အဆင့်စီ ကုန်လှောင်ရုံတွင် ပြုပြင်ခြင်း
Vol. 28 Ch. 419
ဝမ်ရှင်းအန်း၏ ပွင့်လင်းလွန်းသော ရမ္မက်ဇောအပြည့်နှင့် အကြည့်များကြောင့် ရှန်မိုတစ်ယောက် ကျောရိုးထဲအထိ စိမ့်တက်သွားရသည်။ ဤကဲ့သို့သော ခံစားချက်မျိုးကို သူ ပထမဦးဆုံး ကြုံဖူးခြင်းဖြစ်၏။ အခြေအနေကို မသိသူတစ်ယောက်သာဆိုလျှင် ဝမ်ရှင်းအန်းသည် အမျိုးသားအချင်းချင်း စိတ်ဝင်စားသူတစ်ဦးဟုပင် ထင်မှတ်သွားနိုင်ပေသည်။
ဝမ်ရှင်းအန်းမှ တည်ငြိမ်လေးနက်စွာဖြင့်
"မင်းက မြှင့်တင်ရေးအကာအကွယ်တွေကို ထွင်းတတ်တယ်ဆိုမှတော့ သွေးစွမ်းအင်အမြှောက်တွေ ပြုပြင်ဖို့ ဒီမှာနေနေရတာက မင်းရဲ့ပါရမီကို ဖြုန်းတီးရာရောက်တယ်… ငါနဲ့အတူ အဆင့်စီကုန်လှောင်ရုံကို လိုက်ခဲ့”
သူ ထိုသို့ပြော၍ ရှန်မိုကို ဆွဲခေါ်သွားတော့သည်။
လီဟိုင်ထန်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မှင်တက်ကျန်ရစ်ခဲ့လေ၏။
အစ်ကိုရှန်က စစ်လက်နက်ပြုပြင်တဲ့နေရာမှာ ဒီလောက်တောင် ပါရမီထူးတာလား။
ဝမ်ရှင်းအန်းမှာ အဆင့်စီ ကုန်လှောင်ရုံ၏ တံခါးကို အားဖြင့်တွန်းဖွင့်လိုက်သည်။ ရှန်မိုသည် မနေ့ကပင် ဤနေရာသို့ ရောက်ဖူးပြီးဖြစ်ရာ အထဲတွင် မိုးတိမ်သင်္ဘောများဖြင့် ပြည့်နှက်နေသည်ကို သူသိ၏။
"တကယ်လို့ ဒီစက်တွေထဲက တစ်ခုတည်းကို ပြုပြင်နိုင်မယ်ဆိုရင်တောင် ရွှမ်းဝူခံတပ်ရဲ့ အင်အားက သိသိသာသာ တိုးတက်လာမှာပဲ… ပြီးတော့ ဒါတွေကို ပြုပြင်လို့ရတဲ့ အမှတ်က သွေးစွမ်းအင်အမြှောက်တွေ ပြုပြင်တာထက် အများကြီး ပိုများတယ်”
ဝမ်ရှင်းအန်း စိတ်အားထက်သန်စွာ ပြောပြနေသည်။
ရှန်မို အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။ 'ဧရာမစက်ယန္တရားကျမ်း' တွင် အခန်းသုံးခန်း ပါဝင်ပြီး ပထမအခန်းတွင် သွေးစွမ်းအင်အမြှောက်နှင့် မိုးတိမ်သင်္ဘော နှစ်မျိုးလုံးအကြောင်း ပါဝင်သည်။ သူ့အတွက်မူ ဤစက်များကို ပြုပြင်ရန်မှာ မခက်ခဲလှပေ။
"မိုးတိမ်သင်္ဘောတွေက သွေးစွမ်းအင်အမြှောက်တွေထက် ပြုပြင်ရတာ အများကြီး ပိုခက်တယ်… အဓိကကတော့ သူတို့ရဲ့ အတွင်းထဲမှာ အကာအကွယ်တွေ ၈ ခုကနေ ၁၀ ခုလောက်အထိ ထွင်းထားလို့ပဲ… ဒါပေမဲ့ မလောပါနဲ့… အလွယ်ဆုံးဖြစ်တဲ့ 'မိုးကြိုးသိန်းငှက် မိုးတိမ်သင်္ဘော' တွေကနေ အရင်စလိုက်ပါ"
ဝမ်ရှင်းအန်း စေတနာအပြည့်ဖြင့် ဆက်ပြောသည်။
“မိုးကြိုးသိန်းငှက်တွေက လက်နက်တွေ မပါသလို အကာအကွယ်လည်း မလိုဘူး… ဒါကြောင့် ကိုင်တွယ်ရတာ အလွယ်ဆုံးပဲ… မင်းရဲ့ပါရမီနဲ့ဆိုရင် မိုးကြိုးသိန်းငှက်ရဲ့ တည်ဆောက်ပုံကို အပြည့်အဝ နားလည်ဖို့အတွက် ၂ နှစ်၊ ၃ နှစ်လောက် အချိန်ယူလိုက်ဦး… အဲဒါကို ကျွမ်းကျင်သွားပြီဆိုမှ 'နှင်းရုပ်တု မိုးတိမ်သင်္ဘော' တွေကို ဖြုတ်တာ၊ ပြုပြင်တာတွေ လုပ်လို့ရပြီ"
"နှင်းရုပ်တုတွေက ပိုခက်တယ်… ငါ ပါရမီ အသင့်အတင့်ရှိတာတောင် သူတို့ရဲ့ တည်ဆောက်ပုံကို မနည်းနားလည်ဖို့ (၁၀) နှစ်ကျော် အချိန်ယူခဲ့ရတာ… အချိန်အတွက် မစိုးရိမ်နဲ့၊ တစ်ဆင့်ချင်းစီပဲ သွားပါ… 'သိန်းစွန်နက် မိုးတိမ်သင်္ဘော' တွေကတော့ အားလုံးထဲမှာ အခက်ဆုံးပဲ… အတွေ့အကြုံ နှစ် (၃၀) ကနေ (၅၀) လောက် မရှိဘဲနဲ့ အဲဒါတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ… မိုးကြိုးသိန်းငှက်နဲ့ နှင်းရုပ်တု နှစ်မျိုးလုံးကို အပြည့်အဝ မတတ်မြောက်သေးခင် သိန်းစွန်နက်တွေကို ပြုပြင်ဖို့ မကြိုးစားပါနဲ့ဦး"
ဝမ်ရှင်းအန်း၏ လေသံမှာ အလွန်ပင် ခိုင်မာပြတ်သားလှရာ သူ၏ ကိုယ်ပိုင်အတွေ့အကြုံများကို ဘာမှမချန်ဘဲ လက်ဆင့်ကမ်းပေးနေခြင်း ဖြစ်ကြောင်း သိသာသည်။ သူသည် ရှန်မိုကို ရှားပါးပါရမီရှင်တစ်ဦးအဖြစ် မှတ်ယူထားသည်မှာ ထင်ရှားလှ၏။ လီဟိုင်ထန်း၏ စွမ်းဆောင်ရည်မှာ သူ့ကို ကျေနပ်စေရုံသာ ရှိသော်လည်း — ရှန်မိုကဲ့သို့ အစီအရင်များကိုရော၊ စစ်လက်နက်များ၏ အတွင်းပိုင်းတည်ဆောက်ပုံကိုပါ နားလည်သူမျိုးမှာ လက်နက်တိုက်အတွက် အလိုအပ်ဆုံး ပါရမီရှင်မျိုးပင် ဖြစ်သည်။
မိခင်တစ်ဦးကဲ့သို့ တတွတ်တွတ်မှာကြားနေသော ဝမ်ရှင်းအန်းကို ကြည့်ကာ ရှန်မို ပြုံးလျက်
“တပ်မှူး... စိတ်ချပါ… ကျွန်တော် တစ်ဆင့်ချင်းပဲ သွားမှာပါ… အရင်ဆုံး မိုးကြိုးသိန်းငှက်၊ နောက်မှ နှင်းရုပ်တု၊ အဲဒီနောက်မှ သိန်းစွန်နက်ပေါ့"
ဝမ်ရှင်းအန်း ကျေနပ်စွာ ခေါင်းငြိမ့်ပြသည်။
“ကောင်းပြီ ကောင်းပြီ… ဒီ အဆင့်စီကုန်လှောင်ရုံထဲမှာပဲ အာရုံစိုက်ပြီး ပြုပြင်ပါ… ဘယ်သူမှ မင်းကို လာမနှောင့်ယှက်စေရဘူး"
ရှန်မို ခေါင်းငြိမ့်ပြပြီးနောက် မိုးကြိုးသိန်းငှက် မိုးတိမ်သင်္ဘော တစ်စီး၏ တည်ဆောက်ပုံကို စတင်စစ်ဆေးတော့သည်။ ဝမ်ရှင်းအန်း ခဏမျှ ပြုံးပြုံးကြီး ကြည့်နေပြီးနောက် ထွက်ခွါသွားလေ၏။ သူသည် ကုန်လှောင်ရုံတံခါးကို ပိတ်လိုက်ပြီးနောက် ဝိုင်ဘူးသီးကို ကိုင်ကာ အဆင့်စီ ကုန်လှောင်ရုံ၏ အဝင်ဝတွင် ကင်းစောင့်တစ်ယောက်ကဲ့သို့ ရပ်နေတော့သည်။
ထိုအချိန်မှသာ လက်နက်တိုက်ရှိ နတ်ဆိုးနှိမ်နင်းရေးတပ်သားများသည် အိပ်ချင်မူးတူးဖြင့် အဆင့်ဒီ နှင့် အဆင့်စီ ကုန်လှောင်ရုံများဆီသို့ လျှောက်လာကြသည်။
"ဟင်… တပ်မှူး... အဆင့်စီ ကုန်လှောင်ရုံ တံခါးက ဘာလို့ ပိတ်ထားတာလဲ"
တပ်သားများ အံ့သြတကြီး မေးကြသည်။
ဝမ်ရှင်းအန်း လက်ကာပြလျက်
"အဆင့်ဒီ ကုန်လှောင်ရုံကိုပဲ သွားကြ… အဆင့်-C က လူရှိတယ်"
နတ်ဆိုးနှိမ်နင်းရေးတပ်သားများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“မနေ့က ရောက်လာတဲ့ လူသစ်လား”
ဝမ်ရှင်းအန်း ပြုံးလျက် ခေါင်းငြိမ့်ပြသည်။
တပ်သားများထဲမှ 'ရွှမ်း'အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့် ဝူကျန့်ယွမ်မှ မျက်မှောင်ကြုတ်ကာ ရှေ့သို့ တိုးလာသည်။
“တပ်မှူးဝမ်... ဒါပေမဲ့ ကျွန်တော်တို့ကို အဆင့်စီ ကုန်လှောင်ရုံထဲ ပေးမဝင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ အမှတ်ကို ဘယ်လိုလုပ်မလဲ”
ပျင်းရိနေသော တပ်သားများကြားတွင်ပင် တကယ်တမ်း အလုပ်လုပ်ချင်သူ တစ်ယောက်နှစ်ယောက်တော့ ရှိသေးသည်။ ထိုသူမှာ ဝူကျန့်ယွမ် ဖြစ်၏။ သူသည် ငယ်စဉ်ကတည်းက စက်ပစ္စည်းများကို ကလိရတာ ဝါသနာပါပြီး ပါရမီလည်း ရှိခဲ့သူဖြစ်သည်။ နတ်ဆိုးနှိမ်နင်းရေးတပ်သားအဖြစ် အရွေးခံရပြီးနောက် မည်သည့်တပ်မှူးအောက်တွင်မှ တာဝန်မထမ်းဆောင်ဘဲ လက်နက်တိုက်သို့ တိုက်ရိုက်လာခဲ့သူ ဖြစ်ပြီး သူ၏ အိမ်မက်မှာ ပျောက်ကွယ်နေပြီဖြစ်သော စက်ယန္တရားကြီးများကို ပြန်လည် ဖန်တီးရန် ဖြစ်သည်။
ဝမ်ရှင်းအန်းသည် ဤကဲ့သို့ ကြိုးစားအားထုတ်မှုရှိသော တပ်သားကို အတော်ပင် သဘောကျ၏။ ယခင်က ဝမ်ရှင်းအန်းသည် ဝူကျန့်ယွမ်ကို ကိုယ်တိုင် လက်ဆင့်ကမ်း သင်ကြားပေးခဲ့ဖူးသည်။ ဝူကျန့်ယွမ်မှာ သင်ယူမှု မြန်ဆန်သူဖြစ်ရာ (၇) နှစ်အတွင်းမှာပင် သွေးစွမ်းအင်အမြှောက် ပြုပြင်ခြင်းကို ကျွမ်းကျင်သွားခဲ့သည်။ ယခုအခါတွင်မူ သူသည် မိုးကြိုးသိန်းငှက် မိုးတိမ်သင်္ဘော၏ တည်ဆောက်ပုံနှင့် အခြေခံသဘောတရားများကို အပတ်တကုတ် လေ့လာနေသူ ဖြစ်လေ၏။
ဝမ်ရှင်းအန်း၏ အမြင်တွင် ဝူကျန့်ယွမ်၏ တိုးတက်မှုမှာလည်း အတော်ပင် မြန်ဆန်လှသည်။ ဝူကျန့်ယွမ်သည် မိုးကြိုးသိန်းငှက်ကို အပြည့်အဝ ပြုပြင်နိုင်ခြင်း မရှိသေးသော်လည်း အနည်းငယ် ပျက်စီးနေသည်များကိုမူ ပြုပြင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ဝမ်ရှင်းအန်းမှ အဆင့်စီ ကုန်လှောင်ရုံကို ပိတ်ထားပြီး သူ့ကို ပေးမဝင်သောအခါ ဝူကျန့်ယွမ် မကျေမနပ် ဖြစ်သွားခြင်းဖြစ်သည်။
ဝူကျန့်ယွမ်၏ မျက်နှာအမူအရာကို မြင်သောအခါ ဝမ်ရှင်းအန်း ခေါင်းကုတ်လိုက်မိသည်။ ဝူကျန့်ယွမ်မှာ ပါရမီရှိပြီး လီဟိုင်ထန်းထက် သာသော်လည်း ရှန်မိုကိုတော့ မမီနိုင်လောက်ပေ။ သို့သော်လည်း ဝူကျန့်ယွမ်နှင့် နှစ်အတော်ကြာ အတူအလုပ်လုပ်ခဲ့သဖြင့် သူ ထိုလူငယ်ကို သံယောဇဉ် ရှိနေသည်။ သူ့၏ ကြိုးစားအားထုတ်မှုကြောင့်လည်း လူချစ်လူခင် များသူဖြစ်၏။
ခဏမျှ စဉ်းစားပြီးနောက် ဝမ်ရှင်းအန်း ခေါင်းငြိမ့်လိုက်သည်
"ကောင်းပြီ... အထဲဝင်သွားပါ… ဒါပေမဲ့ လူသစ်နဲ့ ပြဿနာမတက်စေနဲ့နော်"
ဝူကျန့်ယွမ် ခေါင်းငြိမ့်ပြ၏။
“နားလည်ပါပြီ… ကျွန်တော်က မိုးကြိုးသိန်းငှက် တည်ဆောက်ပုံကို လေ့လာဖို့ပဲ သွားမှာပါ… သူ ကျွန်တော့်ကို မနှောင့်ယှက်သရွေ့ ကျွန်တော်လည်း သူ့ကို မနှောင့်ယှက်ပါဘူး"
ဝမ်ရှင်းအန်း တံခါးဖွင့်ပေးပြီး ဝူကျန့်ယွမ်ကို အထဲသို့ ပေးဝင်လိုက်သည်။ အခြားသော တပ်သားများကိုမူ အဆင့်ဒီ ကုန်လှောင်ရုံသို့ လွှတ်လိုက်သည်။
"ဝူကျန့်ယွမ်မှာ အလားအလာကောင်းတွေ ရှိပေမယ့် ရှန်မိုနဲ့ ယှဉ်လိုက်ရင်တော့ ကွာဟချက် ရှိနေတုန်းပဲ"
"သူက သူ့ပါရမီကို အမြဲတမ်း ဂုဏ်ယူနေတတ်တာ… ရှန်မိုနဲ့ တွေ့လိုက်တာက သူ့အတွက် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်ဖို့ သင်ခန်းစာတစ်ခု ဖြစ်လာနိုင်တယ်… ကိုယ့်ထက်သာသူ အမြဲရှိနေတယ်ဆိုတာ သိသွားတာ မဆိုးပါဘူး"
"သူတို့နှစ်ယောက် မိုးတိမ်သင်္ဘောတွေအကြောင်း အတူလေ့လာကြရင် တစ်ယောက်ကိုတစ်ယောက် အကြံပေးနိုင်ပြီး ပိုမြန်မြန် တိုးတက်လာနိုင်တာပေါ့"
ဝမ်ရှင်းအန်းသည် သူ့ဘာသာ ပြုံးလျက် တွေးနေတော့သည်။
အဆင့်စီ ကုန်လှောင်ရုံ အတွင်း၌မူ ရှန်မိုသည် အပြင်းအထန် ပျက်စီးနေသော မိုးကြိုးသိန်းငှက် မိုးတိမ်သင်္ဘော တစ်စီးကို ဖြုတ်ရန် အာရုံစိုက်နေသည်။ သဘာဝကျကျပင် တံခါးပွင့်သံနှင့် ကုန်လှောင်ရုံအတွင်းသို့ တစ်စုံတစ်ယောက် ဝင်လာသည့် ခြေသံကို သူ ကြားလိုက်ရသည်။
ထို့နောက် အဝေးမှ အသံတစ်သံ ထွက်ပေါ်လာ၏။
"လူသစ်... ငါက ဝူကျန့်ယွမ်… မင်းနာမည် ဘယ်လိုခေါ်လဲ"
"ရှန်မို"
ဝူကျန့်ယွမ်က ခေါင်းငြိမ့်ကာ
“ကောင်းပြီ… တပ်မှူးဝမ်က ငါတို့ကို ပြဿနာမတက်ဖို့ မှာထားတယ်… မင်း ငါ့ကို မနှောင့်ယှက်သရွေ့ ငါလည်း မင်းကို မနှောင့်ယှက်ဘူး"
ထိုသို့ပြောပြီးနောက် သူသည် ရန်လိုသည့် အမူအရာမပြဘဲ ကုန်လှောင်ရုံ၏ အခြားတစ်ဖက်သို့ လျှောက်သွားတော့သည်။
ရှန်မို ခေါင်းအသာငြိမ့်ပြလိုက်၏။ စောစောက အပြင်မှ စကားပြောသံများကို သူကြားခဲ့ရသဖြင့် ဝူကျန့်ယွမ် ဝင်လာသည်နှင့် ပြဿနာရှာမည်ကို သူ အနည်းငယ် စိုးရိမ်ခဲ့သည်။ ယခုမူ ထိုသူမှာ အနည်းဆုံးတော့ ယုတ္တိရှိသူတစ်ဦးဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားလေပြီ။
ရှန်မိုသည် မိုးကြိုးသိန်းငှက်ကို ဆက်လက်ဖြုတ်နေတော့သည်။ သွေးစွမ်းအင်အမြှောက်နှင့် မတူသည်မှာ မိုးကြိုးသိန်းငှက်သည် အလွန်ပင် ရှုပ်ထွေးသဖြင့် မပြုပြင်မီ အရင်ဆုံး အပိုင်းပိုင်း ဖြုတ်ရမည် ဖြစ်သည်။ သို့သော်လည်း ရှန်မို၏ ဖြုတ်သည့်အရှိန်မှာ အံ့သြစရာကောင်းလောက်အောင် မြန်ဆန်လှ၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အလျား ပေ (၂၀) ကျော်ရှိသော မိုးတိမ်သင်္ဘောကြီးမှာ အစိတ်အပိုင်း အမျိုးမျိုးအဖြစ် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားတော့သည်။ သင်္ဘောကုန်းပတ်၊ ရွက်တိုင်၊ တိုက်ခိုက်ရေးဦးချွန်၊ မိုးတိမ်ရွက်ထည်များ စသဖြင့် အစိတ်အပိုင်း တစ်ခုချင်းစီကို သေသေသပ်သပ် ခွဲခြားကာ စီထားလိုက်သည်။
ရှန်မိုသည် မည်သည့်အစိတ်အပိုင်းများ ပျက်စီးနေသည်ကို ချက်ချင်းပင် သိလိုက်၏။ သင်္ဘောကုန်းပတ် ထက်ဝက်နီးပါး ပျက်စီးနေပြီး ၎င်း၏ အကာအကွယ်အစီအရင်မှာ ပျက်စီးလုနီးပါး ဖြစ်နေသည်။ ၎င်းကို လဲလှယ်ပြီး အစီအရင် ပြန်ထွင်းရန် လိုအပ်ပါသည်။ တိုက်ခိုက်ရေးဦးချွန်မှာ အနည်းငယ် ပွန်းပဲ့နေသော်လည်း ပြန်လည် ပွတ်တိုက်လိုက်လျှင် အသုံးပြုနိုင်သည်။ မိုးတိမ်ရွက်ထည်များသည် အပြင်းအထန် မီးလောင်ထားသဖြင့် အသစ်လဲရန် လိုအပ်၏။ ရွက်တိုင်တွင် အစီအရင် ပတ်လမ်းများ ပြတ်တောက်နေသဖြင့် အသစ်ပြန်ထွင်းရန် လိုအပ်လေသည်။
ပြုပြင်မည့် နည်းလမ်းများမှာ ရှန်မို၏ စိတ်ထဲတွင် လျင်မြန်စွာ ပေါ်လာသည်။ ထို့နောက် သူ အနီးနားရှိ လုံးဝ ပျက်စီးနေသော မိုးကြိုးသိန်းငှက်များထံမှ ကောင်းမွန်သော အစိတ်အပိုင်းများကို ယူဆောင်ကာ တစ်နေရာက ဖြုတ်၊ တစ်နေရာမှာ တပ် ပြုလုပ်တော့သည်။
နာရီဝက်အတွင်းမှာပင် အပြည့်အဝ ပြုပြင်ပြီးသွားသော မိုးကြိုးသိန်းငှက် မိုးတိမ်သင်္ဘော တစ်စင်းမှာ ပြန်လည် ထည်ဝါစွာ ရပ်တည်နေလေပြီ။
မလှမ်းမကမ်းတွင်မူ ဝူကျန့်ယွမ်သည် မိုးကြိုးသိန်းငှက် တစ်စီးကို ဖြုတ်ရုံသာ ပြီးသေးသဖြင့် သူ့ကျောကို ဆန့်လိုက်၏။ ထို့နောက် အကျင့်ပါနေသည့်အတိုင်း ရှန်မိုရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ သူ မှင်တက်သွားတော့သည်။
ပြု... ပြုပြင်ပြီးသွားပြီလား။