← Chapters

ကြောက်မက်ဖွယ် ဓားဆန္ဒ

Vol. 10 Ch. 94

ကြောက်မက်ဖွယ် ဓားဆန္ဒ

Vol. 10 Ch. 94

ဓားနတ်ဘုရား... ဘယ်လောက်တောင် ဂုဏ်ရှိလိုက်တဲ့ ဘွဲ့ထူးလဲ...

လီချင်းချိုး ရှန်ယွဲ့အပေါ် စိတ်ဝင်စားမှု ပြင်းပြလာချေပြီ။ အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံနေပြီ ဖြစ်သော်လည်း သိုင်းလောက ဒဏ္ဍာရီများကို စိတ်ဝင်စားနေဆဲ ဖြစ်သည်။

"တောင်အောက်ဆင်းပြီး သွားကြည့်ကြတာပေါ့..."

ထိုစကားကို ကြားသောအခါ ယွမ်ချီ သက်ပြင်းချလိုက်မိသည်။ ဂိုဏ်းချုပ်ဘက်က အရေးယူဆောင်ရွက်လိုစိတ် မရှိမည်ကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းထဲတွင် ပါရမီရှင်များစွာ ရှိသော်လည်း ဂိုဏ်းချုပ်တစ်ယောက်တည်းကသာ သူ့ကို လုံခြုံမှု အပြည့်အဝ ပေးစွမ်းနိုင်လေသည်။

သူတို့နှစ်ဦး လင်းရှောင်ခြံဝင်းထဲမှ ထွက်ခွာ၍ တောင်အောက်သို့ ဆင်းခဲ့သည့်အခါ တပည့်များနှင့် ဘုရားဖူးဧည့်သည် အများအပြားလည်း တောင်အောက်သို့ အလုအယက် ဆင်းနေကြသည်ကို မြင်တွေ့လိုက်ရသည်။ ဓားနတ်ဘုရား၏ အမည်နာမမှာ အလွန် ကျော်ကြားလှသဖြင့် သူ့အကြောင်း တစ်ခါမျှ မကြားဖူးသူ ဖြစ်လျှင်ပင် ထိုအမည်နှစ်လုံးကို ကြားလိုက်ရုံနှင့် ပြင်းပြသော စူးစမ်းလိုစိတ်ကို နှိုးဆွပေးရန် လုံလောက်ပေသည်။

...

ချင်းရှောင်တောင်ခြေရှိ ဂိုဏ်းတံခါးဝ ရှေ့တွင် လူပေါင်း ရာချီ စုဝေးနေကြပြီ ဖြစ်သည်။

လီစစ်ကျင်ကလည်း လူအုပ်ကြီးကို တိုးဝှေ့၍ ရှေ့ဆုံးသို့ ရောက်လာခဲ့ပြီး သူမ၏ အကြည့်များက ရှီးမြစ်ကမ်းပါး၏ ဟိုဘက်ခြမ်းတွင် ရပ်နေသော အဖြူရောင် ဝတ်စုံနှင့် အဘိုးအိုတစ်ဦးထံသို့ ရောက်ရှိသွားသည်။

ထိုသူက လက်နှစ်ဖက်ကို ဓားလက်ကိုင်ရိုးပေါ်တွင် တင်ထားပြီး ဓားအိမ်ကို မြေကြီးပေါ်တွင် ထောက်ထားသည်။ သူသည် မျက်လုံးများကို မှိတ်ထားပြီး အနားယူနေသော်လည်း လေတိုး၍ လွင့်ပျံနေသော ဝတ်ရုံစများကြောင့် အင်မော်တယ်တပါး၏ အငွေ့အသက်ကို ပေးစွမ်းနေသလိုပင်။

ထိုသူကား ဓားနတ်ဘုရား ရှန်ယွဲ့ပင် ဖြစ်သည်။

သူသည် ထိုနေရာတွင် ရပ်နေရုံမျှဖြင့်ပင် ပြင်းထန်သော ဖိအားတစ်မျိုးကို ထုတ်လွှတ်နေသည်။

လီစစ်ကျင်၏ မျက်လုံးများ အရောင်လက်သွားချေပြီ။ ဤဓားသမား၏ စွမ်းရည်မှာ အမှန်တကယ်ပင် ထူးကဲလှပြီး သူမ စိတ်ကူးယဉ်ဖူးသော ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ ပုံစံနှင့် ကိုက်ညီနေပေသည်။

"သူက ဓားနတ်ဘုရားလား... မသေမျိုးနတ်ဘုရားနဲ့ တူလိုက်တာ..."

"ဓားနတ်ဘုရားက လူငယ်ဘဝတုန်းကဆို သတ်ဖြတ်ခြင်းနတ်ဘုရားတပါးလို့တောင် တင်စားခံခဲ့ရတာတဲ့... တာ့လီမင်းဆက် မတည်ထောင်ခင် အလွန် မှောင်မိုက်ပြီး ဖရိုဖရဲ ဖြစ်နေတဲ့ ခေတ်ကာလတုန်းကပေါ့... ဓားနတ်ဘုရားရဲ့ နာမည်က အဲဒီ ပရမ်းပတာကာလမှာ ထွက်ပေါ်လာခဲ့တာ... သူက မြောက်ဘက်နယ်စပ်ကို တစ်ကိုယ်တည်း သွားပြီး အရိုင်းအစိုင်းတွေရဲ့ မြို့တော်ကို ဝင်စီးခဲ့ဖူးတယ်... နောက်ဆုံးမှာ ဒဏ်ရာတစ်ချက်မရဘဲ ထွက်ပြေးလွတ်မြောက်လာပြီး ငါတို့ ပြည်နယ်တစ်ဆယ့်သုံးခုအတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့တာ..."

"ကျွန်တော် ငယ်ငယ်တုန်းက အဘိုး ပြောပြလို့ ရှန်ယွဲ့အကြောင်း ကြားဖူးတယ်... သူ အသက်ရှင်နေသေးမယ်လို့ ထင်မထားခဲ့ဘူး..."

"ဓားနတ်ဘုရား ကိုယ်တိုင် လာရလောက်အောင် တီရွှမ်းဓားက တကယ်ပဲထူးခြားနေတာလား..."

"ချင်းရှောင်ဂိုဏ်းရဲ့ နံပါတ်တစ် ဓားသမား ကျန်းကျောက်ရှားကရော တိုက်ခိုက်မှာလား..."

ချင်းရှောင်ဂိုဏ်းသားများနှင့် ဘုရားဖူးများ အချင်းချင်း ဆွေးနွေးနေကြပြီး ဓားနတ်ဘုရား ရောက်ရှိလာမှုကြောင့် စိတ်လှုပ်ရှားနေကြသည်။ သူတို့အားလုံး သိုင်းလောက ဒဏ္ဍာရီကို မျက်ဝါးထင်ထင် တွေ့မြင်နေရသကဲ့သို့ ခံစားနေကြရ၏။ ဤတိုက်ပွဲက အနာဂတ် သိုင်းလောကအတွက် ဂုဏ်ယူစရာ တစ်ခု ဖြစ်လာမှာ သေချာပေသည်။

"ဓားနတ်ဘုရားက စစ်မှန်တဲ့ ဆရာသခင်ပဲ... ကမ္ဘာလောကကြီးကို ကြည့်လိုက်ရင် သူ့ကို ယှဉ်နိုင်တဲ့သူ ငါးယောက်ထက် မပိုဘူး..."

လီစစ်ကျင်၏ နောက်ကျောဘက်မှ အသံတစ်သံ ထွက်ပေါ်လာသဖြင့် ခေါင်းလှည့်ကြည့်လိုက်သောအခါ သုံးလှမ်းခန့် အကွာတွင် ချူကျင်း ရပ်နေသည်ကို တွေ့လိုက်ရတော့ လီစစ်ကျင်က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။

"ရှင်က ဓားနတ်ဘုရားအကြောင်း တော်တော်များများ သိထားပုံပဲ..."

"ကျွန်တော့်အဖေ ပြောပြဖူးတာပါ... သူက မဟာဘိုးဘေးဧကရာဇ် တစ်ဘဝလုံး လိုက်လံ စည်းရုံးခဲ့တဲ့ ဓားသမားလေ... ဒါပေမဲ့ ကံဆိုးတာက သူက အာဏာကို ဘယ်တော့မှ အညံ့မခံခဲ့ဘူး..."

ချူကျင်းက ထူးဆန်းသော လေသံဖြင့် ပြောလိုက်သဖြင့် လီစစ်ကျင်က အံ့အားသင့်စွာ မေးလိုက်ပြန်သည်။

"မဟာဘိုးဘေးဧကရာဇ်က သူ့ကို ဖမ်းဖို့ စစ်တပ်မလွှတ်ဘဲ ဒီအတိုင်း သည်းခံနေတာလား..."

"တခြားလူသာ ဆိုရင်တော့ မဟာဘိုးဘေးဧကရာဇ်က အဲဒီလို လုပ်ကောင်း လုပ်လိမ့်မယ်... ဒါပေမဲ့ ရှန်ယွဲ့ကျတော့ သူ မလုပ်ရက်ဘူး... ပြီးတော့ စစ်တပ်လွှတ်ရင်တောင် ရှန်ယွဲ့ကို တားလို့မရဘူးဆိုတာ သူ သိနေတယ်..."

ဤသို့ဖြင့် လီစစ်ကျင်လည်း ရှန်ယွဲ့အပေါ် အလွန် စိတ်ဝင်စားသွားပြီး မေးခွန်း အနည်းငယ် ထပ်မေးလိုက်ရာ ချူကျင်းကလည်း တစ်ခုချင်းစီ ဖြေကြားပေးလိုက်သည်။

"ဆရာကြီးယန် ရောက်လာပြီ..."

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်နှင့် တပည့်များက လမ်းဖယ်ပေးလိုက်ကြသည်။ ယန်ကျွယ်တိန်သည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး ဝူမန်အာနှင့် အခြားတပည့် တစ်ဒါဇင်ခန့်က နောက်မှ လိုက်ပါလာကြသည်။

ယန်ကျွယ်တိန်က ရှီးမြစ်ကမ်းပါးသို့ ရောက်သည်နှင့် ရှန်ယွဲ့ကို ကြည့်ပြီး မေးလိုက်သည်က….

"စီနီယာရှန်... ချင်းရှောင်ဂိုဏ်းမှာ တီရွှမ်းဓား မရှိပါဘူး... ဘယ်သူ ပြောလိုက်တာလဲ..."

ရှန်ယွဲ့ကလည်း မျက်လုံးများကို ဖွင့်မကြည့်ဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"ဖေမိသားစု..."

ထိုအ​​ဖြေကိုကြားသောအခါယန်ကျွယ်တိန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားကာ သူ ရှောင်လွှဲ၍ မရတော့မှန်း သိလိုက်လေသည်။

"ဒါဆိုရင်လည်း... စီနီယာရှန်... ကျွန်တော့်ကို သင်ပြပေးပါဦး..."

ယန်ကျွယ်တိန်က မူလအားဖြည့်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ရွှယ်ကျင်းတို့လို တက်သစ်စကြယ်ပွင့်များက သူ့ကို ကျော်တက်သွားသော်လည်း မိမိ၏ အင်အားကို အလွန် ယုံကြည်မှု ရှိလေသည်။ ဒဏ္ဍာရီလာ ဓားနတ်ဘုရားနှင့် ရင်ဆိုင်ရလျှင်ပင် သူ ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်ထားသည်။

ရှန်ယွဲ့ နောက်ဆုံးတွင် မျက်လုံးဖွင့်လာချေပြီ။သူ့ အကြည့်များက တည်ငြိမ်အေးဆေးပြီး နက်ရှိုင်းသော ရေတွင်းများကဲ့သို့ ခန့်မှန်းရ ခက်ခဲလှသည်။

"မင်းဘက်က အရင်စပါ..."

ရှန်ယွဲ့၏ လိုရင်းတိုရှင်း စကားလုံးများက ယန်ကျွယ်တိန်ကို အရှက်ရစေသဖြင့် စကားဆက်မပြောတော့ဘဲ လေထဲသို့ ခုန်တက်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ဓားနတ်ဘုရားကို ရင်ဆိုင်ရသဖြင့် ယန်ကျွယ်တိန်က အင်အားချန်မထားဘဲ အစွမ်းကုန် ထုတ်သုံးလိုက်ချေသည်။

ထိုအခါ ကောင်းကင်ဘုံကိုးခုမျိုးဆက်လက်ဝါး၏ လွှမ်းမိုးသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး ကျားဟိန်းသံ၊ နဂါးအော်သံများ ပဲ့တင်ထပ်သွားသဖြင့် ကြည့်ရှုသူများ အားလုံး မျက်လုံးများကို မှိတ်ကာ အာရုံစိုက်လိုက်ကြရသည်။

ယန်ကျွယ်တိန်၏ လက်ဝါးရိုက်ချက်ကြောင့် သူတို့နှစ်ဦးကြားရှိ လေထုတွင် လှိုင်းဂယက်များ ထသွားသည်။ သို့သော်လည်း ရှန်ယွဲ့က ရှောင်တိမ်းခြင်း မရှိဘဲ ယန်ကျွယ်တိန်ထံသို့ ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ရုံသာ ပြုလုပ်လိုက်သည်။

ထိုစဉ် မြေကြီးထဲမှ ဓားချီစွမ်းအင်များ ထွက်ပေါ်လာပြီး ယန်ကျွယ်တိန်၏ လက်ဝါးစွမ်းအားကို ရေစီးကြောင်းအလား တိုက်စားသွားသဖြင့် ယန်ကျွယ်တိန်၏ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓားချီစွမ်းအင်များ သူ့ထံသို့ ဝင်ဆောင့်လာသည်ကို ခံစားလိုက်ရသည်။

"အ..."

ယန်ကျွယ်တိန် သွေးအန်ကာ ဆယ်ပေကျော်အကွာသို့ လွင့်ထွက်သွားသဖြင့် ဝူမန်အာက သူ့ကို အချိန်မီ ဖမ်းထိန်းလိုက်၍သာ မြေကြီးပေါ်သို့ ပြုတ်ကျပြီး ထပ်မံ ဒဏ်ရာရမည့် ဘေးမှ သက်သာသွားခဲ့သည်။

ချင်းရှောင်ဂိုဏ်း၏ ကွမ်းယွမ်ခန်းမသခင်ကို တိုက်ကွက် တစ်ကွက်တည်းဖြင့် အနိုင်ယူလိုက်ခြင်း ဖြစ်သောကြောင့် အားလုံး ရှန်ယွဲ့၏ စွမ်းအားကြောင့် တုန်လှုပ်သွားကြသည်။

ရှန်ယွဲ့က သူ့ဝတ်ရုံလက်စကို ခေါက်တင်လိုက်ပြီး ရှေ့ရှိ လူရာပေါင်းများစွာကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ စကားတစ်ခွန်းမျှ မဆိုသော်လည်း သူ့သဘောထားက ရှင်းလင်းနေချေပြီ။

သူ နောက်ထပ် စိန်ခေါ်မည့်သူကို စောင့်ဆိုင်းနေခြင်းပင်….

ယန်ကျွယ်တိန်မှာ ဝူမန်အာ၏ တွဲထူထားမှုကြောင့်သာ မတ်တပ်ရပ်နိုင်သော်လည်း မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံပြီးကတည်းက ဤမျှမြန်ဆန်စွာ မရှုံးနိမ့်ဖူးသဖြင့် သူ့ယုံကြည်မှုများ ပြင်းထန်စွာ ထိခိုက်သွားချေပြီ။

ဝူမန်အာက သူ့ကို ချထားပေးပြီး ရှေ့တိုးရန် ပြင်လိုက်စဉ် ယန်ကျွယ်တိန်က လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။

"မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူး... အချိန်ဖြုန်းမနေနဲ့..."

ဝူမန်အာ ခေါင်းကုတ်လိုက်ပြီး ရပ်တန့်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

လီစစ်ကျင်သည်လည်း မူလအားဖြည့်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမ ယန်ကျွယ်တိန်လောက် စွမ်းအားမကြီးသော်လည်း ရှန်ယွဲ့၏ အတွင်းအား အလွန် နက်ရှိုင်းကြောင်း မြင်တွေ့နိုင်သည်။

သူမ ချူကျင်းဘက်သို့ လှည့်ကြည့်ပြီး ….

"ဒီဓားသမားက တကယ် အစွမ်းထက်တာပဲ..."

သို့သော် သူမ လုံးဝ မစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် ယန်ကျွယ်တိန်က ချင်းရှောင်ဂိုဏ်း၏ ထိပ်သီး ငါးယောက် စာရင်းထဲတွင်ပင် မပါဝင်သောကြောင့် ဖြစ်သည်။

ချူကျင်းက ရှန်ယွဲ့ကို အဝေးမှ လှမ်းကြည့်ရင်း ခန့်မှန်းရခက်သော အမူအရာဖြင့်…..

"သူက သေချာပေါက် စွမ်းအားကြီးတယ်... သူ့ရဲ့ သိုင်းပညာ ပါရမီက နှစ်တစ်ရာမှာ တစ်ယောက် ပေါ်ခဲတဲ့ ပါရမီမျိုးပဲ... သိုင်းပညာ စွမ်းရည်အရဆိုရင် သူက သာမန်လူတွေထက် ကျော်လွန်သွားပြီလို့ ပြောလို့ရတယ်... ဂိုဏ်းတော့ ဒုက္ခရောက်ပြီ..."

"ကျွန်မရဲ့ အစ်ကိုကြီး ရှိနေသရွေ့ ဘာဒုက္ခမှ မရှိနိုင်ဘူး..."

လီချင်းချိုးနှင့် တွေ့ဆုံခဲ့သည်ကို ချူကျင်း ပြန်ပြောင်း တွေးတောမိလိုက်သည်။ လီချင်းချိုး၏ သဏ္ဍာန်မှန်ကို ဖောက်ထွင်းမမြင်နိုင်သဖြင့် ချင်းရှောင်ဂိုဏ်း၏ ဟွမ်ယွမ်ကျမ်းစာကို ပိုမို စိတ်ဝင်စားလာခဲ့ခြင်း ဖြစ်သည်။

ဒီနေ့တော့ လီချင်းချိုးရဲ့ သိုင်းပညာ ဘယ်လောက် ကျွမ်းကျင်လဲ ဆိုတာ မြင်ရကောင်း မြင်ရနိုင်တယ်...

ထိုအချိန်မှာပင် လူရိပ်တစ်ခုက လူရာပေါင်းများစွာ၏ ခေါင်းပေါ်မှ ဓားတစ်လက်အလား ပျံသန်းကျော်ဖြတ်လာပြီး ရှီးမြစ်ကမ်းပါးပေါ်သို့ ဆင်းသက်ကာ တစ်ဖက်ကမ်းရှိ ရှန်ယွဲ့နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

"အကြီးအကဲကျန်း ရောက်လာပြီ..."

ယန်ကျွယ်တိန်၏ အရှက်တကွဲ ရှုံးနိမ့်မှုက တပည့်အားလုံးကို စိတ်ဓာတ်ကျစေခဲ့သော်လည်း ကျန်းကျောက်ရှား ပြန်လည် ပေါ်ထွက်လာမှုက သူတို့၏ ယုံကြည်မှုကို ပြန်လည် ရရှိစေသည်။ ကျန်းကျောက်ရှားဆိုသူက ဂိုဏ်းချုပ်ပြီးလျှင် ဒုတိယ အကြီးဆုံး ဖြစ်ပြီး သူ့ဂုဏ်သတင်းမှာ ဂိုဏ်းချုပ်ထက်ပင် ပိုမို ကြီးမားလေသည်။

အရေးအကြီးဆုံး အချက်မှာ ကျန်းကျောက်ရှားကလည်း စစ်မှန်သော ဓားကျင့်ကြံသူ တစ်ဦး ဖြစ်ခြင်းပင်။

ကျန်းကျောက်ရှားကို ကြည့်လိုက်ပြီး ရှန်ယွဲ့ မျက်မှောင်ကြုံ့လိုက်မိသည်။

"ထက်မြက်လိုက်တဲ့ ဓားဆန္ဒ... မင်း အသက် ဘယ်လောက် ရှိပြီလဲ..."

"နှစ်ဆယ့်တစ်နှစ်..."

ကျန်းကျောက်ရှား၏ မျက်နှာထားက အေးစက်နေပြီး အသံက ပို၍ပင် အေးစက်နေသည်။ သူ့ကို ကောင်းကောင်း သိသူများက သူ ဒေါသထွက်နေပြီ ဖြစ်ကြောင်း သိကြပေလိမ့်မည်။

"တကယ့်ကို ပြိုင်ဘက်ကင်း ပါရမီရှင်ပါပဲ... ငါ့ရဲ့ ငယ်ဘဝကို ပြန်မြင်နေရသလိုပဲ... ဓားကို စတင် ကိုင်ဆောင်တဲ့ အချိန်ကစပြီး ဓားတာအိုက ငါနဲ့ အသင့်တော်ဆုံး ဆိုတာ ငါ သိခဲ့တယ်... ဓားတာအိုမှာ ဘယ်သူမှ ငါ့ကို မယှဉ်နိုင်ဘူး... မင်းရော အဲဒီလို ခံစားရလား..."

ရှန်ယွဲ့က လေးစားအားကျသော အမူအရာဖြင့် ဆက်မေးလိုက်သော်လည်း….

ချလွင်...

ကျန်းကျောက်ရှား ဓားကို ဆွဲထုတ်လိုက်ရာ ဓားအလင်းရောင်က ရှီးမြစ်ပြင်ကို ဖြတ်သန်းသွားသည်။

ထို့နောက် သူက ရှန်ယွဲ့ကို ဓားဖြင့် ချိန်ရွယ်၍ …..

"ခင်ဗျားသာ ရှုံးသွားရင် ဓားနတ်ဘုရား ဆိုတဲ့ ဘွဲ့က ကျွန်တော့်အပိုင် ဖြစ်လာလိမ့်မယ်... ဘယ်လိုလဲ..."

"ဂျူနီယာလေး... မင်းရဲ့ ရည်မှန်းချက်က မဆိုးပါဘူး... ဒါပေမဲ့ ဓားနတ်ဘုရား ဖြစ်လာဖို့ဆိုတာ မင်းထင်သလောက် မလွယ်ကူဘူး..."

သူ ပြောပြီးသည်နှင့် ကြောက်မက်ဖွယ် ကောင်းသော ဓားဆန္ဒတစ်ခု သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာသဖြင့် ရှေ့ရှိ ရှီးမြစ်ရေများ ပေါက်ကွဲကာ ရေများ အထက်သို့ မြင့်တက်လာသည်။ အဝေးမှ ကြည့်နေသော ချင်းရှောင်ဂိုဏ်းသားများနှင့် ဘုရားဖူးများသည်ပင် ထိုကြောက်မက်ဖွယ် ဓားဆန္ဒကို ခံစားလိုက်ရသည်။

သိုင်းပညာ စွမ်းရည်က ဒီအဆင့်ထိ ရောက်နိုင်တာလား...

ကျန်းကျောက်ရှားလည်း နှစ်ကျန်းခန့် ကျယ်ဝန်းသော ရှီးမြစ်ကို ခြေတစ်လှမ်းတည်းဖြင့် ကျော်ဖြတ်ကာ ရှန်ယွဲ့ကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ရှန်ယွဲ့က ကျန်းကျောက်ရှား၏ ဓားကို ကာကွယ်ရန် ဓားအိမ်ကို ကန်လန့်တင်လိုက်ပြီး တစ်ချိန်တည်းမှာပင် ကိုယ်ပိုင် ဓားကို ဆွဲထုတ်လိုက်ကာ ခန္ဓာကိုယ်ကို လိမ်ဖယ်၍ ​ကျန်းကျောက်ရှား၏ နောက်ကျောဘက်သို့ ရောက်ရှိသွားပြီး ခါးကို လှည့်၍ ခုတ်ပိုင်းလိုက်သည်။

ကျန်းကျောက်ရှား၏ တုံ့ပြန်မှုကလည်း အလွန် လျင်မြန်လှသည်။ မြေကြီးပေါ်သို့ ခြေချမိသည်နှင့် ခြေထောက်များကို ကား၍ ထိုင်ချလိုက်ပြီး ဓားကို ခေါင်းပေါ်သို့ မြှောက်ကာ နောက်ကျောဘက်သို့ ကန့်လန့်ဖြတ် ထားလိုက်ခြင်းဖြင့် ရှန်ယွဲ့၏ ဓားကို ပိတ်ဆို့လိုက်သည်။

ဓားနှစ်လက် ထိမိသွားသော်လည်း နှစ်ယောက်စလုံး အင်အားမစိုက်ကြပေ။ ဤသို့ဖြင့် နှစ်ယောက်သား နောက်သို့ ခုန်ဆုတ်လိုက်ကြပြီး အပြန်အလှန် တိုက်ခိုက်လိုက်ကြသည်။

ဓားရိပ်များ နေရာအနှံ့ ပျံဝဲနေပြီး မြက်ပင်စများနှင့် ဖုန်မှုန့်များ လွင့်ပျံလာနေသော်လည်း သူတို့နှစ်ဦး၏ လှုပ်ရှားမှုများမှာ သေသပ်လှပပြီး လျင်မြန်လွန်းသဖြင့် လူအနည်းငယ်သာ သူတို့၏ ဓားကွက်များကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။ ချင်းရှောင်ဂိုဏ်းသားများက တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်ရှုနေကြပြီး ဘုရားဖူးများမှာလည်း အသံမထွက်ရဲလောက်အောင် အံ့အားသင့်နေကြသည်။

ကျန်းကျောက်ရှားနှင့် ရှန်ယွဲ့တို့၏ ဓားချီစွမ်းအင်များ ပိုမို ကျယ်ပြန့်လာပြီး လှိုင်းဂယက်များ မပြတ် ထွက်ပေါ်ကာ ကြည့်ရှုသူများ၏ ဝတ်ရုံများနှင့် ဆံပင်ရှည်များကို လွင့်ပျံစေသည်။

ကျန်းကျောက်ရှားဘက်က ရှန်ယွဲ့ကို အမြန် မအနိုင်ယူနိုင်သည်ကို မြင်သောအခါ လီစစ်ကျင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ယန်ကျွယ်တိန်လည်း အလားတူပင် ထိတ်လန့်နေရှာသည်။

ကျန်းကျောက်ရှားကတော့ ရှန်ယွဲ့ကို ဖြုတ်ချရန် လုံလောက်သည်ဟု သူ ထင်ခဲ့သော်လည်း ရှန်ယွဲ့က သူ့ကို ထပ်မံ အံ့အားသင့်စေခဲ့သည်။

"ဓားနတ်ဘုရား..."

ယန်ကျွယ်တိန် ဤဘွဲ့ထူး၏ လေးနက်မှုကို နောက်ဆုံးတွင် နားလည်ခဲ့ချေပြီ။ ကျန်းဟူလောကတွင် ဓားသူတော်စင်များ၊ ဓားနတ်ဘုရားများ၊ ဓားဘုရင်များ အစရှိသဖြင့် များစွာ ရှိသော်လည်း ထိုဘွဲ့များ အားလုံးတွင် ရှေ့ဆက်များ ပါရှိကြသည်။ ရှန်ယွဲ့ တစ်ယောက်တည်းသာ ရိုးရှင်းသော ဓားနတ်ဘုရား ဘွဲ့ထူးနှင့် ထိုက်တန်သူ ဖြစ်သည်။

ကျန်းကျောက်ရှား လေထဲသို့ ခုန်တက်လိုက်ပြီး ဓားပျံပညာကို အသုံးပြုကာ လေထဲတွင် ပျံဝဲလိုက်သဖြင့် ရှန်ယွဲ့ လိုက်မီရန် မဖြစ်နိုင်တော့ချေ။

ထိုအခါ ရှန်ယွဲ့ မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးထဲတွင် အံ့သြမှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ ကျန်းကျောက်ရှား ကိုယ်တိုင် ဖန်တီးထားသော ဓားပျံပညာကို သူ နားမလည်နိုင်တော့ပေ။

ကျန်းကျောက်ရှားက လေထဲတွင် ကိုယ်ကို လှည့်လိုက်ပြီး အောက်သို့ ထိုးဆင်းကာ ဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သဖြင့် ဓားချီစွမ်းအင်များ လှိုင်းလုံးကြီး တစ်ခုအဖြစ် ပေါင်းစည်းသွားသည်။ထိုအခါ ဓားရိပ်များက သူ့ပတ်လည်တွင် စုဝေးရောက်ရှိလာပြီး အတူတကွ ကျဆင်းလာသည်။

အထွတ်အထိပ် ဓားထိန်းချုပ်ခြင်းပညာ...

ကျန်းကျောက်ရှားက ထိုပညာရပ်ကိုလေ့ကျင့်တိုင်း ဓားအများအပြားကို အသုံးပြုလေ့ မရှိသဖြင့် ဓားချီစွမ်းအင်များကို အစိုင်အခဲ အဖြစ် ပြောင်းလဲလိုက်ရာ ဓားပေါင်း ၃၂ လက်ကို ကိုင်ဆောင်ထားသကဲ့သို့ ဖြစ်နေသည်။

ဤသိုင်းကွက်ကို မြင်သောအခါ ရှန်ယွဲ့စိတ်ထဲ၌ ကြီးမားသော ဓားအရှိန်အဝါကို ခံစားလိုက်ရပြီး မျက်နှာထား ပြောင်းလဲသွားသည်။

ရှန်ယွဲ့က တည်ငြိမ်စွာဖြင့် ဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ ဓားသွားမှာ မြန်လွန်းသဖြင့် လူပေါင်း ဒါဇင်ခန့် စုပြုံပြီး ဓားဝှေ့ယမ်းနေသကဲ့သို့ ပုံရိပ်ယောင်များ ဖြစ်ပေါ်လာသည်မှာ ကြည့်ကောင်းလှသော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။

ဤသို့ဖြင့် မြစ်ကမ်းပါးတွင် ရပ်၍ ကျန်းကျောက်ရှား၏ အထွတ်အထိပ် ဓားထိန်းချုပ်ခြင်းပညာကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

ဝုန်း...

စွမ်းအားကြီးမားသော ဓားဆန္ဒ နှစ်ခု ထိပ်တိုက် တွေ့သွားပြီး ဒီရေလှိုင်းလုံးကြီးအလား ဖုန်မှုန့်များ လွင့်ပျံလာကာ ကျောက်ခဲများနှင့် အပင်များကိုပါ ဆွဲယူသွားပြီး မြစ်ရေကိုပင် ပိတ်ဆို့သွားစေသည်။

ဤမြင်ကွင်းကြောင့် ရာပေါင်းများစွာသော ကြည့်ရှုသူများနှင့် တောင်ပေါ်မှ ဆင်းလာသူများ မျက်လုံးပြူးကျယ်သွားကြသည်။ လီချင်းချိုးနှင့် ယွမ်ချီတို့လည်း တောင်ပေါ်လမ်းတွင် လျှောက်လာရင်း ဤမြင်ကွင်းကို အဝေးမှ လှမ်းမြင်လိုက်ကြရသည်။

"ဂိုဏ်းချုပ်... ဒီလို အတွင်းအားမျိုး ရဖို့ဆို အတွင်းအားကို နှစ်ဘယ်လောက်ကြာအောင် ကျင့်ကြံရမှာလဲ..."

လီချင်းချိုး ပြန်မဖြေပေ။ တစ်စုံတစ်ယောက်က ကျန်းကျောက်ရှားကို ဤအဆင့်ထိ ယှဉ်ပြိုင်နိုင်သည်ကို မြင်ရသဖြင့် သူလည်း အံ့အားသင့်နေမိသည်။ ဤမျှ အကွာအဝေးမှပင် ရှန်ယွဲ့၏ အလွန် ထက်မြက်သော ဓားဆန္ဒကို ခံစားနေရပြီး သိုင်းပညာအပေါ်ထားရှိသော သူ့ရဲ့ အမြင်ကို ပြောင်းလဲသွားစေသည်။

တိတိကျကျ ပြောရလျှင် ဤဓားဆန္ဒက သိုင်းပညာ အဆင့်အတန်းထက် ကျော်လွန်နေပြီ ဖြစ်သည်။ ဓားဆန္ဒပိုင်းတွင် ကျန်းကျောက်ရှားက ရှန်ယွဲ့ထက် နိမ့်ကျသော်လည်း ကျန်းကျောက်ရှား၏ မူလချီက ရှန်ယွဲ့၏ အတွင်းအားထက် များစွာ သာလွန်ပေသည်။

ရှန်ယွဲ့တွင် မည်သို့သော ကံကြမ္မာမျိုး ပါရှိမည်ကို လီချင်းချိုး ပိုမို သိချင်လာသည်။

All Chapters