ကံကြမ္မာခန္ဓာကိုယ်
Vol. 10 Ch. 91
အသေအချာ စဉ်းစားသုံးသပ်ပြီးနောက်တွင် 'လူသားတစ္ဆေနတ်ဘုရား' ၏ ကံကြမ္မာကို ပုံတူကူးယူရန် လီချင်းချိုး ဆုံးဖြတ်လိုက်သည်။
ဝိညာဉ်ပိုင်းဆိုင်ရာ ကျင့်စဉ်များ၊ ဂါထာများနှင့် နတ်ဘုရားစွမ်းရည်များအပေါ် ထူးကဲသော နားလည်သဘောပေါက်နိုင်စွမ်း တစ်ခုတည်းကပင် ပုံတူကူးယူရန် ထိုက်တန်နေပေသည်။ ထို့အပြင် ဤကံကြမ္မာတွင် ဝိညာဉ်ကို ပစ်မှတ်ထားသော တိုက်ခိုက်မှုများနှင့် ပူးကပ်ခြင်းများကို တားဆီးပေးနိုင်သည့် စွမ်းရည်များလည်း ပါဝင်နေသေးသည်။
ဤကမ္ဘာလောကတွင် အခြားသော ကျင့်ကြံသူများလည်းရှိနေသေးသဖြင့် သတိထားရပေမည်။ အကယ်၍ စွမ်းအားကြီးမားသော ကျင့်ကြံသူတစ်ဦး ရုတ်တရက် ပေါ်လာပြီး သူ့ကို ပူးကပ်ရန် ကြိုးစားလာပါက အခြေအနေ ကောင်းလိမ့်မည်မဟုတ်ပေ။
စိတ်ကို တည်ငြိမ်အောင် ထား၍ ဂျူနီယာညီမလေး နှစ်ယောက်နှင့်အတူ လမ်းလျှောက်ထွက်ခဲ့သော်လည်း စိတ်အာရုံကတော့ ချူကျင်းထံမှ ခွာ၍မရ ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် ချူကျင်း တောင်ပေါ်သို့ တက်လာရခြင်း၏ ရည်ရွယ်ချက်ကို တွေးတောနေမိသည်။
သိုင်းပညာ သင်ယူလိုစိတ် သက်သက်ကြောင့်များလား...
ကျမ်းစာအုပ်ဆောင်ထဲတွင် ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာ မရှိသောကြောင့် ထိုကျမ်းစာ ပေါက်ကြားသွားမည်ကို လီချင်းချိုး မပူပန်ပေ။ ချူကျင်း အနေဖြင့် အခြားကျမ်းစာအုပ်များကို တွေ့ရှိခဲ့လျှင်ပင် တစ်လွှာပြီးတစ်လွှာ ရှာဖွေရဦးမည် ဖြစ်ရာ လွယ်ကူသော ကိစ္စမဟုတ်ချေ။
ချူကျင်း၏ ကောက်ကျစ်သော သဘောသဘာဝနှင့် ကံကြမ္မာတို့ကြောင့် လီချင်းချိုး သူ့ကို မထိတွေ့လိုပေ။ အကယ်၍ ဤလူကို အရှင်ထားထားပါက လက်ရှိ ဧကရာဇ်မင်းထံသို့ ဘေးဒုက္ခများ သယ်ဆောင်လာနိုင်သည်။ သို့သော်လည်း မျှတမှုကို ထိန်းသိမ်းရန် အရေးကြီးပေသည်။ အကယ်၍ ချူကျင်းသာ မဆင်မခြင် ပြုမူလာပါက လီချင်းချိုးဘက်ကလည်း ပြင်းထန်သော အစီအမံများကို လုပ်ဆောင်ရန် ဝန်လေးနေမည် မဟုတ်ပေ။
ပွဲတော်ရက် ဖြစ်သဖြင့် တောင်ပေါ်တွင် စည်ကားသိုက်မြိုက်နေပြီး လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေကြသည်။ နေ့လယ်ပိုင်းသို့ ရောက်သောအခါ လီချင်းချိုးခင်မျာ ခန်းမအသီးသီးမှ ဆွဲခေါ်ခြင်း ခံရပြီး ညမိုးချုပ်သည်အထိ အရက် သောက်လိုက်ရသဖြင့် မူးဝေနေတော့သည်။
ညဥ့်နက်မှသာ လင်းရှောင်ခြံဝင်း နောက်ဘက်ရှိ တောအုပ်ထဲသို့ တိတ်တဆိတ် ထွက်လာခဲ့ရသည်။ ပတ်ဝန်းကျင်ကို အချိန်အတော်ကြာအောင် အသေအချာ နားစွင့်ကြည့်ပြီးနောက် လူသူကင်းမဲ့ကြောင်း သေချာမှသာ ကံကြမ္မာကို စတင် ရွေးချယ်လိုက်သည်။
သူ့ထံတွင် ကံကြမ္မာ ရွေးချယ်ရန် အခွင့်အရေး တစ်ကြိမ်သာ ကျန်ရှိတော့ပြီး မူလက ယွမ်လီ၏ မပျက်စီးနိုင်သောခန္ဓာကိုယ် အတွက် သိမ်းဆည်းထားရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အာဏာရှင်ခန္ဓာကိုယ်မှာ နိုးထလာခြင်း မရှိသေးသဖြင့် ဆက်လက် စောင့်ဆိုင်းမနေနိုင်တော့ပေ။
အကယ်၍ ချူကျင်းသာ မနက်ဖြန်တွင် ပြဿနာရှာလာပါက သူ့ကို သတ်ပစ်ရပေလိမ့်မည်။ ထိုကဲ့သို့ အရေးပေါ် အခြေအနေမျိုးတွင် ကံကြမ္မာကို ပုံတူကူးယူရန် အချိန်ရချင်မှ ရတော့မည် ဖြစ်သည်။ ထို့ပြင် ချူကျင်းသာ ဂိုဏ်းအတွင်း ပြဿနာရှာပါက သူ့ကို ချင်းရှောင်ဂိုဏ်းသားအဖြစ် သတ်မှတ်နိုင်ဦးမည်လား ဆိုသည်ကို မဆုံးဖြတ်နိုင်သေးချေ။
ဝူမန်အာ၊ လီတုန်းယွဲ့နှင့် အခြားသူများက လင်းရှောင်ခြံဝင်းထဲတွင် ရှိနေကြပြီး ကျန်းကျောက်ရှားကလည်း အောက်ဘက်ရှိ ခြံဝင်းအသစ်တွင် နေထိုင်သဖြင့် တိုက်ခိုက်ခံရမည်ကို လီချင်းချိုး မကြောက်ပေ။
ကံကြမ္မာကို ရွေးချယ်လိုက်သည်နှင့် မှတ်ဉာဏ်များစွာ သူ့ခေါင်းထဲသို့ ဒီရေအလား တိုးဝင်လာခဲ့သည်။
ယခင် အကြိမ်များကဲ့သို့ပင် ကွက်ကွက်ကွင်းကွင်း ပီပြင်သော အိပ်မက်တစ်ခုကို မက်လေသည်။ အိပ်မက်ထဲတွင် မရေမတွက်နိုင်သော တစ္ဆေများ သူ့ထံသို့ တိုးကပ်လာကြသော်လည်း နောက်ဆုံးတွင် ပြာမှုန့်အဖြစ် ပြောင်းလဲသွားကြသည်ကို မြင်လိုက်ရသည်။ ထို့အပြင် ကြီးကျယ်ခမ်းနားသော မြင်ကွင်းအချို့ကိုပင် မြင်တွေ့ခဲ့ရပြီး ထိုနေရာမှာ သွေးပျက်ဖွယ် ကောင်းလှသော ငရဲဘုံ ဖြစ်ဟန်တူသည်။
အမွေအနှစ် လက်ခံရယူခြင်း ပြီးဆုံးသွားသောအခါ မျက်လုံးဖွင့်ကြည့်လိုက်တော့ ပတ်ဝန်းကျင်တွင် မှောင်မိုက်နေဆဲ ဖြစ်ပြီး လူသူကင်းမဲ့နေသည်ကို အတည်ပြုပြီးနောက် သက်ပြင်းချလိုက်မိသည်။သူ မတ်တတ်ရပ်၍ အကြောဆန့်လိုက်သော်လည်း သူ့ခန္ဓာကိုယ်တွင် မည်သည့် ပြောင်းလဲမှုမျှ မရှိသည်ကို သတိပြုမိလိုက်သည်။
ဝိညာဉ်ချုပ်ကျိန်စာကို ပြန်လည် ဆင်ခြင်ကြည့်သောအခါ ယခင်က နားလည်ရန် ခက်ခဲခဲ့သော အရာများ ရုတ်တရက် ရှင်းလင်းသွားပြီး ဝိညာဉ်ချုပ်ကျိန်စာကို ရှုထောင့်အသစ် တစ်ခုမှနေ၍ နားလည်သဘောပေါက်လာသည်။ ထို့နောက် ဝိညာဉ်ချုပ်ကျိန်စာကို ယခင်က စိတ်ကူးပင် မယဉ်ဖူးသော အဆင့်တစ်ခုအထိ လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်လာသည်။
ထို့အပြင် ဝိညာဉ်ချုပ်ကျိန်စာနှင့် ပတ်သက်၍ ထပ်မံ ချိတ်ဆက်မှုများပင် ပြုလုပ်နိုင်လာသည်။ ဝိညာဉ်ချုပ်ကျိန်စာမှ ဆင့်ပွားဂါထာများကို ကိုယ်တိုင် ဖန်တီးနိုင်တော့မည်ဖြစ်သဖြင့် အတော်လေး စိတ်လှုပ်ရှားနေမိသည်။ ယခုအခါ သူ့ထံတွင် ကံကြမ္မာ လေးမျိုး ပိုင်ဆိုင်ထားပြီဖြစ်သဖြင့် အားရကျေနပ်နေမိတော့သည်။
ကိစ္စဝိစ္စပြီးသောအခါ တောအုပ်ထဲတွင် အချိန်ဆွဲမနေတော့ဘဲ ရွှင်လန်းသော စိတ်အခြေအနေဖြင့် တောင်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။ နောက်ပိုင်း ရက်များတွင် အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာကို အသုံးပြု၍ ကိုယ်ယောင်ဖျောက်ကာ ချူကျင်းကို မကြာခဏ စောင့်ကြည့်လေ့လာခဲ့သည်။
အမည်ခံတပည့် ဖြစ်လာပြီးနောက်တွင်လည်း ချူကျင်းဘက်က ထူးခြားစွာ ပြုမူခြင်း မရှိပေ။ သူသည် ကျမ်းစာအုပ်ဆောင် အနားသို့ပင် မကပ်ချေ။ ထိုအစား သိုင်းပညာ လေ့ကျင့်ပြီး အခြား အမည်ခံတပည့်များကဲ့သို့ပင် အလုပ်လုပ်ကာ မိတ်ဆွေဖွဲ့နေလေသည်။ အခြားတပည့်များကို ချင်းရှောင်တောင်နှင့် ပတ်သက်၍ မေးမြန်းလေ့ ရှိသော်လည်း ဤသည်မှာ တပည့်သစ်တိုင်း လုပ်လေ့ရှိသော အရာသာ ဖြစ်သည်။
ဆယ်ရက်ခန့် စောင့်ကြည့်ပြီးနောက် လီချင်းချိုး သူ့ကို ဆက်လက် စောင့်ကြည့်မနေတော့ပေ။ ချူကျင်းက ချင်းရှောင်ဂိုဏ်းကိုသာ စိတ်ဝင်စားနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ချူကျင်းအပေါ် ဝိညာဉ်ချုပ်ကျိန်စာ အသုံးမပြုနိုင်သဖြင့် သူ့ကို ဆက်လက် စောင့်ကြည့်ပြီး အခြေအနေကို ပြောင်းပြန်လှန်ကာ သူ့ကို မိမိ၏ နယ်ရုပ်ကလေး အဖြစ် ပြောင်းလဲနိုင်မလား ဆိုသည်ကို ကြည့်ရပေမည်။
နှစ်သစ်ကူး ပြီးသွားသောအခါ ချင်းရှောင်ဂိုဏ်း၏ ခန်းမခုနစ်ခုလည်း တဖန်ပြန်လည် အလုပ်ရှုပ်လာကြသည်။ ချင်းရှောင်ဂိုဏ်းသားများကတော့ လေ့ကျင့်ရန် တောင်အောက်သို့ ဆင်းကြရာ မိသားစုကြီးများနှင့် အစိုးရအရာရှိများက သတင်းကြားပြီး လုပ်ငန်းတာဝန်များ အပ်နှံရန် တောင်ပေါ်သို့ ရောက်လာကြသဖြင့် ရှီးလျန့်ခန်းမကြီး စည်ကားသိုက်မြိုက်နေလေတော့သည်။
ကျန်းဟူလောကသို့ ခြေဆန့်ရင်း ငွေရှာသည်မှာ မကောင်းပေဘူးလား...
ချင်းရှောင်ဂိုဏ်းရှိ လုပ်သားတပည့် အရေအတွက်မှာလည်း စတင် မြင့်တက်လာသည်။ လုပ်သားတပည့်များက သိုင်းလေ့ကျင့်ရေးကွင်း အောက်ဘက်ရှိ ခြံဝင်းအသစ်များတွင်သာ နေထိုင်ခွင့်ရှိပြီး နေ့စဉ် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ကြရသည်။ အကယ်၍ အနာဂတ်တွင် အန္တရာယ်နှင့် ကြုံတွေ့ရပါက ကြားခံနယ်မြေအဖြစ် အသုံးပြုနိုင်ရန်အတွက် တောင်ခြေတွင် လုပ်သားတပည့်များ နေထိုင်ရန် ခြံဝင်းများ တည်ဆောက်ရန်ပင် ကျန်းယွီချွန်းက စီစဉ်နေလေသည်။
တစ်လ ကြာပြီးနောက်…
ချင်မိသားစုက ချန်ဟွေ့လန်၏ ဖခင် ချန်ယွီကို တောင်ပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။ လီချင်းချိုး သူတို့ကို ကိုယ်တိုင်ကိုယ်ကျ လက်ခံတွေ့ဆုံခြင်း မရှိသော်လည်း တာအိုမျိုးဆက်စနစ်မှတဆင့် လှမ်းကြည့်လိုက်သည်။အလွန်နိမ့်ပါးသော ပါရမီ၊ သာမန်ကာလျှံကာသာ ရှိသော ဉာဏ်ပညာနှင့် ထူးခြားသော ကံကြမ္မာ မရှိခြင်းတို့ကြောင့် သူ့မိသားစု ကျဆုံးပြီး သမီးဖြစ်သူကိုပင် မကာကွယ်နိုင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
လီချင်းချိုးက ချင်ယဲ့၏ ဖခင် ချင်ကျွယ်နှင့် တွေ့ဆုံခဲ့ပြီး ချင်မိသားစုကလည်း ချင်းရှောင်ဂိုဏ်းကို အလုပ်တစ်ခု အပ်နှံလိုနေသည်။
ချင်မိသားစုတွင် နိုင်ငံတော်အဆင့် စာမေးပွဲ အောင်မြင်ထားသော သားတစ်ယောက်ရှိပြီး စာမေးပွဲ ဆက်လက် ဖြေဆိုရန် မြို့တော်သို့ သွားရောက်ရမည် ဖြစ်သည်။ သို့သော်လည်း မြို့တော်သို့ သွားရာလမ်းမှာ ဝေးကွာပြီး ပြည်နယ်အသီးသီး၏ နယ်စပ်များမှာ လက်ရှိတွင် ဘေးကင်းလုံခြုံမှု မရှိလှပေ။ ထို့ကြောင့် ချင်မိသားစုက သူ့အတွက် စစ်မှန်သောတပည့် အဆင့်ရှိသူ နှစ်ဦးကို ကိုယ်ရံတော် အဖြစ် ငှားရမ်းလိုခြင်း ဖြစ်သည်။
ယခုနှစ်များအတွင်း ချင်မိသားစုက ချင်းရှောင်ဂိုဏ်းကို ထောက်ပံ့ငွေများ ပုံမှန် တိုးမြှင့် ပေးအပ်ခဲ့ပြီး ချန်ဟွေ့လန်နှင့် ပတ်သက်သော သဲလွန်စများကိုလည်း ပေးပို့ခဲ့သည်။ ဤအချက်က လီချင်းချိုးကို ချင်မိသားစုအပေါ် အမြင်ကောင်း ရစေသဖြင့် တပည့်များကို မြို့တော်သို့ လွှတ်ကာ လက်ရှိ အခြေအနေနှင့် မြို့တော်၏ ပုံပန်းသဏ္ဍာန် မည်သို့ရှိသည်ကို လေ့လာခိုင်းရန် သဘောတူလိုက်သည်။
"ဂိုဏ်းချုပ်လီ... ကျွန်တော့်သား ချင်ယဲ့ စစ်တပ်ထဲ ဝင်ဖို့ သင့်တော်မယ်လို့ ထင်လား..."
အရက်ခွက်များ မြှောက်၍ သောက်ပြီးနောက် ချင်ကျွယ်က မေးလိုက်ခြင်းဖြစ်သည်။
ထိုအခါ လီချင်းချိုးက တစ်ခဏမျှ စဉ်းစားလိုက်ပြီး ….
"သူ့ရဲ့ သိုင်းပညာ အရည်အချင်းနဲ့ဆိုရင် စစ်တပ်ထဲမှာ သေချာပေါက် ထူးချွန်လာမှာပါ... ဒါက သူ့သဘောထားအပေါ်ပဲ မူတည်ပါတယ်..."
ကျိယာကို ရှုံးနိမ့်ခဲ့ရသဖြင့် ချင်ယဲ့ စိတ်ထိခိုက်သွားပြီး ဝိညာဉ်ကျောက်တွင်း၌သာ နေထိုင် ကျင့်ကြံနေလေသည်။ လီချင်းချိုးကလည်း ချင်ယဲ့ မဆင်မခြင် လုပ်မိမည်ကို စိုးရိမ်နေမိသည်။ အကယ်၍ သူသာ အတွေ့အကြုံရှာရန် တောင်အောက်သို့ ဆင်းလိုပါက လီချင်းချိုး တားဆီးမည် မဟုတ်ပေ။
"ဒါဆို ကျွန်တော် သူ့ကို တွေ့လို့ ရမလား..."
ချင်းရှောင်ဂိုဏ်းကြီး တိုးတက် စည်ပင်နေသော်လည်း မည်မျှပင် ဖွံ့ဖြိုးတိုးတက်ပါစေ သိုင်းလောက ဂိုဏ်းတစ်ခု အဖြစ်သာ ရှိနေဦးမည် ဖြစ်သည်။ အကယ်၍ ချင်ယဲ့သာ ချင်းရှောင်ဂိုဏ်း၏ သိုင်းပညာကို အသုံးပြု၍ စစ်မြေပြင်တွင် ထုးချွန်မှုများပြသနိုင်ပါက ချင်မိသားစု အနေဖြင့် အခြေအနေကို အမှန်တကယ် ပြောင်းလဲနိုင်ပြီဟု ယူဆရပေမည်။
လီချင်းချိုး၏ လမ်းဖွင့်ပေးသော သဘောထားကြောင့် ချင်ကျွယ် အလွန် ကျေးဇူးတင်နေမိသည်။ ဒီကိုမလာခင်က လီချင်းချိုး သူ့သားကို လွှတ်ပေးလိုစိတ် မရှိမည်ကို စိုးရိမ်ခဲ့သည်။ ယခု ပြန်စဉ်းစားကြည့်မှ ချင်းရှောင်ဂိုဏ်းတွင် ကျွမ်းကျင်သူများနှင့် ပါရမီရှင်များ ပြည့်နှက်သဖြင့် ချင်ယဲ့ကို လွှတ်ပေးလိုက်ခြင်းက ကြီးမားသော သက်ရောက်မှု ရှိမည် မဟုတ်ချေ။
"သူက မိုင်ပေါင်း ရာချီ ဝေးတဲ့နေရာမှာ သိုင်းကျင့်နေတာ... မနက်ဖြန်ကျမှ တပည့်တွေကို သွားခေါ်ခိုင်းလိုက်မယ်..."
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်..."
သူတို့နှစ်ဦး အတန်ကြာ စကားစမြည် ပြောဆိုပြီးနောက် လီချင်းချိုး ချယ်ကျွယ်က်ို နှုတ်ဆက်၍ ပြန်လာခဲ့လိုက်သည်။ ချင်ကျွယ်ကတော့ ဧည့်ရိပ်သာ တံခါးဝရှေ့တွင် ရပ်ကာ လီချင်းချိုး ထွက်ခွာသွားသည်ကို ကြည့်ရင်း စိတ်ထဲတွင် ခံစားချက်များ ပြည့်နှက်နေသည်။ သူ တောင်ပေါ်သို့ စရောက်စဉ်က ချင်းရှောင်ဂိုဏ်း ဤမျှအထိ တိုးတက်လာနိုင်မည်ဟု စိတ်ကူးပင် မယဉ်ဖူးခဲ့ချေ။
...
ညဦးယံ အချိန်၌ လင်းရှောင်ခြံဝင်းသို့ ကျန်းယွီချွန်း ပြန်ရောက်လာတော့ ကျန်းကျောက်ရှားနှင့် အတူထိုင်၍ ဓားသိုင်းအကြောင်း ဆွေးနွေးနေသော လီချင်းချိုးကို တွေ့လိုက်ရသည်။
"အစ်ကိုကြီး... မြို့စားမင်းက စာပို့လိုက်တယ်... သူ နောက်ထပ်မိန်းမ ယူဖို့ ပြင်ဆင်နေပြီး စားပွဲသောက်ပွဲ လုပ်မှာမို့လို့ အစ်ကိုကြီးကို တက်ရောက်ဖို့ ဖိတ်ထားပါတယ်..."
ကျန်းယွီချွန်းက ဖိတ်စာကို ကိုင်ရင်း လီချင်းချိုး ဘေးတွင် ဝင်ထိုင်လိုက်သည်။
"မင်း ဘယ်လိုထင်လဲ..."
"နောက်ကွယ်မှာ ရည်ရွယ်ချက် တစ်ခုခုတော့ ရှိရမယ်... ဒါ့အပြင် အစ်ကိုကြီးက ဂိုဏ်းချုပ်ဆိုတော့ ဘယ်လိုလုပ် တောင်အောက်ကို လွယ်လွယ် ဆင်းလို့ရမလဲ... ကျွန်တော့်အကြံကတော့ အစ်ကိုကြီး ကိုယ်စား တတိယဂျူနီယာညီလေးကို လွှတ်လိုက်တာ ကောင်းမယ်... သူ့အရည်အချင်းနဲ့ဆိုရင် မြို့စားမင်း သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး..."
ကျန်းယွီချွန်းက ပြောပြီးသည်နှင့် ကျန်းကျောက်ရှားကို လှမ်းကြည့်လိုက်သည်။
ကျန်းကျောက်ရှားကလည်း ခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်သည်။
"ကောင်းပြီလေ..."
ကျန်းကျောက်ရှား၏ အရည်အချင်းကို ယုံကြည်သဖြင့် လီချင်းချိုးကလည်း သဘောတူလိုက်သည်။
"မြို့စားမင်းဆီမှာ အစီအစဉ် ချထားတာတွေ ဘယ်လိုနေလဲ..."
"မြို့စားမင်းအိမ်တော်ထဲဝင်ဖို့ တပည့်တွေ စီစဉ်ပြီးပါပြီ... ခန်းမသခင်ကျူးကလည်း အဲဒီမြို့စားမင်းရဲ့ နောက်ကွယ်က ဆက်သွယ်ရေးကွန်ရက်ကို စုံစမ်းဖို့ သူ့မိသားစုကို ခိုင်းထားပါတယ်... လောလောဆယ် သိရသလောက်တော့ သူက ကျန်းယန်မြို့တော်က လာတာဖြစ်ပြီး နန်းတွင်းမှာ အရာရှိ လုပ်ဖူးတယ်လို့ သတင်းရထားတယ်..."
"အင်း... သူလျှို ထည့်ထားနိုင်တာကပဲ တော်တော် အဆင်ပြေနေပြီ... သူ့ကို ဆက်ကြည့်ထား... သူ မဟုတ်တာ လုပ်ရင် အတင်းအကျပ် ထိန်းကျောင်းပေးလိုက်..."
လီချင်းချိုးက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ပြီး မြို့စားမင်း ဖန်ရှီးကို လုံးဝ အရေးစိုက်ပုံ မရချေ။
ကျန်းယွီချွန်းက ထိုမြို့စားမင်းကို ရန်သူကြီးဟု မသတ်မှတ်သော်လည်း ကိုင်တွယ်ရ ခက်ခဲသည်ဟု ခံစားရသည်။ ကုန့်လင်ခန်းမ၏ ခေါင်းဆောင် တစ်ယောက်ဖြစ်သဖြင့် ချင်းရှောင်ဂိုဏ်း၏ လက်ရှိ အင်အားကို ကောင်းစွာ သိရှိလေသည်။ စီရင်စုမြို့တော် စစ်တပ်က လာရောက် တိုက်ခိုက်လျှင်ပင် ချင်းရှောင်တောင်ကို အလွယ်တကူ ဖြိုဖျက်နိုင်မည် မဟုတ်ပေ။
ထို့ပြင် ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ မြို့စားမင်းဘက်ကလည်း သိုင်းလောက ဂိုဏ်းတစ်ခုကို တိုက်ခိုက်ရန် စစ်တပ်ကြီးကို စုဆောင်းနိုင်မည် မဟုတ်ချေ။
"ဒါနဲ့ အစ်ကိုကြီး... ဆဌမဂျူနီယာညီမလေး အရင်က ထောက်ခံပေးထားတဲ့ အမည်ခံတပည့် ချူကျင်းကိုမှတ်မိသေးလား... ကျွန်တော်ကတော့ သူ့ကိုထူးချွန်တယ်လို့ ထင်တယ်... သူက သိုင်းပညာအပေါ် ထားတဲ့ သဘောထား မြင့်မားပြီး လူတွေ၊ အရာဝတ္ထုတွေနဲ့ ပတ်သက်ရင် ကိုယ်ပိုင် အမြင် ရှိတယ်... သူ့ကို ကျွန်တော် သင်ပြပေးချင်တယ်..."
ကျန်းယွီချွန်းက ပြုံး၍ ပြောလိုက်ရာ ချူကျင်းနှင့် အသေအချာ ဆွေးနွေးထားပြီး ဖြစ်ကြောင်း သိသာနေသည်။
ထိုအခါ လီချင်းချိုးက….
"ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ သူ့နောက်ခံကို မင်း သိလား..."
ကျန်းယွီချွန်းက ခေါင်းညိတ်ပြီး…
"သူက ကျန်းယန်မြို့တော်မှာ မွေးဖွားခဲ့ပေမဲ့ နောက်ပိုင်း သူ့အဖေနဲ့အတူ ထွက်ခွာခဲ့ရတာပါ... ဒါ့ကြောင့် မြို့တော်ကို အမြဲ ပြန်ချင်နေတာ... အနာဂတ်မှာ မြို့တော်အတွင်းက ချင်းရှောင်ဂိုဏ်းရဲ့ အရေးကြီး သတင်းပေး ဖြစ်လာနိုင်မယ်လို့ ကျွန်တော် ထင်တယ်... ဒါ့အပြင် သူက စာပေ ဗဟုသုတ ကြွယ်ဝတော့ နန်းတွင်းမှာ အရာရှိ ဝင်လုပ်နိုင်လောက်တယ်... အဲဒီအချိန်ကျရင် သူ့ရဲ့ အခန်းကဏ္ဍက ပိုကြီးမားလာနိုင်တယ်..."
ထိုအခါ ကျန်းကျောက်ရှားက နှာခေါင်းရှုံ့လိုက်ပြီး..
"သူက အရာရှိ လုပ်ချင်တယ်ဆိုမှတော့ ဘာလို့ ချင်းရှောင်ဂိုဏ်းကို လာသေးတာလဲ..."
ချင်းရှောင်ဂိုဏ်းမှ ခွဲထွက်ရန် ကံပါလာသော တပည့်များကို ကျန်းကျောက်ရှား မုန်းတီးသည်။
ဒီကောင်တွေ ချင်းရှောင်ဂိုဏ်းကို ဘာမှတ်နေကြသလဲ….
ကျန်းယွီချွန်းက ရယ်မောလိုက်ပြီးာ
"သူက နန်းတွင်းက ကောက်ကျစ်တယ်လို့ ခံစားနေရတာ... အခု တာ့လီမင်းဆက်က သိုင်းပညာကို တန်ဖိုးထားလာတော့ သိုင်းပညာသာ မတတ်ရင် နေရာရဖို့ ခက်ခဲမှာကို သူ စိုးရိမ်နေတာပါ... ဒါ့အပြင် သူ့အဖေ စီစဉ်ပေးမှာကို စောင့်နေရလို့ မြို့တော်ကို မသွားနိုင်သေးတာလေ..."
"ဒုတိယညီလေး... မင်းပဲ စီစဉ်လိုက်ပါ... ဒါပေမဲ့ ငါ သတိပေးမယ်... ဘယ်သူ့ကိုမှ လျှော့မတွက်နဲ့... ဘယ်သူ့ကိုမှ လွယ်လွယ် မယုံနဲ့..."
ကျန်းယွီချွန်း ခေါင်းညိတ်လိုက်သော်လည်း သူ့စကားတွေကို အမှန်တကယ် နှလုံးသွင်းမိရဲ့လား ဆိုသည်ကိုတော့ မသေချာချေ။ ညီအစ်ကို သုံးယောက်သား လီစစ်ဖုန်း အကြောင်း ထပ်မံ ပြောဆိုဖြစ်ခဲ့ကြသော်လည်း လီစစ်ဖုန်းထံမှ သတင်းအစအန မကြားရသည်မှာ ကြာပြီ ဖြစ်ရာ ဒီအတိုင်း လစ်လျူရှုထား၍ မဖြစ်ချေ။
"ရွှယ်ကျင်းကို လွှတ်လိုက်... ဒီတစ်ခါ ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့ကိုပါ ထည့်ပေးလိုက်... သူတို့ ဂုဏ်သတင်း ပျံ့အောင်လို့ပေါ့..."
ကိုးပါးအကြွင်းမဲ့ဂိုဏ်း တာဝန်ကို ထမ်းဆောင်ပြီးနောက် ရွှယ်ကျင်း အမှန်တကယ် ရင့်ကျက်လာပြီး ကျန်းကျောက်ရှားကဲ့သို့ စွမ်းရည်ရှိသော စစ်သူကြီးတစ်ဦး ဖြစ်လာခဲ့ပြီဟုသတ်မှတ်နိုင်သည်။ထို့ကြောင့် လီချင်းချိုး၏ဆုံးဖြတ်ချက်ကို ကျန်းကျောက်ရှား ကန့်ကွက်စရာ မရှိပေ။သူ့ဘက်ကလည်း ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့ကို ဆက်လက် သင်ကြားပေးခြင်း မရှိတော့ဘဲ ထိုတပည့်များ ပညာပြည့်ဝသွားပြီဖြစ်သဖြင့် သူ့တို့ကို မလိုအပ်တော့ဟု ခံစားနေရသည်။
နောက်တနေ့ ရောက်သောအခါ မြို့စားမင်း လွှတ်လိုက်သော အရာရှိများနှင့်အတူ ကျန်းကျောက်ရှားလည်း စီရင်စုမြို့တော်သို့ လိုက်ပါသွားလေသည်။ ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့သည်လည်း လီစစ်ဖုန်းကို ရှာဖွေရန် တုန်းလင်းစီရင်စုသို့ နေ့လယ်မတိုင်ခင် တောင်ပေါ်မှ ဆင်းသွားကြသည်။
တောင်ထိပ်ပေါ်တွင် ရပ်ရင်း တောင်အောက်သို့ ဆင်းသွားသော တပည့်များနှင့် တောင်ပေါ်သို့ တက်လာသော ဘုရားဖူးများကို မြင်တွေ့နေရသည်။ မပြတ်တမ်း သွားလာ လှုပ်ရှားနေသော လူအုပ်ကြီးကို ကြည့်ရင်း ချင်းရှောင်ဂိုဏ်းက ယခုအခါ ကမ္ဘာလောကကို လွှမ်းမိုးနိုင်နေပြီ ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
တခဏအကြာ၌ ကျောက်ကမ်းပါး၏ အခြားတစ်ဖက်သို့ လှည့်၍ ထူထဲသော မြူခိုးများထဲသို့ ခုန်ဆင်းလိုက်ပြီး ခါးကြားမှ ကောင်းကင်သက်တံဓားကို ဆွဲထုတ်လိုက်လေရာ ဓားချီစွမ်းအင်များ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံကာ တောအုပ်ထဲသို့ သယ်ဆောင်သွားလေသည်။