟောင်းနတ်ဘုရားများထံ သတင်းအချက်အလက်များ ပေးပို့ရန် ကျရဆုံးနယ်မြေအတွင်း၌ ကြိုးစားပြီးအခြေစိုက်နေထိုင်ခဲ့ကြခြင်းဖြစ်၏။ ကံဆိုးသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် ရရှိသောအဖိုးတန်သတင်းအချက်အလက်က အလွန်နည်းပါးနေပြီး ထိုလုပ်ငန်းစဉ်အတွင်း သူမ၏ ညီမငယ်များစွာလည်း အသက်ဆုံးရှုံးခဲ့ရသည်။ မိမိတို့၏ ကြိုးစားမှုများသည် ပေးဆပ်ရမှုများနှင့် တန်ဖိုးချင်း ညီမျှရဲ့လားဟု လျိုသခင်မပင် တစ်ခါတစ်ရံ ၌ သံသယဝင်မိသည်။
"သခင်မ ..ရလဒ်က ဘာပဲဖြစ်ဖြစ် ကျွန်မတို့ဘက်က တာဝန်ကျေဖို့ကပဲ အရေးကြီးပါတယ်။ သတင်းပို့ဖို့က ကျွန်မတို့အလုပ်လေ၊ မိစ္ဆာနတ်ဘုရားတွေကို သတ်ဖို့ကတော့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ အပိုင်းပဲပေါ့"
ရှောင်ရှင်းက သူမ၏ခံယူချက်ကို ပြတ်သားစွာ ပြောလိုက်သည်။သူမ၏ဆုံးဖြတ်ချက်အတွက် နောင်တရမည့်ပုံမျိုးမရှိပေ ။
သူမ၏ ပြတ်သားမှုကိုမြင်သောအခါ လျိုသခင်မက စိတ်လျှော့ထားသော အပြုံးဖြင့်
"ဒီကျဆုံးနယ်မြေထဲမှာ ရာစုနှစ်နဲ့ချီပြီး နေလာခဲ့ပေမဲ့ အခြေအနေက တိုးတက်မလာတဲ့အပြင် ပိုတောင်ဆိုးလာတယ်လေ၊ ဒါကြောင့် စိတ်ဓာတ်ကျမိတာပါ"
သူတို့နှစ်ဦးသည် စကားစမြည်အနည်းငယ်ထပ်ပြောဆိုကြပြီးနောက် လျိုသခင်မက နောက်ဆုံးညွှန်ကြားချက်များ ပေးလိုက်သည်။ ထို့နောက် ရှောင်ရှင်းသည် ဆိုနာနှဲ ကို ယူဆောင်ကာ ကျိယွမ်တို့ စောင့်ဆိုင်းနေသော သီးသန့်ခန်းသို့ ဦးတည်လိုက်သည်။
ရှောင်ရှင်းသည် တာဝန်အပြင် အမှန်တကယ်လည်း သိလိုစိတ်ပြင်းပြနေမိ၏ ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ပျော်စရာရှာသောနေရာမျိုးတွင် ဆိုနာလို ပျင်းရိချွဲနွဲ့သောတူရိယာကို တီးမှုတ်ရန် တောင်းဆိုသူမှာ မရှိသလောက် ရှားပါးသောကြောင့် ဖြစ်သည်။
"ဆိုနာသံကို နားထောင်ချင်တာ သေချာရဲ့လားရှင့်"
ရှောင်ရှင်းက သတိထား၍ မေးမြန်းလိုက်သည်။
"သေချာတယ်"
ကျိယွမ်က ပြန်လည်ဖြေကြားပြီးနောက် ရှောင်ရှင်းကို တစ်ချက်မျှသာကြည့်ကာ ခန်းမဆောင်ကြီးဘက်သို့ အကြည့်ပြန်ပို့လိုက်သည်။
ထိုနေရာတွင် မိစ္ဆာနတ်ဘုရားတစ်ပါးသည် သူ၏ အရှိန်အဝါကို ဖုံးကွယ်၍ တစ်စုံတစ်ခုကို ကြံစည်နေလေသည်။ ထိုမိစ္ဆာနတ်ဘုရား၏ လက်ထဲတွင် အစားရှောင်မယ်တော်၏ နတ်ဘုရားစွမ်းအား ကိန်းအောင်းနေသော ရတနာတစ်ခု ရှိနေ၏။
မကြာမီပင် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော ဆိုနာသံစဉ်သည် သီးသန့် အခန်းတွင်းသို့ ပျံ့လွင့်လာခဲ့သည်။ရှောင်ရှင်းသည် အနည်းငယ်သာသင်ကြားဖူးသော်လည်း တူရီယာတီးခတ်ရာ၌ ပါရမီရှိပုံရ၏။ ချောမောပြေပြစ်စွာ တီးမှုတ်နိုင်လေသည်။
ကျူးရှိကျုံးသည် ဆိုနာသံကိုစိတ်မဝင်စားပါ ။ သူက ခန်းမအတွင်းမှ အရှိန်အဝါဖျောက်၍ ပုန်းအောင်းနေသော မိစ္ဆာနတ်ဘုရားကို ကြည့်ကာ ကျိယွမ်ထံသို့ စိတ်ချင်းဆက်သွယ်လိုက်သည်။
"အရှင် ကျွန်တော်တို့ စလှုပ်ရှားကြမလား"
ကျိယွမ်က ခန်းမထဲမှအကြည့်ကို ပြန်လည်ရုပ်သိမ်းကာ ရှောင်ရှင်း၏ နုနယ်သော မျက်နှာကို ကြည့်ရင်း
"ဒီလိုအပြစ်မဲ့တဲ့ NPCလေး တွေကို ဘာလို့ ကြားထဲကို ဆွဲထည့်နေမှာလဲ"
အဆောင်အတွင်းသို့ သူဝင်လာစဉ်ကတည်းက သူ၏ ကြယ်တာယာအမြုတေ' စွမ်းအားသည် လူတိုင်းအပေါ် သိမ်မွေ့စွာ လွှမ်းမိုးထားပြီး ဖြစ်သည်။ လျိုသခင်မနှငိ့ ရှောင်ရှင်းမှအပ ကျန်ရှိသူအားလုံးမှာ ကျိယွမ် ရှိနေသည်ကို လုံးဝ သတိမထားမိကြပေ။
ကျူးရှိကျုံးက ရှက်ရွံ့သော အမူအရာဖြင့် ခေါင်းငုံ့သည်။
"ကျွန်တော် စိတ်လောသွားပါတယ်"
"ရပါတယ်၊ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။ အရင်ဆုံး သံစဥ်ကို ခံစားကြတာပေါ့၊ ပြီးမှ အလုပ်စကြမယ်"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
စံအိမ်အတွင်း၌ ကျိယွမ်သည် ဆိုနာသံကို နားထောင်ရင်း အေးအေးလူလူ လဘက်ရည် ဆက်သောက်နေသည်။ ရှောင်ရှင်းသည်လည်း စီးချက်အတွင်း စီးမျောသွားဟန်ရှိပြီး နှဲတီးရုံတင်မကဘဲ တေးသွားနှင့်အညီ လှပစွာပင် ကပြနေသည်။ သူမ၏ ကဟန်မှာ သက်ဝင်လှုပ်ရှားနေပြီး ဝမ်းနည်းဖွယ် တေးသံစဉ်နှင့် လှပသော အကအလှမှာ ဖန်ထုန်နယ်မြေ၏ ကြေကွဲဖွယ် နောက်ခံဇာတ်လမ်းနှင့် လိုက်ဖက်ညီနေတော့သည်။
တစ်ချိန်တည်းမှာပင် ဟွာယဲ့မြို့ပြင်ရှိ တောင်ကုန်းတစ်ခုပေါ်တွင် ရွှေချည်ထိုးမျက်နှာဖုံး စွပ်ထားသော အမျိုးသားတစ်ဦးသည် အံ့အားသင့်ဖွယ် သတင်းကို ကြားလိုက်ရ၏။
"အဲဒီအုပ်စုက ဖုန်တိုင်းပြည်နဲ့ လင်းတိုင်းပြည်က မိစ္ဆာနတ်ဘုရားတွေကို တကယ်ပဲ သွားတိုက်ခိုက်ပြီး ခေတ်သစ်နတ်တွေကို သတ်လိုက်တာလား"
ထိုအမျိုးသားသည် အမှန်တကယ်ပင် တုန်လှုပ်သွားပုံရ၏။ သူသည် ထိုအုပ်စုနှင့် ယခင်က ထိပ်တိုက်တွေ့ဖူးပြီး အင်အားချွေတာရန်အတွက် လျှော့ပေးခဲ့သော်လည်း ၎င်းတို့က ဤမျှအထိ ရဲတင်းစွာ ဆက်လက်သတ်ဖြတ်လိမ့်မည်ဟုတော့ မထင်မှတ်ထားခဲ့ပေ။
ထိုအုပ်စုမှာ တိုက်ခိုက်ရန် ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းပင် ။
"တပ်မှူး၊ ဖုန်းနဲ့ လင်းတိုင်းပြည်တွေ အန္တရာယ်ရှိနေပြီ။ ကျွန်တော်တို့ စစ်ကူလွှတ်သင့်သလား"
လက်အောက်ငယ်သားက တုန်တုန်ရီရီ မေးလိုက်သည်။
"စစ်ကူလွှတ်ရမယ် ၊ သူတို့ အချိန်မီ ရောက်ပါ့မလား"
မျက်နှာဖုံးစွပ်ထားသူက ခေါင်းယမ်းလိုက်သည်။
လက်အောက်ငယ်သားက ခေါင်းငြိမ့်ပြသော်လည်း တုံ့ဆိုင်းစွာဖြင့်
"ဝမ်ရှမဟာအုပ်စိုးရှင်က သတင်းပို့လာပါတယ်။ ကျွန်တော်တို့က အနီးဆုံးမို့လို့ အဲဒီရှေးဟောင်းနတ်ဘုရားတွေကို အရင်ဆုံး တိုက်ခိုက်ဖို့ ပြောနေပါတယ်"
မျက်နှာဖုံးစွပ်ထားသူကတော့ မဆိုင်းမတွ ထပ်မံခေါင်းယမ်းလိုက်ပြီး
"မလိုဘူး။ ငါတို့ မဟာမိတ်တပ်တွေ အကုန်မစုံမချင်း ငါ မလှုပ်ရှားဘူး။ မဟုတ်ရင် ငါ့လူတွေပဲသေပြီး တခြားလူတွေက အရံသင့်နာမည်ကောင်း ဝင်ယူသွားကြလိမ့်မယ်။ အဲဒါက အဓိပ္ပာယ်မရှိဘူး။ ပြီးတော့ အဲဒီရှေးဟောင်းနတ်ဘုရားတွေက ခြံထဲကကြက်တွေ ၊ ဘယ်မှ ပြေးမလွတ်ပါဘူး။ မလောနေနဲ့ "
ထိုအမျိုးသားသည် သူ၏ အနေအထားကို ယုံကြည်မှု အပြည့်ရှိနေသည်။ သူ၏ အမြင်တွင် ဖန်ထုန်နယ်မြေသည် ခေတ်သစ်နတ်ဘုရားများ၏ လက်အောက်သို့ ရောက်ရှိရန်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ရန်သူက မည်မျှပင် ရုန်းကန်ပါစေ၊ ၎င်းမှာ သေခါနီး နောက်ဆုံးအသက်ငင်ခြင်းသာ ဖြစ်၏။ ရလဒ်က အဖြေထွက်ပြီးသားဖြစ်ရာ သူ၏ ဦးစားပေးမှာ မိမိအင်အားကို ထိန်းသိမ်းထားရန်ပင်။
"သူတို့ကို နောက်ထပ် တစ်ရက်လောက် ထပ်ပြီးအသက်ရှင်ခွင့် ပေးလိုက်ပါဦး"
သူက ပေါ့ပေါ့ပါးပါး လက်ခါပြလိုက်သည်။
"နားလည်ပါပြီ"
"ဒါနဲ့ အစားရှောင်ဂိုဏ်းကို စုံစမ်းစစ်ဆေးတာ ဘယ်လိုရှိလဲ"
မျက်နှာဖုံးစွပ်ထားသူက သတိရကာ မေးလိုက်သည်။ ကျရှုံးနယ်မြေသည် အစားရှောင်မယ်တော်၏ နောက်လိုက်များ ပုန်းအောင်းရာနေရာအဖြစ် လူသိများသည်။
"အခုထိတော့ ရွက်နီစံအိမ်က မသင်္ကာစရာအရှိဆုံးပါပဲ။ ကျွန်တော်တို့ စစ်ဆေးဖို့အတွက် စစ်မှန်နတ်ဘုရားတစ်ပါးကို လွှတ်ထားပါတယ်"
လက်အောက်ငယ်သား၏ စကားကို မျက်နှာဖုံးစွပ်က သဘောမကျသလို နှာခေါင်းရှုံ့၏။
"စုံစမ်းနေဖို့ ဘာလိုလဲ၊ တိုက်ရိုက်သာ ဖျက်ဆီးပစ်လိုက်။ ဒါ ဖန်ထုန်နယ်မြေလေ၊ ဒီလူတွေရဲ့ အသက်က အပိုပစ္စည်းတွေထက် မပိုဘူး ၊ သိပ်ပြီးထည့်တွက်မနေနဲ့ မသင်္ကာရင်အကုန်သာသတ် "
မျက်နှာဖုံးစွပ်၏လေသံက အေးစက်နေပြီး ရက်စက်လှသည်။
"နားလည်ပါပြီ တပ်မှူး"
လက်အောက်ငယ်သားက လျင်မြန်စွာနာခံလိုက်သည်။
တစ်ချိန်တည်းမှာပင် ရွက်နီစံအိမ်ထဲမှာတော့ ကျိယွမ်သည် ဆိုနာသံကို ခံစားရင်း၊ လက်ဖက်ရည်ကို အရသာခံသောက်ကာ မိန်းကလေး၏ ကဟန်ကို ကြည့်ပြီး ကျေနပ်နေသည်။
"လူတွေ ဘာလို့ ဒီလိုနေရာမျိုး လာရတာကို ကြိုက်လဲဆိုတာ အံ့သြစရာ မရှိတော့ပါဘူး။ တကယ့်ကို... ယဉ်ကျေးသိမ်မွေ့တာပဲ"
ကျိယွမ်က ထိုသို့တွေးတောမိ၏။
သို့သော် သူ အတွေးလွန်နေစဉ်မှာပင် အခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး လျိုသခင်မသည် အလွန်စိုးရိမ်တုန်လှုပ်နေသော မျက်နှာဖြင့် ပြေးဝင်လာခဲ့သည်။
"လေးစားအပ်တဲ့ ဧည့်သည်တော်တို့၊ ရွက်နီစံအိမ်မှာ အရေးပေါ် အခြေအနေ ဖြစ်နေလို့ ရှောင်ရှင်းကို အမြန်ခေါ်သွားရပါမယ်"
သူမက အလျင်စလိုပြောကာ ရှောင်ရှင်း၏လက်ကိုဆွဲလိုက်သည်။
မိစ္ဆာနတ်ဘုရားတစ်ပါးသည် ရွက်နီစံအိမ်ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ယခုလေးတင် သူမ သတင်းရရှိခဲ့သည်။ အစားရှောင်ဂိုဏ်းဝင်များကို ဤနေရာမှ အမြန်ဆုံး မထွက်ခွာခိုင်းပါက ၎င်းတို့အားလုံး ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံရပေတော့မည်။
သူမက ရှောင်ရှင်းက်ုဆွဲကာ ထွက်အသွားတွင် ကျိယွမ်က လဘက်ရည်သောက်ရင်းမှ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လျိုသခင်မ၏ခန္ဓာကိုယ်သည် ထိုနေရာတွင် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားသည်။
"အင်း ...ပျော်စရာ အချိန်တွေက မြန်မြန်ကုန်ဆုံးလွန်းတယ်"
ကျိယွမ်က ကုန်သွားသော လဘက်ရည်ခွက်ထဲကို အသစ်ထပ်ငှဲ့လိုက်ရင်းမှ အရေးမကြီးသလို စေခိုင်း၏။
"ရှောင်ရှင်း.. စိတ်မပူပါနဲ့။ ဒီနှဲသံစဉ် ပြီးအောင်တီးပါ၊ ဒါဆိုရင် သူ့အပေါ်က မန္တန်က ပြေလျော့သွားပါလိမ့်မယ်"
ဆိုနာသံ မပါလျှင် သူလုပ်ဆောင်မည့် ကိစ္စမှာ အနှစ်သာရ မရှိသကဲ့သို့ ကျိယွမ် ခံစားနေရသည်။
"ဟုတ်..ဟုတ်ကဲ့"
ရှောင်ရှင်းသည် ထိတ်လန့်နေသော်လည်း ရွေးချယ်စရာမရှိသဖြင့် ညွှန်ကြားချက်အတိုင်း ဆက်လက် တီးခတ်နေရ၏။
"သွားကြစို့၊ အလုပ်စဖို့ အချိန်တန်ပြီ"
ကျိယွမ်က လက်ဖက်ရည်ခွက်ကို ချကာ မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူနှင့် ကျူးရှိကျုံးတို့သည် အလင်းတန်းတစ်ခုအဖြစ် လှစ်ခနဲပျောက်ကွယ်သွားကြသည်။
"အရှင် ..ဟို .. ကျွန်တော်တို့ ပိုက်ဆံပေးဖို့ မေ့သွားတယ် ထင်တယ်"
"အေး ဟုတ်သား ၊ .. မင်းမှာ ပိုက်ဆံပါလား"
"...မပါဘူး"
"စိတ်မပူပါနဲ့။ ငါတို့က မိန်းကလေးတွေနဲ့ စကားလာပြောရုံပဲလေ၊ ဘာမှလည်း ကျူးလွန်တာ မဟုတ်ဘူး။ ပိုက်ဆံပေးစရာ မလိုသလို ဒုက္ခရောက်မှာလည်း မပူပါနဲ့။ တကယ်လို့ အာဏာပိုင်တွေက မေးလာရင် ငါတို့က ဖုန်းအဟောင်းတွေ လာသိမ်းတာလို့သာ ပြောလိုက်"
"ဖုန်းအဟောင်း ..ဘာကြီးလဲ "
ရှောင်ရှင်းသည် အလွန်စိုးရိမ်နေသော်လည်း ဆိုနာကို မရပ်ရဲချေ ။ သူမက လျိုသခင်မကို စိုးရိမ်တကြီး ကြည့်နေရင်းမှ ဆကိလက်တီးမှုတ်နေရှာ၏။
"သခင်မ .မရ မရသေးဘူးလား "
သူမသည် အမျိုးမျိုး ကြိုးစားကြည့်သော်လည်း ထိန်းချုပ်မန္တန်မှာ ပြေလျော့မသွားပေ။သူမပို၍ ထိတ်လန့်လာ၏။
"ဒါက စစ်မှန်နတ်ဘုရားစစ် တစ်ပါးက တိုက်ခိုက်လိုက်တဲ့ မန္တန်ပဲ ဖြစ်ရမယ်"
လျိုသခင်မကလည်း ထိတ်လန့်တကြား ပြောလိုက်သည်။ သူမမှာ ခရမ်းရောင်စံနန်းတော်အဆင့် ကျင့်ကြံသူမျှသာဖြစ်ရာ စစ်မှန်နတ်ဘုရားတစ်ပါး၏ စွမ်းအားကို မည်သိူ့မျှ မယှဉ်နိုင်ပေ။ ထိုဧည့်သည်နှစ်ဦးလုံးက စစိမှန်နတ်ဘုရားများ ဖြစ်နေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
၎င်းတို့သည် ရန်သူလော၊ မိတ်ဆွေလော ဆိုသည်ကိုလည်း သူမ မခန့်မှန်းနိုင်တော့ပါ။
" ရှောင်ရှင်း၊ ငါ့ကို ထားခဲ့ပြီး နင်ပဲ အရင်ပြေးပါတော့။ အခု မထွက်သွားရင် အချိန်မီမှာ မဟုတ်တော့ဘူး"
လျိုသခင်မက အရေးတကြီးတိုက်တွန်းသည်။
နှဲသံစဉ် ပြီးဆုံးရန်မှာ အနည်းဆုံး အသက်ရှူကြိမ် တစ်ရာခန့် လိုသေးသဖြင့် ထိုအချိန်အတွင်း ဘာမဆို ဖြစ်သွားနိုင်သည်မဟုတ်ပါလား ။ မသေချာသောအရာအတွက် စောင့်နေရန် အချိန်မရှိတော့ပါ။
"မရဘူး သခင်မ ၊ သထင်မက ကျွန်မအတွက် အမေတစ်ယောက်လိုပါပဲ။ ထားမသွားနိုင်ဘူး။ ဧည့်သည်က သီချင်းပြီးရင် မန္တန်ပြေသွားမယ်လို့ ပြောထားတာပဲ၊ မကြာတော့ပါဘူး"
ရှောင်ရှင်းက လက်မခံဘဲ ခေါင်းမာစွာ တည်ဆက်လက် တီးခတ်နေခဲ့သည်။
သို့သော် ရုတ်တရက်ဆိုသလို ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးသံကြီးတစ်ချက် ဟိန်းထွက်လာ၏။
ဝုန်း .
မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။
အဆုံးမဲ့သော ခရမ်းရောင်အလင်းတန်းများကလည်း အဆက်မပြတ် လင်းလက်သွား၏။
မြို့ပတ်ဝန်းကျင် မိုင်ပေါင်းထောင်ချီသော နယ်မြေတစ်ခုလုံး ခရမ်းရောင်အလင်းတန်းများအောက်တွင် နစ်မြုပ်သွားတော့သည်။
ပြောရလျှင် ကမ္ဘာကြီးတစ်ခုလုံး ခရမ်းရောင် သန်းသွားသလိုပင် ။
ရှောင်ရှင်း၏ ဝါဖျော့ဖျော့ ဝတ်စုံလေးသည်လည်း ခရမ်းရောင် ပြောင်းသွားကာ သူမ၏ မျက်နှာတွင် အံ့သြမှုနှင့် ဇဝေဇဝါဖြစ်မှုတို့ ရောယှက်နေသည်။
မြေပြင်က ပြင်းထန်စွာ တုန်ခါသွားသောကြောင့် စားပွဲပေါ်ရှိ သေရည်ပုလင်းများနှင့် လက်ဖက်ရည်ခွက်များမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်ကုန်၏။
အားလုံးက ထိုမိုးကြိုးသံကြီးကြောင့်ပင်။
"ဘာဖြစ်တာလဲ"
"ဘာတွေ ဖြစ်နေတာလဲ"
"ဒါ စစ်မှန်နတ်ဘုရားတွေ တိုက်ပွဲဖြစ်နေတာလား"
ရွက်နီစံအိမ်အတွင်းရှိ ကျင့်ကြံသူများအားလုံး အပြင်သို့ အပြေးအလွှား ထွက်ကြည့်ကြသည်။
ဟွာယဲ့မြို့ထဲမှ မြို့ခံကျင့်ကြံသူများလည်း အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ကြ၏။
ရှောင်ရှင်းသည် ထွက်ပြေး၍မရသဖြင့် နှဲကို သာ ဆက်လက်တီးခတ်နေရင်း ပြတင်းပေါက်ကို ဖွင့်၍ အဝေးသို့ လှမ်းကြည့်လိုက်ရသည်။
ထိုအခါ သူမ၏ မျက်လုံးများက အံ့သြမှုကြောင့် ဝိုင်းစက်သွား၏။
"ဘာဖြစ်တာလဲ၊ ဘာတွေဖြစ်ကုန်တာလဲ"
လျိုသခင်မက လှည့်မရသဖြင့် နောက်မှနေ၍ အသည်းအသန် မေးသည်။
"ဒါ... ဝူချုံတောင်ကြီး... ဝူချုံတောင်ကြီး ပျောက်ကွယ်သွားပြီ"
"ဘာ "
"ဝူချုံတောင်ကြီး ပျောက်သွားတယ် ဟုတ်လား...မဖြစ်နိုင်တာ"
လျိုသခင်မခမျာ မယုံကြည်နိုင်ခြင်းနှင့်အတူ အလွန်ထိတ်လန့်သွားသည်။
အမလေးနော် .. ကြည့်ကကြည့်ချင် လှုပ်လို့ကမရ ။
ဝူချုံတောင်သည် မိစ္ဆာနတ်ဘုရားများ၏ စခန်းတစ်ခုဖြစ်ပြီး အဆင့်မြင့်မဟာအုပ်စိုးရှင်တစ်ပါးနှင့် မိစ္ဆာနတ်ဘုရား ရာပေါင်းများစွာ အခြေစိုက်ရာ နေရာဖြစ်သည်။
ယခုမူ ထိုစခန်းကြီးတစ်ခုလုံးမှာ ခရမ်းရောင်မိုးကြိုးတစ်ချက်တည်းဖြင့် ပြာကျသွားခဲ့သည်တဲ့ ။
ဒါက ဘယ်လိုအဆင့်ရဲ့ လက်ချက်လဲ။
လျိုသခင်မသည် သူမ၏ မန္တန်ပြေပြီး ဝူချုံတောင်ကို ကိုယ်တိုင် မြင်တွေ့နိုင်ရန် မစောင့်နိုင်ဖြစ်နေ၏။
"ဒါဟာ အနည်းဆုံး အဆင့်ငါး ဒါမှမဟုတ် ခြောက်ရှိတဲ့ မိုးကြိုးအမြစ်ရှိတဲ့မဟာအုပ်စိုးရှင်ကြီး တစ်ပါးပါးရဲ့ လက်ချက်ပဲ ဖြစ်ရမယ် ၊ အဲဒီလို ပုဂ္ဂိုလ်မျိုးပဲ ဝူချုံတောင်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်မှာ"
လျိုသခင်မသည် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များပင် ဝဲလာသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ မိစ္ဆာနတ်ဘုရားများကို နှိမ်နင်းပေးမည့် တရားစောင့်သိသော အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ဦးကို သူမ တွေ့လိုက်ရပြီ မဟုတ်ပါလား ။
"ဘယ်သူများပါလိမ့်နော် သိချင်လိုက်တာ "
လျိုသခင်မက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ရှောင်ရှင်းလည်း အလားတူပင် ခံစားနေရသည်။
သူမ၏ညီအစ်မများ အသေခံပြီးသတင်းယူရန် မလိုတော့ပါ ။ အားလုံးမျှော်လင့်ချက်ရှိလာတော့မည် ။
သူမသည် မျက်ရည်များပင် စီးကျလာလျက် နှဲကို ဆက်လက်တီးမှုတ်နေရင်း ရယ်လည်းရယ်၊ ငိုလည်းငိုနေမိသည်။
ထိုအချိန်မှာပင် ဟွာယဲ့မြို့တစ်ခွင်သို့ ပျင်းသဲ့သဲ့အသံတစ်ခု ပျံ့လွင့်လာ၏။
"မင်းက ဘယ်ကို ပြေးမလို့လဲ မိစ္ဆာနတ်ဘုရားလေးရဲ့"
မြို့ကောင်းကင်ယံထက်တွင် ရေတံခွန်ကဲ့သို့ ရှည်လျားသော ဆံပင်များနှင့် သွေးရောင်ဓားကို ကျောပိုးထားသော အစိမ်းရောင်ဝတ်စုံဝတ် လူငယ်လေးတစ်ဦး ပေါ်လာခဲ့သည်။
ခရမ်းရောင်အလင်းတန်းများကလည်း မကွယ်ပျောက်သေးသောကြောင့် သူ၏ ဝတ်စုံပေါ်သို့ ခရမ်းရောင်အလင်းများ ကျရောက်နေသဖြင့် နုပျိုသော နတ်ဘုရားဧကရာဇ် တစ်ပါးကဲ့သို့ ခန့်ညားထည်ဝါနေ၏။
မိစ္ဆာနတ်ဘုရားတစ်ပါးသည် ကျူးရှီကျုံး၏ နတ်ဘုရားနယ်ပယ်အတွင်း ပိတ်မိကာ လေထုထဲတွင် တောင့်တင်းလျှက်ရှိသည်။
ထိုမိစ္ဆာနတ်ဘုရားမှာ သူ၏ စွမ်းအားများကို အသုံးမပြုနိုင်တော့သဖြင့် ကျိယွမ်ကို ထိတ်လန့်တကြား ကြည့်နေ၏။
"မိစ္ဆာကောင်..မင်းက မိစ္ဆာကောင်ပဲ"
"မင်း ငါတို့စခန်းကို ဘာလုပ်လိုက်တာလဲ။ ဘယ်လိုလုပ်ပြီး ဖျက်ဆီးလိုက်တာလဲ"
မိစ္ဆာနတ်ဘုရားမှာ ကြောက်လန့်တကြား အော်ဟစ်နေပြီး ဖြစ်ပျက်သမျှကို လုံးဝနားမလည်နိုင်အောင် ဖြစ်နေပုံရသည်။
ဝူချုံတောင်ကြီးသည် ခေတ်သစ်နတ်ဘုရားတပ်ကြီး၏ အခြေစိုက်စခန်း မဟုတ်ပါလား။
မဟာအုပ်စိုးရှင်ကြီးတစ်ပါး၊ အဆင့်သုံးနတ်ဘုရား ခြောက်ဆယ်ကျော်နှင့် စစ်မှန်နတ်ဘုရား သုံးရာကျော် ..။
အားလုံးမှာ ထိုကြောက်မက်ဖွယ် မိုးကြိုးဒဏ်ကြောင့် ခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့ရသည်။ ယုတ်စွအဆုံး မဟာအုပ်စိုးရှင်ကြီးပင် ပြေးမလွတ်ခဲ့ပေ။
သူ အသက်ရှင်နေရခြင်းမှာ အစာရှောင်ဂိုဏ်းကို စုံစမ်းရန် အပြင်ထွက်နေသောကြောင့်သာ ဖြစ်သည်။
ကျိယွမ်က ထိုမိစ္ဆာနတ်ဘုရားကို ကြည့်ကာ ပြုံးပြလိုက်၏။ သို့သော် ခရမ်းရောင်အလင်းများအောက်တွင် သူ၏ အပြုံးမှာ ကြောက်မက်ဖွယ် ကောင်းနေပြီး ခြိမ်းခြောက်နေသည်ဟုပင် ခံစားမိစေသည်။
"ငါက ငါးလာမျှားတာပါ"
ဖုန်းနှင့် လင်းတိုင်းပြည်မှ မိစ္ဆာနတ်ဘုရားများကို သတ်လိုက်ပါက အကောင်ကြီးကြီးအမြီးရှည်ရှည်များ၏ တုံ့ပြန်မှုများ ရှိလာမည်ကို ကျိယွမ် သိနှင့်ပြီးသား ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ မတုံ့ပြန်နိုင်မီ စခန်းများကို အမြစ်ပြတ် ရှင်းလင်းရန် သူ ဆုံးဖြတ်ခဲ့၏။
ကျိယွမ်သည် 'ထိုက်ယင်မိုးကြိုးပုလဲ'ကို အသုံးပြု၍ မိစ္ဆာစခန်းကို အပြီးတိုင်ဖျက်ဆီးပစ်လိုက်သည်။
မိုးကြိုးပုလဲတွေက ငါးမျှားဖို့တဲ့ ၊
ပုလဲက ရှစ်လုံးရှိတော့ တစ်လုံးစီက မဟာအုပ်စိုးရှင်အဆင့် 'ငါး' ကြီးတွေအတွက်ပေါ့ ။
"ဒါပေမဲ့ မင်းတို့လို လွတ်နေတဲ့ ငါးလေးတွေကိုလည်း လွှတိလို့မရဘူး ၊ ဆင်ခြေထောက်လည်း အသားပဲ ၊ သတ်ရဦးမှာပေါ့"
ကျိယွမ်က တိုးတိုးလေး ပြောလိုက်ပြီး ဓားကို တစ်ချက်ဝှေ့ယမ်းကာ နယ်ပယ်အတွင်း ပိတ်မိနေသော မိစ္ဆာနတ်ဘုရားကို ချက်ချင်းပင် ကွပ်မျက်လိုက်သည်။
ထိုမြင်ကွင်းကြောင့် ယဲ့မြို့ရှိ မျက်မြင်တွေ့ရှိသူ ကျင့်ကြံသူအားလုံးမှာ တုန်လှုပ်ချောက်ချားမှု၊ ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ကြောင်အမ်းနေကြသည်။
ရွက်နီစံအိမ်ထဲမှ ရှောင်ရှင်းသည်လည်း ကောင်းကင်ထက်မှ ထိုခန့်ညားသော ပုံရိပ်ကို ကြည့်ကာ မျက်ရည်ဝဲနေမိသည်။
"သူပဲ... အဲဒီဧည့်သည်တော်ပဲ... သူက ဝူချုံတောင်ကို ဖျက်ဆီးလိုက်တာ"
"ဟွာယဲ့မြို့သူမြို့သား အပေါင်းတို့ မင်္ဂလာပါ။ ကျွန်တော်က ငါးလာမျှားတာပါ။ မင်းတို့ အေးအေးဆေးဆေး စားစရာရှိတာစား သောက်စရာရှိတာ သောက်ကြပါ၊ မိန်းကလေးတွေနဲ့ ဆက်ပြီး ပျော်ပါးကြပေါ့။ ကျွန်တော့်ကို ဂရုမစိုက်ကြပါနဲ့။ နောက်တစ်ခါလာရင်တော့ ခင်ဗျားတို့အားလုံးကို ထမင်းကျွေးပါဦးမယ်"
သူ၏ ပေါ့ပေါ့ပါးပါးအသံမှာ မြို့တစ်ခွင်သို့ ဖော်ရွေစွာ ပဲ့တင်ထပ်သွားသည်။ သူ၏လေသံတွင် စိုးရိမ်ထိတ်လန့်နေခြင်းမျိုး စိတ်လှုပ်ရှားပြီး အလျှင်လိုနေခြင်းမျိုး လုံးဝမပါဝင်နေပေ ။ အလွန်ကြီးကျယ်သော သတ်ဖြတ်မှုကြီးကို မုန်လာဥနှုတ်နေသည့်အလား သဘောထားဟန်ရှိ၏။
ထိုသို့ပြောပြီးသည်နှင့် မြို့အားတစ်ချက်ပြုံးပြကာ နှစ်ယောက်လုံးပျောက်ကွယ်သွားကြလေသည်။
...........
ချင်းရွှေကျေးရွာတွင်ဖြစ်သည်။
ညက တဖြည်းဖြည်းမှောင်လာခဲ့လေပြီ။
မိုးကြိုးနတိဘုရားကြီးရှန်လဲ့သည် သူ၏ရှေ့မှ ရှေးဟောင်းနတ်ဘုရားများကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်နေ၏။
"မင်းတို့ တော်တော်သတ္တိရှိတာပဲ၊ ဖုန်းနဲ့ လင်းတိုင်းပြည်က မိစ္ဆာနတ်ဘုရားတွေကို အကုန်သတ်ပစ်လိုက်တယ်ပေါ့လေ"
မိစ္ဆာနတ်ဘုရားတစ်ရာကို သတ်ဖြတ်ခဲ့သော ရှေးဟောင်းနတ်ဘုရားများ ပြန်ရောက်လာကြပြီ ဖြစ်သည်။
ရှန်လဲ့မှာ ကျိယွမ်ကို ပြောမနိုင်သည့်အတွက် သူ၏ဒေါသကို ထွက်ပေါက်ရှာနေပုံရ၏။
သို့သော် ဒေါသကြီးသော ညီမဖြစ်သူက ချက်ချင်းပြန်လှန်သည်။
"ရှင်ပြောချင်ရင် အရှင်မြတ်ပြန်လာမှ တိုက်ရိုက်ပြောပါလား ၊ သူခိုင်းလို့ လုပ်ရတာလေ "
ထိုမဟာအုပ်စ်ုးရှင်ကြီးသည် မူလနတ်ဘုရားကို ပြောရဲမည် မဟုတ်မှန်း သူတို့ သိကြသည်။
"အေး ...အဲဒီ ကျိယွမ်ကရော ဘယ်မှာလဲ၊ ဘာလို့ ပြန်မလာသေးတာလဲ"
ရန်သူများ ရောက်လာတော့မည်ကို သူ အလွန်စိုးရိမ်နေသည်။အထူးသဖြင့် နာမည်ကြီးနေသော ဝမ်ရှမဟာအုပ်စိုးရှင် ရောက်လာမည်ကို ဖြစ်သည်။
သူတို့သည် ကျိယွမ်နှင့် အခြားနတ်ဘုရားများကို မြောက်ပင်လယ်သို့ ထွက်ပြေးနိုင်ရန်အတွက် မိမိတို့ကိုယ်ကို စတေးရန်အထိပင် ဆုံးဖြတ်ထားကြသည်။
သို့သော် ပြဿနာမှာ အခြားသူများ ပြန်ရောက်လာသော်လည်း ကျိယွမ်မှာ ပျောက်ကွယ်နေဆဲ ဖြစ်၏။ မည်သ်ု့ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
"စိတ်မပူပါနဲ့၊ အရှင်မြတ်က ပညာရှိပါတယ်၊ သူ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်အောင် လုပ်မှာ မဟုတ်ဘူး"
ဝမ်စုန်းက သူ့အား နှစ်သိမ့်သည်။
သူသည် ကျိယွမ်အပေါ် အပြည့်အဝ ယုံကြည်သွားပုံရသည်။
"သူ အမြန်ပြန်မလာရင် မိစ္ဆာနတ်ဘုရားတပ်တွေ ရောက်လာတော့မယ်"
ရှန်းလဲက မှောငိနေသော ကောင်းကင်ကိုကြည့်နေရင်း စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
ကျိယွမ်သည် အလွန်ပင် ခန့်မှန်းရခက်ပြီး စိတ်ထင်တိုင်း လုပ်တတ်သူဆိုတာ ကြာလေပိုသိလာရလေပင် ။
ဒီကောင် နောက်ထပ်စခန်းကြီးတစ်ခုကို နှစ်ယောက်တည်းနဲ့ သွားတိုက်နေတာလို့တော့ မပြောနဲ့နော် . ။
--------------------