အခန်း (၁၃၉)
Vol. 14 Ch. 139
“ကျေးဇူးတင်ပါတယ် စီနီယာ”
“ကျွန်တော် ဂျင်ချူရှောင်... စီနီယာ့အတွက် အစွမ်းကုန် အလုပ်အကျွေး ပြုပါ့မယ်”
ဂျင်ချူရှောင်သည် ဝမ်းသာသွားပြီး ရိုသေစွာ ပြောဆိုလိုက်သည်။ ထို့နောက် သူသည် ကျုံးရှန်၏ နောက်၌ နေရာယူလိုက်၏။ ကျုံးရှန်သည် ထိုသည်ကို အရေးမစိုက်သော်လည်း သူ၏ နှုတ်ခမ်းထက်တွင်မူ လှောင်ပြုံးတစ်ခု ပေါ်လွင်နေသည်။ ဤ ဂျင်ချူရှောင်သည် အစမှအဆုံးတိုင်အောင် သူ့ကို စီနီယာ ဟုသာ ခေါ်ဆိုနေခဲ့ပြီး နောက်လိုက်တစ်ဦးအဖြစ် ခံယူထားခြင်း မရှိချေ။ သူသည် ဝမ်ရှောင်ယွီကဲ့သို့ မိမိကိုယ်ကိုယ် ကျွန်အဖြစ် သတ်မှတ်ပြီး ကျုံးရှန်ကို သခင်တစ်ယောက်လို ဆက်ဆံသည်မျိုး မဟုတ်ပေ။
စိတ်နှလုံး မဖြောင့်ဖြူးလျှင် လူကို ထိန်းချုပ်ရန် ခက်ခဲတတ်သည်။ သို့သော်လည်း ကျုံးရှန်တွင်လည်း ကိုယ်ပိုင် တွက်ချက်မှုရှိပြီးသား ဖြစ်သည်။ သူသည် ဘာမျှ မဖြစ်ခဲ့သည့်အလား လက်ကို ဝှေ့ယမ်းကာ ဟင်းလင်းပြင်ကို ခွဲလိုက်၏။ ထို့နောက် သူသည် ဖူလင်မင်၏ ခါးကြားမှ ရွှေရောင် တံဆိပ်ပြားတစ်ခုကို ဆွဲယူလိုက်သည်။ ယင်းကို ပိုင်ဆိုင်ထားမှသာ စားဖိုမှူးဘုရင် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ပေသည်။
ဖူလင်မင်၏ မျက်နှာထားမှာ အနည်းငယ် ပျက်သွားသော်လည်း သူသည် မည်သည့်စကားမျှ မပြောဝံ့ဘဲ မျက်နှာတစ်ခုလုံး နီမြန်းနေရုံသာ တတ်နိုင်သည်။ ကျုံးရှန်သည် သူတော်စင်စားဖိုမှူးမြို့တော် တည်ရှိရာနေရာကို အဝေးမှ ခံစားသိရှိလိုက်ပြီးနောက် ဟင်းလင်းပြင်ဥမင်အတွင်းသို့ ဝင်သွားလိုက်သည်။ သူ၏နောက်မှ ဝမ်ရှောင်ယွီနှင့် ဂျင်ချူရှောင်တို့သည်လည်း လိုက်ပါလာကြ၏။
နာရီဝက်ခန့် ကြာပြီးနောက် သူတို့ သုံးဦးသည် ဟင်းလင်းပြင်မှ ပြန်လည် ထွက်ပေါ်လာကြသည်။ သူတို့၏ ရှေ့ မိုင်ပေါင်း သုံးသောင်းခန့်အကွာတွင် ကြီးမားလှသော မြို့ကြီးတစ်မြို့ ခန့်ညားထည်ဝါစွာ တည်ရှိနေ၏။ မြို့အကျယ်အဝန်းမှာ စီချွမ်မြို့ထက် အဆပေါင်း တစ်ထောင်ခန့် ပိုမို ကြီးမားလှလေသည်။ မြို့ပတ်ပတ်လည်တွင် အစီအရင်အတားအဆီး မြောက်မြားစွာ ရေးထွင်းထားသော မြို့ရိုးများဖြင့် ဝန်းရံထားကာ ဖြာထွက်နေသော အလင်းတန်းများသည် မည်သူမျှ ဖောက်ထွင်းနိုင်မည် မဟုတ်သကဲ့သို့ ခံစားရစေသည်။
မြို့တွင်း၌မူ လမ်းများစွာ ယှက်နွယ်နေပြီး သာမန်မျက်စိဖြင့် မြို့၏ အဆုံးသတ်ကိုပင် မမြင်နိုင်လောက်အောင် ကြီးမားလှသည်။ ဤကဲ့သို့သော မြို့ကြီးမှာ လူဦးရေ ဘီလီယံ တစ်ရာခန့်ကိုပင် လက်ခံနိုင်စွမ်း ရှိပေသည်။စားဖိုမှူးကမ္ဘာငယ် ကုန်းမြေတိုက်ကြီး၏ အဓိကမြို့တော်ဖြစ်သည့် သူတော်စင်စားဖိုမှူးမြို့ ဟူသော အမည်နှင့် အမှန်တကယ် ထိုက်တန်လှပေသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ပင် ဤမျှ ကြီးမားသော မြို့တစ်မြို့ကို မြင်တွေ့ရန် ခဲယဉ်းလှ၏။
မြို့လယ်ခေါင်တွင် မည်သည့် အဆောက်အဦးမှ မရှိဘဲ စီချွမ်မြို့အရွယ်အစားအခန့်ရှိသော စက်ဝိုင်းပုံ ရင်ပြင်ကြီးတစ်ခုရှိနေသည်။ ယခုအခါ၌ လူပေါင်းများစွာသည် ထိုနေရာတွင် စုရုံးနေကြပြီး စားပွဲများ၊တဲများဖြင့် ပြည့်နှက်နေ၏။
“အဲဒီ ရင်ပြင်ကတော့ စားဖိုမှူးဘုရင် ပြိုင်ပွဲကြီး ကျင်းပမယ့် နေရာပါ”
“မြို့အပြင်ဘက်မှာ အစွမ်းထက်တဲ့ တားမြစ်အစီအရင်တွေ ရှိနေပြီး နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေတောင် အလွယ်တကူ မကျော်ဖြတ်နိုင်ပါဘူး”
“စီနီယာက မြို့တံခါးကနေ ဝင်ရောက်ပြီး စားဖိုမှူးဘုရင် အမိန့်တော်စာကို ပြသလိုက်ရုံပါပဲ... ဒါဆိုရင် တာဝန်ခံတွေက ကျွန်တော်တို့ကို မြို့လယ်အထိ ပို့ဆောင်ပေးပါလိမ့်မယ်”
သူတော်စင်စားဖိုမှူးမြို့တော်သည် ကောင်းကင်စားဖိုမှူးဂိုဏ်း၏ ဌာနချုပ် ဖြစ်သဖြင့် ဂျင်ချူရှောင်သည် အရာအားလုံးကို ကောင်းစွာ သိရှိနေသည်။ ကျုံးရှန် ဤနေရာသို့ လာရခြင်းမှာ စားဖိုမှူးဘုရင် ပြိုင်ပွဲကြီး ဝင်ပြိုင်ရန် ဖြစ်ကြောင်း သူ သိရှိပြီး ဖြစ်သည်။ ထို့ကြောင့် အလျင်အမြန် ရှင်းပြပေးနေခြင်းပေ။
ကျုံးရှန်သည် ငြိမ်သက်စွာ နားထောင်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကောင်းကင်ယံတွင် လက်ဖြင့် ဝေ့ယမ်းကာ လူသုံးယောက် ဝင်ဆံ့သော စက်ဝိုင်းပုံ လမ်းကြောင်းတစ်ခုကို ရေးဆွဲလိုက်ပြီး သူတို့နှစ်ဦးကို ခေါ်ဆောင်လျက် မြို့လယ်ခေါင်သို့ တိုက်ရိုက် သွားလိုက်သည်။
“ဒီ တားမြစ်အစီအရင်က မဆိုးပါဘူး... ဒါပေမဲ့ နည်းနည်းတော့ လိုနေသေးတယ်”
ကျုံးရှန်က ပေါ့ပေါ့ပါးပါးပင် မှတ်ချက်ပြုလိုက်ရာ ဂျင်ချူရှောင်မှာ အနည်းငယ် အနေခက်သွားသော်လည်း အလျင်အမြန်ပင် ခေါင်းညိတ် ထောက်ခံလိုက်ရလေသည်။ ပြိုင်ပွဲသည် တရားဝင် မစတင်သေးသော်လည်း ပြင်ဆင်မှုများ ပြုလုပ်နေကြပေသည်။ သူတို့ ပေါ်လာသည်နှင့် ကင်းလှည့်နေသော ကောင်းကင် စားဖိုမှူးဂိုဏ်းမှအကြီးအကဲများက ချက်ချင်း သတိပြုမိသွားရာ ဂျင်ချူရှောင်ကို မြင်သောအခါ အံ့ဩသွားကြလေသည်။
“သူတော်စင်သားတော်က ဒီတစ်ခေါက် ပြိုင်ပွဲကို ဝင်မပြိုင်ဘူးလို့ ပြောထားတာ မဟုတ်လား...”
“မနေ့ကမှ စီချွမ်နယ်မြေကို လေ့ကျင့်ဖို့ သွားတာလေ...”
“အရှိန်အဝါကတော့ သူ အစစ်ပါပဲ”
“ဒါပေမဲ့ ဟို သူစိမ်းနှစ်ယောက်က ဘယ်သူတွေလဲ”
“ဒါ...”
နိယာမနယ်ပယ် ၂၂ ဆင့်ရှိသော အကြီးအကဲတစ်ဦးသည် ကျုံးရှန်၏ ရှေ့သို့ ရောက်လာပြီး ဂျင်ချူရှောင်ကို ဦးညွှတ်အရိုအသေပြုလိုက်သည်။
“သူတော်စင်သားတော်... ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ”
“ဒီနှစ်ယောက်ကရော ဘယ်သူတွေလဲ”
ဂျင်ချူရှောင်သည် ကျုံးရှန်ကို တစ်ချက် ခိုးကြည့်လိုက်သော်လည်း ကျုံးရှန်က စကားပြောလိုပုံ မရသဖြင့် ရှေ့သို့ လှမ်းကာ သူတော်စင်သားတော်တစ်ပါး၏မာန်အပြည့်ဖြင့်ပြောဆိုလိုက်လေသည်။
“ငါစိတ်ပြောင်းသွားပြီး... စားဖိုမှူးဘုရင် ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ပြန်လာတာ..."
"ဒီနှစ်ယောက်က ငါ့ရဲ့ မိတ်ဆွေတွေပဲ... သူတို့မှာ စားဖိုမှူးဘုရင် အမိန့်တော်တံဆိပ်ပြား ရှိပြီး အဖွဲ့လိုက်ဝင်ပြိုင်မလို့လေ..."
သူ၏ လေသံမှာ မည်သူမျှ မငြင်းဆန်ဝံ့လောက်အောင် တင်းမာလှသည်။ ရုတ်တရက် ပြန်ရောက်လာသည့် ကိစ္စကို လုံးဝ ထည့်မပြောခဲ့ပေ။ ချွမ်ဖူလုံ စားသောက်ဆိုင်တွင် ကောင်းကင်စားဖိုမှူးဂိုဏ်းမှ နုတ်ထွက်ကြောင်း ပြောခဲ့သည့် ကိစ္စမှာလည်း အချိန်တိုအတွင်း ဤနေရာသို့ သတင်းရောက်လာဦးမည်မဟုတ်ရာ သူသည် ကြောက်ရွံ့ခြင်း မရှိဘဲ ရဲတင်းနေခြင်း ဖြစ်သည်။ အကြီးအကဲနှစ်ဦးမျက်မှောင်ကြုတ်သွားလေသည်။
သို့သော်လည်းဂိုဏ်းချုပ်အောက်တွင် သူတော်စင်သားတော်သည် အမြင့်ဆုံးရာထူး ရှိသူဖြစ်ပြီး သူတော်စင်သားတော်၏ စကားများသည် အနည်းငယ် ထူးဆန်းနေသော်လည်း အမှားအယွင်း မရှိပေ။ ဂိုဏ်းအတွင်းအဆင့်အတန်းမြင့်သူကပြောဆိုပိုင်ခွင့်အပြည့်ရှိသည်ဖြစ်ရာ အကြီးအကဲနှစ်ဦးသည် မတတ်သာဘဲ ခေါင်းညိတ်လိုက်ရ၏။ထို့နောက် ကျုံးရှန်တို့၏ စားဖိုမှူးဘုရင် အမိန့်တော်တံဆိပ်ပြားကို စစ်ဆေးပြီးနောက် စာရင်းသွင်းပေးလိုက်သည်။
ပြိုင်ပွဲသည် ငါးရက်အကြာတွင် စတင်မည် ဖြစ်၏။ စုစုပေါင်း သုံးဆင့် ရှိမည်ဖြစ်ပြီး ပါဝင်ပစ္စည်းများနှင့် အသုံးအဆောင်များကို ကိုယ်တိုင် ပြင်ဆင်ရမည် ဖြစ်သည်။ အဖွဲ့လိုက် ယှဉ်ပြိုင်ခွင့် ရှိသော်လည်း ဆုလာဘ်ကိုမူ အသင်းခေါင်းဆောင်ကသာ ရယူခွင့် ရှိသည်။ ကျန်ရှိနေသော ငါးရက်သည် ပြိုင်ပွဲဝင်များအတွက် နောက်ဆုံး ပြင်ဆင်ချိန်နှင့် စာရင်းပေးသွင်းချိန် ဖြစ်သည်။သို့သော်လည်း ချွမ်ဖူလုံ စားသောက်ဆိုင်ကဲ့သို့ အခြား အချက်အပြုတ်အင်အားစုများစွာမှ လူများသည်ပင်မရောက်ရှိသေးပေ။
စားဖိုမှူးကမ္ဘာငယ်သည် သိပ်မကြီးမားလှရာ သူတော်စင်အဆင့် ကျွမ်းကျင်သူများအနေဖြင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ပျံသန်းလာပါက ကျုံးရှန်လောက် မမြန်ဆန်သော်လည်း တစ်ရက်အတွင်း ကုန်းမြေတိုက်ကြီး၏ အစွန်အဖျားဆုံး နေရာမှ သူတော်စင်စားဖိုမှူးမြို့တော်သို့ ရောက်ရှိနိုင် သောကြောင့်ဖြစ်သည်။ဤကျန်ရှိသောငါးရက်တာ အချိန်သည် လုံလောက်မှု ရှိသည်။
စာရင်းသွင်းပြီးနောက် ကျုံးရှန်သည် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ ထို့နောက်ပြိုင်ပွဲကွင်း၏ အခြေအနေကို စောင့်ကြည့်ရန် စိတ်အာရုံတစ်ခုချန်ထားခဲ့ကာ ဂျင်ချူရှောင်နှင့် ဝမ်ရှောင်ယွီတို့နှစ်ဦးကို ခေါ်ဆောင်ကာ ထွက်ခွာလာခဲ့သည်။
စားဖိုမှူးဘုရင် ပြိုင်ပွဲသည် စားဖိုမှူးကမ္ဘာငယ် ကုန်းမြေတိုက်ကြီး၏ ရှားပါးသော ပွဲတော်ဖြစ်ပြီး စားဖိုမှူးဘိုးဘေး၏ သဲလွန်စများ ဖုံးကွယ်တည်ရှိနေသော နေရာလည်းဖြစ်သည်။ သို့ဖြစ်ရာစားဖိုမှူးကမ္ဘာငယ်သို့ ဝင်ရောက်လာကြသော ပါရမီရှင်လူငယ်များအနေနှင့် ဤအခွင့်အရေးကို သေချာပေါက် လက်လွတ်ခံကြမည် မဟုတ်ပေ။
ဤနေရာကို စောင့်ကြည့်ထားပြီး ပြိုင်ပွဲကို ထိန်းချုပ်ထားနိုင်ပါက ဤတစ်ကြိမ်၏ အစပျိုးမှုကို ဆုပ်ကိုင်ထားနိုင်ပြီဟု ဆိုနိုင်မည်။
သူတော်စင်စားဖိုမှူးမြို့တော်တွင် တည်းခိုခန်းများ အလွန် များပြားလှ၏။ကျုံးရှန်သည် မြို့လယ်ခေါင်နှင့် အနီးဆုံး တည်းခိုခန်းတစ်ခုကို ရွေးချယ်လိုက်ကာ ဤနေရာကို ယာယီတည်းခိုခန်းအဖြစ် သတ်မှတ်လိုက်သည်။ ထို့နောက် ပါဝင်ပစ္စည်းများ ပြင်ဆင်ရန်သော်လည်းကောင်း၊ အစီအစဉ်များ ပြောပြရန်သော်လည်းကောင်း ရည်ရွယ်ချက်မရှိဘဲဈေးကြီးပေးရသော အခန်းတစ်ခန်းစီ ယူကာ ကိုယ်စီ အနားယူလိုက်ကြသည်။
သူတို့ သုံးဦးအနက် ကျင့်ကြံမှု အနိမ့်ဆုံးဖြစ်သော ဝမ်ရှောင်ယွီပင် သုံးလခန့် အိပ်စရာမလိုဘဲ နေနိုင်သည်ဖြစ်ရာ အနားယူခြင်းမှာ တစ်ဦးတည်း သီးသန့်နေခြင်းသာ ဖြစ်ပေသည်။
ကျုံးရှန်၏ စိတ်ထဲတွင် ဘာတွေ တွေးနေသည်ကို ဂျင်ချူရှောင်တစ်ယောက်မည်သို့မျှ ခန့်မှန်း၍ မရနိုင်ရာ သူ၏ အခန်းထဲ၌သာ သက်ပြင်းချနေမိ၏။ သူ၏ ပါရမီမှာ ရွှေယောင်းမတစ်ခုတည်း မဟုတ်ပေ။ သူသည် နိယာမနယ်ပယ်သို့ စတင် ဝင်ရောက်စဉ်ကတည်းက ဤကမ္ဘာ၏ နိယာမများကို ခံစားသိရှိနေခဲ့ပြီး မိမိနေထိုင်ရာကမ္ဘာ၏ အပြင်ဘက်၌ အတိုင်းအဆမရှိ ကြီးမားသော ကမ္ဘာကြီးတစ်ခု ရှိနေသည်ကိုသိရှိထားလေသည်။
မကြာသေးမီက သူသည် အန္တရာယ် အငွေ့အသက်အချို့ကို ခံစားနေရပြီး အပြင်ဘက်ကမ္ဘာ၌ သူနှင့် အရှိန်အဝါချင်း တူညီသော တည်ရှိမှုတစ်ခု ရှိနေသည်ကို ခံစားလိုက်ရသည်။ထိုအချက်က သူ့ကို စိုးရိမ်ပူပန်စေခဲ့ပြီး မူလက အဓိက ဟင်းလျာရှစ်မျိုးကို ပြည့်စုံအောင် ကျင့်ကြံပြီး သူတော်စင်အဆင့်သို့ တက်လှမ်းရန်မှန်းထားခဲ့သော သူ၏ရည်ရွယ်ချက်ပင်မရေမရာဖြစ်နေခဲ့၏။ ထိုအချိန်တွင် မမျှော်လင့်ဘဲ လျှို့ဝှက်ဆန်းကြယ်သော
အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။
ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေပြီး အနာဂတ်အတွက် ပထမဆုံးအကြိမ်အဖြစ် လမ်းပျောက်နေသကဲ့သို့ ခံစားနေရသည်။