← Chapters

သနားစဖွယ်မိုချန်

Vol. 9 Ch. 89

သနားစဖွယ်မိုချန်

Vol. 9 Ch. 89

အနက်ရောင်မြူခိုးများမှာ ဆက်တိုက်ဆိုသလို ပိုမိုသိပ်သည်းလာပြီး နောက်ဆုံးတွင် လူသားပုံရိပ်တစ်ခု ပေါ်ထွက်လာတော့သည်။

"ဪ... ငါက မူလဝိညာဉ်နဲ့ စာချုပ်ချုပ်နိုင်အောင် ကူညီပေးလိုက်တာပါ"

မျက်စိသုံးလုံးကျားသည် သူ၏အဖြူရောင်အမွှေးအမျှင်များကို သပ်ရပ်အောင်ပြုပြင်နေသည်။ အနက်ရောင်မြူခိုးမှာ ကျန်းချန်၏လက်အောက်ငယ်သားဖြစ်သွားပြီဖြစ်ရာ သူ့ထက်အဆင့်အတန်းနိမ့်ကျသွားပြီဖြစ်သဖြင့် ဂရုမစိုက်တော့ပေ။

"မင်း... မင်း... သောက်ကျားမိစ္ဆာ... ငါမင်းကို ဒီလောက်ယုံကြည်ခဲ့တာ"

သူသည် မိုက်မဲသူမဟုတ်ပေ။ ဤကဲ့သို့သောစာချုပ်မျိုးမှာ ကောင်းကင်ကံကြမ္မာအဆင့် ကျင့်ကြံသူတစ်ဦး လုပ်ဆောင်နိုင်သည့်အရာမဟုတ်သည်ကို သူသိသည်။ ခုနက စိတ်ချင်းဆက်သွယ်နေစဉ်အတွင်း မျက်စိသုံးလုံးကျားက သင်ပေးလိုက်ခြင်းဖြစ်ရမည်။

"မင်းငါ့ကို တကယ်ပဲ သစ္စာဖောက်လိုက်တာလား"

အနက်ရောင်မြူခိုးမှာ ဒေါသပေါက်ကွဲနေသည်။ အကယ်၍ သူသာ အထွတ်အထိပ်အချိန်တွင်ရှိနေပြီး ဤကျားအိုကြီးကိုအနိုင်တိုက်နိုင်လျှင် ပြေးဝင်ပြီး အစိမ်းလိုက်ဝါးစားပစ်ပေလိမ့်မည်။

"အဲဒီလိုလည်း မပြောပါနဲ့"

မျက်စိသုံးလုံးကျားက ပြန်ချေပသည်...

"ကြည့်ဦး... မင်းအရှုံးမရှိပါဘူး။ သူနဲ့စာချုပ်ချုပ်လိုက်ရလို့ မင်းရဲ့ဝိညာဉ်က အားအင်တွေပြန်ပြည့်လာပြီး ဒီအောက်ကမ္ဘာစည်းမျဉ်းတွေရဲ့ ဖိနှိပ်မှုကိုလည်း မခံရတော့ဘူးလေ။ မင်းရဲ့အခြေအနေက အရင်ကထက်တောင် ပိုကောင်းလာသေးတယ်။ ဒီဘက်ကကြည့်ရင် မင်းငါ့ကို ကျေးဇူးတင်သင့်တာ။ ဒါပေမဲ့ ဒီကျားသခင်ကြီးကတော့ ကုသိုလ်လုပ်ရင် အကျိုးပြန်မမျှော်ပါဘူး၊ စိတ်ထဲမှာပဲ မှတ်ထားလိုက်ပါ"

အစ်ကိုကြီးချန်နှင့် ပုခုံးချင်းယှဉ်နိုင်သော တည်ရှိမှုဖြစ်သည့်အလျောက် မျက်စိသုံးလုံးကျား၏စကားများမှာ ဒေါသထွက်လွန်း၍ သေစေနိုင်လောက်ပေသည်။

"မင်း... မင်း..."

အကယ်၍ ခန္ဓာကိုယ်သာရှိလျှင် အနက်ရောင်မြူခိုးမှာ ဒေါသကြောင့် သွေးအန်နေလောက်ပြီဖြစ်သည်။

"ကဲ... ကဲ... ကိုယ့်အခြေအနေကိုယ်သိပြီပဲ။ ဘာလုပ်ရမလဲဆိုတာလည်း သိမှာပါ"

ကျန်းချန်သည် သူ့ကိုအပြည့်အဝမချုပ်ကိုင်နိုင်လျှင် အနားတွင်ထားမည်မဟုတ်ပေ။ သူသေရမှာမကြောက်သော်လည်း အခြားတပည့်များကကြောက်ကြသည်။

သူသည် ဖေးရှန်ဂိုဏ်းအတွင်း၌ ပုန်းကွယ်နေသော အန္တရာယ်များကို ဒီအတိုင်းပစ်ထားမည်မဟုတ်ပေ။

အနက်ရောင်မြူခိုးမှာ အတော်ကြာတိတ်ဆိတ်နေပြီးမှ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။

"ငါ့မှာ တခြားရွေးချယ်စရာရှိသေးလို့လား"

အင်မော်တယ်ဖြစ်လာနိုင်သူများသည် နှစ်ပေါင်းများစွာအသက်ရှင်ခဲ့ကြပြီးပြီဖြစ်ရာ စိတ်လိုက်မာန်ပါလုပ်တတ်သော လူငယ်များ မဟုတ်ကြတော့ပေ။ သူတို့သည် လက်တွေ့ကျကျ နေထိုင်တတ်ကြသည်။

ကျန်းချန်သည် သူ၏အမူအရာပြောင်းလဲသွားမှုကို အလွန်သဘောကျသွားသည်။

"စိတ်မပူပါနဲ့... မင်း ပြဿနာမရှာသရွေ့ အခက်အခဲ မဖြစ်စေရပါဘူး။ မင်းကို ထိုက်တန်တဲ့လေးစားမှု ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ်"

အနက်ရောင်မြူခိုးမှ ပြောင်းလဲလာသော လူသားပုံရိပ်သည် အသာအယာဦးညွှတ်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ကျန်းချန်အနေဖြင့် ဤကတိကိုပေးရန်မလိုကြောင်း သူသိသည်။ အကယ်၍ အခြားသူသာ သူ၏မူလဝိညာဉ်အမှတ်အသားကိုရရှိထားလျှင် သူ၏ဘဝမှာ အလွန်ပင် သနားစရာကောင်းနေပေလိမ့်မည်။ လေးစားမှုဆိုသည်မှာ ဝေလာဝေးပင်။

"ကဲ... မင်းရဲ့ နောက်ကြောင်းကို ပြောပြဦး။ ငါ့ရဲ့ ဖေးရှန်ဂိုဏ်းကို ဘယ်လိုရောက်လာတာလဲ"

အနက်ရောင်မြူခိုးက သက်ပြင်းချလိုက်ပြန်သည်။

"ဒါတွေအားလုံးက လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက အင်မော်တယ်တွေနဲ့ မိစ္ဆာတွေကြားက စစ်ပွဲကနေ စတာပဲ။ အဲဒီတုန်းက အရှေ့ဖက်လင်းနတ်ဘုရားနယ်မြေ သိမ်းပိုက်ဖို့ကြိုးစားခဲ့တုန်းက..."

ကျန်းချန်မှာ ပထမဆုံးစကားတစ်ခွန်းကြားရုံနှင့် ဆက်မနားထောင်နိုင်တော့ပေ။ လူနားလည်နိုင်တဲ့စကားကို ပြောလို့မရဘူးလား။ အင်မော်တယ်တွေနဲ့ မိစ္ဆာတွေ စစ်ပွဲဆိုတာ သူနဲ့အလွန်ဝေးကွာလှသည်။ သူ လုံးဝစိတ်မဝင်စားသလို ကြားထဲမှာလည်း မပါချင်ပေ။

"ရပ်... ရပ်... ရပ်လိုက်တော့... လိုရင်းကိုပဲ ပြောစမ်းပါ။ ပထမဆုံး မင်းနာမည်ကဘယ်သူလဲ။ နာမည်အပြည့်အစုံပြော"

"အဟမ်း... ကောင်းပါပြီ။ ဒီ... ဒီအင်မော်တယ်ရဲ့ နာမည်က 'မိုချန်' ပါ။ ဘွဲ့အမည်ကတော့ ကြီးမြတ်သောအင်မော်တယ် အမှောင်သခင်ပါ"

ဘာတွေလာပြောနေတာလဲ...

ကြီးမြတ်သောအင်မော်တယ် ဆိုလား...

ကျန်းချန်က သူ့ကိုစောင်းကြည့်လိုက်ပြီး ဤကောင်ကြွားနေသည်ဟု သံသယဝင်နေမိသည်။ စောစောက သူစကားထစ်နေသည်ကိုကြည့်လျှင် သူ၏အဆင့်အတန်းကိုမြှင့်ပြောနေခြင်းမှာ သိသာလှသည်။ သူသည် သိက္ခာကို အလွန်အလေးထားသူဖြစ်ပုံရသည်။

"ဒါဆို အင်မော်တယ်တစ်ပါးဖြစ်တဲ့မင်းက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"

"အဲဒီတုန်းက အင်မော်တယ်လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်တွေ အပြန်အလှန် တိုက်ခိုက်ကြတော့ သေကျေပျက်စီးမှုတွေ အများကြီး ရှိခဲ့တယ်။ ငါလည်း အဲဒီစစ်ပွဲမှာ ပါဝင်ခဲ့တာပေါ့။ တစ်ခါမှာတော့ ငါက မိစ္ဆာကျင့်ကြံသူတွေရဲ့ ချောင်းမြောင်းတိုက်ခိုက်တာကိုခံရပြီး ဒဏ်ရာပြင်းထန်လို့ သေလုနီးပါးဖြစ်ခဲ့ရတယ်။"

မိုချန်က သက်ပြင်းသဲ့သဲ့ချလိုက်သည်...

"အဲဒီအချိန်မှာ စစ်ပွဲရဲ့ရိုက်ခတ်မှုက ပြင်းထန်လွန်းလို့ အင်မော်တယ်လောကနဲ့ အောက်လောကကြားက အတားအဆီးမှာ အက်ကြောင်းတစ်ခုပေါ်လာခဲ့တယ်။ ငါ့ရဲ့ဝိညာဉ်က အဲဒီအခွင့်အရေးကိုသုံးပြီး အောက်ကိုထွက်ပြေးလာခဲ့တာပဲ"

"ပြီးတော့ရော... နှစ်သန်းပေါင်းများစွာကြာပြီကို မင်းက ဘာလို့ဒီမှာရှိနေသေးတာလဲ"

"အင်မော်တယ်လောကကနေ ဆင်းလာတော့ ငါ့ရဲ့ဝိညာဉ်က စည်းမျဉ်းတွေရဲ့ဖိနှိပ်မှုကိုခံရပြီး မူလဝိညာဉ်အမှတ်အသားကလည်း လွင့်စင်သွားခဲ့တယ်။ ကျန်နေတဲ့ဝိညာဉ်အပိုင်းအစက ငါ့ရဲ့ပင်ကိုယ်မိစ္ဆာ... ဪ... မဟုတ်ဘူး... ပင်ကိုယ်အင်မော်တယ်လက်နက်ဖြစ်တဲ့ သွေးစွန်းအင်မော်တယ်ဓားထဲမှာ ကပ်တွယ်နေခဲ့လို့သာပေါ့၊ မဟုတ်ရင် လွင့်စင်ပျောက်ကွယ်သွားတာ ကြာလှပြီ"

အစ်ကိုကြီးချန်နှင့် မျက်စိသုံးလုံးကျားတို့က သူ့ကိုတစ်ပြိုင်နက်တည်း တိတ်ဆိတ်စွာ ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာထားမှာ အလွန်ပင်ထူးဆန်းနေသည်။

လူကြီးမင်း... ခုနက မိစ္ဆာဆိုတဲ့စကားလုံးကို ပြောလိုက်တယ်မဟုတ်လား။ ငါတို့နားမကောင်းဘူးလို့ ထင်နေတာလား။

မြင်ကွင်းမှာ အလွန်ပင် စိတ်ကသိကအောက်ဖြစ်သွားရသည်။ မိုချန်၏ဝိညာဉ်မှပြောင်းလဲထားသော အနက်ရောင်မြူခိုးမှာ တိတ်ဆိတ်စွာဖြင့်ဝဲပျံနေသည်။ တစ်မိနစ်ခန့်တိတ်ဆိတ်သွားပြီးနောက်မှ သူအသိပြန်ဝင်လာပုံရသည်။

"မင်းတို့ ငါ့ကို မိစ္ဆာကျင့်ကြံသူလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်"

မိစ္ဆာကျင့်ကြံသူများသည် ဆိုးယုတ်ပြီး ဖောက်ပြန်တတ်ကြသည်။ သာမန်ကျင့်ကြံသူတိုင်းမှာ ဤစကားလုံးနှစ်လုံးကိုကြားရုံနှင့်ပင် ဝေးဝေးကရှောင်ကြသလို အလွန်ပင်မုန်းတီးကြသည်။

"ဝါးဟားဟား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက အင်မော်တယ်လမ်းစဉ်က အမှန်ကန်ဆုံး ကျင့်ကြံသူပဲလေ"

"မင်းတို့မယုံရင် အင်မော်တယ်လောကကိုသွားပြီး ကြီးမြတ်သောအင်မော်တယ် အမှောင်သခင်မိုချန်ရဲ့နာမည်ကို စုံစမ်းကြည့်လိုက်။ ငါသွားလေရာမှာ အားလုံးကချီးမွမ်းနေကြတာ"

ငါတို့က အင်မော်တယ်လောကကိုမှ မသွားနိုင်တာ၊ ဘယ်လိုလုပ် စုံစမ်းရမှာလဲ။ မင်းစိတ်ကြိုက် ပုံပြင်ပြောနေတာ မဟုတ်လား။

ကျန်းချန်နှင့် မျက်စိသုံးလုံးကျားတို့ မယုံကြည်သည်ကို မြင်သောအခါ သူ၏အပြစ်ကင်းစင်မှုကို သက်သေပြရန် အတင်းအော်ဟစ်တော့သည်။

"ငါက မိစ္ဆာကျင့်ကြံသူတွေနဲ့ လုံးဝမတည့်ဘူး"

မျက်စိသုံးလုံးကျားက မျက်လုံးလှန်ကြည့်လိုက်သည်...

"တကယ်လား"

"ဒါပေါ့... ငါကဒီဘဝမှာ မိစ္ဆာကျင့်ကြံသူတွေကို အမုန်းဆုံးပဲ။ တွေ့တဲ့ကောင်ကိုသတ်တယ်၊ အုပ်စုလိုက်တွေ့ရင် အုပ်စုလိုက်သတ်တယ်"

"ငါငယ်ငယ်တုန်းက မိစ္ဆာကျင့်ကြံသူတွေကို သုတ်သင်ဖို့ကို ငါ့ဘဝရဲ့ရည်မှန်းချက်အနေနဲ့ သစ္စာတောင်ဆိုခဲ့တာ..."

မိုချန်က အားတက်သရောပြောဆိုနေသော်လည်း ကျန်းချန်ကတော့ ဆက်မကြည့်နိုင်တော့ပေ။

လူကြီးမင်း... မင်းရဲ့ လျှို့ဝှက်ချက်ကပေါက်ကြားသွားပြီလေ။ ကိုယ့်နောက်ကြောင်းကို ဖုံးကွယ်ဖို့အတွက် မင်းရဲ့အဖွဲ့ကိုပါ ပြန်တိုက်ခိုက်နေတာလား။ ကြည့်ရတာ မင်းအရင်ကလည်း အရှက်မရှိတဲ့အလုပ်တွေ အများကြီးလုပ်ခဲ့ပုံရတယ်...

"ကဲ... ထားလိုက်ပါတော့၊ မင်းက မိစ္ဆာကျင့်ကြံသူလား၊ အင်မော်တယ်ကျင့်ကြံသူလားဆိုတာ ငါ စိတ်မဝင်စားပါဘူး။ ငါ သိချင်တာက အဲဒီ သွေးစွန်းမိစ္ဆာဓားဆိုတာ ဘယ်မှာလဲ"

"အဲဒါက အင်မော်တယ်ဓားပါ... အင်မော်တယ်လက်နက်..."

မိုချန်က ပြင်ပေးနေဆဲပင်။

"တကယ်တော့ မင်းအဲဒါကို မြင်ဖူးပါတယ်။ အရင်က တွမ့်မူမိသားစုဆီက မင်း သိမ်းယူခဲ့တဲ့ သွေးပြောင်းလဲခြင်းဓားလေ"

သွေးပြောင်းလဲခြင်းဓား ဟုတ်လား... ဟို အဆင့် ၇ ဝိညာဉ်လက်နက်လား

တွမ့်မူမိသားစုရဲ့ ဘိုးဘွားအမွေအနှစ်ဆိုတာလေ

အမှန်အတိုင်းပြောရလျှင် ကျန်းချန်သည် ၎င်းကိုလုယူလာပြီးနောက်ပိုင်း အလေးမထားခဲ့ပေ။

ပထမအချက်က သူဓားမသုံးပေ၊ ဒုတိယအချက်မှာ ထိုအနီရောင်ဓားကြီးက ကြည့်ရသည်မှာ အနည်းငယ်ကြောက်စရာကောင်းနေသောကြောင့်ဖြစ်သည်။ ၎င်းက နတ်ဘုရားလက်နက်ဖြစ်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ရှင်းပြချက်များကို နားထောင်ပြီးနောက်တွင် သူသည် ဇာတ်လမ်းတစ်ခုလုံးကိုနားလည်သွားသည်။

ထိုစဉ်က အောက်လောကသို့ ထွက်ပြေးလာပြီးနောက် မိုချန်၏ကြွင်းကျန်ရစ်သောဝိညာဉ်မှာ ထိုသွေးစွန်းမိစ္ဆာဓားအတွင်း၌ ပုန်းကွယ်နေခဲ့သည်။

မူလဝိညာဉ်အမှတ်အသား မရှိတော့သလို အောက်လောက၏ စည်းမျဉ်းများကလည်း ဖိနှိပ်ထားသဖြင့် သူသည် ပြင်ပလောကသို့ လုံးဝမထွက်နိုင်ပေ။ မဟုတ်ပါက သူ၏ဝိညာဉ်မှာ လွင့်စင်ပျောက်ကွယ်သွားပေလိမ့်မည်။

သူသည် သွေးစွန်းမိစ္ဆာဓား၏ နတ်ဘုရားဝိညာဉ်နှင့် အဆီအနှစ်များကိုစုပ်ယူရင်း မနည်းအသက်ဆက်နေခဲ့ရသည်။

အချိန်တွေကြာလာသည်နှင့်အမျှ နှစ်သန်းပေါင်းများစွာ ကုန်ဆုံးသွားပြီး သွေးစွန်းမိစ္ဆာဓား၏ အဆင့်အတန်းမှာလည်း သူကဝိညာဉ်တွေကို စုပ်ယူနေသောကြောင့် တဖြည်းဖြည်းနိမ့်ကျလာခဲ့သည်။

နတ်ဘုရားလက်နက်အဆင့်မှ နောက်ဆုံးတွင် အဆင့် ၈ ဝိညာဉ်လက်နက်အဆင့်အထိ ကျဆင်းသွားခဲ့သည်။

နတ်ဘုရားဝိညာဉ်မှာလည်း ကုန်ခန်းလုနီးပါးဖြစ်နေပြီး သူလည်း အသက်ရှင်ဖို့ ရက်အနည်းငယ်သာလိုတော့သည့် အခြေအနေသို့ရောက်ခဲ့သည်။

သို့သော် ထိုအချိန်တွင် သွေးစွန်းမိစ္ဆာဓားကို တွမ့်မူမိသားစု၏ ဘိုးဘေးများက မတော်တဆ ကောက်ရခဲ့ကြသည်။ တွမ့်မူမိသားစုက ၎င်းကို ရတနာတစ်ခုလို တန်ဖိုးထားပြီး မိသားစုကြီးပွားတိုးတက်ဖို့အတွက် အားကိုးရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။

သူတို့သည် တကယ်ပင် သာမန်မိသားစုလေးဘဝမှ ချင်းလန်ပြည်နယ်၏ အင်အားကြီးနှစ်ခုထဲမှတစ်ခုအဖြစ် တိုးတက်လာခဲ့သည်။

ဝိညာဉ်လက်နက်၏အဆင့်မှာ ထပ်မံကျဆင်းသွားသည့်အခါမှသာ သူတို့ တစ်ခုခုမှားနေပြီဟု သိလိုက်ကြသည်။ တွမ့်မူမိသားစုက ဝိညာဉ်လက်နက်ကို သုံးစွဲလွန်းသဖြင့် ပျက်စီးသွားသည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ၎င်းထဲ၌ နတ်ဘုရားတစ်ပါး ခိုအောင်းနေပြီး လက်နက်၏ နောက်ဆုံးအဆီအနှစ်များကို စုပ်ယူနေခြင်းဖြစ်ကြောင်း သူတို့မသိခဲ့ကြပေ။

နောက်ပိုင်းတွင် သူတို့သည် သွေးကန်ကိုသုံးကာ ၎င်းကိုပြုစုပျိုးထောင်ပေးခဲ့သဖြင့် အဆင့် ၇ အဆင့်တွင် ခေတ္တတည်ငြိမ်နေခဲ့ခြင်းဖြစ်သည်။

မိုချန်၏ဝိညာဉ်မှာ အောက်လောက၏ စည်းမျဉ်းများကိုတွန်းလှန်ရန် အလွန်အားနည်းနေသဖြင့် သူထွက်မလာဘဲ သူတို့စိတ်ကြိုက်လုပ်သမျှကိုသာ လွှတ်ထားခဲ့သည်။

သွေးကန်မှာ သူ့အတွက် အကျိုးသက်ရောက်မှု အလွန်နည်းပါးသော်လည်း မသေရုံတမယ်တော့ အထောက်အကူဖြစ်စေခဲ့သည်။

ယခုအကြိမ်တွင် ကျန်းချန်က သွေးစွန်းဓားကို ဖေးရှန်ဂိုဏ်းသို့ ယူဆောင်လာပြီးနောက် ဘဏ္ဍာတိုက်ထဲသို့ ပစ်ထည့်ထားခဲ့ခြင်းဖြစ်သည်။

မူလအတိုင်းဆိုလျှင် မိုချန်သည် သွေးကန်မရှိတော့သဖြင့် ကြာရှည်အသက်ရှင်မည် မဟုတ်သော်လည်း ဖေးရှန်ဂိုဏ်းတွင် မိစ္ဆာဘုရင် မျက်စိသုံးလုံးကျားရှိနေခဲ့သည်။ ၎င်း၏စွမ်းအားမှာ တွမ့်မူမိသားစုထက် များစွာ သာလွန်၏။

သွေးစွန်းမိစ္ဆာဓား၏ မူလအရှိန်အဝါနှင့် အထဲတွင်ပုန်းကွယ်နေသော အရှိန်အဝါမှာ အောက်လောကထက် မြင့်မားနေသည်ကို မျက်စိသုံးလုံးကျားက ကောင်းကောင်းသိလိုက်သည်။ ထို့ကြောင့် ၎င်းက ဤဝိညာဉ်လက်နက်ကို ခိုးယူလာခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးပြီးနောက်တွင် မိုချန်လည်း ဆက်၍ပုန်းမနေနိုင်တော့ပေ။

All Chapters