← Chapters

အဖွဲ့ဝင်သစ် ကြိုဆိုပွဲ

Vol. 28 Ch. 416

အဖွဲ့ဝင်သစ် ကြိုဆိုပွဲ

Vol. 28 Ch. 416

ဝမ်ရှင်းအန်းသည် လက်ထဲတွင် ဝိုင်ဘူးသီးတစ်လုံးကို ကိုင်ထားသည်။ သူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့်တစ်ပြိုင်နက် "ဂလု ဂလု ဂလု" ဟု အသံမြည်အောင် ဝိုင်ကို တစ်ကျိုက်ကြီး မော့သောက်လိုက်၏။

ထို့နောက် သူ၏ တပ်မှူးဝတ်ရုံစွန်းဖြင့် ပါးစပ်ဘေးမှ ဝိုင်စက်များကို သုတ်လိုက်လေသည်။

တစ်ချိန်က ခန့်ညားထည်ဝါခဲ့သော ထိုဝတ်ရုံမှာ ယခုအခါတွင်မူ ဆီကွက်များ၊ ချွေးနံ့များနှင့် ဝိုင်နံ့များဖြင့် စွန်းထင်းပေပွနေလေပြီ။

နင်ထျန်းရင်သည် မြင်မြင်ချင်းပင် မျက်မှောင်ကြုတ်သွားသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ကာ စကားပြောလိုက်သည်။

"တပ်မှူးဝမ်... ဒီနတ်ဆိုးနှိမ်နင်းရေး တပ်သားနှစ်ယောက်ကတော့ ရှန်မိုနဲ့ လီဟိုင်ထန်းလို့ ခေါ်ပါတယ်… သူတို့က လက်နက်တိုက်မှာ တာဝန်ထမ်းဆောင်ဖို့ ကိုယ့်သဘောနဲ့ကိုယ် လာခဲ့ကြတာပါ"

ဝမ်ရှင်းအန်း အားရပါးရ ရယ်မောလိုက်ပြီး ရှန်မိုနှင့် လီဟိုင်ထန်းတို့၏ ပုခုံးကို ခပ်ပြင်းပြင်း ပုတ်လိုက်သည်။

"ကောင်းတယ်… လက်နက်တိုက်ကို လာချင်တဲ့သူမှန်သမျှဟာ တကယ့်ယောင်္ကျားကောင်းတွေပဲ”

"ထျန်းရင်... မင်းပြန်ရောက်ရင် အဘိုးကြီးကျန့်ကို ပြောလိုက်ဦး… လက်နက်တိုက်ကို ပစ္စည်းတချို့ လှမ်းပို့ပေးလို့ နော် ငါ့ကိုယ်စား ပြောပေးပါဦး"

နင်ထျန်းရင် မျက်တောင်တခတ်ခတ်ဖြင့်

"ဘာပို့ပေးရမှာလဲ”

ဝမ်ရှင်းအန်း မျက်နှာဆူပုပ်လျက်

"ဝိုင်ပေါ့ဟ… ဒီလိုအေးစက်တဲ့ ရာသီဥတုမှာ ဝိုင်မရှိဘဲနဲ့ ဒီက နတ်ဆိုးနှိမ်နင်းရေးတပ်သားတွေ ဘယ်လိုလုပ်ပြီး ကိုယ်နွေးအောင် နေရမှာလဲ?"

နင်ထျန်းရင် သက်ပြင်းချကာ

"ကောင်းပါပြီ… ကျွန်မ စကားပါးပေးပါ့မယ်… ဒါပေမဲ့ တပ်မှူးကျန့်က ပို့ပေးမပေးဆိုတာကတော့ သူ့အဆုံးအဖြတ်ပဲနော်"

"ဟမ့်... သူငြင်းရဲလား ကြည့်ကြတာပေါ့… တိုက်ပွဲမှာ ငါသူ့အသက်ကို တစ်ခါကယ်ခဲ့ဖူးတာ သူသိပါတယ်”

ဝမ်ရှင်းအန်း နှာခေါင်းရှုံ့ကာ ဆိုသည်။

နင်ထျန်းရင်သည် ရှန်မိုနှင့် လီဟိုင်ထန်းကို နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက် အမြန်ပင် လှည့်ထွက်သွားတော့၏။ သူ ထိုနေရာတွင် ဆက်နေလျှင် နောက်ထပ် ဝမ်ရှင်းအန်း တစ်ယောက် တိုးလာမည်ကို စိုးရိမ်နေပုံရသည်။

သူ ထွက်သွားသည်နှင့် ဝမ်ရှင်းအန်းမှ လက်ကို ခန့်ညားစွာ ဝေ့ယမ်းလိုက်ပြီး

"ကဲ... ငါ့နောက်ကနေ အထဲကို လိုက်ခဲ့ကြ”

ရှန်မိုနှင့် လီဟိုင်ထန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

အထဲကိုလား။

စကားအရတော့ မှန်သော်လည်း ကြားရသည်မှာ တစ်မျိုးကြီး ဖြစ်နေသည်။

ဝမ်ရှင်းအန်းသည် ရုတ်တရက် မြေပြင်ကို ဆောင့်နင်းလိုက်ရာ အသားလုံးကြီး တစ်လုံးကဲ့သို့ လေထဲသို့ ပျံတက်သွားပြီး တံခါးကြီးကို ကျော်ကာ လက်နက်တိုက်အတွင်းသို့ ဝုန်းခနဲ ဆင်းသက်သွားတော့သည်။

ရှန်မိုနှင့် လီဟိုင်ထန်းတို့ စွံ့အကာ ကျန်ခဲ့၏။

"..."

တံခါးကြီး သံချေးတက်ပြီး ပေါင်းပင်တွေ ပေါက်နေတာ မဆန်းတော့ပါဘူး။

ခင်ဗျားကိုယ်တိုင်ကမှ အဓိကအဝင်ပေါက်ကို အသုံးမပြုတာပဲကိုး။

"အစ်ကိုရှန်... ကျွန်တော်တို့လည်း... ခုန်ရမှာလား… ဒါပေမဲ့ တံခါးကြီးက နည်းနည်း မြင့်နေသလိုပဲ..."

လီဟိုင်ထန်း သူ့ခေါင်းကို ကုတ်ရင်း ပြောရှာသည်။

ရှန်မို သူ့ပုခုံးကို ဖမ်းကိုင်လိုက်ပြီး မြေပြင်ကို ခွန်အားပါပါ ဆောင့်နင်းကာ လေထဲသို့ ခုန်တက်လိုက်၏။

ကျားဟိန်းသံကဲ့သို့ လေတိုးသံနှင့်အတူ လီဟိုင်ထန်းသည် ခိုင်မာသော မြေပြင်ပေါ်သို့ ရောက်ရှိသွားသည်ကို သိလိုက်ရသည်။

သူနောက်လှည့်ကြည့်လိုက်သောအခါ သံချေးတက်နေသော သံတံခါးကြီးမှာ သူတို့နောက်တွင် ကျန်ရစ်ခဲ့လေပြီ။

"အားပါးပါး အစ်ကိုရှန်… တကယ့်ကို ခွန်အားကြီးတာပဲ! … ကျွန်တော့်ကို ဘာမှမရှိသလိုမျိုး အလွယ်တကူ မ,လာနိုင်တာလား”

ဝမ်ရှင်းအန်းသည် မျက်လုံးထောင့်မှနေ၍ ရှန်မို၏ သက်သောင့်သက်သာ ဆင်းသက်ပုံကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။

ထို့နောက် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

“မဆိုးဘူးပဲ… ဒါကြောင့်လည်း ဒီလို ထူးဆန်းတဲ့ကျင့်စဉ်မျိုးကို ကျင့်နိုင်တာကိုး"

"စစ်သူကြီးကျန်း... ခင်ဗျားတော့ ငါ့လက်နက်တိုက်ထဲကို ရတနာတစ်ပါး လွှင့်ပစ်လိုက်တာပဲ"

ရှန်မို ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

တံခါးနောက်ကွယ်တွင် ကျယ်ဝန်းပြီး ညီညာသော ရင်ပြင်တစ်ခု ရှိ၏။

ပေါင်းပင်တော့ သိပ်မရှိလှပေ။

သို့သော် မြေပြင်မှာ နေရာအနှံ့ အက်ကြောင်းများ ထနေပြီး စနစ်တကျ ပြုပြင်ထားခြင်း မရှိသည်မှာ သိသာသည်။

တည့်တည့်တွင်မူ ဧရာမ ကုန်လှောင်ရုံကြီး (၄) ခု ရှိနေသည်။

တစ်ခုချင်းစီမှာ အနည်းဆုံး အမြင့် ပေ (၄၀) ခန့် ရှိသည်။

ထိုအထဲတွင် ကြီးမားသော စစ်လက်နက် စက်ယန္တရား အမျိုးမျိုး ရှိနေမည်မှာ ခန့်မှန်းရ မခက်ပေ။

လက်နက်တိုက်၏ အနောက်ဘက်…

သူတို့ တံခါးကို ကျော်လာပြီးနောက် ဘယ်ဘက်ခြမ်းတွင်မူ အိမ်တန်းရှည်ကြီး တစ်ခု ရှိသည်။

၎င်းမှာ လက်နက်တိုက်ရှိ နတ်ဆိုးနှိမ်နင်းရေးတပ်သားများ နေထိုင်ရာ နေရာဖြစ်ဟန်တူ၏။

ဝမ်ရှင်းအန်းက သံတုတ်တစ်ချောင်းကို အသာကောက်ကိုင်ကာ ရင်ပြင်အလယ်ရှိ ကြေးခေါင်းလောင်းကို ရိုက်လိုက်သည်။

ဒေါင်... ဒေါင်... ဒေါင်!

စူးရှသော ခေါင်းလောင်းသံမှာ လက်နက်တိုက်တစ်ခုလုံးကို ဟိန်းထွက်သွားသည်။

ဝမ်ရှင်းအန်း အော်ဟစ်လိုက်၏။

“အားလုံး ထွက်ခဲ့ကြစမ်း… လက်နက်တိုက်ကို အရူးအ… အဟမ်း… မဟုတ်ဘူး… နတ်ဆိုးနှိမ်နင်းရေး တပ်သားသစ် နှစ်ယောက် ရောက်လာပြီဟေ့”

တိတ်ဆိတ်နေသော အိမ်တန်းရှည်ကြီးဆီမှ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

ခဏအကြာတွင် တပ်သားအချို့တို့ ပျင်းရိပျင်းတွဲဖြင့် ထွက်လာကြ၏။

သူတို့ထဲမှ အများစုမှာ အိပ်ချင်မူးတူး ဖြစ်နေကြပြီး တစ်ယောက်မှာမူ အပေါ်အင်္ကျီပင် မပါပေ။

"လက်ခုပ်တီးကြစမ်း”

ဝမ်ရှင်းအန်း အမိန့်ပေးလိုက်သည်။

ဖြောင်း... ဖြောင်း... ဖြောင်း...

ကျဲတောက်တောက် လက်ခုပ်သံအချို့ ထွက်ပေါ်လာ၏။

"ကဲ... သွားပြီး ပြန်အိပ်ကြတော့"

ဝမ်ရှင်းအန်း ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

တပ်သားများသည် ချက်ချင်းပင် အထဲသို့ ပြန်ဝင်သွားကြတော့သည်။

ဝမ်ရှင်းအန်း ရယ်မောလျက်

"ကြိုဆိုပွဲ အခမ်းအနား ပြီးဆုံးပြီ… အခုကစပြီး မင်းတို့နှစ်ယောက်ဟာ လက်နက်တိုက်ရဲ့ တရားဝင် အဖွဲ့ဝင်တွေ ဖြစ်သွားပြီ"

"ဘယ်လိုလဲ… ရင်ခုန်နေပြီလား”

ရှန်မိုနှင့် လီဟိုင်ထန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

လီဟိုင်ထန်း ဝံ့ဝံ့ရဲရဲ လက်တစ်ဖက် မြှောက်လိုက်ပြီး

“တပ်မှူးဝမ်... ကျွန်တော် ပြန်သွားလို့ ရမလား”

ဝမ်ရှင်းအန်း၏ အကြည့်မှာ ရုတ်တရက် စူးရှသွားသည်။

“ပြန်သွားမယ် ဟုတ်လား… လက်နက်တိုက်ကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့သူမှန်သမျှကို စစ်ပြေးအဖြစ် သတ်မှတ်မယ်”

"မင်း ပြန်သွားချင်သေးလား”

လီဟိုင်ထန်း ကြောက်ရွံ့စွာဖြင့် ပုခုံးကလေး တွန့်သွားပြီး ခေါင်းကို အမြန်ပင် ခါလိုက်တော့၏။

ဝမ်ရှင်းအန်း၏ မျက်နှာ ပြန်လည် ဝင်းပလာပြီး ယခင်ကကဲ့သို့ သဘောကောင်းသည့် ပုံစံသို့ ချက်ချင်း ပြန်ပြောင်းသွားသည်။

"ဟိုမှာ အိမ်အလွတ် တစ်လုံးရှိတယ်… မင်းတို့နှစ်ယောက် အဲဒီမှာ နေလို့ရတယ်… လက်နက်တိုက်မှာ ပေါများတာဆိုလို့ အခန်းလွတ်တွေပဲ ရှိတယ်… နေစရာအတွက် ပူစရာမလိုဘူး"

"တခြား စစ်စခန်းတွေနဲ့ မတူဘူး... ဟိုမှာဆို လူတွေက တဲတွေနဲ့ နေနေရတုန်းပဲ"

ဝမ်ရှင်းအန်း ပြောရင်းနှင့် လက်ကို သဘောကောင်းစွာ ဝေ့ယမ်းပြနေသည်။

ရှန်မိုမှာ လက်သီးဆုပ်ကာ ဂါရဝပြုလိုက်ပြီး

"တပ်မှူးဝမ်... ကျွန်တော်တို့ နေ့စဉ် ဘာတွေလုပ်ရမလဲဆိုတာ သိပါရစေ"

ဝမ်ရှင်းအန်း ပြုံးလျက်

"မေးခွန်းကောင်းပဲ”

သူ၏ ဝတုတ်သော လက်ညှိုးဖြင့် အဝေးရှိ နံရံတစ်ခုကို ညွှန်ပြလိုက်သည်။

၎င်းပေါ်တွင် ကောက်ကောက်ကွေးကွေး စာလုံးကြီးများ တန်းစီရေးထား၏။

"ဟိုမှာကြည့်… အဲဒါ ငါကိုယ်တိုင် ရေးထားတဲ့ 'လက်နက်တိုက် လက်စွဲစာအုပ်' ပဲ… မင်းတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ အားလုံး အဲဒီမှာ ပါတယ်"

"အဲဒါအပြင် မင်းတို့ ဘာလုပ်လို့ရလဲ၊ ဘာမလုပ်ရဘူးလဲ၊ ဘယ်ကို သွားလို့ရလဲ၊ ဘယ်ကို မသွားရဘူးလဲဆိုတာတွေ အားလုံး အဲဒီမှာ ရှိတယ်"

ဤနေရာသို့ ရောက်သောအခါ ဝမ်ရှင်းအန်း လက်ကို ထပ်မံ ဝေ့ယမ်းလိုက်ပြန်သည်။

“ကဲ... လူသစ်တွေအတွက် လမ်းညွှန်မှုပေးတာ ဒီလောက်ဆို တော်ပြီ.. မနက်ဖြန်ကစပြီး မင်းတို့ဟာ လက်နက်တိုက်ရဲ့ ဝါရင့်တွေ ဖြစ်ပြီ"

"ငါ့မှာ လုပ်စရာ အလုပ်တွေ ရှိသေးတယ်… ဘာမှ မဖြစ်ရင် ငါ့ကို လာမနှောင့်ယှက်နဲ့… တစ်ခုခု ဖြစ်ရင်လည်း လာမနှောင့်ယှက်နဲ့"

ထိုသို့ပြောပြီးနောက် သူသည် ဖျတ်လတ်လှသော အသားလုံးကြီးတစ်ခုကဲ့သို့ သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားတော့၏။

ရှန်မို စိတ်ဝင်စားစွာ ကြည့်မိသည်။

တပ်မှူး ဝမ်ရှင်းအန်း... တကယ်ကို ထူးခြားတဲ့ လူပဲ။

"လာ... လက်နက်တိုက် လက်စွဲစာအုပ်ကို သွားကြည့်ရအောင်"

ရှန်မိုသည် လီဟိုင်ထန်းကို ဦးဆောင်ကာ နံရံဆီသို့ လျှောက်သွားသည်။

ထိုနေရာတွင် ကြက်ခြေရာခဲကဲ့သို့ လက်ရေးများဖြင့် ရေးသားထားသော စည်းကမ်းချက် (၂၆) ချက် ရှိ၏။

ရှန်မို အစမှအဆုံးအထိ ဖတ်ကြည့်လိုက်ပြီး ခေါင်းကို အသာငြိမ့်လိုက်သည်။

စည်းကမ်းချက်များမှာ အထူးတလည် တင်းကြပ်မနေပေ။

လက်နက်တိုက်၏ နေ့စဉ်လုပ်ငန်းဆောင်တာများမှာ ရိုးရှင်းပါသည်။

ပထမ၊ စက်ယန္တရားများပေါ်မှ ဖုန်မှုန့်များကို သုတ်သင်ရန်။

ဒုတိယ၊ ပျက်စီးနေသော ကိရိယာများကို ပြုပြင်ရန်။

တိုက်ပွဲနီးလာလျှင် လက်နက်ပစ္စည်းများ အသုံးပြုရန် အဆင်သင့်ဖြစ်မဖြစ် စစ်ဆေးရမည်။

တိုက်ပွဲပြီးလျှင် လက်နက်များကို ပြန်လည်သိမ်းဆည်းပြီး လက်နက်တိုက်သို့ ပြန်သယ်လာရန် တာဝန်ရှိသည်။

သဘာဝကျကျပင် လက်နက်တိုက်ရှိ စစ်လက်နက် အများစုမှာ ဟောင်းနွမ်းပျက်စီးနေပြီ ဖြစ်၏။

လက်ရှိတွင် အသုံးပြုနေဆဲ ဖြစ်သော ကိရိယာများမှာ လှိုင်းခွဲတိုက်ပွဲဝင်စင်္ကြံများနှင့် ပိုမိုအဆင့်မြင့်သော ဒီရေဖြတ်တိုက်ပွဲဝင်စင်္ကြံများသာ ဖြစ်သည်။

လက်နက်တိုက်ရှိ နတ်ဆိုးနှိမ်နင်းရေးတပ်သားများသည် သူတို့အား သတ်မှတ်ပေးထားသော နေ့စဉ်လုပ်ငန်းများကို ပြီးစီးသရွေ့ သူတို့ဘာလုပ်ချင်လုပ်ချင် လွတ်လပ်ခွင့်ရှိသည်။ တပ်မှူးဝမ်မှ သူတို့ ဘယ်သွားသွား ဝင်စွက်ဖက်မည် မဟုတ်ပေ။

ရှန်မို ထိုအချက်များကို ဂရုမစိုက်ပါ။

သူ့၏ သွားလာလှုပ်ရှားမှုကို ကန့်သတ်မထားသရွေ့ အဆင်ပြေပါသည်။

အကယ်၍ သူ လက်နက်တိုက်ထဲကနေ မထွက်ရဘူးဆိုလျှင် သူ့၏ ကံထူးမှုအခွင့်အလမ်းများကို မည်သို့ လိုက်လံရယူနိုင်မည်နည်း။

သူ လက်နက်တိုက်ကို ပထမဦးဆုံး ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ အချက်နှစ်ချက်ကြောင့် ဖြစ်၏။

ပထမအချက်မှာ ယခင်က လက်နက်တိုက်သည် အလွန်တန်ဖိုးထားရသော နေရာတစ်ခု ဖြစ်ခဲ့သည်။ အကြောင်းမှာ နတ်ဆိုးနှိမ်နင်းရေး တပ်သားတစ်ဦးက စစ်လက်နက်တစ်ခုကို ဖန်တီးပြီး ထိုလက်နက်ကို အသုံးပြုကာ တိုက်ပွဲတွင် ရန်သူများကို သတ်ဖြတ်ခြင်း သို့မဟုတ် အစီအရင်များကို ဖျက်ဆီးခြင်း ပြုလုပ်ပါက ကောင်းကင်တာအိုမှ ရရှိလာသော အမှတ် အများစုကို ဖန်တီးသူထံသို့ ခွဲဝေပေးသောကြောင့် ဖြစ်သည်။

ပြုပြင်သူများလည်း အမှတ် အချို့ရရှိသော်လည်း ပို၍နည်းပါသည်။

စက်များကို ဖုန်သုတ်ရုံသက်သက် လုပ်သူများကတော့ အနည်းဆုံးသာ ရရှိ၏။

စစ်မြေပြင်တွင် နတ်ဆိုးတပ်မှူးငယ် (၅) ယောက်ကို သတ်လျှင် အဆင့်-ဒီ တစ်ခု ရနိုင်သည်။

သို့သော် လက်နက်တိုက်တွင်မူ ထိုအဆင့်ဒီ အမှတ်မျိုး ရရန်အတွက် စက်ပစ္စည်း (၁၀) ခုကို ဖုန်သုတ်ရလိမ့်မည်။

သို့သော် ဒုတိယအချက်မှာ အရေးကြီးဆုံး ဖြစ်၏။

ရှန်မို လင်တုန်းထျန်းနှင့် ဆက်စပ်နေသော လက်နက်တိုက်အတွင်းမှ ကံထူးမှုအခွင့်အလမ်းတစ်ခုကို မြင်တွေ့ခဲ့ပြီး ထိုအချက်ကို ထိုအချိန်တည်းက မှတ်သားထားခဲ့သည်။

ထို့ကြောင့် ကျန်းလုံရှန်း မည်သည့်ထောက်ပို့ဌာနကို သွားလိုသလဲဟု မေးသောအခါ လက်နက်တိုက်ကို ချက်ချင်း ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသာ ထိုအခွင့်အလမ်းကို ရရှိခဲ့မည်ဆိုလျှင်…

သူ စက်ဟောင်းများကို ပြုပြင်ရုံတင်မကဘဲ ပျောက်ကွယ်နေပြီဖြစ်သော နည်းပညာဟောင်းများကို အသုံးပြုကာ စက်အသစ်များကိုပါ ဖန်တီးနိုင်လိမ့်မည်။

ထိုအချိန်ကျလျှင် သူ စစ်မြေပြင်တွင် တိုက်ခိုက်နေရန်ပင် မလိုတော့ဘဲ သူ့ထံသို့ အမှတ်များစွာ အဆုံးမရှိ စီးဝင်လာလိမ့်မည်။

၎င်းသည် တကယ် အိပ်နေရင်းပင် အမှတ်များစွာ ရနေမည့် အခြေအနေမျိုး ဖြစ်လာပေမည်။

All Chapters