အခန်း (၅၄၇-၅၄၉)
Vol. 37 Ch. 547-549
အခန်း (၅၄၇) - အူတိုင် အုတ်ဂူ (အပိုင်း ၂)
~တစ်သီးပုဂ္ဂလ ကျင့်ကြံသူများတွင် သတင်းရင်းမြစ် ပေါင်းစုံ ရှိကြ၏။ ဂိုဏ်းကြီးများမှ အစစ်အမှန်အမွေခံများ စုပေါင်းပြီး အုတ်ဂူများကို တိုက်ခိုက်သည့်အခါ ကောင်းကင်နှင့် မြေကြီး တုန်ခါသွားလေ့ ရှိသဖြင့် သတင်းများသည် မလွဲမသွေ ပေါက်ကြားလာစမြဲပင်။
ထိပ်တန်း အဆင့်မြင့် ဂိုဏ်းကြီးများထဲတွင် ကံအကောင်းဆုံး ဂိုဏ်းသည်ပင်လျှင် သူ့လောက်သာ ရရှိထားကြောင်း ဖူချန် သိလိုက်ရသည်။
သတိပြုရမှာက... သူတို့က ဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့ အင်အားနှင့် လုပ်ဆောင်နေကြ၏။ ဖူချန်ကတော့ တစ်ယောက်တည်း ဖြစ်သည်လေ။
ဖူချန်သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အခြေအနေကိုလည်း စုံစမ်းကြည့်သော်လည်း၊ ထိပ်တန်း အဆင့်မြင့် ဂိုဏ်း စာရင်းမဝင်သဖြင့် သူတို့၏ လှုပ်ရှားမှုကို အာရုံစိုက်သူ နည်းပါးလှသည်။
တစ်သီးပုဂ္ဂလ ကျင့်ကြံသူများ၏ ထင်ကြေးအရ... "အင်မော်တယ် မျိုးစိတ်" နင်ချီသည် ချူရှောင်ထျန်းနှင့် တိုက်ခိုက်ရမည်ကို ကြောက်ရွံ့သဖြင့် သူ့ဂိုဏ်းသားများနှင့်အတူ ပုန်းအောင်းနေပြီး၊ အပြင်ထွက်ခဲသည်ဟု ဆိုကြ၏။
တွေ့ဖူးသူ နည်းပါးသဖြင့် တိကျသော သတင်းများ ပြန်မလာခဲ့ခြင်း ဖြစ်သည်။
ဟုတ်သည်၊ နင်ချီတို့အဖွဲ့က တွေ့သမျှ လူတိုင်းကို ရှင်းပစ်လိုက်၍လည်း ဖြစ်နိုင်သည်ပဲ။
အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ရလဒ်များကို မကြားရသော်လည်း၊ နင်ချီက ချူရှောင်ထျန်းကို ကြောက်နေသည် ဟူသော ကောလာဟလကိုတော့ ကြားလိုက်ရသည်။ နင်ချီကို အသာစီးရသော ချူရှောင်ထျန်းသည် နင်ချီ မောင်းထုတ်ခဲ့သော ဖူချန်ထက်လည်း သာလွန်သည်ဟု လူအများက ယူဆလာကြ၏။
လူအများက ချူရှောင်ထျန်းကို "ပါရမီရှင် (၅) ဦး"ထဲတွင် ထိပ်ဆုံးအဖြစ် သတ်မှတ်လိုက်ကြ၏။
ဖူချန် အေးစက်စွာ နှာမှုတ်လိုက်၏။
"ဟွန့်၊ အဲဒီ ချူရှောင်ထျန်း ဆိုတဲ့ကောင်က တကယ့်ကို မာနကြီးလွန်းတယ်။ 'ကောင်းကင်ထက် မြင့်တဲ့ ကောင်းကင် ရှိသေးတယ်' ဆိုတာကို သူ နားမလည်ဘူး"
ဖူချန်က နင်ချီ၏ စွမ်းအား အစစ်အမှန်ကို အသိဆုံး ဖြစ်သည်။
အခြား ပါရမီရှင်တွေ ဆိုတာ နင်ချီ့ရှေ့မှာ ဘာမှ မဟုတ်ချေ။
ပြောရမည် ဆိုလျှင်... ဒီ လျှို့ဝှက်နယ်မြေ တစ်ခုလုံးမှာ အသန်မာဆုံး လူသားက သေချာပေါက် နင်ချီ ပဲ ဖြစ်ရမည်။
ဖူချန် နားမလည်နိုင်အောင် ဖြစ်နေရသည်။
"ချူရှောင်ထျန်းက တုံးနေတာလား။ နင်ချီက အုတ်ဂူတွေကို အလုအယက် ဖောက်ထွင်းပြီး ရတနာတွေ ယူနေလောက်ပြီ။ သူကတော့ နင်ချီကို တစ်ရက်လုံး ထိုင်စောင့်နေတယ် တဲ့။ ပြီးတော့ သူ့ ဂျူနီယာကို (၃) ရက် ထပ်စောင့်ခိုင်းထားသေးတယ် ဟုတ်လား"
ဖူချန် ပြောစရာ စကားမဲ့သွားသည်။ လျှို့ဝှက်နယ်မြေထဲ ဝင်ခွင့်ရဖို့ ဆိုတာ ခက်ခဲလှသည်။ ရတနာတောင်ကြီးထဲ ရောက်နေပြီးတော့ စည်းစိမ်ဥစ္စာ ရှာဖွေဖို့ အခွင့်အရေးကို လက်လွှတ်ပြီး အနှစ်သာရ မရှိသော ဂုဏ်သတင်းနောက် လိုက်နေတာကို သူ အထင်သေးမိသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းက ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်း၏ နေရာကို ခြိမ်းခြောက်လာနေပြီ ဖြစ်ကြောင်းကိုမူ ဖူချန်တစ်ယောက် မသိရှာလေပေ။
ပေ့ရွှမ်ဂိုဏ်းက ချူရှောင်ထျန်းကို အခွင့်ကောင်းယူကာ နင်ချီတို့ကို ရှင်းလင်းသုတ်သင်ရန် တာဝန်ပေးအပ်ထားခြင်း ဖြစ်လေသည်။
"ခဏလောက် ဆက်ပြီး မာနကြီးခွင့် ပေးလိုက်ပါဦးမယ်"
ဖူချန်သည် လက်ထဲမှ သံလိုက်အိမ်မြှောင်ကို ကြည့်လိုက်၏။ ဝိညာဉ် စွမ်းအင်များနှင့် မူလဝိညာဉ် စွမ်းအားများကို ထည့်သွင်းလိုက်ပြီး၊ ဟင်းလင်းပြင်ထဲမှ သိမ်မွေ့သော ခံစားမှုလေးကို ဖမ်းယူလိုက်၏။
သူသည် ကြေးနီရောင်၊ ငွေရောင် အုတ်ဂူများလောက်နှင့် ကျေနပ်မနေတော့ပေ။ ဝိညာဉ် ရတနာတွေ ဘယ်လောက်ပဲ ရရ... ဂိုဏ်းမရှိသော သူ့အတွက် တစ်ယောက်တည်း အကုန် သုံး၍ မရပါ။
ဖူချန်သည် ညွှန်ပြရာ အရပ်မျက်နှာကို ကြည့်လိုက်၏။ သူ၏ တစ်ကိုယ်လုံးသည် "သွေးရောင် အလင်းတန်း" တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ အနီးနားရှိ ဧရိယာ တစ်ခုဆီသို့ မြန်ဆန်စွာ ဦးတည် သွားလိုက်တော့သည်။
သံလိုက်အိမ်မြှောင် ရှိနေသဖြင့် သူ၏ လမ်းကြောင်းသည် တိကျ သေချာလှသည်။
ယခု သူ၏ ပစ်မှတ်မှာ "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" အတွင်းရှိ အကြီးမားဆုံး ရတနာ ပင် ဖြစ်ပေသည်။
တစ်ရက် အတွင်းမှာပင်... ဖူချန်သည် မြူခိုးများ ဖုံးလွှမ်းနေသော "လျှိုမြောင်နက်ကြီး" တစ်ခုထဲသို့ ဆင်းသက်လိုက်လေသည်။
သူသည် "ကျိုးပဲ့နေသော ကျောက်စာတိုင်" တစ်ခုကို ထုတ်ယူလိုက်ပြီး၊ ဘာမှ မမြင်ရသော အနက်ရှိုင်းဆုံး နေရာကို စိုက်ကြည့်လိုက်၏။
ဖူချန်၏ မျက်လုံးများထဲမှ ရွှေရောင် အလင်းတန်းများ တောက်ပလာပြီး တစ်စုံတစ်ခုကို လှုံ့ဆော်လိုက်သကဲ့သို့ ရှိလေသည်။
လျှိုမြောင် အတွင်းရှိ မြူခိုးများ တဖြည်းဖြည်း ကင်းစင်သွားပြီး၊ ဝင်ပေါက် တစ်ခု ပေါ်လာသည်။
ထိုစဉ်၊ ဖူချန်၏ ဘေးနားတွင် ဝေဝူယာ ပေါ်လာပြီး၊ ရှေ့မှ ဝင်ပေါက်ကို ကြည့်ကာ မေးလိုက်၏။
"ချိန်... မင်း ဆုံးဖြတ်ပြီးပြီလား။ ဒီရှေ့က 'ကောင်းကင်ဘုံ အုတ်ဂူ' ဟာ လျှို့ဝှက်နယ်မြေ တစ်ခုလုံးရဲ့ အူတိုင် ပဲ။ ဒါကို ဖွင့်လိုက်တာနဲ့ လျှို့ဝှက်နယ်မြေရဲ့ တားမြစ်ချက်တွေ တဖြည်းဖြည်း ပျယ်သွားပြီး၊ နင်းယွီ မြို့တော်က မဟာစွမ်းအားရှင်တွေ ဝင်လာလို့ ရသွားလိမ့်မယ်နော်"
ဖူချန်က ပြတ်သားစွာ ပြန်ဖြေလိုက်၏။
"ဆရာ... ဒီ ကောင်းကင်ဘုံ အုတ်ဂူက လွဲရင် ကျန်တဲ့ အုတ်ဂူတွေကို ကျွန်တော် စိတ်မဝင်စားတော့ဘူး။ ပြီးတော့... တားမြစ်ချက်တွေ ပျယ်သွားတယ် ဆိုတာကလည်း တဖြည်းဖြည်းချင်း ဖြစ်မှာပါ"
"ဟို မဟာစွမ်းအားရှင်တွေ ဝင်လာနိုင်ရင်တောင်မှ၊ ဒီ အူတိုင် အုတ်ဂူရဲ့ ပေ (၁၀၀၀၀) ပတ်လည်မှာ ရှိတဲ့ ကြောက်မက်ဖွယ် တားမြစ်စွမ်းအားတွေက သူတို့ကို တားဆီးထားနိုင်ဦးမှာပါ"
ဝေဝူယာ ခေါင်းအနည်းငယ် ညိတ်လိုက်၏။
"ကောင်းပြီလေ... ဒါဆို ဆက်လုပ်။ ဖွင့်တဲ့သူ အနေနဲ့ မင်းလည်း အကျိုးအမြတ် အချို့ ရနိုင်ပါသေးတယ်။ အချိန်တန်ရင် အူတိုင် လျှို့ဝှက် ရတနာ ကို ရယူပြီး၊ အတွင်းထဲက 'နေရာရွှေ့ပြောင်း အခင်းအကျင်း' နဲ့ ထွက်ခွာသွားရုံပဲ... စိတ်ချပါ"
"ဟုတ်ကဲ့ပါ"
ဖူချန် တုံ့ဆိုင်းမနေတော့ဘဲ၊ လက်ထဲမှ ကျောက်စာတိုင်ကို ရှေ့မှ ဝင်ပေါက်ဆီသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်လေသည်။
ကျောက်စာတိုင်သည် လည်ပတ်သွားပြီး ဝင်ပေါက်နား ရောက်သည်နှင့် မမြင်ရသော စွမ်းအားတစ်ခုက နေရာတွင် ထိန်းချုပ်လိုက်၏။
ထို့နောက် ကျောက်စာတိုင် စတင် အရည်ပျော်ကျလာပြီး၊ ကြီးမားသော "လျှို့ဝှက် စာလုံးများ" ထွက်ပေါ်လာကာ ဝင်ပေါက်ထဲသို့ တိုးဝင်သွားကြ၏။
"ဝုန်း..."
လျှိုမြောင်နက်ကြီး၏ အောက်ခြေသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားပြီး၊ အကန့်အသတ်မဲ့ စွမ်းအားတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။
ကြောက်မက်ဖွယ် ကောင်းသော ဝိညာဉ် စွမ်းအင်များသည် ဤနေရာသို့ စုဝေး ရောက်ရှိလာကြပြီး၊ လျှိုမြောင်ကြီး တစ်ခုလုံးကို မြန်ဆန်စွာ မြင့်တက်လာစေသည်။
အကယ်၍ တစ်စုံတစ်ယောက်က အဝေးကနေ လှမ်းကြည့်လိုက်မယ် ဆိုရင်... မြေပြင် အနေအထား တစ်ခုလုံး ကြွတက်လာပြီး ကောင်းကင်ကို ထိုးဖောက်သွားသလို မြင်ရပေလိမ့်မည်။
"ဂျိန်း..."
လျှို့ဝှက်နယ်မြေ တစ်ခုလုံး တုန်ခါသွားပြီး၊ အတွင်းရှိ လူတိုင်းသည် ထို လှုပ်ရှားမှု ဖြစ်ပေါ်ရာ အရပ်ကို မကြည့်ဘဲ မနေနိုင်ကြတော့ပေ။
ထိုနေရာတွင်... မြေကြီးထဲမှ နတ်ဘုရား တောင်တန်းကြီး တစ်လုံး ထိုးထွက်လာသည်ကို တွေ့လိုက်ရသည်။ တောင်တန်း၏ အလယ်ဗဟိုတွင် မည်းနက်နေသော အက်ကွဲကြောင်းကြီး တစ်ခု ပါရှိပြီး၊ "နဂါးမည်းကြီး" တစ်ကောင်နှင့် တူနေလေသည်။
ရုတ်တရက်... နဂါးမည်းကြီးသည် နတ်ဘုရား တောင်တန်းမှ ခွာထွက်သွားပြီး၊ ပတ်ဝန်းကျင် မိုင် (၁၀၀၀၀) အတွင်းရှိ ဝိညာဉ် စွမ်းအင်များကို စုပ်ယူကာ ကောင်းကင်ယံတွင် ခွေရစ်လိုက်လေသည်။
နောက်တစ်ခဏတွင်... သူသည် ကောင်းကင် အမိုးခုံးဆီသို့ ဦးတည်ပြီး မိုးခြိမ်းသံပမာ နဂါးဟိန်းသံကြီး ပြုလုပ်လိုက်၏။ ကိုယ်ကို လှုပ်ရှားပြီး အောက်ဘက်ရှိ နတ်ဘုရား တောင်တန်းကြီးဆီသို့ တည့်တည့်မတ်မတ် ဝင်ဆောင့်လိုက်တော့၏။
ကြီးမားသော တိတ်ဆိတ်မှုကြီး ဖြစ်ပေါ်သွားသည်။ မည်သူမျှ အသံမကြားရသော်လည်း၊ လူတိုင်း၏ စိတ်ဝိညာဉ်များကို ကျောက်တုံးကြီးများ လှိမ့်ချလိုက်သကဲ့သို့ တုန်ခါသွားစေသည်။
ပြန်ကြည့်လိုက်သောအခါ... နတ်ဘုရား တောင်တန်းကြီးသည် နဂါးမည်းကြီး၏ ရိုက်ချက်ကြောင့် နှစ်ပိုင်းကွဲသွားပြီး ဘေးတစ်ဖက်တစ်ချက်စီသို့ ပြိုကျသွားသည်ကို တွေ့လိုက်ရသည်။
ဖုန်မှုန့်များကြားမှ... ရွှေရောင် အလင်းတန်း တစ်ခု ထိုးထွက်လာ၏။ တစ်ဆက်တည်း၌၊ အဆုံးမရှိသော ရွှေရောင် ရောင်ခြည်များ ဖြာကျလာကာ လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို နေမင်းကြီး တစ်စင်းအလား လင်းထိန်သွားစေတော့သည်။
"ရွှေရောင် အလင်းတန်း တောက်ပလာပြီ...။ 'ပေါင်းစည်းခြင်း နယ်ပယ်' ဘိုးဘေး တစ်ပါးရဲ့ အုတ်ဂူ ပေါ်ထွက်လာပြီဟေ့"
လူပေါင်းများစွာ အံ့သြတကြီး အော်ဟစ်လိုက်ကြ၏။
ကောင်းကင်ယံတွင် လူရိပ်များသည် ကျိုင်းကောင်အုပ်ကြီး ပျံသန်းလာသကဲ့သို့ ဦးတည်ချက် တစ်ခုတည်းဆီသို့ အုံနှင့်ကျင်းနှင့် ပျံသန်းသွားကြလေသည်။
ခဏချင်းမှာပင် လူအများအပြား အချင်းချင်း ဝင်တိုက်မိကုန်ကြ၏။
"ဘုရားရေ... ငါတို့ တကယ့်ကို ကံကောင်းလွန်းတာပဲ"
လူတစ်ယောက်က ပျံသန်းရင်း ဝမ်းသာအားရ အော်ပြောလိုက်၏။
နောက်တစ်ယောက်က နားမလည်စွာ မေးလိုက်၏။
"ဘာလို့ အဲဒီလို ပြောရတာလဲ"
ဟိုလူက မေးသူဟာ တစ်သီးပုဂ္ဂလ ကျင့်ကြံသူ ဖြစ်မှန်း သိလိုက်တော့ ဝမ်းသာအားရ ရှင်းပြလေသည်။
"နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ စတင် ဖြစ်ပေါ်လာကတည်းက... မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေက ဂိုဏ်းတွေ မှတ်တမ်းတင်ထားသမျှ သမိုင်းတစ်လျှောက်မှာ... ရွှေရောင် အလင်းတန်းတွေ လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို လင်းထိန်သွားစေတဲ့ မှတ်တမ်းမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူးကွ”
အခန်း (၅၄၈) - အူတိုင် အုတ်ဂူ (အပိုင်း ၃)
~မလှမ်းမကမ်းတွင်... အခြား ဂိုဏ်းသားတစ်ဦးကလည်း ထောက်ခံစကား ဆိုလိုက်လေသည်။
"ဟုတ်တယ်... လျှို့ဝှက်နယ်မြေထဲ မဝင်ခင်က ဂိုဏ်းက မှတ်တမ်းဟောင်းတွေ အကုန် ထုတ်ပြခဲ့တယ်။ အဲဒီအထဲမှာ ရွှေရောင် အလင်းတန်း ထွက်ပေါ်ခဲ့ဖူးတဲ့ မှတ်တမ်းတစ်ခု ရှိပေမယ့်၊ အလွန်ဆုံး မိုင် (၁၀၀) ပတ်လည်လောက်ပဲ လင်းထိန်ခဲ့ဖူးတာ။ အခုလို တစ်ခါမှ မကြုံဖူးဘူး"
တစ်သီးပုဂ္ဂလ ကျင့်ကြံသူ သဘောပေါက်သွားသည်။
"ဒါဆိုရင် အခု ပေါ်လာတဲ့ အုတ်ဂူက အရင်က ပေါ်ခဲ့ဖူးတဲ့ ရွှေရောင် အုတ်ဂူတွေထက် အဆပေါင်းများစွာ သာလွန်နေတာပေါ့ ဟုတ်လား"
ဂိုဏ်းသား၏ မျက်နှာပေါ်တွင် မျှော်လင့်တောင့်တမှုများ ပြည့်နှက်နေသည်။
"မဟုတ်ဘူး... ဒီအုတ်ဂူက လျှို့ဝှက်နယ်မြေ တစ်ခုလုံးရဲ့ အူတိုင် ဖြစ်လောက်တယ်။ တစ်ခုတည်းသော ဖြစ်တည်မှုပေါ့"
"ပေါ်လာပြီ ဆိုတော့ ဘာဆက်ဖြစ်မလဲ မသိပေမယ့်... ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက်ထပ် ဘယ်တော့မှ ပြန်ရမှာ မဟုတ်ဘူး ဆိုတာတော့ သေချာတယ်"
"အဲဒီ အုတ်ဂူထဲက အကြွင်းအကျန်လေး တစ်ခုလောက် ရလိုက်ရင်တောင် တစ်သက်လုံး စားမကုန်တော့ဘူးကွ"
နောက်ထပ် အစစ်အမှန်အမွေခံ တစ်ဦးကလည်း ခေါင်းညိတ် ထောက်ခံလိုက်၏။
"ဒါက ငါတို့ဘဝမှာ ကြုံတွေ့ရမယ့် အကြီးမားဆုံး ကံကောင်းမှုပဲ။ အပြင်လောက၊ နင်းယွီ မြို့တော်မှာ ရှိတဲ့ အကြီးအကဲတွေနဲ့ မဟာစွမ်းအားရှင်တွေ တစ်သက်လုံး ရှာဖွေလို့ရတဲ့ အခွင့်အရေးတွေတောင် ဒီလောက် မများနိုင်ဘူး"
"စဉ်းစားကြည့်လေ...။ မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေက ထိပ်တန်း အဆင့်မြင့် ဂိုဏ်းကြီးတွေမှာတောင် 'ပေါင်းစည်းခြင်း နယ်ပယ်' မဟာ စွမ်းအားရှင်ကြီးတွေပဲ ရှိကြတာ။ အခု ပေါ်လာတဲ့ ရွှေရောင် အုတ်ဂူက 'တစ်သားတည်း ဖြစ်တည်ခြင်း' နယ်ပယ် ဘိုးဘေးကြီး တစ်ပါးရဲ့ အုတ်ဂူလေ"
( 'ပေါင်းစည်းခြင်း နယ်ပယ်’ အထက်မှာ ခု ရေးထားသလောက်ဆို 'တစ်သားတည်း ဖြစ်တည်ခြင်း’ နယ်ပယ် ရှိတာလား မပြောတတ်ပါဘူး။ ကျင့်စဉ် နယ်ပယ် တွေက နည်းနည်း ရှုပ်နေပါတယ် ..)
"ပြီးတော့... လျှို့ဝှက်နယ်မြေထဲမှာ ရှိသမျှ 'တစ်သားတည်း ဖြစ်တည်ခြင်း' နယ်ပယ် ဘိုးဘေးတွေထဲမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ရမယ်။ 'အင်မော်တယ် နယ်ပယ်'ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့သူ ဖြစ်နိုင်တယ်"
ထိုစကားကို ကြားသောအခါ တစ်သီးပုဂ္ဂလ ကျင့်ကြံသူ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"ဘာ... အင်မော်တယ် နယ်ပယ် ဟုတ်လား။ ဒါဆို ငါတို့ မြန်မြန် သွားမှ ဖြစ်မယ်"
ရုတ်တရက်... စကားပြောနေသော ဂိုဏ်းသား နှစ်ဦး ပြုံးလိုက်ကြ၏။
တပြိုင်နက်တည်းမှာပင် သူတို့ နှစ်ဦးစလုံး လှုပ်ရှားလိုက်ကြပြီး၊ တစ်သီးပုဂ္ဂလ ကျင့်ကြံသူကို ချက်ချင်း သတ်ဖြတ်ပစ်လိုက်ကြလေသည်။
"ပြိုင်ဘက် နည်းလေ ကောင်းလေပဲ။ မင်းက တစ်သီးပုဂ္ဂလ သမားမို့လို့ ငါတို့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေမယ့်... သမိုင်းတစ်လျှောက်မှာ မမျှော်လင့်ဘဲ ကံကောင်းသွားတတ်တဲ့ ကောင်တွေ ရှိတတ်တယ်"
ထို့နောက် သူတို့နှစ်ဦး အချင်းချင်း ပြန်ကြည့်လိုက်ကြ၏။ ဂိုဏ်းတူ မဟုတ်ကြပေ။ အစွမ်းချင်း ယှဉ်ကြည့်လိုက်တော့ သိပ်မကွာခြားလှသဖြင့် ဆက်လက် မတိုက်ခိုက်ကြတော့ဘဲ မိမိတို့ ဂိုဏ်းသားများ ရှိရာသို့ အသီးသီး ပြန်လှည့် ထွက်ခွာသွားကြလေသည်။
ယခုအချိန်တွင် တစ်ယောက်တည်း သွားခြင်းကို ထားလိုက်ပါဦး... ဂိုဏ်းနှစ်ခုလုံး လူအင်အား အကုန်ထုတ်ပြီး တွေ့ဆုံလျှင်တောင်မှ၊ တစ်ဖက်က အားနည်းနေမည် ဆိုလျှင် အခွင့်အရေး ရယူဖို့အတွက် အားကြီးသည့် ဘက်က စတင် တိုက်ခိုက်မည့် အခြေအနေ ဖြစ်နေတော့၏။
ဒါက သဘောထား သေးသိမ်တာ မဟုတ်ပါ။ လူ့သဘာဝ အရ အားနည်းသူကို ရှင်းထုတ်လိုက်တာက ကိုယ့်အတွက် ဝေစု ပိုရစေသလို၊ ဟိုဘက်က ရှာထားသော ရတနာတွေကိုပါ သိမ်းပိုက်နိုင်သည်ကိုး။
လူတိုင်း သိနေကြ၏။
လျှို့ဝှက်နယ်မြေ သမိုင်းတစ်လျှောက် အကြီးမားဆုံး အခွင့်အရေးကြီး ပေါ်လာပြီ ဖြစ်သဖြင့်၊ အတွင်းထဲတွင် အသန်မာဆုံးသူသာ ရှင်သန်မည့် သွေးချောင်းစီးပွဲကြီး ဖြစ်ပေါ်လာတော့မည် ဆိုသည်ကိုပင်။
သို့သော် မည်သူမျှ နောက်မဆုတ်ကြချေ။
...
နင်ချီနှင့် အခြား (၈) ဦး စုဝေးမိနေကြပြီ ဖြစ်သည်။ သူတို့အားလုံး အဝေးမှ ရွှေရောင် အလင်းတန်းကြီးကို မျှော်ကြည့်ရင်း မျက်နှာများတွင် လိုချင်တပ်မက်မှုများ ပြည့်နှက်နေကြ၏။
"စီနီယာအစ်ကိုနင်... ကျွန်တော်တို့ အခုပဲ.. သွားကြမလား" ဝမ်ယဲ့ မေးလိုက်၏။
နင်ချီသည် လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး ရယ်မောလိုက်၏။
"ငါက မသွားဘူးလို့ ပြောရင်... မင်းတို့ (၈) ယောက် ပေါင်းပြီး ငါ့ကို ထမ်းခေါ်သွားကြမှာလား"
(၈) ယောက်သား နင်ချီ့ကို ပြူးပြဲကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများထဲတွင် ထိုရည်ရွယ်ချက် အမှန်တကယ် ရှိနေပုံ ရသည်။
ရုတ်တရက်... အဆင့်နိမ့် ဝိညာဉ်ဓား (၈) လက် နင်ချီ၏ ပတ်လည်တွင် ပေါ်လာပြီး၊ တစ်ယောက်ချင်းစီ၏ ရှေ့တွင် တစ်လက်စီ ရပ်တန့်သွားသည်။
"တက်ကြ... သွားမယ်"
(၈) ယောက်သား အချင်းချင်း ကြည့်လိုက်ကြပြီး အံ့အားသင့်သွားကြ၏။ စီနီယာအစ်ကိုနင်က သူ့အမြန်နှုန်းကို အသုံးပြုပြီး သူတို့ကို သယ်ဆောင်သွားဖို့ ရည်ရွယ်နေလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
"စီနီယာအစ်ကိုနင်... လုံးဝ မဖြစ်ပါဘူး" ကျန်းချင်းရွှယ် ချက်ချင်း တားမြစ်လိုက်၏။
ချင်မင်ဟောက်မှ လွဲ၍ ကျန် (၇) ယောက်လုံးကလည်း ဝိုင်းဝန်း တားမြစ်ကြ၏။
အခွင့်အရေးက ကောင်းမွန်သော်လည်း အခြေအနေက အလွန် အန္တရာယ် များလှသည်။
အကယ်၍ စီနီယာအစ်ကိုနင်က စွမ်းအင်တွေ အများကြီး ကုန်ဆုံးသွားခဲ့လျှင်၊ တခြား ထိပ်တန်း အဆင့်မြင့် ဂိုဏ်းတွေနှင့် တွေ့သည့် အခါ အားနည်းချက် ဖြစ်သွားနိုင်သည် မဟုတ်ပါလော။
သူတို့ ကောင်းကောင်း သိသည်။ အစွမ်းထက်သူတွေကို နင်ချီ တစ်ယောက်တည်းသာ ယှဉ်နိုင်တာ ဖြစ်၍ ၊ နင်ချီရဲ့ စွမ်းအားကို အခုချိန်မှာ မကုန်ဆုံးစေချင်ကြပေ။
နင်ချီ လက်ကာပြလိုက်ပြီး ပြုံးလိုက်၏။
"ဂျူနီယာ မောင်မယ်တို့... ငါ့မှာ အစီအစဉ် ရှိပါတယ်။ မြန်မြန် တက်ကြ။ မဟုတ်ရင် နောက်ကျသွားပြီး ဟင်းကျန် ထမင်းကျန်တောင် စားရမှာ မဟုတ်ဘူး ဖြစ်မယ်ကွ"
သူတို့၏ မျက်နှာပေါ်တွင် မတတ်သာသော အရိပ်အယောင်များ ပေါ်လာကြ၏။
ရွှေရောင် ကောင်းကင်ဘုံ အုတ်ဂူ အထိ ရောက်ဖို့ တစ်ရက်လောက် ကြာဦးမည် ဖြစ်သဖြင့်၊ အမှန်တကယ်ပင် အချိန်ဆွဲနေ၍ မဖြစ်ပေ။
ဝိညာဉ်ဓား (၈) လက် ကြီးထွားလာပြီး၊ သူတို့ ချက်ချင်း ခုန်ပျံထိုင်လိုက်ကြ၏။
နင်ချီ ရှေ့မှ ဦးဆောင်ပြီး၊ နောက်မှ ဓားပျံ (၈) စင်း တန်းစီလျက် ကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းသွားကြတော့သည်။
...
ယခုအခါ၊ ရွှေရောင် ကောင်းကင်ဘုံ အုတ်ဂူကို ဖွင့်လှစ်လိုက်သော ဖူချန်သည် အတွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်လေသည်။
မကြာမီ... လူနှစ်ဦး အတူတကွ ရောက်ရှိလာကြ၏။
နင်ချီနှင့် မတူသည်မှာ... တစ်ဦးက ဂိုဏ်းသား ဂျူနီယာများကို မသယ်ဆောင်လာဘဲ ထားရစ်ခဲ့ခြင်း ဖြစ်သည်။
အချို့ဂိုဏ်းများသည် ဦးဆောင်မှု ရယူနိုင်ရန်အတွက် သာမန် အစစ်အမှန်အမွေခံများကို အတူတကွ သွားခိုင်းပြီး၊ ထိပ်ဆုံး အစစ်အမှန်အမွေခံကမူ တစ်ယောက်တည်း ကြိုသွားလေ့ ရှိကြ၏။
ရောက်လာသူ နှစ်ဦးမှာ "ကောင်းကင် ကြယ်တာရာ အဆင့်မြင့် ဂိုဏ်း" မှ ရင်ကျုံး နှင့် ဝူတောက် တို့ ဖြစ်ကြ၏။
ရင်ကျုံးသည် စီနီယာ အစ်ကိုကြီး ပီသသူ ဖြစ်ပြီး၊ ပုံမှန်အားဖြင့် အခြား အစစ်အမှန်အမွေခံများကို ဂရုစိုက်လေ့ ရှိသည်။
သို့သော် ယခုအခါတွင် သူသည် ဂိုဏ်း၏ အကျိုးစီးပွားအတွက် ဂျူနီယာများကို ထားရစ်ခဲ့ပြီး၊ သူတို့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် တစ်ကိုယ်တည်း လာခဲ့ခြင်း ဖြစ်သည်။
ဝူတောက်ကတော့ ဂိုဏ်းငယ်လေး တစ်ခုမှ ဖြစ်ပြီး အခင်းအကျင်း ပညာရပ်မှာ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်သဖြင့်၊ ဂိုဏ်းကိစ္စများဖြင့် ဝန်ပိနေခြင်း မရှိပေ။
သူတို့နှစ်ဦး လေထဲတွင် ရပ်တန့်လိုက်ပြီး အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
သည်းကြီးမည်းကြီး တိုက်ခိုက်ကြမည့်အစား ခေါင်းညိတ် နှုတ်ဆက်လိုက်ကြ၏။
"အစ်ကို ဝူတောက်... ငါတို့ နှစ်ယောက်စလုံးမှာ ကိုယ်စီ အားသာချက်တွေ ရှိနေတာပဲ။ ပူးပေါင်းလိုက်ရင် မကောင်းဘူးလား" ရင်ကျုံးက လက်သီးဆုပ် နှုတ်ဆက်ရင်း ကမ်းလှမ်းလိုက်၏။
ဝူတောက်၏ မျက်လုံးထဲတွင် အခင်းအကျင်း ပုံစံငယ်လေးများ အရောင်လက်သွားသည်။
"အကျိုးအမြတ်ကို ဘယ်လို ခွဲမလဲ"
ရင်ကျုံး ဟားတိုက် ရယ်မောလိုက်၏။ "တစ်ဝက်စီပေါ့ကွာ"
"သဘောတူတယ်"
ထို့နောက် သူတို့သည် မူလဝိညာဉ် စွမ်းအားကို အသုံးပြုပြီး "ကောင်းကင်တာအို သစ္စာဆိုခြင်း"အား ပြုလုပ်ကာ မဖျက်ဆီးနိုင်သော သဘောတူညီချက် ရယူလိုက်ကြ၏။ ပြီးမှ ရွှေရောင် အလင်းတန်းထဲသို့ အတူတကွ ဝင်ရောက်သွားကြလေသည်။
သူတို့ ဝင်သွားပြီး မကြာမီ... လူရိပ်များ ဆက်တိုက် ရောက်ရှိလာကြ၏။
တစ်ယောက်တည်း လာသူများ၊ အုပ်စုဖွဲ့ လာသူများ၊ သို့မဟုတ် ရင်ကျုံးနှင့် ဝူတောက် ကဲ့သို့ သစ္စာဆို ပူးပေါင်းလာသူများ စသဖြင့် မျိုးစုံ ရှိကြ၏။
အချို့က မဝင်ခင်မှာပင် အသက်လု တိုက်ခိုက်ကြပြီး၊ အနိုင်ရမှသာ အုတ်ဂူထဲ ဝင်ခွင့် ရကြ၏။
သတိကြီးသူ အချို့ကမူ အခြေအနေကို စောင့်ကြည့်ရင်း အုတ်ဂူ အပြင်ဘက်တွင် အခွင့်ကောင်း စောင့်နေကြ၏။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ... ချူရှောင်ထျန်း သည် လေဟုန်စီးလျက် ရောက်ရှိလာခဲ့လေသည်။
သူ အုတ်ဂူထဲ ဝင်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် တုံ့သွားသည်။
အကြောင်းမှာ... အနောက်ဘက် ကောင်းကင်ယံမှ ရင်းနှီးနေသော အဖြူရောင် ဝတ်စုံနှင့် လူရိပ်တစ်ခု မြန်ဆန်စွာ ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်ပေသည်။
---
အခန်း (၅၄၉) - အူတိုင် အုတ်ဂူ (အပိုင်း ၄)
~ချူရှောင်ထျန်းသည် နောက်ပြန်လှည့်လိုက်ပြီး ပျံသန်းလာနေသော နင်ချီကို စိုက်ကြည့်လိုက်ရာ၊ သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
နင်ချီ၏ အမြန်နှုန်းမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် မြန်ဆန်လှသည်။ ဒါတင်မကသေး... သူသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ အစစ်အမှန်အမွေခံ အားလုံးကိုပါ တစ်ပါတည်း သယ်ဆောင်လာသေးသည်။
ဒီလို ကိုယ့်စွမ်းအင်ကို ဖြုန်းတီးတာက တကယ့်ကို ဉာဏ်မရှိသည့် လုပ်ရပ်ပင်။
တစ်ချိန်တည်းမှာပင်... နင်ချီ၏ အမြန်နှုန်းနှင့် နက်ရှိုင်းသော မှော်စွမ်းအင် ပမာဏကို အံ့သြမချီးမွမ်းဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
ဟုတ်သည်၊ သူ့ကိုယ်သူ နင်ချီနှင့် နှိုင်းယှဉ်ကြည့်လိုက်တော့၊ သူလည်း ဒီလောက်တော့ လုပ်နိုင်ပါတယ်လေ ဆိုပြီး သိပ်ဂရုမစိုက်တော့ပေ။
ပတ်ဝန်းကျင်မှ လူအများအပြားသည် "ကောင်းကင်ဘုံ ပါရမီရှင်" နှစ်ဦး ဆုံတွေ့လိုက်သည်ကို ချက်ချင်း သတိထားမိလိုက်ကြ၏။
အချို့ဆိုလျှင် အုတ်ဂူထဲ ဝင်မည့် အကြံကို စွန့်လွှတ်လိုက်ပြီး၊ ဖြစ်ပေါ်လာမည့် ပွဲကောင်းကို ကြည့်ရှုရန် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြ၏။
ပါရမီရှင် အချင်းချင်း ထိပ်တိုက် တွေ့ဆုံလာကြပြီ ဖြစ်ရာ ၎င်းတို့နှစ်ဦးကြားမှ ပဋိပက္ခမှာ ရှောင်လွှဲ၍ ရနိုင်တော့မည် မဟုတ်ပေ။ သေချာပေါက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပေတော့မည် ဖြစ်လေသည်။
သူတို့သည် အလျင်လိုနေခြင်း အလျဉ်းမရှိကြပေ။ တိုက်ပွဲပြီးဆုံးသွားသည့်အခါ အကျိုးအမြတ် တစ်စုံတစ်ရာ ထွက်ပေါ်လာလေမလားဟု မျှော်လင့်ကာ စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်လေသည်။
"နင်ချီ... နောက်ဆုံးတော့ ဒီ လျှို့ဝှက်နယ်မြေထဲမှာ တွေ့ကြပြီပေါ့"
ငွေရောင် ချပ်ဝတ် ဝတ်ဆင်ထားသော ချူရှောင်ထျန်းသည် မတ်မတ် ရပ်နေ၏။ သူ့ပတ်ပတ်လည်မှ တောင်တန်းများနှင့် မြစ်ချောင်းများကိုပင် ဖိနှိပ်ထားနိုင်လောက်သော အရှိန်အဝါ တစ်ခု ရစ်သိုင်းနေလေသည်။
ပွဲကြည့်ပရိသတ်များ၏ မျက်နှာများ ပြောင်းလဲသွားကြ၏။ ထိပ်တန်း ပါရမီရှင် (၅) ဦးထဲမှာ ခေါင်းဆောင်လို့တောင် သတ်မှတ်ခံထားရတာ အလကား မဟုတ်ပါလား။ သူ့ရဲ့ ရိုင်းစိုင်း ကြမ်းတမ်းတဲ့ အရှိန်အဝါက ကမ္ဘာလောကကို လွှမ်းမိုးထားသလို ခံစားရစေသည်။
ထို့နောက် သူတို့ နင်ချီဘက်ကို လှည့်ကြည့်လိုက်ကြ၏။
နင်ချီသည် အစစ်အမှန်အမွေခံ (၈) ဦးကို ဦးဆောင်လျက် ချူရှောင်ထျန်းနှင့် (၁၀) ကျန်း အကွာတွင် ရပ်တန့်လိုက်၏။
သူ့အကြည့်သည် ချူရှောင်ထျန်းအပေါ် ကျရောက်နေသော်လည်း ဘာမှ မခံစားရသလို၊ လုံးဝ ဂရုမစိုက်သလို ဖြစ်နေသည်။
နင်ချီထံမှ ချူရှောင်ထျန်း ကဲ့သို့သော စိုးမိုးသော အရှိန်အဝါမျိုး မရရှိသော်လည်း၊ လူ့ပြည်သို့ ဆင်းသက်လာသော အင်မော်တယ် တစ်ပါးကဲ့သို့သော ထူးကဲ မြင့်မြတ်သည့် အရှိန်အဝါမျိုးကို ခံစားလိုက်ရသည်။
ပွဲကြည့်ပရိသတ် အချို့က တီးတိုး ထင်ကြေးပေးနေကြ၏။
"ဘယ်လို ထင်လဲ... ဘယ်သူက ပိုသန်မာမယ် ထင်လဲ"
"ဟို ချူရှောင်ထျန်းက အရမ်း ကြမ်းတာကွ။ သူက နင်ချီကို စိန်ခေါ်ထားပြီးပြီ။ နင်ချီက မလာရဲဘူး ဆိုတော့ တစ်မှတ် ရှုံးနေပြီလေ။ ဒါကြောင့် ငါကတော့ ချူရှောင်ထျန်းဘက်ကပဲ"
"ဒါပေမဲ့ ချူရှောင်ထျန်းက တစ်ယောက်တည်းလေ။ နင်ချီက သူ့ဂိုဏ်းသားတွေ အကုန် ခေါ်လာတာ။ (၈) ယောက် တစ်ယောက် ဆိုရင်တော့ ချူရှောင်ထျန်း ဘယ်လောက်ပဲ ကြမ်းကြမ်း အလျှော့ပေးရမှာပဲ"
"ဟွန်း... အကန့်အသတ်မဲ့ ဓားဂိုဏ်းက သာမန် အဆင့်မြင့် ဂိုဏ်းလေးပါ။ နင်ချီ တစ်ယောက်ပဲ ပါရမီရှင် စာရင်း ဝင်တာ။ ကျန်တဲ့ကောင်တွေက ထိပ်တန်း ဂိုဏ်းကြီးတွေက အမွေခံတွေကို ဘယ်ယှဉ်နိုင်မှာလဲ။ လူများလည်း အလကားပါပဲ"
"ငါ့အထင်တော့ ဒီ နင်ချီက ခန့်မှန်းရ ခက်တယ်။ ချူရှောင်ထျန်းက ကြမ်းတယ် ဆိုပေမယ့် စိတ်ခံစားချက် အရမ်းပြင်းတယ်။ နင်ချီကတော့ အေးဆေး တည်ငြိမ်နေတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရ ကြည့်ရင် ချူရှောင်ထျန်းက နည်းနည်း ရှုံးနေသလိုပဲ"
"တော်ကြပါတော့ကွာ...။ သူတို့ တိုက်တော့မယ်။ ရလဒ်က မကြာခင် ထွက်လာမှာပဲ။ ဒီအခွင့်အရေးမှာ လောင်းကြေးထပ်ကြရင် မကောင်းဘူးလား"
"ဟာ... မင်းကတော့ လုပ်ပြီ။ ပြောစမ်းပါဦး... ဘယ်လို ကြေး ဖွင့်ထားလဲ"
လောင်းကြေး ဒိုင်လုပ်မည့်သူက နှစ်ဖက်စလုံးကို အကဲခတ်လိုက်ပြီး ပြောလိုက်၏။
"ချူရှောင်ထျန်းက တစ်ဆ နှစ်ဆ ၊ နင်ချီက နှစ်ဆ တစ်ဆ ကွာ၊ တကယ်လို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းက (၉) ယောက်လုံး ဝင်တိုက်ရင်... ချူရှောင်ထျန်းက တစ်ဆ ငါးဆ၊ နင်ချီက ငါးဆ တစ်ဆ"
"ဘုရားရေ... မင်းက ချူရှောင်ထျန်းဘက်ကို လုံးဝ အောထားတာပဲ၊ ငါလည်း လိုက်မယ်ကွာ"
ခဏချင်းမှာပင် လူအများအပြား ပါဝင်လာကြ၏။
နင်ချီနှင့် ချူရှောင်ထျန်း တို့လည်း ထိုစကားများကို ပါးရည်နပ်ရည်ရှိစွာ ကြားလိုက်ကြ၏။
ချူရှောင်ထျန်း၏ အကြည့်သည် ဓားသွား တစ်လက်အလား ထက်ရှလာပြီး၊ လောင်းကြေး ဒိုင်လုပ်သူ အပေါ်သို့ စူးစိုက် ကျရောက်သွားသည်။
ထိုလူသည် ဂိုဏ်းငယ်လေး တစ်ခု၏ ထိပ်ဆုံး အစစ်အမှန်အမွေခံ ဖြစ်သော်လည်း၊ ချူရှောင်ထျန်း၏ အကြည့်အောက်တွင် လှုပ်ရှား၍ မရအောင် ချုပ်နှောင်ခံလိုက်ရသလို ခံစားလိုက်ရသည်။
သူ တစ်ကိုယ်လုံး တုန်ရီသွားပြီး ချူရှောင်ထျန်းကို ကြည့်ကာ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်၏။
"ကောင်းကင်ဘုံ ပါရမီရှင် ချူ... ဘာများ ခိုင်းစရာ ရှိပါသလဲခင်ဗျာ"
ချူရှောင်ထျန်း အေးစက်စွာ နှာမှုတ်လိုက်၏။ "မင်း သတ္တိ ရှိလှချည်လား။ ငါ့ရှေ့မှာတင် ငါ့ကို လောင်းကြေးထပ်ရဲတယ်ပေါ့။ ငါ့ကို ဖဲဝိုင်းက အပေါက်လေး တစ်ပေါက်လို့ ထင်နေတာလား"
ထိုလူ၏ သွားများ တခတ်ခတ် ရိုက်ခတ်နေပြီး ကြောက်လန့်တကြား ဖြေလိုက်၏။ "ကျွန်တော် မှားသွားပါတယ်... ပါရမီရှင် ချူ ကို မလောင်းသင့်ပါဘူး။ အခုချက်ချင်း ဒိုင်ပိတ်လိုက်ပါ့မယ်"
ချူရှောင်ထျန်းက တင်းမာစွာ ပြောလိုက်၏။ "ဘယ်သူက မင်းကို ပိတ်ခိုင်းလို့လဲ"
"ဗျာ... ဒါဆိုရင် ပါရမီရှင် ချူ ရဲ့ သဘောက..."
"မင်း ဒိုင်ဆက်ဖွင့်လို့ ရတယ်။ ဒါပေမဲ့ ရလာတဲ့ အမြတ်ငွေထဲက (၈၀) ရာခိုင်နှုန်းကို ငါ ယူမယ်"
"(၈၀) ရာခိုင်နှုန်း ဟုတ်လား" ထိုလူ မျက်နှာ ပျက်သွားသော်လည်း ရွေးချယ်စရာ မရှိပေ။ "ကောင်းပါပြီ... (၈၀) ဆို (၈၀) ပေါ့။ ပါရမီရှင် ချူ နဲ့ မိတ်ဆွေ ဖြစ်ခွင့်ရမယ် ဆိုရင် (၉၀) ပေးရလည်း ကျွန်တော် ကျေနပ်ပါတယ်"
"ဟွန်း... မင်းတို့လို ဆင်းရဲသားတွေရဲ့ ပိုင်ဆိုင်မှုကို ငါ မက်မောနေတယ်များ ထင်နေလား။ ဒါက မင်းကို သင်ခန်းစာ ပေးလိုက်တာပဲ"
ချူရှောင်ထျန်းသည် နင်ချီဘက်သို့ ပြန်လှည့်လိုက်ပြီး၊ မိမိ လက်နှစ်ဖက်ကို ချိုးလိုက်ရာ လက်ဆစ်များ တဖျစ်ဖျစ် မည်လာသည်။
"ကဲ... လူတွေတောင် လောင်းကြေးထပ်နေကြပြီ ဆိုတော့... ငါတို့ တိုက်ပွဲကို စလိုက်ကြရင် ကောင်းမလား"
နင်ချီ၏ နောက်မှ (၈) ယောက်၏ မျက်နှာပေါ်တွင် ခံစားချက် အမျိုးမျိုး ပေါ်နေကြ၏။
သို့သော် အများစုကတော့ အကောင်းမြင်ကြ၏။ လမ်းတစ်လျှောက်လုံး နင်ချီနောက် လိုက်လာကြသူများ ဖြစ်သဖြင့်၊ နင်ချီ၏ စွမ်းအားကို တကယ် ယုံကြည်ကြပြီး ချူရှောင်ထျန်းကို ရှုံးနိမ့်လိမ့်မည်ဟု မပူပန်ကြပေ။
အချို့ကတော့ စိုးရိမ်နေကြဆဲပင်။ နှစ်ယောက်သား တိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ပြီး ရွှေရောင် အုတ်ဂူထဲ ဝင်ခွင့် ဆုံးရှုံးသွားမည်ကို ကြောက်ရွံ့နေကြ၏။
ထိုစဥ်၊ နင်ချီက နောက်သို့ လှည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"မင်းတို့ နောက်ဆုတ်နေကြ... အလွန်ဆုံး အသက်ရှူချိန် (၁၀) ချက် ပဲ... ပြီးရင် ငါတို့ ဝင်ကြမယ်"
"(၁၀) ချက် ဟုတ်လား"
ချင်မင်ဟောက်ကလွဲလျှင် ကျန် (၇) ယောက်လုံး အံ့သြမှင်သက် သွားကြ၏။
ပွဲကြည့်ပရိသတ်များလည်း နင်ချီ၏ ကြွားလုံးထုတ်မှုကို ကြားလိုက်ရသဖြင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
နင်ချီက.. ဘယ်လိုလုပ်ပြီး ဒီလောက် ပြောရဲရသနည်း။
ချူရှောင်ထျန်းနှင့် နင်ချီ တို့၏ တိုက်ပွဲက အချိန်တိုလေး အတွင်း ပြီးသွားမည် ဆိုတာတော့ မှန်ပါသည်။
ထိုနှစ်ယောက်၏ စွမ်းဆောင်ရည်တွေကို ကြည့်လျှင် လူအများစုက ချူရှောင်ထျန်း နိုင်မည်ဟု ထင်နေကြ၏။
ဘာပဲဖြစ်ဖြစ် ချူရှောင်ထျန်းရဲ့ စွမ်းဆောင်ရည်က အလွန် လွှမ်းမိုးမှု ရှိသည်လေ။ လောင်းကြေးဝိုင်းကိုတောင် သူက ဦးစီးနေလေ၏။
လူတွေက မကျေနပ်ကြသော်ငြား.. အားကြီးသူက အားကြီးသူပါပင်။ အားကြီးသူဘက်ကို ယိမ်းယိုင်တတ်သည်က သက်ရှိသတ္တဝါတွေ၏ သဘာဝပဲလေ။
"(၁၀) ချက် ဟုတ်လား... ဟားဟားဟား..."
ချူရှောင်ထျန်းသည် ကမ္ဘာပေါ်တွင် ရယ်စရာ အကောင်းဆုံး ပြက်လုံး တစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူ၏ ထူထဲသော မျက်ခုံးမွှေးများ ပင့်တက်သွားပြီး ကောင်းကင်ကို ဓားဖြင့် ခုတ်ပိုင်းလိုက်သကဲ့သို့ ထက်ရှသော အကြည့်များ ထွက်ပေါ်လာသည်။
"နင်ချီ... မင်းက (၁၀) ချက် အတွင်း ရှုံးနိမ့်သွားမယ်လို့ ပြောချင်တာ မဟုတ်လား။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို အသိတရား ရှိသားပဲ"
နင်ချီ စကားအများကြီး မပြောတော့ပေ။ သူ၏ အဖြူရောင် ဝတ်ရုံ လေထဲတွင် လွင့်ပျံသွားပြီး၊ ချူရှောင်ထျန်းထံသို့ လက်ဝါးတစ်ချက် တည့်တည့် ရိုက်ထုတ်လိုက်လေသည်။
အချို့သော အကြောင်းပြချက်များသာ မရှိခဲ့လျှင်... (၁၀) ချက် မပြောနှင့် ၊ (၁) ချက်တောင် မလိုဘဲ ချူရှောင်ထျန်းကို "ယမမင်း" နှင့် စကားသွားပြောခိုင်းလိုက်၍ ရသည်။
ချူရှောင်ထျန်းသည် မာန်ပါပါ ဟိန်းဟောက်လိုက်၏။
သူ၏ အသံသည် တောင်တန်းများနှင့် မြစ်ချောင်းများကိုပင် တုန်ခါသွားစေသည်။
သူ့ပတ်ဝန်းကျင် (၁၀) ကျန်း အတွင်းရှိ အရာအားလုံးသည် တုန်လှုပ် ချောက်ချားသွားကြရလေသည်