← Chapters

ဂိုဏ်းချုပ်၏ ဂိုဏ်းသားများ

Vol. 10 Ch. 99

ဂိုဏ်းချုပ်၏ ဂိုဏ်းသားများ

Vol. 10 Ch. 99

"သိုင်းဒဏ္ဍာရီက အဲဒီလောက်တောင် ဆန်းကြယ်လို့လား... သိုင်းလောကနဲ့ နန်းတွင်းကိုတောင် ဒီလောက်ထိ ရူးသွပ်သွားစေတာလား..."

လီချင်းချိုး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ဤသိုင်းဒဏ္ဍာရီ ဆိုသူမှာ အမှန်တကယ်တော့ ကျင့်ကြံသူ တစ်ဦး ဖြစ်နေမလားဟု သံသယ ဝင်လာသည်။

အထွတ်အထိပ် ဓားထိန်းချုပ်ခြင်းပညာကို သိုင်းဒဏ္ဍာရီ ချန်ထားရစ်ခဲ့သော မြေအောက်နန်းတော် တစ်ခုထဲမှ ယန်ကျွယ်တိန် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဤဓားသိုင်းက ဂါထာ တစ်မျိုး ဖြစ်သော်လည်း သိုင်းဒဏ္ဍာရီဆိုသူက ကျင့်ကြံသူ တစ်ဦးထံမှ အမွေအနှစ် ရရှိခဲ့ခြင်းလော သို့မဟုတ် သူကိုယ်တိုင်က ကျင့်ကြံသူ ဖြစ်နေသလော ဆိုသည်ကို ဆုံးဖြတ်ရန် ခက်ခဲလှသည်။

"ကျွန်မလည်း မသိဘူး... ဒါပေမဲ့ ရှန်ယွဲ့ရဲ့ သိုင်းပညာ စွမ်းရည်ကို ဂိုဏ်းချုပ် မြင်ဖူးတာပဲ... သူက တမိုးအောက် အနှိုင်းမဲ့ ဖြစ်ပေမဲ့ ဘယ်သူကမှ သူ့ကို သိုင်းဒဏ္ဍာရီလို့ မခေါ်ကြဘူး..."

"ဧကရာဇ်က သိုင်းဂူသင်္ချိုင်းကို ဘာလို့ ရှာနေတာလဲဆိုတာ ခင်ဗျား သိလား... သိုင်းကျမ်း လိုချင်လို့လား... တခြားအရာကြောင့်လား..."

လီချင်းချိုးက ဆက်မေးတော့ ကျူးယန်က တစ်ခဏမျှ တွန့်ဆုတ်နေပြီးမှ…

"လီရန်ရဲ့ ဘေးနားမှာ ရှိတဲ့ ကျောက်လင်းလုံကို ဂိုဏ်းချုပ် မြင်ဖူးမှာပါ... သူ အဲဒီလောက် စွမ်းအားကြီးနေရတာက လီယင်းဂိုဏ်းရဲ့ နက်ရှိုင်းတဲ့ ယင်ပညာရပ်ကို ကျင့်ကြံထားလို့ပဲ... နက်ရှိုင်းတဲ့ ယင်ပညာရပ် ကျင့်ကြံသူ တစ်ယောက်က သူ့ရဲ့ အတွင်းအားကို တခြားသူဆီ လွှဲပြောင်းပေးလို့ ရပါတယ်... တကယ်လို့ သူတို့ မသေခင် ပညာမလွှဲပြောင်းပေးခဲ့ရင် သူတို့ရဲ့ အတွင်းအားက ဒန်တျန်ထဲမှာ အတွင်းပိုင်း အမြုတေ အဖြစ် ဖွဲ့စည်းသွားတယ်... သိုင်းဒဏ္ဍာရီ အဲဒီလို အဆင့်အတန်း ရောက်သွားရတဲ့ အကြောင်းရင်းက မူလတည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်းက သူ့ဆီကနေ နက်ရှိုင်းတဲ့ ယင်ပညာရပ် အပါအဝင် သိုင်းပညာတွေ လက်ခံရရှိခဲ့လို့ပဲ... တစ်နည်းအားဖြင့် သိုင်းဒဏ္ဍာရီကလည်း နက်ရှိုင်းတဲ့ ယင်ပညာရပ်ကို ကျင့်ကြံခဲ့ပြီး သူ့စွမ်းရည်တွေက အတွင်းပိုင်း အမြုတေ အဖြစ် ဖွဲ့စည်းသွားလောက်တယ်..."

"ဒီဆေးလုံးကို ရရင် နောက်ထပ် သိုင်းဒဏ္ဍာရီ ဖြစ်လာနိုင်တယ်ဆိုတော့ လက်ရှိ ဧကရာဇ်တောင် ဒီဆွဲဆောင်မှုကို တွန်းလှန်နိုင်ဖို့ ခက်ခဲမှာပေါ့..."

"တာ့လီမင်းဆက်က သိုင်းပညာကို တန်ဖိုးထားပါတယ်... မင်းညီမင်းသားတွေနဲ့ မှူးမတ်တွေ အားလုံး သိုင်းကျင့်ကြတယ်... ဧကရာဇ်တောင်မှ စွဲလမ်းတဲ့အထိ သိုင်းလေ့ကျင့်တယ်.. သိုင်းပညာက သူ့ကို မကျေနပ်စေနိုင်တော့လို့ မသေမျိုးလမ်းစဉ်ကို လိုက်စားချင်နေတာ...."

သူမ လီချင်းချိုးကို မော့ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

"ကျွန်မ သတင်းရနိုင်တယ်ဆိုရင် တခြား မိသားစုကြီးတွေလည်း သေချာပေါက် ရနိုင်မှာပဲ... ဒီသိုင်းဂူသင်္ချိုင်းက ကြီးမားတဲ့ လှုပ်ရှားမှုကြီး ဖြစ်လာမှာ သေချာတယ်... ကျန်းဟူ ဂိုဏ်းတွေအားလုံး လုယူဖို့ သွားကြလိမ့်မယ်... ပြီးတော့ သိုင်းဂိုဏ်း အများစုက မိသားစုကြီးတွေရဲ့ လက်နက်တွေ ဖြစ်နေတယ်... မိသားစုကြီးတွေက လောဘကြီးကြတယ်... ရတနာအတွက် ဆိုရင် ဧကရာဇ်နဲ့တောင် ယှဉ်ပြိုင်ရဲကြတယ်... ကျွန်မတို့ ချင်းရှောင်ဂိုဏ်းကတော့ ဘယ်တော့မှ ပါဝင်မပတ်သက်သင့်ဘူး..."

သူမ စောစောက တွန့်ဆုတ်နေခဲ့ရခြင်းမှာ လီချင်းချိုး စိတ်ဝင်စားသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထိုစကားကို ကြားသောအခါ လီချင်းချိုးက ခေါင်းခါ၍ ရယ်မောလိုက်သည်။

"အဲဒီ သိုင်းဒဏ္ဍာရီဆိုတာက ကျွန်တော့်လောက်တောင် ကောင်းချင်မှ ကောင်းမှာပါ... လေ့ကျင့်မှုကနေ ရရှိလာတဲ့ စွမ်းရည်တွေကိုပဲ ကျွန်တော် ပိုယုံကြည်တယ်..."

လီချင်းချိုးက သိုင်းဒဏ္ဍာရီထက် မညံ့နိုင်ကြောင်း သူမလည်း ခံစားရသဖြင့် ကျူးယန် ပြန်မငြင်းတော့ပေ။ သို့သော်လည်း သိုင်းသမားများ အနေဖြင့် သူတို့၏ စွမ်းရည်အဆင့် မြင့်မားလာမည်ကို မုန်းတီးကြမည် မဟုတ်ချေ။ အကယ်၍ သိုင်းဒဏ္ဍာရီ၏ စွမ်းရည်အဆင့်ကို တိုက်ရိုက် ရယူနိုင်မည် ဆိုပါက မည်သူ ငြင်းပယ်မည်နည်း...

"သိုင်းဂူသင်္ချိုင်းက ချင်းရှောင်ဂိုဏ်းနဲ့ ဘယ်လောက်ဝေးလဲ..."

"မိုင် ၇၀၀၊ ၈၀၀လောက် ဝေးတယ်... ဒီဘက်ကို ဘယ်သူမှ ထွက်မပြေးလာအောင် တားဆီးထားရုံပါပဲ..."

"ကောင်းပြီ... ခင်ဗျားရဲ့ သတင်းအချက်အလက်က အရမ်း အရေးကြီးတယ်... ခင်ဗျားရဲ့ အကျိုးဆောင်မှုကို ကျွန်တော် မှတ်ထားပါ့မယ်..."

"ဒါ ကျွန်မ လုပ်သင့်တဲ့ အလုပ်ပါ..."

ကျူးယန်က ပြောပြီးသည်နှင့် မတ်တတ်ရပ်ကာ လီချင်းချိုးကို ဦးညွှတ်ပြီး ထွက်ခွာသွားသည်။ သူမ တံခါးပိတ်သွားသောအခါ လီချင်းချိုးက စားပွဲကို လက်ချောင်းဖြင့် ခေါက်ရင်း သူ့စွမ်းအားများကို ကျူးယန်ထံ လွှဲပြောင်းပေးသင့် မပေးသင့် စဉ်းစားနေမိသည်။

ကျူးယန်၏ သစ္စာရှိမှုက အတော်လေး မြင့်မားနေပြီ ဖြစ်ပြီး ၈၅မှတ် သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း မိသားစုကြီး တစ်ခုမှ အဖွဲ့ဝင် တစ်ဦး အနေဖြင့် သူမ၏ မိသားစုကို လုံးဝ စွန့်လွှတ်နိုင်မည် မဟုတ်ပေ။

လီချင်းချိုး ပြန်စဉ်းစားလိုက်သောအခါ သူ အတွေးလွန်နေကြောင်း သတိပြုမိလိုက်သည်။ ဂိုဏ်းအတွင်းရှိ တပည့်အများအပြားက မိသားစုကြီးများမှ လာကြသူများ ဖြစ်ပြီး ကျောက်ကျိန်းဆိုလျှင် အိမ်ရှေ့စံမင်းသား၏ သားအရင်း ဖြစ်သည်။ ဤကဲ့သို့သော ကမ္ဘာမျိုးတွင် မွေးဖွားလာသူ တစ်ယောက် အနေဖြင့် မိသားစုကြီးများ ထိုးဖောက်ဝင်ရောက်လာခြင်းကို လုံးဝ တားဆီးရန် မဖြစ်နိုင်ပေ။

မိသားစုကြီးများဆိုသည်မှာ အသွားနှစ်ဖက်ပါသော ဓားသွား ဖြစ်သည်။ မည်သို့ အသုံးပြုမည် ဆိုသည့်အပေါ်တွင်သာ မူတည်သည်။ သူသည် သိုင်းလောကကို လွှမ်းမိုးချုပ်ကိုင်မည့် လမ်းစဉ်ပေါ်တွင် ရှိနေခြင်း မဟုတ်ဘဲ မသေမျိုးလမ်းစဉ်ပေါ်တွင် ရှိနေခြင်း ဖြစ်ရာ ကြောက်ရွံ့ခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်း မရှိသင့်ပေ။

ဓားဂိုဏ်း တည်ထောင်ပြီးသည်နှင့် တစ်စုံတစ်ယောက်က ဟွမ်ယွမ်ကျမ်းစာကို ပေါက်ကြားစေပါက ဓားဂိုဏ်းသားများ သူတို့အလုပ်ကို လုပ်ဆောင်ရန် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သိုင်းဂူသင်္ချိုင်း ကိစ္စ ပြီးဆုံးသွားပြီး ချင်းရှောင်ဂိုဏ်း ထိခိုက်မှု မရှိခဲ့လျှင် ကျူးယန်နှင့် ဆုရှီးလင်တို့ကို ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

...

သိုင်းဂူသင်္ချိုင်းကိစ္စ ပျံ့နှံ့ခြင်း မရှိဘဲ ချင်းရှောင်ဂိုဏ်းကလည်း စနစ်တကျ ဆက်လက် ဖွံ့ဖြိုးတိုးတက်နေသည်။

တပည့်အရေအတွက် တိုးပွားလာသည်နှင့်အမျှ ချင်းရှောင်ဂိုဏ်းကလည်း ပိုမို များပြားသော အရာများကို လုပ်ဆောင်နိုင်လာပြီး ခန်းမကြီး ၇ ခုစလုံး အပြည့်အဝ လည်ပတ်နေကာ မည်သူမျှ အားလပ်နေခြင်း မရှိပေ။

တပည့်အချို့ လေ့ကျင့်ရေးတွင် သေဆုံးခဲ့ရသော်လည်း ချင်းရှောင်ဂိုဏ်းက သူတို့၏ သွားလာလှုပ်ရှားမှုကို ကန့်သတ်ခြင်း မရှိပေ။ သို့သော်လည်း ရှီးလျန့်ခန်းမတွင် တာဝန်လက်ခံသောအခါ တပည့်တိုင်းကို ဤအချက်အား အသိပေးထားသဖြင့် အမည်မသိ အင်အားစု တစ်ခု၏ တိုက်ခိုက်ခံရမည့် အန္တရာယ်ကို ယူရဲခြင်း ရှိမရှိ စဉ်းစားနိုင်ကြမည် ဖြစ်သည်။

ထိုကဲ့သို့ သတိပေးမှုများကြောင့် တောင်အောက်ဆင်း၍ လေ့ကျင့်သူ အရေအတွက် လျော့နည်းသွားသော်လည်း ကျန်းကျောက်ရှား၊ ရွှီနင်းနှင့် ရွှယ်ကျင်းတို့လို ကျန်းဟူလောကတွင် နာမည်ကျော်ကြားလိုပြီး ချင်းရှောင်ဂိုဏ်းအတွက် ဂုဏ်ယူစရာ ဖြစ်စေလိုသော ယုံကြည်မှုရှိသည့် တပည့်များကမူ တောင်အောက်ဆင်း၍ လေ့ကျင့်နေကြဆဲ ဖြစ်သည်။

တစ်လတာအချိန်ကာလ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြန်သည်။

ထိုနေ့တွင် ရွှီနင်းက ကျန်းကျောက်ရှားထက်စော၍ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်။

သူမ ချက်ချင်းပင် လီချင်းချိုးကို သတင်းလာပို့ပြီး ကျန်းကျောက်ရှား၏ ကျင့်ကြံခြင်း တိုးတက်မှုကို မေးမြန်းလိုက်သည်။ ကျန်းကျောက်ရှား မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့ မရောက်သေးကြောင်း သိလိုက်ရသောအခါ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း ချက်ချင်း ပျောက်ကွယ်သွားသည်။

လီချင်းချိုး ရယ်ချင်နေမိသည်။ ရွှီနင်း တစ်ယောက်တည်း ကျန်းကျောက်ရှား၏ တိုးတက်မှုကို ဂရုစိုက်နေခြင်း မဟုတ်ဘဲ ကျန်းကျောက်ရှားကလည်း ရွှီနင်း၏ အခြေအနေကို ရံဖန်ရံခါ လာမေးလေ့ ရှိသည်။

ရွှီနင်း မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိသွားခြင်းက အလွန် ကောင်းမွန်သော ကိစ္စရပ် ဖြစ်သည်။ဒါကလည်း ချင်းရှောင်ဂိုဏ်း အနေဖြင့် နောက်ထပ် တမိုးအောက် အနှိုင်းမဲ့ တစ်ယောက် ရရှိလိုက်ခြင်း ဖြစ်သည်။

လီချင်းချိုးက ရွှီနင်းကို အချိန်အတော်ကြာ ချီးကျူးလိုက်ပြီး ရွှီနင်း ပြန်သွားပြီးနောက် ကျန်းယွီချွန်း သူ့ထံ ရောက်လာပြန်သည်။

ဒါက ဂိုဏ်းချုပ် ဖြစ်ရတာရဲ့ ဆိုးကျိုးပင်ဖြစ်သည်။ ကျင့်ကြံဖို့ အချိန်ရတိုင်း တံခါးပိတ်လို့ရတဲ့ ရွှီနင်းနဲ့ကျန်းကျောက်ရှားတို့လို မဟုတ်ဘဲ ဂိုဏ်းကိစ္စတွေကို နေ့တိုင်း အချိန်ပေး ဖြေရှင်းနေရတယ်...

"ဝံပုလွေနက်တောင်ကုန်းမှာ ကိစ္စကြီး တစ်ခု ဖြစ်သွားတယ်... လူတွေ အများကြီး သေဆုံးခဲ့တယ်လို့ ပြောကြတယ်... အဲဒီအထဲမှာ နန်းတွင်း စစ်သည်တွေနဲ့ သိုင်းလောကသားတွေ ပါဝင်တယ်... တကယ်ပဲ အဲဒီ စစ်တပ်ကြီးက သိုင်းဂူသင်္ချိုင်း အတွက် လာကြတာ..."

ကျန်းယွီချွန်းက လီချင်းချိုး အနားသို့ ရောက်လာပြီး သက်ပြင်းချလိုက်သည်။

ဝံပုလွေနက်တောင်ကုန်းက ကုကျိုးစီရင်စု မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ တောင်ပေါ်တွင် ဝံပုလွေနက်များကို မကြာခဏ တွေ့ရလေ့ ရှိသဖြင့် ဝံပုလွေနက် တောင်ကုန်းဟု အမည်တွင်ခြင်း ဖြစ်ကာ မုဆိုးများပင် သွားရောက်လေ့ မရှိသော နေရာဖြစ်သည်။ ဝံပုလွေနက် တောင်ကုန်းတွင် လှည့်လည်သွားလာနေသော တစ္ဆေများ ရှိကြောင်း ဒဏ္ဍာရီများလည်း ရှိသည်။ လီချင်းချိုး ငယ်စဉ်က ဝံပုလွေနက် တောင်ကုန်းအကြောင်း လီရွှင်းဖုန်း ပြောပြဖူးသည်ကို မှတ်မိနေသေးသည်။

"ဘယ်သူ အောင်မြင်သွားလဲ..."

လျှို့ဝှက်သိုင်းကျမ်း ရေးသားနေရင်းကနေ လီချင်းချိုး မေးလိုက်သည်။ ဝိညာဉ်အမျိုးအစား ဂါထာများအပေါ် နားလည်မှုကို ရေးသားနေပြီး ဂိုဏ်းသားများ ဝိညာဉ်ဂါထာများကို လေ့လာနိုင်စေရန် အခြေခံဂါထာ စာအုပ်တစ်အုပ် ရေးသားလိုခြင်း ဖြစ်သည်။

ကျင့်ကြံသူ တစ်ယောက် ဖြစ်ပါလျက် တစ္ဆေနဲ့ မိစ္ဆာကို ဘယ်လိုလုပ် မခွဲခြားနိုင်ဘဲ နေမှာလဲ...

သေချာတာပေါ့... သူ ရေးပြီးရင်တောင်မှ ကျမ်းစာအုပ်ဆောင်ထဲမှာ လူတိုင်း ဖတ်ဖို့ ထားပေးမှာ မဟုတ်ဘူး... ပံ့ပိုးမှု အတိုင်းအတာ တစ်ခု ရှိပြီး သစ္စာရှိမှု ပြသနိုင်မှသာ သင်ယူခွင့် ရနိုင်မှာ...

ကျန်းယွီချွန်းက …

"နန်းတွင်း စစ်တပ်က အောင်မြင်သွားတာ ဖြစ်ရမယ်... ဘာလို့လဲဆိုတော့ အဲဒီစစ်တပ်ကြီးက ကုကျိုးစီရင်စုကနေ ထွက်ခွာသွားပြီ... တကယ်လို့ သူတို့ မအောင်မြင်ရင် သေချာပေါက် ဆက်ပြီး စုံစမ်းနေဦးမှာပဲ..."

"မင်းလူတွေကို သေချာ ထပ်စုံစမ်းခိုင်းလိုက်... သတိမပေါ့နဲ့..."

ကျန်းယွီချွန်း ခေါင်းညိတ်ပြီး အချိန်ဆွဲမနေဘဲ အမြန် ထွက်ခွာသွားသည်။ ကျန်းယွီချွန်း စိတ်အခြေအနေ ကောင်းမွန်နေသည်ကို လီချင်းချိုး ပြောနိုင်သည်။

ကျန်းယွီချွန်းက စီမံခန့်ခွဲမှုအတွက် သင့်တော်သော်လည်း ဂိုဏ်းချုပ် ဖြစ်ရန် မသင့်တော်ပေ။သူသည် ကိုယ့်ထက် သန်မာသော အင်အားစုနှင့် ရင်ဆိုင်ရသောအခါ လမ်းဖယ်ပေးရန် ရွေးချယ်လေ့ ရှိသည်။ ဒီတစ်ခါလည်း သူ ထုတ်မပြောသော်လည်း နန်းတွင်းစစ်တပ်ကို ရင်ဆိုင်ရမှာ အလွန် ကြောက်ရွံ့နေကြောင်း လီချင်းချိုး ခံစားနိုင်သည်။

လီချင်းချိုး သူ့အပေါ် စိတ်ပျက်ခြင်း မရှိပေ။ လူတိုင်းတွင် အားနည်းချက်များ ရှိကြသည်။ ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် သူ့အလုပ်မှာ မတူညီသော ပါရမီရှင်များကို နေရာမှန်တွင် ထားရှိရန် ဖြစ်သည်။ ချင်းရှောင်ဂိုဏ်း ရင်ဆိုင်ရမည့် ဖိအားများကို ဂိုဏ်းချုပ်ကသာ ခံယူရပေမည်။

လီချင်းချိုး လျှို့ဝှက်သိုင်းကျမ်းကို ဆက်လက် ရေးသားနေလိုက်သည်။ သို့သော် မကြာမီမှာပင် အလွန် ထက်မြက်သော ဓားဆန္ဒ တစ်ခုကို လီချင်းချိုး အာရုံခံလိုက်မိသည်။

ဓားနတ်ဘုရား ရှန်ယွဲ့!

ရွှီနင်းဆီက ထွက်ပေါ်လာတဲ့ နောက်ထပ် အရှိန်အဝါ တစ်ခုကိုလည်း သူ အာရုံခံလိုက်မိတယ်...

"ဒီကောင်မလေးကတော့..."

လီချင်းချိုး ခေါင်းခါပြီး ရယ်မောလိုက်သည်။ ယှဉ်ပြိုင်လိုစိတ် ဆိုသည်မှာ အားသာချက် ဖြစ်သလို အားနည်းချက်လည်း ဖြစ်သည်။ သူတို့နှစ်ယောက် ဘယ်အချိန် ရပ်တန့်ရမလဲဆိုတာ သိကြမှာပါလေ ဟု ယုံကြည်ကာ မတားတော့ပေ။

...

ညဥ့်နက်ပိုင်းတွင် ဝိညာဉ်ကျောက်တွင်း အတွင်း၌…

ကျန်းကျောက်ရှားက ဂူတစ်ခုအတွင်း တရားထိုင်ကာ သိုင်းကျင့်နေသည်။ ဂူနံရံပေါ်ရှိ ဖယောင်းတိုင်မီးကြောင့် သူ့အရိပ်ရှည်ကြီး ဖြစ်ပေါ်နေပြီး ရံဖန်ရံခါ ယိမ်းထိုးနေသည်။

ထိုစဉ် လူငယ်လေး တစ်ယောက် ဝင်ရောက်လာပြီး သူ့ကို ဦးညွှတ်လိုက်သည်။

ထိုလူငယ်လေးမှာ ၁၃ နှစ်၊ ၁၄ နှစ်ခန့်သာ ရှိဦးမည် ဖြစ်ပြီး နူးညံ့သော မျက်နှာသွင်ပြင်နှင့် ပိန်သွယ်သော ခန္ဓာကိုယ် ရှိသည်။ သူသည် ကျန်းကျောက်ရှား၏ တပည့် ဟန်လန် ဖြစ်သည်။ ကျင့်ကြံရာတွင် ပါရမီနှင့် ဉာဏ်ပညာ နှစ်ခုစလုံး ကောင်းမွန်သဖြင့် ရှားပါး ပါရမီရှင် တစ်ဦး ဖြစ်သည်။

သူ ကျန်းကျောက်ရှား၏ တပည့် ဖြစ်လာနိုင်ခြင်းမှာ လီချင်းချိုး၏ လမ်းညွှန်မှုကြောင့် ဖြစ်သည်။

ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့ နာမည်ရလာပြီးနောက် ကျန်းကျောက်ရှားက တပည့်သစ် တစ်ယောက် ပျိုးထောင်လိုကြောင်း လီချင်းချိုးကို ကိုယ်တိုင် လာပြောခဲ့သည်။ ထို့ကြောင့် လီချင်းချိုးက ထိုစဉ်က သိပ်မထူးချွန်သော ဟန်လန်ကို ထောက်ခံပေးခဲ့ခြင်း ဖြစ်သည်။

ဟန်လန်က ပိန်လှီပြီး အခြားတပည့်များနှင့်အတူ သိုင်းကျင့်နေရင်တောင် သတိမထားမိလောက်အောင် သာမန်ဆန်လွန်းလှသည်။

"ဆရာ... ဒီနေ့ စီနီယာအစ်မရွှီနင်းက စီနီယာဓားနတ်ဘုရား ရှန်ယွဲ့ကို စိန်ခေါ်ခဲ့ပါတယ်..."

ဟန်လန်က တိုးတိုးလေး ပြောလိုက်ပြီး ဆရာသခင်ကို သတိထားကာ မော့ကြည့်လိုက်သည်။

ကျန်းကျောက်ရှား လန့်သွားပြီး မျက်လုံးဖွင့်ကြည့်ကာ ချက်ချင်း စိတ်လျှော့ချလိုက်သည်။

"ရလဒ်က ဘယ်လိုလဲ..."

"သရေကျသွားပါတယ်... စီနီယာအစ်မရွှီနင်းက သူတွေ့ဖူးသမျှထဲမှာ ပါရမီအရှိဆုံးပဲ၊ အနာဂတ် အောင်မြင်မှုတွေက သူ့ထက် သာလွန်မှာ သေချာတယ်ဆိုပြီး ဓားနတ်ဘုရားက ချီးကျူးလိုက်ပါတယ်... စီနီယာအစ်မကလည်း သူက ဓားသိုင်းရဲ့ နတ်ဘုရားလို့ ခေါ်ဆိုထိုက်ကြောင်း ပြောပါတယ်..."

ဟန်လန်၏ အဖြေကြောင့် ကျန်းကျောက်ရှား မျက်မှောင်ကြုတ်သွားသည်။

"သူ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့် ရောက်သွားပြီပဲ..."

သတ္တမအဆင့်...

ဟန်လန် ကျောချမ်းသွားသည်။ သူသည် လက်ရှိတွင် မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်တွင်သာရှိသေးပြီး တတိယအဆင့်သို့ ရောက်ရန် မျှော်လင့်ချက် မရှိသေးပေ။ ရွှီနင်းက သူ့ထက် နှစ်နှစ်သာ ကြီးကြောင်း ကြားဖူးသည်။

နောက်ထပ် နှစ်နှစ်အချိန်ရရင်တောင် သူ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် ရောက်နိုင်ပါ့မလား... သတ္တမအဆင့် ဆိုတာကတော့ အိပ်မက်တောင် မမက်ရဲဘူး...

သူ့အမူအရာကို မြင်သောအခါ ကျန်းကျောက်ရှား သက်ပြင်းချလိုက်သည်။

ဟန်လန်၏ ပါရမီနှင့် ဉာဏ်ပညာက ကောင်းမွန်သော်လည်း ရွှီနင်း၊ ကျောက်ကျိန်း၊ ကျိယာတို့နှင့် ယှဉ်လျှင် ပြောပလောက်စရာ မရှိပေ။

ကျန်းကျောက်ရှားက သူ့ကျင့်ကြံမှု အဆင့်ကို ရွှီနင်းနှင့် နှိုင်းယှဉ်ရုံသာမက သူ့တပည့်၏ အောင်မြင်မှုကို လီချင်းချိုး၏ တပည့်များနှင့်လည်း နှိုင်းယှဉ်ချင်နေမိသည်။ သူ ဤသို့ မတွေးသင့်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်ချေပြီ။

"ဂိုဏ်းချုပ်က နောက်ပိုင်း ဓားဂိုဏ်းကို တည်ထောင်တော့မှာ... ငါက ဓားဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်လာလိမ့်မယ်... မင်း ငါနဲ့အတူ ဓားဂိုဏ်းကို လိုက်ခဲ့ရမယ်... ဒီနေ့ကစပြီး ဓားသိုင်းကလွဲရင် တခြား ဘယ်သိုင်းပညာကိုမှ မလေ့ကျင့်ရဘူး... နားလည်လား..."

ကျန်းကျောက်ရှား လေးလေးနက်နက် ပြောလိုက်တော့ ဟန်လန်ကလည သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့ ဆရာသခင်... ကျွန်တော်လည်း ဓားသုံးရတာ နှစ်သက်ပါတယ်..."

ကျန်းကျောက်ရှား မျက်လုံးပြန်မှိတ်လိုက်ပြီး သိုင်းဆက်ကျင့်နေလိုက်သည်။ ဟန်လန်လည်း ထပ်မနှောင့်ယှက်တော့ဘဲ ဦးညွှတ်ပြီး ထွက်ခွာသွားသည်။

ဂူထဲမှ ထွက်လာပြီးနောက် ကွေ့ကောက်နေသော ဂူလမ်းကြောင်းများ အတိုင်း လျှောက်လာပြီး ထွက်ပေါက်သို့ ဦးတည်သော ဂူတစ်ခုသို့ ရောက်ရှိလာရာ တပည့်တစ်ယောက် သိုင်းကျင့်နေသည်ကို တွေ့လိုက်ရသည်။

ပိုင်နင်းအာပင် ဖြစ်သည်။

ပိုင်နင်းအာ မျက်လုံးဖွင့်ကြည့်လိုက်ရာ ဟန်လန်ကို တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဘယ်လိုလဲ... မင်းရဲ့ ဆရာသခင်က ချီစွမ်းအင်အတွက် အသက်ရှင်နေတာ မဟုတ်ပါဘူးနော်..."

ဟန်လန်က သူ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး စိုက်ကြည့်ကာ…

"ငါ့ဆရာသခင်က ဘယ်လိုလုပ် ချီစွမ်းအင်အတွက် အသက်ရှင်ရမှာလဲ... စီနီယာအစ်မရွှီနင်း ပျော်ရွှင်ဖို့ပဲ သူ ဂရုစိုက်တာ..."

"ဟုတ်လို့လား..."

ပိုင်နင်းအာက မယုံကြည်နိုင် ဖြစ်နေပြီး ဟန်လန်လည်း ပြန်မဖြေချင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့ဆရာသခင် ပြုံးသည်ကို တစ်ခါမှ မမြင်ဖူးသောကြောင့် ဖြစ်သည်။

ဟန်လန်က ပိုင်နင်းအာကို ကြည့်ပြီး…

"ဒါနဲ့... ငါ့ဆရာသခင် ပြောတာတော့ ဂိုဏ်းက မကြာခင် ဓားဂိုဏ်း ထောင်တော့မှာတဲ့... မင်းသွားမှာလား... သွားချင်ရင် ငါပြောပေးမယ်..."

ပိုင်နင်းအာက ခေါင်းကို အမြန်ခါလိုက်ပြီး…

"တော်ပါ... ငါက ဂိုဏ်းချုပ်ရဲ့ ဂိုဏ်းသားကွ... ဘာလို့ ဓားဂိုဏ်းကို သွားရမှာလဲ... ငါက ဂိုဏ်းချုပ်ရဲ့ တိုက်ရိုက် ဂိုဏ်းသားကွ..."

"ထားလိုက်ပါတော့... ဂိုဏ်းချုပ်က မင်းကို ဆင့်ခေါ်တာလည်း မဟုတ်ဘဲနဲ့..."

"ဒါပေမဲ့ ငါ ဒီမှာ အကန့်အသတ်မရှိ နေလို့ ရတယ်လေ... စစ်ဆင်ရေးကြီးတွေမှာတောင် ပါဝင်ခဲ့ဖူးတယ်... မင်း လုပ်နိုင်လို့လား..."

ပိုင်နင်းအာက ဂုဏ်ယူစွာ ရယ်မောလိုက်ရာ ဟန်လန် ထပ်မံ အရှက်ရသွားပြန်သည်။

သူသည် ကျန်းကျောက်ရှား၏ တပည့် ဖြစ်သော်လည်း ဝိညာဉ်ကျောက်တွင်းတွင် ထာဝရ နေထိုင်ခွင့် မရှိပေ။ ပိုင်နင်းအာတွင် ဂိုဏ်းချုပ် အာရုံစိုက်ရလောက်အောင် ဘာတန်ဖိုးရှိနေသလဲဆိုတာ သူ မမြင်မိချေ။

ပိုင်နင်းအာရဲ့ ဆွဲဆောင်မှုက သူ့ရဲ့ နှစ်လိုဖွယ် ကောင်းတဲ့ အပြုံးကြောင့်များလား…

All Chapters