← Chapters

ဓားဂိုဏ်း

Vol. 10 Ch. 97

ဓားဂိုဏ်း

Vol. 10 Ch. 97

ရာသီဥတု အေးလာသော်လည်း ကောင်းကင်ကြီးကတော့ လင်းထိန်နေဆဲပင်…

လင်းရှောင်ခြံဝင်း၌….

လီစစ်ဖုန်းက နံရံကို ကျောမှီထားပြီး ဓားကို တင်းတင်းဆုပ်ကိုင်ကာ ဒေါသတကြီး အော်ဟစ်နေသည်။

"ဓားနတ်ဘုရား ဖြစ်တော့ ဘာလုပ်ရမှာလဲ... ရှင်းရှင်းလင်းလင်း သိထားရမှာက သူက ချင်းရှောင်ဂိုဏ်းကို အရင် စိန်ခေါ်ခဲ့တာ... ဒါကြောင့် သူက ရန်သူပဲ... သူ့ကို မသတ်ဘဲ လွှတ်ထားပေးတာတောင် ကျေးဇူးတင်ရမှာကို အခု ကျွန်တော့် အဖိုးတန်ဓားကို ကိုင်ချင်သေးတယ် ဟုတ်လား... နောက်နေတာလား..."

ကျန်းယွီချွန်း၊ လီတုန်းယွဲ့နှင့် လီစစ်ကျင်တို့က သူ့လမ်းကို ပိတ်ထားကြသဖြင့် ထွက်ပြေးစရာ နေရာမရှိ ဖြစ်နေသည်။

"ဆဌမဂျူနီယာညီလေး... မင်းက ဂိုဏ်းရဲ့ အဆင့်မြင့် ခေါင်းဆောင် တစ်ယောက်လေ... သဘောထား သေးသိမ်လို့ မရဘူး... အမြင်ကျယ်ကျယ် ကြည့်မှပေါ့... ဓားနတ်ဘုရား ချင်းရှောင်ဂိုဏ်းထဲ ဝင်လာတဲ့ အကျိုးကျေးဇူးကို တွေးကြည့်လေ... ဒါ့အပြင် သူက မင်းရဲ့ ဓားကို ကြည့်ချင်ရုံပါ... တစ်ရက်လောက် ငှားလိုက်ပါ... ငါတို့ လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားမှာပါ... သူ တောင်ပေါ်က မဆင်းရအောင် သေချာ လုပ်ပေးမယ်..."

ကျန်းယွီချွန်းက လေးလေးနက်နက် ပြောနေသော်လည်း လီစစ်ဖုန်း၏ သဘောထားကြောင့် လက်လျော့ချင်နေပြီ ဖြစ်သည်။

ဒီကောင်လေး ဘာလို့ မရင့်ကျက်သေးတာလဲ...

လီစစ်ကျင်က ခါးထောက်လိုက်ပြီး …

" ပြောရဲသေးတယ်နော်... နင်သာ ဒီဓားကို ယူမလာရင် ချင်းရှောင်ဂိုဏ်း ဒုက္ခရောက်ပါ့မလား... အခုထိ တတိယအစ်ကိုကြီးရဲ့ တပည့်တွေတောင် ပြန်မရောက်သေးဘူး... နင့်ကို လိုက်ရှာနေတုန်းပဲ... ကဲ... ရှင်းရှင်းလင်းလင်း ပြောစမ်းပါဉီး... ဒီဓားက နင့်ဓားလား ဂိုဏ်းပိုင်ဓားလား... ဂိုဏ်းပိုင်ဓားဆိုရင် ဘာလို့ အမိန့်မနာခံတာလဲ..."

လီစစ်ဖုန်းခင်မျာ ညီမလေး၏ လှောင်ပြောင်မှုကို နားထောင်ရင်း မျက်နှာအသွေးအရောင် နီလိုက် ဖြူလိုက် ဖြစ်နေသည်။

"ကောင်းပြီ... ပေးမယ်... ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင် သွားတွေ့မှ ဖြစ်မယ်..."

"ဒီလိုလုပ်စမ်းပါ ငါ့ညီလေးရာ..."

ကျန်းယွီချွန်းအခုမှပဲ ပြုံးနိူင်တော့သည်။

လီစစ်ဖုန်းကို ကိုင်တွယ်ဖို့ ဂျူနီယာညီမလေးကို ဒါ့ကြောင့် လိုအပ်တာကိုး...

ထို့နောက် သူတို့ သုံးယောက် လီစစ်ဖုန်းကို ခေါ်ဆောင်၍ ရှန်ယွဲ့ နေထိုင်သော ဧည့်ရိပ်သာသို့ ဦးတည်သွားခဲ့ကြသည်။

...

အခြားတစ်ဖက်တွင်…..

လီချင်းချိုးက မြေအောက် ဝိညာဉ်ရေကန်တွင် သိုင်းကျင့်ကြံနေပြီး ကျိယာ တစ်ယောက်သာ သူနှင့် အတူရှိနေသည်။ ကျိယာက ဝိညာဉ်ရေကန်၏ အခြားတစ်ဖက်တွင် ထိုင်နေပြီး ဆရာသခင်ကို ရံဖန်ရံခါ လှမ်းကြည့်နေကာ တစ်စုံတစ်ရာ ပြောချင်နေပုံ ရသော်လည်း မျိုသိပ်နေရသည်။

ဒါတွေကို သိနေသော လီချင်းချိုးက မျက်လုံးမှိတ်ထားရင်း…

"ပြောချင်တာရှိရင် ပြောလိုက်..."

ကျိယာဆိုသည့်ကောင်လေးက နေရာတိုင်းတွင် ကောင်းမွန်သူ ဖြစ်သည်။ အလုပ်ကြိုးစားသည်၊ ယဉ်ကျေးသည်၊ ဂိုဏ်းချုပ်၏ တပည့်ဆိုသော အဆင့်အတန်းကို အခွင့်ကောင်းယူပြီး မောက်မာခြင်း မရှိပေ။သူ့ရဲ့ တခုတည်းသော အားနည်းချက်က အနေအေးပြီး သိုင်းပြိုင်ခြင်းမှလွဲ၍ အခြားသူများနှင့် ဆက်ဆံရသည်ကို မကြိုက်ခြင်းပင်။

ချင်းရှောင်ဂိုဏ်းသား ဖြစ်လာသည်မှာ ကြာပြီ ဖြစ်သော်လည်း ကျိယာက မြေအောက်နန်းတော်မှ အတူလွတ်မြောက်လာသော လူငါးဦးနှင့်သာ ကစားလိုသေးသည်။ ကျောက်ကျိန်းနှင့် ယွမ်လီတို့နှင့်ပင် အဆင်မပြေလှပေ။

ထိုလူငါးဦး၏ ပါရမီမှာ သာမန်ကာလျှံကာသာ ရှိသည်။ သုံးယောက်သာ အတွင်းစည်းတပည့် ဖြစ်လာပြီး ကျန်နှစ်ယောက်မှာ အမည်ခံတပည့် အဆင့်တွင်သာ ရှိသေးသည်။ ကျိယာ ဘာမှမပြောရင်တောင် ထိုလူငါးဦးနှင့် ပတ်သက်နေမည်ကို မှန်းဆနိုင်၏။

"ဆရာသခင်... သတ္တမဂျူနီယာ ဦးလေးရဲ့ ဆေးဥယျာဉ်မှာ တပည့်တွေ ခေါ်နေတယ်လို့ ကြားတယ်... ယန်လင်းကို အခွင့်အရေး ပေးလို့ ရမလား..."

ကျိယာက သတိထားပြီး မေးလိုက်သည်။

ယန်လင်းဆိုသူက ကျိယာနှင့်အတူ မြေအောက်နန်းတော်တွင် အကျဉ်းချခံခဲ့ရသော မိန်းကလေး နှစ်ယောက်အနက် တစ်ယောက် ဖြစ်သည်။ ယန်လင်းက ငါးယောက်ထဲတွင် ပါရမီ အကောင်းဆုံး ဖြစ်သော်လည်း ကျိယာနှင့် ယှဉ်လျှင် ကွာခြားလှပေသည်။

လီချင်းချိုးက မျက်လုံးဖွင့်ပြီး ကျိယာကို ကြည့်ကာ ….

"သူနဲ့ သင့်တော်မယ်လို့ မင်း ထင်လား..."

"ဗျာ..."

ကျိယာ ကြောင်သွားပြီး ဘယ်လိုဖြေရမလဲ မသိဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ ဒီမေးခွန်းကို တစ်ခါမှ မစဉ်းစားဖူးသောကြောင့် ဖြစ်သည်။

"သင့်တော်တာ မသင့်တော်တာက ကျွန်တော် ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး..."

သူ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ လီချင်းချိုး မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

"ငါ မင်းကို အပြစ်တင်နေတာ မဟုတ်ပါဘူး... ကိုယ့်သူငယ်ချင်းကို ဂရုစိုက်ချင်တာက သဘာဝပါပဲ... လူတိုင်းမှာ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ မိသားစုတွေ ရှိကြတာပဲ... ငါ့လိုပေါ့... ငါဆို မင်းရဲ့ ဂျူနီယာဦးလေးတွေကို ဂရုစိုက်ဆုံးပဲ... သူတို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အကောင်းဆုံး ကြိုးစားတယ်... မင်းရဲ့ အဖော်ငါးယောက်ကို ဂရုစိုက်တာ ငါ သဘောတူပါတယ်... ဒါပေမဲ့ မင်းကို တာဝန်ရှိသူ တစ်ယောက်ရဲ့ စိတ်ဓာတ်မျိုး ထားစေချင်တယ်... မင်းက ငါ့တပည့် ဖြစ်တဲ့အတွက် အနာဂတ်မှာ သေချာပေါက် တာဝန်ယူရမှာ... ယန်လင်းကို ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားကြည့်... သူက ဆေးဥယျာဉ်မှာ တပည့်လုပ်ဖို့ သင့်တော်ရဲ့လား... မသင့်တော်ရင် တခြားနေရာ စီစဉ်ပေးလို့ ရတယ်..."

ထိုစကားကို ကြားပြီးနောက် ကျိယာ နက်နက်နဲနဲ တွေးတောနေမိသည်။ လီချင်းချိုးကလည်း အလျင်မလိုဘဲ သူ့ကို ဖြည်းဖြည်းချင်း စဉ်းစားခွင့် ပေးလိုက်သည်။

ကျိယာ စဉ်းစားနေသည်ကို စောင့်ဆိုင်းနေစဉ် တာအိုမျိုးဆက်စနစ်ကို စစ်ဆေးကြည့်ရာ တပည့်အရေအတွက် ထပ်မံ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

ဒီလအစကတည်းက တပည့်ပုံရိပ် အချို့ ပျောက်ကွယ်သွားသည်ကို သူ သတိထားမိသည်။ ဤတပည့်များ သေဆုံးသွားခြင်းလော သို့မဟုတ် ဂိုဏ်းမှ စွန့်ခွာသွားခြင်းလော ဆိုသည်ကို သူ မပြောနိုင်ပေ။ သတင်းများ လျင်မြန်စွာ မရောက်ရှိသဖြင့် ကျန်းယွီချွန်းလည်း မသိသေးချေ။

အင်အားစု အချို့က ချင်းရှောင်ဂိုဏ်းကို လက်တုံ့ပြန်သည့် အနေဖြင့် အပြင်တွင် လေ့ကျင့်နေသော တပည့်များကို လုပ်ကြံနေမည်ကို လီချင်းချိုး စိုးရိမ်မိသည်။ ဂိုဏ်းတစ်ခု အဆင့်တစ်ခုထိ ဖွံ့ဖြိုးလာသောအခါ မတော်တဆမှုများ ဖြစ်လာမှာ သေချာပြီး တပည့်များ သေဆုံးခြင်းကို ရှောင်လွှဲ၍ မရနိုင်ပေ။

ထို့ကြောင့် လီချင်းချိုးက ပစ္စည်းကိရိယာများ ဖန်တီးခြင်းအပေါ် မျှော်လင့်ချက်ပိုထားခဲ့သည်။ အကယ်၍ ဆက်သွယ်ရေး၊ တည်နေရာပြနှင့် အသက်လက္ခဏာ ထောက်လှမ်းခြင်း စွမ်းရည်များ ပါဝင်သော မှော်ရတနာ အမှတ်အသားပြားကို ဖန်တီးနိုင်လျှင် အလွန် ကောင်းမွန်ပေလိမ့်မည်။ ထိုအခါမှသာ စစ်မှန်သော ကျင့်ကြံခြင်း ဂိုဏ်းတစ်ခု ဖြစ်လာပေမည်။

လူများက ဝိညာဉ်ဆေးပင်များနှင့် ဆေးလုံးဖော်စပ်ခြင်းကို လုပ်ဆောင်နေကြသော်လည်း မှော်ရတနာ ဖန်တီးနိုင်သူကို ရှာမတွေ့သေးပေ။ သူကိုယ်တိုင်လည်း ဘယ်ကစရမလဲ မသိချေ။ မှော်ရတနာ ဖန်တီးရန်အတွက် ရှေးဦးစွာ ကန့်သတ်ချက်များကို လေ့လာရမည်။ ကန့်သတ်ချက် ဆိုသည်မှာ မှော်ရတနာများဖြင့် ဂါထာများကို အစပျိုးရန် သော့ချက် ဖြစ်ပြီး မတူညီသော မှော်ရတနာများတွင် မတူညီသော ကန့်သတ်ချက်များ ရှိကြသည်။

"တကယ် မသင့်တော်ပါဘူး... သူက သတိမရှိဘဲ အမြဲ ပေါ့ဆတတ်တယ်... သတ္တမဂျူနီယာဦးလေးရဲ့ ဆေးဥယျာဉ်က ဂိုဏ်းအတွက် အရေးကြီးတယ်... ကျွန်တော် ရှုပ်ထွေးသွားတယ်... သူ့ကို ကူညီဖို့ပဲ တွေးနေမိတာ..."

ကျိယာက ထိုသို့ပြောလိုက်ရင်း မျက်နှာတွင် ရှက်ရွံ့မှုများ ပေါ်နေသည်။ သူက ၁၄ နှစ်သာ ရှိသေးပြီး အရင်က အဲဒီလောက်ထိ မစဉ်းစားခဲ့မိပေ။

လီချင်းချိုးက တာအိုမျိုးဆက်စနစ်ကို ပိတ်လိုက်ပြီး ….

"ဂိုဏ်းက မကြာခင် ဓားဂိုဏ်းကို တည်ထောင်တော့မှာ... ပြန်ရောက်ရင် သူရော မင်းရဲ့ တခြားသူငယ်ချင်း လေးယောက်ကိုရော မေးကြည့်လိုက်... သူတို့ ဆန္ဒရှိလားလို့..."

"ဓားဂိုဏ်း ဟုတ်လား... ဓားဂိုဏ်းက ဘာလဲ... ဘယ်လိုတာဝန်တွေထမ်းဆောင်ရမှာလဲ..."

"ဓားဂိုဏ်းက ဂိုဏ်းကို ဓားနဲ့ ကာကွယ်ပေးရမယ်... သူတို့ရဲ့ တာဝန်က ဂိုဏ်းသားတွေကို ကာကွယ်ဖို့နဲ့ ဂိုဏ်းရဲ့ အကျိုးစီးပွား အားလုံးကို ကာကွယ်ဖို့ပဲ..."

ထိုစကားကို ကြားသောအခါ ကျိယာ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။

"ကောင်းပြီ... သူတို့ကို ဓားဂိုဏ်းဆီ သွားခိုင်းလိုက်မယ်... သူတို့ သေချာပေါက် သဘောတူမှာပါ... သူတို့က ဆရာသခင့်ကျေးဇူးကို အမြဲ ဆပ်ချင်နေကြတာ... ဒါပေမဲ့ သူတို့ရဲ့ သိုင်းပညာက အရမ်း အားနည်းလွန်းနေတယ်... ယန်လင်းက ကျွန်တော့်ကို မကြာခဏ တွေ့ချင်လို့ ဆေးဥယျာဉ်ထဲ ဝင်ချင်နေတာ..."

ထိုစကားကို ကြားသောအခါ လီချင်းချိုး အံ့အားသင့်သွားသည်။ သူငယ်ချင်းများ အတွက် ကျိယာ၏ တောင်းဆိုမှုကို သဘောတူခဲ့ခြင်းမှာ ထိုငါးဦးစလုံး သူ့အပေါ် အလွန် သစ္စာရှိသောကြောင့် ဖြစ်ပြီး ထိုကဲ့သို့သော တပည့်များအတွက် ခြွင်းချက် ထားပေးလိုသောကြောင့် ဖြစ်သည်။ ဂိုဏ်းသား အရေအတွက် တိုးများလာသည်နှင့်အမျှ တပည့်တိုင်း လီချင်းချိုးနှင့် တွေ့ဆုံနိုင်မည် မဟုတ်သလို သူလည်း နေ့တိုင်း လျှောက်သွားနေမည် မဟုတ်ပေ။

သစ္စာရှိမှုဆိုသည်မှာ အေးစက်သော ကိန်းဂဏန်း တစ်ခုသာ မဟုတ်ဘဲ ရိုးသားသော နှလုံးသားများ စုစည်းမှု ဖြစ်ကြောင်း လီချင်းချိုး ရုတ်တရက် သဘောပေါက်လိုက်သည်။

ဤအချက်က ဓားဂိုဏ်း တည်ထောင်ရန် သူ့ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာစေသည်။ တပည့်များကို လွယ်လွယ်ကူကူ အန္တရာယ် မကျရောက်စေရန်နှင့် အချည်းနှီး မသေဆုံးစေရန် ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။

"ဟုတ်ပြီ... သူတို့ကို ပြောလိုက်... ဓားဂိုဏ်းက ငါ့အမိန့်ကိုပဲ နာခံရမယ်... သူတို့ရဲ့ အဆင့်အတန်းက ခန်းမကြီး ၇ ခုနဲ့ ညီမျှပြီး အနာဂတ်က အကန့်အသတ်မဲ့ပဲ..."

လီချင်းချိုး၏ လေးနက်သောစကားသံကို ကြားလိုက်ရသဖြင့် ကျိယာ ပိုမို ပျော်ရွှင်သွားပြီး ကျေးဇူးတင်စကား ပြောရန် ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

ကျိယာက လီချင်းချိုးကို အကူအညီတောင်းခဲလှသည်။ သို့သော် သူ သဘောတူပြီးနောက် သူတို့၏ ဆက်ဆံရေး ပိုမို နီးကပ်သွားသည်ကို ခံစားလိုက်ရပြီး သိပ်မစိမ်းကားတော့ပေ။ ထို့ကြောင့် ကျိယာက ယန်လင်းနှင့် အခြားသုံးဦး၏ နေ့စဉ်ဘဝနှင့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို စတင် ပြောပြလေသည်။

လီချင်းချိုးကလည်း အာရုံစိုက် နားထောင်နေပြီး ဤငါးဦးမှတစ်ဆင့် သာမန်တပည့်များ၏ ဘဝကို အမှန်တကယ် နားလည်နိုင်ခဲ့သည်။ ခဏကြာ စကားပြောပြီးနောက် ဆရာ တပည့်နှစ်ယောက်သား ကျင့်ကြံခြင်းကို ဆက်လက် အာရုံစိုက်လိုက်ကြသည်။

...

နေ့လယ်ပိုင်းတွင် လင်းရှောင်ခြံဝင်း၌…

"ဓားဂိုဏ်း ဟုတ်လား..."

ရှန်ယွဲ့က လီချင်းချိုးနှင့် မျက်နှာချင်းဆိုင် ထိုင်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ လီချင်းချိုးက သူ့အတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးရင်း….

"ဟုတ်တယ်... အခုကစပြီး ခင်ဗျားက ဓားဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်လာလိမ့်မယ်... ဓားသိုင်း သင်ပေးဖို့ တာဝန်ယူရမယ်... ဓားဂိုဏ်းသားတွေကို ကျွန်တော် ရွေးချယ်ပေးမယ်... နောက်ပိုင်း ခင်ဗျားရဲ့ ခံစားခွင့်တွေက ခန်းမသခင် ၇ ယောက်နဲ့ တူညီလိမ့်မယ်... ဂိုဏ်းရဲ့ ထူးခြားတဲ့ သိုင်းပညာတွေကိုလည်း ကျွန်တော် သင်ပေးမယ်..."

"ဓားသိုင်း သင်ပေးရုံပဲလား... ငါ့ကို တိုလီမိုလီ အလုပ်တွေ ခိုင်းမှာတော့ မဟုတ်ပါဘူးနော်... ငါ့မှာ အဲဒီအတွက် အားအင် မရှိတော့ဘူး..."

သူသည် လွတ်လပ်မှုကို ကျင့်သားရနေပြီ ဖြစ်ရာ ကိစ္စရပ်များကို တာဝန်မယူချင်ပေ။ သို့သော် လူများကို ဓားသိုင်း သင်ပေးရန်မူ အလွန် စိတ်ဝင်စားနေဆဲ ဖြစ်သည်။

"ဓားဂိုဏ်း တည်ထောင်ပြီးရင် နောက်ထပ် အကြီးအကဲ နှစ်ယောက် ထပ်ခန့်မယ်... သူတို့က တာဝန်ယူလိမ့်မယ်... ခင်ဗျားက သူတို့ကို ကူညီပေးရုံပဲ..."

ဓားဂိုဏ်းဟု ခေါ်ရခြင်းမှာ ဓားနတ်ဘုရားနှင့် ကျန်းကျောက်ရှားတို့တွင် အလွန် မြင့်မားသော ဉာဏ်ပညာနှင့် ဖန်တီးနိုင်စွမ်း ရှိကြသောကြောင့် ဤဘွဲ့ထူးကို ပေးလိုက်ခြင်း ဖြစ်သည်။

"ချင်းရှောင်ဂိုဏ်းရဲ့ ထူးခြားတဲ့ သိုင်းပညာတွေက ငါ့သက်တမ်းကို ရှည်စေနိုင်လား..."

"ခင်ဗျား ကျင့်ကြံပြီးရင် သိလာပါလိမ့်မယ်... ဒီနေ့ စိတ်စွမ်းအား ကျင့်စဉ် ပထမအဆင့်ကို သင်ပေးမယ်..."

ရှန်ယွဲ့ ခေါင်းညိတ်လိုက်သည်။ တီရွှမ်းဓားကို ကိုင်ကြည့်ပြီးပြီ ဖြစ်ရာ စိတ်ငြိမ်သွားပြီ ဖြစ်သည်။ ချင်းရှောင်ဂိုဏ်းတွင် နေထိုင်ရသည်မှာ အဆင်ပြေလှသည်။ လီချင်းချိုး ဘာကြောင့် ဒီလောက် စွမ်းအားကြီးမားရသလဲ ဆိုတာကို သူ သိချင်သည်။

ဖြစ်နိုင်ရင် မသေခင် လီချင်းချိုးနဲ့ နောက်ဆုံးတစ်ကြိမ် ထပ်မံ ယှဉ်ပြိုင်ချင်သေးသည်။ လီချင်းချိုး၏ ဓားတစ်သောင်း နေရပ်သို့ပြန်ခြင်း မှာ အမှန်တကယ် စွမ်းအားကြီးမားသော်လည်း ရှန်ယွဲ့ကမူ သူ့စွမ်းရည် မပြည့်ဝမှုကြောင့် ရှုံးနိမ့်ခဲ့သည်ဟု ခံစားနေရသည်။

တကယ် မယုံနိုင်စရာပဲ... သူ့စွမ်းရည်တွေက သိုင်းလောကမှာ ပြိုင်ဘက် မရှိပေမဲ့ လီချင်းချိုးနဲ့ ယှဉ်ရင် မလုံလောက်သလို ခံစားနေရတယ်...

လီချင်းချိုးက ချင်းရှောင်ဂိုဏ်းနှင့် ပတ်သက်ပြီး ရှန်ယွဲ့၏ အမြင်ကို ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်တော့…

"အရမ်း ငယ်ရွယ်ပြီး တက်ကြွမှုတွေ ရှိတယ်... ငါလို အဘိုးကြီးတောင် ဒီက လေထုကို တော်တော် သဘောကျတယ်... ဒါပေမဲ့ မင်းတို့ဂိုဏ်းက အရမ်း လျော့ရဲလွန်းတယ်... ဘုရားဖူးတွေ တောင်ပေါ်မှာ ကျန်နေတာ များလွန်းတယ်... ဒါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး... ဧည့်ရိပ်သာတွေကို တစ်နေရာတည်း စုထားတာ အကောင်းဆုံးပဲ... ဒါဆိုရင် စည်းကမ်းထိန်းသိမ်းရေးခန်းမ တပည့်တွေ စောင့်ကြပ်ရတာ ပိုလွယ်ကူလိမ့်မယ်... ဒါ့အပြင် စည်းကမ်းထိန်းသိမ်းရေးခန်းမ တပည့် အရေအတွက် တိုးဖို့ လိုတယ်..."

ရှန်ယွဲ့ ပြောနေရင်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိပြီး အမြန် ရပ်တန့်လိုက်သည်။ လီချင်းချိုးကမူ သူသည် ပါရမီရှင် တစ်ယောက် ဖြစ်ပြီး ဓားသိုင်း သင်ပေးရုံ သက်သက် ဆိုလျှင် နှမြောစရာ ကောင်းမည်ဟု တွေးလိုက်သည်။

ထိုအချိန်မှာပင် ယွမ်ချီ ခြံဝင်းထဲသို့ ပြေးဝင်လာသဖြင့် လီချင်းချိုးက သူ့ကို ကြည့်ပြီး မေးလိုက်သည်။

"ပြဿနာ အကြီးကြီး တက်ပြန်ပြီလား..."

ယွမ်ချီက အနားသို့ ရောက်လာပြီး….

"မဟုတ်ပါဘူး... ဓားပျံတစ်ဆယ့်သုံးလက်နဲ့ အစ်ကိုကြီး ရွှယ်ကျင်းတို့ ပြန်ရောက်လာပါပြီ... အစ်ကိုကြီးက ဂိုဏ်းချုပ်ကို တွေ့ချင်နေပါတယ်..."

နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ...

"သူ့ကို ဝင်ခိုင်းလိုက်..."

ယွမ်ချီ သတင်းပို့ရန် ချက်ချင်းပြန် ထွက်သွားသည်။ တက်ကြွ လှုပ်ရှားသော ၁၅ နှစ်အရွယ် ကောင်လေးကို ကြည့်ရင်း ရှန်ယွဲ့ တစ်စုံတစ်ရာကို တွေးမိပုံရပြီး အတွေးများ လွင့်မျောကာ အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် မသိမသာ ပေါ်လာသည်။

မကြာမီ ရွှယ်ကျင်း ခြံဝင်းထဲသို့ ဝင်ရောက်လာသည်။ သူ့ပုံစံက အဝတ်အစား မလဲရသေးဘဲ ခရီးပန်းနေပုံရပြီး လူသတ်လိုသော အငွေ့အသက်များပင် ပါလာသဖြင့် ရှန်ယွဲ့ သူ့ကို တစ်ချက် ကြည့်လိုက်ပြီး မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။

ဒီကောင်လေးလည်း သာမန်လူ မဟုတ်ဘူး... ချင်းရှောင်ဂိုဏ်းမှာ ဘာလို့ ပါရမီရှင်တွေ ဒီလောက် များနေရတာလဲ...

ရွှယ်ကျင်းက လီချင်းချိုးကို ဦးညွှတ်လိုက်ပြီးနောက် ရှန်ယွဲ့ကို တစ်ချက် ကြည့်ကာ တစ်စုံတစ်ရာ ပြောချင်သော်လည်း တွန့်ဆုတ်နေသည်။

"ဒီစီနီယာက ငါတို့လူပါပဲ... ပြောချင်တာ ပြောပါ... စိတ်မပူပါနဲ့..."

လီချင်းချိုးက တဲ့တိုး ပြောလိုက်တော့ ထိုစကားကို ကြားသောအခါ ရှန်ယွဲ့ ချက်ချင်း ထွက်သွားချင်စိတ် ပေါက်သွားသည်။

လီချင်းချိုးကိုမြင်နေရတာ ကွယ်လွန်သွားသော သူ့ရဲ့စီနီယာအစ်ကိုကြီးကို သတိရစေပြီး သူ့ကို တာဝန်ယူခိုင်းချင်နေပုံ ရသည်။

"ဂိုဏ်းချုပ်... ဂျူနီယာဦးလေးလီရဲ့ တည်နေရာကို ရှာဖို့ ကျွန်တော်တို့ ဖေမိသားစုဆီ သွားမေးရင်း မနှစ်မြို့စရာ ကိစ္စ ဖြစ်ပွားခဲ့ပြီး လူ ဒါဇင်နဲ့ချီ သတ်ခဲ့ရပါတယ်... နောက်ပိုင်း တီရွှမ်းဓား ချင်းရှောင်ဂိုဏ်းမှာ ပေါ်လာတယ်ဆိုတာ ကြားလို့ ဂျူနီယာဦးလေးလီ ပြန်ရောက်ပြီဆိုတာ သိလိုက်ရတယ်... ပြန်လာတဲ့လမ်းမှာ တစ်ခု သိခဲ့ရပါတယ်..."

"ကုကျိုးစီရင်စု နယ်နိမိတ်ထဲကို စစ်တပ်အကြီးကြီး ဝင်ရောက်လာပါတယ်... သူတို့ ဘယ်ရောက်နေလဲ၊ ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိရပါဘူး... တစ်ခုခု မှားနေသလို ကျွန်တော် ခံစားရတယ်... ကုကျိုးစီရင်စုမှာ ကိုယ်ပိုင် စစ်တပ် ရှိတယ်... တခြားနယ်မြေက စစ်တပ်အကြီးကြီးတွေ ခွင့်ပြုချက်မရှိဘဲ ဝင်ခွင့် မရှိပါဘူး... ဒါပေမဲ့ သူတို့ ဝင်လာကြတယ်... ဒါ့အပြင် မြို့ထဲမှာ သက်ဆိုင်ရာ ကြေညာချက်တွေ မတွေ့ရပေမဲ့ သိုင်းလောကသား တချို့ကတော့ သူတို့ ရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်..."

All Chapters