ရုပ်သွင်ပြောင်းလဲခြင်းအတတ်
Vol. 9 Ch. 85
ဧကရာဇ်သည် နိုင်ငံတစ်ခု၏အရှင်သခင်ဖြစ်ပြီး တာအိုနန်းတော်အဆင့် ၆ အထွတ်အထိပ် ပညာရှင်ကြီးဖြစ်ရာ ယခုကဲ့သို့ အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးနေချိန်တွင် ခွင့်ပြုချက်မရှိဘဲ မည်သူမျှ ဝင်ရောက်လာရဲခြင်းမရှိပေ။
ထိုသို့ပြုလုပ်မိသူမည်သူမဆို အမေးအမြန်းမရှိအသတ်ခံရမည်ဖြစ်ပြီး ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်ပင် သုတ်သင်ခံရနိုင်သည်။
သို့သော် ရုတ်တရက်ဝင်လာသော အမျိုးသမီးငယ်မှာမူ သူ့ကို ဒေါသမထွက်စေခဲ့ပေ။ အဆင့်မြင့်အရာရှိကြီးသုံးဦးပင်လျှင် ဤအခြေအနေမှာ သာမန်ဟုမှတ်ယူထားကြသည်။
"ဟားဟား... နင်ထီ... ကျင့်ကြံခြင်းကိုအာရုံမစိုက်ဘဲ ဘာလို့ဒီကိုရောက်လာတာလဲ"
ဧကရာဇ်မှာ ရှားရှားပါးပါး ပြုံးရွှင်စွာပြောလိုက်သည်။
"မင်းသမီးလေးကို ဂါရဝပြုပါတယ်"
ကျန်သောလူသုံးဦးလည်း အသီးသီးဂါရဝပြုကြသည်။
နန်းတွင်းဝတ်စုံရှည်ကို ဆင်ယင်ထားသော မင်းသမီးနင်ထီသည် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသောရုပ်ရည်ရှိပြီး ပြိုင်ဘက်ကင်းသောအလှပိုင်ရှင်လေးဖြစ်သည်။
သူမအထဲဝင်လာစဉ်တွင် သူမ၏မျက်လုံးများ၌ ထက်မြက်ပြီးမာနကြီးသော အရှိန်အဝါများ ရှိနေဆဲပင်။ ဧကရာဇ်နှင့် မျက်နှာချင်းဆိုင်လိုက်မှသာ မိန်းကလေးငယ်တစ်ဦး၏ အမူအရာလေး ပေါ်လာတော့သည်။
"ဘိုးဘေးဧကရာဇ်... ဒီကိစ္စက သိပ်စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်တယ်၊ တစ်နေကုန်ကျင့်ကြံနေရတာ ပျင်းစရာကြီး... အပြင်ထွက်ပြီး စိတ်အပန်းဖြေချင်လို့ပါ"
သူမသည် မင်းသမီးတစ်ပါးဖြစ်သော်လည်း ဧကရာဇ်၏သမီးအရင်းတော့မဟုတ်ပေ။
ဧကရာဇ်၏သမီးတော်တစ်ရာကျော်မှာ လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းကတည်းက သူတို့၏ နိမ့်ပါးသောကျင့်ကြံမှုအဆင့်နှင့် ကုန်ဆုံးသွားသောသက်တမ်းများကြောင့် သေဆုံးသွားခဲ့ကြပြီဖြစ်သည်။
မင်းသမီးနင်ထီနှင့် အိမ်ရှေ့မင်းသားကြီးရှန်းပါးတို့မှာ မျိုးဆက်တစ်ခုတည်းဖြစ်သော်လည်း သူမ၏ ပါရမီအရည်အသွေးမှာ ရှန်းပါးထက် များစွာသာလွန်သည်။ သူမသည် လက်ရှိတွင် တာအိုနန်းတော်အဆင့် ၁ တွင်ရှိနေပြီး ခြောက်ရောင်ခြယ်နတ်ဘုရားနန်းတော်ကိုပိုင်ဆိုင်ထားသည်။
ဤကဲ့သို့ မြင့်မားသောပါရမီအရည်အသွေးမှာ ယခင်မည်သည့်ဘိုးဘေးတွင်မျှမရှိခဲ့ဖူးဘဲ နောင်တွင် သူမသည် တာအိုနန်းတော်အဆင့် ၉ အထိ တက်လှမ်းနိုင်ရုံသာမက ခြေလှမ်းတစ်ဝက်သူတော်စင်အဆင့်သို့ပင် ထိုးဖောက်သွားနိုင်သည့် အခွင့်အရေးရှိနေသည်။
အကယ်၍ သူမသာ အမျိုးသမီးတစ်ဦးမဟုတ်ခဲ့ပါက ဧကရာဇ်သည် သူမအားနန်းလျာအဖြစ်အပ်နှင်းပြီး သူကိုယ်တိုင်မှာမူ နောက်ကွယ်မှနေ၍ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေပေမည်။
သို့သော်လည်း ဤအမျိုးသမီးမှာ နောင်တွင် ချန်ရှင်းအင်ပါယာ၏ အာမခံချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
ဧကရာဇ်၏မျက်စိထဲတွင်မူ သူမသည် အနှိုင်းမဲ့ရတနာတစ်ပါးဖြစ်၏။ ထို့ကြောင့် နင်ထီက သူ၏ပေါင်ပေါ်တွင် တိုက်ရိုက်ထိုင်ကာ သူ၏မုတ်ဆိတ်မွေးများကိုဆွဲနေလျှင်ပင် ဘာမှမတတ်နိုင်ဘဲ ပြုံးရုံသာပြုံးနေပြီး စိတ်မဆိုးဝံ့ပေ။
"ဒီဖြစ်ရပ်က သိပ်ကိုရှုပ်ထွေးတယ်၊ အဲဒီအမည်မသိအင်အားစုက တိုက်ခိုက်တာခံရနိုင်တယ်..."
ဧကရာဇ်သည် ဖေးရှန်ဂိုဏ်းကိုဂရုမစိုက်ပေ၊ သူတကယ်စိုးရိမ်သည်မှာ နောက်ကွယ်မှ လက်မဲကြီးသာ။ ၎င်းမှာ သူကိုယ်တိုင်ပင်လျှင်ထိတ်လန့်ရသော တည်ရှိမှုမျိုးဖြစ်သည်။
"ဘိုးဘေးဧကရာဇ်... ကျွန်မရဲ့အစွမ်းကို မယုံတာလား၊ ပြီးတော့ ကျွန်မမှာလည်း ကိုယ်ပိုင်လက်အောက်ငယ်သားတွေရှိတာပဲ"
"အကယ်၍ ကျွန်မကိုသွားခွင့်မပြုရင် အရှင်ဘိုးဘေးကို နောက်တစ်ခါလာမတွေ့တော့ဘူးနော်"
နင်ထီမှာ နှုတ်ခမ်းဆူကာ သူ့ကိုအငြိုးတေးဖြင့်ထုရိုက်လိုက်သည်။ အောက်ရှိအရာရှိကြီးသုံဦးမှာမူ ဧကရာဇ်၏ရှေ့မှောက်တွင် ကိုယ်ပိုင်အင်အားစုရှိကြောင်း ရဲရဲဝံ့ဝံ့ကြေညာရဲသူမှာ သူမတစ်ဦးတည်းသာရှိမည်ဟု စိတ်ထဲမှကြိတ်၍ရေရွတ်နေကြသည်။
ဧကရာဇ်က ရယ်မောလိုက်သည်...
"ဒီကောင်မလေးကတော့... ငါ့ကိုတောင်ခြိမ်းခြောက်နေပြီ..."
"ဒါဆို ဘိုးဘေးဧကရာဇ်က သဘောတူမှာလား၊ မတူဘူးလား"
"ကောင်းပြီ... ကောင်းပြီ... ငါ သဘောတူတယ်၊ ဒါပေမဲ့ တော်ဝင်ကိုယ်ရံတော်တပ်မှူး ရှရှီးကျွင်းကတော့ လမ်းတစ်လျှောက်လုံး အတူလိုက်ပါရမယ်"
ရှရှီးကျွင်းသည် တော်ဝင်မြို့စောင့်တပ်ကိုအုပ်ချုပ်သူဖြစ်ပြီး ထိုတပ်မတော်မှာ လူဦးရေ ၃,၀၀၀ သာရှိသော်လည်း အနိမ့်ဆုံးကျင့်ကြံမှုအဆင့်မှာ ဝိညာဉ်အခြေတည်အဆင့် ၉ ဖြစ်သည်။
ထို့အပြင် ထိုတပ်အတွင်းရှိ လူတစ်ရာခန့်သော တပ်ကြပ်ကြီးများမှာ ကောင်းကင်ကံကြမ္မာအဆင့်သို့ ရောက်ရှိပြီးသားသူများဖြစ်၏။ သူတို့၏ပူးပေါင်းတိုက်ခိုက်ရေးစစ်ဗျူဟာနှင့် ပေါင်းစပ်လိုက်ပါက သူတို့၏စွမ်းအားမှာ သာမန်ဂိုဏ်းချုပ်များတောင့်ခံနိုင်သောအဆင့်တွင်မရှိပေ။
ရှရှီးကျွင်းကိုယ်တိုင်မှာလည်း တာအိုနန်းတော်အဆင့် ၂ တွင် ရှိနေသည်။
သူတို့လိုက်ပါစောင့်ရှောက်မည်ဆိုလျှင် ဧကရာဇ်အနေဖြင့် စိတ်အေးသွားပေလိမ့်မည်။ နင်ထီမှာ အနည်းငယ်မကျေနပ်သော်လည်း နောက်ဆုံးတွင် လက်ခံလိုက်ရသည်။
"ကောင်းပါပြီ... ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူက ကျွန်မရဲ့အမိန့်အောက်မှာပဲ ရှိရမယ်နော်"
ဧကရာဇ်မှာ သူမကို အလွန်အမင်းအလိုလိုက်ထားသဖြင့် အားရပါးရရယ်မောကာ သဘောတူလိုက်သည်။
ခွင့်ပြုချက်ရရှိသွားသော နင်ထီမှာ ပျော်ရွှင်စွာပြုံးလိုက်ပြီး မွှေးရနံ့များချန်ရစ်ခဲ့ကာ နန်းဆောင်အတွင်းမှ ပြန်လည်ထွက်ခွာသွားတော့သည်။
ဖေးရှန်ဂိုဏ်းတွင်ရှိနေသော ကျန်းချန်မှာမူ တစ်စုံတစ်ယောက် အနှေးနှင့်အမြန် ရောက်လာမည်ကို ခန့်မှန်းထားပြီးဖြစ်သည်။
ပါယွန်းခန်းမပျက်စီးသွားသည့်ကိစ္စမှာ သတင်းကြီးလှသဖြင့် တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်သူအနေဖြင့် သူစုံစမ်းစစ်ဆေးမခံရလျှင်သာ ထူးဆန်းပေလိမ့်မည်။ သို့သော် သူသည် ချန်ရှင်းအင်ပါယာမှ မည်သူ့ကိုမျှမသိသဖြင့် မည်သူရောက်လာမည်ကိုမသိပေ။
သူသည် ဤအချက်ကို လုံးဝမစိုးရိမ်ပေ။
လာနောက်နေတာလား...
သူ၏နယ်မြေတွင် အဝါလေးနှင့် မျက်စိသုံးလုံးကျားဟူသော အစွမ်းထက်အစောင့်အရှောက်ကြီးနှစ်ဦး ရှိနေသည့်အပြင် သူ၏တစ်ရက်လျှင်သုံးကြိမ် ပြန်လည်ရှင်သန်နိုင်သောအစွမ်းလည်းရှိနေသေးသည်။ နတ်ဘုရားကိုယ်တိုင်ဆင်းလာလျှင်တောင် သူကြောက်နေစရာမလိုပေ။
သူအခုတလော အလွန်စိတ်ညစ်နေရသည်မှာ ပါယွန်းခန်းမပျက်စီးသွားသည်မှာ ဆယ်ရက်ကျော်ပြီဖြစ်သော်လည်း ဂိုဏ်းအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ထိုအကြောင်းကို မပြောကြခြင်းပင်။
မည်သူမှမပြောသဖြင့် သူပါယွန်းခန်းမကို ဖျက်ဆီးခဲ့ကြောင်း မည်သူမှမသိ။ ဤမျှကြီးကျယ်ခမ်းနားပြီး ကြွားလုံးထုတ်ရန်ကောင်းသောသတင်းကြီးကို မထုတ်ဖော်ရသဖြင့် အစ်ကိုကြီးချန်မှာ ရင်ထဲတွင် အလွန်မွန်းကြပ်နေတော့သည်။
အစောတည်းက တိုက်ရိုက်ပြောမပြခဲ့မိခြင်းကို အကြီးအကျယ်နောင်တရနေမိသည်။
တပည့်များ သူတို့ဘာသာသိသွားလိမ့်မည်ဟု စောင့်နေခဲ့ခြင်းမှာ အမှန်တကယ်တော့ ကိုယ့်တွင်းကိုယ်တူးမိခြင်းသာဖြစ်သည်။
ဖေးရှန်ဂိုဏ်းမှာ မူလကတည်းက ပြင်ပလောကနှင့် အဆက်အသွယ်နည်းပါးလှသည်။ ပုံမှန်ဆိုလျှင် ပုံရိပ်လွှင့်ဝိညာဉ်ပစ္စည်းများမှတစ်ဆင့် ပြင်ပသတင်းများကိုသိနိုင်သော်လည်း ယခုအခါ တပည့်များမှာ ဆုလာဘ်များ၏ဆွဲဆောင်မှုကြောင့် တံခါးပိတ်ကျင့်ကြံနေကြရာ ပြင်ပလောကတွင် ဘာတွေဖြစ်နေသည်ကို မည်သူကမှအာရုံမစိုက်နိုင်ကြတော့ပေ။
သူသည် ပျံသန်းနေရင်း ခြောက်သွေ့နေသောတောင်တန်းများကိုကြည့်ကာ ပျင်းလွန်းသဖြင့် တစ်ခုခုလုပ်ချင်နေမိသည်။
ကောင်းကင်ကံကြမ္မာအဆင့်သို့ ရောက်ပြီးနောက်တွင် အဆင့်တက်ရန်မှာ အလွန်ခက်ခဲ၏။ သူ၏ကောင်းကင်တုန်ဟီးသော ပါရမီအရည်အသွေးနှင့်ပင် လွန်ခဲ့သောဆယ်ရက်ကျော်အတွင်း အဆင့်ငယ်တစ်ဆင့်မျှပင် မတက်နိုင်ခဲ့ပေ။
"ကျင့်ကြံရတာက တကယ်ကိုနှေးလွန်းတယ်..."
လက်ရှိတွင် သူစကားပြောဖော်ပင်ရှာမရဖြစ်နေသည်။
အဝါလေးမှာ ဝိညာဉ်သွေးကြော၏အာဟာရကို စုပ်ယူကာ အိပ်မောကျနေလေ့ရှိသည်။ သူမကို နှိုးလိုက်လျှင်လည်း "မေမေ... မေမေ..." ဟုသာ ခေါ်နေမည်ဖြစ်သဖြင့် သူပို၍သာ စိတ်ရှုပ်ရပေလိမ့်မည်။ မျက်စိသုံးလုံးကျားကိုတော့ ထားလိုက်ပါတော့။
ထိုစဉ် ပြီးခဲ့သည့်အကြိမ် အဆင့်မြှင့်တင်စဉ်က ရရှိခဲ့သော ရုပ်သွင်ပြောင်းလဲခြင်းအတတ်ကို မသုံးရသေးကြောင်း သတိရသွားသည်။ သူ မျက်လုံးများတောက်ပသွားပြီး ပျော်စရာကောင်းသောအကြံတစ်ခု ရရှိသွားသည်။
နောက်တစ်ခဏတွင် ငွေရောင်အလင်းတန်းတစ်ခုသည် သူ၏တစ်ကိုယ်လုံးကို အောက်မှအထက်သို့ လွှမ်းခြုံသွား၏။ ထို့နောက်တွင် သူသည် လင်းနင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ရုပ်ရည်၊ ခန္ဓာကိုယ်နှင့် အဝတ်အစားများမှာ ထပ်တူကျရုံသာမက သူထုတ်လွှတ်နေသော ဝိညာဉ်စွမ်းအားလှိုင်းနှုန်းများမှာလည်း လုံးဝတူညီနေသည်။ သို့သော် လင်းနင်၏ ပုန်းကွယ်နေသော ဖီးနစ်သွေးမျိုးဆက်ကိုမူ အရှိန်အဝါသဘောအရသာပုံတူကူးနိုင်ပြီး တကယ့်သွေးမျိုးဆက်အဖြစ်သို့ ပြောင်းလဲနိုင်ခြင်းမရှိပေ။
"ဟားဟား... တကယ်ကိုလက်တွေ့ကျတာပဲ"
သူ၏ခြေလက်များကို ဆန့်ကြည့်လိုက်ရာ အလွန်ပင်ချောမွေ့နေပြီး သူ၏အသံမှာလည်း အမျိုးသမီးအသံအဖြစ် ပြောင်းလဲသွားသည်။
အရာအားလုံးအဆင်ပြေပြီဟု ခံစားရသောအခါ သူသည် ကျိလင်းဟန်၏ နတ်ဘုရားလိုဏ်ဂူသို့ တိုက်ရိုက်ပျံသန်းသွားတော့သည်။
သူမရှိသည့်အချိန်တွင် ဖေးရှန်ဂိုဏ်းက ဘယ်လိုပုံစံမျိုး ဖြစ်နေသလဲဆိုသည်ကို သူသိချင်နေသည်။ ဤအရာကို လူမသိအောင် ကွင်းဆင်းစစ်ဆေးခြင်းဟုခေါ်သည်မဟုတ်လော။
ကျိလင်းဟန်သည်လည်း အခုတလော ကောင်းကင်ကံကြမ္မာအဆင့်သို့ ထိုးဖောက်နိုင်ရန် ကြိုးစားပမ်းစားကျင့်ကြံနေသည်။ သို့သော် အဓိကအဆင့်ကြီးတစ်ခု၏ အတားအဆီးမှာ တစ်ညတည်းနှင့်ကျော်လွှားနိုင်သည်မဟုတ်ရာ သူမမှာ သိသာသောတိုးတက်မှုမရှိသေးပေ။
ကျန်းချန်ရောက်ရှိလာမှုကြောင့် လိုဏ်ဂူ၏အစီအရင်များမှာ တုန်ခါသွားသဖြင့် သူမသိရှိသွားသည်။
သူမအပြင်ထွက်လာပြီး သူ့ကိုမြင်လိုက်ရသောအခါ ချက်ချင်းပင် အံ့အားသင့်သွား၏။
"လင်းနင်လား... နင်ရွှမ်ကျီရုပ်ပုံထဲမှာကျင့်ကြံနေတာ မဟုတ်ဘူးလား၊ ဘာလို့ ဒီလောက်စောစောထွက်လာတာလဲ"
ကျန်းချန်ကရယ်မောလိုက်ပြီး လင်းနင်၏ ပုံမှန်ဟန်ပန်နှင့် အမူအရာများကို ပြန်လည်စဉ်းစားလိုက်သည်။ ထို့နောက် ဤသို့ရယ်နေခြင်းမှာ သူမ၏စရိုက်နှင့်မကိုက်ညီဟု ခံစားရသဖြင့် ရယ်သံကိုရပ်လိုက်ပြီး တည်တည်တံ့တံ့မျက်နှာထား ပြောင်းလိုက်သည်။
"အော်... ကျင့်ကြံရတာပျင်းဖို့ကောင်းလို့ စိတ်မွန်းကြပ်လို့ အပြင်ထွက်လာတာ... နင်ရော... ဘယ်တော့ ကောင်းကင်ကံကြမ္မာအဆင့်ကို တက်နိုင်မှာလဲ"
လင်းနင်မှာ ရွှမ်ကျီရုပ်ပုံထဲတွင် ဆယ်ရက်ကျော်ရှိနေခဲ့ပြီဖြစ်သည်။ အချိန်ကိုတွက်ချက်ပြီးနောက် သူသည် သူ၏ဝိညာဉ်စွမ်းအားလှိုင်းနှုန်းကို ဝိညာဉ်အခြေတည်နယ်ပယ်အဆင့် ၁ သို့ တမင်တကာ ချိန်ညှိလိုက်သည်၊ ၎င်းမှာ သူမရောက်ရှိနိုင်သောအဆင့်နှင့် အကြမ်းဖျင်းကိုက်ညီပေသည်။
ကျိလင်းဟန်၏ လှပသောမျက်နှာလေးမှာ ချက်ချင်းပင်တင်းမာသွားပြီး မကျေနပ်သောအမူအရာပေါ်လာသည်။
"နင် ကျင့်ကြံခြင်းကို ဘယ်လိုတောင် ပေါ့ဆနိုင်ရတာလဲ... နင် ငါ့ကိုတကယ်စိတ်ပျက်စေတယ်နော်... နင်က ဂိုဏ်းချုပ်ရဲ့ပြုစုပျိုးထောင်ပေးမှုတွေကို ထိုက်တန်အောင်နေနေတာဟုတ်ရဲ့လား"
ဪ... ဒီမိန်းကလေးက တင်းမာလာရင်လည်း တကယ့်ကို စီနီယာအစ်မကြီးပုံစံပေါက်တာပဲ။ ၎င်းသည် ကျန်းချန်တစ်ခါမျှမမြင်ဖူးခဲ့သော သူမ၏အခြားတစ်ဖက်ခြမ်းပင်။
သူ၏ရှေ့တွင်မူ ကျိလင်းဟန်သည် အမြဲတမ်းယဉ်ကျေးသိမ်မွေ့ပြီး နူးညံ့သူဖြစ်နေခဲ့သည်။ ဤကွင်းဆင်းစစ်ဆေးမှုမှာ တကယ်ပင် အကျိုးရှိလှပေသည်။
"ငါ ဘာလုပ်နေလဲဆိုတာ ငါသိပါတယ်"