အခန်း (၁၃၆)
Vol. 14 Ch. 136
“အိုး... စားဖိုမှူးဘုရင် ပြိုင်ပွဲလား...”
ကျုံးရှန်၏ မျက်နှာထက်တွင် စိတ်ဝင်စားသော အရိပ်အယောင် ပေါ်လာသည်။ ထိုသည်မှာ ဤပြိုင်ပွဲအကြောင်းကို သူ ကြားဖူးနားဝ ရှိနေသောကြောင့် ဖြစ်ပေသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် အချက်အပြုတ်တာအို ဆိုသည်မှာ အလွန်ပင် လူသိနည်းလှသော ကျင့်ကြံခြင်း လမ်းစဉ်တစ်ခု ဖြစ်သည်။ တာအိုသုံးထောင်အကြားတွင်လည်း အောက်ခြေအဆင့်၌သာ တည်ရှိလေသည်။
သို့သော်လည်း အချက်အပြုတ်တာအိုသည် သက်ရှိအားလုံးနှင့် ခွဲခြား၍မရအောင် ဆက်နွယ်နေ၏။ နိယာမနယ်ပယ်သို့ ရောက်ရှိပြီး အစားစားစရာမလိုသော ကျင့်ကြံသူများပင် လျှင် စားသောက်ခြင်း ဟူသောအာရုံသည် လူတိုင်းအပေါ် လွှမ်းမိုးမှု ရှိနေဆဲပင် ဖြစ်သည်။ ထို့ကြောင့် ယနေ့တိုင်အောင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်း၌ အချက်အပြုတ်တာအိုကို စွဲလန်းနှစ်သက်စွာ လေ့လာလိုက်စားနေကြသော ကျင့်ကြံသူများစွာ ရှိနေသေးပေသည်။
ထိုသူတို့သည် ရှေးဟောင်း စားဖိုမှူးသူတော်စင်ကို အလွန်အမင်း ကြည်ညိုလေးစားကြသူများ ဖြစ်ကြပြီး စားဖိုမှူးသူတော်စင်နှင့် ပတ်သက်သော ရှေးဟောင်း မှတ်တမ်းများကို လိုက်လံ စုဆောင်းကာ စားဖိုမှူးသူတော်စင်၏ အတိတ်ဖြစ်ရပ်များကို ပြန်လည် ဖော်ထုတ်လေ့ ရှိကြရာ စားဖိုမှူးဘုရင် ပြိုင်ပွဲမှာလည်းတစ်ခု အပါအဝင် ဖြစ်သည်။
စားဖိုမှူးသူတော်စင် သက်ရှိထင်ရှား ရှိနေစဉ်အခါက နှစ်ပေါင်း တစ်သောင်းလျှင် တစ်ကြိမ် စားဖိုမှူးဘုရင် ပြိုင်ပွဲကို ကျင်းပခဲ့၏။ အချက်အပြုတ် တာအိုကျင့်ကြံသူအားလုံးကို ပါဝင်ယှဉ်ပြိုင်စေပြီး သူကိုယ်တိုင် ဒိုင်လူကြီးအဖြစ် ဆုံးဖြတ်ကာ လောကအရသာများကို ခံစားမြည်းစမ်းလေ့ ရှိသည်။
အနိုင်ရရှိသူသည် စားဖိုမှူးဘုရင်ဟူသော ဘွဲ့ထူးကို ရရှိနိုင်သည့်အပြင် စားဖိုမှူးသူတော်စင်ကိုယ်တိုင် ချက်ပြုတ်သော ဟင်းလျာတစ်ပွဲကို ရရှိနိုင်သည်။ ထို့ပြင် သူတော်စင်၏ တိုက်ရိုက် လမ်းညွှန်ပြသမှုကိုလည်း ရရှိနိုင်သေး၏။ ဆုလာဘ်များမှာ အလွန်ပင် များပြားလှသဖြင့် ထိုစဉ်က ဝမ်ရှန်း ကုန်းမြေတိုက်ကြီးရှိ အချက်အပြုတ် ကျင့်ကြံသူများမှာ ရူးသွပ်မတတ် ဖြစ်ခဲ့ကြရပေသည်။
ယနေ့တိုင်အောင်ပင် ထိုအချက်အပြုတ်တာအိုကို ရူးသွပ်သူများသည် ဝမ်ရှန်း ကုန်းမြေတိုက်ကြီး၌ စားဖိုမှူးဘုရင် ပြိုင်ပွဲကို ပုံမှန်ကျင်းပသည့် အစဉ်အလာကို ထိန်းသိမ်းထားကြဆဲ ဖြစ်၏။ ယခုအခါတွင်မူ ဆုလာဘ်များမှာ စားဖိုမှူးဘုရင် ဘွဲ့ထူးနှင့် ရှားပါး ပါဝင်ပစ္စည်း အချို့သာ ရှိတော့လေသည်။
သို့သော်လည်း အချက်အပြုတ် ကျင့်ကြံသူများ၏ ထောက်ခံအားပေးမှုကိုမူ ရရှိနေဆဲပင် ဖြစ်သည်။ ထို့ကြောင့် ကျုံးရှန်အနေဖြင့် ဤလှုပ်ရှားမှုနှင့် ပတ်သက်၍ စိမ်းသက်ခြင်း မရှိဟု ဆိုနိုင်သည်။ ဤစားဖိုမှူးကမ္ဘာငယ်သည် စားဖိုမှူးသူတော်စင်၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ဘုံမှ ဖြစ်ပေါ်လာသော ကမ္ဘာငယ်တစ်ခု ဖြစ်သည့်အလျောက် ဤနေရာမှ စားဖိုမှူးဘုရင် ပြိုင်ပွဲသည်လည်း စားဖိုမှူးသူတော်စင်နှင့် မလွဲမသွေ ဆက်နွယ်မှု ရှိနေပေလိမ့်မည်။
“ဒီစားဖိုမှူးဘုရင် ပြိုင်ပွဲမှာ အနိုင်ရတဲ့သူက ဘယ်လို အကျိုးကျေးဇူးတွေ... ဆုလာဘ်တွေ ရမှာလဲ...”
“စားဖိုမှူးဘုရင် ဆိုတဲ့ ဘွဲ့တစ်ခုတည်းတော့ မဟုတ်လောက်ဘူး ထင်တယ်”
ကျုံးရှန်က ဝိုင်ကို အသာအယာ တစ်ငုံ သောက်လိုက်ရင်း ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်၏။
စားပွဲထိုးလေးက ထိုစကားကို ကြားသောအခါ မျှော်လင့်တောင့်တသော မျက်နှာထားဖြင့် ပြောလာသည်။
“စားဖိုမှူးဘုရင် ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့မယ်ဆိုရင် စားဖိုမှူးဘိုးဘေး ချန်ရစ်ခဲ့တဲ့ ရတနာဟင်းလျာ တစ်ပွဲကို ရရှိမှာပါခင်ဗျာ...”
“ဒဏ္ဍာရီတွေအရတော့ စားဖိုမှူးဘိုးဘေးရဲ့ ရတနာဟင်းလျာတွေဟာ မယုံကြည်နိုင်လောက်တဲ့ အစွမ်းသတ္တိတွေ ရှိတယ်လို့ ဆိုကြပါတယ်”
“အဲဒါကို စားသုံးလိုက်ရင် ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပြီး...တစ်ခါတည်း သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ဖို့တောင် အခွင့်အရေး ရှိပါတယ်”
သူ၏မျက်လုံးများထဲတွင် ကြည်ညိုအားကျမှုများ ပြည့်နှက်နေသည်။ စားဖိုမှူးဘိုးဘေး သို့မဟုတ် စားဖိုမှူးသူတော်စင်သည် ဤကမ္ဘာ၏ ဖန်ဆင်းရှင် ဖြစ်သည့်အလျောက် ဤစားဖိုမှူးကမ္ဘာငယ်အတွင်း၌ သူ၏ အဆင့်အတန်းမှာ ဖန်ဆင်းရှင် နတ်ဘုရားနှင့် ထပ်တူပင်ဖြစ်ကာ အချက်အပြုတ် ကျင့်ကြံသူတိုင်း၏ လေးစားမှုကို အပြည့်အဝ ရရှိထားလေသည်။
“အိုး... စားဖိုမှူးဘိုးဘေးရဲ့ ရတနာဟင်းလျာ ဟုတ်လား...”
ကျုံးရှန်၏ မျက်လုံးများ မှေးစင်းသွားရ၏။ သူ ဤနေရာသို့ လာရခြင်း၏ အဓိက ရည်မှန်းချက်မှာ ပါရမီရှင်များနှင့် အခွင့်အရေး လုယူရန် မဟုတ်ပေ။ စားဖိုမှူးသူတော်စင် ချန်ရစ်ခဲ့သော ရတနာဟင်းလျာများကို ရှာဖွေရန်နှင့် ယင်းတို့သည် သူ၏ ကျိန်စာကို ဖြေရှင်းရာတွင် အထောက်အကူ ဖြစ်၊ မဖြစ် ကြည့်ရှုရန်သာ ဖြစ်သည်။
“ဒါဆို စားဖိုမှူးဘုရင် ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ဘယ်လို သတ်မှတ်ချက်တွေ လိုအပ်လဲ...”
စားပွဲထိုးလေးသည် ကျုံးရှန်၏ စကားကြောင့် အပြင်ဘက်သို့ အနည်းငယ် စိုးရိမ်တကြီး ကြည့်လိုက်မိ၏။ အနည်းငယ် ခက်ခဲနေပုံရသော်လည်း ခဏအကြာတွင်မူ အမှန်အတိုင်းပင် ပြောပြလိုက်သည်။
“စားဖိုမှူးဘုရင် ပြိုင်ပွဲက ဖိတ်ကြားတဲ့စနစ်နဲ့ သွားတာပါ... ကောင်းကင်စားဖိုမှူးဂိုဏ်းက ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာရှိတဲ့ အရည်အချင်းပြည့်မီတဲ့ စားသောက်ဆိုင်တွေကို စားဖိုမှူးဘုရင် အမိန့်တော်တံဆိပ်ပြားတွေ ပေးပို့ပါတယ်”
“အမိန့်တော်တံဆိပ်ပြား ရှိတဲ့သူမှသာ သူတော်စင်စားဖိုမှူးမြို့တော်ကို သွားပြီး ပြိုင်ပွဲဝင်ရောက်ခွင့် ရှိတာပါ”
“ပြိုင်ပွဲဝင်တိုင်းက ပြိုင်ပွဲဝင် ဟင်းလျာတစ်ပွဲ ပြင်ဆင်လာရပါတယ်”
“ဒိုင်လူကြီးကတော့ စားဖိုမှူးဘိုးဘေး ချန်ရစ်ခဲ့တဲ့ သူတော်စင်အလင်း ကိုယ်ပွားတစ်ခုပါပဲ”
“အကဲဖြတ်တဲ့ စံနှုန်းကတော့ ဒီဟင်းလျာထဲမှာ ပါဝင်တဲ့ အချက်အပြုတ်တာအို ဘယ်လောက် နက်ရှိုင်းသလဲ... ပေါင်းစပ်ထားတဲ့ ဝိညာဉ်စွမ်းအင်နဲ့ တာအိုနိယာမတွေ ဘယ်လောက် ပြည့်စုံသလဲဆိုတာ စမ်းစစ်တာပါ”
ဤစားဖိုမှူးဘုရင် ပြိုင်ပွဲကြီးသည် အတော်လေး ကျော်ကြားပုံရသည်။ နိယာမနယ်ပယ်သို့ ယခုမှ ဝင်ရောက်ခါစ ဆိုင်ဝန်ထမ်းလေးတစ်ယောက်ကပင် ဤမျှ တိကျသေချာစွာ သိရှိထားလေသည်။ ထိုစားပွဲထိုးလေး၏ တည်ငြိမ်လှသော စိတ်နေစိတ်ထားမှာလည်း သာမန်လူများထက် များစွာ သာလွန်နေပေသည်။
ထိုသို့ တွေးမိရင်း ကျုံးရှန်သည် အကျင့်အတိုင်း စိတ်အာရုံဖြင့် စားပွဲထိုးလေး၏ခန္ဓာကိုယ်ကို စူးစမ်းလိုက်၏။ အစပိုင်းတွင် တည်ငြိမ်နေသော်လည်း ခဏအကြာ သေချာစွာ စစ်ဆေးကြည့်ပြီးသောအခါတွင် ကျုံးရှန်၏ မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာလေသည်။
“မင်းက စားပွဲလေး ဆိုပေမဲ့ ခေါင်းတော့ တော်တော်သွက်တာပဲ”
“ငါ့နောက်လိုက် လုပ်မလား”
“တခြားဟာတွေတော့ အာမခံချက် မပေးနိုင်ပေမဲ့ မင်းရဲ့ အောင်မြင်မှုကတော့ ဆိုင်ဝန်ထမ်း လုပ်နေတာထက် သေချာပေါက် သာလွန်စေရမယ်”
ကျုံးရှန်၏ စကားကို ကြားသောအခါ စားပွဲထိုးလေးသည် အံ့အားသင့် ဝမ်းသာသွားပြီးနောက် သံသယစိတ်များ ဝင်လာပြန်သည်။
ဤမျှ ကျင့်ကြံခြင်းအဆင့် မြင့်မားသော ပုဂ္ဂိုလ်ကြီးတစ်ဦးက သူ့လို လူတစ်ယောက်ကို အဘယ်ကြောင့် စိတ်ဝင်စားရသနည်း။ ဤသည်မှာ ပုံမှန်မဟုတ်သော ကိစ္စတစ်ခု ဖြစ်နေသည်ဟု သူ ခံစားလိုက်ရ၏။
ကျုံးရှန်သည် သူ၏ စိုးရိမ်မှုကို နားလည်သည့်အလျောက် ခေါင်းကို အသာအယာ ငြိမ့်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ပန်းကန်လုံးပုံစံ အမှတ်အသားတစ်ခုကို စားပွဲထိုးလေး၏ ရင်ဘတ်အတွင်းသို့ ထည့်သွင်းပေးလိုက်၏။
ထိုအခါသူ၏ ရင်ဘတ်တွင်လည်း ထပ်တူညီသော အမှတ်အသားတစ်ခု ပေါ်ထွက်လာပြီး အချင်းချင်း ပေါင်းစပ်သွားကာ တစ်သားတည်း ဖြစ်သွားလေသည်။ စားပွဲထိုးလေး၏ ခန္ဓာကိုယ်မှ နတ်ဘုရား အလင်းတန်းများ ထွက်ပေါ်လာ၏။
ထိုသည်မှာ အထွတ်အထိပ် အချက်အပြုတ်ရတနာ ခြောက်ပါးအနက် တစ်ခုဖြစ်သော တိမ်ပင်လယ် ပန်းကန်လုံး ကွဲအက်သွားပြီးနောက် ကျန်ရှိနေခဲ့သည့် အမှတ်အသား အပိုင်းအစ နှစ်ခု ဖြစ်ပေသည်။
ထိုစဉ်က နတ်ဘုရားနှင့် မိစ္ဆာစစ်ပွဲအတွင်း၌ တိမ်ပင်လယ် ပန်းကန်လုံးသည် အပိုင်းအစ သုံးခုအဖြစ် ကွဲအက်သွားခဲ့၏။ စားဖိုမှူးသူတော်စင် ကွယ်လွန်သွားသောအခါ ထိုအပိုင်းအစ သုံးခုမှာ ပန်းကန်လုံးပုံစံ အမှတ်အသား သုံးခုအဖြစ် ပြောင်းလဲသွားပြီး လောကအနှံ့ ကွဲလွင့်သွားခဲ့ခြင်း ဖြစ်လေသည်။
ဤစားပွဲထိုးလေး၏ ဝိညာဉ်အတွင်း၌ တိမ်ပင်လယ် ပန်းကန်လုံး၏ အပိုင်းအစ အမှတ်အသားတစ်ခု ပုန်းကွယ်နေခဲ့ခြင်း ဖြစ်၏။ နှစ်ပေါင်းများစွာ ကြာလာသောအခါ ထိပ်တန်း ဖန်ဆင်းခြင်းအဆင့် နတ်ဘုရားလက်နက်သည် သူ၏စွမ်းအားများကို အမွေအနှစ် စွမ်းအားများအဖြစ် ပြောင်းလဲလိုက်ပြီး အချက်အပြုတ်တာအို ခန္ဓာကိုယ် တစ်ခုအဖြစ် ဖန်တီးပေးလိုက်ခြင်း ဖြစ်ပေသည်။
ဤအမှတ်အသား ရှိသူသည် တိမ်ပင်လယ်တစ်ခုလုံးကို ဝါးမြိုနိုင်သည့်အလား ချက်ပြုတ်ရာတွင် ဝိညာဉ်စွမ်းအင်များနှင့် တာအိုနိယာမများကို ပိုမို ထည့်သွင်းပေါင်းစပ်နိုင်စွမ်း ရှိပေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဤဝန်ထမ်းလေး၏ ကိုယ်ထဲတွင် တစ်ခုရှိနေသကဲ့သို့ ကျုံးရှန်ထံတွင်လည်း အပိုင်းအစ တစ်ခု ရှိနေခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်မှ ရရှိခဲ့ခြင်း ဖြစ်ပြီး အသုံးမဝင်ဟု ထင်မှတ်ကာ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။ယခုမူ အသုံးတည့်သွားခဲ့ပြီဖြစ်၏။
မိမိ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ကို ကျုံးရှန် သိရှိသွားရုံသာမက ထပ်တူညီသော အမှတ်အသားကိုပါ ထုတ်ပေးလိုက်သဖြင့် စားပွဲလေးမှာ လွန်စွာ တုန်လှုပ်သွားရ၏။ အမှတ်အသား နှစ်ခု ပေါင်းစပ်သွားသည်နှင့် သူ၏ တိမ်ပင်လယ် ခန္ဓာကိုယ်သည် အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာကာ ချက်ချင်းပင် သူ၏ ကျင့်ကြံမှုမှာ တစ်ဆင့် တိုးတက်သွားပြီး နိယာမနယ်ပယ် ဒုတိယအဆင့်ဖြစ်သော ကျားသစ်နှင့်ကျား ခွန်အားအဆင့် သို့ ရောက်ရှိသွားလေသည်။
သူ၏ စိတ်ထဲမှ ပြင်းပြသော ဆန္ဒတစ်ခု ပေါ်ထွက်လာ၏။ အမှတ်အသား အပိုင်းအစ သုံးခုလုံးကို စုစည်းပြီး ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြီးပြည့်စုံစေချင်ခြင်းပင် ဖြစ်သည်။ထိုရည်မှန်းချက်ကို အောင်မြင်ရန်မှာလည်း သူ့ရှေ့မှောက်ရှိ ပုဂ္ဂိုလ် နောက်လိုက်ပါမှသာ ဖြစ်နိုင်ပေမည်။
"ဒုန်း"
“ဝမ်ရှောင်ယွီ... သခင့်ကို ဂါရဝပြုပါတယ်”
စားပွဲထိုးလေးမှာ ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ကျုံးရှန်ကို သခင် ဟု လေးစားစွာ ခေါ်ဆိုလိုက်သည်။ မူလက ကျုံးရှန်သည် သူ့ကို ကျွန်ပြုမည်ဟု ထင်မှတ်ပြီး တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်သည်။
“ကောင်းပြီ... အခြေအနေကို နားလည်တဲ့သူဟာ လူတော်ပဲ...အနာဂတ်မှာ သေချာပေါက် ကံကောင်းခြင်းတွေ ရလာလိမ့်မယ်”
“ဒီနေ့ကစပြီး မင်း ငါ့နောက်ကို လိုက်ခဲ့တော့”
“ဒီကိစ္စတွေ ပြီးသွားရင် မင်းအတွက် လက်ဆောင်တွေ ထပ်ပေးဦးမယ်”
“ကဲ... လောလောဆယ်တော့ စားပွဲမှာ ဝင်ထိုင်ပြီး စားတော့”
ဝမ်ရှောင်ယွီသည် လေးစားစွာဖြင့် မတ်တတ်ရပ်လိုက်ပြီး စားပွဲထိုးဝတ်စုံကို ချွတ်လိုက်ကာ ဘေးနားတွင် ဝင်ထိုင်လိုက်၏။ သူသည် အစောပိုင်းကထက် ပိုမို၍ တည်ငြိမ် လေးနက်သွားလေသည်။
သူတို့နှစ်ဦး စကားပြောနေစဉ်အတွင်းမှာပင် စားပွဲပေါ်တွင် အရသာအစုံအလင်ဖြင့် ဟင်းလျာများ ပြည့်နှက်သွားပြီဖြစ်ရာဟင်းလျာများမှာ အရောင်၊ အနံ့၊ အရသာ ပြည့်စုံလှပြီး ကြည့်လိုက်ရုံဖြင့် စားချင်စိတ်ကို အစွမ်းကုန် လှုံ့ဆော်ပေးနိုင်စွမ်း ရှိနေလေသည်။
မီးဖိုချောင်အတွင်း၌မူ ဖူလင်မင်နှင့် သူတော်စင်သားတော်စားဖိုမှူး ဂျင်ချူရှောင်တို့သည် အင်္ကျီလက်များကို လိပ်တင်ထားဆဲ ဖြစ်ပြီး ဟင်းလျာအသစ်များကို အဆက်မပြတ် ကြိုးစားချက်ပြုတ်နေကြဆဲ ဖြစ်၏။
ကျုံးရှန်သည် ဟင်းပွဲတိုင်းကို တစ်လုပ်စီ မြည်းစမ်းကြည့်ကာ အသေအချာအရသာခံကြည့်လိုက်၏။ ထို့နောက်တွင်မူ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။