← Chapters

ကမ္ဘာဖျက်စီးခြင်း ဓားတစ်လက်

Vol. 10 Ch. 95

ကမ္ဘာဖျက်စီးခြင်း ဓားတစ်လက်

Vol. 10 Ch. 95

ဓားဆန္ဒ နှစ်ခု အသက်ရှူချိန် အနည်းငယ်ကြာအောင် အားပြိုင်နေပြီးနောက် ပေါက်ကွဲထွက်သွားရာ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ကျန်းကျောက်ရှား လွင့်ထွက်သွားကာ ရှီးမြစ်ကမ်းပါး တစ်ဖက်ခြမ်းတွင် ပြန်လည် ဆင်းသက်လိုက်သည်။ မြေကြီးပေါ်သို့ ရောက်သည်နှင့် ဟန်ချက်ပြန်ထိန်းနိုင်ရန် ခြေလှမ်း ရှစ်လှမ်းခန့် နောက်ဆုတ်လိုက်ရသေးသည်။ သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည့်အပြင်ဓားကို ကိုင်ထားသော ညာဘက်လက်မှာလည်း တုန်ရီနေသည်။

ကျန်းကျောက်ရှားက ရှေ့ကို စူးစိုက်ကြည့်လိုက်သော်လည်း မြစ်တစ်ဖက်ကမ်းမှ ဖုန်မှုန့်များ လွင့်ပျံနေသဖြင့် ရှန်ယွဲ့၏ ပုံသဏ္ဍာန်ကို မသဲကွဲဘဲ ကောက်ကြောင်းလောက်သာ မြင်နေရသည်။ တောင်တန်းများနှင့် လယ်ကွင်းပြင်များ တိတ်ဆိတ်ငြိမ်သက်နေပြီး လူတိုင်းက ဖုန်မှုန့်များ ငြိမ်ကျသွားမည့်အချိန်ကို စောင့်ဆိုင်းရင်း ရှန်ယွဲ့ကို ကြည့်နေကြသည်။

မကြာမီ ဖုန်မှုန့်များ ငြိမ်သက်သွားပြီး ရှန်ယွဲ့၏ ခန္ဓာကိုယ် ပေါ်ထွက်လာတော့သည်။

သူ့ဆံပင်ဖြူများ လွင့်ပျံနေပြီး ဝတ်ရုံတွင် စုတ်ပြဲရာ အများအပြား ရှိနေသော်လည်း ဒဏ်ရာ ရထားခြင်း မရှိပေ။ သူ့တစ်ကိုယ်လုံးကို ထက်မြက်သော ဓားဆန္ဒများ လွှမ်းခြုံထားပြီး အရှိန်အဝါများက ပိုမို ပြင်းထန်နေပေသည်။

ရှန်ယွဲ့ လက်ထဲရှိ ဓားကို ငုံ့ကြည့်လိုက်ရာ ဓားသွားပေါ်တွင် အက်ကွဲရာများ ပေါ်လာပြီး လျင်မြန်စွာ ပြန့်နှံ့သွားကာ ကြေးမုံပြင်ကဲ့သို့ ကွဲအက်သွားပြီး မြေကြီးပေါ်သို့ ပြန့်ကျဲသွားသည်။

ဓားနတ်ဘုရား၏ ဓား ပျက်စီးသွားသည်ကို မြင်သောအခါ ချင်းရှောင်ဂိုဏ်းသားများ အားတက်သွားကြသည်။

"အကြီးအကဲကျန်း နိုင်သွားတာလား..."

"နေဦး... ဓားနတ်ဘုရားက ဒဏ်ရာရပုံ မပေါ်ဘူး..."

"ဒဏ်ရာ မရရင်တောင် ဓားမရှိဘဲ ဘယ်လို ဆက်တိုက်မှာလဲ..."

"ဒီတစ်သက် ဒီလို တိုက်ပွဲမျိုး မြင်ရတာ သေပျော်ပါပြီ..."

"သူတို့နှစ်ယောက်က သိုင်းပညာမှာ မယုံနိုင်လောက်အောင် ကျွမ်းကျင်ကြတာပဲ... ကျန်းဟူလောကက ထိပ်တန်းသိုင်းသမားတွေနဲ့ အဆင့်ချင်း မတူတော့ဘူး..."

ချင်းရှောင်ဂိုဏ်းသားများ သာမက ဘုရားဖူးများလည်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ သူတို့အမြင်တွင် ကျန်းကျောက်ရှားသာ ဓားနတ်ဘုရားနှင့် သရေကျအောင် တိုက်နိုင်လျှင်ပင် ကြီးမားသော ဂုဏ်ယူစရာ ဖြစ်နေပြီ။ ကျန်းကျောက်ရှားက ဓားနတ်ဘုရားထက် မျိုးဆက်ပေါင်းများစွာ ငယ်ရွယ်သဖြင့် ရှုံးနိမ့်ခဲ့လျှင်လည်း နားလည်ပေးနိုင်စရာပင်။

ရှီးမြစ်ကမ်းပါး တစ်ဖက်ခြမ်းမှ ဖုန်မှုန့်များ လုံးဝ ငြိမ်သက်သွားသောအခါ ရှန်ယွဲ့ ညာလက်ကို လွှတ်လိုက်ရာ ဓားလက်ကိုင်ရိုး မြေကြီးပေါ်သို့ ကျသွားသည်။ ထို့နောက် ညာဘက်ခြေထောက်ကို ဆောင့်နင်းလိုက်ရာ ဓားလက်ကိုင်ရိုး အောက်ရှိ မြေကြီးများ ပြိုကျသွားပြီး တွင်းငယ်လေး တစ်ခု ဖြစ်သွားသည်။ သူသည် အတွင်းအားကို အသုံးပြု၍ ပတ်ဝန်းကျင်မှ မြေကြီးများကို ရွှေ့ယူကာ ဓားလက်ကိုင်ရိုးကို မြှုပ်နှံလိုက်သည်။

အစမှ အဆုံးထိ ရှန်ယွဲ့၏ အကြည့်က ကျန်းကျောက်ရှားထံမှ မခွာခဲ့ပေ။

ကျန်းကျောက်ရှား၏ ပါးစပ်ထောင့်မှ သွေးများ မေးစေ့ပေါ်သို့ စီးကျနေသော်လည်း သူ့အကြည့်က ရှန်ယွဲ့ထံမှ မခွာခဲ့ပေ။

"မင်းရဲ့ အတွင်းအားက ငါမြင်ဖူးသမျှထဲမှာ အသန်မာဆုံးပဲ... ဓားသိုင်းကလည်း သေသပ်တယ်... နှမြောစရာ ကောင်းတာက မင်းရဲ့ ဓားဆန္ဒက အဆင့်မမီသေးဘူး... ဒါပေမဲ့ မင်းက ငါ့ကိုပဲ ရှုံးတာပါ... လက်ရှိ သိုင်းလောကကို ကြည့်မယ်ဆိုရင် ထိပ်တန်းစာရင်းဝင် ဖြစ်နေပြီ... သာမန် နယ်ပယ်သိုင်းသမားတွေဆို မင်းရှေ့မှာ တစ်ကွက်တောင် ခံနိုင်မှာ မဟုတ်ဘူး..."

ရှန်ယွဲ့က ကျန်းကျောက်ရှားကို စိုက်ကြည့်ရင်း လေးစားအားကျသော လေသံဖြင့် ချီးကျူးလိုက်သည်။

သို့သော်လည်း ကျန်းကျောက်ရှားကတော့ ခန္ဓာကိုယ်ထဲမှ ဓားချီစွမ်းအင်များကို မခံနိုင်တော့ပေ။ သူ ပါးစပ်ဟလိုက်ရာ သွေးတစ်လုပ် အန်ထွက်လာပြီး ဒူးထောက် ကျသွားသည်။ သူ မတ်တတ်ရပ်နိုင်နေခြင်းမှာ သူ့ကိုယ်သူ အတင်းအကျပ် တွန်းအားပေးထားသောကြောင့် ဖြစ်သည်။

ကျန်းကျောက်ရှားစိတ်ထဲ၌ ရှုံးနိမ့်မှုကို လက်မခံနိုင်ပေ။ သူသည် ယန်ယွမ်နယ်ပယ် ဆဌမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤအဆင့်သို့ ရောက်ပြီးကတည်းက မည်သူ့ကိုမျှ မကြောက်ရွံ့ခဲ့ဖူးပေ။ သူ့အစ်ကိုကြီးမှလွဲ၍ မည်သူမျှ သူ့ကို မနိုင်နိုင်ဟု ခံစားခဲ့ရသည်။

သို့သော် ယနေ့တွင် သူ လုံးဝ ရှုံးနိမ့်ခဲ့ရသည်။ ရှန်ယွဲ့၏ စွမ်းရည်က သူ့ထက် နိမ့်ကျကြောင်း သူ အာရုံခံနိုင်သော်လည်း ဓားသိုင်းနှင့် ဓားဆန္ဒကြောင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဓားကြောင့် ရှုံးနိမ့်ခဲ့ရခြင်းပင်။ ဓားကို စွဲလမ်းသော သူ့လို လူတစ်ယောက် အနေဖြင့် ဤရလဒ်ကို မည်သို့ လက်ခံနိုင်မည်နည်း...

ရှန်ယွဲ့ပ အဝေးမှ ကြည့်ရှုနေသော လူရာပေါင်းများစွာထံသို့ အကြည့်လွှဲလိုက်ပြီး …..

"ချင်းရှောင်ဂိုဏ်းမှာ ငါ့ကို ယှဉ်နိုင်တဲ့သူ ရှိသေးလား... မရှိရင် တီရွှမ်းဓားကို ပေးလိုက်ပါ... ငါ အတင်းအဓမ္မ မယူချင်ဘူး..."

ရူးလိုက်တာ!

လူတိုင်း သူ့စကားလုံးများအပေါ် ဤသို့ ခံစားလိုက်ရသည်။ ချင်းရှောင်ဂိုဏ်းသားများသည်လည်း ပွဲကြည့်ရုံ သက်သက် မဟုတ်တော့ဘဲ ရှန်ယွဲ့က သူတို့ပါးကို ရိုက်လိုက်သကဲ့သို့ ခံစားရသဖြင့် ဒေါသထွက်ကာ စိတ်ပျက်သွားကြသည်။

"ဘာလို့ ခင်ဗျားတစ်ယောက်တည်း ညှိနှိုင်းခွင့် ရှိနေရတာလဲ... တကယ်လို့ ခင်ဗျား ရှုံးရင် ဘယ်လိုလုပ်မလဲ..."

ထိုစဉ် အနောက်ဘက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံကို ကြားလိုက်ရသဖြင့် တပည့်အများအပြား ဝမ်းသာအားရ ဖြစ်သွားကြပြီး နောက်လှည့်ကြည့်လိုက်ကြသည်။ ချင်းရှောင်ဂိုဏ်းသားများနှင့် ဘုရားဖူးများက လီချင်းချိုးနှင့် ယွမ်ချီတို့ကို လမ်းဖယ်ပေးလိုက်ကြသည်။

"ဆရာ... သူ့ကို သင်ခန်းစာ ပေးလိုက်ပါ..."

ကျောက်ကျိန်းတယောက် လူအုပ်ကြားတွင် ရပ်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ယွမ်လီလည်း သူ့ဘေးတွင် ရပ်နေပြီး မျှော်လင့်ချက် ပြည့်ဝသော မျက်နှာဖြင့် ရှိနေသည်။ ဆုရှီးလင်၊ ခုရီ၊ခုအာတို့လည်း ထိုနေရာတွင် ရှိနေကြသည်။ လီချင်းချိုး ပေါ်လာသည်ကို မြင်သောအခါ သူတို့အားလုံး သက်ပြင်းချလိုက်ကြသည်။

ချင်းရှောင်ဂိုဏ်းကို ဓားနတ်ဘုရား နင်းချေသွားသည်ကို သူတို့ မမြင်ချင်ကြပေ။

သို့သော် ဓားနတ်ဘုရား၏ ပြိုင်ဘက် မဟုတ်ကြောင်း သူတို့ ဝန်ခံရပေမည်။အဆင့်အတန်းမြင့် တော့ရော ဘာထူးမှာလဲ... ကိုယ့်ထက် တော်တဲ့သူက အမြဲ ရှိနေတတ်ပြီး ကိုယ်နားမလည်နိုင်တဲ့ အရာတွေ အမြဲ ရှိနေတတ်စမြဲပင်။ သိုင်းလောကသား အများစုအတွက် သူတို့သည် တသီးတခြား နေထိုင်သော ဆရာသခင်များ ဖြစ်သော်လည်း အမှန်တကယ် ပြိုင်ဘက်ကင်းသူများအတွက်မူ သာမန်လူများနှင့် မခြားပေ။

ဒါပေမဲ့...

ဓားနတ်ဘုရားရဲ့ မျက်လုံးထဲမှာ ချင်းရှောင်ဂိုဏ်းချုပ်က ဘယ်လောက်မြင့်မားတဲ့ နေရာမှာ ရှိနေမလဲဆိုတာတော့ စဉ်းစားစရာပင်...

လူတိုင်း၏ စောင့်ကြည့်နေမှုအောက်တွင် လီချင်းချိုး လျှောက်လာပြီး ဝူမန်အာနှင့် ယန်ကျွယ်တိန်တို့ကို ကျော်ဖြတ်ကာ ကျန်းကျောက်ရှားထံသို့ ဦးတည်သွားခဲ့သည်။ ထိုအခါ ရှန်ယွဲ့၏ အကြည့်များ လီချင်းချိုးအပေါ် ကျရောက်လာပြီး မျက်လုံးထဲတွင် အံ့သြမှု အချို့ ပေါ်လာသည်။

နောက်ထပ် လူငယ်တစ်ယောက် ထွက်ပေါ်လာပြန်ပြီ...

ပေါ်ထွန်းခါစ ချင်းရှောင်ဂိုဏ်းတွင် အလွန် ငယ်ရွယ်သော ပါရမီရှင် လူငယ်များ ပြည့်နှက်နေသည်ဟု သူ ကြားဖူးသော်လည်း ပုံကြီးချဲ့ထားသည်ဟုသာ ထင်ခဲ့မိသည်။ ယခုမှသာ ကောလာဟလများက ချင်းရှောင်ဂိုဏ်းကို လျှော့တွက်ထားကြောင်း သိလိုက်ရသည်။

သူ ဂရုမစိုက်သလို နေသော်လည်း တကယ်တမ်းတွင် ကျန်းကျောက်ရှားကြောင့် အတော်လေး ထိတ်လန့်သွားခဲ့ရသည်။ အသက် ၂၁ နှစ်အရွယ်နှင့် ဤမျှ သိုင်းပညာ စွမ်းရည်ရှိနေသည်ကို ကြည့်လျှင် အသက် ၅၀ ရောက်သောအခါ သိုင်းပညာကို မကြုံစဖူး အမြင့်သို့ တွန်းပို့နိုင်မည်ဟု ရှန်ယွဲ့ ခံစားနေရသည်။

သို့သော်လည်း အနာဂတ်ဆိုသည်မှာ သူ့စိတ်ထဲတွင် မရှိတော့ပေ။ မသေခင် တီရွှမ်းဓားကို မြင်ဖူးချင်ရုံသာ ဆန္ဒရှိပြီး ဓားသိုင်းအသစ် တစ်ခုကို ဖန်တီးကာ နောင်တမရှိဘဲ သေဆုံးသွားလိုခြင်း ဖြစ်သည်။ အကယ်၍ သူသာ ကျန်းကျောက်ရှားနှင့် လွန်ခဲ့သော ဆယ်နှစ်က တွေ့ဆုံခဲ့လျှင် ကျန်းကျောက်ရှားကို တပည့်အဖြစ် သေချာပေါက် လက်ခံခဲ့မိပေလိမ့်မည်။

သူ့အကြည့်အောက်တွင် လီချင်းချိုးနှင့် ကျန်းကျောက်ရှားတို့ လူချင်း ချိတ်မိလုနီးပါး ဖြတ်သွားကြသည်။ လီချင်းချိုးက ငွေအပ် နှစ်ချောင်းကို ပေါ့ပေါ့ပါးပါး ပစ်လွှတ်လိုက်ရာ ကျန်းကျောက်ရှား၏ ရင်ဘတ်ကို ဖောက်ဝင်သွားသည်။

"အစ်ကိုကြီး..."

ကျန်းကျောက်ရှားခင်မျာ အလွန် အရှက်ရနေသဖြင့် မြေကြီးထဲသို့သာ ဝင်သွားချင်နေတော့သည်။

"မင်း ချင်းရှောင်ဂိုဏ်းရဲ့ သိက္ခာကို မကျစေခဲ့ပါဘူး... ဓားနတ်ဘုရားကလည်း မြင်နေရသလောက် သက်သောင့်သက်သာရှိမနေဘူး..."

လီချင်းချိုးက ခေါင်းမလှည့်ဘဲ ပြောလိုက်တာကြောင့် ရှန်ယွဲ့ မျက်မှောင်ကြုတ်မိသွားသည်။

လီချင်းချိုး ရပ်တန့်လိုက်သောအခါ ရှန်ယွဲ့က…..

"တကယ်လို့ ငါရှုံးရင် ငါ့ဘဝတစ်လျှောက်လုံး လေ့လာထားသမျှ ပညာတွေကို ချင်းရှောင်ဂိုဏ်းကို လွှဲပြောင်းပေးမယ်... ဘယ်လိုလဲ..."

သူသည် ကျန်းဟူလောကတွင် နှစ်ပေါင်း ၇၀ ကြာ ကျင်လည်ခဲ့ပြီး ဖြစ်ရာ မျိုးဆက်သစ် လူငယ်များကို အနိုင်ကျင့်သည်ဟု နောင်လာနောက်သားများ ပြောဆိုမည်ကို မလိုလားပေ။ တကယ်တော့ သူ ရှုံးနိမ့်မည်ဟု လုံးဝ မထင်ထားခြင်း ဖြစ်သည်။

"ခင်ဗျားက ရှုံးပြီးသားပဲလေ... ခင်ဗျား တစ်ဘဝလုံး လေ့လာထားတဲ့ ပညာတွေက ကျွန်တော့်အတွက် ဘာအဓိပ္ပာယ် ရှိမှာလဲ..."

လီချင်းချိုးက ပြုံး၍ မေးလိုက်သည်။ သူ့သဘောထားက အလွန် ပေါ့ပါးပြီး ရန်လိုမှု မရှိသော်လည်း ပြောလိုက်သော စကားလုံးများက ရှန်ယွဲ့ထက်ပင် ပိုမို မောက်မာနေသဖြင့် တပည့်များ စိတ်လှုပ်ရှားသွားကြသည်။

"စကားနိုင်လုနေလို့ အလကားပဲ... မင်း ဘာလိုချင်လဲ ပြော..."

"ခင်ဗျား ရှုံးရင် ချင်းရှောင်ဂိုဏ်းထဲ ဝင်ရမယ်..."

လီချင်းချိုးက ရှန်ယွဲ့ကို စိုက်ကြည့်ရင်း လေးလေးနက်နက် ပြောလိုက်ပြီးနောက်အပြုံးများ ပျောက်ကွယ်သွားပြီးနောက် သူ့မျက်လုံးများက ရှန်ယွဲ့ကို ဖော်ပြမရနိုင်သော ဖိအားတစ်ခု ပေးစွမ်းလိုက်သည်။

ဤလူငယ်က ကျန်းကျောက်ရှားထက် ပိုမို သန်မာနိုင်ကြောင်း ရှန်ယွဲ့ သတိထားမိလိုက်သော်လည်း သူ မကြောက်ပေ။ သူ့ဘဝတွင် မည်သည့် ပြိုင်ဘက်ကိုမျှ မကြောက်ခဲ့ဖူးချေ။ တိုက်ပွဲတွင် သေဆုံးခြင်းက သူ့သိုင်းပညာအတွက် အကောင်းဆုံး အသိအမှတ်ပြုမှုဟုပင် ခံစားရသည်။ သူ့ကို သတ်နိုင်မည့်သူ ရှာမတွေ့ခြင်းကသာ ပြဿနာ ဖြစ်နေခဲ့သည်။

"မြင်လား... ချီစွမ်းအင် နယ်ပယ်မှာ သူက ငါ့အစ်ကိုရဲ့ ပြိုင်ဘက် မဟုတ်ဘူး..."

လီစစ်ကျင်က ချူကျင်းဘက် လှည့်၍ ဂုဏ်ယူစွာ ပြုံးပြလိုက်တော့ ချူကျင်းကလည်း……

"ဂိုဏ်းချုပ်က ငယ်ရွယ်ပေမဲ့ အရှိန်အဝါက တကယ်ကို အားကောင်းတာပဲ..."

သို့သော် ထိုစကားကို ပြောလိုက်စဉ် သူ့မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။

"မင်းသဘောအတိုင်းပဲ... လာစမ်း..."

လီချင်းချိုးနှင့် စကားပြောနေရသည်မှာ အချိန်ဖြုန်းနေသကဲ့သို့ ခံစားရသဖြင့် ရှန်ယွဲ့က စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။

"ဟား ဟား ခင်ဗျားက ဓားနတ်ဘုရား ဆိုတော့... ကျွန်တော် ခင်ဗျားကို ဓားသိုင်းနဲ့ပဲ ယှဉ်ပြိုင်မယ်..."

ဘာအဓိပ္ပာယ်လဲ... ဒီလူငယ်က စစ်မှန်တဲ့ ဓားသမား မဟုတ်ဘူးလား...

ထိုအချိန်မှာပင် မြစ်တစ်ဖက်ကမ်းရှိ လီချင်းချိုးက ညာလက်ကို မြှောက်လိုက်သည်ကို သူ တွေ့လိုက်ရသည်။ လီချင်းချိုး လက်မြှောက်လိုက်သည်နှင့် နောက်ဘက်မှ ကြည့်နေသော ချင်းရှောင်ဂိုဏ်းသားများနှင့် ဘုရားဖူးများအားလုံး သူတို့လက်ထဲက ဓားအိမ်များကို ငုံ့ကြည့်လိုက်ကြရာ ဓားများ တုန်ခါနေသည်ကို တွေ့လိုက်ရသည်။

အချို့က ဓားများကို အလိုအလျောက် ဆုပ်ကိုင်လိုက်ကြသော်လည်း အချို့က တစ်စုံတစ်ခုကို သတိရသွားသလို ဓားများကို ဖိနှိပ်မထားဘဲ လီချင်းချိုးကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ ချူကျင်း ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ဘေးနားကလူရဲ့ ဓားအိမ် ပြင်းထန်စွာ တုန်ခါနေသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

ရှန်ယွဲ့ကတော့ အဝေးမှ ကြည့်ရှုသူများ၏ ပုံမှန်မဟုတ်သော အမူအရာကို သတိမထားမိပေ။ သူ့အာရုံက လီချင်းချိုးအပေါ်တွင်သာ ရောက်နေသည်။ လီချင်းချိုး လက်မြှောက်ရုံသာ ရှိပြီး မလှုပ်ရှားသေးသည်ကို တွေ့ရသဖြင့် နားမလည် ဖြစ်နေသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် လီချင်းချိုး၏ ညာဘက်လက်ဝါး ရုတ်တရက် လှန်လိုက်သည်ကို တွေ့လိုက်ရလေသည်။

ချလွင်... ချလွင်... ချလွင်...

မရေမတွက်နိုင်သော ဓားသံများ တပြိုင်နက် ထွက်ပေါ်လာပြီး ကျယ်လောင်လွန်းလှသဖြင့် ရှန်ယွဲ့၏ မျက်နှာကို ဓားအလင်းရောင်များ တိုက်ရိုက် လာဟပ်နေသော်လည်း မျက်လုံးများကို ပြူးကျယ်ထားပြီး အံ့အားသင့်သော အမူအရာ ဖြစ်ပေါ်နေသည်။

သူ ဘာမြင်လိုက်ရသနည်း...

အဝေးမှ ကြည့်ရှုသူ ရာပေါင်းများစွာထံမှ ဓားများ ရုတ်တရက် ပျံတက်လာပြီး လီချင်းချိုး၏ နောက်ကျောဘက်သို့ ရောက်ရှိလာကာ လေထဲတွင် တန်းစီလျက် သူ့ကို ချိန်ရွယ်ထားကြသည်။

ဓားနတ်ဘုရား ရှန်ယွဲ့ပင်လျှင် ဓားပေါင်း ၂၀၀ ကျော် သူ့ကို ချိန်ရွယ်ထားသည်ကို မြင်သောအခါ ကျောချမ်းသွားမိသည်။ အဓိက အကြောင်းရင်းမှာ သူ ဤကဲ့သို့သော မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးသောကြောင့် ဖြစ်သည်။ ဤဓားများကို လူများ ကိုင်ဆောင်ထားခြင်း မဟုတ်ဘဲ တစ္ဆေများသဖွယ် သူ့အလိုလို လွင့်မျောနေခြင်း ဖြစ်သည်။

ဓားနတ်ဘုရားဆိုသူတောင် ထိုသို့ ဖြစ်နေလျှင် အခြားသူများ ဆိုပါက ပြောဖွယ်ရာ မရှိတော့ချေ။ ကြည့်ရှုသူ ရာပေါင်းများစွာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ဘာဖြစ်မည်ကို ခန့်မှန်းမိသော ချင်းရှောင်ဂိုဏ်းသားများသည်ပင် မျက်စိရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။

ကျန်းကျောက်ရှားသည်လည်း မြေကြီးပေါ်တွင် ဒူးထောက်လျက် မော့ကြည့်နေရင်း အလားတူပင် ထိတ်လန့်နေမိသည်။ လီစစ်ကျင် ဘေးတွင် ရပ်နေသော ချူကျင်းကတော့ မျက်မှောင်ကြုတ်လျက် လီချင်းချိုးကို ကြည့်နေသော အကြည့်များထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

လီချင်းချိုး၏ အတွင်းအားကို ချူကျင်း အာရုံမခံနိုင်ပေ။ လီချင်းချိုးက လေထဲတွင် ဓားများစွာကို ထိန်းချုပ်ရန် အတွင်းအားကို အသုံးပြုခြင်း မဟုတ်ချေ။

"ဒါက ဘယ်လို ဓားသိုင်းမျိုးလဲ..."

ရှန်ယွဲ့၏ အသံ အနည်းငယ် တုန်ရီနေသည်။

"ဆရာသခင် တစ်ယောက်ရဲ့ ဓားသိုင်းကို အတုယူထားတာပါ... သူ့ဓားသိုင်း နာမည်ကိုပဲ သုံးလိုက်ကြတာပေါ့... ဓားတစ်သောင်းနေရပ်ပြန်လာခြင်း..."

"ဓားတစ်သောင်း နေရပ်ပြန်လာခြင်း..."

ရှန်ယွဲ့ ထိုဓားသိုင်း အမည်ကို စဉ်းစားရင်း အဆုံးမဲ့ နက်ရှိုင်းမှုကို ခံစားလိုက်ရသည်။

ကျန်းကျောက်ရှားလည်း အများနည်းတူ နားမလည်နိုင် ဖြစ်နေရှာသည်။

ဒီလို ဆရာသခင်မျိုးနဲ့ အစ်ကိုကြီး ဘယ်တုန်းက တွေ့ခဲ့တာလဲ... ဘာလို့ သူ မသိရတာလဲ...

"ဓားနတ်ဘုရား... ခင်ဗျားရဲ့ အသန်မာဆုံး ဓားသိုင်းကို ထုတ်သုံးလိုက်... ခင်ဗျားမှာ အခွင့်အရေး တစ်ကြိမ်ပဲရှိတယ်..."

လီချင်းချိုးက ရှန်ယွဲ့ကို စိုက်ကြည့်ရင်း လေးနက်စွာဖြင့် ပြောပြီးသည်နှင့် လေထဲရှိ ဓား ၂၀၀ ကျော်စလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ဓားဟိန်းသံများ ထွက်ပေါ်လာကာ ရှန်ယွဲ့ကို အချိန်မရွေး သတ်ဖြတ်တော့မည့်အလား ကြီးမားသော ဖိအားကို ပေးစွမ်းနေချေပြီ။

ရှန်ယွဲ့လည်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ညာလက်ကို မြှောက်လိုက်သည်။ သူ့အတွက် အသန်မာဆုံး ဓားသည်ဆိုမှာ လက်ထဲက ဓားမဟုတ်ဘဲ သူကိုယ်တိုင်ပင် ဖြစ်သည်။

"ဒီသိုင်းကွက်က ငါ သုံးဖူးသမျှထဲမှာ အသန်မာဆုံး ဓားသိုင်းပဲ... ဒီဓားသိုင်းကို ငါကိုယ်တိုင် ဖန်တီးထားတာ... နာမည်က ကမ္ဘာဖျက်စီးခြင်း ဓားတစ်လက်..."

ရှန်ယွဲ့ ပြောပြီးသည်နှင့် ဓားချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး အပေါ်သို့ တက်သွားရာ သူ့ဝတ်ရုံများ လွင့်ပျံသွားပြီး ဆံပင်ဖြူများ လေထဲတွင် ကခုန်နေကြသည်။ စွမ်းအားကြီးမားသော အရှိန်အဝါကြောင့် ရှီးမြစ်ရေများ နဂါးတစ်ကောင်အလား မြင့်တက်လာပြီး လေထဲတွင် ရပ်တန့်နေသည်။

ထိုအခါ လီချင်းချိုး၏ နှုတ်ခမ်းထောင့်နှစ်ဖက် ကွေးညွှတ်သွားပြီး ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ခေါင်းပေါ်ရှိ ဓား ၂၀၀ ကျော်မှ ကြောက်မက်ဖွယ် ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး ရှန်ယွဲ့ထံသို့ ပြေးဝင်သွားကြသည်။ ရုတ်တရက် ထွက်ပေါ်လာသော လေဖိအားကြောင့် ကြည့်ရှုသူ ရာပေါင်းများစွာ နောက်ဆုတ်လိုက်ကြရသည်။

တစ်ချိန်တည်း လိုလိုပင် ရှန်ယွဲ့လည်း လှုပ်ရှားလိုက်သည်။ သူ ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ခုန်တက်ကာ တစ်ဘဝလုံး စုဆောင်းထားသော ထက်မြက်မှုများကို သယ်ဆောင်ထားသည့် ပြိုင်ဘက်ကင်း ဓားတစ်လက်အလား လီချင်းချိုးထံသို့ ဝင်ရောက်သွားလေသည်။

ထိုအခိုက်အတန့်တွင် ကမ္ဘာ​မြေကြီးပင် စတင် တုန်ခါလာချေပြီ။

ရွှစ်... ရွှစ်... ရွှစ်... ရွှစ်...

ဓားချီစွမ်းအင်များ ပါဝင်သော ဓားများက လေထုကို ခွင်းလျက် ရှန်ယွဲ့ထံသို့ တည့်မတ်စွာ ဝင်ရောက်သွားပြီး ဓားချီစွမ်းအင်များ လွှမ်းခြုံထားသော ရှန်ယွဲ့ကို ချက်ချင်းပင် ဝါးမြိုလိုက်ကြသည်။

ဖုန်မှုန့်များ လွင့်ပျံလာပြီး လီချင်းချိုးက ဓား ၂၀၀ ကျော်ကို အသုံးပြု၍ မြားမိုးရွာသကဲ့သို့ တိုက်ခိုက်လိုက်သောကြောင့် မျက်စိတစ်မှိတ် အတွင်း ဓားချီစွမ်းအင်များ ဝါးမြိုခြင်း ခံလိုက်ရသော ရှန်ယွဲ့ခင်မျာ ဖုန်မှုန့်မုန်တိုင်းထဲမှ ရုတ်တရက် လွင့်စင်ထွက်လာပြီး ပေ ၁၀၀ အကွာသို့ ရောက်ရှိသွားသည်။ လမ်းမပေါ်သို့ ပြုတ်ကျသောအခါ နောက်သို့ ပေပေါင်းများစွာ လျှောတိုက်ပါသွားပြီး လမ်းကြောင်းရှည်ကြီး တစ်ခု ကျန်ရစ်စေခဲ့သည်။

ယခုဆို ရှန်ယွဲ့ မြေကြီးပေါ်တွင် လဲလျောင်းနေပြီး အဝတ်အစားများ စုတ်ပြဲနေကာ တစ်ကိုယ်လုံး တုန်ရီနေသည်။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နားများမှ သွေးများ စီးကျနေပြီး မျက်ဝန်းအစုံကလည်း အသက်မဲ့နေကာ ပါးစပ် အနည်းငယ် ဟနေပြီး သွေးများနှင့် အမြှုပ်များ အဆက်မပြတ် စီးကျနေလေသည်။

All Chapters