← Chapters

သင်္ဘော (၁၀) စီး ပြုပြင်ပြီးပါပြီ

Vol. 28 Ch. 420

သင်္ဘော (၁၀) စီး ပြုပြင်ပြီးပါပြီ

Vol. 28 Ch. 420

ရှန်မို၏ အာရုံခံစားနိုင်စွမ်းဖြင့် ဝူကျန့်ယွမ်၏ အကြည့်များကို အလွယ်တကူပင် သိရှိနိုင်ပါသည်။ သို့သော် သူ ဂရုမစိုက်ပါ။ စစ်လက်နက်ကိရိယာများ ပြုပြင်သည့် နည်းလမ်းဆိုသည်မှာ ဘေးကကြည့်နေရုံမျှဖြင့် တတ်မြောက်နိုင်သည့် အရာမျိုး မဟုတ်ပေ။ ဝူကျန့်ယွမ် မည်မျှပင် စိုက်ကြည့်နေပါစေ အပိုသာ ဖြစ်လိမ့်မည်။

ရှန်မိုသည် လက်ချောင်းများကို အကြောဆန့်လိုက်ပြီး ဒုတိယမြောက် မိုးကြိုးသိန်းငှက် မိုးတိမ်သင်္ဘောကို စတင်ပြုပြင်တော့သည်။ တစ်စီး ပြုပြင်ပြီးသွားချိန်မှာပင် သူ အတော်လေး ကျွမ်းကျင်နေပြီဟု ခံစားရ၏။ နောက်ထပ် တစ်စီး ထပ်မံပြုပြင်ပြီးလျှင် မိုးကြိုးသိန်းငှက်၏ တည်ဆောက်ပုံကို အပြည့်အဝ တတ်မြောက်သွားမည် ဖြစ်ပြီး နှင်းရုပ်တု မိုးတိမ်သင်္ဘောဆီသို့ ကူးပြောင်းနိုင်တော့မည် ဖြစ်သည်။

နာရီဝက်မပြည့်မီမှာပင် အပြည့်အဝ ပြုပြင်ပြီးသား နောက်ထပ် မိုးကြိုးသိန်းငှက် မိုးတိမ်သင်္ဘော တစ်စီးသည် သူ့ဘေးတွင် ရပ်တည်နေလေပြီ။ သူ ခေါင်းအသာငြိမ့်လိုက်သည်။ သူ့၏ အရှိန်မှာ သိသိသာသာ မြန်ဆန်လာခဲ့၏။ ကျန်ရှိနေသော မိုးကြိုးသိန်းငှက်များကို ဂရုမစိုက်တော့ဘဲ ရှေ့သို့လှမ်းကာ နှင်းရုပ်တု မိုးတိမ်သင်္ဘော တစ်စီးကို စတင်ဖြုတ်လေတော့သည်။

ဘေးမှနေ၍ ရံဖန်ရံခါ လှမ်းကြည့်နေသော ဝူကျန့်ယွမ်မှာတော့ ကြက်သေသေသွားရ၏။

နောက်... နောက်ထပ်တစ်စီးလား။

ကြည့်ရသည်မှာ ယခင်ထက်ပင် အချိန်ပိုနည်းသွားပုံရသည်။ လတ်လတ်ဆတ်ဆတ် ပြုပြင်ပြီးသား မိုးကြိုးသိန်းငှက်ကို စိုက်ကြည့်ရင်း ဝူကျန့်ယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

ဒါက တကယ်ပဲ ပြုပြင်ပြီးသွားတာလား။

တကယ်ရော အလုပ်လုပ်နိုင်ပါ့မလား။

ရှန်မိုက ဟန်ပြ လုပ်နေတာလား။

သူ တွေးတောနေမိသည်။

လူသစ်မှာ ဟန်ဆောင်နေတာလည်း ဖြစ်နိုင်သလို၊ တကယ်ပဲ စစ်လက်နက် အင်ဂျင်နီယာပညာရပ်မှာ ဆရာတစ်ဆူ ဖြစ်နေတာလည်း ဖြစ်နိုင်သည်။ ဝမ်ရှင်းအန်း လာရောက်စစ်ဆေးသည့် အခါမှသာ အမှန်တရားကို သိရပေမည်။

"ဒါပေမဲ့ သူက ဘာလို့ နှင်းရုပ်တု မိုးတိမ်သင်္ဘောကို ဖြုတ်နေရတာလဲ… သူက မိုးကြိုးသိန်းငှက် တည်ဆောက်ပုံကို တတ်သွားပြီလို့ ထင်နေတာလား"

ဝူကျန့်ယွမ် သံသယဖြင့် ကြည့်နေသည်။ သူ့မှာတော့ ဝမ်ရှင်းအန်းထံတွင် နှစ်အတော်ကြာ သင်ယူခဲ့ရသော်လည်း ယခုထိ မိုးကြိုးသိန်းငှက်၏ ရှုပ်ထွေးလှသော အစိတ်အပိုင်းများကို အပြည့်အဝ ယုံကြည်ချက် မရှိသေးပေ။ သို့သော် ဤလူသစ်မှာမူ ရောက်လာသည်မှာ နှစ်ရက်သာ ရှိသေးပြီး နောက်ထပ် အမျိုးအစားတစ်ခုကို ကူးပြောင်းနေပြီလား။

ဝူကျန့်ယွမ် သူ့သင်္ဘောသူ အသာအယာဖြုတ်ရင်း ဆက်လက် စောင့်ကြည့်နေသည်။ သူ့လက်လှုပ်ရှားမှုများမှာ တဖြည်းဖြည်း နှေးကွေးလာ၏။ နောက်ဆုံးတွင်တော့ သူ လုံးဝရပ်လိုက်ပြီး ရှန်မိုကို အဝေးမှနေ၍ အကဲခတ်နေတော့သည်။ သူသည် နှင်းရုပ်တု မိုးတိမ်သင်္ဘောကို နားမလည်ပါ။ သို့သော် ရှန်မို၏ ကျွမ်းကျင်လှသော လက်ချောင်းလှုပ်ရှားမှုများကို ကြည့်ရုံဖြင့် လျှောက်လုပ်နေခြင်း မဟုတ်ကြောင်း သိသာသည်။

သူ ကြည့်လေလေ ပို၍ ဇဝေဇဝါ ဖြစ်လေလေပင်။ ဤလူသစ်က တကယ်တော့ ဘယ်သူလဲ။

သူက စစ်လက်နက်ပစ္စည်းတွေကြားမှာ ကြီးပြင်းလာသူလား။

သို့မဟုတ် တိုက်ပွဲဝင်ရမှာ ကြောက်လို့ လက်နက်တိုက်ကို ပို့ခံထားရတဲ့ တပ်မှူးကြီးတစ်ယောက်ယောက်ရဲ့ သားသမီးလား။

အမှန်စင်စစ် လက်နက်တိုက်ရှိ နတ်ဆိုးနှိမ်နင်းရေးတပ်သားများသည် အမှတ် ရရှိမှု အလွန်နှေးကွေးသဖြင့် 'ကောင်းကင်တာအို ရွှေရောင်အဆင့်သတ်မှတ်ချက်'ကို သိပ်ဂရုမစိုက်ကြပေ။

ရှန်မို၏ နာမည်မှာ အခြားနေရာများတွင် မိုးထစ်ချုန်းသကဲ့သို့ ကျော်ကြားနေပြီး လူပြောအများဆုံး အကြောင်းအရာ ဖြစ်နေနိုင်သော်လည်း၊ ဤလက်နက်တိုက်တွင်မူ သူ ဘယ်သူလဲဆိုသည်ကို မည်သူမျှ မသိကြပေ။ တစ်စုံတစ်ယောက်မှ 'လူသားအဆင့်သတ်မှတ်ချက်'ကို ကြည့်မိပြီး ဒုတိယနေရာတွင် ရှန်မိုဟူသော နာမည်ကို မြင်ခဲ့လျှင်ပင်၊ ထိုထိပ်တန်းပါရမီရှင်နှင့် ဤကုန်လှောင်ရုံထဲတွင် အပင်ပန်းခံ အလုပ်လုပ်နေသော လူသစ်တို့ တစ်ယောက်တည်း ဖြစ်လိမ့်မည်ဟု ဘယ်သောအခါမှ ဆက်စပ်တွေးမိမည် မဟုတ်ပေ။

အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ ထိပ်တန်း ဆယ်ယောက်စာရင်းဝင်သူတိုင်း တကယ့်ကို ထူးချွန်ထက်မြက်သူများ ဖြစ်ကြ၏။

ထိုကဲ့သို့သော သူမျိုးက ဘာဖြစ်လို့ လက်နက်တိုက်လို တိတ်ဆိတ်ပြီး မေ့လျော့ခံထားရတဲ့ နေရာကို လာရမှာလဲ။

နာမည်တူသူ တစ်ယောက်ယောက် ဖြစ်လိမ့်မည်ဟုသာ သူတို့ ထင်ကြပါလိမ့်မည်။ နာမည်တူခြင်းမှာလည်း မဆန်းလှပေ။

"ဟူး... ပြီးပြီ"

အခြားတစ်ဖက်တွင် ရှန်မို သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည် နှင်းရုပ်တု မိုးတိမ်သင်္ဘော တစ်စီးကို ပြုပြင်ပြီးသွားပြီ ဖြစ်၏။ ယခင်ကထက်ပင် ပိုမြန်နေသေးသည်။ မိုးတိမ်သင်္ဘောများ၏ တည်ဆောက်ပုံမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသဖြင့် မိုးကြိုးသိန်းငှက်နှင့် နှင်းရုပ်တုတို့၏ ကွာခြားချက်မှာ အလွန်အမင်း မကြီးမားလှပေ။ တစ်ခုကို နားလည်သွားလျှင် အားလုံးကို နားလည်သွားသကဲ့သို့ပင်။

ယခုမှစ၍ သူ၏ ပြုပြင်သည့် အရှိန်မှာ ပို၍ပင် မြန်လာပေလိမ့်မည်။ သူ မိုးတိမ်သင်္ဘော အမျိုးအစား အားလုံးကို လေ့လာပြီးသွားလျှင် ကိုယ်ပိုင်သင်္ဘောများကို စတင်ဖန်တီးနိုင်တော့မည် ဖြစ်၏။ ၎င်းကသာ တကယ့် အလှည့်အပြောင်း ဖြစ်ပေလိမ့်မည်။

မကြာမီ ညဦးယံသို့ ရောက်ရှိလာသည်။

ရှန်မိုသည် မိုးကြိုးသိန်းငှက်၊ နှင်းရုပ်တုနှင့် သိန်းစွန်နက် မိုးတိမ်သင်္ဘော တစ်မျိုးလျှင် အနည်းဆုံး တစ်စီးစီ ပြုပြင်ပြီးသွားပြီ ဖြစ်သည်။ အမျိုးအစား တစ်ခုချင်းစီတွင် အနည်းငယ်စီသာ ပြုပြင်ရသေးသော်လည်း၊ သူ၏ အတုမရှိသော နားလည်သဘောပေါက်နိုင်စွမ်းကြောင့် ၎င်းတို့၏ တည်ဆောက်ပုံ အခြေခံသဘောတရားများမှာ သူ့စိတ်ထဲတွင် စွဲထင်နေပြီ ဖြစ်သည်။

ယခုဆိုလျှင် သူသည် ထိုအမျိုးအစား သုံးခုကို အခြေခံ၍ ပိုမိုကောင်းမွန်သော မိုးတိမ်သင်္ဘောများကိုပင် ဒီဇိုင်းထုတ်နိုင်နေပြီ ဖြစ်လေ၏။ ဥပမာအားဖြင့် 'ဧရာမစက်ယန္တရားကျမ်း' ထဲမှ 'မီးလျှံနဂါး မိုးတိမ်သင်္ဘော' ကဲ့သို့သော သင်္ဘောမျိုးပင်။ ၎င်း၏ တိုက်ခိုက်ရေးဦးချွန်မှာ ပြင်းထန်သော မီးတောက်များကို မှုတ်ထုတ်နိုင်ပြီး သိန်းစွန်နက် မိုးတိမ်သင်္ဘောထက် တိုက်ခိုက်ရေးစွမ်းရည် ဆယ်ဆမက သာလွန်ပါသည်။

သို့မဟုတ် 'ဧရာမငါးကြီး မိုးတိမ်သင်္ဘော' မှာ အလျား ပေ (၂၀၀) ကျော်၊ အနံ ပေ (၄၀) နီးပါးရှိပြီး သယ်ယူပို့ဆောင်ရေး အင်အားမှာ နှင်းရုပ်တုထက် အဆ ၂၀ မက သာလွန်၏။

အစွမ်းထက်ဆုံးဖြစ်သည့် 'ပျံလွှားနဂါး မိုးတိမ်သင်္ဘော'ဆိုလျှင် ပို၍ပင် အံ့မခန်း ဖြစ်လိမ့်မည်။ ၎င်း၏ ရှေ့နှင့်နောက် ဦးချွန်များတွင် အဆင့်မြင့် ဧရာမ သွေးစွမ်းအင်အမြှောက်များနှင့် စိတ်ဝိညာဉ်စွမ်းအင်အမြှောက်များကို တပ်ဆင်ထားပြီး၊ ဘေးတစ်ဖက်တစ်ချက်စီတွင်လည်း စံသတ်မှတ်ချက်မီ အမြှောက် ၁၀ လက်စီ တပ်ဆင်ထားသည်။ ၎င်း၏ ရွက်တိုင်ကို နဂါးရိုးဖြင့် ပြုလုပ်ထားပြီး အရှိန်မြှင့်တင်ရေး အစီအရင်များကို ထွင်းထုထားလေ၏။ သင်္ဘောကုန်းပတ်မှာမူ လိပ်နက်အခွံမှုန့်များဖြင့် ပေါင်းစပ်ထားသဖြင့် ဖျက်ဆီးရန် မဖြစ်နိုင်သလောက်ပင်။

ပျံလွှားနဂါး မိုးတိမ်သင်္ဘောသည် အော့ယဲ့၏ မိုးတိမ်သင်္ဘော ဒီဇိုင်းပညာရပ် တစ်ခုလုံး၏ အထွတ်အထိပ်ပင် ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူ သက်ရှိထင်ရှားရှိစဉ်အတွင်း ၎င်းကို မတည်ဆောက်နိုင်ခဲ့ဘဲ ပုံစံထုတ်ချက်သာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

"နားဖို့ အချိန်တန်ပြီ"

ရှန်မို ထရပ်ကာ အညောင်းဆန့်လိုက်ပြီး ကုန်လှောင်ရုံမှ ထွက်ရန် ပြင်လိုက်သည်။

ဝူကျန့်ယွမ်မှာ တစ်နေကုန် သူ့ကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပြီး ဤသည်ကို မြင်သောအခါ အနားရောက်လာတော့သည်။ သူ မမေးဘဲ မနေနိုင်တော့ပေ။

"မင်း... မိုးတိမ်သင်္ဘော သုံးမျိုးလုံးကို အပြည့်အဝ တတ်မြောက်သွားပြီလား”

ရှန်မို ခေါင်းငြိမ့်ပြသည်။

“အင်း၊ ဘာဖြစ်လို့လဲ"

ဝူကျန့်ယွမ် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ရှန်မို ပြုပြင်ထားသော မိုးတိမ်သင်္ဘောများကို ညွှန်ပြကာ

“ဒါဆို ဒီသင်္ဘောတွေက တကယ်ပဲ မောင်းနှင်လို့ ရတာလား”

ရှန်မိုက ထပ်မံ ခေါင်းငြိမ့်ပြပြန်သည်။

ဝူကျန့်ယွမ် ခဏမျှ တုံ့ဆိုင်းနေပြီးမှ မေးလိုက်၏။

"ကျွန်တော် စမ်းကြည့်လို့ ရမလား… ပြောရတာ နည်းနည်းတော့ အားနာစရာကောင်းပေမဲ့... ကျွန်တော် တကယ်ကို မယုံနိုင်လို့ပါ"

ရှန်မို ပြုံးလျက်

“ခင်ဗျားက မိုးတိမ်သင်္ဘော မမောင်းတတ်ဘဲနဲ့ ဘယ်လိုစမ်းမှာလဲ… စမ်းမယ်ဆိုရင်လည်း တပ်မှူးဝမ်ပဲ စမ်းရမှာပေါ့… ကျွန်တော်လည်း အခုပဲ သူ့ကို လာစစ်ဆေးဖို့ ခေါ်မလို့ပဲ"

ဝူကျန့်ယွမ် ခေါင်းငြိမ့်ထောက်ခံလေသည်။ ထိုမိုးတိမ်သင်္ဘောများ တကယ် ပြုပြင်ပြီးသွားခြင်း ရှိမရှိ သူ တကယ်ပင် သိချင်နေ၏။ စိတ်ထဲတွင်မူ လူတစ်ယောက် တစ်ရက်တည်းနှင့် မိုးတိမ်သင်္ဘော (၁၀) စီးကို ပြုပြင်နိုင်သည်အား သူ မယုံကြည်နိုင်သေးပေ။ ရှန်မိုက ဟန်ပြလုပ်နေခြင်းသာ ဖြစ်လိမ့်မည်ဟု သူ ထင်နေမိဆဲ ဖြစ်သည်။

ဝုန်း!

အဆင့်စီ ကုန်လှောင်ရုံ၏ တံခါးမှာ ရုတ်တရက် ပွင့်သွားသည်။ အပေါက်ဝတွင် ငိုက်မြည်းနေသော ဝမ်ရှင်းအန်း လန့်နိုးသွားပြီး အမြန်ပင် ထရပ်လိုက်၏။

"နားတော့မလို့လား… အင်း... ဖြစ်နိုင်တာပဲ… တစ်နေကုန်သွားပြီကိုး"

သူ အားရပါးရ သန်းလိုက်သည်။ တစ်နေကုန် ငိုက်လိုက်နိုးလိုက်ဖြင့် အချိန်ကုန်ခဲ့သော်လည်း ပင်ပန်းနေဆဲ ဖြစ်၏။

ငိုက်ရတာလည်း ပင်ပန်းတာပဲကိုး။

လှဲအိပ်ရသလောက်တော့ ဘယ်သက်သာပါ့မလဲ။

ရှန်မို ခေါင်းခါပြသည်။

“မဟုတ်ပါဘူး… ကျွန်တော် မိုးတိမ်သင်္ဘော (၁၀) စီး ပြုပြင်ပြီးသွားပါပြီ… တပ်မှူး လာစစ်ဆေးပေးပါဦး"

"အဲဒါတွေ အောင်မြင်သွားရင် ဖုန်သုတ်ပြီး အသုံးပြုဖို့ အဆင်သင့် ပြင်ထားလို့ ရပါပြီ"

ဝမ်ရှင်းအန်း မှင်တက်သွား၏။

“ပြု... ပြုပြင်ပြီးပြီ… (၁၀) စီးတောင်"

ထိုအခိုက်အတန့်တွင် သူ၏ ကိုယ်ပေါ်မှ အဆီပြင်များပင် တုန်ခါသွားသယောင် ရှိသည်။

သူ ကြားလိုက်ရသည်မှာ မှန်ရဲ့လား။

မိုးတိမ်သင်္ဘော (၁၀) စီး… အပြည့်အဝ ပြုပြင်ပြီးသွားပြီတဲ့လား။

"ကောင်းပြီ… အခုပဲ ငါ စစ်ဆေးမယ်”

ဝမ်ရှင်းအန်းသည် စွမ်းအင်များ ပြည့်လျှံလာကာ ကုန်လှောင်ရုံထဲသို့ မြှားတစ်စင်းကဲ့သို့ ပြေးဝင်သွားတော့သည်။ ဝူကျန့်ယွမ်ကလည်း နောက်မှ ကပ်လိုက်သွား၏။ ရှန်မိုကမူ ပုံမှန်ခြေလှမ်းဖြင့် လျှောက်လာပြီး နေရာတစ်ခုကို ညွှန်ပြလိုက်သည်။

"ဟိုမှာ… အဲဒါတွေက ကျွန်တော် ပြုပြင်ထားတဲ့ (၁၀) စီးပါ"

ဝမ်ရှင်းအန်း လှမ်းကြည့်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

ဘုရားရေ...။

မိုးကြိုးသိန်းငှက် မိုးတိမ်သင်္ဘော ၃ စီး၊ နှင်းရုပ်တု မိုးတိမ်သင်္ဘော ၃ စီးနဲ့ သိန်းစွန်နက် မိုးတိမ်သင်္ဘော ၄ စီးပါလား။

"ငါ မင်းကို တစ်ဆင့်ချင်းသွားဖို့ ပြောထားတယ်လေ… မိုးကြိုးသိန်းငှက်ကနေ အရင်စပြီး အဲဒါကို အပြည့်အဝ ကျွမ်းကျင်မှ နှင်းရုပ်တုနဲ့ သိန်းစွန်နက်ကို ကူးပါလို့”

ဝမ်ရှင်းအန်း မပြောဘဲ မနေနိုင်တော့ပေ။

ရှန်မို ပုခုံးတွန့်ပြ၍

“ကျွန်တော် မိုးကြိုးသိန်းငှက်ကို နားလည်သွားပြီးတဲ့နောက် ကျန်တာတွေက အလိုလိုပဲ ရှင်းသွားလို့ပါ… အချိန်လည်း ရှိသေးတာနဲ့ နှင်းရုပ်တုနဲ့ သိန်းစွန်နက်ကို ကူးလိုက်တာပါ… တပ်မှူးရဲ့ အမိန့်ကိုလည်း ကျွန်တော် လိုက်နာပါတယ်"

ဝမ်ရှင်းအန်း စွံ့အသွားရ၏။ သူ ဘာပြောရမှန်း မသိတော့ပေ။

ရှန်မိုမှ ယုံကြည်ချက်အပြည့်ဖြင့် ပြောနေခြင်းဖြစ်ရာ သူ လိမ်နေပုံလည်း မရပေ။ သို့သော် သူ့၏ အသိစိတ်ကမူ မျက်စိရှေ့မှ မြင်ကွင်းမှာ မဖြစ်နိုင်ဟု ပြောနေသည်။ သေသေချာချာ စစ်ဆေးကြည့်မှသာ သူ စိတ်အေးရပေမည်။

"မင်းတို့နှစ်ယောက် ဒီမှာစောင့်နေ… ငါသွားစမ်းကြည့်မယ်"

ဝမ်ရှင်းအန်း ရုတ်တရက် ခုန်လိုက်ရာ သူ၏ ဝဝကုတ်ကုတ် ကိုယ်လုံးကြီးမှာ အသားလုံးတစ်လုံးကဲ့သို့ မိုးကြိုးသိန်းငှက် မိုးတိမ်သင်္ဘော တစ်စီး၏ ကုန်းပတ်ပေါ်သို့ ရောက်သွားသည်။

သူသည် တိုက်ခိုက်ရေးဦးချွန်၊ ကုန်းပတ်၊ ရွက်တိုင်နှင့် ထွင်းထားသော အစီအရင်များကို တစ်ခုချင်းစီ သေချာစွာ စစ်ဆေးသည်။ ထို့နောက် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့၏။

အစိတ်အပိုင်း အတော်များများမှာ နေရာအနှံ့မှ ကောက်ယူပြီး စပ်ဟပ်တပ်ဆင်ထားခြင်း ဖြစ်ကာ အပြင်ပန်းကြည့်ရသည်မှာ မလှပသော်လည်း အားလုံး အလုပ်လုပ်ပါသည်။

ဤမိုးကြိုးသိန်းငှက် မိုးတိမ်သင်္ဘောမှာ အမှန်တကယ်ပင် ပျံသန်းနိုင်ပြီး ၎င်း၏ လုပ်ဆောင်ရမည့် တာဝန်များကို အတိအကျ ထမ်းဆောင်နိုင်ပါပေသည်။

All Chapters