အခန်း (၁၃၈)
Vol. 14 Ch. 138
သူတော်စင်သားတော် စားဖိုမှူးဂျင်ချူရှောင် ၏ပါရမီမှာ အလွန်ထူးခြားပြီး စားဖိုမှူးကမ္ဘာငယ် ကုန်းမြေတိုက်ကြီးအတွင်း၌ ထိပ်တန်း ပါရမီရှင်တစ်ဦးဟု ဆိုလျှင်လည်း မမှားပေ။ သူသည် ထူးဆန်းသော အချက်အပြုတ်တာအို ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလအနှစ်သာရစွမ်းအင်ကို ရွှေယောင်းမ တစ်ခုအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိလေသည်။
ထို့ကြောင့် သူသည် မိမိ၏အမည်ကိုလည်း ဂျင်ချူရှောင် ဟု ပြောင်းလဲခဲ့ခြင်း ဖြစ်ပေသည်။ ဂျင်ချူရှောင်သည် နှစ်ပေါင်း ၈၀၀၀ အတွင်းမှာပင် ကျင့်ကြံမှုကို နိယာမနယ်ပယ် ၂၈ ဆင့်ဖြစ်သည့် နယ်မြေကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်း ရှိသော အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ကာ သူတော်စင်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
စားဖိုမှူးဂျင်ချူရှောင်၏ ပါရမီသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ပင် လွန်စွာ တောက်ပသော ပါရမီရှင် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း သူသည် သူတော်စင်တစ်ပိုင်းအဆင့်တွင်ပင် နှစ်ပေါင်း ၂၀၀၀ ကျော်ကြာပိတ်မိနေခဲ့လေသည်။
ကျုံးရှန်၏ တပည့် ဖြစ်သော ရွေ့ဝူတီသည် ကံဆိုးခြင်းတာအိုဘိုးဘေး၏ ထိပ်တန်းကျင့်စဉ်နှင့် ဓားနတ်ဘုရား၏ နည်းစနစ်များကို ကျင့်ကြံကာ ချင်ထျန်းတောင်၏ အဖိုးတန် ရတနာများကို စားသုံးခဲ့သည်။ သို့သော်သူသည်လည်း သူတော်စင် စတုတ္ထအဆင့်သို့ ရောက်ရန် နှစ်ပေါင်း ၁၂၀၀၀ကြာခဲ့လေသည်။
အရင်းအမြစ် နည်းပါးလှသော ဤစားဖိုမှူးကမ္ဘာငယ်အတွင်း၌ ဤမျှ အချိန်တိုအတွင်း သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိအောင်ကျင့်ကြံနိုင်ခြင်းမှာ ကောင်းကင်စားဖိုမှူးဂိုဏ်း၏ သူတော်စင်သားတော်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှပေသည်။
ယခုအခါ၌ ကျုံးရှန် ယူဆောင်လာသော ရှားပါးလှသည့် ပါဝင်ပစ္စည်းများ၏ အကူအညီဖြင့် သူတော်စင်အဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းသွားနိုင်ခဲ့လေသည်။ သူတော်စင်သားတော် ဂျင်ချူရှောင်၏ စိတ်အတွင်း၌ ကျုံးရှန်အပေါ်အံ့ဩမှင်တက်မှုများသာ ကျန်ရှိေနတော့ပြီး အမျက်ဒေါသ လုံးဝ မရှိတော့ပါချေ။
သူသည် ကျုံးရှန်၏ နောက်သို့ လိုက်ပါကာ နေ့စဉ် ချက်ပြုတ်ပေးချင်စိတ်ပင် ပေါ်ပေါက်လာတော့သည်။ အသုံးမကျသောကောင်းကင်စားဖိုမှူးဂိုဏ်းထက် ကျုံးရှန်ကဲ့သို့ အရှိန်အဝါကြီးမားသူ၏ ခြေထောက်ကို ဆုပ်ကိုင်ထားခြင်းက ပို၍ အကျိုးရှိပေလိမ့်မည်။ သူသည် အခွင့်အရေးရသည်နှင့် ကျုံးရှန်နှင့်အတူ လိုက်ပါခွင့်ပြုရန် တောင်းဆိုမည်ဟုပင် ဆုံးဖြတ်လိုက်သည်။
သူတော်စင်သားတော် နိယာမနယ်ပယ်မှ သူတော်စင်အဆင့်သို့ တက်လှမ်းသွားခဲ့သော်လည်း ဖူလင်မင်မှာမူ သိသိသာသာ ပြောင်းလဲမှု မရှိလှ။ သို့သော် သူသည်လည်း ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့ကာ ခန္ဓာကိုယ်အတွင်းရှိ မူလစွမ်းအားများမှာ ပိုမိုအခြေခိုင်မာသွားပြီး သူတော်စင် နောက်တစ်ဆင့်သို့ တက်လှမ်းရန်အတွက်အုတ်မြစ်ချထားနိုင်လိုက်သည်။ သူ၏ စိတ်အတွင်း၌လည်း ကျုံးရှန်နောက်သို့ လိုက်ပါလိုသော အတွေးများ ပေါ်ပေါက်လာသည်။
အချက်အပြုတ်တာအိုဟူသည်မှာ ချက်ပြုတ်ခြင်းမှတစ်ဆင့် တာအိုကို သိမြင်ခြင်းဖြစ်သည်။ အချက်အပြုတ်ပညာတွင် ကျင့်စဉ်နှင့် နည်းစနစ်များအပြင် အရည်အသွေးပြည့်မီ သောအထွတ်အထိပ်ပါဝင်ပစ္စည်းများနှင့်အသုံးအဆောင်များလည်း လိုအပ်လှသည်။ အထူးသဖြင့် ပါဝင်ပစ္စည်းများသည်အလွန်အရေးကြီးပြီး အထွတ်အထိပ် ပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်ခြင်းသည် တာအိုကိုသိမြင်နားလည်ရာတွင် များစွာ အထောက်အကူ ဖြစ်စေ၏။
ယခုအခါတွင် သူတို့နှစ်ဦးစလုံးသည် ချက်ပြုတ်ခြင်းတာအို၏ ဉာဏ်အလင်းပွင့်ခြင်းအတွင်းအပြည့်အဝ နစ်မြောသွားကြကာ မိမိကိုယ်ကိုယ်ပင် မေ့လျော့ပြီး စိတ်ပါလက်ပါ ချက်ပြုတ်နေကြလေသည်။ သို့နှင့်ခဏအကြာတွင် အရသာရှိလှသော ဟင်းလျာများ တစ်ပွဲပြီး တစ်ပွဲ ထွက်ပေါ်လာတော့၏။ ယင်းတို့သည် ခန္ဓာကိုယ်ကို သန်မာစေခြင်း၊ စိတ်ဝိညာဉ်ကို ကြံ့ခိုင်စေခြင်းနှင့် ဝိညာဉ်စွမ်းအားကို တိုးပွားစေခြင်း စသည့် ထူးခြားသော အာနိသင်များ အသီးသီး ရှိကြပေသည်။
ကျုံးရှန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“မဆိုးပါဘူး... ဟင်းလျာတွေကို ငါ သဘောကျတယ်”
ဤဟင်းလျာများ၏ လက်ရာမှာ ဝမ်ရှန်း နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ လက်ရာများထက် များစွာ သာလွန်ပေသည်။ ပါဝင်ပစ္စည်းများအတွင်းရှိ အကျိုးပြုစွမ်းအားများကို အဆပေါင်းများစွာ တိုးပွားစေရုံသာမက အရသာမှာလည်း ကောင်းမွန်လှပေသည်။
ဤဟင်းလျာများသည် ကျုံးရှန်အတွက်မူ ခံတွင်းမြိန်စေရုံသာ ဖြစ်သော်လည်း ဝမ်ရှောင်ယွီအတွက်မူ အနှိုင်းမဲ့သော ကံကြမ္မာတစ်ခုပင် ဖြစ်လေ၏။ ကျုံးရှန်၏ ခွင့်ပြုချက်ကို ရသည်နှင့် ဝမ်ရှောင်ယွီလည်း အားရပါးရ စားသောက်လိုက်သည်။ တစ်လုပ် စားလိုက်တိုင်း သူ၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး ဟင်းလျာများအတွင်းရှိ ဝိညာဉ်စွမ်းအားမှာ များပြားလွန်းလှကာ ဝမ်ရှောင်ယွီအနေဖြင့် ချက်ချင်းမချေဖျက်နိုင်တော့ဘဲ သူ၏ ဝမ်းဗိုက်မှာ ဖောင်းကားလာသည်။
စွမ်းအားအလင်းတန်းများမှာ အရေပြားကို ဖောက်ထွက်မတတ် ဖြစ်လာသော်လည်း သူသည် မရပ်တန့်ဘဲ ဆက်လက် စားသောက်နေဆဲ ဖြစ်သည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက သူသည် စွမ်းအားများ ပြည့်လျှံကာ ပေါက်ကွဲသွားနိုင်ပေသည်။ကျုံးရှန်သည်
ချက်ချင်းပင် လက်ညှိုးဖြင့် ဝမ်ရှောင်ယွီ၏ ဝမ်းဗိုက်ကို ညွှန်ကာ လေထဲ၌ စက်ဝိုင်းတစ်ခု ဆွဲလိုက်၏။ ထိုအခါ ဆန်းကြယ်လှသော အစီအရင်တစ်ခု ပေါ်လာပြီး ဝမ်ရှောင်ယွီ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ဖိသိပ်လိုက်လေသည်။ ဝမ်ရှောင်ယွီတစ်ယောက် မျက်မှောင်အနည်းငယ်ကြုတ်သွားကာ အရောင်အ သွေးစုံလင် ဆေးလုံးသုံးလုံးကို အန်ထုတ်လိုက်ရလေ၏။
ထိုဆေးလုံးများသည် သူ စားလိုက်သော အစားအစာများ၏တာအိုနိယာမများနှင့် အဆီအနှစ်များဖြစ်ကာ ကျုံးရှန်၏ ဆန်းကြယ်လှသော နည်းလမ်းဖြင့် ဆေးလုံးအဖြစ် ပြောင်းလဲခံလိုက်ရလေသည်။
“မင်းကတော့လေ... တကယ့်ကို အငတ်လေးပဲ”
“နိယာမနယ်ပယ် ၁၁ ဆင့်ဖြစ်တဲ့ အရာအားလုံးကို ချေဖျက်နိုင်တဲ့ အဆင့်ကို မရောက်သေးဘဲနဲ့....ဒီလောက်များပြားလှတဲ့ စွမ်းအားတွေကို စားသုံးလို့ မရဘူး”
“ဤဆေးလုံး သုံးလုံးကို သိမ်းထားလိုက်... နောက်ပိုင်း ကျင့်ကြံမှုမှာ အဟန့်အတားနဲ့ တွေ့တဲ့အခါကျရင်ထုတ်စား... အဟန့်အတားတွေကို အလွယ်တကူ... ကျော်ဖြတ်နိုင်လိမ့်မယ်”
ဝမ်ရှောင်ယွီသည် သက်သာသွားသော ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်သည်။
ကျုံးရှန်သည် အေးအေးဆေးဆေးပင် ဟင်းလျာများကို မြည်းစမ်းရင်း ချွမ်ဖူလုံစားသောက်ဆိုင်၏ ဝိုင်အကောင်းစားကို သောက်လိုက်သာလုပ်နေ၏။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးနှင့် မတူညီသော ပုံစံမျိုး ဖြစ်ပြီး ထူးခြားသော အရသာကို ခံစားရသည်။ ဤတစ်ခေါက်ခရီးမှာ ရတနာရှာထွက်ခြင်းထက် အားလပ်ရက် အပန်းဖြေခရီးနှင့်ပင် တူနေလေတော့သည်။
ချွမ်ဖူလုံစားသောက်ဆိုင်အတွင်း၌ စားဖိုမှူး နှစ်ဦးလုံးသည် သုံးရက်နှင့် သုံးညတိုင်အောင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကာ ချက်ပြုတ်နေကြ၏။ ဤတစ်ကြိမ် ချက်ပြုတ်မှုသည် အလွန်ကိုကြာမြင့်လှပေသည်။ သို့သော်လည်း ကျင့်ကြံသူများအတွက်မူ သုံးရက်ဟူသည် သာမန်လူများ၏ စက္ကန့်အနည်းငယ်နှင့်သာ တူပေသည်။ ကျုံးရှန်တစ်ယောက် သုံးရက်တိုင်အောင် အေးအေးဆေးဆေး စားသောက်နေခဲ့ကာ သုံးရက်အကြာတွင် ဟင်းလျာအားလုံး စုံလင်သွားခဲ့ပြီ ဖြစ်၏။ ကျုံးရှန် ပေးအပ်ထားသော ပါဝင်ပစ္စည်းများကို အလေအလွင့် မရှိစေဘဲ အကောင်းဆုံး ဟင်းလျာများအဖြစ် ဖန်တီးခဲ့ကြပေသည်။
ဖူလင်မင်နှင့် သူတော်စင်သားတော်စားဖိုမှူးဂျင်ချူရှောင်တို့သည် ကျုံးရှန်၏ ဘေးနားတွင် ရိုသေစွာ ရပ်နေကြ၏။ ကျုံးရှန်ကြောင့်သူတို့၏ ကျင့်စဥ်အဆင့်များခုန်ပျံတိုးတက်ခဲ့ရာ ကျုံးရှန်သည် သူတို့အတွက် အလွန်ကြီးမြတ်လှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သူတော်စင်အဆင့်သို့ဝင်ရောက်လာခဲ့သည့် သူတော်စင်သားတော်စားဖိုမှူးဂျင်ချူရှောင်သည် ယခုအခါ အလွန်ထူထဲလေးနက်ပြီး ခန့်မှန်းရခက်သော အချက်အပြုတ်တာအို အငွေ့အသက်များဖြင့်လွှမ်းခြုံနေပြီးသူတော်စင် စတုတ္ထအဆင့်ရှိသော ဖူလင်မင်နှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။ သူသည် စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် သူ၏ အမှတ်တံဆိပ် ဖြစ်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသော ယောက်မတစ်ချောင်းကို ကိုင်ဆောင်ထားသည်။
ဤသည်မှာ ကောင်းကင်စားဖိုမှူးဂိုဏ်းက သူ့အား ပေးအပ်ထားသော သူတော်စင်အဆင့် ချက်ပြုတ်ခြင်းရတနာ တစ်ပါး ဖြစ်၏။ ယခုအခါ သူ၏ အရှိန်အဝါမှာ အလွန်ပင် ထက်မြက်လှပြီး ထိုသည်က ပါရမီရှင်တစ်ဦးနှင့်သာမန်ကျင့်ကြံသူတို့အကြားရှိ ကွာခြားချက်ပင် ဖြစ်သည်။ဂျင်ချူရှောင်၏ ပါရမီသည် စားဖိုမှူးကမ္ဘာငယ်မှ ထွက်ခွာနိုင်ပါက နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်သည့် အရည်အချင်း ရှိသော်လည်း ကျုံးရှန်အနေဖြင့် သူ့အပေါ် စိတ်ဝင်စားမှု သိပ်မရှိလှပေ။
ကျင့်ကြံသူတစ်ဦးကို ပျိုးထောင်ရာတွင် ငယ်ရွယ်စဉ်ကတည်းက ပျိုးထောင်ခြင်းက ပို၍ ထိရောက်သည်ဟုဆိုသည့်အတိုင်း ဝမ်ရှောင်ယွီကို ပျိုးထောင်ရန်သာပို၍ စိတ်ဝင်စားလေသည်။
စားသောက်ပြီးနောက် ကျုံးရှန်သည် အထွတ်အထိပ် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို ထားရစ်ခဲ့ကာ ဝမ်ရှောင်ယွီကို ခေါ်ဆောင်ပြီး ထွက်ခွာရန် ပြင်လိုက်၏။ ထိုအခါ သူတော်စင်သားတော်မှာ စိုးရိမ်တကြီးဖြင့် ကောင်းကင်သို့ ပျံတက်လာကာ ကျုံးရှန်၏ ရှေ့မှ ပိတ်ဆို့လိုက်လေသည်။ သူသည် ကျုံးရှန်၏ ရှေ့မှောက်တွင် ရိုသေစွာ ဒူးထောက်လိုက်၏။
“စီနီယာ... စီနီယာက ဘယ်သူလဲဆိုတာ ကျွန်တော် မသိပေမဲ့ စီနီယာရဲ့ စွမ်းအားအပေါ်မှာတော့ ကျွန်တော် အကြွင်းမဲ့ လေးစားမိပါတယ်”
“ကျွန်တော် ဂျင်ချူရှောင်ရဲ့ ဝိညာဉ်နဲ့ ကျိန်ဆိုပါတယ်... ကောင်းကင်စားဖိုမှူးဂိုဏ်းရဲ့ သူတော်စင်သားတော် ဘွဲ့ကို စွန့်လွှတ်ပြီး... ထာဝရ စီနီယာ့ရဲ့ နောက်လိုက်အဖြစ် လိုက်ပါလိုပါတယ်”
သူသည် ပြောပြီးသည်နှင့် မြေကြီးပေါ်သို့ ခေါင်းနှင့် အကြိမ်ကြိမ်ဆောင့်ကာဦးတိုက် နေတော့သည်။ ထိုသည်ကို မြင်သောအခါ ဖူလင်မင်သည်လိုက်ပါလိုစိတ်ဖြစ်မိသော်လည်း ချွမ်ဖူလုံ စားသောက်ဆိုင်ကို နှမြောသဖြင့် မပြတ်သားနိုင်ဘဲ ရှိနေ၏။
ကျုံးရှန်သည် မိမိရှေ့၌ ကြမ်းပြင်နှင့်အကြိမ်ကြိမ်ဦးတိုက်နေသော ဂျင်ချူရှောင်ကို ကြည့်ကာ စဉ်းစားခန်းဝင်နေ၏။ ဤလူသည် ကံကြမ္မာ အလွန် ကောင်းမွန်လှပြီး ဆုံးဖြတ်ချက် ပြတ်သားသူ ဖြစ်သည်။ သူတော်စင်သားတော် ဘွဲ့ကိုပင် စွန့်လွှတ်ရဲသော သူ၏ သတ္တိမှာ ချီးကျူးဖွယ်ကောင်းလှပြီး ကမ္ဘာပေါ်ရှိ သူရဲကောင်းများကြားတွင်ပင် ရှားပါးလှသည်။ သို့သော် ဤကဲ့သို့သော စိတ်ဓာတ်မျိုး ရှိသူသည်
ထိန်းချုပ်ရန် ခက်ခဲတတ်သည်။
သူ့အတွက်အကျိုးမရှိသော အလုပ်ကို ကျုံးရှန် ဘယ်တော့မှ မလုပ်ပေ။
ကျုံးရှန်သည် မျက်လုံးများကို မှေးစင်းကာ ရွှေအဆင့်စားဖိုမှူး ၏ အနာဂတ်ကို တွက်ချက်လိုက်၏။ ထို့နောက် ခဏအကြာတွင် ကျုံးရှန် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
“ကောင်းပြီလေ... လောလောဆယ်တော့ ငါ့နောက်ကို လိုက်ခဲ့ပေါ့”
“ငါတို့နှစ်ယောက်လုံးအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့စွန့်စားခန်းတွေရှိလာနိုင်တာပဲ"