လက်နက်များကို ပထမဆုံး ပြင်ဆင်ခြင်း
Vol. 28 Ch. 418
နောက်တစ်နေ့တွင်။
ရှန်မို စောစောစီးစီး အိပ်ရာမှ ထလိုက်သည်။
လီဟိုင်ထန်း သူ့အတွက် 'အသက်သွေးခဲဆေးလုံး' တစ်လုံး ယူလာပေးသည်။
တစ်ချိန်တည်းမှာပင် သူ ရှန်မို့ကိုကြည့်၍
"အစ်ကိုရှန်... ဒီက နတ်ဆိုးနှိမ်နင်းရေး တပ်သားတွေကတော့ တကယ့်ကို ပျင်းကြတာပဲ… အခုထိလည်း အိပ်ရာမထကြသေးဘူး" ဟု
သူ ပွစိပွစိ ပြောနေမိသည်။
"လက်နက်တိုက်က အမြဲတမ်း ဒီလိုပဲလား"
ရှန်မို ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။
ဤနေရာတွင် တပ်စွဲထားသော နတ်ဆိုးနှိမ်နင်းရေးတပ်သား အများစုမှာ အချိန်ဖြုန်းနေကြသူများသာ ဖြစ်သည်။ ရည်မှန်းချက် အနည်းငယ်ရှိသူမှန်သမျှ တခြားနေရာတွေကို ပြောင်းရွှေ့သွားကြသည်မှာ ကြာလှပြီ။ ဤနေရာတွင် ပျင်းရိခြင်းမှာ ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်လေ၏။
"အနည်းဆုံးတော့ အသက်သွေးခဲဆေးလုံးတွေကို စနစ်တကျ ဝေပေးနေတာပဲ... ဘယ်သူမှ ကြားဖြတ်ခုတ်တာမျိုး မရှိဘူး"
ရှန်မို အသက်သွေးခဲဆေးလုံးကို ပါးစပ်ထဲပစ်ထည့်ကာ မျိုချလိုက်သည်။
'ကောင်းကင်နှင့်မြေကမ္ဘာ မီးဖိုတော်'၏ ကြောက်မက်ဖွယ်ကောင်းသော အစာခြေဖျက်နိုင်စွမ်းကြောင့် ဆေးလုံးမှာ မကြာမီမှာပင် အနှစ်သာရအဖြစ် ပြောင်းလဲသွားပြီး ထိုမှတစ်ဆင့် သွေးစွမ်းအင်အဖြစ်သို့ ကူးပြောင်းကာ လူ့ခန္ဓာကိုယ်အတွင်းရှိ သန်းပေါင်း (၈၄၀) သော အမှုန်အမွှားလေးများအတွင်းသို့ စီးဝင်သွားတော့၏။
သွေးစွမ်းအင် လုံလုံလောက်လောက် စုဆောင်းမိသွားလျှင် ဧရာမဆင်ပြောင် အစိတ်အပိုင်းများကို ပိုမိုနိုးထစေနိုင်မည် ဖြစ်သည်။
"သွားကြစို့… စက်ကိရိယာတွေကို ပြုပြင်ဖို့ အချိန်တန်ပြီ"
ရှန်မို လက်ဝေ့ယမ်းကာ လီဟိုင်ထန်းကို လိုက်ခဲ့ရန် အချက်ပြလိုက်၏။
လီဟိုင်ထန်းမှာ ဆေးလုံးကို မြိန်ရေယှက်ရေ ဝါးနေရင်းမှ မနည်းမျိုချလိုက်ရသည်။
ရှန်မို၏ စကားကို ကြားသောအခါ သူ အံ့အားသင့်သွားပြီး
"အစ်ကိုရှန်... ကျွန်တော်တို့က ဖုန်ပဲသုတ်ရမှာ မဟုတ်ဘူးလား… ဘယ်လိုလုပ် ပြုပြင်မှာလဲ”
ရှန်မို ပြုံးလျက်
"မစမ်းကြည့်ဘဲနဲ့ ဘယ်လိုသိနိုင်မှာလဲ”
လီဟိုင်ထန်း သူ့ခေါင်းကို ကုတ်ရင်း
"ဟုတ်သားပဲ”
နှစ်ယောက်သား အဆင့်ဒီ ကုန်လှောင်ရုံဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့ကြသည်။ သို့သော် အဆင့်ဒီ ကုန်လှောင်ရုံ၏ တံခါးမှာ ပွင့်နေနှင့်ပြီ ဖြစ်သည်။
အတွင်း၌ သန်မာထွားကျိုင်းသော ပုံရိပ်တစ်ခုသည် ကျောက်ခဲပစ်စက်တစ်ခုကို အပတ်တကုတ် ပြုပြင်နေလေ၏။
ကျောက်ခဲပစ်စက်များမှာ အခြေခံသဘောတရားအားဖြင့် ရိုးရှင်းပါသည်။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ ကုန်ခမ်းသွားသည့်တိုင် ၎င်းတို့ကို လူအားဖြင့် ပစ်ခတ်နိုင်သေးသဖြင့် တကယ်တမ်း ပြုပြင်နိုင်သည့် အနည်းငယ်သော ကိရိယာများထဲတွင် ပါဝင်သည်။
ရှန်မို မျက်ခုံးအသာပင့်လိုက်သည်။
ဝမ်ရှင်းအန်းသည်လည်း အလုပ်ခိုနေလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ဝမ်ရှင်းအန်းမှာ သူတို့ထက်ပင် စောစောထနေခြင်း ဖြစ်၏။
"မဆိုးဘူး… မင်းတို့ စောစောထသားပဲ"
ဝမ်ရှင်းအန်း ခေါင်းမဖော်ဘဲ အသံပြုလိုက်သည်။
"နတ်ဆိုးနှိမ်နင်းရေးတပ်သား အများစုက စက်ကိရိယာ ပြုပြင်တဲ့နေရာမှာ ပါရမီမရှိကြဘူး… ဒါပေမဲ့ ကျောက်ခဲပစ်စက်တွေကတော့ ရိုးရှင်းပါတယ်… မင်းတို့ ကိုင်တွယ်နိုင်မှာပါ"
သူ အနီးအနားရှိ ကျောက်ခဲပစ်စက် ဒါဇင်ပေါင်းများစွာကို ညွှန်ပြကာ
"ကဲ... အဲဒါတွေ အကုန်လုံး မင်းတို့ တာဝန်ပဲ"
ရှန်မို တစ်ချက်ကြည့်လိုက်ရာ ထိုကျောက်ခဲပစ်စက်များမှာ သိသိသာသာ ပျက်စီးနေကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့ကို ပြုပြင်ရန် အလွန်ပင် လိုအပ်နေ၏။
လီဟိုင်ထန်းလည်း အမြန်လျှောက်သွားပြီး အလုပ်စတော့သည်။
သို့သော် ရှန်မိုမှာ ကျောက်ခဲပစ်စက်များဆီသို့ မသွားဘဲ မလှမ်းမကမ်းရှိ အမြှောက်များဆီသို့ လျှောက်သွားသည်။
ဤအမြှောက်များကို သွေးစွမ်းအင်အမြှောက်များဟု ခေါ်ပြီး ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် မောင်းနှင်ရသည်။ ၎င်းတို့အတွင်း၌ သွေးစွမ်းအင်ကို မြှင့်တင်ပေးရန် ဒီဇိုင်းထုတ်ထားသော အကာအကွယ်ငယ်များကိုပါ ထွင်းထုထား၏။
'ဧကရာဇ်အဆင့်' ရှိသော နတ်ဆိုးနှိမ်နင်းရေး တပ်သားတစ်ဦးသည် အကာအကွယ်ကို အသက်သွင်းရန် သွေးစွမ်းအင် ထည့်သွင်းပေးရုံသာ လိုအပ်ပါသည်။ ထိုအခါ အကာအကွယ်မှ စွမ်းအင်ကို မြှင့်တင်ပေးပြီး 'ဝါရင့်အဆင့်' ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ညီမျှသော သွေးစွမ်းအင်တန်းကြီးကို ပစ်လွှတ်ပေးမည် ဖြစ်၏။
ဤကဲ့သို့သော နည်းလမ်းများ၊ ခံတပ်များ၊ အကာအကွယ်များ၊ စစ်လက်နက်ပစ္စည်းများကြောင့်သာလျှင် လူအင်အား (၃) သိန်းကျော်သာရှိသော နတ်ဆိုးနှိမ်နင်းရေး ခံတပ် ၁၀ ခုသည် ၎င်းတို့ထက် အဆပေါင်း ရာနှင့်ထောင်နှင့်ချီ များပြားသော နတ်ဆိုးအုပ်ကြီးများကို ခုခံထားနိုင်ခြင်း ဖြစ်သည်။
သို့သော် ဧကရာဇ်အဆင့်ရှိသော တပ်သားတစ်ဦးမှ ထိုအမြှောက်ကို ငါးကြိမ်၊ ခြောက်ကြိမ်ခန့်သာ ဆက်တိုက် ပစ်ခတ်နိုင်သည်။
{မှတ်ချက်- ဧကရာဇ်အဆင့်သည် နတ်ဘုရားပြောင်းလဲခြင်းအဆင့်နှင့် ညီမျှသည်။}
အဆင့်အနည်းငယ် တက်သွားလျှင်ပင် နောက်ထပ်တစ်ချက်ခန့်သာ ပိုပစ်နိုင်မည် ဖြစ်လေ၏။ သွေးစွမ်းအင် ကုန်ခမ်းသွားသည်နှင့် သူတို့ နောက်သို့ဆုတ်ပေးရပြီး အခြားတပ်သားတစ်ဦးနှင့် လဲလှယ်ရသည်။
သွေးစွမ်းအင်အမြှောက်များကို 'ကောင်းကင်လမ်းစဉ် ဘဏ္ဍာတိုက်'တွင် ရနိုင်သော်လည်း အမှတ် ကုန်ကျစရိတ်မှာ အလွန်ကြီးမားသည်။ သွေးစွမ်းအင်အမြှောက် တစ်ခုလျှင် အဆင့်စီ အမှတ် (၅) မှတ် ပေးရသည်။
ဘဏ္ဍာတိုက်တွင် ပြုပြင်ရေး ဝန်ဆောင်မှုလည်း ရှိသော်လည်း ပြုပြင်ခ တစ်ကြိမ်လျှင် အနည်းဆုံး အဆင့်ဒီ အမှတ် ၁၀ မှတ် ကုန်ကျသည်။ နှိုင်းယှဉ်ကြည့်ရလျှင် စစ်မှန်သော နတ်ဆိုးအရှင်သခင် တစ်ကောင်ကို သတ်လျှင်ပင် အဆင့်ဒီ အမှတ် ၁၀ မှတ်သာ ရရှိ၏။
သို့သော် စစ်မှန်သော နတ်ဆိုးအရှင်သခင် တစ်ကောင်မှာ ပုံမှန်အားဖြင့် ကာကွယ်ရေးပညာရပ်များ ရှိနေတတ်ရာ ၎င်းကို ဖြိုလဲရန် အမြှောက်ဖြင့် ပျမ်းမျှ လေးကြိမ်ခန့် ပစ်ခတ်ရသည်။
ဤသို့ တွက်ချက်ကြည့်လျှင် ရှင်းလင်းသွားတော့၏။ သွေးစွမ်းအင်အမြှောက်များကို အသစ်ဝယ်ခြင်း သို့မဟုတ် ပြုပြင်ခပေးခြင်းထက် မိမိဘာသာ တည်ဆောက်ပြီး ပြုပြင်ခြင်းက ပို၍ကောင်းမွန်ပေသည်။
သို့သော် သွေးစွမ်းအင်အမြှောက်များမှာ အတော်အတန် ရှုပ်ထွေးသော ကိရိယာများ ဖြစ်ကြသည်။ တစ်ခုပျက်သွားလျှင် အမြှောက်တစ်ခု လျော့သွားခြင်းသာ ဖြစ်၏။
ရှန်မို အဆင့်ဒီ ကုန်လှောင်ရုံ၏ ဖုန်တက်နေသော ထောင့်တစ်နေရာတွင် စုပုံထားသည့် သွေးစွမ်းအင်အမြှောက်များကို ကြည့်လိုက်သည်။
သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။
'ဧရာမစက်ယန္တရားကျမ်း' ၏ ပထမအခန်းတွင် သွေးစွမ်းအင်အမြှောက်၏ ပုံစံထုတ်ချက်များနှင့် အခြေခံသဘောတရားများ ပါဝင်သည်။ ထိုအခန်းထဲတွင် သွေးစွမ်းအင်အမြှောက်ကို အထူးတလည် ရှုပ်ထွေးသော စစ်လက်နက်ပစ္စည်းအဖြစ် မယူဆပေ။ အထူးသဖြင့် သွေးစွမ်းအင်ကို မြှင့်တင်ပေးရန် ၎င်းအတွင်း၌ ထွင်းထုထားသော အကာအကွယ်ငယ်ကို အော့ယဲ့မှ မကြာခဏ အသုံးပြုလေ့ရှိသော အစီအရင်တစ်ခုအဖြစ်သာ သတ်မှတ်ထားလေ၏။
ဧရာမစက်ယန္တရားကျမ်းထဲရှိ ပုံစံထုတ်ချက် အများစုတွင် ဤမြှင့်တင်ရေး အစီအရင်မျိုး ပါဝင်နေတတ်သည်။
ဝမ်ရှင်းအန်း ရှန်မို၏ ပုံရိပ်ကို လှမ်းမြင်လိုက်သည်နှင့် ထိုလူငယ် ဘာတွေးနေသည်ကို ချက်ချင်း သိလိုက်သည်။
"မင်း စိတ်ဝင်စားတယ်ဆိုရင် စမ်းကြည့်ပေါ့… ဘယ်သူသိမှာလဲ… မင်း တကယ်ပဲ သွေးစွမ်းအင်အမြှောက်ကို ပြုပြင်နိုင်ရင်လည်း ဖြစ်နိုင်တာပဲ"
ရှန်မိုသည် အပျက်အစီး သိပ်မများသေးသော အမြှောက်တစ်လက်ကို အသာအယာ ကောက်ကိုင်လိုက်သည်။ ထို့နောက် အားအနည်းငယ် စိုက်ရုံဖြင့် ပျက်စီးနေသော အစိတ်အပိုင်းကို ဖယ်ရှားလိုက်၏။
ထို့နောက် သူ အနီးအနားရှိ အခြားအမြှောက်များကို လိုက်လံရှာဖွေကာ၊ လုံးဝ ပြုပြင်မရတော့လောက်အောင် ပျက်စီးနေသော အစိတ်အပိုင်းများအား ပြန်လည် ထုတ်ယူလိုက်သည်။
ခဏမျှ တပ်ဆင်ပြုပြင်ပြီးနောက် သူ ခေါင်းကို အသာငြိမ့်ကာ ပြုပြင်ပြီးသွားသော သွေးစွမ်းအင်အမြှောက်ကို ဘေးသို့ ချထားလိုက်၏။
သွေးစွမ်းအင်အမြှောက် တစ်လက်ကို ပြုပြင်ရန် ရှန်မိုအတွက် အချိန်အများကြီး မကုန်လှပေ။ သူ နောက်ထပ် အမြှောက်တစ်လက်ကို ချက်ချင်း ဆက်လက်ပြုပြင်သည်။
ပစ္စည်းကန့်သတ်ချက်များကြောင့် ပြုပြင်ရန် ထိုက်တန်သေးသော အမြှောက်များကိုသာ ရွေးချယ်၏။ အမှန်စင်စစ် ပြုပြင်ရာတွင် အသုံးပြုရမည့် ပစ္စည်းများကိုလည်း အမှတ်များစွာဖြင့် လဲလှယ်ရသောကြောင့် ဖြစ်ပါသည်။ အကယ်၍ ပြုပြင်ခမှာ အမြှောက်သစ်တစ်လက် ဝယ်ယူရသည့် အမှတ်ထက် ပိုများနေလျှင် ပြုပြင်ရန် မထိုက်တန်တော့ပေ။
မကြာမီမှာပင် ရှန်မို၏ ဘေးတွင် ပြုပြင်ပြီးသား သွေးစွမ်းအင်အမြှောက်များ စုပုံလာတော့သည်။ ၎င်းတို့ကို ကြည့်ရသည်မှာ အထူးတလည် ပြောင်လက်တောက်ပမနေဘဲ စမ်းသပ်ခြင်းလည်း မပြုရသေးပေ။ သို့သော် ရှန်မိုကမူ လက်နက်မျာူ တိုက်ပွဲတွင် ကောင်းမွန်စွာ အလုပ်လုပ်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေ၏။
အခြားတစ်ဖက်တွင်မူ လီဟိုင်ထန်းသည် ဝမ်ရှင်းအန်း၏ စောင့်ကြည့်မှုအောက်တွင် ကျောက်ခဲပစ်စက် ပြုပြင်နည်းကို အခက်အခဲများစွာဖြင့် သင်ယူနေသည်။ သို့သော် နာရီဝက်အတွင်းမှာပင် သူ အခြေခံပြုပြင်မှုများကို စတင်ကိုင်တွယ်နိုင်လာသည်။ ဤအရှိန်အတိုင်းဆိုလျှင် သူသည် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာရန်မှာ အချိန်ပိုင်းသာ လို၏။
ဝမ်ရှင်းအန်း သိသိသာသာ ကျေနပ်နေသည်။ ဤနယ်ပယ်တွင် ပါရမီရှိသော နတ်ဆိုးနှိမ်နင်းရေးတပ်သားမျိုးကို တွေ့ရခဲလှသည်။
ထိုအချိန်တွင် သူ ရှန်မိုကို လှမ်းကြည့်မိသည်။ မထင်မှတ်ဘဲ ရှန်မို၏ ဘေးတွင် သွေးစွမ်းအင်အမြှောက် အတော်များများ စုပုံနေသည်ကို တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားသည်။
"ဟင်… ဒီ သွေးစွမ်းအင်အမြှောက်တွေကို မင်း ပြုပြင်လိုက်တာလား… ငါ့ကို ကြည့်ပါဦး"
ဝမ်ရှင်းအန်းသည် အံ့သြတကြီးဖြင့် ရှေ့သို့ လျှောက်လာကာ ပြုပြင်ပြီးသား အမြှောက်တစ်လက်ကို ကောက်ကိုင်လိုက်ပြီး သွေးစွမ်းအင် ထည့်သွင်းရန် ပြင်လိုက်သည်။
ရှန်မို သူ့ကို အမြန်တားလိုက်၏။
“တပ်မှူး ခဏလေးပါ… ဒီတစ်ခုရဲ့ မြှင့်တင်ရေး အကာအကွယ်မှာ ပြဿနာတစ်ခု ရှိနေသေးတယ်… ကျွန်တော် နည်းနည်း ထပ်ပြီး ချိန်ညှိဖို့ လိုသေးတယ်"
ဝမ်ရှင်းအန်းမှာ မှင်တက်သွားသည်။
"မြှင့်တင်ရေး အကာအကွယ်မှာ ပြဿနာရှိနေတာကို မင်း သိတယ် ဟုတ်လား”
ရှန်မို ခေါင်းငြိမ့်ပြ၏။
"ဟုတ်ကဲ့… ဘာဖြစ်လို့လဲ တပ်မှူး”
ဝမ်ရှင်းအန်း အမြှောက်ပြောင်းအတွင်း၌ ထွင်းထုထားသော မြှင့်တင်ရေး အစီအရင်ကို ညွှန်ပြကာ လေးနက်စွာ မေးလိုက်သည်။
"ဒါဆို ပြောစမ်း… အဲဒါ ဘာဖြစ်နေလို့လဲ”
ရှန်မို နေရာတစ်ခုကို ထောက်ပြလိုက်သည်။
"ဒီနေရာက အဆင်တန်ဆာ ပုံစံလေး ပျက်စီးနေတယ်… ဒါကြောင့် အကာအကွယ်က အလုပ်မလုပ်တော့တာပါ… ပြန်ပြီး ထွင်းလိုက်ရုံပါပဲ"
ဝမ်ရှင်းအန်း၏ မျက်လုံးများ ပြူးကျယ်သွားတော့၏။
သူသည် အကာအကွယ် ပညာရပ်ကို နှစ်ပေါင်း သုံးရာကျော် လေ့လာခဲ့ပြီးမှသာ ကောင်းကင်အဆင့်အောက်ရှိ အကာအကွယ် အများစုကို နားလည်နိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်လက်နက် ကိရိယာများပေါ်တွင် ထွင်းထုထားသော အကာအကွယ်ငယ်များကိုမူ နောက်ထပ် နှစ်ပေါင်း တစ်ရာကျော် ထပ်မံလေ့လာပြီးမှသာ ကျွမ်းကျင်သည်ဟု ဆိုနိုင်ခဲ့ခြင်း ဖြစ်၏။
ရှန်မို ဤအရာများကို မည်သို့ ရှင်းရှင်းလင်းလင်း နားလည်နေရသနည်း။
"မင်း အကာအကွယ်ငယ်တွေကို နားလည်တာလား”
ဝမ်ရှင်းအန်း သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ မေးလိုက်သည်။
ရှန်မို ပြုံးလျက် ခေါင်းငြိမ့်ပြ၏။
"အကာအကွယ်ငယ်တွေက မန္တန်စွမ်းအား ရေးထိုးတာနဲ့ တော်တော်လေး ဆင်တူပါတယ်… ကျွန်တော်က လျှို့ဝှက်ဆန်းကြယ် ဝိညာဉ်မန္တန် ဖန်တီးခြင်းပညာကို လေ့လာထားလို့ ဒီမြှင့်တင်ရေး အကာအကွယ်ကို နားလည်ဖို့က ပြဿနာ မဟုတ်ပါဘူး"
ဝမ်ရှင်းအန်း အတိုင်းမသိ ဝမ်းသာသွားတော့သည်။
သူကိုယ်တိုင်လည်း အမှတ်များဖြင့် လဲလှယ်ကာ ထိုပညာရပ်ကို လေ့လာခဲ့ဖူး၏။ သူကိုယ်တိုင် လေ့လာခဲ့ဖူး၍ပင် ၎င်းမှာ မည်မျှအထိ နက်နဲပြီး ခက်ခဲကြောင်း သူ သိသည်။ လူမိုက်အတော်များများက အမှတ်များ ရယူရန်အတွက် ထိုပညာကို လေ့လာခဲ့ဖူးကြသော်လည်း ကျမ်းစာ၏ ခက်ခဲနက်နဲမှုကြောင့် နောက်ဆုံးတွင် လက်လျှော့ခဲ့ကြသူချည်း ဖြစ်ပါသည်။
ထို့ကြောင့် နောက်ပိုင်းတွင် မည်သူမျှ ထိုပညာကို စိတ်မဝင်စားကြတော့ဘဲ 'ကောင်းကင်လမ်းစဉ် ဘဏ္ဍာတိုက်' မှ တိုက်ရိုက် ဝယ်ယူခြင်းကိုသာ ရွေးချယ်ကြတော့၏။
"ကောင်းတယ်… အရမ်းကောင်းတယ်”
ဝမ်ရှင်းအန်း စိတ်လှုပ်ရှားလွန်း၍ ခုန်ပင် ခုန်မိတော့မတတ် ဖြစ်နေသည်။
သူ ရှန်မိုကို ကြည့်နေသော အကြည့်မှာ ကျောက်စိမ်းခုတင်ပေါ်တွင် လဲလျောင်းနေသော အလှပဂေးတစ်ဦးကို ကြည့်နေသည့်အလားပင်။