← Chapters

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

အခန်း (၅၄၁) - အဘိုးအို

~ဧရာမ ရေကန်ကြီး၏ ရေပြင်ထက်တွင် လှိုင်းတံပိုးများမှာ ရံဖန်ရံခါ မြင့်တက်လာလျက် ရှိ၏။ "ပေါင်းစည်းခြင်း နယ်ပယ်" အဆင့်ရှိ ဧရာမ မဟာစွမ်းအားရှင်ကြီး တစ်ပါး၏ အုတ်ဂူမှ ဖြာထွက်နေသော ငွေရောင် အလင်းတန်းများသည် တိုက်ပွဲဝင်နေသူများ၏ ပုံရိပ်များကို ရေပြင်ပေါ်တွင် ထင်ဟပ်စေလျက် ရှိလေသည်။

ချင်မင်ဟောက် နှင့် အခြားနှစ်ဦးသည် ရေကန်ပြင်ထက်တွင် ရှိနေသော လူတစ်ယောက်တည်းကို ဝိုင်းရံ တိုက်ခိုက်နေကြသော်လည်း၊ ထိုသူသည် ကြီးမားသော ဓားမကြီး တစ်လက်ကို ဝှေ့ယမ်းကာ ပြီးပြည့်စုံစွာ ခုခံ ကာကွယ်နေသည် မဟုတ်ပါလော။

နင်ချီ လှမ်းကြည့်လိုက်ရာ ထိုသူမှာ နျူမန် ပြောပြခဲ့ဖူးသော လျှို့ဝှက်ဆန်းကြယ်သည့် "တစ်သီးပုဂ္ဂလ ကျင့်ကြံသူ" ဖူချန် ဖြစ်ကြောင်း မှတ်မိလိုက်၏။ လျှို့ဝှက်နယ်မြေထဲ ဝင်ခါစက နင်ချီ သူ့ကို တစ်ကြိမ် မြင်တွေ့ခဲ့ဖူးသည်။

ဖူချန်၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ ကျောက်တုံးခံတပ်ကြီး တစ်ခုအလား ကြံ့ခိုင် ထူးချွန်လှပြီး၊ အပြာရောင် ဝတ်ရုံခြုံ ကို လွှမ်းခြုံထားကာ ဆံပင်များကို ဖရိုဖရဲ ချထားလေသည်။ ကျောကုန်းပေါ်တွင် လွယ်ထားလေ့ ရှိသော သွေးရောင် ဓားမကြီးသည် ယခုအခါ သူ၏ လက်ထဲတွင် ရောက်ရှိနေပြီး၊ ဆက်တိုက် ဆိုသလို ခုတ်ပိုင်း တိုက်ခိုက်နေလေသည်။

ဓားချက် တစ်ချက် ခုတ်လိုက်တိုင်း... သွေးရောင် ဓားချီ တစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းသွားလေ့ ရှိသည်။ ထို သွေးရောင် ဓားချီများသည် (၃) ကျန်း အကျယ်၊ (၁၀) ကျန်းအရှည် ရှိပြီး အလွန် သိပ်သည်း ခိုင်မာကာ၊ ၎င်းတို့ အပေါ်တွင် သွေးမီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ရှိနေပေသည်။ အဝေးမှ လှမ်းကြည့်လျှင် ငွေရောင် လွှမ်းနေသော ကမ္ဘာကြီးကို သွေးရောင် တိမ်တိုက်များဖြင့် ဆေးဆိုးထားသကဲ့သို့ ထင်မှတ်ရသည်။

ဆန့်ကျင်ဘက်တွင်မူ ချင်မင်ဟောက်၊ ကျန်းချင်းရွှယ် နှင့် ဝမ်ယဲ့ တို့သည် ဖူချန်၏ တိုက်ခိုက်မှုကို ခုခံရန် အစွမ်းကုန် ကြိုးစားနေကြရသည်။

ချင်မင်ဟောက်သည် ဓားသိုင်းအက ကနေသကဲ့သို့ ဓားကို ကစားလိုက်ရာ အမည်းရောင်နှင့် အဖြူရောင် ချီများ တပြိုင်နက် ပေါက်ကွဲ ထွက်ပေါ်လာသည်။ အဖြူရောင် ချီဓာတ်က ဝင်ရောက်လာသော သွေးရောင် ဓားချီများကို ပိတ်ဆို့ ကာကွယ်ပေးပြီး၊ အမည်းရောင် ချီဓာတ်ကမူ ဖူချန်ထံသို့ မြှားတစ်စင်းအလား ပျံသန်း တိုက်ခိုက်လေသည်။

သို့သော် ဖူချန်သည် ကာကွယ်ရန်ပင် စိတ်ကူးမရှိချေ။ သူ၏ အခြေခံ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ထိုသုံးယောက်ထက် များစွာ သာလွန်နေပြီး၊ သူ၏ ဓားချီသည် ချင်မင်ဟောက်၏ ဓားချီထက် အမြဲတမ်း ပိုမို မြန်ဆန်စွာ ရောက်ရှိလာပြီး ဖျက်ဆီးပစ်လေ့ ရှိသည်။

ဝမ်ယဲ့သည် အနောက်ဘက်တွင် ရပ်နေပြီး သူ၏ "ခေါင်းသုံးလုံး လက်ခြောက်ဖက် စစ်သည်တော် မိစ္ဆာ ခန္ဓာ" ကို အသက်သွင်းထားပြီး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် ပေ (၁၀၀) ခန့် ကြီးမားနေလေသည်။ သို့သော် သူ၏ မှော်ရတနာ အမျိုးမျိုးနှင့် ပေါင်းစပ် တိုက်ကွက်များကို အသုံးပြုသော်လည်း ဖူချန်ကို ဖြိုချနိုင်ခြင်း မရှိသေးပေ။ ဖူချန်ကို ဖမ်းချုပ်ရန် ကြိုးစားမှုများ သော်လည်းကောင်း၊ ပါးစပ်မှ မှုတ်ထုတ်လိုက်သော "မူလဝိညာဉ် တာအို မီးတောက်" များ သော်လည်းကောင်း... မည်သည့်အရာကမျှ ဖူချန်၏ ခန္ဓာကိုယ် အနီးသို့ ကပ်နိုင်ခြင်း မရှိကြချေ။

ကျန်းချင်းရွှယ်၏ ကျောက်စိမ်းရောင် ခြေထောက်လေးများသည် ဟင်းလင်းပြင်ပေါ်တွင် လမ်းလျှောက်နေပြီး၊ အောက်ဘက် ရေကန်ထဲမှ ရေများသည် အလိုအလျောက် တက်လာကာ သူမ လမ်းလျှောက်ရန် "ရေတံတား" တစ်စင်း ဖန်တီးပေးထားလေသည်။ ရေရှိသော နေရာတွင် သူမသည် အသာစီး ရနေတတ်သည်။ သူမ၏ လှုပ်ရှားမှုတိုင်းသည် ရေကန်ထဲမှ ရေစီးကြောင်းများကို လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်စေပြီး၊ ဧရာမ လှိုင်းတံပိုးကြီးများ သို့မဟုတ် ရေခဲတောင်ကြီးများ အဖြစ် ပြောင်းလဲကာ ဖူချန်ထံသို့ ပစ်လွှတ် တိုက်ခိုက်လေသည်။

သို့သော် ချင်မင်ဟောက်နှင့် ဝမ်ယဲ့ တို့၏ တိုက်ခိုက်မှုများ ကဲ့သို့ပင်... သူမ၏ တိုက်ခိုက်မှု အားလုံးသည် ဖူချန်အနီးသို့ မရောက်မီမှာပင် ပျော်ဝင် ပျက်စီးသွားကြရသည်။

ဘေးမှ ကြည့်နေသော နင်ချီသည် ပြဿနာကို ချက်ချင်း မြင်လိုက်၏။ ဖူချန်၏ အခြေခံ အုတ်မြစ်သည် ထိုသုံးယောက်ထက် အမှန်တကယ် နက်ရှိုင်းလွန်းလှသည်။ မှော်စွမ်းအင်၊ မူလဝိညာဉ် စွမ်းအား၊ ဂါထာမန္တန် စွမ်းရည်၊ ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ အမြန်နှုန်း သို့မဟုတ် အသုံးပြုသော ဝိညာဉ် ရတနာများ... အဘက်ဘက်မှ သာလွန်နေခြင်း ဖြစ်သည်။ သူသည်လည်း "မူလဝိညာဉ် နယ်ပယ်" အကန့်အသတ် သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည့် အနေအထားတွင် ရှိနေသည်။ ချင်မင်ဟောက်နှင့် အခြားသူများမှာမူ ထိုအဆင့်သို့ မရောက်ရှိသေးကြချေ။

ကျန်းချင်းရွှယ် တိုက်ခိုက်လေလေ ပိုမို တုန်လှုပ်လာလေလေ ဖြစ်ပြီး၊ ရင်ထဲတွင် ရှုံးနိမ့်ခြင်း အရိပ်အယောင်များကို ခံစားလာရလေသည်။ ပထမ အချက်မှာ... သူမ၏ ဘေးရှိ ချင်မင်ဟောက်နှင့် ဝမ်ယဲ့ တို့၏ ကျင့်ကြံမှု အဆင့်သည် သူမကို ကျော်တက်သွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရခြင်း ဖြစ်သည်။ လွန်ခဲ့သော (၁၀) နှစ်အတွင်း သူမ၏ တိုးတက်မှုသည် နည်းပါးလွန်းကြောင်း သိရှိလိုက်ရသည်။ ဒုတိယ အချက်မှာ... ထိုသို့ တိုးတက်လာသော သူတို့ (၃) ယောက် ပေါင်းပြီး တိုက်ခိုက်နေတာတောင်မှ ဤ ဖူချန် ဆိုသူ၏ ဖိနှိပ်ခြင်းကို ခံနေရခြင်းကြောင့်ပင်။

ဖူချန်၏ အကြောင်းကို သူတို့အားလုံး သိထားကြ၏။

ဂိုဏ်းမရှိသော တစ်သီးပုဂ္ဂလ ကျင့်ကြံသူ တစ်ဦးက ဤမျှ အစွမ်းထက်နေသည် တဲ့လား။ "တောင်နှင့် ပင်လယ် နယ်မြေ" တွင် ပါရမီရှင်များ ပေါများလှကြောင်း၊ ဤကျယ်ပြောသော ကမ္ဘာကြီးထဲတွင် ကိုယ့်ထက် သာသော သူများ အမြဲတမ်း ရှိနေနိုင်ကြောင်းကို ဝန်ခံကာ ညည်းတွားလိုက်မိကြ၏။

ကျန်းချင်းရွှယ် အမှန်တကယ် မကျေနပ်နိုင်ပေ။ နင်ချီ၏ ပုံရိပ်သည် သူမ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ ဖြစ်နိုင်တာက... လူ့ပြည်သို့ ဆင်းသက်လာသော အင်မော်တယ် တစ်ပါးကဲ့သို့သော နင်ချီသာလျှင် ဒီ ဖူချန် ကို နှိမ်နင်းနိုင်လိမ့်မည် ထင်သည်။

ဖူချန် ဘက်တွင်လည်း... ထို (၃) ယောက်၏ စွမ်းဆောင်ရည်ကြောင့် တိတ်တဆိတ် အံ့အားသင့်နေမိသည်။

'ပေ့ရွှမ် နယ်မြေ ဆိုတာ သေးငယ်ပြီး ထိပ်တန်း အဆင့်မြင့် ဂိုဏ်း တစ်ခုပဲ ရှိတာမဟုတ်ဘူးလား။ အကန့်အသတ်မဲ့ ဓားဂိုဏ်းက တပည့်တွေက ဘာလို့ ဒီလောက် ကြမ်းတမ်းနေရတာလဲ'

သူ့အနေဖြင့် ဒီစကားကို ပြောခွင့် ရှိပါသည်။ သူသည် တောင်ပိုင်း အစစ်အမှန် နယ်မြေရှိ "ပေါင်းစည်းခြင်း အဆင့်" မဟာစွမ်းအားရှင်ကြီးများ စောင့်ကြပ်နေသော ဂိုဏ်းများမှလွဲ၍ ကျန်ရှိသော ဂိုဏ်းအားလုံးကို တစ်ကိုယ်တော် စိန်ခေါ်ခဲ့ပြီး၊ ထိုဂိုဏ်းများမှ ထိပ်ဆုံး အစစ်အမှန် အမွေခံ အားလုံးသည် သူ၏ ဓားချက်အောက်တွင် ရှုံးနိမ့်ခဲ့ရသည် မဟုတ်ပါလော။ သို့သော် ယခု အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ (၃) ယောက်သည် သူ အနိုင်ယူခဲ့ဖူးသော ပထမ အစစ်အမှန် အမွေခံ တစ်ယောက်စီနှင့် ယှဉ်နိုင်ရုံသာမက၊ အနည်းငယ်ပင် သာလွန်နေသေးသည် ဆိုတာ ယုံနိုင်စရာ မရှိအောင်ပင်။

ဖူချန်လည်း စိတ်ပျက်စ ပြုလာသည်။ သူက ဒီလူတွေကို မောင်းထုတ်ပြီး ရှေ့က ငွေရောင် အုတ်ဂူကို စူးစမ်းချင်ရုံသာ ဖြစ်သည်။ ဒီလောက်ထိ အချိန်ကြာမြင့်စွာ တိုက်ခိုက်နေရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူ့စွမ်းအားက သူတို့ထက် သာလွန်နေပေမယ့် သူတို့ကို အသေမသတ်ရဲပေ။ သူက တစ်သီးပုဂ္ဂလ ကျင့်ကြံသူ ဖြစ်သဖြင့် အဆင့်မြင့် ဂိုဏ်းကြီး တစ်ခုကို ရန်စလိုက်မိလျှင် ပြဿနာ ကြီးကြီးမားမား တက်လာနိုင်သည် မဟုတ်ပါလော။

တိုက်ပွဲ ကြာရှည်လာသည်နှင့်အမျှ ဆက်လက် တိုက်ခိုက်နေခြင်းသည် အခြားသူများကို အခွင့်ကောင်း ပေးလိုက်သလို ဖြစ်သွားနိုင်ကြောင်း နှစ်ဖက်စလုံး သဘောပေါက်လာကြ၏။

ရုတ်တရက်... ကျန်းချင်းရွှယ်သည် ဟင်းလင်းပြင်တွင် ရပ်တန့်လိုက်ပြီး၊ သူမ၏ ဘယ်လက်ချောင်းထိပ်များဖြင့် "ဆဋ္ဌဂံ ရေခဲပုံဆောင်ခဲ" တစ်ခုကို ကိုင်ဆောင်လိုက်၏။ ၎င်းသည် အစစ်အမှန် အမွေခံ ရွေးချယ်ပွဲတွင် အသုံးပြုခဲ့သော "ပျက်စီးနေသည့် အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ" ဖြစ်ပြီး၊ သူမ၏ နဖူးပြင်ပေါ်သို့ ဖိကပ်ရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်တွင်... နင်ချီ ရောက်ရှိလာမှုကို တိုက်ခိုက်နေသူများ နောက်ဆုံးတွင် သတိထားမိလိုက်ကြလေသည်။ ချင်မင်ဟောက်နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာကြ၏။

ကျန်းချင်းရွှယ် သက်ပြင်းတစ်ချက် ချလိုက်ပြီး ရေခဲပုံဆောင်ခဲကို ပြန်လည် သိမ်းဆည်းလိုက်လေသည်။

ဖူချန်လည်း နင်ချီကို ပါးရည်နပ်ရည်ရှိစွာ သတိထားမိလိုက်၏။ အကြောင်းရင်း မသိရသော်လည်း... နင်ချီ ဝင်ရောက်လာသော အရှိန်အဟုန်ကို မြင်လိုက်ရသည့်အခါ သူ၏ ကျောချမ်းသွားပြီး မွေးညင်းများ ထောင်ထသွားသကဲ့သို့ ခံစားလိုက်ရသည်။ တောင်ပိုင်း အစစ်အမှန် နယ်မြေတွင် နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ဖူးသော်လည်း ဤကဲ့သို့ ခံစားချက်မျိုး တစ်ခါမှ မကြုံဖူးခဲ့ချေ။

ထိုအချိန်မှာပင် ရှေးကျသော အသံအိုကြီး တစ်သံသည် သူ၏ စိတ်ထဲတွင် အချိန်ကိုက် ထွက်ပေါ်လာတော့သည်။

"မကောင်းတော့ဘူး...။ အခုရောက်လာတဲ့ ကောင်လေးက 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' နဲ့ နီးစပ်တဲ့ စွမ်းအား ရှိပုံရတယ်။ ချိန်အာ ... အမြန် ထွက်ပြေးတော့"

ထိုစကားကို ကြားသောအခါ ဖူချန် တုံ့ဆိုင်းမနေရဲတော့ဘဲ ပြတ်သားစွာ ဆုံးဖြတ်လိုက်၏။ သူ၏ သွေးစွမ်းအင်များ ပေါက်ကွဲလာပြီး၊ ချက်ချင်းပင် "သွေးရောင် သက်တံ့" တစ်ခုအဖြစ် ပြောင်းလဲကာ၊ (၃) ယောက်သား၏ ဝိုင်းရံ ပိတ်ဆို့မှုကို ဖောက်ထွက်ပြီး ထွက်ပြေးသွားတော့သည်။ ကျန်းချင်းရွှယ်နှင့် အခြားသူများမှာ အံ့သြမှင်သက် ကျန်ရစ်ခဲ့ကြလေသည်။

ဖူချန် ထွက်ပြေးသွားသည်ကို မြင်လိုက်ရသောအခါ နင်ချီ၏ မျက်နှာပေါ်တွင်လည်း အံ့သြမှု အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။ သူ၏ မူလဝိညာဉ် စွမ်းအား လွှမ်းခြုံနိုင်မှုသည် ရှိနေသော သူများအားလုံးထက် များစွာ သာလွန်ပေသည်။ စောစောက ဖူချန် ထွက်ပြေးသွားစဉ် သူ့ထံမှ ပုံမှန် မဟုတ်သော စွမ်းအင် လှိုင်းတစ်ခု ထွက်ပေါ်လာသည်ကို နင်ချီ ရှင်းလင်းစွာ အာရုံခံမိလိုက်၏။ ခဏတာ စဉ်းစားပြီးနောက်... နျူမန် ပြောပြခဲ့သော ဖူချန် ရရှိထားသည့် "လျှို့ဝှက်ဆန်းကြယ်သော အမွေအနှစ်"နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း နင်ချီ ကောက်ချက်ချလိုက်၏။

နင်ချီသည် ရှဲ့ချောင်လုကို သယ်ဆောင်လျက် အခြားသူများ၏ ရှေ့တွင် ချက်ချင်း ပေါ်လာလေသည်။

"စီနီယာအစ်ကိုနင်...ရောက်လာပြီပဲ"

ကျန်းချင်းရွှယ်၏ လှပသော မျက်ဝန်းများတွင် ဝမ်းသာရိပ်များ တောက်ပနေသည်။

"စီနီယာအစ်ကိုနင်က တကယ်ပဲ အစွမ်းထက်တာပဲဗျာ... ရောက်လာတာနဲ့ ဖူချန်တောင် ကြောက်ပြီး ထွက်ပြေးသွားရတယ်"

ဝမ်ယဲ့က သက်ပြင်းချလိုက်ပြီး ပြောသည်။

ချင်မင်ဟောက်က ခေါင်းခါလိုက်ပြီး နှမြောတသ ဖြစ်နေပုံဖြင့် ပြောလိုက်၏။

"နှမြောစရာပဲဗျာ... ဖူချန်ရဲ့ စွမ်းအားက တော်တော်လေး ကောင်းတယ်။ စီနီယာအစ်ကိုနင် သူ့ကို ဖမ်းချုပ်လိုက်တာ မမြင်လိုက်ရတာ နစ်နာတာပဲ"

ထိုအခါ၊ နင်ချီ ခပ်ဟဟ ရယ်မောလိုက်ပြီး မေးလိုက်၏။

"ဂျူနီယာညီလေး ချင်းရှောင် ဘယ်မှာလဲ"

ကျန်းချင်းရွှယ်က ပြန်ဖြေလေသည်။

"ဂျူနီယာညီလေး ချင်းရှောင်က ဖူချန်ရဲ့ လက်ချက်နဲ့ ဒဏ်ရာရထားလို့... ကျွန်မတို့ သူ့ကို အုတ်ဂူရဲ့ အရှေ့မှာ ခဏ နားခိုင်းထားပါတယ်”

အခန်း (၅၄၂) - အဘိုးအို (အပိုင်း ၂)

~နင်ချီသည် ခေါင်းကို အသာညိတ်လိုက်၏။

"ဒါနဲ့ စီနီယာအစ်ကိုနင်... ဖူချန် နောက်ကို လိုက်သင့်သလား"

နင်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

"သူက သိပ်ပြီး အလိုက်သိတတ်တဲ့ လူပဲ... လိုက်စရာ မလိုတော့ပါဘူး။ အခု အရေးကြီးဆုံးက ဧရာမ အုတ်ဂူကြီးကို ဖွင့်ဖို့ပါပဲ"

နင်ချီ၏ အကြည့်သည် အဝေး တစ်နေရာရှိ ထောင့်သုံးထောင့်ဆီသို့ ရုတ်တရက် ရောက်ရှိသွားလေသည်။ ဤနေရာတွင် ရှိနေသူများအပြင်၊ ယခု ဖြစ်ပျက်ခဲ့သော ဆူညံသံများက အခြားသော ဂိုဏ်းမှ တပည့်များကိုပါ ဆွဲဆောင်လိုက်သကဲ့သို့ ရှိနေသည်။

သို့သော် စောစောက ဖူချန်ကို မြင်လိုက်ရသဖြင့် သူတို့သည် ရှေ့သို့ မတိုးရဲဘဲ အဝေးမှနေ၍ အခွင့်ကောင်း စောင့်နေခဲ့ကြခြင်း ဖြစ်သည်။

ယခု နင်ချီ၏ အကြည့် သူတို့အပေါ် ကျရောက်လာသည်ကို မြင်လိုက်ရသောအခါ၊ ထိုသူများသည် ကျားရိုင်း၊ ဝံပုလွေရိုင်းများ၏ ချောင်းမြောင်းခြင်း ခံနေရသော သားကောင်များကဲ့သို့ ကျောချမ်းသွားကြရှာသည်။

ထို့အပြင်... ဖူချန်ကဲ့သို့ နာမည်ကျော် ပါရမီရှင် တစ်ဦးပင်လျှင် နင်ချီ ရောက်လာသည်နှင့် ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့သည် မဟုတ်ပါလော။ မည်သူကများ နေရဲပါတော့မည်နည်း။ သူတို့သည် မှော်ရတနာများကို အသုံးပြု၍ အရပ်မျက်နှာ အသီးသီးသို့ ချက်ချင်း ထွက်ပြေးသွားကြတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ချင်မင်ဟောက်နှင့် အခြားသူများသည် နင်ချီကို ပို၍ပင် အထင်ကြီးသွားမိကြ၏။

လူတစ်ယောက်၏ ဂုဏ်သတင်းသည် သစ်ပင်ကြီး တစ်ပင်၏ အရိပ်အာဝါသနှင့် တူပေသည်။

"အင်မော်တယ် မျိုးစိတ်" နင်ချီ၏ နာမည်သည် မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများတွင် ကျော်ကြားသော်လည်း၊ လူအများစုသည် သူ့အကြောင်းကို သေချာ မသိကြချေ။ အချို့ဆိုလျှင် (နင်ချီ ဖျက်ဆီးပစ်လိုက်သော အမွှေးအတောင် အသွင်ပြောင်း ဂိုဏ်းကဲ့သို့) သူ့ကို လုံးဝ အထင်မကြီးခဲ့ကြပေ။

ဒါပေမဲ့ အခုတော့... အဆင့်မြင့် ဂိုဏ်းကြီးများမှ ထိပ်တန်း အစစ်အမှန် အမွေခံများနှင့် တန်းတူ နာမည်ကျော်ကြားသော ဖူချန်သည်ပင် နင်ချီကို မြင်သည်နှင့် ထွက်ပြေးသွားခဲ့၏။

ဤအဖြစ်အပျက်က နင်ချီကို သေချာ မသိသေးသော ပွဲကြည့်ပရိသတ်များကို ကြီးမားသော တုန်လှုပ်မှု ပေးစွမ်းလိုက်ခြင်း ဖြစ်ပေသည်။

နင်ချီသည် လူအုပ်ကို ဦးဆောင်လျက် ဧရာမ အုတ်ဂူကြီး၏ ရှေ့သို့ လျှောက်သွားလိုက်၏။

ပဉ္စမမြောက် အစစ်အမှန် အမွေခံ ဝူချင်းရှောင်သည် ရင်ဘတ်ကို လက်ဖြင့် ဖိလျက် ထရပ်ကာ နှုတ်ဆက်လေသည်။

"စီနီယာအစ်ကိုနင်"

"ချင်းရှောင်"

နင်ချီ သူ့ကို အလေးအနက် စစ်ဆေး ကြည့်ရှုလိုက်ရာ၊ ရင်ဘတ်ရိုးများ လုံးဝ ကျိုးကြေနေပြီး ပြန်လည် ကောင်းမွန်လာမည့် အရိပ်အယောင် မရှိသည်ကို တွေ့လိုက်ရသည်။

"မူလဝိညာဉ် နယ်ပယ်" ကျင့်ကြံသူ တစ်ဦး အနေဖြင့် ဝိညာဉ် စွမ်းအင်များကို စုပ်ယူနိုင်ပြီး မူလဝိညာဉ် စွမ်းအားကို အသုံးပြုနိုင်သရွေ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ မရှိသင့်ပေ။

အကယ်၍ မပျောက်ကင်းနိုင်သော ဒဏ်ရာများ ရှိနေလျှင်၊ ၎င်းသည် ကိုယ့်ထက် အဆင့်မြင့်သော သူတစ်ယောက်၏ လက်ချက် ဖြစ်ရပေမည်။

ဝူချင်းရှောင်၏ ရင်ဘတ်ပေါ်တွင် "သွေးမီးတောက် လက်ဝါးရာ" တစ်ခု စွဲထင်ကျန်ရစ်နေပြီး ပျောက်ကွယ်သွားခြင်း မရှိပေ။ ဖူချန် မည်မျှ အစွမ်းထက်ကြောင်း သက်သေပြနေသကဲ့သို့ပင်။

နင်ချီသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ဝူချင်းရှောင်၏ ရင်ဘတ်ပေါ်သို့ ဝှေ့ယမ်းလိုက်ရာ၊ ကျန်ရစ်နေသော သွေးမီးတောက် မှော်စွမ်းအင်များကို နင်ချီ၏ လက်ဝါးကြီးက ချက်ချင်း စုပ်ယူလိုက်လေသည်။

နင်ချီသည် ထိုစွမ်းအားကို သေချာစွာ အာရုံခံလိုက်၏။ ဖူချန်သည် အမှန်တကယ်ပင် "မူလဝိညာဉ် နယ်ပယ်" အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူ့ထံမှ ရရှိသော မှော်စွမ်းအင်အရ ဖူချန်သည် "စည်းမျဉ်း စွမ်းအား" ကို ထုတ်ဖော်နိုင်ရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း နင်ချီ သိရှိလိုက်၏။

အတွေးများကို ပြန်လည် စုစည်းလိုက်ပြီးနောက်... နင်ချီသည် သူ သိမ်းဆည်းထားသော "ကုသရေး မြင့်မြတ်ဆေး" ပုလင်းတစ်လုံးကို ဝူချင်းရှောင်အား ပေးလိုက်လေသည်။

"ဒါကို အရင်သောက်လိုက်...။ မြန်မြန် သက်သာအောင် လုပ်ပြီးမှ ဆက်တိုက်ကြတာပေါ့"

ဝူချင်းရှောင်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

နင်ချီ ရောက်လာသည်နှင့် သူ့နာကျင်မှုများ ပျောက်ကွယ်သွားခဲ့၏။ ဒီလို စီနီယာ အစ်ကိုကြီး တစ်ယောက် ရှိတာ ဘယ်လောက် ကံကောင်းလိုက်သလဲ။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုနင်"

ထို့နောက် နင်ချီသည် တောင်ကြီး တစ်လုံးပမာ ကြီးမားသော ဧရာမ အုတ်ဂူကြီးကို မော့ကြည့်လိုက်၏။

ယခင်က တွေ့ခဲ့ဖူးသော ကြေးနီရောင် အုတ်ဂူများနှင့် ယှဉ်လျှင် "ပေါင်းစည်းခြင်း နယ်ပယ်" မဟာစွမ်းအားရှင် တစ်ပါး၏ အုတ်ဂူတွင် "တာအို သဘောတရား"အချို့ ပိုမို ပါဝင်နေပြီး၊ ပတ်ဝန်းကျင် မြေအနေအထားနှင့် တစ်သားတည်း ပေါင်းစပ်နေသကဲ့သို့ ရှိလေသည်။

အုတ်ဂူ၏ ဝင်ပေါက်သည် ဂူပေါက်တစ်ခု ဖြစ်ပြီး ငွေရောင် အလင်းတန်းများ ထွက်ပေါ်နေသဖြင့် အတွင်းကို မမြင်နိုင်အောင် ဖြစ်နေသည်။

"အုတ်ဂူစောင့် သားရဲကို ရှင်းပြီးပြီလား"

"စီနီယာအစ်ကိုနင်... အုတ်ဂူစောင့် သားရဲက ရှေ့က ရေကန်ကြီးထဲမှာ ခိုအောင်းနေတဲ့ 'ချိုနှစ်ချောင်းပါ ရေမြွေနဂါး' ပါ။ စောစောက ဖူချန် လက်ချက်နဲ့ အပိုင်းပိုင်း ပြတ်ပြီး သေသွားပါပြီ"

ဟု ချင်မင်ဟောက်က ပြန်ဖြေလာသည်။

နင်ချီ ခေါင်းညိတ်လိုက်၏။ "ကောင်းတာပေါ့... ငါတို့ အလုပ်ရှုပ် သက်သာသွားတာပေါ့။ ကဲ... ဧရာမ အုတ်ဂူကြီးထဲမှာ ဘာတွေ ဝှက်ထားလဲ ဆိုတာ သွားကြည့်ကြစို့"

ဂူပေါက်ဝတွင် ထူထဲသော အကာအကွယ် တစ်ခု ပိတ်ဆို့ထားလေသည်။

နင်ချီ၏ ခန္ဓာကိုယ်မှ "အရောင်ငါးမျိုး လက်ဝါးကြီး" တစ်ဖက် ဖြစ်တည်လာပြီး၊ ထိုအကာအကွယ်ကို စက္ကူစုတ် တစ်ခုလို ဆွဲဖြဲပစ်လိုက်ရာ ဘေးပတ်ဝန်းကျင်မှ လူများ အံ့သြမှင်သက် သွားကြရလေသည်။

သူတို့သည် ယခင်က အစွမ်းကုန် ကြိုးစားပြီး ဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း ခြစ်ရာ တစ်ချက်ပင် မထင်ခဲ့သည် မဟုတ်ပါလော။

"သွားကြစို့..."

...

ဖူချန်သည် သွေးစက်များ တောက်တောက်ကျလျက် ထွက်ပြေးလာခဲ့၏။ သွေးစက်များထဲတွင် မီးခိုးငွေ့များ သသဲ့ ပါဝင်နေသည်။

အမွှေးတိုင် တစ်တိုင် ထွန်းညှိချိန် ကြာမြင့်အောင် ထွက်ပြေးပြီးနောက်၊ နောက်က လိုက်လာသူ မရှိသည်ကို သေချာမှ သက်ပြင်းချနိုင်တော့သည်။ သူသည် အောက်ဘက်ရှိ တောကန္တာရထဲသို့ ဆင်းသက်လိုက်လေသည်။

ဖူချန်သည် မြက်ခင်းပေါ်တွင် ထိုင်ချလိုက်ပြီး ခါးကြားမှ ရွှေဝါရောင် ဘူးသီးခြောက် တစ်လုံးကို ယူကာ အရက်ကို တဂွပ်ဂွပ် မော့သောက်လိုက်လေသည်။

ထို့နောက်မှ သူ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

"ဆရာ... နင်ချီက တကယ်ပဲ အဲဒီလောက် ကြောက်စရာ ကောင်းလို့လား။ ဆရာ အာရုံခံတာ မှားနေတာများလား"

သူ့လက်ထဲမှ ဘူးသီးခြောက်ထဲမှ ဝိညာဉ် စွမ်းအင် သက်သက်ဖြင့် ဖွဲ့စည်းထားသော အရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ပုံရိပ်မှာ အလွန် ရှင်းလင်း ပြတ်သားလှသည်။

ထိုအရိပ်သည် ခါးကုန်းကုန်း အဖိုးအို တစ်ဦး ဖြစ်ပြီး၊ ထိပ်ပြောင်ကာ ဘေးပတ်လည်တွင်သာ ဆံပင်ရှိသော မြေထဲပင်လယ် ဆံပင်ကေ နှင့် နှုတ်ခမ်းမွှေး ကားကားကြီးများ ပါရှိသဖြင့် ရယ်စရာ ကောင်းနေလေသည်။

အဖိုးအိုသည် ဖူချန်၏ ဘေးတွင် ခြေချိတ်ထိုင်လိုက်ပြီး၊ ဘူးသီးခြောက်ကို လက်ညှိုးထိုးလိုက်ရာ ဝိညာဉ် စွမ်းအင် လှိုင်းတစ်ခု ထွက်ပေါ်လာပြီး သူက တစ်မုဟုတ်ချင်း ဝါးမြိုလိုက်လေသည်။

"ချန်... ဆရာ မင်းနောက်ကို လိုက်လာတာ နှစ်ပေါင်း မနည်းတော့ဘူး။ အန္တရာယ်တွေ အများကြီး ကြုံခဲ့ရဖူးတယ်။ ငါ တစ်ခါလေးများ မှားဖူးတာ ရှိလို့လား"

ဖူချန်က အရိပ်ကို ကြည့်ပြီး လိမ္မာစွာ ခေါင်းခါလိုက်၏။ "မရှိပါဘူး"

သူ့မိဘများ သေဆုံးပြီးနောက် ဖူချန် မြေကြီးထဲမှ ဘူးသီးခြောက်ကို တူးဖော်မိသည့် နေ့တွင် ဤဆရာသည် ရုတ်တရက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဤဘူးသီးခြောက်ကြောင့် ဖူချန်သည် အိပ်မက်ထဲတွင် ထူးဆန်းသော အရာများကို မက်လေ့ရှိပြီး၊ ဝေဝါးသော ပုံရိပ်တစ်ခုက ကျင့်ကြံခြင်း နည်းစနစ်များကို သင်ကြားပေးခဲ့၏။

ထို့ကြောင့် ဖူချန်သည် မြန်ဆန်စွာ တိုးတက်လာပြီး အင်မော်တယ် လမ်းစဉ်ကို လျှောက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆရာ့ ဇာစ်မြစ်ကို မေးမြန်းခဲ့ရာ၊ ဆရာက ဝန်ခံခဲ့၏။ သူသည် "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" မပျက်စီးမီက "အင်မော်တယ် ဂိုဏ်းကြီး" တစ်ခု၏ "ပေါင်းစည်းခြင်း နယ်ပယ်" အဆင့်ရှိ ဘိုးဘေး "ဝေဝူယာ" ဖြစ်ကြောင်း ပြောပြခဲ့၏။

"ဟုတ်တယ်လေ... ဒါဆို ဘာလို့ ဆရာ့ စကားကို သံသယ ဝင်နေရတာလဲ" ဝေဝူယာ မကျေမနပ် ပြောလိုက်၏။

ဖူချန်က ရယ်မောလိုက်၏။ "နင်ချီက 'အင်မော်တယ် မျိုးစိတ်' လို့ နာမည်ကြီးပေမယ့်... ကျွန်တော့် အထင်တော့ သူက အဆင့်မြင့် ဂိုဏ်းတစ်ခုရဲ့ ပထမ အစစ်အမှန် အမွေခံ အဆင့်လောက်ပဲ ရှိမှာပါ။ ဒါမှမဟုတ် အဲဒီထက် နည်းနည်း ပိုမြင့်ချင် မြင့်မယ်။ ဆရာက ဘာလို့ သူ့ကို ဒီလောက် အလေးထားနေရတာလဲ"

ဝေဝူယာ ခါးသီးစွာ ပြုံးလိုက်၏။

"ကောင်လေး... မင်းက သူ့ရဲ့ ထူးဆန်းတဲ့ အချက်တွေကို မမြင်နိုင်သေးဘူး။ ငါ ပြောမယ်... မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူး။ အခုချိန်မှာ သူနဲ့ သွားပြိုင်နေလို့ ဘာအကျိုးထူးမှာလဲ"

"မင်းရဲ့ ဦးစားပေး ရည်မှန်းချက်က 'သွေးမီးတောက် အင်မော်တယ် ဂိုဏ်း' ရဲ့ အမွေအနှစ် အပြည့်အစုံကို ရယူဖို့ပဲ ဖြစ်သင့်တယ်။ ကျန်တာ နောက်မှ ရှင်းပေါ့"

ဖူချန် မျက်မှောင်ကြုတ်လိုက်၏။ နျူမန်၊ ရင်ကျုံး၊ ချူရှောင်ထျန်း တို့လို ထိပ်တန်း ပါရမီရှင်တွေနှင့် တွေ့တုန်းကတောင် ဆရာက ဒီလို စကားမျိုး မပြောခဲ့ဖူးပါ။ အခုကျမှ ဘာလို့ ဒီလောက် သတိပေးနေရတာလဲ။ သူ အံ့သြမိသလို မကျေနပ်သလိုလည်း ဖြစ်မိသည်။

"ဆရာ... နင်ချီက နှစ်အနည်းငယ် အတွင်းမှာပဲ နာမည်ကြီးလာတာနော်။ ဖြစ်နိုင်တာက... ကျွန်တော့်လိုပဲ သူ့နောက်ကွယ်မှာ ဆရာ့လို ပုဂ္ဂိုလ်မျိုး ရှိနေတာများလား" ဖူချန် ရုတ်တရက် မေးလိုက်၏။

—

အခန်း (၅၄၃) - အဘိုးအို (အပိုင်း ၃)

~ဖူချန့်စကားကြောင့် ဝေဝူယာ မှင်သက်သွားလေသည်။

"လောကကြီးမှာ မဖြစ်နိုင်တာ ဘာမှ မရှိပါဘူး။ မင်းတောင် ဒီလို အခွင့်အရေးမျိုး ရသေးတာပဲ... နင်ချီကလည်း မင်းလိုမျိုး ဖြစ်ချင် ဖြစ်နေမှာပေါ့"

ဖူချန်သည် မေးစေ့ကို ပွတ်သပ်လိုက်၏။ "တကယ်လို့ သူက ကျွန်တော့်လိုပဲ ဆိုရင်... သူ့ဆရာက ဆရာ့ထက် ပိုပြီး အစွမ်းထက်နေမလား"

"မင်း အဆော်ခံချင်နေတာလား"

ဖူချန် ရယ်မောလိုက်ပြီး သူ့ဆရာအဘိုးအိုကို ဆက်မစတော့ပေ။ သူသည် ဆရာ့စကားကို နားထောင်ပြီး ဆရာ့အလိုကျ ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်၏။

...

ဧရာမ အုတ်ဂူကြီး၏ အဝင်ဝတွင်...

နင်ချီနှင့် အခြား (၅) ယောက်သည် အုတ်ဂူထဲ မဝင်မီ အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ ကျန်ရှိနေသော အစစ်အမှန်အမွေခံ (၃) ဦး၏ တည်နေရာကို ဦးစွာ အာရုံခံလိုက်ကြ၏။

ထို (၃) ဦးအနက် (၂) ဦးသည် တစ်နေရာတည်းတွင် စုဝေးမိနေပြီ ဖြစ်ကြောင်း၊ သို့သော် သူတို့ (၃) ဦးစလုံးသည် လက်ရှိ နေရာနှင့် အတော်လေး ဝေးကွာနေသေးသဖြင့် လာရောက် ပူးပေါင်းရန် ရက်အနည်းငယ် ကြာဦးမည် ဖြစ်ကြောင်း သိရှိလိုက်ရသည်။

နင်ချီသည် ရှေ့မှ ဦးဆောင်ပြီး အုတ်ဂူ အတွင်းသို့ ဝင်ရောက်သွားလေသည်။

သူ၏ ခန္ဓာကိုယ်မှ (၃) ကိုက် ပတ်လည်အထိ ဖြာထွက်နေသော "အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်း" သည် နောက်မှ လိုက်ပါလာသော (၅) ယောက်လုံးကို လွှမ်းခြုံ ကာကွယ်ပေးထားလေသည်။

ချင်မင်ဟောက်နှင့် အခြားသူများသည် ထိုနွေးထွေးသော အလင်းရောင်အောက်တွင် ယခင်က မရရှိဖူးသော ငြိမ်းချမ်းမှုမျိုးကို ခံစားလိုက်ရသည်။

အုတ်ဂူအတွင်းရှိ ကွေ့ကောက်နေသော တောင်လမ်းလေး အတိုင်း (၁၅) မိနစ်ခန့် လျှောက်လှမ်းလာပြီးနောက်၊ သူတို့အဖွဲ့သည် လမ်းဆုံးသို့ ရောက်ရှိလာခဲ့လေသည်။

ရှေ့တွင် တောင်ကုန်းကြီး အတွင်း၌ ဖြစ်ပေါ်နေသော လိုဏ်ဂူပေါက်ကြီး တစ်ခု ရှိနေပြီး အတော်အတန် ကျယ်ဝန်းလှသည်။

နင်ချီ၏ နတ်ဘုရား အလင်းတန်းကြောင့် အတွင်းထဲရှိ ဖုန်မှုန့် အမှုန်အမွှားလေးများ အထိ ရှင်းလင်းစွာ မြင်တွေ့နေရသည်။

သူတို့အဖွဲ့သည် ရှေ့မှ မြေသားနံရံကြီးကို မော့ကြည့်လိုက်ကြ၏။ ထိုနံရံတွင် ဂူပေါက် (၉) ပေါက် တိတိ ရှိနေသည်။

အနီးကပ် သွားကြည့်လိုက်သောအခါ ဂူပေါက် တစ်ခုစီမှ တိုက်ခတ်လာသော လေအရှိန် မတူညီသည်ကို တွေ့ရသဖြင့်၊ ထိုပေါက်များသည် နေရာအသီးသီးသို့ ဦးတည်သွားနေကြောင်း ခန့်မှန်းမိလိုက်ကြ၏။

"စီနီယာအစ်ကိုနင်... ဘယ်လို လုပ်ကြမလဲဗျ" ဝမ်ယဲ့က မေးလိုက်၏။

ကျန်းချင်းရွှယ်လည်း.. မျက်မှောင်ကြုတ်လိုက်၏။

"လူခွဲလိုက်ရင် ကောင်းမလား။ ဒါပေမဲ့ ကျွန်မတို့က (၆) ယောက်ပဲ ရှိတာ။ လူခွဲလိုက်ရင်တောင် (၃) ပေါက်က ကျန်နေဦးမှာပဲ"

"ကံမကောင်းရင် အကုန်လုံး ပြန်လှည့်လာပြီး ပြန်ရွေးရဦးမယ်"

သူမ၏ စကားသည် အခြားသူများ၏ အတွေးနှင့် ထပ်တူကျနေသည်။

မည်သူကမျှ ထိုဂူပေါက်များက ဘယ်ကို ရောက်မလဲ၊ အတွင်းထဲမှာ ဘာအန္တရာယ်တွေ ရှိနေမလဲ ဆိုတာ မသိကြချေ။

နင်ချီက လွဲလျှင် ဘယ်သူမှ ယုံကြည်မှု မရှိကြပေ။

ဒါက ကြေးနီရောင် အလင်းတန်း ထွက်နေသော သာမန် မဟာစွမ်းအားရှင် အုတ်ဂူ မဟုတ်ဘူးလေ။ ငွေရောင် အလင်းတန်း ထွက်နေသည့် "ပေါင်းစည်းခြင်း နယ်ပယ် ပုဂ္ဂိုလ်" တစ်ပါးရဲ့ အုတ်ဂူ ဖြစ်နေသည်ကိုး။

အတွင်းထဲမှာ ဝှက်ထားသည့် အန္တရာယ်တွေက "မူလဝိညာဉ် နယ်ပယ်" အဆင့်လောက်သာ ရှိသော သူတို့အတွက် ကြောက်စရာ ကောင်းလွန်းလှသည်။ တစ်ယောက်တည်း သွားရမည် ဆိုလျှင် သေချာပေါက် အန္တရာယ် ရှိနိုင်ပြီး၊ ကံဆိုးလျှင် အသက်ပါ ပေးလိုက်ရနိုင်ပေသည်။

နင်ချီသည် ရှေ့ဆုံးတွင် ရပ်နေပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ရှုပ်ရှုပ်ယှက်ယှက်တွေ တွေးမနေကြနဲ့... ငါ့နောက်ကပဲ လိုက်ခဲ့ကြပါ"

"ဟင်" အားလုံး အံ့သြသွားကြ၏။

"စီနီယာအစ်ကိုနင်... ဒီလို တစ်ပေါက်ပြီး တစ်ပေါက် လိုက်စမ်းနေရင် အချိန်တွေ အရမ်း ကြာသွားလိမ့်မယ်။ တခြားဂိုဏ်းက လူတွေ ရောက်လာပြီး ကျွန်တော်တို့ထက် အရင် ဦးသွားရင် ဘယ်လိုလုပ်မလဲ"

နင်ချီ ပြုံးလိုက်၏။

"စိတ်မပူပါနဲ့... ငါ ဒီမှာ ရှိနေသရွေ့ ဘယ်သူမှ ဖြတ်သွားလို့ မရစေရဘူး"

သူ ပြောလိုက်သော လေသံတွင် မာနထောင်လွှားခြင်း အလျဉ်း မပါဘဲ၊ ရိုးရှင်းသော အမှန်တရား တစ်ခုကို ပြောပြလိုက်သကဲ့သို့သာ ရှိလေသည်။

ချင်မင်ဟောက်ကလွဲလျှင် ကျန် (၄) ယောက် အံ့ဩသွားကြ၏။

နင်ချီသည် ခရမ်းရောင် ဓားတစ်လက်ကို ဆင့်ခေါ်လိုက်ပြီး၊ သူတို့ လာခဲ့သော လမ်းဘက်သို့ ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။

ခရမ်းရောင် ဓားချီ တစ်ခုသည် မိုးကြိုးလျှပ်စီးများ ဝန်းရံလျက် ထွက်ပေါ်လာပြီး၊ သူတို့၏ နောက်ကျောဘက် လမ်းကြောင်းကို ချက်ချင်း ပြိုကျ ပျက်စီးသွားစေလေသည်။

ထို့အပြင် ဓားချီသည် ပျောက်ကွယ်မသွားဘဲ "မိုးကြိုး တာအို" အား ထုတ်လွှတ်လျက် ခရမ်းရောင် လျှပ်စီးများ တဖျစ်ဖျစ် မြည်ကာ တည်ရှိနေလေသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး သူတို့ ထပ်မံ အံ့သြသွားကြရပြန်သည်။

သူတို့သည် နင်ချီ တိုက်ခိုက်သည်ကို မြင်တွေ့ရခဲလှသည်။ လွန်ခဲ့သော (၁၀) နှစ်က အစစ်အမှန်အမွေခံ ရွေးချယ်ပွဲတွင် နောက်ဆုံး မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က စီနီယာအစ်ကိုနင်၏ မန္တန်များသည် ရိုးရှင်းသော်လည်း မည်သူမျှ ခုခံနိုင်ခြင်း မရှိခဲ့ချေ။

ယခု နင်ချီ၏ တည်တံ့နေသော "ဓားစိတ်ဆန္ဒ"ကို မြင်လိုက်ရသောအခါ သူတို့၏ ရင်ထဲတွင် ကြောက်ရွံ့လေးစားစိတ်များ ပြည့်နှက်သွားကြ၏။

သူတို့ ဝန်ခံပါသည်။ ထို ဓားစိတ်ဆန္ဒ ရှိနေသော နေရာသို့ ခြေချရဲမည် မဟုတ်ပေ။ အဝေးမှ တိုက်ခိုက်ပြီး ဖြိုခွင်းမည် ဆိုလျှင်တောင် သူတို့ စွမ်းဆောင်နိုင်မည် မဟုတ်ချေ။

အားလုံး ချက်ချင်း ယုံကြည် လက်ခံသွားကြ၏။

"ကဲ... ရှေ့ဆက်သွားကြစို့"

နင်ချီသည် အလယ်တည့်တည့် အပေါက်ကို ရွေးချယ်ပြီး ဝင်ရောက်သွားလိုက်၏။ အခြားသူများလည်း ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏။

လမ်းကြောင်းသည် အပေါ်ဘက်သို့ ဆင်ခြေလျှော တက်သွားသဖြင့် တောင်နံရံဘက်သို့ ဦးတည်နေကြောင်း သူတို့ ခံစားမိလိုက်ကြ၏။

မကြာမီ... ရှေ့မှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဖန်သားပြင်ကို လက်သည်းဖြင့် ကုတ်ခြစ်နေသကဲ့သို့ စိတ်ဒုက္ခရောက်စရာ ကောင်းသော အသံမျိုး ဖြစ်သည်။

အမျိုးသမီး အစစ်အမှန်အမွေခံ နှစ်ဦး၏ ကျောချမ်းသွားကြ၏။

ကျန်းချင်းရွှယ်နှင့် ရှဲ့ချောင်လုတို့ လက်ချင်း ချိတ်ထားလိုက်ကြ၏။ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း၊ ရှေ့မှ ကြောက်ရွံ့ခြင်း အလျဉ်းမရှိသော ကျောပြင်ကျယ်ကြီးကို မြင်လိုက်ရသဖြင့် ကြောက်စိတ်များ ပြေပျောက်သွားကြ၏။

အသံဆိုးကြီး နီးကပ်လာသည်နှင့်အမျှ နင်ချီ၏ ခြေလှမ်းများ မြန်ဆန်လာသည်။

နောက်ဆုံးတွင် သူတို့သည် နောက်ထပ် လိုဏ်ဂူပေါက် တစ်ခုထဲသို့ ရောက်ရှိသွားကြ၏။

ပတ်ဝန်းကျင်ရှိ မြေသားနံရံများသည် အလွန် ချောမွေ့နေပြီး၊ သေချာ ကြည့်လိုက်သောအခါ လက်သည်းများဖြင့် ကုတ်ခြစ်ထားသကဲ့သို့ အရာများ ထင်ကျန်နေသည်ကို တွေ့လိုက်ရသည်။

ဤနေရာသို့ ရောက်သည်နှင့် အသံဆိုးကြီး ပျောက်ကွယ်သွားပြီး၊ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ် ငြိမ်သက်သွားသည်။

သူတို့၏ ခြေသံများသာ ပဲ့တင်ထပ်နေသည်။

ရုတ်တရက်...

သူတို့၏ ခြေသံများကြားထဲတွင် နောက်ထပ် ခြေသံတစ်ခု ရောနှော ပါဝင်လာသည်ကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

အသံလာရာကို နားစွင့်ကြည့်လိုက်သောအခါ သူတို့၏ နောက်ကျောဘက်မှ လာနေသကဲ့သို့ ခံစားရသည်။

နောက်သို့ လှည့်ကြည့်လိုက်သောအခါ အသံသည် သူတို့၏ နောက်ကျောဘက်သို့ ထပ်မံ ရောက်ရှိသွားပြန်သည်။

ကျန်းချင်းရွှယ်နှင့် ရှဲ့ချောင်လုတို့ ကျောချင်းကပ် ရပ်လိုက်ကြသော်လည်း၊ ပို၍ ကြောက်စရာ ကောင်းသည်မှာ အသံသည် သူတို့ နှစ်ယောက်စလုံး၏ နောက်ကျောဘက် (အလယ်ကြား) မှ ထွက်ပေါ်လာနေသကဲ့သို့ ခံစားနေရခြင်းပင်။

ဝူချင်းရှောင်နှင့် ဝမ်ယဲ့ တို့၏ ဦးခေါင်းခွံများ ကျဉ်တက်သွားကြ၏။

မမြင်ရသော ရန်သူသည် အကြောက်ရဆုံးပင်။

အကယ်၍ နင်ချီ၏ နတ်ဘုရား အလင်းတန်းသာ ကာကွယ်မထားပါက၊ သူတို့ စိတ်ငြိမ်ငြိမ် ထားနိုင်မည် မဟုတ်ပေ။

သူတို့အားလုံး ရှေ့မှ နင်ချီကို လှမ်းကြည့်လိုက်ကြ၏။

စီနီယာအစ်ကိုနင် ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲ။ ရန်သူကို ရှာတွေ့ပါ့မလား။

နင်ချီသည် ရုတ်တရက် ဘေးသို့ ခြေတစ်လှမ်း ရွှေ့လိုက်ပြီး၊ ဓားကို မြေသားနံရံထဲသို့ ထိုးစိုက်လိုက်လေသည်။

"အူး..."

စိမ်းဖန့်ဖန့် သွေးများ နံရံထဲမှ စီးကျလာပြီး၊ အလွန်အမင်း ဆိုးရွားသော အနံ့ဆိုးကြီး ထွက်ပေါ်လာသည်။

နင်ချီ ဓားကို ပြန်ဆွဲထုတ်လိုက်ရာ၊ မြေကြီးများနှင့်အတူ လူမဟုတ် သရဲမဟုတ် ကြောက်မက်ဖွယ် သတ္တဝါ တစ်ကောင်ပါ ပါလာခဲ့လေသည်။

ထိုသတ္တဝါသည် အသက်မရှိတော့ပေ။ လူ့အရေခွံကဲ့သို့ ဖြူဖပ်ဖြူရော် အရေခွံဖြင့် ဖုံးအုပ်ထားသော ခြေလက် (၈) ချောင်း ပါရှိပြီး၊ ပင့်ကူခြေထောက်များကဲ့သို့ ကွေးကောက်ကာ ဖြာထွက်နေသည်။

ခန္ဓာကိုယ်မှာ ငတ်မွတ်နေသော ပြိတ္တာတစ်ကောင်ကဲ့သို့ ပိန်လှီနေပြီး ရှေ့နောက် ပြောင်းပြန် ဖြစ်နေကာ လည်ပင်းမှာ အကြိမ်ကြိမ် လိမ်ခေါက်ထားသကဲ့သို့ ရှိနေသည်။ အဝါရောင် အမွှေးအမျှင်များ ထောင်ထနေပြီး၊ နဖူးမှ ချိုနှစ်ချောင်း ထွက်နေကာ မျက်နှာမှာ အပြာရောင် သမ်းလျက် အစွယ်များ ပြူးထွက်နေလေသည်။

"ဒါ... ဒါ ဒဏ္ဍာရီထဲက 'သရဲမိစ္ဆာ' ဆိုတာလား”

All Chapters