← Chapters

အခန်း (၁၄၀)

Vol. 14 Ch. 140

အခန်း (၁၄၀)

Vol. 14 Ch. 140

နတ်ဘုရားတို့၏ မျက်နှာသာပေးမှုကို ခံရသော ပါရမီရှင်တို့သည် ကောင်းကင်နှင့် မြေကြီး၏ ကံတရားကို ပိုင်ဆိုင်ထားကြစမြဲ ဖြစ်ပေသည်။ ထိုသူတို့သည် လောကအတွင်းရှိ အရာခပ်သိမ်းကို အာရုံခံနိုင်စွမ်း ရှိကြ၏။ ဂျင်ချူရှောင်မှာမူ ထိုပါရမီရှင်များထဲတွင်မှ ပို၍ ထူးကဲသော သူတစ်ဦး ဖြစ်ပေသည်။ သူသည် ဤကမ္ဘာငယ်၏ နိယာမ အနားသတ်များကိုပင် ရှင်းလင်းစွာ ခံစားသိရှိနိုင်စွမ်း ရှိပေသည်။

အမှန်စင်စစ်တွင် ဤကဲ့သို့သော ကံတရားမျိုးကို စားဖိုမှူးကမ္ဘာငယ်၏ အမွေအနှစ် ဆက်ခံသူကသာ ပိုင်ဆိုင်ခွင့် ရှိသည်ဖြစ်၏။ ပုံမှန်အားဖြင့် ထိုအမွေအနှစ် ဆက်ခံသူများသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေကဲ့သို့သော အခြေခံကျသည့် ကမ္ဘာကြီးများတွင်သာ မွေးဖွားလာတတ်ကြပေသည်။ ယခုတစ်ကြိမ် စားဖိုမှူးကမ္ဘာငယ်၏ ဝင်ပေါက် ဝမ်ရှန့်နတ်ဘုရားကုန်းမြေ၌ ပေါ်ထွက်လာခြင်းမှာ ပြင်ပလောကတွင် အမွေအနှစ်ဆက်ခံသူတစ်ဦး ပေါ်ထွက်လာခဲ့ပြီဖြစ်ကြောင်း ဖော်ပြနေ၏။

သို့ဖြစ်ရာစားဖိုမှူးကမ္ဘာငယ်အတွင်း၌ ရှိနေသောဂျင်ချူရှောင်သည် ထူးဆန်းသော ဖြစ်တည်မှုတစ်ခု သို့မဟုတ် လွဲချော်နေသော ကံကြမ္မာတစ်ခုပင် ဖြစ်လေသည်။ အမွေအနှစ် ဆက်ခံရမည့် နေရာတစ်ခုတွင် ဆက်ခံသူ နှစ်ဦးကို တစ်ပြိုင်နက်တည်း အမွေပေးရန် လောကနိယာမက ခွင့်ပြုမည် မဟုတ်။ ပြင်ပမှ ရောက်ရှိလာမည့် အမွေအနှစ် ဆက်ခံသူနှင့် ဂျင်ချူရှောင်တို့အကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု သေချာပေါက် ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်တော့သည်။ဂျင်ချူရှောင်သည်လည်း ထိုသည်ကို သူ၏ စိတ်အတွင်း၌ ကောင်းစွာ သိရှိနားလည်ထား ရာ ကျုံးရှန် ပေါ်ထွက်လာခြင်းမှာ သူ၏ ကံကြမ္မာအတွက် ကြီးမားသော ကိန်းရှင်တစ်ခု ဖြစ်လာသည်။ ထို့ကြောင့်ပင် မည်မျှပင် သိက္ခာကျရသည်ဖြစ်ပါစေ ကျုံးရှန်၏ နောက်သို့ မရမက လိုက်ပါရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

ဂျင်ချူရှောင်၏ စိတ်ရှုပ်ထွေးမှုများနှင့် ယှဉ်လျှင် ဝမ်ရှောင်ယွီ၏ စိတ်အခြေအနေသည် ပိုမို တည်ငြိမ်နေသည်။ သူသည် မူလက ချွမ်ဖူလုံ စားသောက်ဆိုင်မှ သာမန် စားပွဲထိုးတစ်ဦးသာ ဖြစ်ခဲ့သည်။ နေ့တိုင်း ဆိုင်တွင် အလုပ်ရှုပ်နေရပြီး ဧည့်သည်များကို ကြိုဆိုဧည့်ခံရသည်ဖြစ်ရာ ထပ်တလဲလဲ ဖြစ်နေသော ဘဝတွင် အနာဂတ်ဟူ၍ မရှိခဲ့ပေ။ ကျုံးရှန်၏ နောက်သို့ လိုက်ပါခွင့်ရခြင်းမှာ သူ၏ ဘဝအတွက် ကြီးမားသော ကံကောင်းခြင်းတစ်ခုပင် ဖြစ်သည်။ သူ၏ စိတ်ထဲတွင် အနာဂတ်အတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့ပြီဖြစ်၏။

ယခုအချိန်တွင် တည်းခိုခန်းအတွင်း၌ တင်ပလ္လင်ခွေ ထိုင်နေရင်း သူ့ရှေ့မှောက်ရှိ ဟောင်းနွမ်းနေသော စာအုပ်ငယ်လေးတစ်အုပ်အပေါ် အာရုံအပြည့် စိုက်ထားလေသည်။

"အချက်အပြုတ်တာအိုကျမ်း"

"ဒီကျင့်စဉ်က တကယ် ထူးခြားတာပဲ... အဓိက ဟင်းလျာရှစ်မျိုးကို အခြေခံကနေ ပြန်လည်ခွဲခြမ်းစိတ်ဖြာထားတယ်"

"အချက်အပြုတ် တာအိုအားလုံးရဲ့ အခြေခံ...မြစ်ဖျားခံရာလို့တောင်ပြောလို့ရတယ်...”

ဤကျင့်စဉ် စာအုပ်မှာ ကျုံးရှန်က လက်ဆောင်အဖြစ်ပေးခဲ့သော အချက်အပြုတ်တာအို ကျင့်စဉ်စာအုပ် ဖြစ်သည်။ သူ့အားနေသည့်အချိန်တွင်ကိုယ်တိုင်လေ့လာရန် ပေးအပ်ထားခြင်းပင်ဖြစ်၏။ ဝမ်ရှောင်ယွီတွင် ပါရမီ ရှိသော်လည်း ကျင့်ကြံသည့် သက်တမ်းမှာ တိုတောင်းလှသဖြင့် သူ၏ အခြေခံမှာ အားနည်းနေဆဲ ဖြစ်ပြီး အခြေခံခိုင်မာအောင် ပြုလုပ်ရန် အချိန်လိုအပ်လှသည်။

ဤ အချက်အပြုတ်တာအိုကျမ်းမှာ စားဖိုမှူးသူတော်စင်တစ်ယောက် သူတော်စင်အဆင့်မတက်မီက ရေးသားခဲ့သော ကျမ်းတစ်စောင် ဖြစ်ပြီး ကျမ်းစာအတွင်း၌ နိယာမနယ်ပယ် ၁ ဆင့်မှ ၂၈ ဆင့်အထိ အဆင့်တိုင်း၏ သိမြင်နားလည်မှုများကို မှတ်တမ်းတင်ထားလေသည်။ သို့ဖြစ်ရာ ဝမ်ရှောင်ယွီကဲ့သို့သော ကျင့်ကြံသူအတွက် အလွန်ပင် သင့်တော်လှ၏။ အချက်အပြုတ် နည်းစနစ်များကိုမူ စားဖိုမှူးကမ္ဘာငယ်မှ ထွက်ခွာပြီး နောက်မှ သင်ကြားလျှင်လည်း နောက်ကျမည် မဟုတ်ပေ။

ကျုံးရှန်သည် သူ၏ စိတ်အာရုံကို နူးညံ့ ဝိညာဉ်မျှင်တန်းများအဖြစ် ပြောင်းလဲကာ သူတော်စင်စားဖိုမှူးမြို့တော် တစ်ခုလုံးသို့ ဖြန့်ကျက်ထားလိုက်ပြီး မြို့အတွင်းရှိ အခြေအနေမှန်သမျှကို တည်ငြိမ်စွာ စောင့်ဆိုင်းနေပေသည်။ နေ့ဝက်ခန့် ကြာပြီးနောက် သူတော်စင်စားဖိုမှူးမြို့တော်ထဲတွင် စားဖိုမှူးဘုရင် အမိန့်တော်တံဆိပ်ပြား ကိုင်ဆောင်ထားသော လူများ စတင် ပေါ်ထွက်လာကြကာ ထိုအထဲတွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေမှ အင်အားစုများစွာ ပါဝင်နေသည်ကို ကျုံးရှန် သတိပြုမိလိုက်၏။ စားဖိုမှူးကမ္ဘာငယ်အတွင်းရှိ သဲလွန်စများကို ရှာဖွေရာတွင် ထိုသူတို့သည် ကျုံးရှန် ထင်ထားသည်ထက် ပို၍ လျင်မြန်နေကြပေသည်။ သို့သော်လည်း ထိုသူတို့သည် ကျုံးရှန်အတွက် အရေးမကြီးလှ။ သူသည် အခြားအရာကို စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။

၃ရက်မြောက်နေ့။

မြို့ထဲရှိ ပြိုင်ပွဲဝင်ရင်ပြင်သည် ယခင်ရက်များထက် များစွာ စည်ကားသိုက်မြိုက်လာပြီး ကောင်းကင်စားဖိုမှူးဂိုဏ်းမှ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲအရေအတွက်လည်း နှစ်ဆတိုးလာသည်။ သို့‌သော်ထူးဆန်းသည်မှာ ဂျင်ချူရှောင်သည် ကောင်းကင်စားဖိုမှူးဂိုဏ်း၏ သူတော်စင်သားတော် ဖြစ်ပြီး သူတော်စင်စားဖိုမှူးမြို့တော်သို့ ရုတ်တရက် ပြန်ရောက်လာကာ သူစိမ်းနှစ်ယောက်နှင့်အတူ ပြိုင်ပွဲဝင်ရောက်နေသည့်တိုင်

ကောင်းကင်စားဖိုမှူးဂိုဏ်းမှ သူ့အား လာရောက်ရှာဖွေခြင်း မရှိပေ။ အလွန် သံသယ ဖြစ်ဖွယ် ကောင်းလှ၏။

ဂျင်ချူရှောင်၏သူတော်စင်သားတော်အဆင့်အတန်းသည် ဂိုဏ်းအတွင်း အလွန်အရေးပါသည်မှာ ယုံမှားသံသယ ဖြစ်စရာ မလိုပေ။ ယခုမူ လစ်လျူရှုခံထားရပုံ ပေါ်သည်။ ဤကိစ္စ၏ နောက်ကွယ်တွင် မရေရာသောအကြောင်းရင်းများ ရှိနေမည်မှာသေချာလှသည်။

၅ရက်မြောက်နေ့။

စားဖိုမှူးဘုရင် ပြိုင်ပွဲ ပထမအဆင့် စတင်ရန် သုံးနာရီသာ လိုတော့၏။ ယခုအချိန်တွင် ပြိုင်ပွဲဝင် စာရင်းပေးသွင်းခြင်းကို ပိတ်သိမ်းလိုက်ပြီ ဖြစ်သည်။ ကောင်းကင်စားဖိုမှူးဂိုဏ်းသည် ကွင်းပြင်အတွင်း၌ တိမ်တိုက်များအထိ မြင့်မားလှသော အထိမ်းအမှတ် မုခ်ဦးကြီးများကို တည်ဆောက်ထားကာ စားဖိုမှူး ဟူသော စာလုံး ရေးထွင်းထားသည့် အလံကြီးများသည် လေထဲ၌ တဖျတ်ဖျတ် လွင့်ပျံနေကြ၏။

သောင်းနှင့်ချီသော ပြိုင်ပွဲဝင်နေရာများတွင် အသင်းလိုက်ယှဉ်ပြိုင်သူများဖြင့် လူတိုင်း အလုပ်ရှုပ်နေကြသည်။ ဂျင်ချူရှောင်တစ်ယောက် စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ ချွမ်ဖူလုံ စားသောက်ဆိုင်တွင် ဂိုဏ်းမှ နုတ်ထွက်ကြောင်းနှင့် သူတော်စင်သားတော် ရာထူးကို စွန့်လွှတ်ကြောင်း ကြေညာခဲ့သည့် သတင်းသည် ဤနေရာသို့ရောက်ရှိလာ နိုင် သောကြောင့်ဖြစ်သည်။ ထိုစဉ်က ချွမ်ဖူလုံ၌ ရှိနေသူအားလုံးကို လက်စဖျောက်မထားခဲ့မိသည်ကို သူ နောင်တရနေ၏။

ဤမျှ ကြီးကျယ်လှသော ပွဲတော်တွင် အမိန့်တော်တံဆိပ်ပြား ကိုင်ဆောင်ထားသူတိုင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသဖြင့် ဂိုဏ်းအနေဖြင့် တားဆီးလိမ့်မည် မဟုတ်သော်လည်း ပွဲပြီးသွားသောအခါ၌မူသေချာပေါက် စာရင်းရှင်းလင်းပေလိမ့်မည်။ ကောင်းကင်စားဖိုမှူးဂိုဏ်းသည် သူ့ကို သူတော်စင်သားတော်အဖြစ် ပြုစုပျိုးထောင်ရန် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ခဲ့ရသည်။ နုတ်ထွက်ပါသည်ဟု စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် ပြီးသွားမည့် ကိစ္စ မဟုတ်ပေ။ဂျင်ချူရှောင်သည် ထိုသည်ကို တွေးတောရင်း စိတ်အာရုံဖြင့် အကဲခတ်နေလေ၏။

ပြိုင်ပွဲ စတင်ရန် အချိန်နီးကပ်လာသည်နှင့်အမျှ တည်းခိုခန်းအတွင်းရှိ ကျုံးရှန်နှင့် ဂျင်ချူရှောင်တို့၏ မျက်လုံးများ တစ်ပြိုင်နက်တည်း လှုပ်ရှားသွားကြလေသည်။

ကွင်းပြင်အတွင်းသို့ လူငယ်တစ်ဦး ဝင်ရောက်လာ ၏။ ထိုလူငယ်သည် မာနထောင်လွှားသော အပြုံးတစ်ခုဖြင့် ပါးစပ်တွင် ဂျုံရိုးလေးတစ်ခုကို ကိုက်ထားသည်။ သူ၏ ဦးထုပ်ပေါ်တွင် စားသုံးခြင်း ဟူသော စာလုံးကို ရေးထွင်းထား၏။ သူသည် ဘေးပတ်ဝန်းကျင်မှ အလုပ်ရှုပ်နေသော ပြိုင်ပွဲဝင်များကို အရေးမစိုက်သည့်အလား ကြည့်ရှုရင်း အလွန်ပင် ပေါ့ပါးနေပေသည်။

ထိုစဉ် ကောင်းကင်ယံမှ စားဖိုမှူးဝတ်ရုံဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် ဆင်းသက်လာပြီး ပြင်းထန်လှသော သူတော်စင် အရှိန်အဝါများမှာ ကွင်းပြင်တစ်ခုလုံးကို လွှမ်းမိုးသွား၏။

သူတော်စင်အဆင့် ၉ အမြင့်မြတ်ဆုံး သူတော်စင်။

စားဖိုမှူးကမ္ဘာငယ်၏ လက်ရှိ နိယာမများအောက်တွင် ဤအဆင့်မှာ အစွမ်းထက်ဆုံးသော အထွတ်အထိပ် အဆင့်ပင် ဖြစ်သည်။

ဤပုဂ္ဂိုလ်ကြီးမှာ စားဖိုမှူးကမ္ဘာငယ်တွင် အလွန် ကျော်ကြားလှသော ထျန်းချူပေါင်ကျွင်း ပင် ဖြစ်သည်။ သူသည် ကောင်းကင်စားဖိုမှူးဂိုဏ်း၏ အစွမ်းထက်ဆုံးသော အကြီးအကဲကြီးဖြစ်ပြီး ဂိုဏ်းကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ နှစ်ပေါင်း သန်းနှင့်ချီ၍ သက်ရှင်နေထိုင်ခဲ့ပြီး ကမ္ဘာကြီး၏ အပြောင်းအလဲများကို မျက်မြင်တွေ့ခဲ့သူ ဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာကြာအောင် လောကမှ ကွယ်ပျောက်နေခဲ့ပြီးမှ ယခုရုတ်တရက်ပေါ်ထွက်လာရာ လူအများကို အလွန်ပင် အံ့အားသင့်စေလေသည်။

ထျန်းချူပေါင်ကျွင်းသည် စင်မြင့်ထက်တွင် နေရာယူလိုက်လျှင် သူ၏ အရှိန်အဝါမှာတစ်မြို့လုံးကိုလွှမ်းမိုးသွား၏။ မြို့တစ်ခုလုံးတိတ်ဆိတ်သွားလေသည်။

ဒီနေ့... ငါ ဒီကို ထွက်လာရတာက သတင်းနှစ်ခု ကြေညာဖို့ပဲ”

“ပထမသတင်းကတော့... ကောင်းကင်စားဖိုမှူးဂိုဏ်းရဲ့ သူတော်စင်သားတော်ဟောင်း ဂျင်ချူရှောင် ဟာ ဂိုဏ်းကို သစ္စာဖောက်ခဲ့တဲ့အတွက် သူ့ရဲ့ သူတော်စင်သားတော် ရာထူးကို ရုပ်သိမ်းလိုက်ပြီ... စားဖိုမှူးဘုရင် ပြိုင်ပွဲပြီးတာနဲ့ စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်က သူ့ကို ကိုယ်တိုင် ဖမ်းဆီးအရေးယူလိမ့်မယ်”

ပြောပြီးသည်နှင့် ထျန်းချူပေါင်ကျွင်းသည် အောက်ဘက်ရှိ ဂျုံရိုးကိုက်ထားသော လူငယ်လေးဘက်သို့ လက်ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ယံတွင် တိမ်တိုက်များ စုဝေးလာပြီး ထိုလူငယ်၏ ခြေရင်းတွင် ပေါ်ထွက်လာကာ သူ့ကို စင်မြင့်ထက်သို့ ပို့‌ ဆောင်ပေးလိုက်သည်။

“ဒုတိယ သတင်းက... ကောင်းကင်စားဖိုမှူးဂိုဏ်းရဲ့ သူတော်စင်သားတော်အသစ်ပေါ်ထွန်းလာခဲ့ပြီး... ငါ့ဘေးမှာ ရှိနေတဲ့ ဒီပါရမီရှင် လူငယ်လေး ရှီဝေထျန်းပဲ”

“ဒီနေ့ကစပြီး ရှီဝေထျန်းဟာ ကောင်းကင်စားဖိုမှူးဂိုဏ်းရဲ့ သူတော်စင်သားတော် ဖြစ်ပြီး... အနှိုင်းမဲ့အာဏာကို ပိုင်ဆိုင်စေရမယ်...”

ကြေညာချက်အပြီးတွင် ရှီဝေထျန်း ဟု အမည်ရသော လူငယ်သည် ကျုံးရှန်တို့ ရှိနေသည့် တည်းခိုခန်းဘက်သို့ လှောင်ပြုံးဖြင့် ကြည့်လိုက်သည်။ သူ၏ မျက်လုံးများအတွင်း၌ ဆန်းကြယ်သော အလင်းတန်းများ ဖြာထွက်နေ၏။

တည်းခိုခန်းထဲရှိ ဂျင်ချူရှောင်သည် ထိုအကြည့်ကို ရင်ဆိုင်ရင်း သူ၏ လက်သီးကိုတင်းတင်းဆုပ်ထားလိုက်မိသည်။

All Chapters