ရှီမိုင်၏ဒေါသ
Vol. 28 Ch. 413
ထန်ရှန့်ထင် သူ၏လက်သီးကို ပြန်ရုပ်သိမ်းကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ကောင်းကင်ဘုံ ရွှေရောင်အဆင့်စာရင်းကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
ဘေးနားရှိ နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက် ပြောခဲ့သည့်အတိုင်းပင်။ လူသားအဆင့်သတ်မှတ်ချက်၏ ဒုတိယနေရာမှာ သွေးနတ်ဘုရားခံတပ်မှ ရှီမိုင်အစား လုံးဝစိမ်းသက်သော အမည်တစ်ခုဖြင့် အစားထိုးခံလိုက်ရပြီဖြစ်၏။
"ရွှမ်ဝူခံတပ်၊ အဝါရောင်အဆင့် နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက်၊ ရှန်မိုလား"
ထန်ရှန့်ထင် ဤအမည်ကို ရွတ်ဆိုရင်း အလွန်အမင်း အံ့အားသင့်နေမိသည်။
ဘယ်တုန်းကများ အဝါရောင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်တစ်ယောက်က လူသားအဆင့်သတ်မှတ်ချက်ရဲ့ ဒုတိယနေရာကို ရောက်နိုင်သွားတာလဲ။
ဒုတိယနေရာကို ထားပါဦး… အဝါရောင်အဆင့် အစောင့်အရှောက်များအတွက် အဆင့် နှစ်ရာအတွင်း ဝင်ရန်ပင် အလွန်တရာ ရှားပါးလှသည်။ လူသားအဆင့်သတ်မှတ်ချက်တစ်ခုလုံးတွင် အမည်ပေါင်း တစ်ထောင်ပါဝင်ပြီး ထိပ်ဆုံး ရှစ်ရာမှာ အနက်ရောင်အဆင့် အစောင့်အရှောက်များသာ ဖြစ်ကြသည်။ အချို့နှစ်များတွင် လူသားအဆင့်သတ်မှတ်ချက်တစ်ခုလုံးမှာ အနက်ရောင်အဆင့် အမည်များဖြင့်သာ ပြည့်နှက်နေတတ်၏။ စင်စစ် ခံတပ် ဆယ်ခုစလုံးတွင် နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက် အနည်းဆုံး သုံးသိန်းခန့် ရှိသည်။
အဝါရောင်အဆင့် အစောင့်အရှောက်တစ်ဦးအနေဖြင့် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် ကံတရားမျိုး မရှိပါက အနက်ရောင်အဆင့်ထက် စွမ်းဆောင်မှုရမှတ်များ ပိုမိုရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထန်ရှန့်ထင်မှာ ရှီမိုင်နှင့် အလွန်ရင်းနှီးသည်။ ရှီမိုင်၏ စစ်မှုထမ်းစွမ်းဆောင်မှုများမှာ သူ့နောက်သို့ အမြဲတစေ ထပ်ကြပ်မကွာ လိုက်ပါနေခဲ့ခြင်း ဖြစ်၏။ ယခုမူ ဤရှန်မိုဆိုသူက ရှီမိုင်ကို ရုတ်တရက် ကျော်တက်သွားခြင်းမှာ သူ့ကို ဇဝေဇဝါ ဖြစ်စေလေသည်။ ပို၍အရေးကြီးသည်မှာ သူ ဤလူ့အမည်ကို တစ်ခါမျှ မကြားဖူးခြင်းပင်။
သူက ရွှမ်ဝူခံတပ်က ဖုံးကွယ်ထားတဲ့ လူတော်တစ်ယောက်များလား။
"ဒီရှန်မိုအကြောင်းကို စုံစမ်းကြည့်လိုက်စမ်း… သူက ဘယ်သူလဲဆိုတာ သိချင်တယ်"
ထန်ရှန့်ထင် ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
မမျှော်လင့်ဘဲ ဒုတိယနေရာ ရသွားသူရှိခြင်းမှာ သူ့ကို အံ့သြစေရုံမျှသာ ဖြစ်ပြီး အရမ်းတော့ ဂရုမစိုက်ပါ။ သူသည် လူသားအဆင့်သတ်မှတ်ချက်၏ ပထမနေရာကို ဆယ်နှစ်တိတိ စိုးမိုးထားခဲ့သူ ဖြစ်ပြီး ရှီမိုင်အား အသက်ရှူရကျပ်အောင်ပင် ဖိနှိပ်ထားခဲ့သည်။ မည်သူမျှ သူ့ကို မကျော်တက်နိုင်ခဲ့ပေ။ ရှန်မိုလည်း ကျော်တက်နိုင်လိမ့်မည် မဟုတ်။
ရွှေရောင်အဆင့်သတ်မှတ်ချက် သုံးခု၏ ပထမနေရာကို ရရှိသူများသည် လစဉ် စစ်မှုထမ်းရမှတ် ဆုကြေးများ ရရှိရုံသာမက နှစ်စဉ် အရေးကြီးသော ရတနာတစ်ခုကိုလည်း ချီးမြှင့်ခံရသည်။ နှစ်တစ်နှစ်၏ အကုန်တွင် လူသားအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာ ရရှိသူသည် စိတ်အာရုံပုံရိပ်ယောင်ကျမ်း တစ်စောင်ကို ရရှိလိမ့်မည်။ ထိုကျမ်း၏ ပါဝင်မှုကို မသိရသော်လည်း ထိပ်ဆုံးရသူသည် ယေဘုယျကျသော တောင်းဆိုချက်တစ်ခုကို တင်ပြနိုင်၏။ ထိုကျမ်းမှာ နတ်ဘုရားနန်းတော်အဆင့် နှင့် အရှင်သခင်အဆင့်ရှိ ကျင့်ကြံသူများပင် မက်မောကြသော ရတနာဖြစ်သည်။ ၎င်းမှာ ထိုအဆင့်ရှိသူများအတွက် ဓမ္မပုံရိပ် တစ်ခုကို ခိုင်မာအောင် ပြုလုပ်ရာတွင် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်လေ၏။
ထန်ရှန့်ထင်သည် လူသားအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးတွင် နောက်ထပ် နှစ်အနည်းငယ် ထပ်နေပြီး စိတ်အာရုံပုံရိပ်ယောင်ကျမ်းများ ပိုမိုစုဆောင်းနိုင်ရန်အတွက် သူ၏ ကျင့်ကြံမှုကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ထားခြင်း ဖြစ်၏။ အစွမ်းထက်ဆုံးသော ဓမ္မပုံရိပ်ကို ဖန်တီးနိုင်ရန်အတွက်ပင်။ ဓမ္မပုံရိပ်အဆင့်သို့ ရောက်သည်နှင့် အင်အား ကြီးမားစွာ ခုန်ပျံတိုးတက်သွားမည်ဖြစ်သည်။ သူ့တွင် ဤစွမ်းရည်ရှိနေသဖြင့် အစွမ်းထက်ဆုံးသော ဓမ္မပုံရိပ်ကို ရရှိရန် သူ သန္နိဋ္ဌာန်ချထား၏။ ထို့ထက် နိမ့်ကျသော အရာကို သူ အခြေမချလိုပေ။
"လေ့ကျင့်တာ ဆက်လုပ်မယ်"
ထန်ရှန့်ထင် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။ ထို့နောက် လေနှင့် မိုးကြိုးသံများ ပါဝင်သော သူ၏ လက်သီးချက်သည် သစ်သားရုပ်တုကို ပြင်းထန်သော အားဖြင့် ရိုက်ခတ်သွားလေတော့၏။
...
သွေးနတ်ဘုရားခံတပ်။
ဤခံတပ်တစ်ခုလုံးမှာ မည်သည့်အခါမျှ မခြောက်သွေ့သော သွေးလွှာတစ်ခု ဖုံးလွှမ်းထားသကဲ့သို့ နီရဲနေသည်။ ၎င်းမှာ နတ်ဆိုးမျိုးနွယ် ခံတပ်လေးခုထဲတွင် အင်အားအကြီးဆုံးလည်း ဖြစ်၏။ သွေးနတ်ဘုရားခံတပ်၏ အမြင့်ဆုံးနေရာတွင် ကြီးမားလှသော သိုင်းလေ့ကျင့်ရေးကွင်းတစ်ခု ရှိသည်။ ဤလေ့ကျင့်ရေးကွင်းမှာ ခြင်္သေ့မျိုးနွယ်၏ တိုက်ရိုက်သွေးမျိုးဆက်များအတွက်သာ သီးသန့်ဖြစ်သည်။ အခြား မည်သည့်နတ်ဆိုးမျိုးနွယ်မျှ အနားမကပ်ရဲကြပေ။ ခြင်္သေ့မျိုးနွယ်၏ သွေးနှောအနွယ်များပင် ဝင်ခွင့်မရှိကြ။
ယခုအချိန်တွင် အားကစားကွင်း၏ အလယ်ဗဟို၌ ပုံရိပ်နှစ်ခု တိုက်ခိုက်နေကြသည်။ တစ်ခုမှာ ရွှေရောင်အမွေးများ ဖုံးလွှမ်းနေသော ခြင်္သေ့ကြီးတစ်ကောင် ဖြစ်ပြီး အခြားတစ်ခုမှာ ကြီးမားလှသော ဝက်ဝံနက်ကြီး တစ်ကောင်ဖြစ်သည်။ ခြင်္သေ့မှာ ကြီးမားသော်လည်း ဝက်ဝံထက် အနည်းငယ် ပိုသေးငယ်နေသေးသည်။ သို့သော် ဝက်ဝံကြီးမှာ ထွားကျိုင်းသော်လည်း တစ်ချိန်လုံး အရှုံးပေးနေရ၏။ မကြာမီမှာပင် ဝက်ဝံ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပြည့်နှက်သွားသည်။ သူသည် နာကျင်စွာ အော်ဟစ်ရင်း နောက်သို့ ဆုတ်ခွာနေတော့သည်။
"သခင်လေး... တော်ပါတော့… ကျွန်တော် အရှုံးပေးပါတယ်… ကျွန်တော် အရှုံးပေးပါတယ်”
ထိုအခါမှသာ ခြင်္သေ့ကြီးသည် ကျယ်လောင်စွာ ရယ်မောရင်း နောက်သို့ ခုန်ဆုတ်လိုက်၏။ သူ၏ သွားများနှင့် ခြေသည်းများတွင် သွေးများ စိုရွှဲနေလေသည်။ သူကား သွေးနတ်ဘုရားခံတပ်၏ နတ်ဆိုးနှိမ်နင်းရေးဗိုလ်ချုပ်ကြီး ရှီထျန်း၏ စတုတ္ထမြောက် တိုက်ရိုက်မျိုးဆက်ဖြစ်သော ရှီမိုင်ပင် ဖြစ်သည်။ မြေပြင်ပေါ်ရှိ ဝက်ဝံကြီးမှာ ရှုံတ ဖြစ်ပြီး ရှီမိုင်နှင့်အတူ ကြီးပြင်းလာသူ ဖြစ်သဖြင့် ဤကွင်းအတွင်း လေ့ကျင့်ခွင့် ရရှိထားခြင်း ဖြစ်လေ၏။
ရှုံတ ရယ်မောလျက်
“သခင်လေးက အရမ်း အစွမ်းထက်တာပဲ… အခု လူသားအဆင့်သတ်မှတ်ချက် ထွက်လာပြီဆိုတော့ သခင်လေးပဲ ပထမ ရမှာ သေချာတယ်"
ထိုစကားကြောင့် ရှီမိုင် နှာခေါင်းရှုံ့လိုက်သည်။
"ဘာတွေ လျှောက်ပြောနေတာလဲ… လူသားတွေ ပြောသလိုပဲ... 'သတင်းကြားရင် လူကိုမြင်ရမယ်' တဲ့”
"ထန်ရှန့်ထင်ရဲ့ အင်အားက ကြောက်စရာကောင်းတယ်… သူ့ရဲ့ စွမ်းဆောင်မှုရမှတ်တွေက ငါ့ကို ဆယ်နှစ်လောက် ဖိနှိပ်ထားခဲ့တာ"
"နှမြောဖို့ ကောင်းတာက... လူသားအဆင့်သတ်မှတ်ချက် ပထမနေရာအတွက် ပေးတဲ့ စိတ်အာရုံပုံရိပ်ယောင်ကျမ်းကို ငါ အခုထိ မရသေးတာပဲ..."
ရှုံတ အလျင်အမြန် ပြောလိုက်သည်။
"သခင်လေးက ပြိုင်ဘက်ကင်းတဲ့ သူရဲကောင်းပဲ… တစ်နေ့ကျရင် ထန်ရှန့်ထင်ကို ကျော်တက်သွားမှာပါ”
"ဒါ့အပြင် ထန်ရှန့်ထင်က ကျင့်ကြံမှုကို ထိန်းချုပ်ထားတာ ကြာပြီလို့ ကြားတယ်… သူ နောက်ထပ် အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်တော့ဘူးလို့ ကျွန်တော် ထင်ပါတယ်"
ရှီမိုင် ခေါင်းငြိမ့်ပြလိုက်သည်။
"အဲဒီလိုပဲ မျှော်လင့်ရမှာပဲ"
ထိုစဉ် ကောင်းကင်ယံ၌ ရွှေရောင်အလင်းတန်းများ လျှပ်ခနဲ ပေါ်လာ၏။ ရှုံတမှာ စိတ်လှုပ်ရှားစွာဖြင့်
"သခင်လေး... လူသားအဆင့်သတ်မှတ်ချက် ထွက်လာပြီ… ဟဲဟဲ... ကျွန်တော်ရော ဒီတစ်ခါ အဆင့်တစ်ရာထဲ ပါမလား မသိဘူး"
ရှီမိုင်မှာမူ ကြည့်ရန်ပင် စိတ်မပါဘဲ ခန္ဓာကိုယ်မှ သွေးများကို ရေဖြင့် ဆေးကြောရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ရှုံတ ရုတ်တရက် အံ့သြတုန်လှုပ်ကာ ကြောင်အသွားတော့သည်။
"သ... သခင်လေး… ဒုတိယနေရာ... ဒုတိယနေရာက..."
ရှီမိုင် စိတ်မရှည်စွာဖြင့်
"ဘာဖြစ်လို့လဲ"
ရှုံတ အလျင်အမြန် ပြန်ဖြေသည်။
"ဒုတိယနေရာက သခင်လေး မဟုတ်တော့ဘူး… ရွှမ်ဝူခံတပ်က အဝါရောင်အဆင့် နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက် တစ်ယောက် ဖြစ်နေပြီ”
ရှီမိုင် လုံးဝ အံ့အားသင့်သွားပြီး ချက်ချင်းပင် လှည့်ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် ကောင်းကင်ယံရှိ ကြီးမားလှသော ရွှေရောင်အဆင့်သတ်မှတ်ချက်တွင် ဒုတိယနေရာ၌ ရှိနေသော အမည်မှာ ရွှမ်ဝူခံတပ်မှ အဝါရောင်အဆင့် နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက် တစ်ဦး ဖြစ်နေသည်။
ထိုအမည်မှာ "ရှန်မို" ဖြစ်၏။
ရှီမိုင်မှာမူ ယခု တတိယနေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ဘာတွေ ဖြစ်နေတာလဲ"
ရှီမိုင် စွံ့အသွားသည်။ သူ နားမလည်နိုင် ဖြစ်နေရ၏။ ဤလူ ဘယ်ကနေ ရုတ်တရက် ပေါ်လာတာလဲ။ လွန်ခဲ့သော ဆယ်ရက် ရွှေရောင်အဆင့်သတ်မှတ်ချက် ပေါ်ခဲ့စဉ်က ဤအမည် မပါဝင်ခဲ့ပေ။
ဘယ်လိုလုပ်ပြီး လူတစ်ယောက်က ဆယ်ရက်အတွင်း ဒုတိယနေရာကို ရုတ်တရက် ရောက်သွားနိုင်တာလဲ။
ဒါက တကယ်ကို မယုံနိုင်စရာပဲ။
ရှုံတသည်လည်း ခေါင်းကို ကုတ်ရင်း ဇဝေဇဝါ ဖြစ်နေရှာသည်။
"သွားစုံစမ်းစမ်း... အခုချက်ချင်း… ဒီရှန်မိုအကြောင်း အကုန်သိချင်တယ်"
ရှီမိုင် ဟိန်းဟောက်လိုက်သည်။ ရှုံတ ချက်ချင်း ခုန်ထလိုက်ပြီး ခေါင်းကို အဆက်မပြတ် ငြိမ့်ပြလေ၏။
ရှီမိုင် မျက်နှာအတော်ပျက်သွားသည်။
ဒီရှန်မိုဆိုတာ တကယ့်ကို ဘယ်သူလဲ။
အရမ်း ထူးဆန်းလွန်းတယ်။
ဤမြင်ကွင်းမျိုးသည် ခံတပ်အားလုံးတွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေ၏။ နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက်တိုင်းမှာ ဇဝေဇဝါ ဖြစ်နေကြသည်။
ဒုတိယနေရာတွင် ရုတ်တရက် ပေါ်လာသည့် ဤရှန်မိုမှာ မည်သူနည်း။
နဂါးခံတပ်မှ အောင်းရန်၊ ရှောက်ယွဲ့ခံတပ်မှ လန်ဖော်၊ သွေးနတ်ဘုရားခံတပ်မှ ဟူရှား နှင့် ကောင်းကင်ဘုံ လူသားအဆင့်သတ်မှတ်ချက်ရှိ အခြားသော ထိပ်တန်း အစောင့်အရှောက်အားလုံးသည် မှင်တက်စွာ စိုက်ကြည့်နေကြ၏။ သူတို့အားလုံးလည်း ရှန်မိုဆိုသည်မှာ မည်သူနည်းဟု သိချင်နေကြသည်။
...
ရွှမ်ဝူခံတပ်။
လီဟိုင်ထန်းသည် လူသားအဆင့်သတ်မှတ်ချက်၏ အပြောင်းအလဲကို တွေ့လိုက်ရပြီး ရင်းနှီးသော အမည်တစ်ခုကို မြင်လိုက်ရသည်။ သူ မယုံကြည်နိုင်သဖြင့် မျက်လုံးကို ပွတ်ပြီး နာမည်တူ လူတစ်ယောက် ဖြစ်နေမလားဟု ထပ်ခါတလဲလဲ စစ်ဆေးကြည့်သည်။ သို့သော် "ရွှမ်ဝူခံတပ်၊ အဝါရောင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်" ဟု အတည်ပြုပြီးနောက်တွင် သူ အံ့သြတုန်လှုပ်ကာ ထခုန်လိုက်မိတော့သည်။
"ဟား... ဒုက္ခပဲ… အစ်ကိုရှန်က လူသားအဆင့်သတ်မှတ်ချက်ထဲ ပါသွားပြီ”
သူ ချက်ချင်းပင် ဆူညံပွက်လောရိုက်တော့သည်။ လီဟယ်၊ စွန်းခုန်နှင့် ကျောက်ရှင်းတို့အားလုံးလည်း မှင်တက်သွားကြ၏။
လီတန့်ယွဲ့သည် ကျင့်ကြံနေစဉ်ဖြစ်သော်လည်း ဆူညံသံကြားသဖြင့် တဲအပြင်သို့ ထွက်လာခဲ့သည်။
"ဘာ… ရှန်မိုက လူသားအဆင့်သတ်မှတ်ချက်ထဲ ပါတယ် ဟုတ်လား… မဖြစ်နိုင်တာ"
လီတန့်ယွဲ့ ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
"ငါ ခန့်မှန်းကြည့်ရမလား... အဆင့် ကိုးရာကျော်လောက်မှာလား"
"အဝါရောင်အဆင့် အစောင့်အရှောက်တစ်ယောက် လူသားအဆင့်သတ်မှတ်ချက်ထဲ ပါဖို့ဆိုတာ မယုံနိုင်လောက်အောင် ခက်ခဲတာ"
"ဒါပေမဲ့ ဒါက ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခြင်းကသာ စာရင်းထဲပါဖို့ တစ်ခုတည်းသော နည်းလမ်းဆိုတာ ပြနေတာပဲ… မင်းတို့အားလုံး ရှန်မိုဆီက သင်ယူရမယ်"
လီဟိုင်ထန်း တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။
“ခေါင်းဆောင်... လူသားအဆင့်သတ်မှတ်ချက်ရဲ့ ဒုတိယနေရာကို ရဲရဲဝံ့ဝံ့ တိုက်ရုံနဲ့ ရောက်နိုင်တယ်လို့ သေချာရဲ့လား"
"ဒီလောက် စွမ်းဆောင်မှုရမှတ်မျိုးဆိုရင် ထိပ်သီးစစ်မှန်သောနတ်ဆိုးအရှင်သခင်တစ်ယောက်ကို သတ်မှ ရနိုင်တာဗျ”
လီဟယ်၊ စွန်းခုံနှင့် ကျောက်ရှင်းတို့သည်လည်း စာရင်းကို မြင်လိုက်ရပြီး လုံးဝ တုန်လှုပ်သွားကြသည်။ သူတို့ လုံးဝ မယုံနိုင် ဖြစ်နေကြသည်။
ထိုအချိန်တွင် ရှန်မိုသည် တဲအတွင်းမှ လမ်းလျှောက်ထွက်လာသည်။ လူသားအဆင့်သတ်မှတ်ချက်တွင် သူကိုယ်သူ ဒုတိယနေရာ၌ တွေ့လိုက်ရသောအခါ အနည်းငယ် မျက်နှာပျက်သွားသည်။ သူ စစ်မှုထမ်းရမှတ်များစွာ သုံးစွဲခဲ့ပြီးဖြစ်သော်လည်း ဒုတိယနေရာတွင် ရှိနေဆဲဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ တွက်ချက်မှု မှားယွင်းသွားခဲ့၏။ သူသာ သိခဲ့လျှင် အဆင့် တစ်ရာဝန်းကျင်လောက်မှာ နေနိုင်ရန် ရမှတ်များကို အနည်းငယ် ပိုသုံးလိုက်မိမှာ သေချာသည်။ ရှန်မို အနည်းငယ် အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ လူသားအဆင့်သတ်မှတ်ချက်တွင် တိကျသော စစ်မှုထမ်းရမှတ်များကို မဖော်ပြဘဲ အဆင့်ကိုသာ ဖော်ပြ၏။ ပထမနှင့် ဒုတိယနေရာကြား ကွာဟချက်မှာ ဤမျှ သေးငယ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လီဟိုင်ထန်း၊ လီတန့်ယွဲ့နှင့် အခြားသူများသည် မျက်လုံးများ တောက်ပလျက် ရှန်မို၏ အနားသို့ အမြန်စုရုံးလာကြလေသည်။
“အစ်ကိုရှန်… တကယ်ပဲ ဘာတွေလုပ်ခဲ့တာလဲ”