← Chapters

လီစစ်ဖုန်း ပြန်ရောက်လာခြင်း

Vol. 10 Ch. 92

လီစစ်ဖုန်း ပြန်ရောက်လာခြင်း

Vol. 10 Ch. 92

တောင်တန်းများကြားတွင် အမျိုးသမီးတစ်ဦးနှင့် လူငယ်လေးတစ်ယောက်က ထမ်းစင်တစ်ခုကို သယ်ဆောင်ကာ တောင်ပေါ်သို့ ခက်ခဲပင်ပန်းစွာ တက်ရောက်နေကြသည်။ ထမ်းစင်ပေါ်တွင် ဒဏ်ရာများနှင့် လူငယ်တစ်ယောက် ရှိနေပြီး ဓားတစ်လက်ကို ရင်ခွင်ထဲတွင် ပိုက်ထားလေသည်။

ထိုလူငယ်မှာ လီစစ်ဖုန်းမှတစ်ပါး အခြားသူ မဟုတ်ချေ။ သူ့ပုံစံမှာ အလွန် ဖရိုဖရဲ ဖြစ်နေပြီး မျက်နှာတခုလုံး ဖြူဖပ်ဖြူရော်နှင့် မျက်ခုံးနှစ်ခုကြားတွင် သွေးစွန်းနေသည်။ ရှေ့မှ သွားနေသော လူငယ်လေး၏ ပိန်လှီသော ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေသော်လည်း အံကိုတင်းတင်းကြိတ်ကာ ဇွဲမလျှော့ဘဲ ဆက်သွားနေသည်။

"ရှောင်စန်း... နင် မနိုင်တော့ရင် အစ်မ ဝင်ထမ်းပေးမယ်..."

ထမ်းစင် သယ်လာသော အမျိုးသမီးက အသက် ၂၀ ကျော်သာ ရှိဦးမည် ဖြစ်ပြီး စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားရရှာသည်။ သူမ၏ ဆံပင်ရှည်များကို အဝတ်စုတ်ဖြင့် စည်းနှောင်ထားပြီး ဖြူဝင်းသော မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များ ကျဆင်းနေသည်။

ရှောင်စန်းဟုခေါ်သော လူငယ်လေးက ခေါင်းမလှည့်ဘဲ …..

"ရပါတယ် အစ်မ... ကျွန်တော့်ခြေထောက်တွေ ပြတ်ထွက်သွားရင်တောင် ကျေးဇူးရှင်ကို ကာကွယ်ပေးမှာပါ..."

ရိုးရှင်းသော အဝတ်အစားနှင့် အမျိုးသမီးက စိတ်သက်သာရာ ရသည့်အပြုံးဖြင့် ပြုံးလိုက်သော်လည်း သူမ၏ မျက်ဝန်းများထဲတွင် နာကျင်မှုများကို တွေ့မြင်နေရသည်။

လီစစ်ဖုန်းက မျက်လုံးများကို တစ်ဝက်သာ ဖွင့်ထားနိုင်ပြီး အားနည်းသော အသံဖြင့် …

"မိန်းကလေးချန်ရှို့... ဒီအခက်အခဲကိုသာ ကျော်ဖြတ်နိုင်ခဲ့ရင် ချင်းရှောင်ဂိုဏ်း ရောက်တာနဲ့ ဘယ်သူမှ ခင်ဗျားတို့ကို ဒုက္ခမပေးနိုင်စေရဘူး... ကျွန်တော့် ဂိုဏ်းချုပ်အစ်ကိုက ကျွန်တော့်ကို အရမ်းကာကွယ်ပေးတာ... ကျွန်တော့် တတိယအစ်ကို ယဆိုရင် မျက်စိထဲ အမှုန်ဝင်တာတောင် သည်းခံမယ့်သူ မဟုတ်ဘူး... သေချာပေါက် ကလဲ့စားချေပေးလိမ့်မယ်... ကျွန်တော်တို့ကို ဒုက္ခပေးခဲ့တဲ့သူတွေ တစ်ရက်တောင် အသက်ရှင်ရမှာ မဟုတ်ဘူး..."

သူ ပြောလိုက်သည့် မိန်းကလေးချန်ရှို့ ဆိုသည်မှာ ရိုးရှင်းသော အဝတ်အစားဝတ်ထားသော အမျိုးသမီး ဖြစ်ပြီး သူမ၏ နာမည်အရင်းမှာ ချန်ရှို့ ဖြစ်သည်။

ချန်ရှို့က အတင်းဟန်ဆောင် ပြုံးလိုက်ပြီး…..

"ဟုတ်ပါပြီ... စိတ်မပူပါနဲ့... ရှင် ချင်းရှောင်ဂိုဏ်း ပြန်ရောက်ဖို့ ကျွန်မတို့ အကောင်းဆုံး ကြိုးစားပါ့မယ်..."

သူတို့မိသားစု အားလုံး လူယုတ်မာများ၏ လက်ချက်ဖြင့် ဒုက္ခရောက်ခဲ့ရချိန်တွင် လီစစ်ဖုန်းသာ အချိန်မီ ဝင်မပါခဲ့လျှင် သူမ၏ မောင်လေး သေဆုံးသွားနိုင်ပြီး သူမလည်း အရှက်တကွဲ အကျိုးနည်း ဖြစ်ပြီးမှ သေဆုံးရပေလိမ့်မည်။ နောက်ပိုင်းတွင် လီစစ်ဖုန်းနှင့်အတူ အခက်အခဲများစွာ ခံစားခဲ့ရသော်လည်း သူတို့ နောင်တမရပေ။

လီစစ်ဖုန်းခင်မျာ အားနည်းလွန်းသဖြင့် မျက်လုံးများ မဖွင့်နိုင်တော့ချေ။နောက်ဆုံး၌ သူ့အသက်ရှူသံများ ဖျော့တော့လာပြီး တစ်ကိုယ်တည်း ကယောင်ဂတမ်းရေရွတ်နေလေသည်။

"ကျွန်တော့်ရဲ့... ဂိုဏ်းချုပ်အစ်ကို..."

သူသည် ဓားကို ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ဖက်ထားသဖြင်​ြ နေရောင်ခြည် ဖြာကျလာပြီး နက်မှောင်သော ရွှေရောင် ဓားအိမ်ပေါ်မှ အေးစက်သော အလင်းရောင်များ သူ့မျက်နှာပေါ် ရောင်ပြန်ဟပ်နေ၏။ ဓားလက်ကိုင်ရိုးမှာ နဂါးအကြေးခွံများ ဖုံးအုပ်ထားသယောင်ထင်ရပြီး ရှေးဟောင်းအငွေ့အသက်များ ထွက်ပေါ်နေသလို လွှမ်းမိုးချုပ်ကိုင်လိုသော အရှိန်အဝါလည်း ထွက်ပေါ်နေသည်။

တောင်တန်းများနှင့် လယ်ကွင်းပြင်များမှာ အလွန်ကျယ်ပြောပြီး ခြောက်သွေ့နေကာ ရှေ့ခရီးလမ်းမှာ အဆုံးမရှိနိုင်သကဲ့သို့ ထင်ရသည်။ မောင်နှမနှစ်ယောက်သား လီစစ်ဖုန်းကို သယ်ဆောင်ကာ ရှေ့ဆက်သွားကြပြီး နေဝင်ချိန် ရောက်သည်အထိ မရပ်နားဘဲ ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် ဆက်သွားနေခဲ့ကြသည်။ နေဝင်ဆည်းဆာ အလင်းရောင်က သူတို့ကို လွှမ်းခြုံထားသဖြင့် ရွှေရောင်ဝတ်ရုံ လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသည်။

ရွှစ်...

လျှောက်နေရင်းနှင့် နောက်ဘက်မှ လေတိုးသံတစ်ခု ထွက်ပေါ်လာပြီး သူတို့ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ထက်ရှသော မြားတစ်စင်းက ချန်ရှို့၏ ခြေသလုံးကို ဖောက်ဝင်သွားပြီး သွေးများ ပန်းထွက်လာသည်။ သူမလည်း နာကျင်လွန်းသဖြင့် အော်ဟစ်ကာ ဒူးထောက် ကျသွားသည်။ ရှောင်စန်းလည်း ဟန်ချက်ပျက်ပြီး ဘေးသို့ လဲကျသွားသဖြင့် ထမ်းစင်ပေါ်က လီစစ်ဖုန်းမှာ လွင့်စင်သွားပြီး တောင်ကုန်းအောက်သို့ လိမ့်ကျသွားသော်လည်း သ ဓားကို တင်းတင်းဆုပ်ကိုင်ထားပြီး လက်လွှတ်မခံပေ။

သူ့ခန္ဓာကိုယ် ရပ်တန့်သွားသောအခါ တစ်ကိုယ်လုံးရှိ အရိုးများ ပြုတ်ထွက်သွားတော့မတတ် ခံစားလိုက်ရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မျှော်လင့်ချက်မဲ့နေမှုများကို တွေ့လိုက်ရသည်။

သိုင်းပညာရှင် တစ်စုက မြင်းစီးလျက် ရောက်ရှိလာကြပြီး သူတို့နှင့် မီတာ တစ်ရာအကွာလောက်တွင်သာ ရှိတော့သည်။ ချန်ရှို့နှင့် ရှောင်စန်းတို့ နောက်လှည့်ကြည့်လိုက်ကြပြီး အလားတူပင် ကြောက်လန့်သွားကြကာ မောင်နှမ နှစ်ယောက်၏ မျက်နှာများ သွေးဆုတ်ကာ ဖြူရော်သွားသည်။ သူတို့ခင်မျာ ဆက်လက် ထွက်ပြေးရန် ပင်ပန်းလွန်းနေပြီဖြစ်သဖြင့် နောက်က လိုက်လာသူများ တဖြည်းဖြည်း နီးကပ်လာသည်ကိုသာ ဒီအတိုင်း ကြည့်နေမိကြတော့သည်။

"ဂါးးးးးး..."

ထိုစဉ် သူတို့ နောက်ဘက်ရှိ တောင်ထိပ်ပေါ်မှ ဟိန်းသံတစ်ခု ထွက်ပေါ်လာသဖြင့် တောထဲမှ ငှက်များ လန့်ဖျပ်ပျံသန်းသွားကြသည်။ သူတို့ ခေါင်းလှည့်ကြည့်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွားကြပြီး မယုံကြည်နိုင် ဖြစ်သွားကြသည်။ တောင်ထိပ်ပေါ်တွင် ကြီးမားခန့်ညားသော အနီရောင်ရင့်ရင့် သတ္တဝါကြီး တစ်ကောင် ပေါ်လာပြီး ၎င်းတွင် သမင်ခန္ဓာကိုယ်၊ နဂါးခေါင်း၊ ဓားသွားကဲ့သို့ ဦးချိုများ ရှိပြီး ခြေလေးချောင်းတွင် မီးတောက်များ လောင်ကျွမ်းနေသည်။

ထိုသတ္တဝါကြီးကနက်မှောင်သော ရွှေရောင် မျက်လုံးများက သူတို့ကို ငုံ့ကြည့်နေသည်။

လီစစ်ဖုန်းလည်း ခေါင်းလှည့်ကြည့်လိုက်ပြီး မှင်သက်သွားသည်။

"ငရဲချီလင်..."

လီစစ်ဖုန်း မယုံကြည်နိုင်စွာဖြင့် တုန်ရီသော အသံဖြင့် ခေါ်လိုက်မိပြီး မသေခင် မြင်ရသော စိတ်အာရုံချောက်ခြားမှု ဖြစ်မည်ကို ကြောက်ရွံ့နေမိသည်။ ထိုအချိန်မှာပင် ငရဲချီလင်က ခုန်အုပ်လိုက်ပြီး ချန်ရှို့တို့ မောင်နှမ နှစ်ယောက်၏ အပေါ်မှ ကျော်တက်သွားသဖြင့် ကောင်းကင်ယံ တစ်ခုလုံး ရုတ်တရက် မည်းမှောင်သွားပြီးမှ ပြန်လင်းသွားသည်။

ငရဲချီလင် မြေကြီးပေါ်သို့ ကျရောက်ပြီးနောက် မြင်းစီးလာသော သိုင်းသမားများထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလေသည်။ စောစောက ဟိန်းသံကြောင့် မြင်းများ လန့်ကာ ရပ်တန့်သွားကြပြီး ယခု ပြေးဝင်လာသည်ကို မြင်သောအခါ သခင်၏ အမိန့်ကို မစောင့်တော့ဘဲ ကြောက်လန့်တကြား လှည့်ပြေးကြသဖြင့် သိုင်းသမား အများအပြား မြင်းပေါ်မှ ပြုတ်ကျကုန်ကြသည်။

"အဲဒါ... ဘာကောင်ကြီးလဲ..."

ရှောင်စန်းခင်မျာ ကြမ်းပြင်ပေါ်တွင် ပုံလျက်သား ဖြစ်နေပြီး ကြောင်တောင်တောင်အမူအရာနှင့် အစ်မအဖြစ်သူကို မေးမြန်းလိုက်သော်လည်း ချန်ရှို့လည်း အလားတူ ထိတ်လန့်နေပြီး ခေါင်းထဲတွင် ဗလာ ဖြစ်နေသဖြင့် ပြန်မဖြေနိုင်ချေ။

...

တောင်တန်းများကြားတွင် ကြီးမားသော လင်းယုန်နက်ကြီး တစ်ကောင် ပျံဝဲနေ၏။

လီချင်းချိုးက ထိုလင်းယုန်ကျောပေါ်တွင် ရပ်ရင်း မျက်မှောင်ကြုတ်နေလေသည်။ ထိုက်ခွန်းတောင်တန်း တစ်ခုလုံးကို ပျံသန်းရှာဖွေခဲ့ပြီး နေ့ဝက်လောက် ကြာမြင့်ခဲ့သော်လည်း ငရဲချီလင်ကို ရှာမတွေ့ပေ။

ပုံမှန်အားဖြင့် ငရဲချီလင်သည် လူများကို ရှောင်ရှားသရွေ့ လွတ်လပ်စွာ သွားလာခွင့် ရှိသည်။ သို့သော် ယနေ့တွင် လီတုန်းယွဲ့က ငရဲချီလင်ကို မတွေ့ရသည်မှာ ရက်အတော်ကြာပြီ ဖြစ်ကြောင်း ပြောလာသဖြင့် ထွက်ရှာခြင်း ဖြစ်သည်။ မထင်မှတ်ဘဲ ငရဲချီလင် ထိုက်ခွန်းတောင်တန်းမှ ထွက်ခွာသွားပြီ ဖြစ်သည်။

အကြောင်းတစ်ခုခုကြောင့် လီချင်းချိုး စိတ်ထဲ၌ မသိုးမသန့်ဖြစ်နေမိသည်။

"ချီလင်က မင်္ဂလာရှိတဲ့ သတ္တဝါ ဖြစ်တဲ့အပြင် စစ်ဖုန်းကို သခင်အဖြစ် အသိအမှတ်ပြုထားတယ် ဆိုတော့..."

"စစ်ဖုန်း တစ်ခုခု ဖြစ်နေတာလား..."

လီချင်းချိုး မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။ ယခု လီစစ်ဖုန်းကို ရှာဖွေရန် တောင်အောက်သို့ ဆင်းသွားလျှင်ပင် ရှာတွေ့ရန် ခက်ခဲပေမည်။ ကမ္ဘာလောကကြီးက ကျယ်ဝန်းလှပြီး သူသည်လည်း တုန်းလင်းစီရင်စုသို့ တစ်ခါမှ မရောက်ဖူးသဖြင့် လမ်းမသိချေ။ ထို့ကြောင့် ရှောင်ပါးကို ခေါင်းပုတ်လိုက်ပြီး ပြန်လှည့်ရန် အချက်ပြလိုက်သည်။

လင်းရှောင်ခြံဝင်းသို့ သူ ပြန်ရောက်သောအခါ ညနေစောင်းနေပြီ ဖြစ်သည်။လမ်းတစ်လျှောက်လုံးတွင် လီစစ်ဖုန်းကို ရှာဖွေရန် လူလွှတ်သင့် မသင့် စဉ်းစားလာခဲ့သည်။ သို့သော် လီစစ်ဖုန်း တောင်အောက်ဆင်းရန် ဆုံးဖြတ်ခြင်းမှာ သူ့သဘောဆန္ဒသာ ဖြစ်သည်။ အကယ်၍ ရန်သူတွေသာ လီစစ်ဖုန်းကို ဒုက္ခရောက်အောင် လုပ်နိုင်ပါက အခြားတပည့်များလည်း အန္တရာယ် ရှိနိုင်ပေသည်။

သူ အိမ်ထဲသို့ ရောက်သည်နှင့် ကျန်းယွီချွန်းလည်း ရောက်လာပြီး…

"အစ်ကိုကြီး... ဟို ချူကျင်း ဆိုတဲ့ကောင်က တကယ် ပါရမီရှင်ပဲ... သူ့သိုင်းပညာ တိုးတက်လာတာ အရမ်းမြန်လွန်းတယ်... သူ့ကို ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာ သင်ပေးသင့်တယ်လို့ ထင်လား..."

ကျန်းယွီချွန်းက လီချင်းချိုး အနားသို့ ရောက်လာပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ ချူကျင်း ကျန်းယွီချွန်း၏ အဖွဲ့ထဲသို့ ဝင်ရောက်ခဲ့သည်မှာ ဆယ်ရက်သာ ရှိသေးပြီး သူ့အတွက် ဤမျှအမြန် ပြောပေးလိမ့်မည်ဟု လီချင်းချိုး မထင်ထားခဲ့ပေ။

ဒါက ချူကျင်းရဲ့ လူတွေရဲ့ စိတ်နှလုံးကို ဆွဲဆောင်နိုင်တဲ့ စွမ်းရည်ပဲ...

လီချင်းချိုး၏ မျက်နှာထား တည်ကြည်လေးနက်သွားပြီး…

"ဒုတိယညီလေး... မင်း ချူကျင်းကို ယုံလို့ မဖြစ်ဘူး..."

ကျန်းယွီချွန်း ကြောင်သွားပြီး အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်သည်။

"ဘာလို့လဲ... သူက အလုပ်ကြိုးစားပြီး တခြားတပည့်တွေအပေါ်လည်း အရမ်း ဖော်ရွေတယ်လို့ ကျွန်တော် ထင်တာပဲ..."

"အဲဒါကြောင့် သူက ကြောက်ဖို့ကောင်းတာပေါ့... တကယ်တော့ သူက ပါရမီရှင် လုံးဝ မဟုတ်ဘူး... တိတိကျကျ ပြောရရင် သူက ပါရမီရှင် ဟုတ်ပေမဲ့ မင်းထင်နေတဲ့ ပါရမီရှင်မျိုး မဟုတ်ဘူး... သူ့သိုင်းပညာ စွမ်းရည်တွေက အရမ်းမြင့်မားပေမဲ့ ကောင်းကောင်း ဖုံးကွယ်ထားတာ... နတ်ဆိုးဧကရာဇ်တောင် သူ့လောက် မတော်ဘူး... ဒါ့အပြင် ငါ သူ့ပခုံးကို တစ်ခါ ထိဖူးတယ်... သူ့ခန္ဓာကိုယ်က ငါမြင်ဖူးတဲ့ ဘယ်အဘိုးကြီးထက်မဆို ပိုအိုမင်းနေတယ်... ငါ သူ့ကို မောင်းမထုတ်ဘဲ ထားတာက သူ ဘာလုပ်မလဲ ဆိုတာ ကြည့်ချင်လို့ပဲ..."

အစက ငြိမ်နေပြီး အခြေအနေကို စောင့်ကြည့်ရန် ရည်ရွယ်ထားသော်လည်း ကျန်းယွီချွန်း အလိမ်ခံလိုက်ရသည်ကို ကြည့်မနေနိုင်ပေ။ အကယ်၍ ကျန်းယွီချွန်းသာ ခေါင်းမာနေပါက လီချင်းချိုးအနေဖြင့် အရင်အစီအစဉ်ကို ဖျက်သိမ်းပြီး ချူကျင်းကို ကြိုတင် အရေးယူကာ သူ့သဏ္ဍာန်မှန် ပေါ်လာအောင် လုပ်ရပေလိမ့်မည်။

လီချင်းချိုးပြောသမျှကို ကြားပြီးနောက်ကျန်းယွီချွန်း၏ မျက်နှာထား ပြောင်းလဲသွားပြီး ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။

"ဒီလောကမှာ အဲဒီလို ထူးခြားတဲ့လူ ရှိတာလား... သူက ဟွမ်ယွမ်ကျမ်းစာကို လိုချင်လို့များလား... ဒါကြောင့် သူ့တိုးတက်မှုနှုန်းက တခြားတပည့်တွေထက် အများကြီး သာလွန်နေတာကိုး... ကျွန်တော်ကတော့ သူ့ကို ပါရမီရှင်ဆိုပြီး အရမ်း အထင်ကြီးမိသွားတယ်... တကယ်လို့ သူသာ ဟွမ်ယွမ်ကျမ်းစာကို ရသွားရင် အကျိုးဆက်က တွေးရဲစရာတောင် မရှိဘူး..."

သူ့မျက်နှာထား ပိုမို တင်းမာလာပြီး မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များပင် ပေါ်လာသည်။ ကျန်းယွီချွန်း ယုံကြည်မှု တိုးလာသည်ကို မြင်ရသဖြင့် လီချင်းချိုး ဝမ်းသာသွားသည်။

"အခု ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်... တစ်ခုက ငါ သူ့ကို ဖမ်းပြီး သူ့သဏ္ဍာန်မှန် ပေါ်လာအောင် အတင်းအကျပ် လုပ်ခိုင်းတာ... နောက်တစ်ခုက မင်း သူနဲ့ ဆက်လက် ပူးပေါင်းပြီး သူ့တောင်းဆိုမှုတွေကို မလိုက်လျောဘဲ သူ့ရဲ့ သဏ္ဍာန်မှန်နဲ့ ရည်ရွယ်ချက်ကို စုံစမ်းတာ... ဒါက မင်းရဲ့ စိတ်နေသဘောထားနဲ့ ဟန်ဆောင်နိုင်စွမ်းကို စမ်းသပ်ရာ ရောက်ပြီး မင်း လုပ်နိုင်ချင်မှ လုပ်နိုင်လိမ့်မယ်..."

လီချင်းချိုးက ထိုစကားများကို ကျန်းယွီချွန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။

"ကျွန်တော် ဒုတိယနည်းလမ်းကို ရွေးမယ်... ဒီလိုလူစားမျိုးက အရမ်း ကြောက်ဖို့ ကောင်းတယ်... သူ့နောက်ကွယ်မှာ အင်အားကြီးမားတဲ့ အဖွဲ့အစည်း ရှိနိုင်တယ်... သူ့ကို အလန့်တကြား မဖြစ်စေရဘူး... အစ်ကိုကြီး စိတ်မပူပါနဲ့... ကျွန်တော် သူ့ရှေ့မှာ ဟာကွက် မပြမိစေရပါဘူး..."

ပြောရင်းဆိုရင်းနှင့် ကျန်းယွီချွန်းကတော့ စိတ်ထဲတွင် အဖြေရှာပြီး ဖြစ်လေသည်။

"အစ်ကိုကြီး ပြောတာ မှတ်ထားနော်... သူ့သိုင်းပညာက တကယ် မြင့်မားတာ... သူနဲ့ နှစ်ယောက်တည်း ရှိနေတာမျိုး ရှောင်ကြဉ်ပါ... ဒါက နောက်စရာ မဟုတ်ဘူး..."

လီချင်းချိုးက ထပ်မံသတိပေးလိုက်သဖြင့် ကျန်းယွီချွန်း ခေါင်းညိတ်လိုက်သည်။ သူသည်လည်း သူ့အသက်နှင့် ရင်းပြီး နောက်ပြောင်မည် မဟုတ်ပေ။

"သူ့အကြောင်း ပြောပြီးပြီ ဆိုတော့ စစ်ဖုန်း အကြောင်း ပြောရအောင်... ငရဲချီလင် ပျောက်သွားတယ်... စစ်ဖုန်း တစ်ခုခု ဖြစ်နေပြီလို့ ငါ သံသယ ရှိတယ်..."

ဤစကားကို ကြားသောအခါ ကျန်းယွီချွန်း မျက်မှောင်ကြုတ်သွားပြန်သည်။ သူ တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ….

"အဲဒီ မင်္ဂလာကောင်က တောင်အောက် ဆင်းသွားပြီဆိုတော့ သူ့ဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပေးမှာပါ... အစ်ကိုကြီး တောင်အောက်ကို လွယ်လွယ် မဆင်းသင့်ဘူး... ထောင်ချောက် ဖြစ်နေမှာ စိုးရိမ်လို့ပါ... ဒါ့အပြင် အစ်ကိုကြီး တောင်ပေါ်မှာ ရှိနေဖို့ လိုတယ်... ဒီတလော နတ်ဆိုးတွေ မိစ္ဆာတွေ ချင်းရှောင်တောင်ပေါ်ကို ခိုးဝင်လာကြတယ်..."

"နောက်ထပ် ဆယ်ရက်နေလို့မှ သူ ပြန်မလာသေးရင် ငါ ကိုယ်တိုင် တောင်အောက် ဆင်းမယ်... ငါ ဆင်းတဲ့အခါ ချူကျင်းကိုပါ တစ်ပါတည်း ခေါ်သွားမယ်..."

ကျန်းယွီချွန်း ပါးစပ်ဟလိုက်သော်လည်း ပြောချင်သော စကားလုံးများက လည်ချောင်းဝတွင် တစ်ဆို့သွားသည်။ အစ်ကိုကြီး၏ နည်းလမ်းမှာ အလုံခြုံဆုံး ဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။ အစ်ကိုကြီးနှင့် တတိယဂျူနီယာညီလေး မရှိခိုက် ချူကျင်းကို ထားခဲ့ခြင်းမှာ အလွန် အန္တရာယ်များလှသည်။

"ဒါဆို နောက်ထပ် ဆယ်ရက် စောင့်ကြည့်ကြတာပေါ့..."

ကျန်းယွီချွန်း သဘောတူရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။

...

ထိုနေ့မှစ၍ လီချင်းချိုးအဖို့ စိတ်ငြိမ်အောင်ထားရန် ခက်ခဲနေတော့သည်။ ဖြစ်နိုင်ခြေ အများအပြားကို စဉ်းစားခဲ့သော်လည်း သူ့တွင် ဂျူနီယာညီလေးအဖြစ် လီစစ်ဖုန်း တစ်ယောက်တည်း ရှိသည် မဟုတ်သဖြင့် စိတ်လိုက်မာန်ပါ မလုပ်ဆောင်နိုင်ပေ။ ငါးရက် ကြာပြီးနောက် လီချင်းချိုး ပိုမို စိုးရိမ်ပူပန်လာပြီး ကျင့်ကြံရာတွင်ပင် စိတ်တိုလာသည်။ ကံကောင်းသည်မှာ တာအိုမျိုးဆက်စနစ်ကို စစ်ဆေးကြည့်သောအခါ လီစစ်ဖုန်း၏ ပုံရိပ်မှာ ရှိနေဆဲ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် လီစစ်ဖုန်း သတ္တမမြောက်နေ့တွင် ပြန်ရောက်လာခဲ့သည်!

ထိုသတင်းကို ယွမ်ချီ ယူဆောင်လာခြင်း ဖြစ်သည်။

"ဂိုဏ်းချုပ်... ခန်းမသခင် လီစစ်ဖုန်း ပြန်ရောက်လာပါပြီ... သူ တောင်ခြေမှာ ရောက်နေပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်လို့ ကြားပါတယ်... ခန်းမသခင်ကျန်းနဲ့ ခန်းမသခင်လီတို့ လူတွေခေါ်ပြီး တောင်အောက် ဆင်းသွားကြပါပြီ..."

ယွမ်ချီ သူ့အနားသို့ ရောက်လာပြီး အလျင်စလို သတင်းပို့နေသဖြင့် လီချင်းချိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဒဏ်ရာက ဘယ်လောက် ပြင်းထန်လဲ..."

"ကျွန်တော်လည်း မသိဘူး... သူ မေ့မြောနေပုံပဲ..."

"ငါ သိပြီ... မင်း သွားတော့..."

လီချင်းချိုး လက်ဝှေ့ယမ်းလိုက်ရာ ယွမ်ချီက ချက်ချင်း ဦးညွှတ်ပြီး ထွက်ခွာသွားသည်။ လီတုန်းယွဲ့လည်း သွားပြီ ဖြစ်သဖြင့် လီချင်းချိုး အလျင်စလို မလိုက်သွားတော့ပေ။ ဤအခွင့်အရေးကို အသုံးချပြီး လီစစ်ဖုန်းကို ကောင်းကောင်း ဆုံးမချင်နေသည်။

ဒီကောင်လေးက အရမ်း မိုက်မဲလွန်းတယ်!

သို့သော်လည်း တစ်နာရီခန့် စောင့်ဆိုင်းပြီးမှ လီစစ်ဖုန်းကို ကျောပိုး၍ ကျန်းယွီချွန်း လင်းရှောင်ခြံဝင်းထဲသို့ ဝင်လာပြီး လီတုန်းယွဲ့လည်း နောက်မှ လိုက်ပါလာသည်။

လီချင်းချိုးက သူတို့ကိုမြင်သော်လည်း စားပွဲရှည်တွင် ထိုင်နေရာမှ မထပေ။

"အဲဒီကောင်လေး ဘယ်လိုနေလဲ..."

"အတွင်းဒဏ်ရာ ရထားတယ်... ဒါပေမဲ့ စတုတ္ထဂျူနီယာညီမလေးက သူ့အခြေအနေကို တည်ငြိမ်အောင် လုပ်ပေးလိုက်တော့ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားတာမျိုး မရှိပါဘူး..."

လီချင်းချိုး သက်ပြင်းချလိုက်သော်လည်း မျက်နှာထားကတော့ မည်းမှောင်နေဆဲပင်။ လီစစ်ဖုန်း၏ ညာဘက်လက်တွင် ဓားတစ်လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်ကို သတိပြုမိလိုက်သဖြင့် ချက်ချင်း စိုးရိမ်သွားပြီး လီစစ်ဖုန်းလက်ထဲမှ ဓားကို ဆွဲယူလိုက်သည်။

ထိုအခါ လီစစ်ဖုန်း ရုတ်တရက် နိုးလာပြီး အော်ဟစ်လိုက်လေသည်။

"လွှတ်စမ်း..."

သူ့အကြည့်က ဓားကို ယူထားသော လီချင်းချိုးအပေါ် ကျရောက်သွားသောအခါမှသာ သူ့ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားပြီး ဝမ်းသာအားရ အပြုံးတစ်ခု အစားထိုး ဝင်ရောက်လာကာ ပြန်လည် မေ့မြောသွားလေသည်။

"ဒီကောင်လေး ဒီဓားကို လုံးဝ စွဲလမ်းနေတာပဲ..."

ကျန်းယွီချွန်းက လီစစ်ဖုန်းကို ကျောပိုးထားရင်း ဆဲဆိုလိုက်သော်လည်း လီချင်းချိုးကို ကြည့်လိုက်သောအခါ ကြောင်အသွားသည်။ လီချင်းချိုးက ထူးဆန်းသော အမူအရာဖြင့် ဓားကို ကိုင်ထားပြီး ဓားအိမ်ကို စိုက်ကြည့်နေသည်မှာ ဓားက သူ့ဝိညာဉ်ကို ဖမ်းစားထားသကဲ့သို့ ဖြစ်နေ၏။

All Chapters