နှစ်ထောင်ချီ အမွေအနှစ်၊ ဓားနတ်ဘုရား
Vol. 10 Ch. 93
"အစ်ကိုကြီး... ဘာဖြစ်လို့လဲ..."
ကျန်းယွီချွန်းက လီချင်းချိုးကို သတိထားကာ မေးလိုက်ပြီး သူ့အသံမှာလည်း တုန်ရီနေသည်။ လီတုန်းယွဲ့လည်း လျှောက်လာပြီး လီချင်းချိုးကို နားမလည်နိုင်စွာ ကြည့်နေလေသည်။
လီချင်းချိုးက အကြည့်လွှဲလိုက်ပြီး….
"ဒီဓားက တီရွှမ်းဓား ဖြစ်ရမယ်... ဒီကောင်လေး တော်တော် ကံကောင်းတာပဲ... မင်းတို့ သူ့ကို အထဲ အရင် ခေါ်သွားလိုက်..."
လီချင်းချိုး အပူးကပ် ခံထားရပုံ မရသည်ကို မြင်မှသာ ကျန်းယွီချွန်း သက်ပြင်းချလိုက်သည်။ ထို့နောက် လီစစ်ဖုန်းကို အိမ်ထဲသို့ သယ်သွားပြီး လီတုန်းယွဲ့လည်း နောက်မှ လိုက်ပါသွားခဲ့သည်။ထိုအခါမှသာ လီချင်းချိုးက စားပွဲရှည်ဆီသို့ လျှောက်သွားပြီး တီရွှမ်းဓားကို တင်လိုက်သည်။
တီရွှမ်းဓား အဘယ်ကြောင့် ဤမျှ နာမည်ကြီးနေရသနည်းဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားပြီ ဖြစ်သည်။ ဤဓားသည် မှော်ရတနာ တစ်ခုဖြစ်ပြီး ငါးပျံဓားထက်ပင် ပိုမို စွမ်းအားကြီးမားသော မှော်ရတနာ ဖြစ်နေသည်။
ဓားထဲတွင် ဓားဝိညာဉ်ရှိပြီး လီစစ်ဖုန်း၏ ဝိညာဉ်နှင့် ချိတ်ဆက်မှု ပြုလုပ်ထားပြီး ဖြစ်သည်။ ဓားဝိညာဉ်ပေါ်တွင် လီစစ်ဖုန်း ဝိညာဉ်၏ အမှတ်အသားကို လီချင်းချိုး မြင်တွေ့လိုက်ရသည်။ မူလချီ မထည့်သွင်းရင်တောင်မှ လီစစ်ဖုန်းအနေဖြင့် ဓားဝိညာဉ်၏ စွမ်းအားကို ငှားရမ်း အသုံးပြုနိုင်သေးသည်။
သို့သော်လည်း ဤဓားဝိညာဉ်က အလွန် ဆိုးယုတ်လှသည်။အကယ်၍ ခန္ဓာကိုယ် မသန်မာပါက ထပ်ခါတလဲလဲ အသုံးပြုခြင်းဖြင့် ခန္ဓာကိုယ်နှင့် စိတ်ကို ထိခိုက်စေနိုင်သည်။ အင်မော်တယ် ကျင့်ကြံခြင်းက ရုပ်ခန္ဓာကိုရော ဝိညာဉ်ကိုပါ သန်မာစေနိုင်သဖြင့် လီစစ်ဖုန်း တီရွှမ်းဓားကို အသုံးပြုနိုင်ကြောင်း လီချင်းချိုး စိတ်ချသွားသည်။
တီရွှမ်းဓားက ငါးပျံဓားနှင့် မိုးကြိုးအလံတံခွန်ထက် ပိုမို သန်မာသော်လည်း လီချင်းချိုး ယူထားရန် အစီအစဉ် မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဆဌမဂျူနီယာညီလေး အသက်နှင့်ရင်းပြီး ရယူခဲ့သော အရာ ဖြစ်နေ၍ ဖြစ်သည်။ လက်ရှိတွင် ဓားဝိညာဉ်အကြောင်း သိချင်ရုံသာ ဖြစ်ပြီး ဓားဝိညာဉ်က သခင်ကို အသိအမှတ်ပြုသော နည်းလမ်းကို နားလည်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
တီရွှမ်းဓားက သခင်ကို အသိအမှတ်ပြုပြီးသည်နှင့် ချိတ်ဆက်မှု လုပ်ငန်းစဉ်ကို မဖျက်စီးနိုင်သရွေ့ အခြားသူများ အသုံးပြု၍ မရတော့ပေ။ လူသားတစ္ဆေနတ်ဘုရား ကံကြမ္မာ ပိုင်ဆိုင်ထားသော လီချင်းချိုးကတော့ ကြက်သွန်နီကို အလွှာလိုက် ခွာသကဲ့သို့ တချက်ကြည့်ရုံဖြင့် ဓားဝိညာဉ်ကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိသည်။
ခဏကြာသောအခါ ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ အိမ်ထဲမှ ထွက်လာကြပြီး လီချင်းချိုး၏ မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ကြသည်။
"ဆဌမဂျူနီယာညီလေးကို လိုက်ဖမ်းတဲ့လူတွေ ရှိတယ်... ကျွန်တော်တို့ ဆင်းသွားတော့ သူတို့ အဝေးကနေ ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြန်ဆုတ်သွားကြတာ... ဒီကိစ္စက ဒီလောက်နဲ့ ပြီးမှာ မဟုတ်ဘူး..."
"ကောင်းတာပေါ့... သူတို့ကို နေရာတကာ လိုက်ရှာနေရတဲ့ ဒုက္ခ သက်သာသွားတာပေါ့..."
"အရင်ရထားတဲ့ သတင်းတွေအရဆိုရင် ဖေမိသားစုရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိဖို့ များတယ်..."
"ဘာလဲ... ဖေမိသားစုဝင်တွေမှာ ဦးနှောက် မရှိကြဘူးလား..."
ကျန်းယွီချွန်းက အစ်ကိုကြီး ဘာပြောချင်သည်ကို သိလေသည်။ အစ်ကိုကြီးက တကယ်ကို ကံကြမ္မာ ပြောင်းလဲစေနိုင်တဲ့ ပုဂ္ဂိုလ်ပဲ... ဖေမိသားစုအတွက်ကတော့ စိတ်မကောင်းစရာပဲ..
ဖေမိသားစုက အင်အားကြီးမားနိုင်ပေမယ့် အစ်ကိုကြီးကို အမှန်တကယ် အဆုံးထိ တွန်းပို့မိပါက မည်သည့် ဂိုဏ်းခေါင်းဆောင်ကိုမဆို အစ်ကိုကြီး သတ်ပစ်နိုင်သည်ဟု သူ ခံစားရသည်။
တစ်ကိုယ်ရေ သိုင်းပညာ စွမ်းရည်အရ ဆိုလျှင် အစ်ကိုကြီး၏ အင်အားကို မှန်းဆ၍ပင် မရနိုင်ချေ။ မြို့တော်သို့ ဝင်ရောက်ပြီး ဧကရာဇ်ကို သတ်ဖြတ်ခြင်းသည်ပင် မဖြစ်နိုင်သော ကိစ္စ မဟုတ်ဟု သူ ခံစားရသည်။
"အစ်ကိုကြီး... စစ်ဖုန်းကို တောင်အောက် ပေးမဆင်းနဲ့တော့... သူက အရမ်း စိတ်မြန်လက်မြန် ရှိပြီး ဒုက္ခရောက်ဖို့ လွယ်တယ်..."
လီတုန်းယွဲ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်တော့ လီချင်းချိုးလည်း ခေါင်းညိတ်လိုက်၏။ ဒီတစ်ခါတော့ သူ တကယ် ကြောက်သွားသည်။ အကယ်၍ လီစစ်ဖုန်းသာ အပြင်မှာ သေဆုံးသွားခဲ့လျှင် သူ ဘာလုပ်မိမလဲ ဆိုတာကို တွေးပင် မတွေးရဲချေ။
ကျန်းယွီချွန်းက…..
"ဟုတ်တယ်... ရှီးလျန့်ခန်းမရဲ့ ခေါင်းဆောင်က တစ်နေ့ကုန် လေ့ကျင့်နေပြီး တပည့်တွေ သူ့ကို ရှာမတွေ့ဘူး ဖြစ်နေတာ... လွန်လွန်းတယ်..."
သူသည်လည်း လီစစ်ဖုန်းကို မထိန်းချုပ်နိုင်ပေ။ လီချင်းချိုး တစ်ယောက်သာ ထိန်းချုပ်နိုင်သည်။ လီစစ်ဖုန်းက ကျန်းကျောက်ရှားနှင့်အတူ တောင်အောက်ဆင်းစဉ်ကပင် ကိုယ့်သဘောနှင့်ကိုယ် လုပ်ခဲ့သေးသည်။ ကျန်းကျောက်ရှားက သူ့ကို တကယ် ရိုက်ချင်သော်လည်း လီစစ်ဖုန်း အသက်ကြီးနေပြီ ဖြစ်သဖြင့် သူ့သိက္ခာ ကျမည်စိုး၍ မလုပ်ရက်ခဲ့ကြောင်း ပြောဖူးသည်။
လီချင်းချိုးက သူတို့ကို ထိုင်ခိုင်းလိုက်ပြီး ….
"ဖေမိသားစုနဲ့ တိမိသားစုရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ရမှာ ဖြစ်တဲ့အတွက် ဒီအတိုင်း ထိုင်စောင့်မနေဘဲ ကြိုတင် အစီအစဉ် ချထားဖို့ လိုတယ်..."
ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ သဘောတူလိုက်ကြပြီး သုံးဦးသား တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းများကို ဆွေးနွေးလိုက်ကြသည်။
...
နွေဦးကုန်ဆုံး၍ နွေရာသီ ရောက်လာပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ အပူချိန်သည်လည်း တဖြည်းဖြည်း မြင့်တက်လာပြီဖြစ်သည်။
မြို့တစ်မြို့တွင် …..
အနက်ရောင် ဝတ်ဆင်ထားသော ရွှယ်ကျင်းက ဧည့်ရိပ်သာ တစ်ခုအတွင်းသို့ ဝင်ရောက်လာပြီး သူ့နောက်တွင် ဂျူနီယာညီလေး၊ ညီမလေး ၁၂ ယောက် ကပ်ပါလာသည်။ ရွှယ်ကျင်း တံခါးခုံကို ကျော်လိုက်သည်နှင့် စားပွဲထိုးက လှိုက်လှဲစွာ ကြိုဆိုလိုက်သည်။
ထိုင်ခုံများတွင် နေရာယူပြီးနောက် ရွှယ်ကျင်းက ဟင်းပွဲအချို့ကို ပေါ့ပေါ့ပါးပါးပင် မှာယူလိုက်သည်။ ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့တွင် ဒုတိယအဆင့်ရှိသော ကျန့်ယွင်ချောင်က ရွှယ်ကျင်း၏ ဘယ်ဘက်တွင် ထိုင်ပြီး….
"အစ်ကိုကြီး... ကျွန်တော်တို့ အပြင်ထွက်လာတာ ကြာပြီ... ဆက်ရှာနေဦးမှာလား..."
အခြား ဂျူနီယာညီလေး၊ ညီမလေးများကလည်း ကြည့်နေကြသဖြင့် ရွှယ်ကျင်းက လက်ဖက်ရည် တစ်ခွက် သောက်လိုက်ပြီး….
"လူကို ရှာမတွေ့ရင်တောင် သတင်းအစအနတော့ ပြန်သယ်သွားရမယ်... ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး..."
"ခန်းမသခင်လီက တကယ်ပါပဲ... သူက ရာထူးကြီးပြီး အာဏာရှိပေမဲ့ ဘဝအရသာကို မခံစားတတ်ဘူး... နေရာတကာ လျှောက်သွားနေတာပဲ... အဲဒီ တီရွှမ်းဓားက တကယ်ရော အဲဒီလောက် စွမ်းလို့လား... တောင်ပေါ်မှာပဲ ကျင့်ကြံနေသင့်တာ... ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အခု တောင်ပေါ်က နေ့ရက်တွေကို လွမ်းနေပြီ..."
အချို့က သူမ၏ စကားကို ထောက်ခံကြပြီး အချို့က သဘောမတူကြပေ။ တပည့် ထက်ဝက်ကျော်က ကျန်းဟူလောကသို့ ခြေဆန့်ရသည်ကို ပိုနှစ်သက်ကြပြီး ပိုမို စိတ်လှုပ်ရှားစရာ ကောင်းသည်ဟု ယူဆကြသည်။ ရွှယ်ကျင်းကတော့ သူတို့၏ ဆွေးနွေးမှုတွင် ဆက်လက် ပါဝင်ခြင်း မရှိတော့ချေ။ အခြားသူများ မည်သို့ထင်သည် ဖြစ်စေ သူကတော့ လီစစ်ဖုန်းကို ရှာဖွေရပေမည်။
ကျန်းကျောက်ရှားက သူ့ဆရာသခင် ဖြစ်ပြီး ဂိုဏ်းချုပ်ကလည်း သူ့ကံကြမ္မာကို ပြောင်းလဲပေးခဲ့သူ ဖြစ်သည်။ သူတို့ စိတ်မပူရအောင်၊ စိတ်မလေးရအောင် ဆရာသခင်နှင့်ဂိုဏ်းချုပ်တို့၏ ဂျူနီယာညီလေးကို ရှာဖွေပေးရန် သူ့တွင် တာဝန်ရှိပေသည်။
"တီရွှမ်းဓား ဟုတ်လား... ဘာဖြစ်လို့လဲ... ခင်ဗျားတို့ အားလုံး အဲဒီ ဒဏ္ဍာရီလာ နတ်ဆိုးဓားကို အရမ်း စိတ်ဝင်စားနေကြတာလား..."
စားပွဲထိုးက ဟင်းပွဲများ လာချပေးရင်း ရွှယ်ကျင်း ဘေးတွင် ရပ်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သဖြင့် ကျန့်ယွင်ချောင်က သူ့ကို ကြည့်ပြီး ….
"ခင်ဗျား ဘာသိထားလို့လဲ..."
စားပွဲထိုးက ဘေးဘီကို ကြည့်လိုက်ပြီး ကိုယ်ကိုကိုင်းကာ လေသံတိုးတိုးဖြင့်…
"ခင်ဗျားတို့ကို အကြံပေးချင်တာက အဲဒီဓားကို မလိုချင်ကြပါနဲ့... အခုဆို ဖေမိသားစုက တစ်မြို့လုံး လိုက်ရှာနေတာ... အဲဒီဓားက သူတို့ မျက်စိအောက်ကနေ အခိုးခံလိုက်ရတာတဲ့... ဖေမိသားစုက သာမန်မိသားစု မဟုတ်ဘူး... လက်ရှိ အမတ်ချုပ်ကြီးရဲ့ မျိုးရိုးနာမည်က ဖေလေ… သူတို့ မျိုးနွယ်စုထဲမှာ ဗိုလ်ချုပ်တွေတောင် ရှိတယ်... သူတို့ကို သွားစမ်းလို့ မရဘူး... သူတို့ လိုချင်တဲ့ ပစ္စည်းကို သိုင်းလောက ဂိုဏ်းဘယ်တစ်ခုက ခိုးရဲမှာလဲ..."
ရွှယ်ကျင်းနှင့် အခြားသူများက တီရွှမ်းဓားကို ဖေမိသားစု လုယူနေကြောင်း သိထားပြီး ဖြစ်သည်။
"စားပွဲထိုး... တီရွှမ်းဓားကို ဘယ်သူ ခိုးသွားလဲ သိလား..."
"အဲဒါတော့ မသိဘူး... ဓားသမား လူငယ်လေး တစ်ယောက်လို့တော့ ပြောကြတာပဲ..."
စားပွဲထိုးက ပြောပြီးသည်နှင့် ပန်းကန်ပြားကို ယူကာ ထွက်သွားလေသည်။ထိုအခါမှသာ ကျန့်ယွင်ချောင်က ရွှယ်ကျင်းကို ကြည့်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"ခန်းမသခင်လီများ ဖြစ်နေမလား..."
ထိုအခါမှသာ ရွှယ်ကျင်း၏ မျက်လုံးများ အရောင်လက်သွားသည်။
"ငါတို့ ခေါင်းပြတ်နေတဲ့ ယင်ကောင်တွေလို လျှောက်သွားနေလို့ မရဘူး... ဖေမိသားစုဆီ သွားမေးကြတာပေါ့..."
တပည့်များက ရွှယ်ကျင်း၏ သူ့ရဲတင်းမှုကို ယဉ်ပါးနေပြီ ဖြစ်သော်လည်း ဖေမိသားစုထဲသို့ အတင်းအဓမ္မ ဝင်ရောက်ခြင်းမှာ မလွယ်ကူလှပေ။
"အစ်ကိုကြီး... ဒါက နောက်စရာ မဟုတ်ဘူးနော်..."
ကျန့်ယွင်ချောင်က မျက်မှောင်ကြုတ်ကာ သတိပေးလိုက်တော့ ရွှယ်ကျင်းက တပည့်များကိုဝေ့ကြည့်လိုက်ပြီး….
"သွေးချောင်းစီးရမယ် ဆိုရင်တောင် ခန်းမသခင်လီရဲ့ တည်နေရာကို စုံစမ်းရမယ်... သူတို့က မြို့ထဲမှာ ရှိနေတာပဲ... ထမင်းစားပြီးရင် သွားကြမယ်... သိပ်အများကြီး မစားကြနဲ့ဦး... လူသတ်တဲ့အခါ ဗိုက်အောင့်နေလိမ့်မယ်..."
ပြောပြီးသည်နှင့် တူကို ကောက်ကိုင်ကာ စတင် စားသောက်လိုက်သည်။ တပည့်များ၏ မျက်နှာထား ပြောင်းလဲသွားသော်လည်း ထပ်မံ ပြောဆိုခြင်း မရှိကြတော့ပေ။ သူတို့ တစ်ယောက်စီ တူကို ကောက်ကိုင်ပြီး စားသောက်ရန် ပြင်လိုက်ကြသည်။
...
နွေရာသီ ရောက်ပြီးနောက် မနက်ခင်း တစ်ခုတွင် ကျန်းကျောက်ရှား ပြန်ရောက်လာခဲ့သည်။
"အံ့ဩစရာကောင်းလောက်အောင် အဆင်ပြေခဲ့တယ်... မြို့စားမင်းက တကယ်ပဲ မယားငယ် ယူတဲ့ပွဲ ကျင်းပခဲ့တာ..."
ကျန်းကျောက်ရှားက စားပွဲတွင် ထိုင်ရင်း ပြောလိုက်တော့ ကျန်းယွီချွန်းက မျက်မှောင်ကြုတ်လိုက်ပြီး…
"မဖြစ်နိုင်ဘူး... တစ်ယောက်ယောက်က မင်းကို ချင်းရှောင်ဂိုဏ်းက မဟုတ်ဘူးလို့ထင်နေတာ နေမှာပေါ့..."
ဂိုဏ်းချုပ်ကြောင့်သာ သူတို့ အရေးယူဆောင်ရွက်ခြင်း မရှိသေးတာ ဖြစ်မည်။
"သူတို့ဘက်က ယဉ်ယဉ်ကျေးကျေး ဆက်ဆံမှတော့ ကျွန်တော်တို့လည်း မဆင်မခြင် မလုပ်သင့်ဘူး မဟုတ်လား..."
ကျန်းယွီချွန်းက ခေါင်းညိတ်လိုက်ပြီး လီချင်းချိုးဘက်လှည့်ကာ….
"အစ်ကိုကြီး... ဂိုဏ်းထဲမှာ သူလျှို ရှိနေလောက်တယ်..."
"အတွင်းလူ ဖြစ်ချင်မှ ဖြစ်မှာပါ... ဘာပဲဖြစ်ဖြစ် ဝတ်ပြုကိုးကွယ်သူတွေ ငါ့ကို မြင်ဖူးကြတာပဲ... မြို့စားမင်းဘက်က မဆင်မခြင် မလုပ်ရဲမှတော့ ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ပါတော့... သူ တစ်ခဏလောက်တော့ ငြိမ်နေလောက်ပါတယ်..."
လီချင်းချိုးက ပြောပြီးသည်နှင့် လီတုန်းယွဲ့ကို စာရွက်နှင့် စုတ်တံ သွားယူခိုင်းလိုက်သည်။ထို့နောက် ကျန်းယွီချွန်းက ထိုင်လိုက်ပြီး ကျန်းကျောက်ရှာကိုကြည့်လိုက်ကာ…
"တတိယညီလေး... ဆဌမညီလေးက မင်းထက် အရင် ပြန်ရောက်လာတယ်... ပြီးတော့ သူက တီရွှမ်းဓားကိုပါ ယူလာခဲ့တယ်... ဒဏ်ရာ သက်သာတာနဲ့ မင်းကို စိန်ခေါ်မယ်လို့ ပြောနေတယ်... မင်း ပြင်ဆင်ထားတာ ပိုကောင်းမယ်... သူ့ဓားက ရိုးရိုးဓား မဟုတ်ဘူး... အစ်ကိုကြီးတောင် ပြောတယ်... မင်း ပေါ့ဆနေရင် ရှုံးသွားနိုင်တယ်တဲ့..."
ထိုစကားကို ကြားသောအခါ ကျန်းကျောက်ရှား မျက်ခုံးပင့်လိုက်ပြီး လီချင်းချိုးကို လှည့်ကြည့်လိုက်ပြီး….
"အစ်ကိုကြီး... ကျွန်တော့်ကို အထင်သေးတာလား..."
လီချင်းချိုးကလည်း ကျန်းယွီချွန်းကို စိုက်ကြည့်လိုက်ပြီး….
"တတိယညီလေး... ငါ အပိုပြောတာ မဟုတ်ဘူး... အဲဒီကောင်လေးရဲ့ အင်အားက မင်းထက် အများကြီး နိမ့်တာတော့ အမှန်ပဲ... ဒါပေမဲ့ အဲဒီဓားက နှစ်ထောင်ချီ သမိုင်းကြောင်း ရှိတယ်..."
ကျန်းကျောက်ရှား နက်နက်နဲနဲ စဉ်းစားနေပုံ ရသည်။
လီတုန်းယွဲ့က စာရွက်နှင့် စုတ်တံကို ယူဆောင်လာပေးသဖြင့် လီချင်းချိုးက နာမည်အချို့စတင်ရေးသားနေလေတော့သည်။
"ဒုတိယအစ်ကိုကြီး... ခုနက သူ့ဒဏ်ရာ သက်သာရင်လို့ ပြောလိုက်တယ်နော်... သူ ဘာဖြစ်လာလို့လဲ..."
ကျန်းယွီချွန်းက လီစစ်ဖုန်း ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြလိုက်ရာ လီစစ်ဖုန်းက ဖေမိသားစု၏ လိုက်လံ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်းနှင့် သူ့ကို ပြန်ခေါ်လာသော မောင်နှမ နှစ်ယောက်ကို တောင်ပေါ်တွင် နေရာချပေးထားကြောင်း အတည်ပြုလိုက်သည်။
"ဖေမိသားစု..."
ကျန်းကျောက်ရှား၏ အကြည့်များ အေးစက်သွားသော်လည်း ဘာမှ ထပ်မပြောပေ။
လီတုန်းယွဲ့က လီချင်းချိုး ဘေးတွင် ရပ်ရင်း…..
"အစ်ကိုကြီးတို့... ကျွန်မ အကြံပေးချင်တာက သတိထားကြပါ... ရန်သူတွေ များလာပြီ... (လင်းချွမ်က) ချွေ့မိသားစုကလည်း ချန်ဟွေ့လန်ရဲ့ တည်နေရာကို သေချာပေါက် ဆက်စုံစမ်းနေမှာ... အဲဒါကလည်း အလားအလာရှိတဲ့ ခြိမ်းခြောက်မှုပဲ... ဖေမိသားစုနဲ့ မြို့စားမင်းကလည်း ကျွန်မတို့ရဲ့ ရန်သူကြီးတွေပဲ..."
ကျန်းယွီချွန်းက သက်ပြင်းချလိုက်ပြီး….
"ဂိုဏ်း ဖွံ့ဖြိုးလာပြီးရင် ပြဿနာပေါင်းစုံ ရှိလာမှာပဲလေ... တစ်ခုချင်းစီ ဖြေရှင်းသွားကြတာပေါ့... ကျွန်တော်လည်း ဒီပြဿနာကို စဉ်းစားနေတာ... ဆရာကြီးယန်ကို သူ့ဘက်က စတင် မိတ်ဖွဲ့လာတဲ့ မိသားစုကြီးတွေ၊ ဂိုဏ်းတွေနဲ့ မိတ်ဆွေဖွဲ့ခိုင်းထားတယ်... ဘယ်သူတွေက ဒီသုံးဖွဲ့နဲ့ အငြိုးအတေး ရှိလဲဆိုတာ ကြည့်ပြီး အစီအစဉ် ဆွဲရမယ်..."
"မင်း ဒီလို စဉ်းစားထားတာ ကောင်းပါတယ်..."
လီတုန်းယွဲ့ကတော့ ပြုံးရုံသာ ပြုံးနေပြီး သူမ မည်သည့် ဖိအားမှ မခံစားရပေ။ တကယ်တော့ သူတို့ ခုနစ်ယောက် မတူညီသော ကိစ္စရပ်များကို ဖြေရှင်းပြီး အတူတကွ ရှေ့ဆက်သွားနိုင်ခြင်းက အလွန် ပျော်ရွှင်စရာ ကောင်းသည်ဟု သူမ ခံစားရသည်။ နောက်ပိုင်းတွင် ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့က ကျန်းကျောက်ရှား တောင်အောက်ဆင်းစဉ် အခြား အတွေ့အကြုံများ ရှိမရှိ စတင် မေးမြန်းကြသည်။
လီချင်းချိုးက စာရေးတာ ရပ်လိုက်ပြီး စာရွက်ကို ကျန်းယွီချွန်းထံ ကမ်းပေးလိုက်သည်။
"ဒီတပည့်တွေကို သတိထားစောင့်ကြည့်နေ... သူတို့ထဲမှာ သစ္စာဖောက် ရှိရမယ်..."
ကျန်းယွီချွန်း စာရွက်ကို ယူကြည့်လိုက်ရာ နာမည် ၁၇ ခု ပါဝင်သည်ကို တွေ့လိုက်ရသည်။
"အစ်ကိုကြီး... ဘယ်လိုလုပ် သိတာလဲ..."
"ငါက အလုပ်မရှိပေမဲ့ တောင်အောက်ဆင်းရင် ဒီအတိုင်း ထိုင်နေတာ မဟုတ်ပါဘူး..."
"ဒီတပည့်တွေက သစ္စာရှိမှု အရမ်း နိမ့်တယ်... တချို့ဆို သုညတောင် ဖြစ်နေပြီ... လုံးဝ သစ္စာဖောက်တွေပဲ..."
ကျန်းယွီချွန်း သံသယ ဖြစ်နေသော်လည်း လီချင်းချိုးက မတ်တတ်ရပ်လိုက်သည်။ လီစစ်ဖုန်း၏ ချီလင်ကောင်ကို ကုသပေးရန် လိုအပ်နေသေးသည်။ငရဲချီလင်က လီစစ်ဖုန်း ပြန်လာရာတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပေသည်။ မင်္ဂလာသတ္တဝါသည် မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာမှ သခင်၏ အန္တရာယ်ကို အာရုံခံနိုင်လောက်အောင် အံ့သြစရာ ကောင်းလှသည်။ ဤအချက်ကြောင့် လီချင်းချိုးလည်း မင်္ဂလာသတ္တဝါ တစ်ကောင် မွေးမြူချင်စိတ် ပေါက်သွားသည်။
...
ခုနစ်ရက်တာအချိန်ကာလတခု မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ညက ဝိညာဉ်ကျောက်တွင်းတွင် အိပ်ခဲ့ပြီး ဒီမနက်မှ ပြန်ရောက်လာသဖြင့် နံနက်စာ စားနေစဉ် ယွမ်ချီ ရုတ်တရက် ခြံဝင်းထဲသို့ ပြေးဝင်လာသည်။ သူ့ပုံစံကို ကြည့်ရုံဖြင့် ပြဿနာ တက်ပြန်ပြီ ဆိုတာကို လီချင်းချိုး အတပ်သိလိုက်သည်။
"ဂိုဏ်းချုပ်... ပြဿနာ အကြီးကြီး တက်နေပါပြီ... ရှန်ယွဲ့ လို့ခေါ်တဲ့ လူတစ်ယောက် တောင်အောက် ရောက်နေတယ်... သူက ကျွန်တော်တို့ ဂိုဏ်းက သိုင်းပညာရှင် အားလုံးကို စိန်ခေါ်ချင်နေတာပါ... တကယ်လို့ သူ နိုင်ရင် တီရွှမ်းဓားကို ပေးရမယ်လို့ ပြောနေပါတယ်..."
"ရှန်ယွဲ့က ဘယ်သူမို့လို့ ဒီလောက် မောက်မာနေရတာလဲ..."
ဒီလူက တီရွှမ်းဓား နာမည်ကို ရဲရဲတင်းတင်း ပြောရဲမှတော့ ဖေမိသားစုနဲ့ မပတ်သက်တာ ဖြစ်နိုင်တယ်... တီရွှမ်းဓားရဲ့ တည်နေရာ သတင်းက ကျန်းဟူလောက တစ်ခုလုံး ပျံ့နှံ့သွားပြီများလား...
"ကျွန်တော် တောင်ပေါ်တက်လာတုန်းက ကြားခဲ့တာ... သိုင်းလောကသားတွေက ရှန်ယွဲ့ကို ဓားနတ်ဘုရားလို့ ခေါ်ကြတယ်တဲ့... မဟာဘိုးဘေးဧကရာဇ်တောင် သူ့ကို နန်းတော်ထဲမှာ အမှုထမ်းဖို့ ငွေအမြောက်အမြားနဲ့ ကမ်းလှမ်းခဲ့ဖူးပေမဲ့ ငြင်းခဲ့တယ်တဲ့... ဒီလူက သိုင်းလောက တစ်ခွင်လုံးမှာ နာမည်ကြီးတဲ့ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ယောက်လို့လဲပြောကြတယ်.. ပြည်နယ်တစ်ခုရဲ့ နံပါတ်တစ် သိုင်းပညာရှင်ထက်တောင် အများကြီး သာလွန်သေးတယ်တဲ့..."