← Chapters

အန်းဖန်၏ဘဝ

Vol. 28 Ch. 407

အန်းဖန်၏ဘဝ

Vol. 28 Ch. 407

လွန်ခဲ့သော သုံးနှစ်က ဤနတ်ဆိုးသည် စစ်မှန်သောနတ်ဆိုးသွေးကို ရရှိခဲ့ပြီး စစ်မှန်သောနတ်ဆိုးအဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့သည်။

လွန်ခဲ့သော တစ်နှစ်တွင်မူ မဟာမင်းနတ်ဆိုးကြီး၏ နှလုံးသွေးကိုပင် လက်ဆောင်ရရှိခဲ့ပြီး မင်းနတ်ဆိုး၏ အမွေခံတစ်ဦး ဖြစ်လာခဲ့လေ၏။ ဆဌမမြောက် မဟာမင်းနတ်ဆိုးကြီးမှာ ဤနတ်ဆိုးကို အလွန်အမင်း အလေးထားသဖြင့် ဤနတ်ဆိုးနန်းတော်တွင် နေထိုင်ခွင့် အခွင့်ထူးကိုပါ ပေးသနားထားခြင်း ဖြစ်သည်။ ၎င်းအပြင် သူသည် အရေးကြီးသော အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်သူလည်း ဖြစ်လေ၏။

စစ်မှန်သောနတ်ဆိုးအရှင်သခင်သည် ဝန်းတံခါးကို ညင်သာစွာ ခေါက်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။

"လေးစားရပါသော အန်းဖန်... ကျွန်တော် အန်းကျန့်ရှန်း အစီရင်ခံဖို့ ပြန်ရောက်ပါပြီ"

ဝန်းထဲမှ တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဝင်ခဲ့ပါ"

အန်းကျန့်ရှန်း အသံမထွက်အောင် ဖွဖွလေး လျှောက်လှမ်းဝင်လာပြီး အထဲ၌ ကျောက်ကုလားထိုင်ပေါ်တွင် မှီကာ စာအုပ်ကို အေးအေးလူလူ ဖတ်ရှုနေသည့် အရပ်ရှည်ရှည် ပါးပါးသွယ်သွယ် နတ်ဆိုးတစ်ဦးကို တွေ့လိုက်ရသည်။

သူသည် နတ်ဆိုးမျိုးနွယ် အများစုနှင့် အတော်လေး ကွာခြားနေ၏။ သူ၏ ခြေလက်များသည် ရှည်လျားသွယ်လျပြီး အသားအရည်မှာလည်း ပုံမှန်တွေ့နေကျ နက်မှောင်သော ခရမ်းရောင်မျိုး မဟုတ်ပေ။ နတ်ဆိုးတစ်ဦးထက် ခရမ်းပုပ်ရောင် အသားရှိသော လူသားတစ်ဦးနှင့် ပိုတူနေသည်။ သို့သော်လည်း အန်းကျန့်ရှန်း အနည်းငယ်မျှပင် မရိုမသေ မပြုရဲပေ။ ထိုသူ၏ ထိုးထွင်းဉာဏ်ကို သူကိုယ်တိုင် လက်တွေ့ကြုံဖူးထားပြီးသား ဖြစ်၏။ ထို့ပြင် ထိုသူပိုင်ဆိုင်သော အာဏာသည်လည်း သူ့လို စစ်မှန်သောနတ်ဆိုးအရှင်သခင်လေးတစ်ဦးကို လုံးဝနှိမ်နင်းနိုင်ရန် လုံလောက်လှသည်။

အန်းကျန့်ရှန်း ရိုသေစွာ ဦးညွှတ်လိုက်၏။

"လေးစားရပါသော အန်းဖန်... အရှင့်ရဲ့ စီစဉ်မှုအတိုင်း ကျွန်တော် နတ်ဆိုးသုတ်သင်ရေးမဟာမိတ်ကို ရွှမ်ဝူခံတပ်အထိ အောင်မြင်စွာ ထိုးဖောက် ဝင်ရောက်နိုင်အောင် လုပ်ခဲ့ပြီးပါပြီ… တိုးတက်မှုတွေကလည်း အားလုံးချောမွေ့နေပါတယ်"

အန်းဖန် ခေါင်းငြိမ့်ပြ၏။

"သူ့ကိုယ်သူ ရှောင်ဖန်လို့ ခေါ်တဲ့ အဲဒီလူသား နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက်ကိုရော ရှာတွေ့ပြီလား"

အန်းကျန့်ရှန်း လေသံတိုးတိုးဖြင့် ပြန်ဖြေ၏။

“ကျွန်တော်တို့ ရှာနေတုန်းပါပဲ… ဒါပေမဲ့ မကြာခင် ရှာတွေ့တော့မှာပါ"

အန်းဖန်၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။ သူ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်

"မင်း မြန်မြန်လုပ်ဖို့ လိုတယ်"

"လူသားတွေရဲ့ ခံတပ်ကြီးလေးခု ဖြစ်တဲ့ နဂါးပြာ၊ ကြက်ဖနီ ၊ ကျားဖြူ နဲ့ ရွှမ်ဝူထဲမှာ ကြက်ဖနီခံတပ်ရဲ့ အင်အားက တော်တော်လေး ကျဆင်းနေပြီ… နောက်တစ်လှည့်က ရွှမ်ဝူခံတပ်ပဲ"

"လူသားတွေနဲ့ သားရဲတွေကြားမှာ အမြဲတမ်း ပဋိပက္ခကြီးကြီးမားမား ရှိနေတာလေ… ရွှမ်ဝူခံတပ် အတိုက်ခံရရင် အနီးအနားမှာ သားရဲခံတပ်ရှိပေမဲ့ ပထမဆုံး ကူညီပေးမယ့်သူတော့ မဟုတ်ဘူး… သူတို့ အင်အားဖြည့်ပေးလာရင်တောင် ရွှမ်ဝူခံတပ် အကြီးအကျယ် ပျက်စီးသွားပြီးမှ ဖြစ်လိမ့်မယ်"

"ငါတို့က သားရဲမျိုးနွယ်တွေရဲ့ ဒီလိုအတွေးအခေါ်ကို အသုံးချပြီး ရွှမ်ဝူခံတပ်ကို တစ်ချက်တည်းနဲ့ အပြတ်အသတ် ချိုးဖျက်ပစ်ရမယ်… ဒါက ဖခမည်းတော်နတ်ဆိုး ကိုယ်တိုင် ဆုံးဖြတ်ထားတဲ့ မဟာဗျူဟာပဲ… နှောင့်နှေးလို့ မရဘူး"

အန်းဖန်သည် သူ၏ကုလားထိုင်ကို အန်းကျန့်ရှန်းဘက်သို့ တိုက်ရိုက်လှည့်လိုက်၏။ ထိုအကြည့်ဖြင့် စိုက်ကြည့်ခြင်းခံရသောအခါ အန်းကျန့်ရှန်း၏ နှလုံးသားထဲတွင် အေးစိမ့်သွားကာ ချက်ချင်းပင် ရိုသေစွာ ဦးညွှတ်မိလိုက်သည်။

“ဟုတ်ကဲ့ပါ… ကျွန်တော် နတ်ဆိုးသုတ်သင်ရေးမဟာမိတ်ကို အစီအစဉ် မြန်မြန်လုပ်ဖို့ တိုက်တွန်းပါ့မယ်"

"အလွန်ဆုံး နောက်ထပ်နှစ်ဝက်အတွင်းမှာ မဟာမိတ်အဖွဲ့ဝင် ငါးထောင်အထိ တိုးလာပါလိမ့်မယ်… ကျွန်တော်တို့က အထူးသဖြင့် အကာအကွယ်၊ အဂ္ဂိရက် နဲ့ လက်နက်သွန်းလုပ်ခြင်း အပိုင်းတွေမှာ ပါဝင်တဲ့ အဲဒီနတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက်တွေကို ထိန်းချုပ်နိုင်ဖို့ အဓိကထားသွားမှာပါ"

နတ်ဆိုးနှိမ်နင်းရေးခံတပ် တစ်ခုစီတွင် အစောင့်အရှောက်ပေါင်း နှစ်သောင်းခန့် ရှိသည်။ သားရဲခံတပ်အချို့တွင်မူ အရေအတွက် ပိုများသော်လည်း လေးသောင်းထက် မကျော်ပေ။ လူသားမျိုးနွယ်၏ ကြက်ဖနီခံတပ်မှာမူ အတိတ်က ပြင်းထန်သော ဖျက်ဆီးမှုဒဏ်ကို ခံခဲ့ရသဖြင့် အပြည့်အဝ ပြန်မကောင်းသေးဘဲ အစောင့်အရှောက် တစ်သောင်းငါးထောင်သာ ရှိ၏။ ရွှမ်ဝူခံတပ်တွင်မူ အလယ်အလတ်အင်အားဖြစ်သော အစောင့်အရှောက် နှစ်သောင်းငါးထောင် ရှိလေသည်။

အကယ်၍ နတ်ဆိုးသုတ်သင်ရေးမဟာမိတ်၌ အဖွဲ့ဝင်ငါးထောင်အထိ တိုးလာပြီး အကာအကွယ်၊ ဆေးလုံးဖော်စပ်ခြင်းနှင့် လက်နက်လုပ်ခြင်းပိုင်းတွင် ပါဝင်သူများကို ထိန်းချုပ်နိုင်လိုက်လျှင် ခံတပ်အတွင်း၌ အချိန်ကိုက်ဗုံးတစ်လုံး မြှုပ်ထားလိုက်သကဲ့သို့ ဖြစ်သွားမည်။ တစ်ချိန်တွင် ပေါက်ကွဲသွားပါက ကောင်းကင်တစ်ခုလုံး တုန်ဟိန်းသွားစေမည့် သက်ရောက်မှုရှိလိမ့်မည် ဖြစ်၏။

အန်းဖန် အနည်းငယ် ခေါင်းငြိမ့်ပြသည်။

"သွားတော့လေ"

အန်းကျန့်ရှန်း ရိုသေစွာ နှုတ်ဆက်ထွက်ခွါသွား၏။

"ဟုတ်ကဲ့ပါ ခင်ဗျာ”

သူထွက်သွားပြီးနောက် ဝန်းထဲတွင် ပြန်လည်တိတ်ဆိတ်သွားသည်။ အန်းဖန်လည်း ဖြည်းညင်းစွာ ထရပ်လိုက်ပြီး သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာ၏။

“စိတ်ဝင်စားဖို့ကောင်းလိုက်တာ... သူ့ကိုယ်သူ ရှောင်ဖန်လို့ ခေါ်တယ်တဲ့လား..."

"ငါ နတ်ဆိုးပင်လယ်ထဲမှာ ရှိနေတာ ကြာလွန်းလို့ ငါ့နာမည်ကိုတောင် ငါမေ့လုနီးပါး ဖြစ်နေပြီ… နတ်ဆိုးမျိုးနွယ်တွေရဲ့ ပါးစပ်ကနေ ရှောင်ဖန်ဆိုတဲ့ နာမည်ကို တစ်နေ့မှာ ပြန်ကြားရလိမ့်မယ်လို့ မထင်ထားမိဘူး… ဘယ်သူက ငါ့ကို မှတ်မိနေသေးတာလဲ"

"ငါ မင်းကို ရှာတွေ့တဲ့အခါကျရင် မင်းဆီကို သေချာပေါက် လူကိုယ်တိုင် လာလည်မယ်… မိတ်ဆွေဟောင်းကြီးရေ"

အန်းဖန် ငြိမ်သက်စွာ စဉ်းစားနေ၏။ ထိုစဉ် သူ၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု အလိုအလျောက် ပေါ်လာသည်။

"သူတော့ မဟုတ်နိုင်ပါဘူး"

"ရှန်မိုရဲ့ ကျင့်ကြံခြင်းအရှိန်က ဘယ်လောက်ပဲ အံ့သြဖို့ကောင်းနေပါစေ ဆယ်နှစ်ကျော်အတွင်းမှာ နတ်ဘုရားနန်းတော်အဆင့် ဒါမှမဟုတ် အရှင်သခင်အဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး… သူ နတ်ဆိုးပင်လယ်ကို ရောက်လာခဲ့ရင်တောင် အနည်းဆုံး နောက်ထပ် ဆယ်နှစ်လောက် ကြာဦးမှာ… အဲဒီအချိန်ကျရင် နတ်ဆိုးနှိမ်နင်းရေးခံတပ် ဆယ်ခုလုံး ရှိနေပါဦးမလားဆိုတာ ဘယ်သူသိမှာလဲ"

အန်းဖန် ခေါင်းကို ခါလိုက်ပြီး ထိုပုံရိပ်ကို စိတ်ထဲမှ မောင်းထုတ်လိုက်၏။ နတ်ဆိုးမျိုးနွယ်ဝင်တစ်ဦး ဖြစ်လာကတည်းက သူ ကြီးမားသော အင်အားကို ရရှိခဲ့သည်။ ယခုအခါ သူသည် သာမန်နတ်ဆိုးအရှင်သခင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။ မင်းနတ်ဆိုး၏ သွေးကို ရရှိပြီးနောက်တွင်လည်း သူ မင်းနတ်ဆိုး၏ အမွေခံများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။

သူသည် တစ်ချိန်က နတ်ဆိုးအသွင်ပြောင်းလူသား မျှသာ ဖြစ်ခဲ့သော်လည်း ယခုအခါ သူ့ အဆင့်အတန်းမှာ အလွန်မြင့်မားနေပြီ ဖြစ်သည်။ နတ်ဆိုးသုတ်သင်ရေးမဟာမိတ် ဖွဲ့ရန်ပင် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ညွှန်ကြားခဲ့၏။

ရှန်မိုသည် တစ်ချိန်က သူ၏စိတ်ထဲတွင် အိပ်မက်ဆိုးတစ်ခုလို ခြောက်လှန့်ခဲ့သူဖြစ်ပြီး ပျောက်ကွယ်သွားခဲ့သည်မှာ အလွန်ကြာလေပြီ။ အကယ်၍ သူသာ လက်ရှိရှန်မိုနှင့် ရင်ဆိုင်ရပါကလည်း လွယ်လွယ်ကူကူ သတ်ပစ်နိုင်သည်ဟု ယုံကြည်နေသည်။

"ရှန်မိုနဲ့ မရင်ဆိုင်ရတာ နှမြောဖို့ကောင်းတယ်"

အန်းဖန် ခပ်ဖွဖွပြုံးကာ စာအုပ်ကို ပြန်ဖတ်နေတော့သည်။ ရှန်မို့အကြောင်းကိုလည်း ဂရုမစိုက်တော့ပေ။

ရှန်မို၏ တဲအတွင်း၌မူ...

သူသည် ခုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။ နတ်ဘုရားမိုးကြိုးရေဓာတ်၏ အကူအညီဖြင့် နတ်ဘုရားနန်းတော် တည်ဆောက်မှုမှာ တစ်နေ့ထက်တစ်နေ့ မှန်မှန် တိုးတက်လာခဲ့၏။ တစ်နှစ်ကြာပြီးနောက်တွင်မူ သူ အဆုံးသတ်သို့ ချဉ်းကပ်လာခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားနန်းတော်မှာလည်း ပြီးစီးလုနီးပါး ဖြစ်နေလေပြီ။

ရှန်မို သူ၏ ပုံရိပ်ငယ် အတွင်းပိုင်းကို ကြည့်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်ပင်လယ်၏ အထက်တွင် ခန့်ညားထည်ဝါသော နန်းတော်ကြီးတစ်ခု တည်ရှိနေသည်။ ၎င်းသည် ပင်လယ်ပြင်ထက်တွင် လွင့်မျောနေသကဲ့သို့ ရှိပြီး ရှန်မို၏ စိတ်တစ်ခုတည်းဖြင့် နန်းတော်တံခါးကြီးများကို မြည်ဟီးသံနှင့်အတူ ဖြည်းညင်းစွာ ပွင့်သွားစေသည်။ ထိုအခါ ကျယ်ပြောပြီး ဗလာဖြစ်နေသော အတွင်းခန်းမကြီး ပေါ်လာ၏။

ခန်းမ၏ အလယ်ဗဟိုတွင် ခိုင်ခံ့မြဲမြံသော တာအိုစင်မြင့်တစ်ခု ရှိသည်။ ၎င်းသည် နတ်ဘုရားနန်းတော်၏ အခြေခံအုတ်မြစ်ပင် ဖြစ်၏။ ထိုတာအိုစင်မြင့် မပျက်စီးသရွေ့ နတ်ဘုရားနန်းတော်သည်လည်း မည်သည့်အခါမျှ ပြိုလဲမည်မဟုတ်ပေ။

တာအိုစင်မြင့်ပေါ်တွင် ထိုင်နေသည်မှာ မျက်စိမှိတ်ထားသော သူ၏ ခြေတည်ဝိညာဉ် ဖြစ်သည်။ ဝေဝါးပြီး အနှစ်သာရပြည့်သော ထိုဝိညာဉ်မှာ ရှန်မို၏ ဝိညာဉ်ပုံရိပ်ပင်။ ခြေတည်ဝိညာဉ်ကို ဝန်းရံထားသည်မှာ မီးတောက်သုံးမျိုး ဖြစ်သည်။ ကိုးဘုံငရဲ ရေခဲမီးတောက်၊ နေမင်းအနှစ်သာရမီးတောက် နှင့် ကြာနီမီးတောက်တို့ ဖြစ်ကြသည်။ ၎င်းတို့သည် စိတ်ဝိညာဉ်စွမ်းအားကို အမြဲတစေ စုပ်ယူနေပြီး ခြေတည်ဝိညာဉ်ကိုလည်း အပြန်အလှန် စောင့်ရှောက်ပေးနေလေ၏။

ထို့နောက် ရှန်မို နန်းတော်အတွင်းခန်းမကို ဝန်းရံထားသော နံရံများအား ကြည့်လိုက်သည်။ နံရံလေးဘက်စလုံးမှာ မည်သည့်အမှတ်အသားမျှမရှိဘဲ ပြောင်ချောနေ၏။ သူ ဘာမှမထွင်းထုလို၍ မဟုတ်ဘဲ ဤနံရံလေးဘက်မှာ ထူးခြားနေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် နောင်တွင် သဏ္ဌာန်ဖော်ကျင့်စဉ်များ ဖြစ်ပေါ်လာမည့် မျက်နှာပြင်များ ဖြစ်ကြ၏။ ထိုအရာမှာလည်း အခြေခံအုတ်မြစ်၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။

သဏ္ဌာန်ဖော်အဆင့်သည် နတ်ဘုရားနန်းတော်အဆင့်၏ နောက်ထပ်အဆင့်ဖြစ်သည်။ နတ်ဘုရားနန်းတော်အဆင့်တစ်ခုလုံး၏ အဓိကအချက်မှာ နှစ်ခုသာရှိသည်။ နန်းတော်ကို ချဲ့ထွင်ရန်နှင့် သဏ္ဌာန်ဖော်ကျင့်စဉ် ဖြစ်ပေါ်လာရန် လိုအပ်သော ရတနာများကို ရှာဖွေရန် ဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားနန်းတော်အဆင့် ကျင့်ကြံသူများသည် ယေဘုယျအားဖြင့် အရှင်သခင်အဆင့်ထက် အားနည်းတတ်ကြ၏။

နတ်ဆိုးနှိမ်နင်းရေးခံတပ်များတွင်လည်း နတ်ဘုရားနန်းတော်အဆင့် ကျင့်ကြံသူများကို အလေးအနက် သိပ်မထားကြပေ။ အဘယ်ကြောင့်ဆိုသော် များပြားလှသော စိတ်ဝိညာဉ်စွမ်းအင် သိုလှောင်နိုင်မှု၊ အားကောင်းသော ခြေတည်ဝိညာဉ်နယ်ပယ်နှင့် ဝိညာဉ်ကို ကာကွယ်သည့် နည်းလမ်းတို့မှအပ ကျန်ရှိသည်များမှာ မြုတေဖွဲ့စည်းခြင်းအဆင့်နှင့် သိပ်မကွာခြားသောကြောင့် ဖြစ်သည်။ သို့သော် နတ်ဘုရားနန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးသည် သဏ္ဌာန်ဖော်အဆင့်သို့ တက်လှမ်းလိုက်သည်နှင့် သူ၏ အင်အားမှာ မိုးထိအောင် မြင့်တက်သွားလိမ့်မည်။

ရွှမ်ဝူခံတပ်၏ နတ်ဆိုးနှိမ်နင်းရေးဗိုလ်ချုပ်ကြီး ကျန်းလုံရှန်းသည် သဏ္ဌာန်ဖော်အဆင့်မှ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်၏။ သူ၏ လက်ကွက်တစ်ကွက်ဖြင့် နဂါးဆင် သဏ္ဌာန်ကို ခေါ်ယူနိုင်ပြီး ကောင်းကင်ကို တုန်လှုပ်စေနိုင်သည်။ တိုက်ခိုက်မှုတိုင်းမှာ နတ်ဆိုးသောင်းချီကို သုတ်သင်ပစ်နိုင်သည်။

"နောက်ဆုံးခြေလှမ်း တစ်လှမ်းပဲ ကျန်တော့တယ်… အမိုးကို အဆုံးသတ်ဖို့ပဲ"

ရှန်မို စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး သူ၏ ကြိုးစားမှုကို အရှိန်မြှင့်လိုက်သည်။ နတ်ဘုရားနန်းတော်၏ အပေါ်ပိုင်းမှာ အလျင်အမြန် ပုံဖော်နေပြီး စိတ်ဝိညာဉ်စွမ်းအားဖြင့် ဖွဲ့စည်းထားသော အုတ်ကြွပ်ပြား တစ်ချပ်ပြီးတစ်ချပ်တို့ နန်းတော်၏အပေါ်တွင် နေရာတကျ ကျဆင်းလာသည်။

နောက်ဆုံးအုတ်ကြွပ်ပြား နေရာကျသွားလေသည်။

"ဝုန်း!"

နတ်ဘုရားနန်းတော်သည် ပြင်းထန်စွာ တုန်ခါသွား၏။

"ဝူး!"

တစ်ချိန်က ငြိမ်သက်နေသော စိတ်ဝိညာဉ်စွမ်းအင်ပင်လယ်သည် နန်းတော်ပြီးစီးမှုကို ဂုဏ်ပြုသည့်အလား လှိုင်းတံပိုးကြီးများ ထကြွလာသည်။ နန်းတော်အတွင်းတွင်လည်း မီးတောက်သုံးမျိုးသည် နန်းတော်၏ ဖွဲ့စည်းတည်ဆောက်မှုပြီးစီးခြင်းကို ခံစားမိသည့်အလား အနည်းငယ် တုန်ခါသွားကြ၏။

"ဂျိန်း!"

ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင်များသည် အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲထွက်သွားသည်။ သို့သော်လည်း ရှန်မို ကြိုတင်ချထားသော အကာအကွယ်များကြောင့် ၎င်းတို့ကို ချက်ချင်းပင် စုပ်ယူဖုံးကွယ်ထားလိုက်၏။

ယနေ့တွင် သူ နတ်ဘုရားနန်းတော်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ရှန်မို မျက်လုံးဖွင့်လိုက်သည်။ သူ၏ လက်ကို အလိုအလျောက် ဆန့်ထုတ်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်လုံးလေးတစ်ခု လက်ဖဝါးပေါ်တွင် ရုတ်တရက် ပေါ်လာသည်။ သို့သော် ထိုစွမ်းအင်အတွင်း၌ သေးငယ်သော ရွှေရောင်မိုးကြိုးမျှင်လေးများ ရှိနေ၏။ ၎င်းမှာ နတ်ဘုရားမိုးကြိုးအင်အားပင်။

All Chapters