← Chapters

မင်း ရှေ့တန်းမှာ မနေနဲ့တော့

Vol. 28 Ch. 414

မင်း ရှေ့တန်းမှာ မနေနဲ့တော့

Vol. 28 Ch. 414

ရှန်မို အားကိုးရာမဲ့သလို ပြုံးလိုက်မိသည်။ ရွှေရောင်အဆင့်သတ်မှတ်ချက်စာရင်း ရှိနေသရွေ့ သူ ဤမျှများပြားသော စစ်မှုထမ်းရမှတ်များ ရရှိခဲ့သည့်အချက်ကို ဖုံးကွယ်ထား၍ မရနိုင်မှန်း သူသိသည်။ ထို့ကြောင့်လည်း အစကတည်းကပင် အသင့်ပြင်ထားခဲ့ပြီး ဖြစ်၏။

သို့သော် သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် လူတစ်စု စခန်းဘက်သို့ အလွန်အမင်း အလျင်အမြန် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ထိုလူအုပ်၏ ရှေ့ဆုံးတွင်မူ ရှန်မို၏ လူတစ်ရာတပ်စိတ်မှ တပ်မှူး နင်ထျန်းယင်း ကိုယ်တိုင် ပါလာခဲ့သည်။

လီတန့်ယွဲ့နှင့် အခြားသူများ ချက်ချင်းပင် ကျောကိုဆန့်ကာ မတ်မတ်ရပ်လိုက်ပြီး

"နှုတ်ခွန်းဆက်သပါတယ် တပ်မှူးနင်”

အားလုံး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ ဝက်ဝံကြီးတစ်ကောင်ကဲ့သို့ ထွားကျိုင်းသော ခန္ဓာကိုယ်ရှိသည့် ဤအမျိုးသမီးသည် ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်ပြီး ရှန်မိုကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်၏။

"ရှန်မို... ငါနဲ့ လိုက်ခဲ့"

“ဗိုလ်ချုပ်ကြီးကျန်းက မင်းကို တွေ့ချင်နေတယ်"

လီတန့်ယွဲ့နှင့် အခြားသူများ မှင်တက်သွားကြသည်။ "ဗိုလ်ချုပ်ကြီးကျန်း ဟုတ်လား"

သို့သော် ရှန်မိုကမူ ခေါင်းငြိမ့်ရုံသာ ငြိမ့်ပြလိုက်သည်။

"ကောင်းပါပြီ”

အကယ်၍ ရှန်မိုသည် လူသားအဆင့်သတ်မှတ်ချက်တွင် ဒုတိယရနေပါလျက်နှင့် ကျန်းလုံရှန်းအနေဖြင့် ဤသတင်းအချက်အလက်များကို အမည်မသိ ပေးပို့ခဲ့သူမှာ ရှန်မိုဖြစ်ကြောင်း မခန့်မှန်းနိုင်ခဲ့လျှင် ဤနတ်ဆိုးနှိမ်နင်းရေးဗိုလ်ချုပ်ကြီး၏ ဂုဏ်သတင်းမှာ အမည်ခံသက်သက်သာ ဖြစ်ပေလိမ့်မည်။

လီတန့်ယွဲ့သည် ရှန်မို ထွက်ခွါသွားသည်အား တွေးတောငေးမောရင်း ကျန်ရစ်ခဲ့သည်။ လီဟိုင်ထန်းနှင့် အခြားလေးဦးမှာမူ ဘာမှနားမလည်နိုင်ဘဲ ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေကြဆဲပင်။

ခံတပ်၏ အမြင့်ဆုံးမျှော်စင်တွင်မူ။

ကျန့်ပိုင်ရှန့်သည် အဝင်ဝတွင် စောင့်ဆိုင်းနေခဲ့ပြီး ဖြစ်၏။ နင်ထျန်းယင်းကိုယ်တိုင် မျှော်စင်ပေါ်သို့ မတက်ဘဲ ရှန်မိုကို ကျန့်ပိုင်ရှန့်ထံသို့ လွှဲပြောင်းပေးကာ မျှော်စင်ပေါ်သို့ လိုက်ပါပို့ဆောင်ခိုင်းလိုက်သည်။

ကျန့်ပိုင်ရှန့်မှာ ရှန်မိုကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ရှန်မို... မင်းက တကယ်ကို ထင်မှတ်မထားဘဲ အံ့သြအောင် လုပ်နိုင်တဲ့သူပဲ"

ရှန်မို ပြုံးရုံသာ ပြုံးလိုက်သည်။

"ကျွန်တော်က တခြားသူတွေထက် နည်းနည်း ပိုပြီး သတိထားကြည့်တတ်ရုံပါပဲ"

ကျန့်ပိုင်ရှန် ခေါင်းငြိမ့်လိုက်ပြီး စကားတစ်ခွန်းမှ ထပ်မပြောဘဲ သူ့ကို မျှော်စင်ထိပ်သို့ ခေါ်ဆောင်သွား၏။

ထိုနေရာတွင် စားပွဲနောက်၌ ထိုင်နေသော အမျိုးသားကို ရှန်မို တွေ့လိုက်ရသည်။ ဤအမျိုးသားသည် ကျန့်ပိုင်ရှန့်ကဲ့သို့ အရပ်ရှည်ထွားကျိုင်းသူ မဟုတ်သလို နင်ထျန်းယင်းကဲ့သို့ ကြွက်သားထုကြီးမားသူလည်း မဟုတ်ပေ။ သူသည် လုံးဝကို သာမန်လူတစ်ဦးကဲ့သို့ပင်။ အကယ်၍ သူသာ ဗိုလ်ချုပ်ကြီးဝတ်စုံကို ချွတ်လိုက်ပြီး လယ်သမားတစ်ဦးကဲ့သို့ ကြမ်းတမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားလျှင် သူသည် ရွှမ်ဝူခံတပ်၏ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်ကြောင်း မည်သူမျှ ထင်မည် မဟုတ်​ပေ။ ထိုလူကား ကောင်းကင်အဆင့်သတ်မှတ်ချက်တွင် တတိယနေရာ၌ ရှိနေသော နတ်ဆိုးနှိမ်နင်းရေး ကောင်းကင်ဗိုလ်ချုပ်ကြီးပင် ဖြစ်သည်။

ရှန်မိုသည် ခံတပ်ကို စောင့်ကြပ်ပြီး လူသားမျိုးနွယ်ကို အကာအကွယ်ပေးနေသော ဤဗိုလ်ချုပ်ကြီးအပေါ်တွင် လေးနက်သော ရိုသေမှု ရှိလေ၏။

သူ ရိုးရှင်းစွာဖြင့်

“အဝါရောင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက် ရှန်မိုက ဗိုလ်ချုပ်ကြီးကျန်းကို ဂါရဝပြုပါတယ်"

ကျန်းလုံရှန်း မော့ကြည့်လိုက်ပြီး ကျန့်ပိုင်ရှန့်ကို လက်ဝေ့ယမ်းပြလိုက်သည်။ ကျန့်ပိုင်ရှန့်လည်း ခေါင်းငြိမ့်ပြကာ ထွက်ခွါသွား၏။

ထိုအခါမှသာ ကျန်းလုံရှန်း ပြုံးလိုက်ပြီး သူ၏ အပြုံးမှာ နွေးထွေး ရင်းနှီးလွယ်သော ပုံစံရှိသည်။

"ရှန်မို... ထိုင်ပါဦး"

သူ ကုလားထိုင်ကို ညွှန်ပြရင်း ဆို၏။

ရှန်မို အားနာမနေဘဲ ခေါင်းငြိမ့်ပြကာ ဝင်ထိုင်လိုက်သည်။

ကျန်းလုံရှန်း ပြုံးလျက်

"မင်းက လူသားအဆင့်သတ်မှတ်ချက်ရဲ့ ဒုတိယနေရာမှာ ရုတ်တရက် ပေါ်လာတာပဲ… မင်းရဲ့ ရမှတ်အများစုက အန်းကျန့်ရှုံနဲ့ နတ်ဆိုးသုတ်သင်ရေးအသင်းဝင်တွေကို အမည်မသိ တိုင်ကြားခဲ့တာကနေ ရတာပဲ မဟုတ်လား"

"ငါ နင်ထျန်းယင်းကနေ မင်းကို ခေါ်ခိုင်းလိုက်တာက မေးခွန်းနည်းနည်း မေးချင်လို့ပါ"

ရှန်မို ခေါင်းငြိမ့်လိုက်သည်။

“နားလည်ပါပြီ… မေးပါ ဗိုလ်ချုပ်ကြီး"

ကျန်းလုံရှန်းမှ

“လင်းယွမ်ရှင်းက အန်းကျန့်ရှုံ ဖြစ်နေတယ်ဆိုတာ မင်း ဘယ်လို သိလိုက်တာလဲ"

ရှန်မို ပြန်ဖြေလိုက်သည်။

“ကျွန်တော် ကျင့်ကြံတဲ့ နည်းလမ်းက နည်းနည်းတော့ ထူးခြားပါတယ်… အဲဒါက နတ်ဆိုးမျိုးနွယ်တွေကို သိရှိနိုင်စွမ်း ရှိတာပါ"

"ကျွန်တော် လင်းယွမ်ရှင်းရဲ့ ဆယ်လှမ်းအကွာကို ရောက်တဲ့အခါ ကျွန်တော့်ရဲ့ ကျင့်စဉ်ထဲမှာ ထူးခြားတဲ့ တုန်ခါမှုတွေကို သတိပြုမိခဲ့တယ်"

"အကြိမ်ကြိမ် အတည်ပြုပြီးတဲ့နောက်မှာ လင်းယွမ်ရှင်းဟာ နတ်ဆိုးရဲ့ ကပ်ပါးပြုခြင်းကို ခံထားရနိုင်တယ်လို့ ကျွန်တော် သံသယဝင်ခဲ့တယ်"

"တစ်ခါတလေ စစ်မြေပြင်မှာတောင် သူ့ကို အကဲခတ်ဖို့ ကျွန်တော် အာရုံစိုက်ထားတတ်တယ်… သူက စစ်မှန်သောနတ်ဆိုးအရှင်သခင်တွေကို သတ်တဲ့အခါ လူသားတစ်ယောက်က နတ်ဆိုးအပေါ်ထားတဲ့ ဖြောင့်မတ်တဲ့ မုန်းတီးမှုတင်မကဘဲ ထူးဆန်းတဲ့ ပုဂ္ဂိုလ်ရေး ရန်ငြိုးတွေ ရှိနေတာကို ကျွန်တော် သတိထားမိခဲ့တယ်"

"ဒါတွေအားလုံးကို ခြုံငုံသုံးသပ်ပြီးတော့ လင်းယွမ်ရှင်းဟာ လူသားမဟုတ်ဘဲ 'မျက်နှာတစ်ထောင် ရုပ်ဖျက်အတတ်' ကို သုံးပြီး အယောင်ဆောင်ထားတဲ့ ထိပ်သီးစစ်မှန်သောနတ်ဆိုးအရှင်သခင် ဖြစ်နိုင်တယ်လို့ ကျွန်တော် ကောက်ချက်ချလိုက်တာပါ"

သူ အစောပိုင်း အမည်မသိတိုင်စာ ပေးပို့စဉ်က ဤမျှ အသေးစိတ် မဖော်ပြခဲ့ပေ။ စင်စစ် သူသည် အချို့သော အစိတ်အပိုင်းများကို တမင်တကာ ဝေဝေဝါးဝါးဖြစ်အောင် ရေးခဲ့ပြီး အချို့မှာ ထင်ကြေးသက်သက်သာ ဖြစ်စေခဲ့၏။ မည်သည့်အပိုင်းကို လျှော့ပြောရမည်၊ မည်သည့်အပိုင်းကို တိတိကျကျ ပြောရမည်ကို သူ ကောင်းကောင်း သိပါသည်။ အလွန်အကျွံ ရေးမိပါက မလိုအပ်သော သံသယများကို ဖိတ်ခေါ်မိသကဲ့သို့ ဖြစ်သွားနိုင်ပြီး ၎င်းမှာ သူ့ကို ပြန်လည် ထိခိုက်စေနိုင်လိမ့်မည်။

ကျန်းလုံရှန်း စိတ်ဝင်တစားဖြင့်

"မင်းကျင့်ကြံတဲ့ ဒီနည်းလမ်းအကြောင်း ငါ့ကို ပိုပြီး ပြောပြနိုင်မလား"

ကျန်းလုံရှန်း သူ၏ကျင့်စဉ်ကို လုယူရန် ကြိုးစားမည်ကို ရှန်မို မစိုးရိမ်ပေ။ အကယ်၍ နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက်တစ်ဦး မကောင်းမှု ကျူးလွန်ပါက ကောင်းကင်ဘုံတာအိုမှ သိရှိမည်ဖြစ်ပြီး စစ်မှုထမ်းရမှတ်များကို နှုတ်ပယ်မည် ဖြစ်သည်။ ကျန်းလုံရှန်းကဲ့သို့ ဗိုလ်ချုပ်ကြီးတစ်ဦးအနေဖြင့် လက်အောက်ငယ်သား၏ နည်းလမ်းကို ခိုးယူပါက ကောင်းကင်ဘုံထံမှ ပိုမိုပြင်းထန်သော အပြစ်ပေးမှုကို ရင်ဆိုင်ရပေလိမ့်မည်။

ရှန်မို၏ အတွေးများ လှုပ်ရှားသွား၏။

"ဗိုလ်ချုပ်ကြီးကျန်း အနေနဲ့ 'ဆရာကြီးယန့်ယွီ' အကြောင်းကို ကြားဖူးပါသလား"

ကျန်းလုံရှန်း မျက်ခုံးပင့်သွားသည်။

"ကြားဖူးတာပေါ့… သူ့ရဲ့ နာမည်အပြည့်အစုံက ကျောက်ယွီလေ… အဲဒီတုန်းက ငါက ရွှမ်ဝူခံတပ်ရဲ့ ဗိုလ်ချုပ်ကြီး မဖြစ်သေးဘူး… ကောင်းကင်အဆင့်အစောင့်အရှောက်ပဲ ရှိသေးတယ်… သူက ရှားပါးရတနာတွေကို လိုက်ရှာနေရင်းနဲ့ အရှေ့ပင်လယ်ကို မတော်တဆ ဖြတ်ကျော်မိပြီး နတ်ဆိုးပင်လယ်ကို ဘယ်လိုရောက်လာမှန်းမသိ ရောက်လာခဲ့တာ… ငါတို့ အားလုံး အံ့ဩခဲ့ရတာက လူတစ်ယောက်အနေနဲ့ ကောင်းကင်ဘုံတာအိုရဲ့ အကူအညီမပါဘဲ ကျယ်ပြောလှတဲ့ သမုဒ္ဒရာကို ဖြတ်ကျော်ပြီး တိုက်ကြီးနဲ့ အလွန်ဝေးကွာတဲ့ ဒီပင်လယ်ကို ရောက်လာနိုင်ခဲ့တယ်လေ"

"နောက်ပိုင်းမှာ ဆရာကြီးယန့်ယွီက ငါတို့ခံတပ်ကို ဝင်လာပြီး ငါတို့နဲ့အတူ ခဏလောက် တိုက်ပွဲဝင်ခဲ့သေးတယ်"

ကျန်းလုံရှန်း သက်ပြင်းချလိုက်ပြီး

"သိပ်မကြာခင်မှာပဲ သူ အဲဒီတုန်းက စစ်မှန်သောနတ်ဆိုးအရှင်သခင် ဖြစ်နေသေးတဲ့ 'အန်းချန်' ရဲ့ လက်ချက်နဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး ပျောက်ကွယ်သွားခဲ့တယ်… ခံတပ်ကို ဘယ်တော့မှ ပြန်မလာတော့ဘူး… ငါ့အထင်တော့ သူ ဆုံးသွားပြီ ထင်တာပဲ"

ရှန်မို တွေးတောသွားမိသည်။ ဆရာကြီးယန့်ယွီ၏ အတိတ်မှာ ဤမျှ ဒဏ္ဍာရီဆန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးသည် မိမိဘာသာ ပင်လယ်ကို ဖြတ်ကျော်ကာ ဤနေရာသို့ ရောက်လာခဲ့သည်တဲ့လား။

ကျန်းလုံရှန်း ဆက်ပြော၏။

“မင်းက ဆရာကြီးယန့်ယွီအကြောင်း သိတယ်ဆိုရင် မင်းကျင့်ကြံနေတဲ့ နည်းလမ်းက သူဖန်တီးခဲ့တဲ့ အရာတစ်ခု ဖြစ်ရမယ်"

"သူက အရမ်းထူးခြားတဲ့သူ… ကျင့်ကြံမှုအဆင့်က မမြင့်ပေမဲ့ ကျင့်စဉ်တွေနဲ့ သိုင်းပညာတွေ ဖန်တီးရာမှာတော့ အလွန်ပါရမီပါတဲ့သူပဲ… သူ ခံတပ်မှာ ရှိနေတုန်းက ရွှမ်ဝူခံတပ်ရဲ့ အရင်ဗိုလ်ချုပ်ကြီးအတွက် သီးသန့် ကောင်းကင်အဆင့် သိုင်းကျင့်စဉ်တစ်ခုတောင် ဖန်တီးပေးခဲ့သေးတယ်”

“သူက ပြောဖူးတယ်… နတ်ဆိုးတွေကို ထိခိုက်စေနိုင်တဲ့ နည်းလမ်းတစ်ခု ဖန်တီးချင်တယ်တဲ့… ဒါပေမဲ့ ကံမကောင်းစွာနဲ့ သူ မထွက်ခွာခင်မှာ အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး"

ရှန်မို၏ ရင်ထဲ လှုပ်ရှားသွား၏။

"ဗိုလ်ချုပ်ကြီးကျန်း... ကျွန်တော် ကျင့်ကြံတဲ့ နည်းလမ်းက ဆရာကြီးယန့်ယွီ ဖန်တီးခဲ့တဲ့ နတ်ဘုရားမိုးကြိုး နတ်ဆိုးနှိမ်နင်းရေးကျမ်း ပါပဲ"

"ကျွန်တော် ဒီကျမ်းကို တခြား နတ်ဆိုးနှိမ်နင်းရေးအစောင့်အရှောက်တွေ လေ့လာနိုင်ဖို့အတွက် ပေးအပ်ဖို့ ဆန္ဒရှိပါတယ်"

ထို့နောက် သူသည် ထိုကျင့်စဉ် ကျင့်ကြံပုံနှင့် ခြေတည်ဝိညာဉ်အဆင့် တက်လှမ်းပုံ အဆင့်ဆင့်ကို ရှင်းပြလိုက်၏။

အကယ်၍ သူသာ ဤကျမ်းကို ပြန့်ပွားအောင် လုပ်နိုင်လျှင် မရေမတွက်နိုင်သော စစ်မှုထမ်းရမှတ်များကို ရရှိမည်မှာ အမှန်ပင်။ ကျန်းလုံရှန်း အစပိုင်းတွင် ဝမ်းသာသွားသော်လည်း ရှန်မို၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် မျက်နှာပျက်သွားလေသည်။

"မဖြစ်နိုင်ဘူး… အဲဒီပစ္စည်း သုံးမျိုးထဲမှာ ပါတဲ့ စွမ်းအင်တွေက အရမ်းပြင်းထန်လွန်းတယ်… အကယ်၍ မင်းသာ အဲဒါတွေကို တကယ်ပဲ သန့်စင်ပြီး စုပ်ယူခဲ့မယ်ဆိုရင် နေရာမှာတင် ပေါက်ကွဲသွားဖို့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေချာတယ်… ကျန်တဲ့ နှစ်ဆယ်ရာခိုင်နှုန်းကလည်း အောင်မြင်ဖို့ မဟုတ်ဘူး… ဘယ်တော့မှ ပြန်မကောင်းနိုင်တော့တဲ့ ဒုက္ခိတဘဝ ရောက်သွားဖို့ပဲ ရှိတယ်"

"မင်းရဲ့ ခန္ဓာကိုယ်က အရမ်းထူးခြားနေတာ ဒါမှမဟုတ် အတွင်းထဲမှာ အဲဒီပြင်းထန်တဲ့ စွမ်းအင်တွေကို ဓာတ်ပြယ်စေနိုင်တဲ့ တခြားရတနာတစ်ခုခု ရှိနေလို့သာပဲ"

ရှန်မို မျက်တောင်ခတ်လိုက်မိ၏။

အခု ပြန်စဉ်းစားကြည့်မှ အမှန်ပင် ဖြစ်နိုင်ခြေရှိသည်။ ထိုအချိန်က သူ၏ခန္ဓာကိုယ်မှာ "ကြာပန်းစိမ်းအမြုတေမီးလျှံ" ဖြင့် ကာလရှည်ကြာ ပေါင်းတင်ခံထားရသဖြင့် သာမန်ကျင့်ကြံသူများထက် များစွာ ပိုမိုသန်မာနေခဲ့သည်။ ထိုအချက်ကြောင့်ပင် နတ်ဆိုးပင်လယ်သို့ ရောက်ရှိလာပြီးနောက် သူသည် စိတ်ဝိညာဉ်စွမ်းအင် ကျင့်စဉ်များကိုသာ အားကိုးသည့် အခြားကျင့်ကြံသူများထက် ပိုမိုခိုင်ခံ့သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။

ကျန်းလုံရှန်း ဆက်ပြောလေသည်။

"ဆရာကြီးယန့်ယွီ ဖန်တီးခဲ့တဲ့ ကျင့်စဉ်တွေအားလုံးက အလွန်မြင့်မားတဲ့ နားလည်သဘောပေါက်မှု ပါရမီ လိုအပ်တယ်… တစ်စုံတစ်ယောက်အတွက် သီးသန့်ဖန်တီးပေးထားတာ မဟုတ်ရင် လူအများစု ကျင့်ကြံဖို့ မဖြစ်နိုင်ဘူး"

"ဒီကျမ်းကလည်း လူတိုင်း ကျင့်ကြံနိုင်တဲ့အရာ မဟုတ်တာ သေချာတယ်"

"မင်း ကျင့်ကြံနိုင်တာက မင်း တကယ်ကို ကံကောင်းလို့ပဲ… ဒါကို လူအများကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေဖို့ မဖြစ်နိုင်ဘူး… နှမြောတော့ နှမြောစရာပဲ… အကယ်၍သာ ဖြစ်နိုင်ခဲ့ရင် မင်း စစ်မှုထမ်းရမှတ်တွေ အများကြီး ရမှာ"

ကျန်းလုံရှန်း နှမြောတသသော ပုံစံဖြင့် ကြည့်လိုက်သည်။

ရှန်မိုသည်လည်း နှမြောတသသဖြင့် တွေးမိ၏။ အကယ်၍သာ ဤကျမ်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ခဲ့လျှင် သူ၏ စစ်မှုထမ်းရမှတ်များမှာ ကြောက်စရာကောင်းလောက်အောင် မြင့်တက်သွားပေလိမ့်မည်။ လူသားအဆင့်သတ်မှတ်ချက်ကို မဆိုထားနှင့်။ မြေကမ္ဘာအဆင့်သတ်မှတ်ချက်တောင်မှ ပြဿနာရှိမည် မဟုတ်ပေ။ တကယ့်ကို နှမြောစရာပင်။

ကျန်းလုံရှန်းသည် အချိန်အတော်ကြာအောင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့ပြီးနောက်

“အခု မင်းက လူသားအဆင့်သတ်မှတ်ချက်ရဲ့ ဒုတိယနေရာမှာ ရှိနေပြီဆိုတော့ နတ်ဆိုးမျိုးနွယ်တွေက မင်းကို ပစ်မှတ်ထားမှာ သေချာတယ်… ပြီးတော့ မင်းက နတ်ဆိုးသုတ်သင်ရေးအသင်းဝင် အများအပြားကို ဖော်ထုတ်ခဲ့ပြီး ရွှမ်ဝူခံတပ်ကနေ အပြတ်ရှင်းပစ်အောင် လုပ်ခဲ့တယ်… အဲဒါကြောင့် အဲဒီအသင်းက မင်းကို တော်တော်လေး ရန်ငြိုးဖွဲ့နေလိမ့်မယ်"

"နတ်ဆိုးမျိုးနွယ်တွေထဲမှာ နတ်ဆိုးနှိမ်နင်းရေးဗိုလ်ချုပ်ကြီးတစ်ယောက် ရှိတယ်… သူက နတ်ဆိုးသုတ်သင်ရေးအသင်းကို သူ့ခံတပ်ထဲမှာ အင်တိုက်အားတိုက် ပြန့်ပွားအောင် လုပ်နေတာ"

"ပြီးတော့ မင်းရဲ့ နတ်ဘုရားမိုးကြိုး နတ်ဆိုးနှိမ်နင်းရေးကျမ်းက လူတစ်ယောက်ဟာ နတ်ဆိုးပူးကပ်ခံထားရခြင်း ရှိမရှိဆိုတာကို ခွဲခြားနိုင်စွမ်း ရှိစေတယ်… အဲဒါက မင်းကို ပိုပြီး အရေးပါစေမှာဆိုတော့ မင်းရဲ့ အခု အခြေအနေက အရမ်း အန္တရာယ်များတယ်"

ခဏမျှ စဉ်းစားပြီးနောက် သူ နောက်ဆုံး၌

“ဒီလို လုပ်ကြစို့… ဒီနေ့ကစပြီး မင်းကို ထောက်ပို့ဌာနဆီကို ပြောင်းရွှေ့ပေးမယ်… ရှေ့တန်းကို မသွားနဲ့တော့… ထောက်ပို့ဌာနက မင်းအတွက် ပိုပြီး ဘေးကင်းပါတယ်… အကာအကွယ်စီရင်ရေးဌာန၊ ဆေးဖော်စပ်ရေးခန်းမ၊ စိတ်ဝိညာဉ်လက်နက်ခန်းမ၊ လက်နက်တိုက်…။ မင်း ဘယ်နေရာကို သွားချင်လဲ"

All Chapters