တမိုးအောက်တွင် အနှိုင်းမဲ့
Vol. 10 Ch. 96
တိတ်ဆိတ်ခြင်း...
ချင်းရှောင်ဂိုဏ်းသားများဖြစ်စေ၊ ဘုရားဖူးများ ဖြစ်စေ၊ လီချင်းချိုး၏ ဓားချက်ကြောင့် ဓားနတ်ဘုရားရှန်ယွဲ့ ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသူတိုင်း မှင်သက်သွားကြပြီး တစ်ခဏမျှ ပြန်လည် နိုးထမလာနိုင်ကြချေ။
လီချင်းချိုးက နောက်လှည့်လိုက်ပြီး ဝတ်ရုံလက်စကို ခါလိုက်ကာ….
"လာကြစမ်း... ဓားနတ်ဘုရားကို တောင်ပေါ် ပို့ပေးလိုက်..."
ပြောပြီးသည်နှင့် ရှေ့ဆက်လျှောက်သွားပြီး ကျန်းကျောက်ရှားကို ထပ်မံ ကျော်ဖြတ်သွားပြန်သည်။ ထိုအခါမှသာ ကျန်းကျောက်ရှား သတိပြန်ဝင်လာပြီး….
"အစ်ကိုကြီး... ခုနကသိုင်းကွက်က ဓားတစ်သောင်းနေရပ်သို့ပြန်လာခြင်း မဟုတ်ဘဲ အထွတ်အထိပ် ဓားထိန်းချုပ်ခြင်းပညာ မဟုတ်လား..."
လီချင်းချိုး ရပ်တန့်လိုက်၍ လှည့်ကြည့်ကာ တိုးတိုးလေး ရယ်မောလိုက်ပြီး…
"ဘယ်သူ့မှ မပြောနဲ့... အထွတ်အထိပ် ဓားထိန်းချုပ်ခြင်းပညာရဲ့ ဇစ်မြစ်က မရေရာဘူး... ငါတို့အတွက် ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်..."
"အစ်ကိုကြီးက ဘယ်လိုလုပ် အထွတ်အထိပ် ဓားထိန်းချုပ်ခြင်းပညာကို ဒီအဆင့်ထိ သုံးနိုင်ရတာလဲ..."
လီချင်းချိုး တဖက်ပြန်လှည့်သွားပြီး ရှေ့ရှိ လူအုပ်ကြီးဆီသို့ လျှောက်သွားရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်က… ..
"မင်း သတ္တမအဆင့် ရောက်ရင် လုပ်နိုင်လာလိမ့်မယ်..."
မူလအားဖြည့်နယ်ပယ်၏ အဆင့် မြင့်မားလေလေ အဆင့်တစ်ခုနှင့် တစ်ခုကြား ကွာခြားချက် ကြီးမားလေလေ ဖြစ်သည်။ မူလချီ အဆက်မပြတ် တိုးပွားလာသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် မူလချီကို ထိန်းချုပ်ခြင်းကဲ့သို့သော သိမ်မွေ့သည့် ပြောင်းလဲမှုများ ရှိနေသည်။
မြင်ရ၊ ကိုင်တွယ်ရ မလွယ်ကူသော်လည်း တကယ်ရှိနေသော အခြားစွမ်းအား တစ်မျိုးလည်း ရှိသေးသည်။ ၎င်းမှာ အရာဝတ္ထုများကို စိတ်ဖြင့် ရွေ့လျားခြင်းလိုစွမ်းအားမျိုးပင်။ လီချင်းချိုးက မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်တွင် ကြာမြင့်စွာ ရှိနေခဲ့ပြီ ဖြစ်သဖြင့် အားလပ်သည့်အခါတိုင်း တောထဲရှိ သစ်ရွက်များကို ထိန်းချုပ် ကစားလေ့ရှိသဖြင့် ယခုလို အကျိုးသက်ရောက်မှုကို လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
ဤစွမ်းအားသည် နယ်ပယ်၏ အမှတ်အသားလော သို့မဟုတ် ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာ၏ ထူးခြားသော စွမ်းရည်လော ဆိုသည်ကို သူ မဆုံးဖြတ်နိုင်သေးချေ။
ဒါက ဒဏ္ဍာရီလာ ဝိညာဉ်အာရုံ ဆိုတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်...
"သတ္တမအဆင့်..."
ကျန်းကျောက်ရှား နောက်လှည့်ပြီး အဝေးကို လှမ်းကြည့်လိုက်မိသည်။ ရှန်ယွဲ့ ရှိနေခြင်းက ဓားဆန္ဒက အတွင်းအားထက် သာလွန်နိုင်ကြောင်း သက်သေပြနေသော်လည်း လီချင်းချိုး၏ စွမ်းဆောင်ရည်က အတွင်းအားသည်သာ အရေးအကြီးဆုံး ဖြစ်ကြောင်း ပြသနေသည်။ ဤအချက်က သူ့ကို ဇဝေဇဝါ ဖြစ်စေသည်။
ဘယ်ဘက်ကို ယိမ်းသင့်သလဲ... သို့မဟုတ် လက်ရှိအတိုင်း အချိန်ကို မျှတစွာ ခွဲဝေသင့်သလား...
သူ့ပင်ကိုယ်အသိစိတ်က အစ်ကိုကြီးသည်သာ အကောင်းဆုံး စံနမူနာ ဖြစ်ပြီး အတွင်းအားကသာ အခြေခံအုတ်မြစ် ဖြစ်ကြောင်း ပြောပြနေသည်။ ဓားနတ်ဘုရား၏ အားနည်းသော အတွင်းအားက ဓားနတ်ဘုရား၏ ရွေးချယ်မှုတစ်ခု မဟုတ်ဘဲ ဓားနတ်ဘုရား ကျင့်ကြံနိုင်သော အတိုင်းအတာသာ ဖြစ်ကောင်း ဖြစ်နိုင်သည်။
လီချင်းချိုးကို လူအုပ်ကြီးက ဝိုင်းရံခြင်းချီးကျူးနေကြသော်လည်း သူ့အကြည့်များက ချူကျင်းအပေါ် မတော်တဆ ကျရောက်သွားသည်။ ထိုအခါ ချူကျင်း၏ မျက်နှာထား အလွန် လျင်မြန်စွာ ပြောင်းလဲသွားပြီး မကြာမီ အခြားတပည့်များနည်းတူ စိတ်လှုပ်ရှားသလိုဟန် ဆောင်လိုက်သည်။
ဟွမ်ရှန်းကလည်း တပည့်နှစ်ဦးကို ဦးဆောင်၍ ရှန်ယွဲ့အနားသို့ သွားလိုက်သည်။ ရှန်ယွဲ့၏ ဒဏ်ရာများကို မြင်သောအခါ သူတို့ အံ့သြတုန်လှုပ်သွားကြသည်။
ဒီလူ သေတော့မှာလား...
သူတို့ တွေးနေစဉ်မှာပင် ရှန်ယွဲ့ကို ဂရုတစိုက် မ,တင်လိုက်ကြသည်။
လီချင်းချိုး၏ ဓားချက်တစ်ချက်တည်းဖြင့် ဓားနတ်ဘုရားကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သော သတင်း တောင်ပေါ်သို့ လျင်မြန်စွာ ပြန့်နှံ့သွားသည်။ ယန်ကျွယ်တိန်နှင့် ကျန်းကျောက်ရှားတို့၏ သက်သေခံချက်များ ရှိနေသဖြင့် ဓားနတ်ဘုရားက အမှန်တကယ်ပင် မယုံနိုင်လောက်အောင် သန်မာကြောင်း သက်သေပြနေသည်။ သို့သော်လည်း ထိုကဲ့သို့ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်သည်ပင် ဂိုဏ်းချုပ်၏ ပြိုင်ဘက် မဟုတ်ချေ။
နောက်ရက်များတွင် ဘုရားဖူးများက ထိုသတင်းကို သိုင်းလောကသို့ ဖြန့်ဝေလိုက်ကြရာ လျင်မြန်စွာ လူသိများလာသည်။ ဒီတစ်ခါ ရိုက်ခတ်မှုက နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ခဲ့စဉ်ကထက် ပိုမို ကြီးမားလေသည်။ ဓားနတ်ဘုရား ရှန်ယွဲ့ဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ အတွင်း သိုင်းပညာ ဒဏ္ဍာရီနှင့် အနီးစပ်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။
သိုင်းလောကသား အများအပြားက သူသည်သာ တမိုးအောက် အနှိုင်းမဲ့ဟု ခေါ်ဆိုနိုင်သော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟု ယုံကြည်ကြသည်။ တမိုးအောင် အနှိုင်းမဲ့သည် သူ့ဘဝတွင် ကြေကွဲဖွယ်ရာ ရှုံးနိမ့်ခဲ့ရပြီး လီချင်းချိုး၏ ဘုန်းတန်ခိုးအာဏာသည်သာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
နှစ်ပတ်ကြာပြီးနောက် ဤအဖြစ်အပျက်၏ ရိုက်ခတ်မှုက လျော့ပါးမသွားဘဲ ပိုမို ကြီးထွားလာပြီး တောင်ပေါ်သို့ တက်လာသူ အရေအတွက်က သက်သေပြနေသည်။
ကျန်းယွီချွန်းက လီချင်းချိုးကို လာရှာပြီး စိတ်လှုပ်ရှားစွာဖြင့်….
"အစ်ကိုကြီး... ဓားနတ်ဘုရားနဲ့ တိုက်ပွဲက သိုင်းလောကမှာ ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို ခိုင်မာစေခဲ့ပြီ... ဒီနေ့ လူ အယောက် ၂၀ လောက် တပည့်လာခံကြတယ်... အားလုံးက ဓားနတ်ဘုရားကို အစ်ကိုကြီး နိုင်လိုက်တယ်ဆိုတာ ကြားပြီး ရောက်လာကြတာ..."
"သူတို့ အားလုံးက တမိုးအောက် အနှိုင်းမဲ့ကို အစ်ကိုကြီး အနိုင်ယူလိုက်တဲ့အတွက် အစ်ကိုကြီးကသာ တမိုးအောက် အနှိုင်းမဲ့ အသစ် ဖြစ်လာပြီလို့ ပြောနေကြတယ်..."
ကျန်းယွီချွန်း၏ စကားကို ကြားသောအခါ လီချင်းချိုး ခေါင်းခါပြီး ရယ်မောလိုက်သည်။ ဒါတွေကို ပုံကြီးချဲ့နေသည်ဟုသာ ထင်လိုက်သည်။
တကယ်တော့လည်း... ရှန်ယွဲ့ရဲ့ သိုင်းပညာက တကယ်ကို ကြောက်စရာ ကောင်းပါပေသည်။
သူ့ရဲ့ အားနည်းပုံရတဲ့ အတွင်းအားကတောင် သိုင်းလောကမှာ ပြိုင်ဘက် မရှိသလောက် ဖြစ်နေပြီ... သူ့ရဲ့ ဓားဆန္ဒဆိုရင် ပြောစရာတောင် မလိုတော့ဘူး...
ရှန်ယွဲ့၏ အချက်အလက်များကို ကြည့်ချင်နေသော်လည်း ကံဆိုးစွာဖြင့် ရှန်ယွဲ့ သတိမရသေးပေ။ သူ လက်လွန်သွားမိပြီး ဓားနတ်ဘုရားကို ဒုက္ခိတ ဖြစ်စေမိပြီလားဟု တွေးကာ နောင်တရမိသည်။
"ဒါ့အပြင် ဂိုဏ်းထဲမှာ တီရွှမ်းဓား ရှိနေတယ်ဆိုတဲ့ သတင်းက ပြန့်သွားပြီ... အနာဂတ်မှာ ပြဿနာတွေ ပိုများလာနိုင်တယ်..."
ကျန်းယွီချွန်းက စိုးရိမ်တကြီး ပြောနေသော်လည်း လီချင်းချိုးကတော့ လုံးဝ ဂရုမစိုက်ပေ။
"ဘာကြောက်စရာရှိလဲ... ဒီလောကမှာ ဓားနတ်ဘုရား ဘယ်နှစ်ယောက် ရှိလို့လဲ... ဒါက ငါတို့ ဂိုဏ်းသားတွေ နာမည်ရဖို့ အခွင့်အရေးကောင်းပဲ..."
"ဟုတ်လို့လား..."
ကျန်းယွီချွန်းကတော့ စိုးရိမ်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ရှန်ယွဲ့၏ သိုင်းပညာမှာ အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းသောကြောင့် ဖြစ်သည်။ ကျန်းကျောက်ရှားနှင့် လီချင်းချိုးတို့ကို သိပ်မကွာခြားဟု သူ အမြဲ ထင်ခဲ့မိသည်။ အကယ်၍ လီချင်းချိုးသာ တမိုးအောက်အနှိုင်းမဲ့ ဖြစ်ပါက ကျန်းကျောက်ရှားကသာ ဒုတိယ ဖြစ်ရပေမည်။ ရလဒ်အနေဖြင့် ကျန်းကျောက်ရှားက ရှန်ယွဲ့လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။
လီချင်းချိုး ပြောခဲ့သလိုပင် တီရွှမ်းဓား သတင်း ပြန့်နှံ့ပြီးနောက် ဓားသမားများစွာ ရောက်လာပြီး ဓားနတ်ဘုရားကို စိန်ခေါ်ကြသည်။ လီချင်းချိုးကို စိန်ခေါ်ဖို့ မပြောနှင့်၊ စစ်မှန်သောတပည့် အဆင့်ကိုပင် ကျော်ဖြတ်နိုင်ခြင်း မရှိကြပေ။
ချင်းရှောင်ဂိုဏ်းက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း မပြုလုပ်သောကြောင့် ဖြစ်စေ၊ အချို့လူများက ရှန်ယွဲ့ ထိုမျှ စွမ်းအားကြီးသည်ကို မယုံကြည်သောကြောင့် ဖြစ်စေ၊ စိန်ခေါ်မှုများက ရက်အနည်းငယ်ကြာတိုင်း ရောက်လာတတ်သည်။ ဤတိုက်ပွဲများ၏ ရလဒ်များက ကျန်းဟူလောကသို့ ရောက်ရှိသွားပြီး ချင်းရှောင်ဂိုဏ်း၏ အင်အားကို လူများ၏ စိတ်ထဲတွင် ပိုမို နက်ရှိုင်းစွာ စွဲမြဲစေခဲ့သည်။
ချင်းရှောင်ဂိုဏ်းချုပ်က အထင်ကြီးစရာ ကောင်းရုံတင် မဟုတ်တော့ဘူး!
တစ်လကြာ မေ့မြောနေပြီးနောက် ရှန်ယွဲ့ နောက်ဆုံးတွင် နိုးလာခဲ့သည်။ ဤကာလအတွင်း တပည့်များက သူ့ကို အထူးဂရုစိုက်ခဲ့ကြပြီး လီချင်းချိုးက သူ့ကို ပြန်မနိုးလာတော့ဟုပင် သံသယ ဝင်ခဲ့မိသည်။
သူ နိုးလာကြောင်း သိရသည်နှင့် လီချင်းချိုး၊ ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ ချက်ချင်း ရောက်လာကြသည်။ ကုတင်ပေါ်တွင်လဲနေသေးသော ရှန်ယွဲ့ခင်မျာ လီချင်းချိုး အခန်းထဲသို့ ဝင်လာသည်ကို မြင်သည်နှင့် စိတ်လှုပ်ရှားသွားသည်။
လီချင်းချိုးက မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခုဆင်မြန်းထားပြီး ….
"နောက်ဆုံးတော့ နိုးလာပြီပေါ့... ချင်းရှောင်ဂိုဏ်းက ဓားနတ်ဘုရား တစ်ပါး ဆုံးရှုံးတော့မယ်လို့ ထင်နေတာ..."
ရှန်ယွဲ့ က ဘာမှပြန်မဖြေသေးဘဒယဲ မျက်လုံးများကိုသာ မှိတ်ထားလိုက်သည်။
"ဘယ်လိုလဲ... ချင်းရှောင်ဂိုဏ်းထဲ ဝင်ချင်ပြီလား..."
"ကတိက ကတိပဲလေ..."
ရှန်ယွဲ့က အသံတိုးတိုးဖြင့်ပြန်ဖြေလိုက်တော့ လီချင်းချိုး ပြုံးလိုက်ပြီး သူြဘေးသို့ လျှောက်သွားလိုက်သည်။
ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ကလည်း သူ့ကို နှုတ်ဆက်လိုက်ကြသည်။ ကျန်းယွီချွန်းတွင် ရှန်ယွဲ့ကို မေးစရာ မေးခွန်းများစွာ ရှိနေပြီး လီတုန်းယွဲ့ကတော့ ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ဖြင့် ကုသပေးရန် တာဝန်ယူထားသည်။
လီချင်းချိုးက တာအိုမျိုးဆက်စနစ်ကို ဖွင့်လိုက်ပြီး ရှန်ယွဲ့၏ ပုံရိပ်ကို အမြန် ရှာဖွေလိုက်သည်။
[အမည်: ရှန်ယွဲ့]
[လိင်: ကျား]
[အသက်: ၇၈]
[သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်း): ၆၅/၄၇ (အများဆုံး ၁၀၀)]
[ပါရမီ: အလွန်ကောင်းမွန်]
[ဉာဏ်ပညာ: ထူးချွန်]
[ကံကြမ္မာ: ဓားတာအို ဆရာသခင်၊ တမိုးအောက် အနှိုင်းမဲ့]
[ဓားတာအို ဆရာသခင်: ဓားသိုင်းအတွက် မွေးဖွားလာသူ၊ ဓားသိုင်းကွက်များ ဖန်တီးရာတွင် ကျွမ်းကျင်ပြီး ဖြန့်ဝေလိုစိတ် ပြင်းပြသည်]
[တမိုးအောက် အနှိုင်းမဲ့: လူ့လောကတွင် တမိုးအောက် အနှိုင်းမဲ့ ဘွဲ့ထူးကို ရရှိခြင်း၊ ကောင်းကင်နှင့် မြေပြင်ထံမှ ဉာဏ်အလင်း ရရှိခြင်း၊ ဓားဆန္ဒ ပြောင်းလဲခြင်းကို ခံစားရပြီး စစ်မှန်သော တမိုးအောက် အနှိုင်းမဲ့ ဖြစ်လာခြင်း။ အကယ်၍ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံသော တမိုးအောက် အနှိုင်းမဲ့ ဖြစ်လာပါက မိမိ၏ ဓားဆန္ဒနှင့် ဓားတာအို ဉာဏ်ပညာသည်လည်း နောက်တစ်ကြိမ် ပြောင်းလဲသွားလိမ့်မည်]
...
အလွန်ကောင်းမွန်ပြီး ထူးချွန်ကာ ပါရမီအရ ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ထက် မလျော့နည်းပေ။ထို့အပြင် အထူးကံကြမ္မာ နှစ်ခု ပါရှိသေးသည်။ ရှန်ယွဲ့၏ ဓားဆန္ဒ ဤမျှ စွမ်းအားကြီးမားရခြင်းမှာ တမိုးအောက် အနှိုင်းမဲ့ ဖြစ်လာပြီးနောက် ပြောင်းလဲသွားသောကြောင့် ဖြစ်ပုံရသည်။ဒီအတိုင်းဆို ယန်ယွမ်နယ်ပယ် ဆဌမအဆင့် ကျင့်ကြံသူကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
ရှန့်ယွဲ့သည် အတိုင်းအတာ တစ်ခုထိ ဤကမ္ဘာ၏ သိုင်းပညာ အကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့သည်။ ချူကျင်းကို သိုင်းပညာရှင်ဟု ယူဆ၍ မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဝိညာဉ်ဆေးလုံးကို သောက်သုံးထားပြီး နှစ်ပေါင်းများစွာ အသက်ရှင်နေသောကြောင့် ဖြစ်သည်။
ယခုဆို တမိုးအောက် အနှိုင်းမဲ့ ရှန်ယွဲ့၏ ကံကြမ္မာက ချင်းရှောင်ဂိုဏ်းနှင့် ယှက်နွှယ်နေပြီ ဖြစ်ရာ ထိုနေရာတွင် ဆက်ရှိနေပြီး ချင်းရှောင်ဂိုဏ်းကို တမိုးအောက်အနှိုင်းမဲ့ ဂိုဏ်း ဖြစ်လာအောင် ကူညီပေးသင့်သည်။
တမိုးအောက် အနှိုင်းမဲ့...
လီချင်းချိုးအတွက်မူ သိုင်းဂိုဏ်း ဆိုသည်မှာ အဆင့်တစ်ခုသာ ဖြစ်ပြီး သူ့ရည်မှန်းချက် အစစ်အမှန်မှာ ချင်းရှောင်ဂိုဏ်းကို အင်မော်တယ်ကျင့်ကြံရေး ဂိုဏ်းတစ်ခု ဖြစ်လာစေရန် ဖြစ်သည်။
လီတုန်းယွဲ့က ရှန်ယွဲ့အပေါ် အပ်စိုက်ကုထုံး သုံးကြိမ် ပြုလုပ်ပေးပြီးနောက် ရှန်ယွဲ့၏ မျက်နှာအသွေး အရောင် သိသိသာသာ ကောင်းမွန်လာသည်။
"စီနီယာရှန်... ဖေမိသားစုနဲ့ ဘယ်လို ပတ်သက်မှုရှိလဲ..."
ကျန်းယွီချွန်းက ဒဲ့တိုး မေးလိုက်တော့….
"ဖေမိသားစုထဲမှာ ငါ့မိတ်ဆွေဟောင်း တစ်ယောက်ရှိတယ်... တီရွှမ်းဓားကို ချင်းရှောင်ဂိုဏ်းက ရထားတယ်ဆိုပြီး ငါ့ဆီ လူလွှတ် ပြောခိုင်းလို့ ငါ ရောက်လာတာ..."
"ဖေမိသားစုက တီရွှမ်းဓားကို ခင်ဗျားအတွက် ရှာပေးနေတာလား...
"သူတို့ကလည်း တီရွှမ်းဓားကို ရှာနေတာလား... အင်း... သူတို့လူ အများစုက ရည်မှန်းချက်ကြီးကြတယ်... မင်းတို့ကို ဘာမှမလုပ်နိုင်လို့ ငါ့ကို မျှားခေါ်လိုက်တာနေမှာ..."
ထိုစကားကို ပြောလိုက်စဉ် ရှန်ယွဲ့က ဒေါသထွက်သည့် လက္ခဏာ မပြဘဲ စိတ်သက်သာရာ ရသည့်အပြုံး တစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။
"မေးပါရစေ စီနီယာ... သိုင်းလောကမှာ ခင်ဗျားလောက် စွမ်းရည်ရှိတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ... ခင်ဗျားထက် စွမ်းရည်ရှိတဲ့သူ ရှိသေးလား... ဒါပေမဲ့ ကျွန်တော့်အစ်ကိုကြီးကိုတော့ ထည့်မတွက်နဲ့ပေါ့..."
ထိုစကားကို ကြားသောအခါ ရှန်ယွဲ့ ရုတ်တရက် ချောင်းဆိုးလာပြီး မျက်နှာနီရဲသွားသည်။ ကျန်းယွီချွန်း လန့်သွားပြီး သူ့ကျောကို ပုတ်ပေးရန် ပြင်လိုက်သော်လည်း သူက လက်ကာပြလိုက်သည်။
အတန်ကြာ ချောင်းဆိုးပြီးနောက် ရှန်ယွဲ့ နောက်ဆုံးတွင် ငြိမ်သက်သွားသည်။ ထို့နောက် ကျန်းယွီချွန်းကို စိုက်ကြည့်ပြီး အသံနက်ကြီးဖြင့် …
"ဂျူနီယာ... ငါ့ရဲ့ ဓားနတ်ဘုရားဘွဲ့က လုပ်ကြံဖန်တီးထားတာလို့ မင်း ထင်နေလား... ငါ ငယ်ငယ်တုန်းက ကြောက်စရာကောင်းတဲ့ ပြိုင်ဘက် အနည်းငယ်နဲ့ တွေ့ဖူးတယ်... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ဘယ်သူမှ ငါ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး... ကမ္ဘာပေါ်မှာ ငါ့ထက် စွမ်းအားကြီးတဲ့သူတွေ ရှိချင်ရှိမယ်... ဒါပေမဲ့ အနည်းဆုံးတော့ ဘယ်သူမှ မပေါ်လာသေးဘူး..."
ကျန်းယွီချွန်း လုံးဝ အရှက်မရဘဲ သက်ပြင်းချလိုက်သည်။ ဖေမိသားစု အနေဖြင့် ဓားနတ်ဘုရားလို ဆရာသခင် တစ်ယောက်ကို ပေါ့ပေါ့ပါးပါး ခေါ်ယူနိုင်ခြင်းက သူ့ကို တကယ် ကြောက်လန့်စေသည်။
လီတုန်းယွဲ့က ရယ်မောပြီး…..
"စီနီယာ... ကျွန်မရဲ့ ဒုတိယအစ်ကိုကြီးက ရှင့်ကို အထင်သေးတာ မဟုတ်ပါဘူး... ပြောင်းပြန်အနေနဲ့ ရှင်က အရမ်း အံ့သြစရာ ကောင်းတယ်လို့ သူ ထင်နေတာ... တကယ်လို့ ဖေမိသားစုက ရှင်လောက် တော်တဲ့သူကို ရှာတွေ့နိုင်ရင် ကျွန်မတို့ ချင်းရှောင်ဂိုဏ်း ပြဿနာ အကြီးကြီး တက်မှာ..."
ထိုစကားကို ကြားသောအခါ ရှန်ယွဲ့၏ မျက်နှာထား ကောင်းမွန်သွားသည်။
"ဖေမိသားစုမှာ သိုင်းလောက ကျွမ်းကျင်သူ အနည်းငယ် ရှိတာတော့ အမှန်ပဲ... အားလုံးက နယ်ပယ်ဝင် အဆင့်တွေချည်းပဲ... ဒါပေမဲ့ သူတို့က ချင်းရှောင်ဂိုဏ်းကို မခြိမ်းခြောက်နိုင်ဘူး..... ငါ ချင်းရှောင်ဂိုဏ်းထဲ ဝင်ပြီးပြီပဲ... ဒဏ်ရာ သက်သာတာနဲ့ တစ်ယောက်ယောက်က ချင်းရှောင်ဂိုဏ်းကို ပြဿနာ လာရှာရင် ငါ ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး... ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ..."
ကျန်းယွီချွန်း အလန်တကြား မေးလိုက်မိသည်။
ရှန်ယွဲ့လို ဆရာသခင် တစ်ယောက် ဝင်ရောက်လာခြင်းဖြင့် ချင်းရှောင်ဂိုဏ်း ပိုမို အင်အားကြီးမားလာမည် ဖြစ်ပြီး ဂိုဏ်းချုပ်ကလည်း အမြဲတမ်း ဝင်ပါရန် မလိုအပ်တော့ပေ။
ရှန်ယွဲ့က မျက်နှာနီသွားပြီး ….
"ငါ့ကို တီရွှမ်းဓား ကိုင်ကြည့်ခွင့် ပေးပါ... ငါ ကတိပေးတယ်... ဒီအတိုင်း ကြည့်ချင်ရုံပါ... မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး... ငါ ကမ္ဘာပေါ်က နာမည်ကြီး ဓားတွေကို မြင်ဖူးပေမဲ့ ဒီခေတ်အဆက်ဆက် နံပါတ်တစ်ဓားကိုတော့ မမြင်ဖူးသေးဘူး... မသေခင် ဒီဓားကို ကိုင်ခွင့်ရရင် ငါ့ဘဝမှာ နောင်တ မရှိတော့ပါဘူး..."
ထိုစကားကို ကြားသောအခါ ကျန်းယွီချွန်း မနေနိုင်ဘဲ လီချင်းချိုးကို ကြည့်လိုက်မိသည်။
လီချင်းချိုးက တာအိုမျိုးဆက်စနစ် မျက်နှာပြင်ကို ပိတ်လိုက်ပြီး ရယ်မောလိုက်ကာ…
"ဓားနတ်ဘုရားက တီရွှမ်းဓားကို ကိုင်ကြည့်ချင်မှတော့ ဖြစ်စေရမှာပေါ့..."
ရှန်ယွဲ့ သက်ပြင်းချလိုက်ပြီး လီချင်းချိုးကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ပြီး အသံတိုးတိုးဖြင့်….
"ငါ့ကို ဓားနတ်ဘုရားလို့ မခေါ်ပါနဲ့တော့... မင်းရှေ့မှာ ငါ မထိုက်တန်ပါဘူး..."
"ဓားနတ်ဘုရား... ခင်ဗျား တကယ်ပဲ ဒီလို သေဆုံးချင်တာလား... တကယ်လို့ ခင်ဗျားကို နောက်ထပ် နှစ် ၅၀ အသက်ရှင်ခွင့်ရမယ့် နည်းလမ်းရှိရင် ခင်ဗျား လိုချင်လား..."
ထိုစကားကို ကြားသောအခါ ရှန်ယွဲ့က အံ့အားသင့်စွာဖြင့်….
"နောက်ထပ် နှစ် ၅၀ အသက်ရှင်ရမယ် ဟုတ်လား... ငါ့အသက် ဘယ်လောက်ရှိပြီလဲ မင်း သိလား..."
"၇၈ နှစ်..."
"မင်း..."
ရှန်ယွဲ့ ထိတ်လန့်သွားသည်။ လူအများစုက သူ့ကို အသက် ၇၀၊ ၈၀ ဝန်းကျင် ရှိမည်ဟုသာ သိကြပြီး တိကျသော အသက်ကို မသိကြပေ။
လီချင်းချိုး ဘယ်လိုလုပ် သိတာလဲ...
လီချင်းချိုးဆိုသူက ငယ်ရွယ်သော်လည်း ကြောက်မက်ဖွယ် သိုင်းပညာ စွမ်းရည် ပိုင်ဆိုင်ထားသည်ကို ထည့်တွက်ကြည့်လိုက်လျှင် ဖြစ်နိုင်ခြေ အများအပြားကို သူ ရုတ်တရက် တွေးမိလိုက်သည်။
သို့သော်လည်း ဓားနတ်ဘုရားတွင် သူ့မာနနှင့်သူ ရှိနေဆဲ ဖြစ်ရာ လွယ်လွယ်ကူကူ ဦးညွှတ်မည် မဟုတ်ပေ။
"ငါ့ကို ဓားအရင် ကိုင်ကြည့်ခွင့် ပေးပါ..."