← Chapters

အော့ယဲ့၏ အမွေအနှစ်

Vol. 28 Ch. 417

အော့ယဲ့၏ အမွေအနှစ်

Vol. 28 Ch. 417

ရှန်မိုနှင့် လီဟိုင်ထန်းတို့ သူတို့၏ အထုတ်အပိုးများကို ချထားပြီးနောက် နှစ်ယောက်သား ကုန်လှောင်ရုံတစ်ခုရှေ့သို့ ရောက်လာကြသည်။ လီဟိုင်ထန်းမှာ တောင်တစ်လုံးကို မတင်တော့မည့်အလား တစ်ကိုယ်လုံးရှိ ခွန်အားအားလုံးကို စုစည်း၍ အစွမ်းကုန်တွန်းသော်လည်း လေးလံလှသော တံခါးကြီးမှာ စိုးစဉ်းမျှပင် မရွေ့လျားပေ။ သူ့မျက်နှာမှာ အားစိုက်လွန်း၍ နီရဲတက်လာပြီး နောက်ဆုံးတွင်တော့ စိတ်ပျက်လက်ပျက်ဖြင့် နောက်သို့ ဆုတ်ပေးလိုက်ရတော့၏။

ထိုအခါ ရှန်မို ရှေ့သို့တက်ကာ တံခါးမျက်နှာပြင်ပေါ်သို့ လက်နှစ်ဖက်ကို အသာအယာတင်၍ အားစိုက်ရုံမျှလေး တွန်းလိုက်သည်။ တံခါးကြီးမှာ တကျီကျီအသံမြည်လျက် ပွင့်သွားတော့သည်။ လီဟိုင်ထန်းမှာ ရှန်မိုကို ကြည်ညိုလေးစားသော အကြည့်ဖြင့် ကြည့်ပြီးနောက် ကုန်လှောင်ရုံထဲသို့ အမြန်ပြေးဝင်ကာ ရှန်မိုမရောက်ခင် မီးတိုင်များကို လိုက်လံထွန်းညှိလိုက်သည်။ ထိုအခါမှသာ ကျယ်ပြောလှသော ကုန်လှောင်ရုံကြီးအား ရှန်မို အပြည့်အဝ မြင်တွေ့လိုက်ရသည်။ ထိုကုန်လှောင်ရုံကို ဒီ ဟု အမည်တပ်ထားပြီး 'အဆင့်ဒီ ကုန်လှောင်ရုံ' ဟု ခေါ်ဆိုကြသည်။ အတွင်း၌ သိမ်းဆည်းထားသော ကိရိယာအများစုမှာ အတိုင်းအတာအားဖြင့် အတော်အသင့် သေးငယ်သော စစ်လက်နက်ပစ္စည်းများ ဖြစ်ကြသည်။ ဥပမာအားဖြင့် ကျောက်ခဲပစ်စက်များ၊ မိုးတိမ်သင်္ဘောအမြောက်များ၊ သံချွန်တပ် ဝှေ့ယမ်းတုံးများနှင့် အခြားပစ္စည်းများ ဖြစ်သည်။

သဘာဝကျကျပင် အရပ်အမြင့် (၂) ပေ အောက်သာရှိသော နတ်ဆိုးနှိမ်နင်းရေးတပ်သားများနှင့် နှိုင်းယှဉ်လျှင် "အတော်အသင့် သေးငယ်သည်" ဆိုသော စက်ယန္တရားကြီးများမှာပင် အလွန်ကြီးမားလှ၏။ အခြားသော ကုန်လှောင်ရုံ သုံးခုဖြစ်သည့် အဆင့်စီ၊ အဆင့်ဘီနှင့် အဆင့်အေ တို့မှာမူ ၎င်းတို့အတွင်း သိမ်းဆည်းထားသော ကိရိယာများမှာ ပို၍ကြီးမားပြီး ပို၍အရေးကြီးလှသည်။ အဆင့်အေ ကုန်လှောင်ရုံကိုမူ ဝမ်ရှင်းအန်း ကိုယ်တိုင်သာ ဝင်ရောက်ခွင့် ရှိ၏။

"ဟိုး... ဒါတွေက လက်နက်တိုက်ထဲက လက်နက်တွေပေါ့… ကြည့်ရတာ တကယ့်ကို ထည်ဝါတာပဲ”

လီဟိုင်ထန်းမှာ မြို့တက်လာသည့် တောသားလေးအလား အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး စက်ပစ္စည်းများကို လိုက်လံကြည့်ရှုတော့သည်။ သူ စက်ပစ္စည်းများပေါ်သို့ အငွေ့တလူလူဖြင့် လေမှုတ်လိုက်၊ တယုတယ ပွတ်သပ်လိုက်နှင့် အလုပ်ရှုပ်နေ၏။ အခြေအနေကို မသိသူတစ်ယောက်သာဆိုလျှင် သူသည် အဝတ်ဗလာနှင့် အလှပဂေးတစ်ယောက်ကို ကြည့်နေသည်ဟုပင် ထင်မှတ်သွားနိုင်ပေသည်။

ရှန်မိုမှာ ပြုံးလိုက်မိ၏။ လီဟိုင်ထန်း၏ တုံ့ပြန်မှုမှာ သူ စစ်လက်နက်စက်ကိရိယာများကို တကယ်ပင် ဝါသနာပါကြောင်း ပြသနေသည်။

ရှန်မို နတ်ဆိုးနှိမ်နင်းရေးခံတပ်သို့ စတင်ရောက်ရှိပြီး လီဟိုင်ထန်းနှင့် တွေ့ဆုံစဉ်ကတည်းက ထိုသူ၌ "စက်ယန္တရားကျွမ်းကျင်သူ" ဟု ခေါ်သော ခရမ်းရောင် ကံကြမ္မာပုံစံ ရှိနေသည်ကို သတိပြုမိခဲ့သည်။ လီဟိုင်ထန်းမှာ ဖန်တီးမှုနှင့် စက်မှုလက်မှုဆိုင်ရာ ကိရိယာများတွင် သဘာဝပါရမီ ပါလာသူဖြစ်၏။ ကံမကောင်းစွာဖြင့် သူသည် ဆင်းရဲသော မိသားစုမှ လာသူဖြစ်ရာ ထိုပညာရပ်များကို လေ့လာသင်ယူရန် အခွင့်အရေး မရခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် သူသည် ကျင့်စဉ်လမ်းတွင် အောင်မြင်မှုရရှိခဲ့ပြီး နတ်ဆိုးနှိမ်နင်းရေးတပ်သား အဆင့်အတန်းကို ရရှိကာ ခံတပ်သို့ ဝင်ရောက်နိုင်ခဲ့သဖြင့် ဘိုးဘေးများအတွက်တော့ ဂုဏ်ယူစရာ ဖြစ်ခဲ့ရသည်။

"ဟိုင်ထန်း... မင်း ဒီမှာပဲ အေးအေးဆေးဆေး ကလိနေဦး… ငါ တခြားကုန်လှောင်ရုံတွေကို သွားကြည့်ဦးမယ်"

ရှန်မို ပြုံးလျက် အဆင့်ဒီ ကုန်လှောင်ရုံမှ ထွက်ခွာကာ အဆင့်စီ ကုန်လှောင်ရုံဆီသို့ ဦးတည်လိုက်သည်။ လင်တုန်းထျန်းနှင့် ပတ်သက်သော အခွင့်အလမ်းမှာ အဆင့်စီ ကုန်လှောင်ရုံအတွင်း၌ ရှိနေ၏။

[မကြာမီ ရောက်ရှိလာတော့မည့် ကံထူးမှုအခွင့်အလမ်း - နတ်ဆိုးများ ကျူးကျော်လာချိန်တွင် လင်တုန်းထျန်းသည် သံချပ်ကာ မိုးတိမ်သင်္ဘောများနှင့် အခြားကိရိယာများ စေလွှတ်ရန် လက်နက်တိုက်သို့ အမိန့်ယူလာသည်။ သူ လျှောက်သွားနေစဉ်အတွင်း အဆင့်စီ ကုန်လှောင်ရုံအတွင်းရှိ 'နှင်းရုပ်တု မိုးတိမ်သင်္ဘော' တစ်စီး၏ ရွက်တိုင်အတွင်း၌ ဝှက်ထားသော ကျောက်စိမ်းပြားတစ်ချောင်းကို မတော်တဆ တွေ့ရှိသွားခဲ့သည်။ လင်တုန်းထျန်းသည် ထိုကျောက်စိမ်းပြားကို ရရှိခဲ့ပြီး အထဲမှ နတ်ဘုရားလက်မှုပညာရှင် အော့ယဲ့ ချန်ထားခဲ့သော 'ဧရာမစက်ယန္တရားကျမ်း' အမွေအနှစ် ပါရှိနေကြောင်း သိရှိသွား၏။ ဆယ်ရက်ကျော်ကြာ လေ့လာပြီးနောက် သူ ထိုရတနာ၏ အနှစ်သာရကို နားမလည်နိုင်သဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက်ပြီး သိုလှောင်လက်စွပ် ထောင့်တစ်နေရာ၌ မေ့မေ့လျော့လျော့ ပစ်ထားလိုက်တော့သည်။]

လင်တုန်းထျန်းသည် ကျောက်စိမ်းပြားကို ရရှိခဲ့သော်လည်း ပါရမီမရှိသဖြင့် 'ဧရာမစက်ယန္တရားကျမ်း' ကို နားမလည်နိုင်ဘဲ နောက်ဆုံး၌ လက်လျှော့ခဲ့ရသည်။ ဤကဲ့သို့သော ရတနာတစ်ပါးကို လင်တုန်းထျန်း၏ သိုလှောင်လက်စွပ်ထဲ၌ ဖုန်တက်နေအောင် ထားရမည်မှာ အလွန်ပင် နှမြောစရာကောင်းလှသည်။

"ဒီ 'ဧရာမစက်ယန္တရားကျမ်း' ကို ဆက်ခံဖို့ဆိုတာ ငါတို့ရဲ့ ရှောင်လွှဲလို့မရတဲ့ တာဝန်ပဲ”

ရှန်မို၏ ပါးစပ်နားတွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် အဆင့်စီ ကုန်လှောင်ရုံအတွင်း၌ စတင်ရှာဖွေတော့သည်။ အဆင့်စီ ကုန်လှောင်ရုံမှာ အဓိကအားဖြင့် စံသတ်မှတ်ချက်မီ မိုးတိမ်သင်္ဘောများကို သိမ်းဆည်းထားသည်။ အမြန်နှုန်းကို ဦးစားပေးသော "မိုးကြိုးသိန်းငှက် မိုးတိမ်သင်္ဘော" များ၊ တိုက်ခိုက်ရေးကို ဦးစားပေးသော်လည်း အကာအကွယ်အားနည်းသော "သိန်းစွန်နက် မိုးတိမ်သင်္ဘော" များ၊ ခံတပ်များအကြား ကုန်စည်သယ်ယူရန် အသုံးပြုသော သယ်ယူပို့ဆောင်ရေးအင်အား ကောင်းမွန်သည့် "နှင်းရုပ်တု မိုးတိမ်သင်္ဘော" များလည်း ရှိသည်။ သို့သော် ထိုမိုးတိမ်သင်္ဘော အများစုမှာ ပျက်စီးနေပြီး အသုံးမပြုနိုင်တော့ပေ။ မိုးကြိုးသိန်းငှက် မိုးတိမ်သင်္ဘော အချို့သာလျှင် မနည်းအသုံးပြုနေရဆဲ ဖြစ်သည်။ ယခုခေတ်တွင် မိုးကြိုးသိန်းငှက်များသည်ပင် သိန်းစွန်နက်နှင့် နှင်းရုပ်တုတို့၏ အခန်းကဏ္ဍများကိုပါ ပူးတွဲတာဝန်ယူနေရပြီး တိုက်ခိုက်ရေးရော သယ်ယူပို့ဆောင်ရေးအတွက်ပါ အသုံးပြုနေရသည်။ ၎င်းတို့သည် နောက်ထပ် အနှစ် ၂၀ အတွင်း၌ လုံးဝ အသုံးမပြုနိုင်တော့ဘဲ အမှိုက်ဖြစ်သွားလိမ့်မည်ဟု ယူဆရ၏။ လက်နက်တိုက်ရှိ နတ်ဆိုးနှိမ်နင်းရေးတပ်သားများသည် အလုပ်ခိုရန် အလွန်ကျွမ်းကျင်ကြသည်မှာ သိသာလှသည်။ တံခါးဖွင့်လိုက်သည်နှင့် မြင်ကွင်းအတွင်းရှိ မိုးတိမ်သင်္ဘောများအားလုံးကို သန့်ရှင်းအောင် သုတ်ထားကြသည်။ သို့သော် ထိုသင်္ဘောများကို ကျော်လွန်ပြီး အထဲသို့ ပိုဝင်သွားလျှင်မူ၊ အတွင်းရှိ သင်္ဘောတိုင်းမှာ ဖုန်များဖြင့် ဖုံးလွှမ်းနေသည်။ မည်မျှအထိ ဖုန်တက်နေသနည်းဆိုလျှင် ထိုယာဉ်များပေါ် တက်လိုက်ပါက ခြေရာများ ထင်ထင်ရှားရှား ကျန်ရစ်မည် ဖြစ်၏။ သို့သော်လည်း ရှန်မိုသည် ဖုန်တက်နေသော သင်္ဘောများကြားတွင် သူရှာနေသော အရာကို တွေ့ရှိသွားသည်။ နှင်းရုပ်တု မိုးတိမ်သင်္ဘော တစ်စင်း၏ ရွက်တိုင်ထိပ်တွင် ဝှက်ထားသော ကျောက်စိမ်းပြား တစ်ချောင်းပင်။

၎င်းအတွင်း၌ နတ်ဘုရားလက်မှုပညာရှင် အော့ယဲ့၏ အမွေအနှစ် 'ဧရာမစက်ယန္တရားကျမ်း' ပါရှိသည်။ ရှန်မိုသည် ကျောက်စိမ်းပြားကို အသာအယာ ကိုင်လိုက်သည့်အခါ အော့ယဲ့၏ ပုံရိပ် သူ့စိတ်ထဲတွင် ပေါ်လာသည်။ နတ်ဘုရားလက်မှုပညာရှင် အော့ယဲ့သည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က ကျင်းနိုင်ငံတော်ကို တုန်လှုပ်စေခဲ့သော လက်နက်ဖန်တီးမှုဆိုင်ရာ ဆရာကြီးတစ်ဦး ဖြစ်သည်။ အဂ္ဂိရက် (၉) သွယ်ဂိုဏ်းမှ အော့ယဲ့ကို ဂုဏ်ထူးဆောင်ဂိုဏ်းချုပ်အဖြစ် တာဝန်ယူရန် အကြိမ်ကြိမ် ဖိတ်ကြားခဲ့သော်လည်း သူ အကြိမ်တိုင်း ငြင်းပယ်ခဲ့သည်။ ကျော်ကြားမှုနှင့် အောင်မြင်မှုများ ရရှိပြီးနောက်တွင် သူ စိတ်ဝိညာဉ်လက်နက်ငယ်လေးများကို ဖန်တီးခြင်း၌ စိတ်မဝင်စားတော့ပေ။ ယင်းအစား သူသည် ကြီးမားသော၊ အလွန်ကြီးမားသော၊ နောက်ဆုံးတွင် ဧရာမ ဝိညာဉ်စက်ယန္တရားကြီးများကို ဖန်တီးရန်သာ အာရုံစိုက်ခဲ့သည်။ တိုးပွားလာသော နတ်ဆိုးများ၏ အရေအတွက်ကို ထိုကဲ့သို့သော နည်းလမ်းဖြင့်သာ ခုခံနိုင်မည်ဟု ယုံကြည်ခဲ့၏။ သူသည် ကောင်းကင်ဘုံတာအိုမှ ခေါ်ယူခြင်းခံရရန် အကြိမ်ကြိမ် မျှော်လင့်ခဲ့သော်လည်း ကောင်းကင်ဘုံမှာ တစ်ခါမျှ တုံ့ပြန်ခြင်း မရှိခဲ့ပေ။ နောက်ဆုံးတွင် အော့ယဲ့သည် ဧရာမစက်ယန္တရားကြီး အများအပြားကို ချန်ထားခဲ့ပြီး 'ဧရာမစက်ယန္တရားကျမ်း' ကို ရေးသားကာ အေးချမ်းစွာ ကွယ်လွန်သွားခဲ့သည်။ ထိုစက်ယန္တရား အများအပြားကို ကျင်းနိုင်ငံတော်မှ နတ်ဆိုးများကို ခုခံရန်အတွက် နတ်ဆိုးနှိမ်နင်းရေးခံတပ်သို့ လွှဲပြောင်းပေးခဲ့၏။ အချို့ကိုမူ ကျင်းနိုင်ငံတော်မှ ကျင့်ကြံသူများက လေ့လာခဲ့ကြသည်။

အမှန်စင်စစ် မိုးတိမ်သင်္ဘောများမှာ ထိုစက်ယန္တရား အမျိုးအစားတစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်ပြီး လူအများအပြားမှာ 'ဧရာမစက်ယန္တရားကျမ်း' ကို သိမ်းပိုက်ရန် ကြိုးစားခဲ့ကြသည်။ အော့ယဲ့၏ သားစဉ်မြေးဆက်များသည် ထိုကျမ်းစာကို မထိန်းသိမ်းနိုင်တော့ဘဲ နောက်ဆုံးတွင် အဂ္ဂိရက် (၉) သွယ်ဂိုဏ်းသို့ ရောင်းချခဲ့ရသည်။ နောက်ပိုင်းတွင် ထိုဂိုဏ်း ပျက်စီးသွားပြီးနောက် လက်ဆင့်ကမ်းမှုများစွာ ကြုံခဲ့ရ၏။

နောက်ဆုံးတွင်တော့ ၎င်းသည် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ထိုကျမ်းစာမှာ ကုန်းမြေကြီးပေါ်မှ ထွက်ခွာသွားပြီး နတ်ဆိုးနှိမ်နင်းရေးခံတပ်သို့ ရောက်ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြပေ။ ရွှမ်ဝူခံတပ်၏ ဖုန်တက်နေသော အဆင့်စီ ကုန်လှောင်ရုံအတွင်း၌ ကံပါသူတစ်ဦးကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

ရှန်မိုသည် ကျောက်စိမ်းပြားကို ယူဆောင်ကာ ကုန်လှောင်ရုံမှ ထွက်လာခဲ့၏။ 'ဧရာမစက်ယန္တရားကျမ်း' မှာ အလွန်ကျယ်ဝန်းပြီး နက်နဲလှသဖြင့် စိတ်အေးချမ်းစွာဖြင့် နက်နက်ရှိုင်းရှိုင်း ဆင်ခြင်ရန် လိုအပ်သည်။ ရှန်မို ကုန်လှောင်ရုံထဲသို့ ဝင်သွားသည်ကို ဝမ်ရှင်းအန်း သတိမပြုမိဘဲ မနေပေ။ သို့သော် သူ သိပ်ပြီး ဂရုမစိုက်ပါ။ အဆင့်ဒီနှင့် အဆင့်စီ ကုန်လှောင်ရုံများမှာ ထူးထူးခြားခြား အရေးကြီးသော ကိရိယာများ မရှိပေ။ ရှန်မို စူးစမ်းလိုစိတ်ဖြင့် တစ်ခုခုကို ဖျက်ဆီးမိလျှင်ပင် ပြဿနာမရှိပါ။

"ဒီကောင်လေး စစ်လက်နက်စက်ယန္တရားတွေကို စိတ်ဝင်စားနေတာ မဆိုးဘူးပဲ… သူက အလားအလာရှိတဲ့ ပျိုးပင်လေး တစ်ပင် ဖြစ်လာနိုင်တယ်"

ဝမ်ရှင်းအန်းသည် လက်နက်တိုက်၏ အမြင့်ဆုံး အဆောက်အအုံ အမိုးပေါ်တွင် ထိုင်ကာ ဝိုင်ကို မော့သောက်ရင်း အတွေးဝင်နေသည်။

ထိုညတွင်။

လီဟိုင်ထန်းသည် ဘေးခန်းတွင် အားရပါးရ ဟောက်နေ၏။ သူ၏ မိုးခြိမ်းသံကဲ့သို့သော ဟောက်သံမှာ လက်နက်တိုက်တစ်ခုလုံးကို ဟိန်းထွက်နေလေသည်။ သို့သော် ရှန်မို၏ အခန်းထဲတွင်မူ အသံလုံအကာအကွယ်များ အပါအဝင် အစီအရင် အမျိုးမျိုးကို အထပ်ထပ် ချထားပြီး ဖြစ်၍ လီဟိုင်ထန်း၏ နားကွဲလုမတတ် ဟောက်သံ ဂီတပွဲတော်ကြီးကို အခြားသူများသာ ခံစားကြပါစေတော့။

ရှန်မိုသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး သူ၏ စိတ်ဝိညာဉ်အာရုံကို ကျောက်စိမ်းပြားအတွင်းသို့ ပို့လွှတ်လိုက်သည်။ ထိုအခါ ချက်ချင်းဆိုသလိုပင် သူသည် မှောင်မည်းနေသော ကမ္ဘာတစ်ခုထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ အဝေးတစ်နေရာတွင် အလင်းတန်းတစ်ခု မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး သူသည် ထိုအလင်းတန်းဆီသို့ လျှောက်သွားနေခြင်းလား၊ သို့မဟုတ် အလင်းတန်းက သူ့ထံသို့ တိုးဝင်လာခြင်းလား ဆိုသည်ကို မဝေခွဲနိုင်ပေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ ထိုအလင်းရောင်အတွင်းသို့ ဝါးမြိုခြင်း ခံလိုက်ရတော့သည်။ သူ ပြန်လည် မြင်တွေ့ရသောအခါတွင် ကြီးမားသော အိမ်ကြီးတစ်လုံးအတွင်း၌ ရောက်နေပြီး ဖရိုဖရဲဖြစ်နေသော အဘိုးအိုတစ်ဦးမှာ အတွင်း၌ အလုပ်ရှုပ်နေကာ ကြမ်းပြင်ပေါ်တွင် အဆက်မပြတ် ရွေ့လျားနေသည်။ ထိုအဘိုးအို၏ ဘေးတွင် ဧရာမစက်ယန္တရားကြီးများ တစ်ခုပြီးတစ်ခု ရှိနေ၏။ ကျင့်ကြံသူတစ်ယောက်၏ အမြင်အရဆိုလျှင် ၎င်းတို့ကို စိတ်ဝိညာဉ်လက်နက်များဟု ယူဆနိုင်သော်လည်း ၎င်းတို့၏ ကြီးမားလှသော အရွယ်အစားကြောင့် မောင်းနှင်ရန်အတွက် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ လိုအပ်သည်။ စဉ်းစားနေစရာပင် မလိုတော့ပေ။

ဤအဘိုးအိုမှာ အခြားသူမဟုတ်ဘဲ 'ဧရာမစက်ယန္တရားကျမ်း' ကို ရေးသားခဲ့သော နတ်ဘုရားလက်မှုပညာရှင် အော့ယဲ့ပင် ဖြစ်ကြောင်း ရှန်မို သိလိုက်သည်။ ဤနေရာတွင် ရပ်နေရခြင်းဖြင့် အော့ယဲ့၏ ခြေလှမ်းများနောက်သို့ လိုက်ပါပြီး ဧရာမစက်ယန္တရားကြီးများ ဖန်တီးမှုကို ကိုယ်တိုင် မျက်မြင်တွေ့ကြုံနေရသကဲ့သို့ ခံစားရသည်။ ကျောက်ခဲပစ်စက်များ၊ ဧရာမအမြောက်များ၊ မိုးတိမ်သင်္ဘောများ၊ မျှော်စင်သင်္ဘောများ၊ ကောင်းကင်လွန်းပျံယာဉ်များ... တစ်စုံတစ်ယောက်က အမြန်နှုန်းမြှင့် ခလုတ်ကို နှိပ်လိုက်သကဲ့သို့၊ အချိန်များမှာ အလွန်လျင်မြန်စွာ ကုန်လွန်လာသည်။ စက်ယန္တရား အမျိုးမျိုးမှာ ရှန်မို၏ မျက်စိရှေ့တွင် လျှပ်ခနဲ လျှပ်ခနဲ ဖြတ်သန်းသွားကြ၏။ အခြားသူတစ်ယောက်သာဆိုလျှင် ခေါင်းများ မူးဝေနောက်ကျိကာ ဇဝေဇဝါ ဖြစ်သွားလိမ့်မည်။ သို့သော် ရှန်မို၌ "တစ်ချက်ကြည့်ရုံဖြင့် ထောင်ပေါင်းများစွာကို နားလည်ခြင်း" ဟူသော ကံကြမ္မာပုံစံ ရှိနေသဖြင့် သူ၏ နားလည်သဘောပေါက်နိုင်စွမ်းမှာ သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်သည်။ စက်ယန္တရားတစ်ခုချင်းစီ၏ ပုံစံထုတ်ချက်များ သူ့မျက်စိရှေ့မှ ဖြတ်သွားသည့်အခါ သူ့မျက်စိသူငယ်အိမ်များ လျင်မြန်စွာ လှုပ်ရှားလျက် အသေးစိတ် အချက်အလက်တိုင်းကို အားစိုက်စရာမလိုဘဲ မှတ်သားထားလိုက်သည်။ အချိန်အတော်ကြာပြီးနောက် ကျောက်စိမ်းပြား၏ အလင်းရောင်မှာ မှေးမှိန်သွားလေ၏။

ရှန်မို၏ သိစိတ်မှာလည်း ကျောက်စိမ်းပြားထဲမှ ပြန်လည်ထွက်ခွာလာခဲ့သည်။

"'ဧရာမစက်ယန္တရားကျမ်း' ရဲ့ ပထမအခန်းကို အပြည့်အဝ နားလည်သွားပြီ”

သူ၏ မျက်လုံးများမှာ တောက်ပသော အရောင်အဝါများဖြင့် လင်းလက်နေတော့၏။

All Chapters