← Chapters

လက်နက်တိုက်ကို သွားပါမယ်

Vol. 28 Ch. 415

လက်နက်တိုက်ကို သွားပါမယ်

Vol. 28 Ch. 415

ရှန်မိုသည် ဆေးဖော်စပ်ခြင်းပညာရပ်တွင် နှံ့စပ်ကျွမ်းကျင်သူဖြစ်ရာ မူလက 'ဆေးနန်းဆောင်' ကိုသာ ပထမဦးစားပေး ရွေးချယ်ရန် ရည်ရွယ်ခဲ့သည်။

သို့သော် ရုတ်တရက်ဆိုသလို သူ 'လက်နက်တိုက်' အကြောင်းကို တွေးမိသွား၏။

ထိုထောက်ပို့ဌာနသည် နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များကြားတွင် ပေါ်ပေါ်ထင်ထင် သိပ်မရှိလှပေ။ သူသိထားသူများထဲတွင်ပင် လက်နက်တိုက်၌ တာဝန်ထမ်းဆောင်ဖူးသူဟူ၍ အလွန်နည်းပါးသည်။

ရှန်မိုက

"စစ်သူကြီးကျန်း... စုန်းအင်းနန်းဆောင်၊ ဆေးနန်းဆောင်နဲ့ စိတ်ဝိညာဉ်လက်နက်နန်းဆောင်တို့အကြောင်းကိုတော့ ကျွန်တော် သိထားပါတယ်… ဒါပေမဲ့ ဒီလက်နက်တိုက်ကတော့... နည်းနည်း ထူးခြားဆန်းကြယ်နေသလိုပဲ"

ကျန်းလုံရှန်း ဖြည်းညင်းစွာ လမ်းလျှောက်ရင်း

"လက်နက်တိုက်ဆိုတာ... အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ မောင်းနှင်ရတဲ့ စစ်လက်နက်စက်ကိရိယာ အမျိုးမျိုးကို သိမ်းဆည်းထားတဲ့နေရာပဲ… မင်း မိုးတိမ်သင်္ဘောတွေအကြောင်း သိမှာပါ… လက်နက်တိုက်ထဲမှာ အဲဒီလို ကိရိယာမျိုးတွေ အများကြီးရှိတယ်"

"အဲဒီအပြင် လှိုင်းခွဲတိုက်ပွဲဝင်စင်္ကြံတွေ၊ ဒီရေဖြတ်တိုက်ပွဲဝင်စင်္ကြံတွေ စသဖြင့်ပေါ့... အဲဒါတွေ အားလုံးက လက်နက်တိုက်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာပဲ ရှိတယ်… ဒါပေမဲ့ အဲဒီလက်နက်တွေက အရမ်းဟောင်းနေပြီ… ပျက်စီးနေတာလည်း ကြာပြီလေ"

"ရေနဂါးတွေက တိုက်ပွဲဝင်စင်္ကြံတွေကို မနည်းပြုပြင်ထိန်းသိမ်းပြီး ထုတ်လုပ်ပေးနိုင်လို့သာပေါ့... မဟုတ်ရင် ဒီနတ်ဆိုးနှိမ်နင်းရေး ခံတပ်ကြီး (၁၀) ခုလုံးမှာ အဲဒါတွေ မရှိတော့တာ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာကတည်းက ဖြစ်မှာ"

ရှန်မို စဉ်းစားဟန်ဖြင့် ကြည့်နေသည်။

ကျန်းလုံရှန်းမှ ဆက်၍

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နတ်ဆိုးပင်လယ် စတင်ဖြစ်ပေါ်လာချိန်မှာ ပင်လယ်လေးသွယ် နဂါးနန်းတော်တွေ၊ ကျင်းနိုင်ငံတော်ဧကရာဇ်နဲ့ နတ်ဆိုးတစ်သောင်းနိုင်ငံတော်ဧကရာဇ်တို့ဟာ မဟာမိတ်ဖွဲ့ခဲ့ကြတယ်လို့ ဆိုစကားရှိတယ်… သူတို့က နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး (၁၀) ယောက်ကို ကတိပေးခဲ့ကြတာ... နတ်ဆိုးတွေကို ခုခံဖို့အတွက် အနှစ် (၅၀) တိုင်းမှာ တိုက်ပွဲဝင်စင်္ကြံတွေ၊ မိုးတိမ်သင်္ဘောတွေနဲ့ တခြားစစ်လက်နက်ပစ္စည်းတွေကို ပေးပို့ပါမယ်ဆိုပြီးတော့ပေါ့"

"ဒါပေမဲ့ အချိန်တွေကုန်လွန်ပြီး ခေတ်စနစ်တွေ ပြောင်းလဲလာတဲ့အခါ... တစ်ချိန်က နတ်ဆိုးတွေကို လက်တွဲတိုက်ခိုက်ခဲ့ကြတဲ့ လူသားတွေနဲ့ သတ္တဝါတွေဟာ ခါးသီးတဲ့ ရန်သူတော်တွေ ဖြစ်လာခဲ့ကြတယ်"

"အဲဒီတော့ အနှစ် (၅၀) ပြည့်တိုင်း လက်နက်တွေ ပေးပို့ပါမယ်ဆိုတဲ့ ကတိကလည်း သဘာဝအတိုင်းပဲ ပျောက်ကွယ်သွားတော့တာပေါ့"

ရှန်မို သက်ပြင်းသဲ့သဲ့ ချလိုက်သည်။

ထိုအချက်က ယုတ္တိရှိသည်။ ကျင်းနိုင်ငံတော်နှင့် နတ်ဆိုးတစ်သောင်းနိုင်ငံတော်တို့မှာ ယခုအခါ သွေးချောင်းစီးစစ်ပွဲများ ဆင်နွှဲနေကြပြီး ပင်လယ်လေးသွယ်မှ ရေနဂါးများမှာလည်း ကိုယ့်အစီအစဉ်နှင့်ကိုယ် ရှိနေကြ၏။

နတ်ဆိုးများကို ခုခံရန် စစ်လက်နက်များ တည်ဆောက်ပြီး ပင်လယ်ကိုဖြတ်၍ ပို့ဆောင်ပေးနိုင်သော ခွန်အားမျိုး မည်သူ့မှာ ရှိတော့မည်နည်း။

ထို့အပြင် ကုန်းမြေကြီး၌ နတ်ဆိုးများ မပေါ်လာသည်မှာ အတော်ကြာခဲ့ပြီ။

ထိုရှေးဟောင်းကတိများ ပေးခဲ့ကြသည့် ဧကရာဇ်များ တစ်ပါးပြီးတစ်ပါး ကွယ်လွန်ကုန်ကြသောအခါ အရာအားလုံး မှတ်ဉာဏ်ဟောင်းတစ်ခုအဖြစ်သာ ကျန်ရစ်တော့သည်။

သာမန်လူအများစုအတွက် နတ်ဆိုးဆိုသည်မှာ ကလေးများအား ခြောက်လှန့်သည့် ပုံပြင်များသာသာ ဖြစ်သွားခဲ့ပြီ။ သဘာဝကျစွာဖြင့် မည်သူမျှ ထိုအကြောင်းအရာများကို အလေးအနက် မထားကြတော့ပေ။

"လက်နက်တိုက်ဟာ နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ရဲ့ လျစ်လျူရှုခြင်းကို ခံခဲ့ရတာ ကြာပြီ… စက်ယန္တရားတွေကို ပြုပြင်ရတာက အချိန်ကုန်တယ်၊ ပင်ပန်းတယ်၊ ပြီးတော့ အလွန်လည်း ခက်ခဲတယ်"

ကျန်းလုံရှန်း ခေါင်းခါလိုက်သည်။

"မင်း တကယ်ပဲ လက်နက်တိုက်ကို သွားချင်တာ သေချာလား"

"ငါ အရှင်းဆုံး ပြောပြမယ်… ငါ မင်းကို ထောက်ပို့ဌာနကို ပြောင်းပေးတာက မင်းရဲ့ ဘေးကင်းရေးအတွက်သက်သက်ပဲ… ဒါပေမဲ့ မင်း စစ်မှုထမ်းကောင်းမှုမှတ်တမ်းတွေကို ဆက်ပြီး ရနေလိမ့်မယ်လို့တော့ ငါ အာမမခံနိုင်ဘူး"

"ရှေ့တန်းနဲ့ ယှဉ်လိုက်ရင် ထောက်ပို့ဌာနမှာ အမှတ်ရဖို့ သိသိသာသာ ခက်ခဲလိမ့်မယ်… ပြီးတော့ မင်းရဲ့ ကျင့်စဉ်တိုးတက်မှုကလည်း နှေးကွေးသွားလိမ့်မယ်"

"မင်းရဲ့ အနေအထားက ထူးခြားတယ်… မင်းသာ ဆေးနန်းဆောင်၊ စုန်းအင်းနန်းဆောင် ဒါမှမဟုတ် စိတ်ဝိညာဉ်လက်နက်နန်းဆောင်ကို ရွေးမယ်ဆိုရင် အလွယ်တကူ ရနိုင်တယ်... အဲဒီနေရာတွေကမှ တကယ့် အလုပ်ကောင်းတွေလေ"

ကျန်းလုံရှန်းသည် အလွန်ပင် စိတ်ရင်းမှန်ဖြင့် ပြောကြားနေခြင်းဖြစ်၏။ သူ ရှန်မို့ကို တကယ် အသက်ရှင်စေချင်သည်။

အနာဂတ်တွင် ရှန်မိုသည် 'သက်ရှိနတ်ဆိုးရှာဖွေစက်' တစ်ခုကဲ့သို့ ဖြစ်လာနိုင်ပြီး ရွှမ်းဝူခံတပ်အတွင်း နတ်ဆိုးများ ပူးကပ်ဝင်ရောက်နေသည့် နတ်ဆိုးနှိမ်နင်းရေးတပ်သားများအား ခွဲခြားသတ်မှတ်ရာမှာ ကူညီပေးနိုင်လိမ့်မည်။ ထိုအချက်က ခံတပ်ကြီး အတွင်းပိုင်းမှ အဖောက်ခံရမည့် အန္တရာယ်ကို များစွာ လျော့ကျစေလိမ့်မည် ဖြစ်၏။

ရှန်မိုအနေဖြင့် ထောက်ပို့ဌာနတွင် ကုသိုလ်မှတ်တမ်းရနိုင်မလား၊ ကျင့်စဉ်ကောင်းကောင်း ကျင့်နိုင်မလားဆိုသည်မှာ ကျန်းလုံရှန်း ထည့်သွင်းစဉ်းစားပေးမည့် အချက်မဟုတ်ပေ။

ရှန်မို တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

"စစ်သူကြီးကျန်း... ကျွန်တော် လက်နက်တိုက်ကိုပဲ သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ"

သူ အပြည့်အဝကို သွားလိုစိတ်ရှိနေခြင်း ဖြစ်သည်။ အကြောင်းမှာ ထိုနေရာတွင် လင်တုန်းထျန်း ချန်ထားခဲ့သော ကံထူးမှုအခွင့်အလမ်းတစ်ခုဖြစ်သည့် 'ဧရာမစက်ယန္တရားကြီးများ တည်ဆောက်ခြင်းဆိုင်ရာ ရှေးဟောင်းကျမ်းစာ' တစ်စောင် ရှိနေသောကြောင့်ပင်။

သူ့၏ နားလည်သဘောပေါက်နိုင်စွမ်းအဆင့်ဖြင့်ဆိုလျှင် ၎င်းကို အလွယ်တကူ တတ်မြောက်နိုင်သည်။ အနာဂတ်တွင် သူ စစ်လက်နက်စက်ကိရိယာကြီးများကို တည်ဆောက်နိုင်မည်ဖြစ်ပြီး အိပ်နေရင်းပင် အမှတ်များ စုဆောင်းနိုင်လိမ့်မည်။ ၎င်းသည် ရှေ့တန်းတွင် အသက်နှင့်ရင်း၍ တိုက်ခိုက်နေရသည်ထက် အဆပေါင်းများစွာ သာလွန်ပေ၏။

ကျန်းလုံရှန်း အားမလိုအားမရဖြစ်သော အကြည့်ဖြင့် ကြည့်ကာ

"ကောင်းပြီလေ… ဒါဆိုလည်း သွားပေါ့"

"လက်နက်တိုက်က လူအင်အားလည်း လိုနေတာပါပဲ… ဝမ်ရှင်းအန်းက ငါ့ဆီမှာ လူတောင်းနေတာ ခဏခဏရှိပြီ"

ရှန်မို ခေါင်းငြိမ့်ပြသည်။

ဝမ်ရှင်းအန်းသည် ကျန်းလုံရှန်း၏ လက်အောက်ခံ တပ်မှူး (၁၀) ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ထောက်ပို့ကိစ္စများကို တာဝန်ယူရသူဖြစ်၏။ လက်နက်တိုက်၏ အရေးပါမှုကြောင့် ၎င်းကို ဝမ်ရှင်းအန်းကိုယ်တိုင် တိုက်ရိုက်စီမံခန့်ခွဲပြီး ကြားထဲတွင် တပ်ကြပ်ကြီး တစ်ဆင့်ခံ မရှိပေ။

ကျန်းလုံရှန်း ခဏမျှ စဉ်းစားပြီးနောက်

"ကောင်းပြီ… ရှီတန့်ယွဲ့နဲ့ မင်းရဲ့အဖွဲ့သားတွေကိုလည်း မေးကြည့်ဦး... ဘယ်သူတွေက မင်းနဲ့အတူ လက်နက်တိုက်ကို လိုက်ချင်လဲဆိုတာပေါ့… လိုက်ချင်တဲ့သူရှိရင် သွားလို့ရတယ်… ငါ အတင်းအကြပ်တော့ မခိုင်းဘူး"

"နင်ထျန်းရင်က မင်းတို့ကို အဲဒီကို လိုက်ပို့ပေးလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် စစ်သူကြီးကျန်း"

ရှန်မို နှုတ်ဆက်ကာ လှည့်ထွက်လာခဲ့သည်။

ကျန်းလုံရှန်းသည် ရှန်မို၏ ကျောပြင်ကို ကြည့်ရင်း အတွေးဝင်နေမိ၏။

"လက်နက်တိုက်တဲ့..."

"တကယ်လို့ သူသာ စစ်လက်နက်ပစ္စည်းတွေ ပြုပြင်တာ ဒါမှမဟုတ် ဖန်တီးတာမှာ ပါရမီရှိရင်တော့ အကောင်းဆုံးပဲ… ဒါပေမဲ့ မရှိရင်တောင် ဘာမှမဖြစ်ပါဘူး"

"သူ့ရဲ့ တကယ့်တန်ဖိုးက ခံတပ်ထဲမှာ နတ်ဆိုးတွေ မရှိစေဖို့ပဲ… အဲဒီတစ်ချက်တည်းနဲ့တင် လုံလောက်နေပါပြီ"

ကျန်းလုံရှန်း ခေါင်းကို အသာငြိမ့်ကာ သူ့စာကြည့်စားပွဲသို့ ပြန်သွားပြီး စာရွက်စာတမ်းများကို ဆက်လက်ကိုင်တွယ်နေတော့သည်။

...

ရှီတန့်ယွဲ့၏ တပ်စုတဲအတွင်း။

ရှန်မို၏ ရှင်းပြချက်ကို ကြားပြီးနောက် ရှီတန့်ယွဲ့၊ လီဟိုင်ထန်းနှင့် အခြားသူများအားလုံးမှာ အတော်ပင် အံ့အားသင့်သွားကြသည်။

ရှီတန့်ယွဲ့ ရှန်မိုကို အံ့သြတကြီး ကြည့်ရင်း

"မင်းက ဒီလို ထူးဆန်းတဲ့ကျင့်စဉ်ကို ကျင့်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး… ဒါကြောင့်လည်း လင်ယွမ်ရှင်းက နတ်ဆိုးအသွင်ယူထားတာကို မင်း သိခဲ့တာကိုး"

ကျောက်ရှင်း စိုးရိမ်တကြီးဖြင့်

"ဒါပေမဲ့ အစ်ကိုရှန်... တကယ်ပဲ လက်နက်တိုက်ကို သွားမှာလား… အဲဒီနေရာက ဘေးကင်းနိုင်ပေမယ့် အမှတ်ရဖို့က အရမ်းနှေးလွန်းတယ်လေ"

စွန်းခုံကလည်း ထောက်ခံသည်။

"ဟုတ်တယ်... ကျွန်တော်ကြားတာတော့ အဲဒီက စက်တွေက အားလုံးနီးပါး ပျက်စီးနေပြီတဲ့… တပ်မှူး ဝမ်ရှင်းအန်းက လူတွေကို အဲဒီကိုသွားဖို့ လှည့်ဖျားခေါ်နေတာ ကြာပြီ… ဒါပေမဲ့ နတ်ဆိုးနှိမ်နင်းရေးတပ်သား တစ်ယောက်မှ သဘောမတူကြဘူး"

လီဟိုင်ထန်း ခေါင်းခါရင်း

"ဘေးကင်းဖို့က ပထမပဲ… အမှတ်ရဖို့ဆိုတာ ဒုတိယပါ… အစ်ကိုရှန်... ကျွန်တော် မင်းနဲ့အတူ လိုက်ခဲ့မယ်… ကျွန်တော်က ငယ်ငယ်ကတည်းက စက်ပစ္စည်းတွေနဲ့ ကလိရတာ ဝါသနာပါတာ"

ကျောက်ရှင်းနှင့် စွန်းခုံးတို့က နားမလည်နိုင်ဘဲ လီဟိုင်ထန်းကို ဖျောင်းဖျကြသော်လည်း လီဟိုင်ထန်းက ခေါင်းမာကာ ရှန်မိုနောက်သို့ လိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။

ရှန်မို ပြုံးပြီး ခေါင်းငြိမ့်ပြသည်။

“ကောင်းပြီလေ... မနက်ဖြန်ကျရင် တပ်ကြပ်ကြီးနင်းက ငါတို့ကို အဲဒီကို လိုက်ပို့ပေးလိမ့်မယ်"

ထိုညတွင် သူတို့ (၆) ယောက်သား ကောင်းမွန်သော ညစာတစ်နပ်ကို အတူစားကြပြီး ဝိုင်များကို ဝအောင်သောက်ကာ မကြာသေးမီက သူတို့အတူဖြတ်သန်းခဲ့ရသော ပျော်စရာအချိန်များကို ပြန်ပြောရင်း ရယ်မောခဲ့ကြလေ၏။

နောက်တစ်နေ့တွင်။

နင်ထျန်းရင်မှာ ကတိပေးထားသည့်အတိုင်း ရောက်လာသည်။

လီဟိုင်ထန်း တစ်ယောက်သာ လက်နက်တိုက်သို့ လိုက်ရန် သဘောတူသည်ကို မြင်သောအခါ သူ မအံ့သြမိပေ။ အမှန်စင်စစ် လက်နက်တိုက်သည် အမှတ်ကောင်းရရန် နေရာကောင်းတစ်ခု မဟုတ်သည်မှာ အမှန်ပင်။

အမှတ်ကောင်းဆိုသည်မှာ နတ်ဆိုးနှိမ်နင်းရေးခံတပ်၏ ငွေကြေးကဲ့သို့ပင် ဖြစ်သည်။ တစ်စုံတစ်ယောက် ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေရန်သာ ရည်ရွယ်သည်မဟုတ်ပါက ရည်မှန်းချက်ရှိသော မည်သည့်တပ်သားမှ လက်နက်တိုက်သို့ အလိုအလျောက် သွားချင်ကြမည် မဟုတ်ပေ။

"သွားကြရအောင်… ငါ မင်းတို့ကို လက်နက်တိုက်ဆီ လိုက်ပို့ပေးမယ်"

နင်ထျန်းရင် လက်ဝေ့ယမ်းကာ သူ့နောက်မှ လိုက်ခဲ့ရန် အချက်ပြလိုက်သည်။

ရှန်မို ခေါင်းငြိမ့်ပြပြီးနောက် သူတို့နှစ်ဦး ရှီတန့်ယွဲ့နှင့် အခြားသူများကို နှုတ်ဆက်ကာ နင်ထျန်းရင်နောက်မှ လိုက်ပါရင်း လက်နက်တိုက်ဆီသို့ ဦးတည်ထွက်ခွါလာခဲ့ကြတော့၏။

...

ရွှမ်ဝူခံတပ်ကြီးမှာ အလွန်ကျယ်ဝန်းသည်။

တောင်ဘက်မှ မြောက်ဘက်အထိ စစ်စခန်း (၁၀) ခု ရှိပြီး တစ်ခုချင်းစီကို ရွှမ်ဝူခံတပ်၏ တပ်မှူး (၁၀) ယောက်က အသီးသီး ကြီးကြပ်သည်။

ကျန့်ပိုင်ရှန့်၏ စခန်းမှာ တောင်ဘက်ဆုံးတွင် တည်ရှိ၏။

လက်နက်တိုက်မှာမူ မြောက်ဘက် အစွန်ဆုံးတွင် တည်ရှိသည်။

ပို၍အရေးကြီးသော စုန်းအင်းနန်းဆောင်၊ ဆေးနန်းဆောင်နှင့် စိတ်ဝိညာဉ်လက်နက်နန်းဆောင်တို့မှာမူ ခံတပ်၏ အလယ်ဗဟိုတွင် တည်ရှိကြသည်။

မူလက လက်နက်တိုက်သည်လည်း အလယ်ဗဟိုတွင် ရှိခဲ့သော်လည်း ၎င်းအတွင်းရှိ စက်ယန္တရားများ တဖြည်းဖြည်း ပျက်စီးလာခြင်းနှင့် ပြုပြင်ထိန်းသိမ်းနိုင်သူ နည်းပါးလာခြင်းတို့ကြောင့် လက်နက်တိုက်ကို ခံတပ်၏ အစွန်အဖျားသို့ ရွှေ့ပြောင်းလိုက်ရခြင်းဖြစ်၏။

အကြောင်းမှာ လက်နက်တိုက်သည် ကြီးမားသော စက်ကိရိယာကြီးများဖြင့် ပြည့်နှက်နေသောကြောင့် အလယ်ဗဟိုဇုန်များတွင် ထားရှိရန် နေရာ အလွန်ယူသောကြောင့် ဖြစ်သည်။

အဖွဲ့သားများသည် နာရီဝက်ခန့် လမ်းလျှောက်လာပြီးနောက် ခံတပ်၏ မြောက်ဘက်အစွန်—လက်နက်တိုက်သို့ ရောက်ရှိလာခဲ့ကြသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုနေရာသည် လူသူကင်းမဲ့ပြီး အေးစက်ခြောက်သွေ့နေ၏။ စည်ကားလှသော ဆေးနန်းဆောင်နှင့် လုံဝ နှိုင်းယှဉ်၍မရပေ။

လက်နက်တိုက် အဝင်ဝရှိ တံခါးမကြီးပင်လျှင် သံချေးများ တက်နေပြီး တွန်းဖွင့်ရန်ပင် အတော်လေး အားစိုက်ခဲ့ရသည်။

အဝင်ဝပတ်ပတ်လည်တွင်လည်း ပေါင်းပင်များ ပေါက်နေပြီး လူသူအရောက်အပေါက် နည်းပါးကြောင်း သိသာလှသည်။

ပုံမှန်ဆိုလျှင် အဝင်ဝတွင် ကင်းစောင့်များ ရှိရမည်ဖြစ်သော်လည်း ယခုမူ ကင်းစောင့်တစ်ယောက်မျှ မရှိပေ။

နင်ထျန်းရင်မှ မျက်ခုံးပင့်ကာ သက်ပြင်းတစ်ချက်ချရင်း

“တပ်မှူးဝမ်... လက်နက်တိုက်မှာ လူသစ်တွေ ရောက်လာပြီ”

သူ လှမ်းအော်လိုက်သည်။

တိတ်ဆိတ်နေသော လက်နက်တိုက်အတွင်းမှ မိုးခြိမ်းသံကဲ့သို့သော အသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင် ဧရာမပုံရိပ်ကြီးတစ်ခု အတွင်းမှ ခုန်ထွက်လာပြီး တံခါးကို ကျော်ဖြတ်ကာ သူတို့သုံးဦးရှေ့တွင် လေးလံစွာ ဆင်းသက်လိုက်သည်။

ထိုလူမှာ တောင်တစ်လုံးကဲ့သို့ ကြီးမားပြီး ဖောယောင်နေသော ခန္ဓာကိုယ်ရှိသည့် ဝတုတ်တုတ်လူကြီးဖြစ်၏။

သူ့ဗိုက်ကြီးမှာ ဧရာမခေါင်းအုံးကြီးတစ်ခုနှင့် တူနေသည်။

သူ့မျက်နှာမှာ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများဖြင့် ဖရိုဖရဲဖြစ်ကာ ရှုပ်ပွနေသော ဆံပင်များသည် ခံတပ်၏ တပ်မှူး (၁၀) ယောက်ထဲမှ တစ်ဦးဖြစ်သည့် အဆင့်မြင့်အရာရှိတစ်ဦးနှင့် လုံးဝ မတူပေ။

ဤသူကား လက်နက်တိုက်ကို တိုက်ရိုက်ကြီးကြပ်ရသူ—တပ်တွင်းတွင် ဗိုက်ပူတပ်မှုးဟု လျှို့ဝှက်နာမည်ပေးခြင်း ခံထားရသူ ဝမ်ရှင်းအန်း ပင် ဖြစ်တော့သည်။

All Chapters