နားလည်ပါပြီ ရှောင်ကျူးရာ
Vol. 28 Ch. 411
"ဗိုလ်ချုပ်ကြီးကျန်း... ဒီနေ့အတွက် စာတွေကို ကျွန်တော် ယူလာပေးပါတယ်"
ကျန့်ပိုင်ရှန့်မှ ရိုသေစွာ ပြောလိုက်သည်။
သူ့ရှေ့မှ လူသည် ရိုးရှင်း၍ သာမန်ကာလျှံကာ ပုံစံရှိသော်လည်း ရွှမ်ဝူခံတပ်၏ အမြင့်ဆုံးအာဏာကို ဆုပ်ကိုင်ထားသူ ဖြစ်သည်။ ကျန်းလုံရှန်း၏ လက်အောက်ရှိ တပ်မှူးများစွာထဲမှ တစ်ဦးဖြစ်သည့်အတိုင်း ကျန့်ပိုင်ရှန့်မှာ သူ့အပေါ် အလွန်အမင်း ကြည်ညိုလေးစားမှု ရှိလေသည်။
ကျန်းလုံရှန်း ခေါင်းပင်မဖော်ဘဲ ခပ်မှန်မှန် ခေါင်းငြိမ့်ပြလိုက်သည်။ ကျန့်ပိုင်ရှန့်သည် ဆက်၍စကားမပြောရဲတော့ဘဲ တိတ်ဆိတ်စွာပင် ဘေးတွင်ရပ်၍ စာများကို စတင်အမျိုးအစားခွဲခြားတော့၏။ သူသည် ကျန်းလုံရှန်း၏ ကာလရှည် လက်အောက်ငယ်သားဖြစ်ပြီး ဤမျှော်စင်ထဲသို့ ဝင်ခွင့်ရသည့် အနည်းငယ်သော လူများထဲမှ တစ်ဦးလည်း ဖြစ်သည်။
ညတိုင်း သေတ္တာထဲမှ စာများကို သိမ်းဆည်းပြီး ကျန်းလုံရှန်းထံသို့ ယူဆောင်လာပေးရန်မှာ သူ၏တာဝန် ဖြစ်သည်။ စင်စစ် ကျန်းလုံရှန်းသည် အလွန်အလုပ်များသူဖြစ်ရာ ပေးပို့လာသမျှ စာတိုင်းကို ဖတ်ရန် အချိန်မရှိပေ။ ထို့ကြောင့် ကျန့်ပိုင်ရှန့်မှ အခြေအမြစ်မရှိသော လျှောက်လဲချက်များကို ဦးစွာ စစ်ထုတ်ဖယ်ရှားပေးရသည်။
မကြာမီမှာပင် သူ စာပုံကြီးကို အမျိုးအစားခွဲပြီးသွား၏။ ထိုစဉ် စာအိတ်အထူကြီးတစ်အိတ်ကို သူ သတိပြုမိသွားသည်။ ၎င်းမှာ အခြားစာစောင် ဆယ်စောင်ကျော်စာခန့် ထူထဲနေသည်။ ကျန့်ပိုင်ရှန့် မျက်ခုံးပင့်သွားသည်။ သူ ဤစာအိတ်ကို "နတ်ဆိုးသတင်းပေးသူများ" သေတ္တာထဲမှ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
ဒါက... နည်းနည်းတော့ များလွန်းမနေဘူးလား။
ဒီလူက နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက် ဘယ်နှစ်ယောက်ကိုတောင် တိုင်ထားတာလဲ။
ဒါက မနာလိုစိတ်နဲ့ တစ်ဖက်လူကို မဟုတ်မမှန် စွပ်စွဲဖို့ ကြိုးစားတာများလား။
ကျန့်ပိုင်ရှန့် စာအိတ်ကိုဖွင့်၍ ဖတ်ရှုလိုက်သည်။ အမည်တစ်ခုပြီးတစ်ခု သူ၏မျက်စိရှေ့တွင် ဖြတ်ပြေးသွား၏။ ဖတ်လေလေ သူ ပို၍စိတ်မသက်မသာ ဖြစ်လာလေလေပင်။ နတ်ဆိုးသုတ်သင်ရေးအသင်း၏ အဖွဲ့ဝင်တိုင်းကို ခိုင်လုံသော အချက်အလက်များဖြင့် စာရင်းပြုစုထားသည်။ အားလုံးမှာ နတ်ဆိုးများ၏ ကပ်ပါးပြုခြင်း ခံထားရပုံရသည်။ စုစုပေါင်း အမည်ပေါင်း နှစ်ဆယ်ကျော် ရှိနေ၏။
သို့သော် နောက်ဆုံးအမည်ကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားတော့သည်။ သူ လုံးဝ တုန်လှုပ်သွားခမိ၏။ ထိုအမည်မှာ လင်းယွမ်ရှင်း။ သူ၏ တပ်မှူး (၁၆) ဦးထဲမှ တစ်ဦးပင် ဖြစ်သည်။
လင်းယွမ်ရှင်းမှာ အင်အားကြီးမားပြီး ကျန့်ပိုင်ရှန့် အားအကိုးရဆုံးသော တပ်မှူးတစ်ဦး ဖြစ်သည်။ သူသည် စစ်မှန်သောနတ်ဆိုးများအပါအဝင် မရေမတွက်နိုင်သော နတ်ဆိုးများကို သတ်ဖြတ်ကာ ကြီးမားသော စွမ်းဆောင်မှုများ ပြုလုပ်ခဲ့သူဖြစ်၏။ ဤမျှသစ္စာရှိသော နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်တစ်ဦးသည် ဟန်ဆောင်ထားသည့် နတ်ဆိုးတစ်ကောင် ဖြစ်နေနိုင်ပါ့မလား။
မဖြစ်နိုင်ဘူး။ လုံးဝကို မဖြစ်နိုင်ဘူး။
ကျန့်ပိုင်ရှန့်၏ ပထမဆုံး စိတ်အာရုံမှာ ထိုစာကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်ရန် ဖြစ်သည်။ ထိုစဉ် ကျန်းလုံရှန်း သူဖတ်နေသော စာလိပ်များကြားမှ ခေါင်းမော့လာပြီး သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"မင်းရဲ့ မျက်နှာပေးက သိသိသာသာ ပြောင်းသွားတာပဲ… ဘာကို တွေ့လိုက်လို့လဲ"
ကျန်းလုံရှန်း တည်ငြိမ်စွာ မေးလိုက်သည်။
သူ၏ အာရုံခံစားမှု အဆင့်အတန်းအရ ဘေးပတ်ဝန်းကျင်ရှိ သိမ်မွေ့သော စိတ်ခံစားချက် အပြောင်းအလဲများကို သိရှိရန်မှာ လွယ်ကူလှသည်။ ကျန့်ပိုင်ရှန့် တည်ငြိမ်အောင် ကြိုးစားထားသော်လည်း ဖုံးကွယ်၍ မရခဲ့ပေ။ အခြားရွေးချယ်စရာမရှိတော့သဖြင့် ကျန့်ပိုင်ရှန့် သူဖတ်ခဲ့သမျှကို ရိုးသားစွာ ရှင်းပြလိုက်ရသည်။
နောက်ဆုံးတွင် သူ၏မျက်နှာမှာ တင်းမာသွားပြီး
"ဒီတိုင်စာက သက်သက် လုပ်ကြံဖန်တီးထားတာပဲ… ဒီလောက် စွမ်းဆောင်မှုကြီးမားတဲ့ တပ်မှူးတစ်ယောက်ကို မဟုတ်မမှန် စွပ်စွဲရဲတာကတော့ အတော်ကို လွန်တယ်”
"ဒီစာကို ဘယ်သူရေးလဲဆိုတာသာ သိရင် သူ့ကို ဆွဲထုတ်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်"
ကျန်းလုံရှန်းမှာ လက်ချောင်းများဖြင့် စားပွဲကို ခပ်မှန်မှန် ခေါက်လိုက်ရင်း
"အဲဒီတိုင်စာ ငါ့ကို ပေးကြည့်ပါဦး"
ကျန့်ပိုင်ရှန့် အံ့သြသွားသော်လည်း တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် ကမ်းပေးလိုက်၏။
ကျန်းလုံရှန်းမှာ ထိုစာကို အလျင်အမြန်ပင် ဖတ်ရှုလိုက်သည်။ ဖတ်နေရင်းနှင့်ပင် သူ၏မျက်မှောင်များ စတင်ကြုတ်လာ၏။
ကျန့်ပိုင်ရှန့် ဘေးမှနေ၍
"ဗိုလ်ချုပ်ကြီးလည်း ဒါတွေက လုပ်ကြံထားတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေလို့ပဲ ထင်တယ်မဟုတ်လား"
ကျန်းလုံရှန်း ခေါင်းခါလိုက်သည်။
"အကျိုးအကြောင်း ခိုင်လုံပြီး ယုံကြည်စရာ ကောင်းနေတယ်"
"လင်းယွမ်ရှင်း သတ်ခဲ့တဲ့ စစ်မှန်သောနတ်ဆိုးတွေ အားလုံးက အတိတ်မှာ အန်းကျန့်ရှုံနဲ့ ရန်ငြိုးရှိခဲ့ဖူးသူတွေ ဒါမှမဟုတ် သူ့ကို စော်ကားခဲ့ဖူးသူတွေချည်းပဲ”
ကျန့်ပိုင်ရှန့် မျက်မှောင်ကြုတ်သွားသည်။
"ဒါပေမဲ့ ဒီအချက်အလက်တွေက အရမ်းကို အသေးစိတ်လွန်းနေတယ်… သာမန် နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက်တစ်ယောက်က ဒါတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ"
ကျန်းလုံရှန်း ခဏမျှ စဉ်းစားပြီးနောက်
"မင်း အခု ပြန်လို့ရပြီ"
"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်ကြီး"
ကျန့်ပိုင်ရှန့်သည် ဆက်၍ မမေးဝံ့ဘဲ ခေါင်းငြိမ့်ကာ ထွက်ခွာသွားသည်။
ကျန်းလုံရှန်းမှာ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူ၍ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်၏။ ခဏအကြာတွင် ထိုကျောက်စိမ်းပြားအတွင်းမှ ကတိုက်ကရိုက်အသံတစ်သံ ထွက်ပေါ်လာသည်။
"ဘာလို့ ငါ့ကို ဆက်သွယ်နေတာလဲ… ငါ ရန်သူ့နယ်မြေထဲမှာ ရောက်နေတာ… အကုန် ပေါ်ကုန်တော့မှာပဲ”
ကျန်းလုံရှန်း လေသံနှိမ့်၍
"အန်းကျန့်ရှုံဆိုတဲ့ နတ်ဆိုးအကြောင်း ငါ့အတွက် စုံစမ်းပေးစမ်းပါ… အတိတ်မှာ ဘယ်နတ်ဆိုးတွေက သူနဲ့ ရန်ငြိုးရှိခဲ့ဖူးလဲဆိုတာ ရှာပေး”
ထိုသူမှာ ဇဝေဇဝါဖြင့်
"အန်းကျန့်ရှုံလား… 'ကျန့်' ဆိုတဲ့ ဘွဲ့ပါတာကြည့်ရင် သူက စစ်မှန်သောနတ်ဆိုး အဆင့်လေးပဲ ရှိမှာပါ… ဒီလိုလူမျိုးအတွက် ငါ့ကို အဆက်အသွယ် လုပ်ခိုင်းတာလား"
ကျန်းလုံရှန်း၏ လေသံမှာ တည်ကြည်သွားသည်။
“ဒီကိစ္စက အလွန်အရေးကြီးတယ်… ရွှမ်ဝူခံတပ်ထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ပုန်းအောင်းနေတဲ့ နတ်ဆိုးတစ်ကောင်နဲ့ ပတ်သက်နေနိုင်တယ်"
ဤစကားကို ကြားလိုက်ရသောအခါ တစ်ဖက်လူ၏ လေသံမှာလည်း တည်ငြိမ်သွားသည်။
"နားလည်ပြီ… ငါ ချက်ချင်း စုံစမ်းလိုက်မယ်… တစ်ရက်လောက် အချိန်ပေး… ငါ အဖြေပြန်ပေးမယ်"
"ကောင်းပြီ… ကျေးဇူးပဲ ရှောင်ကျူး"
ကျန်းလုံရှန်း ပြုံး၍ ပြောလိုက်၏။
တစ်ဖက်လူမှာ ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်တော့သည်။
"ငါ့ကို ရှောင်ကျူးလို့ နောက်တစ်ခါ ထပ်ခေါ်ကြည့်စမ်း… ငါ ပြန်ရောက်လာတဲ့နေ့ကျရင် မင်းကို မြေကြီးထဲ နစ်သွားအောင် ထိုးပစ်မယ်!"
ကျန်းလုံရှန်း၏ အပြုံးမှာ ပို၍ပင် ကြီးမားသွား၏။
“ရပါပြီ ရှောင်ကျူးရာ… ဘာမှ မဖြစ်ပါဘူး ရှောင်ကျူးရဲ့”
ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ တစ်ဖက်လူမှာ အဆက်အသွယ် ဖြတ်တောက်သွားသည်။ ကျန်းလုံရှန်း၏ အမူအရာလည်း ချက်ချင်းပင် ပြောင်းလဲသွားကာ တည်ကြည်လေးနက်သွား၏။
အကယ်၍ ဤသတင်းအချက်အလက်များသာ မှန်ကန်ခဲ့လျှင် လင်းယွမ်ရှင်းမှာ ကြီးမားသော ခြိမ်းခြောက်မှုဖြစ်မည်မှာ သေချာသည်။ ထိပ်သီးနတ်ဆိုးအရှင်သခင်တစ်ဦးသည် ခံတပ်အပြင်ဘက်ရှိ နတ်ဆိုးတပ်များနှင့် ပူးပေါင်းလိုက်သည်နှင့် ရွှမ်ဝူခံတပ်အတွက် ပျက်စီးဆုံးရှုံးမှုမှာ တွက်ချက်၍ မရနိုင်လောက်အောင် ဖြစ်သွားလိမ့်မည်။ အကယ်၍ ထိုသူ နတ်ဆိုးမဟုတ်ခဲ့ပါက အဆင်ပြေမည် ဖြစ်သော်လည်း သူသာ နတ်ဆိုးဖြစ်နေခဲ့လျှင် စောစောစီးစီး ဖော်ထုတ်နိုင်ခြင်းမှာ အလွန်ကြီးမားသော အောင်ပွဲတစ်ခု ဖြစ်လာမည်။ ၎င်းမှာ နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက် ထောင်ပေါင်းများစွာ၏ အသက်ကို ကယ်တင်လိုက်ခြင်း ဖြစ်သလို သူ၏ ကိုယ်ပိုင်အသက်ကိုပါ ကယ်တင်လိုက်ခြင်း ဖြစ်နိုင်၏။
ကျန်းလုံရှန်း သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး စားပွဲရှေ့သို့ လျှောက်သွားကာ မှန်တစ်ချပ်ကို ခပ်ဖွဖွ လှည့်လိုက်သည်။ မှန်သည် လည်ပတ်သွားပြီးနောက် မျှော်စင်အဝင်ဝ၏ မြင်ကွင်းကို ရုတ်တရက် ပြသလာ၏။
"သန်းခေါင်ယံအချိန်ကို ပြန်လှည့်လိုက်… အစကနေ ပြန်ပြပေးပါ"
ကျန်းလုံရှန်း တိုးတိုးလေး ပြောလိုက်သည်။ မှန်ထဲမှ ပုံရိပ်မှာ ချက်ချင်းပင် နောက်ပြန်လှည့်သွားပြီး သန်းခေါင်ယံမှစ၍ ပြသတော့၏။ လူတစ်ဦးပြီးတစ်ဦး မျှော်စင်သို့ လာရောက်ကာ စာများ ထည့်သွားကြသည်။
နောက်ဆုံးတွင် ကျန်းလုံရှန်း၏ အကြည့်မှာ သစ်သားသေတ္တာထဲသို့ စာအိတ်ထူကြီးကို ထည့်လိုက်သည့် လူငယ် နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက်တစ်ဦးအပေါ်တွင် ရပ်တန့်သွား၏။
"မင်းက ဘယ်သူလဲ"
ကျန်းလုံရှန်းက အလွန်နုပျိုလွန်းသော ထိုမျက်နှာကို စိုက်ကြည့်ရင်း စဉ်းစားနေသည်။
တစ်ရက်အကြာတွင်။
ကျန်းလုံရှန်း "ရှောင်ကျူး" ထံမှ အဖြေကို ရရှိလေသည်။
"...ဒါတွေပါပဲ… ငါရှာတွေ့သမျှ အကုန်ပြောပြပြီးပြီ… ဒါပေမဲ့ ဒီအန်းကျန့်ရှုံက ပျောက်နေတာ ကြာပြီ… စစ်မြေပြင်မှာပဲ သေသွားပြီထင်တယ်"
ရှောင်ကျူး ဇဝေဇဝါဖြင့် ဆက်ပြောသည်။
"မင်းက သူ့ကို ဘာလို့ လိုက်ရှာနေရတာလဲ"
ကျန်းလုံရှန်း စားပွဲကို ခေါက်လိုက်ရင်း
"သူ မသေသေးဘူး"
ရှောင်ကျူး ခဏမျှ တိတ်သွားပြီးမှ
"မသေဘူးလား… ဒါဆို သူ ဘယ်မှာလဲ"
မေးပြီးချင်းမှာပင် လျှပ်စစ်စီးသွားသကဲ့သို့ တစ်စုံတစ်ခုကို သူ ရိပ်မိသွား၏။ ထို့နောက် လွှတ်ခနဲ အော်ပြောလိုက်မိသည်။
"သူ နတ်ဆိုးနှိမ်နင်းရေးခံတပ်ထဲမှာ ရောက်နေတာလား… မင်းရဲ့ ရွှမ်ဝူခံတပ်ထဲမှာလား"
ကျန်းလုံရှန်း တည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။
“မင်း ခန့်မှန်းတာ မှန်တယ်… ခံတပ်ထဲမှာ ပုန်းနေတဲ့ ထိပ်သီးနတ်ဆိုးအရှင်သခင်က ထွက်ပြေးသွားပြီလို့ အရင်က ထင်ခဲ့တာ… ဒါပေမဲ့ အခုတော့ ငါ သိပြီ… သူ ဒီမှာ ရှိနေတုန်းပဲ… ပြီးတော့ သူက ငါ့ရဲ့ တပ်မှူးတွေထဲက တစ်ယောက် ဖြစ်နေတယ်… စစ်မြေပြင်မှာ နတ်ဆိုးတွေကို ရဲရဲဝံ့ဝံ့ သတ်ဖြတ်ခဲ့တဲ့ ပြောင်မြောက်တဲ့ မှတ်တမ်းရှိတဲ့ တပ်မှူးတစ်ယောက်ပေါ့"
ရှောင်ကျူး မျက်မှောင်ကြုတ်လိုက်သည်။
“ငါ နားလည်ပြီ… သူသတ်ခဲ့တဲ့ နတ်ဆိုးအများစုက သူ့ရဲ့ ရန်သူဟောင်းတွေ ဖြစ်နေမှာပဲ… သူ့ရာထူးကို အသုံးချပြီး အငြိုးဟောင်းတွေ ဖြေရှင်းတာပေါ့... သူက တော်တော် လည်တာပဲ"
ကျန်းလုံရှန်း သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်သည်။
“ဒါတွေ ထားလိုက်ပါဦး… မင်းရဲ့ တာဝန်ကရော ဘယ်လိုရှိလဲ"
ရှောင်ကျူး တည်ငြိမ်စွာဖြင့်
"တိုးတက်မှု မရှိဘူး… ပိုပြီး နက်နက်ရှိုင်းရှိုင်းကို ဝင်လို့ မရဘူးဖြစ်နေတယ်… ဒါကြောင့် မသေမျိုးနတ်ဆိုးဧကရာဇ် အမှန်တကယ် ရှိမရှိ ဆိုတာကို အတည်မပြုနိုင်သေးဘူး… ဆက်မပြောတော့ဘူးကွာ… ဒီလို ဆက်သွယ်တာက အန္တရာယ်များတယ်… ငါ အရင် မဆက်သွယ်မချင်း ငါ့ကို ထပ်မဆက်သွယ်နဲ့တော့”
ကျန်းလုံရှန်း ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းပြီ… ဂရုစိုက်ပါ"
ထို့နောက် အဆက်အသွယ် ဖြတ်တောက်သွားသည်။ ကျန်းလုံရှန်း မီးရောင်များ လင်းထိန်နေသည့် ရွှမ်ဝူခံတပ်ကို လှမ်းကြည့်လိုက်ရာ သူ၏မျက်လုံးများမှာ နက်ရှိုင်းပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။
"လင်းယွမ်ရှင်းက အန်းကျန့်ရှုံပဲ… ပြီးတော့ အဲဒီစာရင်းကလည်း အစစ်အမှန်ပဲ"
"ဖမ်းဆီးဖို့ အချိန်တန်ပြီ"
ထိုသို့ပြောပြီးသည်နှင့် ကျန်းလုံရှန်းသည် ရှေ့သို့ ခုန်ထွက်လိုက်ကာ ပေတစ်ရာကျော် မြင့်သော မျှော်စင်ပေါ်မှ တိုက်ရိုက် ခုန်ဆင်းသွားလေတော့သည်။