← Chapters

ကျော်ကြားလာခြင်း၊ သိုင်းဂူသင်္ချိုင်း

Vol. 10 Ch. 98

ကျော်ကြားလာခြင်း၊ သိုင်းဂူသင်္ချိုင်း

Vol. 10 Ch. 98

ကုကျိုးစီရင်စု အတွင်းသို့ လျှို့ဝှက် စစ်တပ်တစ်ခု ဝင်ရောက်လာခြင်းက သာမန် ကိစ္စရပ် မဟုတ်ချေ။

မည်သည့် ပြည်နယ် သို့မဟုတ် နယ်မြေကိုမဆို ဖြတ်သန်းသွားလာရန်အတွက် ခရီးသွားလာခွင့် စာရွက်စာတမ်းများ လိုအပ်သည်။ သိုင်းလောကသားများ အနေဖြင့် တောတောင်များကို ဖြတ်ကျော်၍ စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းနိုင်သော်လည်း စစ်တပ်လို လူအုပ်စုကြီး အနေဖြင့် လုံးဝ ရှောင်ကွင်းနိုင်မည် မဟုတ်ပေ။

ဤစစ်တပ်ကြီး စစ်ဆေးရေးဂိတ် အားလုံးကို ဖြတ်ကျော်လာနိုင်ခြင်းက နန်းတွင်း၏ ခွင့်ပြုချက် ပါရှိကြောင်း ဖော်ပြနေသော်လည်း သတင်းအစအန မထွက်ပေါ်လာခြင်းက လျှို့ဝှက် စစ်ဆင်ရေး တစ်ခု ဖြစ်ကြောင်း ညွှန်ပြနေသည်။

ထိုနေ့ညနေတွင် လီချင်းချိုးက ကိစ္စရပ်များကို ဆွေးနွေးရန် ခန်းမသခင်များကို ဆင့်ခေါ်လိုက်သည်။

ကျန်းကျောက်ရှား၏ ဒဏ်ရာများ သက်သာပျောက်ကင်းသွားပြီ ဖြစ်သော်လည်း ရှန်ယွဲ့လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းက သူ့အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်စေခဲ့သည်။ထို့ကြောင့် မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့ အမြန်ဆုံး ရောက်ရှိရန် မျှော်လင့်ချက်ဖြင့် မကြာသေးမီက တံခါးပိတ် ကျင့်ကြံနေခဲ့သည်။

"ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး... တကယ်လို့ နတ်ဆိုးဂိုဏ်းက ဧကရာဇ်ရဲ့ နယ်ရုပ်သာ ဆိုရင် ကျွန်တော်တို့က ဧကရာဇ်ကို စော်ကားမိပြီးသား ဖြစ်နေပြီ... ဧကရာဇ်ရော မြို့စားမင်းပါ ကျွန်တော်တို့ကို ရှင်းပစ်ချင်နေတာ... ဒါပေမဲ့ သူတို့ အကြောင်းပြချက် လိုတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က နန်းတွင်းဆုလာဘ် ရထားတဲ့သူတွေလေ... တီရွှမ်းဓားရဲ့ တည်နေရာ ပေါ်သွားတာက သူတို့ကို အကြောင်းပြချက် ရှာစရာ မလိုအောင် တွန်းပို့လိုက်သလို ဖြစ်သွားမှာကိုပဲ စိုးရိမ်တယ်..."

ကျန်းယွီချွန်း၏ မျက်နှာထားက လေးနက်နေပြီး စကားလုံးများကလည်း လေးလံနေသည်။

လီစစ်ဖုန်းက ဓားကို ပိုက်ထားရင်း နှာခေါင်းရှုံ့လိုက်ပြီး….

"ဘာကြောက်စရာရှိလဲ... ကျွန်တော်က လူတစ်ထောင်ကို တားထားမယ်... ပဉ္စမစီနီယာအစ်ကိုက လူတစ်ထောင် တား.. တတိယစီနီယာအစ်ကိုက လူသုံးထောင် တားထားပြီး ဂိုဏ်းချုပ်အစ်ကိုကြီးက လူတစ်သောင်း တားထားလိုက်ရင် သူတို့စစ်တပ် ပြာကျသွားမှာပေါ့..."

အားလုံး မနေနိုင်ဘဲ ရယ်မောမိလိုက်ကြသည်။

လီတုန်းယွဲ့က သူ့ကို စိုက်ကြည့်ပြီး….

"နင့်စိတ်ထဲမှာ စစ်တပ်ထဲက စစ်သည်တွေကို ကြက်တွေ ငှက်တွေလို သဘောထားပြီး စိတ်ကြိုက် သတ်လို့ရမယ် ထင်နေလား... သူတို့ကလည်း နှစ်ပေါင်းများစွာ သိုင်းကျင့်လာကြတာ... သံချပ်ကာတွေလည်း ဝတ်ထားကြတယ်..."

ကျန်းကျောက်ရှားကလည်း….

"သူ ပြောတာလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး... တကယ်လို့ စစ်တပ်ကြီး လာတိုက်ရင်တောင် စစ်တပ်အလယ်က ဗိုလ်ချုပ်တွေကို ဝင်သတ်လိုက်ရင် သူတို့ တပ်ပျက်သွားမှာပါ..."

ယန်ကျွယ်တိန် ခေါင်းညိတ်လိုက်သည်။ ချင်းရှောင်ဂိုဏ်း၏ တိုးတက်မှုနှုန်းမှာ အလွန် အံ့မခန်း ဖြစ်နေသဖြင့် သူ့ယုံကြည်မှုများ တိုးပွားလာသည်ကို သူကိုယ်တိုင်ပင် သတိမထားမိချေ။

စစ်မှန်သောတပည့် တစ်ယောက် ဖြစ်လာရန် သတ်မှတ်ချက်က မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့် ဖြစ်သည်။ မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သည် ပထမတန်းစား သိုင်းပညာရှင် အများစုထက် ပိုမို စွမ်းအားကြီးမားသည်။ သိုင်းလောကတွင် ပထမတန်းစား သိုင်းပညာရှင် တစ်ယောက် အနေဖြင့် စစ်သည် တစ်ရာကျော်ကို အနိုင်ယူရန် မခက်ခဲပေ။ ဤတွက်ချက်မှုအရ ဆိုလျှင် ချင်းရှောင်ဂိုဏ်းက သာမန် စစ်တပ်များကို ကြောက်ရွံ့စရာ မလိုပေ။

သို့သော်လည်း စစ်သည် တစ်သိန်းကျော် ပါဝင်သော စစ်တပ်ကြီးနှင့် ရင်ဆိုင်ရသောအခါ အခြေအနေက လုံးဝ ကွာခြားသွားနိုင်သည်။ ထိုကဲ့သို့သော စစ်တပ်မျိုးနှင့် ရင်ဆိုင်ရလျှင် တိုက်ခိုက်လိုစိတ် မွေးဖွားရန်ပင် ခက်ခဲပေလိမ့်မည်။

"ဒီစစ်တပ်က ကျွန်မတို့ဆီ လာတာ မဟုတ်ဘူးလို့ ထင်တယ်... တကယ်လို့ လာတာဆိုရင် ကျွန်မ မိသားစုက ကြိုတင် အကြောင်းကြားမှာပဲ... ကျွန်မတင် မဟုတ်ဘူး... ဂိုဏ်းထဲက တခြား မိသားစုကြီးတွေရဲ့ သားသမီးတွေဆီလည်း သတင်းရောက်လာမှာပဲ... ဒီစစ်တပ်မှာ တခြား တာဝန် ရှိကောင်း ရှိနိုင်တယ်..."

ကျူးယန်၏ စကားကြောင့် လူတိုင်း သတိပြန်ဝင်လာကြသည်။

ဟုတ်ပေသည်... ချင်းရှောင်ဂိုဏ်းက ယခုအခါ သာမန်ဂိုဏ်းဖွဲ့စည်းပုံ မဟုတ်တော့ချေ။ သူတို့တွင် မိသားစုကြီးများ၊ အရာရှိများနှင့် အချိတ်အဆက်များရှိနေပြီး အကျိုးစီးပွားချင်း ဆက်နွယ်နေကြသည်။ အကယ်၍ နန်းတွင်းက ချင်းရှောင်ဂိုဏ်းကို ရှင်းပစ်လိုပါက တိတ်ဆိတ်ငြိမ်သက်နေမည် မဟုတ်ပေ။

လီချင်းချိုးက….

"သူတို့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ငါတို့ သတိရှိဖို့ လိုတယ်... စည်းကမ်းထိန်းသိမ်းရေးခန်းမ တပည့်အင်အားကို လူ ၃၀ ထပ်တိုးလိုက်..."

မည်သူမျှ ကန့်ကွက်ခြင်း မရှိပေ။ စည်းကမ်းထိန်းသိမ်းရေးခန်းမ တပည့်ရာထူးက တောင်းဆိုမှု အများဆုံး ဖြစ်သဖြင့် နေရာပိုပေးခြင်းသည် ကျိုးကြောင်းဆီလျော်မှု ရှိသည်။

လုပ်သားတပည့်များကို မထည့်တွက်လျှင်ပင် ချင်းရှောင်ဂိုဏ်းသား အရေအတွက် တစ်ထောင်ကျော်သွားပြီ ဖြစ်ရာ ချင်းရှောင်ဂိုဏ်း မည်မျှ ကျော်ကြားသည်ကို ပြသနေသည်။

ဤသည်မှာ အစပျိုးရုံသာ ရှိသေးသည်။

"နောက်တစ်ချက်က ဧည့်ရိပ်သာတွေကို နေရာပြန်ချပြီး တစ်နေရာတည်း စုစည်းလိုက်... ဒါမှ စည်းကမ်းထိန်းသိမ်းရေးခန်းမ တပည့်တွေ စောင့်ကြည့်ရ သက်သာမှာ...ဒီကိစ္စကို ကျန်းယွီချွန်းဆီ လွှဲလိုက်မယ်..."

ထို့နောက် ဓားဂိုဏ်း ကိစ္စကို အသိပေးလိုက်တော့သည်။

"ဓားဂိုဏ်းကို ငါ တာဝန်ယူပြီး အကြီးအကဲ သုံးယောက် ခန့်အပ်မယ်... ကျန်းကျောက်ရှားနဲ့ ရှန်ယွဲ့က လက်ရှိ လျာထားသူတွေပဲ... တတိယမြောက် အကြီးအကဲကိုတော့ ဘယ်တပည့်ရင်းက အရည်အချင်းနဲ့ စွမ်းရည် ပြည့်မီလဲ ဆိုတာ ကြည့်ပြီး ဂိုဏ်းအတွင်းကနေပဲ ရွေးချယ်မယ်..."

လီချင်းချိုး၏ အစီအစဉ်ကို ခန်းမသခင်များက တညီတညွတ်တည်း သဘောတူခြင်း မရှိကြပေ။

ယန်ကျွယ်တိန် မျက်မှောင်ကြုတ်ပြီး…

"ဂိုဏ်းချုပ်... ဂိုဏ်းတစ်ခုထဲမှာ နောက်ထပ် ဂိုဏ်းတစ်ခု ထောင်လိုက်ရင် စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်မလာနိုင်ဘူးလား..."

ကျန်းယွီချွန်း၊ လီတုန်းယွဲ့နှင့် လီစစ်ကျင်တို့လည်း ထိုကဲ့သို့ပင် တွေးမိကြသည်။

သို့သော် လီစစ်ဖုန်းတွင် ကွဲပြားသော အမြင်ရှိနေသည်။

"ကျွန်တော်ကတော့ ကောင်းတယ်လို့ ထင်တယ်... သူတို့အချင်းချင်း အပြန်အလှန် ထိန်းကျောင်းပြီး ကြီးကြပ်လို့ ရတာပေါ့..."

လီစစ်ဖုန်းတွင် ဤမျှ ကျယ်ပြန့်သော အမြင်ရှိလိမ့်မည်ဟု မထင်ထားသဖြင့် လီချင်းချိုး အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

ကျူးယန်က….

"ဟုတ်တယ်... ခန်းမကြီး ၇ ခုမှာ လုပ်ငန်းတာဝန် ခွဲဝေမှုတွေ ရှင်းလင်းပေမဲ့ ဂိုဏ်းက တပည့်တွေအတွက် ကလဲ့စားချေဖို့၊ သစ္စာဖောက်တွေကို ရှင်းဖို့ လိုအပ်လာရင် ခန်းမကြီး ၇ ခု အနေနဲ့ လှုပ်ရှားရတာ အဆင်မပြေဘူး... ဒါ့အပြင် ဓားဂိုဏ်းက လူသိရှင်ကြား ထုတ်ပြောဖို့ မသင့်တော်တဲ့ တာဝန်တွေကို လုပ်ဆောင်နိုင်တယ်... ဓားဂိုဏ်းဆိုတဲ့ နာမည်ကလည်း ဒီဂိုဏ်းခွဲဟာ ခန်းမကြီး ၇ ခုနဲ့ မတူဘူး ဆိုတာ သက်သေပြနေတာပဲ..."

ကျန်းကျောက်ရှားက …

"ဓားဂိုဏ်းကို အစ်ကိုကြီးနဲ့ ကျွန်တော် ထိန်းချုပ်ထားမှာပဲ... ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး..."

သူ၏ ပင်ကိုယ် ဓားစွဲလမ်းမှုကြောင့် ဓားဂိုဏ်းအပေါ် မနှစ်သက်မှု မရှိသည့်အပြင် မျှော်လင့်စောင့်စားနေမိသည်။ ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့က နာမည်ကျော်ကြားလာသော်လည်း ရွှယ်ကျင်း အပါအဝင် ၁၃ ယောက်စလုံးက စစ်မှန်သော ဓားသမားများ မဟုတ်ကြသဖြင့် သူ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။

လူအများစု သဘောတူသည်ကို မြင်သောအခါ သံသယ ရှိနေသော အခြား ခန်းမသခင်များလည်း လက်လျော့လိုက်ကြရသည်။ နာရီဝက်ခန့် ထပ်မံ ဆွေးနွေးပြီးနောက် လီချင်းချိုးက အစည်းအဝေးကို ရပ်နားလိုက်ပြီး ကျန်းယွီချွန်း တစ်ယောက်တည်းကိုသာ နေခိုင်းပြီး အားလုံးကိုပြန်လွှတ်လိုက်သည်။

ခြံဝင်းထဲတွင် သူတို့နှစ်ယောက်တည်း ကျန်ရစ်သောအခါ လီချင်းချိုးက…

"ချူကျင်း အခြေအနေ ဘယ်လိုလဲ..."

"လွန်ခဲ့တဲ့ နှစ်ရက်လောက်က အတွေ့အကြုံရှာဖွေရေးခန်းမက တာဝန်တစ်ခု ယူပြီး တောင်အောက် ဆင်းသွားတယ်... အစ်ကိုကြီး... သူ သစ္စာဖောက်သွားမှာကို ကျွန်တော် စိုးရိမ်တယ်... သူ့ကို ထုတ်ပယ်တာ ဖြစ်ဖြစ်၊ ဖမ်းချုပ်ထားတာ ဖြစ်ဖြစ် လုပ်တာ ပိုကောင်းမယ် ထင်တယ်..."

ကျန်းယွီချွန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ချူကျင်း၏ လှည့်စားခြင်း ခံလိုက်ရကြောင်း သိရှိပြီးကတည်းက သူ့အပေါ်ထားရှိသော စေတနာများ ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှုဖြင့် အစားထိုး ဝင်ရောက်လာခဲ့သည်။

"ဒါဆို သူ နောက်တစ်ခါ ပြန်လာရင် ဘာဖြစ်မလဲ ကြည့်ကြတာပေါ့... လောလောဆယ်တော့ ပေါက်ကြားသွားရင် ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက် ငါတို့ဆီမှာ မရှိပါဘူး..."

ကျန်းယွီချွန်း ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦး ထိုကိစ္စကိုသာ ဆွေးနွေးပြီးနောက် သက်ဆိုင်ရာ အခန်းများသို့ ပြန်သွားကြသည်။

...

စည်းကမ်းထိန်းသိမ်းရေးခန်းမက တပည့် ၃၀ ခေါ်ယူခြင်းသည် ချင်းရှောင်ဂိုဏ်းအတွင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေသည်။ ခန်းမကြီး ၇ ခုမှ တပည့်များ၏ ခံစားခွင့်က သာမန်တပည့်များထက် ပိုမို ကောင်းမွန်လေသည်။ ခန်းမကြီး ၇ ခုသို့ ဝင်ရောက်နိုင်ခြင်းက စစ်မှန်သော အာဏာရှိသည့် အလုပ်တစ်ခု ရရှိခြင်းနှင့် တူညီသည်။ တပည့်များ အနေဖြင့် မည်သို့ မယှဉ်ပြိုင်ဘဲ နေမည်နည်း...

ရွှီနင်း တံခါးပိတ် ကျင့်ကြံနေသဖြင့် လီချင်းချိုးက ချိုင်ယွင်ရှန်းကိုသာ တာဝန်ယူ စီမံခန့်ခွဲစေလိုက်သည်။

အခြား ခန်းမသခင်များနှင့် အကြီးအကဲများက ချိုင်ယွင်ရှန်းထံ လာရောက်ပြီး တပည့်များကို ထောက်ခံပေးလိုကြသော်လည်း ချိုင်ယွင်ရှန်းက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပြီး လုံးဝ မျက်နှာသာ မပေးခဲ့ချေ။

ကျန်းယွီချွန်းက ထိုကိစ္စကို လီချင်းချိုးထံ တင်ပြလာသောအခါ စိတ်ပျက်သလိုလို၊ ကျေနပ်သလိုလို ခံစားလိုက်ရသည်။စည်းကမ်းထိန်းသိမ်းရေးခန်းမသို့ တပည့်တစ်ယောက် ပို့ချင်ရခြင်းမှာ သူလျှို ထည့်ချင်၍ မဟုတ်ဘဲ သူ့တပည့်အတွက် ပိုမို ကောင်းမွန်သော ခံစားခွင့်များ ရရှိစေရန် တိုက်ပွဲဝင်ပေးခြင်း ဖြစ်သည်။ သူသည် ချင်းရှောင်ဂိုဏ်းတွင် ဒုတိယဂိုဏ်းချုပ်နှင့် တူညီသော အဆင့်အတန်း ရှိသော်လည်း ဤကဲ့သို့ မလေးမစား လုပ်ခံရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

လီချင်းချိုးကတော့ လုံးဝ ဒေါသ မထွက်ပေ။ ဆန့်ကျင်ဘက် အနေဖြင့် အတော်လေး ကျေနပ်နေမိသည်။ ချိုင်ယွင်ရှန်းက သူ့ကို အမိန့်ပေးပြီး သူက လက်လှမ်းမမီနိုင်သော သူဖြစ်ကြောင်း သတင်းပြန့်သွားသည်နှင့် အခြားတပည့်များကလည်း ချိုင်ယွင်ရှန်းက သဘောထား ပြတ်သားသူ ဖြစ်ကြောင်း သိရှိသွားကြပြီး သူ့ထံ လာရောက် အသနားခံရဲတော့မည် မဟုတ်ပေ။

"ဟုတ်တယ် ဒုတိယညီလေး... ငါ့မျက်လုံးတွေက အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်တယ်... သူက စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ ခေါင်းဆောင်နေရာနဲ့ အရမ်း သင့်တော်တယ်ဆိုတာ ငါ စောစောကတည်းက မြင်ပြီးသား..."

ပါရမီရှင် လက်တွေ့သမားကြီးပါလား...

တကယ် ကြမ်းတာပဲ...

စည်းကမ်းထိန်းသိမ်းရေးခန်းမကို ပထမဆုံးအကြိမ် တာဝန်ယူချိန်မှာ အငြိုအငြင်ခံဖို့ မကြောက်တာကို ငါ လေးစားတယ်...

စိတ်တက်ကြွနေသော လီချင်းချိုးကတော့ ချိုင်ယွင်ရှန်းကို ဝိညာဉ်ကျောက်တုံး သုံးတုံး ဆုချရန် ဆုံးဖြတ်လိုက်သည်။

ချိုင်ယွင်ရှန်းက အခြား ခန်းမသခင်များကို ငြင်းပယ်လိုက်သော သတင်းသည် လျင်မြန်စွာ ပြန့်နှံ့သွားသည်။ သူမက တပည့်များကို ကိုယ်တိုင် ရွေးချယ်ပြီး တပည့်များစွာကို အခွင့်အရေး ပေးခဲ့သဖြင့် ဂိုဏ်းအတွင်း နာမည်ကြီးလာခဲ့သည်။

ချင်းရှောင်ဂိုဏ်းတွင် လက်ရှိ၌ မှတ်ပုံတင်ထားသော တပည့် တစ်ထောင်ကျော် ရှိပြီး လုပ်သားတပည့်များပါ ပေါင်းလိုက်လျှင် စုစုပေါင်း ၁၂၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ ကုကျိုးစီရင်စု တစ်ခုလုံးကို ကြည့်လျှင် အတော်လေး ကြီးမားသော သိုင်းဂိုဏ်း အဆင့် ဖြစ်နေချေပြီ။

လူရှိလျှင် ပြဿနာ ရှာသူများ ရှိစမြဲ ဖြစ်သည်။ ချင်းရှောင်ဂိုဏ်း အတွင်းတွင်လည်း ပြဿနာကောင်များ ပေါ်လာကြသည်။ အချို့က ချိုင်ယွင်ရှန်းကို ချီးကျူးကြသော်လည်း အချို့က မနှစ်သက်ကြပေ။ ချိုင်ယွင်ရှန်းနှင့် နီးစပ်သော တပည့်များက အခြားတပည့်များ၏ အခက်အခဲ ပေးမှုများနှင့် မလွဲမသွေ ရင်ဆိုင်ရလေသည်။

လီချင်းချိုး ထိုကိစ္စတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုပေ။ ချိုင်ယွင်ရှန်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မည်ဟု သူ ယုံကြည်သည်။

ဂိုဏ်းသား သောင်းချီ ရှိလာသောအခါ ဂိုဏ်းတွင်း ပဋိပက္ခများ ပိုမို များပြားလာမည် ဖြစ်သည်။ သူ ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ခြင်းက ပဋိပက္ခများကို ပိုမို ဆိုးရွားစေနိုင်သည်။ သူ လုပ်ဆောင်ရမည်မှာ ပဋိပက္ခများကို အပေါ်စီးမှ ဖြေရှင်းပေးပြီး ချင်းရှောင်ဂိုဏ်း၏ ကျန်းမာသော ဖွံ့ဖြိုးတိုးတက်မှုကို အာမခံရန်သာ ဖြစ်သည်။

ဓားဂိုဏ်းအကြောင်းကိုတော့ မည်သူ့ကိုမျှ သတင်းဖြန့်ခိုင်းခြင်း မရှိပေ။ ထိုအစား ထျန်းကုန်းခန်းမကို ဓားဂိုဏ်း ဌာနချုပ်အတွက် အဆောက်အဉီးတခု အရင် တည်ဆောက်ခိုင်းလိုက်သည်။ ၎င်းသည် ရွှမ်ရှင်းခန်းမနှင့် မဝေးသော ချင်းရှောင်တောင်ပေါ်တွင် တည်ရှိသည်။ ဤသည်မှာ အနာဂတ်တွင် ဓားဂိုဏ်းက ဂိုဏ်းအပေါ် သစ္စာမဖောက်စေရန် တားဆီးထားသော အစီအမံလည်း ဖြစ်သည်။

ဓားဂိုဏ်းသားများကတော့ ဂိုဏ်းမှ ထွက်ခွာခွင့် မရှိပေ... ဒါက အနိမ့်ဆုံး စည်းကမ်းပင်ဖြစ်သည်။

ဓားဂိုဏ်းတပည့်များကို ရွေးချယ်ရာတွင် သစ္စာရှိမှု မြင့်မားသူများကိုသာ ရွေးချယ်မည် ဖြစ်ပြီး အထူးသဖြင့် သူ့အပေါ် ပုဂ္ဂိုလ်ရေးအရ သစ္စာရှိသူများကို ရွေးချယ်မည် ဖြစ်သည်။ သူ အသက်ရှင်နေသရွေ့ ဓားဂိုဏ်းက ဖရိုဖရဲ ဖြစ်လာမည် မဟုတ်သလို ချင်းရှောင်ဂိုဏ်းလည်း ကွဲကွာသွားမည် မဟုတ်ပေ။

နွေရာသီ ကုန်ဆုံး၍ ဆောင်းဦးရာသီသို့ ရောက်သောအခါ တပည့်တစ်ဦး သေဆုံးသွားကြောင်း ကျန်းယွီချွန်း နောက်ဆုံးတွင် ရှာဖွေတွေ့ရှိလိုက်သည်။

တပည့် ၅ ယောက် အတူတကွ တောင်အောက်ဆင်း၍ တာဝန် ထမ်းဆောင်ခဲ့သော်လည်း လျှို့ဝှက်ဆန်းကြယ်သော သိုင်းသမားတစ်စု၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ဤတပည့်တစ်ဦးတည်းသာ ထွက်ပြေးလွတ်မြောက်လာကြောင်း ပြန်လည် ပြောပြခဲ့သည်။

တပည့်အများအပြား တောင်အောက်သို့ ဆင်းသွားသည်မှာ ၄ လကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်းလည်း ကျန်းယွီချွန်း တွေ့ရှိလိုက်ရသည်။

တပည့်တိုင်း တောင်ပေါ်မှ မဆင်းမီ မှတ်ပုံတင်ရမည် ဖြစ်သည်။ သတ်မှတ်ကာလအတွင်း ပြန်မရောက်ပါက ဂိုဏ်းဘက်က စုံစမ်းစစ်ဆေးရေး တာဝန်ကို ထုတ်ပြန်မည် ဖြစ်သည်။ ဤသည်မှာ တပည့်များအတွက် အကာအကွယ် တစ်မျိုးလည်း ဖြစ်သည်။ တောင်ပေါ်မှ ဆင်းခွာမည့် တပည့်တိုင်းကို ဤအချက်အား အသိပေးထားသည်။ တပည့်များက သူတို့၏ တာဝန်အပေါ် မူတည်၍ လေ့ကျင့်ရေး ကာလကို ကိုယ်တိုင် ဆုံးဖြတ်ကြရသည်။ သတ်မှတ်ရက်အတိုင်း ပြန်မရောက်ပါက စုံစမ်းစစ်ဆေးမှုများ စတင် ပြုလုပ်မည် ဖြစ်သည်။

ထိုအခါမှသာ ဓားဂိုဏ်းရှိနေခြင်း၏ လိုအပ်ချက်ကို ကျန်းယွီချွန်း သဘောပေါက်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်တည်းဖြင့် တပည့်တစ်ဦး၏ ကံကြမ္မာကို စုံစမ်းရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ခန်းမကြီး ၇ ခုတွင် လုံလောက်သော လူအင်အား မရှိပေ။ အကယ်၍ တပည့်များ သေဆုံးမှုက ပူးပေါင်းကြံစည်မှု တစ်ခု ဖြစ်နေပါက စုံစမ်းရန် တပည့်များကို တိုက်ရိုက် ဆင့်ခေါ်ခြင်းက ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားနိုင်သည်။

ဤကိစ္စကို လီချင်းချိုးသိသည်နှင့် ဓားပျံတစ်ဆယ့်သုံးလက်နှင့် ချင်းရှောင်၏ သားတော်ခုနှစ်ပါးတို့ကို ကျန်းဟူလောကထဲတွင် စုံစမ်းရန် စေလွှတ်လိုက်သည်။

နှစ်များ ကုန်လွန်လာသည်နှင့်အမျှ ချင်းရှောင်၏ သားခုနစ်ယောက်စလုံး မူလအားဖြည့်နယ်ပယ်သို့ ဝင်ရောက်လာကြသည်။ ကျန်းယွီချွန်း၏ ပြုစုပျိုးထောင်မှုနှင့် အရင်းအမြစ် ခွဲဝေပေးမှုတို့ကြောင့် သူတို့၏ ကျင့်ကြံခြင်း အဆင့်က အနည်းဆုံး မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိနေကြပြီး ဟွမ်ရှန်းဆိုလျှင် တတိယအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ဓားပျံတစ်ဆယ့်သုံးလက်နှင့် ချင်းရှောင်၏ သားခုနစ်ယောက်တို့ကို တောင်အောက် လွှတ်လိုက်ပြီးနောက် သူ့လက်အောက်တွင် လူအင်အား မလုံလောက်သေးကြောင်း လီချင်းချိုး ရုတ်တရက် ခံစားလိုက်ရသည်။ ရွှီနင်း၊ ကျောက်ကျိန်း၊ ယွမ်လီနှင့် ကျိယာတို့ အားလုံး ကျင့်ကြံရန် လိုအပ်နေသေးသည်။ ယခုအချိန်တွင် သူတို့ကို တာဝန်ပေးလိုက်ခြင်းက သူတို့၏ ပါရမီကို ဖြုန်းတီးရာ ရောက်ပေမည်။

သို့သော်လည်း လီချင်းချိုး သိပ်မစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် ခန်းမကြီး ၇ ခု၏ ခေါင်းဆောင်များက ကိုယ်ပိုင် လူယုံများနှင့် လက်ထောက်များကို မွေးမြူထားကြပြီး အချိန်တန်လျှင် သူတို့ ဂရုတစိုက် ပျိုးထောင်ထားသော ပါရမီရှင်များကို စုစည်း အသုံးပြုရုံသာ ဖြစ်သည်။

ခန်းမကြီး ၇ ခုက တစ်ခုနှင့်တစ်ခု ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ကိုယ်ပိုင် အာဏာ ရှိကြသော်လည်း ဂိုဏ်းချုပ်၏ အာဏာက အမြင့်ဆုံး ဖြစ်ပြီး ခန်းမကြီး ၇ ခုစလုံးကို သူ အသုံးပြုရမည် ဖြစ်သည်။

တပည့်များ၏ အခက်အခဲ သတင်းများကို ထိန်းချုပ်၍ မရနိုင်တော့ဘဲ ဂိုဏ်းအတွင်း ပျံ့နှံ့လာသဖြင့် တပည့်များက အတွေ့အကြုံရှာရန် တောင်အောက်ဆင်းမည့် ကိစ္စကို ပိုမို သတိထားလာကြသည်။

ထိုနေ့ညနေတွင် ထျန်းကုန်းခန်းမ၏ ဒုတိယခန်းမသခင် ကျူးယန်က လီချင်းချိုးကို လာရောက် တွေ့ဆုံပြီး အိမ်ထဲတွင် စကားပြောဖြစ်ခဲ့ကြသည်။

"အဲဒီစစ်တပ်ရဲ့ ဇစ်မြစ်နဲ့ ဦးတည်ရာကို ကျွန်မ သိပြီးပါပြီ... ဒါက ကျုံးထျန်းစီရင်စုက လာတဲ့ စစ်တပ်ဖြစ်ပြီး ဧကရာဇ်ရဲ့ အမိန့်တော် ပါလာပါတယ်... ဘယ်ဂိတ်ကမှ သူတို့ကို မတားရဲသလို ဒီကိစ္စကို ဆွေးနွေးခွင့်လည်း တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်... ဝန်ထမ်းရွေးချယ်ရေး ဝန်ကြီးဌာနမှာ အရာရှိ လုပ်နေတဲ့ ကျွန်မ ဦးလေး တစ်ယောက် ပြောပြတာက ဒီစစ်တပ်က သိုင်းဂူသင်္ချိုင်းဆီ သွားနေတာတဲ့..."

ကျူးယန်က တီးတိုး ပြောလိုက်ပြီး သူမ သိထားသည်များကို ပြန်ပြောပြလိုက်သည်။

"သိုင်းဂူသင်္ချိုင်း..."

"သိုင်းဒဏ္ဍာရီရဲ့ သိုင်းဂူသင်္ချိုင်းပါ... ဒဏ္ဍာရီတွေအရ ဆိုရင် သိုင်းဒဏ္ဍာရီကို ကုကျိုးစီရင်စုမှာ မြှုပ်နှံထားတယ်လို့ ဆိုကြတယ်... ကုကျိုးစီရင်စုရဲ့ နေရာအနှံ့အပြားမှာ မြေအောက်နန်းတော်တွေ ရှိနေတယ်... ဒါတွေ အားလုံးက လူထုကို ထင်ယောင်ထင်မှား ဖြစ်စေဖို့ လုပ်ထားတာပါ... သူ့ရဲ့ သိုင်းဂူသင်္ချိုင်း အစစ်အမှန် ဘယ်မှာ ရှိလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး... ဒါပေမဲ့ အဲဒီတုန်းက သိုင်းဒဏ္ဍာရီကို ဝတ်ပြုခဲ့တဲ့ အစေခံတွေက သိုင်းဂူသင်္ချိုင်းကို တိတ်တဆိတ် ဆက်လက် စောင့်ကြပ်နေကြတယ်လို့ ပြောကြတယ်..."

All Chapters