← Chapters

အခန်း (၁၃၃)

Vol. 14 Ch. 133

အခန်း (၁၃၃)

Vol. 14 Ch. 133

စားဖိုမှူးကမ္ဘာငယ်၏ အခြေအနေမှာ အပြင်လောကနှင့် လုံးဝ ကွာခြားလှပေသည်။ ဤနေရာ၌ အချက်အပြုတ်လမ်းစဉ် သည်ပင်လျှင် မဟာတာအို ဖြစ်ပြီး စားသောက်ဆိုင်များနှင့် အရက်ဆိုင်များသည် လူတိုင်း၏ ကျင့်ကြံအားထုတ်မှုအတွက်သာမက နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းများ ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ စားဖိုမှူးကမ္ဘာငယ်အတွင်းရှိ သက်ရှိမျိုးစိတ်များမှာ ပြင်ပလောကလောက် မကြွယ်ဝခြင်းဖြစ်သည်။

ကောင်းကင်နှင့် မြေပြင်မှ ထွက်ရှိသော ရတနာများ၊ ဝိညာဉ်သားရဲများနှင့် ဝိညာဉ်ပင်များ၏ အမျိုးအစားပင် အနည်းငယ်မျှသာရှိ၏။

အစောပိုင်းက ကျုံးရှန် တွေ့ခဲ့ရသော စားဖိုမှူးခေါင်းဆောင် ချက်ပြုတ်နေသည့် ဟင်းသီးဟင်းရွက်မှာ သာမန်အရွက်များသာ ဖြစ်သည်။ အကယ်၍သာ ထိုဟင်းရွက်နေရာတွင် အပြင်လောကမှ ဝမ်လင်မြက် ကဲ့သို့သော ဆေးဖက်ဝင်အပင်များကို အစားထိုး၍ ချက်ပြုတ်မည်ဆိုပါက ယင်းဟင်းလျာတစ်ခွက်၏ ခန္ဓာကိုယ်ကို အကျိုးပြုနိုင်စွမ်းမှာ အဆပေါင်း ထောင်သောင်းမက တိုးပွားသွားပေလိမ့်မည်။

“ဒီစားဖိုမှူးကမ္ဘာငယ်ထဲက စားဖိုမှူးတွေမှာ တော်တော်လေး ကောင်းမွန်တဲ့ နည်းလမ်းတွေ ရှိနေတာပဲ”

“ပြန်ထွက်သွားတဲ့အခါ လက်ရာအကောင်းဆုံး စားဖိုမှူးတစ်ယောက်လောက် ရှာပြီး...ထမင်းချက်ခိုင်းဖို့အတွက်... ချင်းထျန်းတောင်ထိပ်ကို ခေါ်သွားရမယ်...”

ကျုံးရှန်၏ စိတ်ထဲတွင် အတွေးများ ဖြတ်သန်းသွားပြီး တိုးညှင်းစွာ ရေရွတ်လိုက်၏။

ထို့နောက် ချွမ်ဖူလုံ စားသောက်ဆိုင်ကြီး၏ အဝင်ဝသို့ အေးဆေးစွာပင် ဆင်းသက်လိုက်လေသည်။ ကြီးမားလှသော စားသောက်ဆိုင်ကြီးဖြစ်၍ ပထမထပ်၌ပင် ဝင်ပေါက် ရှစ်ခု ရှိနေကာ ဝင်ပေါက်တစ်ခုစီသည် မြင်းရထားနှစ်စီး ယှဉ်တွဲဝင်နိုင်လောက်အောင်ပင် ကျယ်ဝန်းလှ၏။ စားသောက်ဆိုင်၏ အောက်ခြေအုတ်မြစ်တွင်အစီအရင် အမြောက်အမြားကို ရေးထွင်းထားသည်။

ပျံသန်းခြင်းကို တားမြစ်သော အစီအရင်၊ အသံလုံအစီအရင် အစရှိသော အထောက်အကူပြုသည့် အစီအရင်များအပြင် ခုခံရေးနှင့် ထောင်ချောက်ဆင် သတ်ဖြတ်နိုင်သော အစီအရင်များပါ ရှိနေသည်။ ထိုအစီအရင်များ၏ စွမ်းအားမှာ နိယာမနယ်ပယ် အဆင့် ၂၄ အတိတ်ပြန်လှန်ခြင်း အဆင့်အောက်ရှိ ကျင့်ကြံသူအားလုံးကို ချုပ်နှောင်ထားနိုင်လောက်အောင် ပြင်းထန်လှပေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆိုင်ပိုင်ရှင်သည် အတော်ပင် ဂရုတစိုက် ပြင်ဆင်ထားကြောင်း သိသာလှ၏။

ကျုံးရှန်သည် လူသွားလူလာ နည်းပါးသော ဝင်ပေါက်တစ်ခုကို ရွေးချယ်၍ ဝင်ရောက်လိုက်သည်။ သူ မြေပြင်ပေါ်သို့ ခြေချပြီး မကြာမီမှာပင် စားပွဲထိုးဦးထုပ် ဆောင်းထားသော ဆိုင်အလုပ်သမားတစ်ဦးသည် ပြေးထွက်လာပြီး ကြိုဆိုလိုက်သည်။ တိမ်စီးနင်းခြင်း အဆင့်ရှိသော ကျင့်ကြံသူတစ်ဦးသည် ဤမြို့အတွင်း၌ ကျွမ်းကျင်သူတစ်ဦးဟု သတ်မှတ်၍ ရပေသည်။

“သခင်လေး... အတွင်းကို ကြွပါခင်ဗျာ”

“ချွမ်ဖူလုံ စားသောက်ဆိုင်က ကိုးထပ် ရှိပါတယ်... သခင်လေးက ဘယ်အထပ်ကို ရွေးချယ်ချင်ပါသလဲ”

စားပွဲထိုးလေးက ရိုသေစွာဖြင့် ဦးညွှတ်လိုက်ပြီးနောက် စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။

"ကိုးထပ်တောင် ရှိတာလား”

“ငါ စီချွမ်မြို့ကို ရောက်ဖူးတာ ဒါ ပထမဆုံးပဲ... ဘယ်အထပ်မှာ ဘာတွေ ထူးခြားလဲဆိုတာ သေချာ ရှင်းပြစမ်းပါဦး... နာမည်ကြီးလို့ လာခဲ့တာဆိုတော့ စိတ်ပျက်ရအောင်တော့မလုပ်နဲ့ပေါ့ကွာ"

ကျုံးရှန်က ပြုံးလျက် စိတ်ဝင်တစား မေးလိုက်သည်။ ကျုံးရှန်၏ စကားကို ကြားလိုက်ရသောအခါ စားပွဲထိုးလေး၏ မျက်လုံးများ ဝင်းလက်သွားပြီး သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

“သခင်လေး ချွမ်ဖူလုံကို လာတာကတော့ အမှန်ကန်ဆုံးပါပဲ”

“ကျွန်တော်တို့ရဲ့ ချွမ်ဖူလုံက ဒီမြို့ရဲ့ စားဖိုမှူးဘုရင် ပြိုင်ပွဲမှာ ပထမရထားတာပါ... ဒီစီရင်စုတစ်ခုလုံးမှာဆိုရင်တောင် ထိပ်ဆုံးသုံးနေရာထဲမှာ ပါပါတယ်”

“အရင်ဆုံး အတွင်းကို ကြွပါဦး... အပြင်မှာက ဆူညံနေတော့ သခင်လေး နားငြီးနေမှာ စိုးလို့ပါ”

ဤဆိုင်အလုပ်သမားသည် အတော်လေး လိမ္မာပါးနပ်သူ ဖြစ်သည်။ သူသည် ကျုံးရှန်ကို ဦးဆောင်၍ ပထမထပ်ရှိ အဓိကခန်းမဆောင်အတွင်းသို့ ခေါ်ဆောင်သွားသည်။

အတွင်းပိုင်းတွင် ခန်းမငယ်များစွာ ထပ်မံခွဲခြားထားပြီး ခန်းမတစ်ခုစီ၌ အပေါ်သို့ တက်ရန် သီးခြား လှေကားများ ရှိနေသည်။ မျက်နှာကြက်တွင် တောက်ပသော ဝိညာဉ်မီးအိမ်များ ချိတ်ဆွဲထားသဖြင့် ခန်းမတစ်ခုလုံးသည် နေ့ခင်းဘက်အလား လင်းထိန်နေ၏။

ယခုအချိန်၌ ကျုံးရှန်၏ ရှေ့မှောက်ရှိ ခန်းမအတွင်း၌ ဧည့်သည်များမှာ ခုနစ်ပုံရှစ်ပုံခန့် ပြည့်နေပြီဖြစ်သဖြင့် အလွန်ပင် စည်ကားနေသည်။

စားပွဲထိုးလေးသည် ကျုံးရှန်ကို ဧည့်သည်နားနေထိုင်ခုံတွင် ထိုင်ခိုင်းလိုက်၏။ ထို့နောက်မှ ဖြည်းဖြည်းချင်း ရှင်းပြလေတော့သည်။

“သခင်လေး... ကျွန်တော်တို့ ချွမ်ဖူလုံ စားသောက်ဆိုင် ကိုးထပ်လုံးက စံချိန်စံညွှန်းတွေ မတူကြပါဘူး... ဈေးနှုန်းနဲ့ ဟင်းလျာစာရင်းတွေလည်း ကွဲပြားပါတယ်”

“ပထမထပ်ကတော့ ဈေးအသက်သာဆုံးနဲ့ အတန်ဆုံးပါ...စားပွဲတစ်ဝိုင်းကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးပဲ ကျပါတယ်”

“ဒုတိယထပ်ကတော့ အဆင့်နည်းနည်း ပိုမြင့်ပြီး အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး ၂၀ကျပါတယ်"

“တတိယထပ်ကျတော့ တစ်ဝိုင်းကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင် ကျပါတယ်”

“စတုတ္ထထပ်ကနေစပြီး နိယာမနယ်ပယ်အဆင့် စားဖိုမှူးတွေ ကိုယ်တိုင် ချက်ပြုတ်ပေးတာပါ”

“ဒါပေမဲ့ အပေါ်ကို တစ်ထပ်တက်တိုင်း ဝိုင်းဖွင့်ခက အောက်တစ်ထပ်ရဲ့ ဆယ်ဆ ဖြစ်သွားပါတယ်... ဟင်းပွဲဈေးနှုန်းတွေကလည်း မနည်းပါဘူး”

“သခင်လေးက ဘယ်အထပ်ကို တက်ချင်ပါသလဲ”

စားပွဲထိုးလေးက ဂရုတစိုက် မေးမြန်းလိုက်သည်။

သူတို့ ချွမ်ဖူလုံ၏ အချက်အပြုတ်ပညာမှာ စီချွမ်မြို့၏ ပထမဖြစ်သကဲ့သို့ ဈေးနှုန်းမှာလည်း မနည်းလှပေ။

အထူးသဖြင့် ကိုးထပ်မြောက် ဖြစ်ပြီး ထိုအထပ်ကို အကောင်းဆုံး ဖန်တီးထားကာသီးသန့် အခန်း ဆယ်ခန်း ရှိလေသည်။အခန်းတိုင်းတွင် ဝိညာဉ်စုစည်းမှု အစီအရင်များ ရှိပြီး ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာဖြင့် ခင်းကျင်းထားကာ မတူညီသော ရှုခင်းအလှများကို ဖန်တီးထားရာ ခမ်းနားမှုမှာ မြို့တွင် ပထမပင် ဖြစ်၏။

ဟင်းလျာဖိုးကို မတွက်သေးဘဲ အခန်းဝင်ခငွေမှာပင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁ ဘီလီယံ ရှိပြီး ထိုပမာဏမှာ ဂိုဏ်းငယ်လေးတစ်ခု၏ စုဆောင်းထားသော ရတနာများအားလုံးနှင့် ညီမျှနေ၏။

ပုံမှန်အားဖြင့် ခုနစ်ထပ် သို့မဟုတ် ရှစ်ထပ်သို့ တက်နိုင်သူမှာပင် နယ်ပယ်တစ်ခု၏ အရှင်သခင် သို့မဟုတ် သူဌေးကြီးများ ဖြစ်ကြသည်။ ကိုးထပ်မြောက်သို့မူ နှစ်ပေါင်း ထောင်ချီအတွင်း၌ပင် ဧည့်သည်တစ်ဝိုင်း ရရန် ခဲယဉ်းလှသည်။ သို့သော်လည်း ယနေ့တွင်မူ ကိုးထပ်၌ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိနေလေသည်။

ထိုသူမှာ ဤကုန်းမြေတိုက်ကြီး၌ အစွမ်းအထက်ဆုံး ဖြစ်သော ကောင်းကင်စားဖိုမှူးဂိုဏ်းမှ လက်ရှိ မျိုးဆက် သူတော်စင်သားတော် ဖြစ်ပြီး ကျင့်ကြံမှုမှာ နိယာမနယ်ပယ် အဆင့် ၂၈ သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူသည်စားဖိုမှူးကမ္ဘာငယ်၏ အဓိက ဟင်းလျာရှစ်မျိုးအနက် ခုနစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်ထားပြီး ချွမ်းဟင်းလျာ တစ်မျိုးသာ လိုတော့သည်။ ယခုအကြိမ် ချွမ်ဖူလုံ စားသောက်ဆိုင်သို့ လာရောက်ခြင်းမှာလည်း ဟင်းလျာများကို မြည်းစမ်းပြီး အသိဉာဏ်အလင်း ပွင့်စေရန် ဖြစ်သည်။။ ထိုကဲ့သို့သော ပုဂ္ဂိုလ်အတွက် ၁ ဘီလီယံမှာ ဘာမျှ မဟုတ်ချေ။

စားပွဲထိုးလေး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လူငယ်လေးက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်ကို တွေ့ရသဖြင့် ဈေးနှုန်းကြောင့် လန့်သွားသည်ဟု စားပွဲထိုးက ထင်မှတ်လိုက်ကာ အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။

“သခင်လေး... တကယ်တော့ ပထမထပ်နဲ့ ဒုတိယထပ်ကလည်း မဆိုးပါဘူး... ကျွန်တော်တို့ဆီက စားဖိုမှူးတွေက အနည်းဆုံး နှစ်ပေါင်းဆယ်ချီ အတွေ့အကြုံရှိတဲ့ သိုင်းဆရာသခင်အဆင့် စားဖိုမှူးတွေပါ”

“သခင်လေးကို သေချာပေါက် စိတ်ကျေနပ်မှု ပေးနိုင်မှာပါ”

ကျုံးရှန်က သူ့ကို တစ်ချက် မော့ကြည့်လိုက်သည်။ သူသည် သူ၏ သိုလှောင်ရတနာဝိညာဉ်နှင့်ဆက်သွယ်ပြီး ဝိညာဉ်ကျောက်တုံးများကို ရှာဖွေလိုက်ရာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို ရှာမတွေ့ဘဲ အနိမ့်ဆုံးအဆင့်မှာပင် အထွတ်အထိပ် ဝိညာဉ်ကျောက်တုံးများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ကျန်ရှိသော အရာများမှာမူ အထွတ်အထိပ်အဆင့်သူတော်စင်သလင်းကျောက်နှင့် အထွတ်အထိပ်အဆင့် နတ်ဘုရား‌သလင်းကျောက်သာ ဖြစ် နေသည်။ သို့သော်လည်း အထွတ်အထိပ်ဝိညာဉ်ကျောက်တုံးများဖြင့်လည်း ပေးချေနိုင်သင့်သည်ဟု ကျုံးရှန်က ယူဆလိုက်သည်။

“ငါ ကိုးထပ်ကို သွားမယ်... ဝိညာဉ်ကျောက်တုံးကတော့ ပြဿနာ မဟုတ်ဘူး... ဒါပေမဲ့ မင်းတို့ဆီမှာ အထွတ်အထိပ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ပေးချေလို့ ရလား”

ကျုံးရှန်က အေးအေးဆေးဆေးပင် ပြောဆိုလိုက်သည်။ သူသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်လျှင် အထွတ်အထိပ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော် ခန့်သည် သူ၏ ရှေ့ရှိ ကြမ်းပြင်ပေါ်သို့ တောင်ပုံရာပုံ ကျဆင်းလာလေသည်။ လူတစ်ရပ်ခန့် မြင့်သော ဝိညာဉ်ကျောက်တုံး တောင်လေးတစ်ခု ဖြစ်သွားတော့၏။

လွန်ကဲလှသော ဝိညာဉ်စွမ်းအားများသည် ခဏချင်းအတွင်း ခန်းမတစ်ခုလုံးကို လွှမ်းမိုးသွားပြီး ကိုးထပ်မြောက်အထိပင် တဟုန်ထိုး ပျံ့နှံ့သွားကာ ခန်းမတစ်ခုလုံးချက်ချင်း တိတ်ဆိတ်သွား၏။ စားသောက်ဆိုင်တစ်ခုလုံးသာမက စီချွမ်မြို့တော်တစ်ခုလုံးပင် တိတ်ဆိတ်သွားသကဲ့သို့ ခံစားရသည်။ ဤနေရာရှိအချိန်နှင့် ဟင်းလင်းပြင်ကို ခေတ္တ ရပ်တန့်လိုက်သကဲ့သို့ပင် ဖြစ်သည်။

အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး၏ ဝိညာဉ်စွမ်းအင်မှာ လွန်ကဲစွာ ပြည့်ဝလွန်းလှပြီး ထိုအဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးစီသည် ဝိညာဉ်ကျောက်တုံးသတ္တုကြောတစ်ခု၏ အနှစ်သာရ အူတိုင်များ ဖြစ်ကြသည်။ သီအိုရီအရဆိုလျှင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သန်းသည် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ညီမျှသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ တစ်တုံးရရှိရန်ပင် အလွန် ခက်ခဲလှသည်။

စားပွဲထိုးလေး ပါးစပ် အဟောင်းသား ဖြစ်သွားလေသည်။ သူသည် နိယာမနယ်ပယ် ပထမအဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် မမြင့်မားသော်လည်း သူ၏ အမြင်အာရုံမှာမူ အလွန် ထက်မြက်လှသည်။

ဒဏ္ဍာရီထဲတွင်သာ ကြားဖူးသော အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ထိုခဏတာလေးအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်များအားလုံး ပွင့်သွားပြီး သက်တောင့်သက်သာ ခံစားလိုက်ရသည်။

သို့သော်လည်း လွန်ကဲလှသော စွမ်းအင်လှိုင်းများ‌ကြောင့်တစ်ပြိုင်နက်တည်းမှာပင် မြို့အတွင်းရှိ ကျွမ်းကျင်သူများစွာ၏ အာရုံစိုက်မှုကို ခံလိုက်ရလေသည်။

““သခင်လေး... အရင်ဆုံး ပြန်သိမ်းထားလိုက်ပါ”

“ချွမ်ဖူ အစောင့်အရှောက်တွေ... အရေးကြီး ဧည့်သည်တော်ကို ကြိုဆိုကြစမ်း”

စားပွဲထိုးလေးက အလျင်အမြန် အော်ဟစ်လိုက်သည်။

သူ၏ စကားမဆုံးမီမှာပင် နိယာမနယ်ပယ် အဆင့် ၁၀ အထက်ရှိသော ကျွမ်းကျင်သူ ဆယ်ယောက်ကျော်သည် နေရာအသီးသီးမှ ပြေးဝင်လာကြသည်။ သူတို့သည် ဝိညာဉ်ကျောက်တုံးတောင်ကြီးကို မျက်လုံးများ ဝင်းလက်စွာ ကြည့်လိုက်ပြီးနောက် ကျုံးရှန်ကို ဝိုင်းရံကာ ကာကွယ်ပေးလိုက်ကြသည်။

ကျုံးရှန်က လက်ကို ဝှေ့ယမ်း၍ ကျောက်တုံးများကို ပြန်လည် သိမ်းဆည်းလိုက်ကာ တစ်တုံးကိုသာ လက်ထဲကိုင်ထားလိုက်သည်။ မကြာမီမှာပင် အထပ်တိုင်းရှိ တာဝန်ခံများနှင့်စားပွဲထိုးများ ပထမထပ်သို့ အလုအယက် ဆင်းလာကြ၏။ လူတိုင်း၏ မျက်လုံးများတွင် ရတနာတစ်ခုကို တွေ့လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားမှုနှင့် ရူးသွပ်မှုများ ပြည့်နှက်နေလေသည်။

All Chapters