အခန်း (၁၃၂)
Vol. 14 Ch. 132
ထို့အတွက်ကြောင့် စားဖိုးမှူးနယ်မြေအတွင်းသို့ ဝင်ရောက်လိုပါလျှင် အချိန်ကို အမိအရ ဆုပ်ကိုင်ရန် လိုအပ်နေသဖြင့် ကျုံးရှန်သည် သူ၏ စိတ်အာရုံကို လှုပ်ရှားလိုက်ကာ သူတော်စင်အလင်း ရွှေရောင်စစ်သင်္ဘောကို စားဖိုမှူးကမ္ဘာငယ်၏ နယ်မြေဝင်ပေါက်အတွင်းသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်တိုးဝင်လိုက်သည်။
စစ်သင်္ဘောသည် ဝင်ပေါက်ရှိလမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားသည်နှင့် ပတ်ဝန်းကျင်၌ ရောင်စုံအလင်းတန်းများ တဖျတ်ဖျတ် လက်လာပြီး ထူးခြားဆန်းပြားသော ပုံရိပ်အမျိုးမျိုးမှာ ပြတင်းပေါက်မှ မြင်ရသော မြင်ကွင်းများကဲ့သို့ တစ်ခုပြီးတစ်ခု ကျော်ဖြတ်သွားလေသည်။
ထိုအထဲတွင် စည်ကားသိုက်မြိုက်နေသော ဈေးတန်းများ၊ လူစည်ကားနေသော အရက်ဆိုင်များနှင့် စားသောက်ဆိုင်အမျိုးမျိုး၏ ပုံရိပ်များ ပါဝင်နေသည်။ ဤစားဖိုမှူးကမ္ဘာငယ်တွင် အချက်အပြုတ်ပညာရပ်သည် အလွန်တရာ ဖွံ့ဖြိုးတိုးတက်နေကြောင်း ထင်ရှားလှပေသည်။ ပုံရိပ်အားလုံးမှာ ပျောက်ကွယ်သွားပြီးနောက် နယ်မြေတွင်းရှိ အဆုံးမရှိသော စွမ်းအားများသည် စစ်သင်္ဘောပေါ်သို့ ဖြတ်သန်းစီးဆင်းသွားသည်။
နောက်တစ်စက္ကန့်တွင် စစ်သင်္ဘောသည် စကြဝဠာဟင်းလင်းပြင်၏ တစ်နေရာ၌ ပေါ်ထွက်လာခဲ့သည်။ သို့သော် သင်္ဘောဦးတွင် ကျုံးရှန်တစ်ဦးတည်းသာ ရပ်ကျန်ရစ်ခဲ့၏။ ကျန်ရှိသောသူအားလုံးမှာ နယ်မြေ၏ နိယာမစွမ်းအားများကြောင့် စားဖိုမှူးကမ္ဘာငယ်၏ အနှံ့အပြားသို့ ကွဲကွာ၍ ပို့ဆောင်ခြင်း ခံလိုက်ရပြီဖြစ်သည်။
ဤကဲ့သို့သော အမွေအနှစ်နယ်မြေများသည် အတွင်းသို့ ဝင်ရောက်သူ၏ ကျင့်ကြံမှုအဆင့်ကို ကန့်သတ်ထားတတ်ကြသည်။ အများဆုံးအနေနှင့် သူတော်စင်အရင်းမြစ် မရှိသေးသော အဆင့် ၉သူတော်စင်အဆင့်ရှိ ကျွမ်းကျင်သူများကိုသာ ဝင်ရောက်ခွင့်ပြုထားခြင်း ဖြစ်သည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ ဝင်ရောက်လာသူ၏ စွမ်းအားက အလွန်အမင်း မကြီးမားစေရန်နှင့် ဤကမ္ဘာငယ်၏ နိယာမများကို မဖျက်ဆီးနိုင်ရန်အတွက် တားဆီးထားခြင်း ဖြစ်ပေသည်။
သို့သော် ဤကဲ့သို့သော ကန့်သတ်ချက်မှာ ကျုံးရှန်အတွက်မူ ဟန်ပြသာ ဖြစ်၏။ သူ၏ လက်ရှိအရှိန်အဝါမှာ သူတော်စင်တစ်ပိုင်းအဆင့်မျှသာ ဖြစ်သော်လည်း သူ၏ စစ်မှန်သော စွမ်းအားမှာမူ ဒုတိယအဆင့် အသွင်ပြောင်းလဲခြင်းရှိသော စစ်မှန်သည့် နတ်ဘုရားတစ်ပါးကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။
ကျုံးရှန်သည် သင်္ဘောဦးတွင် ရပ်နေရင်း သူ၏ စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ ဤကမ္ဘာငယ်၏ နေရာအနှံ့အပြားသို့ အလျင်အမြန် ပျံ့နှံ့သွားသည်။ စားဖိုမှူးကမ္ဘာငယ်သည် စားဖိုမှူးသူတော်စင်၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ဘုံမှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ထို့ကြောင့် ဤနေရာ၏ နိယာမများသည် အလွန်ပင် ပြည့်စုံလှသည်။ စားဖိုမှူးသူတော်စင်၏ နှစ်ပေါင်းများစွာပြုစုပျိုးထောင်မှုကြောင့် ယခုအခါ ဤနေရာသည် ကမ္ဘာငယ်တစ်ခုအဖြစ် တည်ရှိနေခြင်း ဖြစ်သည်။
အဆင့်အတန်းအရ ပြောရလျှင် သတ်ဖြတ်ခြင်းငရဲဘုံထက် မနိမ့်ကျလှပေ။ ကောင်းကင်နှင့် မြေပြင် ပုံသဏ္ဍာန် ပြောင်းလဲမှုတွင်ဆိုလျှင် ရှီးရွှယ်ငရဲဘုံထက်ပင် ပိုမို ပြည့်စုံနေသေးပြီး ကြယ်တာရာစု ပုံစံမှ ကုန်းမြေတိုက်ကြီး ပုံစံသို့ ကူးပြောင်းရောက်ရှိနေပြီ ဖြစ်သည်။ ဤကမ္ဘာငယ်အတွင်း၌ ကျုံးရှန်၏ စိတ်အာရုံကို ကန့်သတ်ထားသော စွမ်းအားများ ရှိနေသော်လည်း ကျုံးရှန်အနေနှင့် ကုန်းမြေကြီးတည်ရှိရာ နေရာကို ရှာဖွေရန်မှာ လုံလောက်ပေသည်။
စားဖိုမှူးကမ္ဘာငယ်အတွင်း၌ လူဦးရေ အလွန်ထူထပ်လှ၏။ ဤကမ္ဘာသည် စားဖိုမှူးသူတော်စင် ဖန်တီးခဲ့သော သူတော်စင်ဘုံမှ ဖြစ်ပေါ်လာခြင်းဖြစ်သောကြောင့် အခြားသော မိစ္ဆာသတ္တဝါများ မရှိဘဲ လူသားမျိုးနွယ်နှင့် သာမန် အိမ်မွေးတိရစ္ဆာန်များသာ တည်ရှိနေခြင်း ဖြစ်သည်။
စကြဝဠာဟင်းလင်းပြင်၏ အောက်ခြေတွင် နန်ယန်စီရင်စု ငါးခုစာခန့် ကျယ်ဝန်းသော ကုန်းမြေကြီးတစ်ခု ရှိနေလေသည်။ ထိုကုန်းမြေကြီးသည် အလွန်ပင် စည်ကားဝပြောလှပြီး လူသားမြို့ရွာပေါင်း မရေမတွက်နိုင်အောင် တည်ရှိပေသည်။
"စားဖိုမှူးကမ္ဘာငယ်... စားဖိုမှူးကမ္ဘာငယ်... ဒီကမ္ဘာရဲ့ အဓိက အနှစ်သာရက အချက်အပြုတ်ပညာဆိုတော့ အရသာ မမြည်းစမ်းဘဲ မနေသင့်ဘူးပေါ့”
ကျုံးရှန် ခေါင်းငုံ့၍ အောက်ဘက်သို့ အာရုံခံကြည့်လိုက်သည်။ ထို့နောက် သူ၏ စိတ်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မြေကြောကျုံ့ နတ်ဘုရားစွမ်းရည်ကို အသုံးပြုကာ အောက်ဘက်ရှိ ကုန်းမြေကြီးဆီသို့ ဦးတည်လာလိုက်သည်။
မကြာမီမှာပင် ကျုံးရှန်တစ်ယောက်လူဦးရေ ထူထပ်လှသော မြို့တစ်မြို့၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။ ဤမြို့တွင် မြင့်မားသော မြို့ရိုးများကို တည်ဆောက်ထားခြင်း မရှိပေ။ မြို့၏ နယ်နိမိတ်တစ်လျှောက်တွင် ရောင်စုံအလံများကိုသာ စိုက်ထူထားပြီး အရပ်လေးမျက်နှာ၌ အနီရောင်သစ်သားဖြင့် ထုဆစ်ထားသော ခမ်းနားသည့် မုခ်ဦးများ ရှိနေသည်။
မုခ်ဦးအထက်တွင် စီချွမ်စားဖိုမှူးမြို့တော် ဟု ရေးသားထားလေသည်။ ကျုံးရှန်သည် မြို့ပြင်ရှိ လူသူကင်းမဲ့သော တောင်ကုန်းတစ်ခုပေါ်သို့ ဆင်းသက်လိုက်ကာ သူ၏ စိတ်အာရုံဖြင့် အနည်းငယ်စစ်ဆေးလိုက်ရုံနှင့် မြို့တစ်ခုလုံး၏ အခြေအနေကို နားလည်လိုက်၏။ ဤ စီချွမ်မြို့သည် အတော်ပင် ကြီးမားလှပြီး လူဦးရေ သန်းတစ်ရာခန့် ရှိရာ စားဖိုမှူးကမ္ဘာငယ်ရှိ
ကုန်းမြေကြီးပေါ်တွင် မြို့ကြီးတစ်မြို့ဟု ဆိုနိုင်ပေသည်။
မြို့တွင်းရှိ လမ်းမများသည် ရှုပ်ထွေးယှက်နွယ်နေသော်လည်း အလွန် စနစ်တကျ ရှိပြီး မြို့နေလူမှုအဖွဲ့အစည်း၏ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြနေ၏။ လူတိုင်းသည် အနီရောင်ခေါင်းပေါင်းပဝါများကို ပေါင်းထားကြပြီး အနီရောင် အဆင်းကြောင်းများ ပါဝင်သော ဝတ်ရုံရှည်များကို သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားကြသည်။
မြို့အတွင်း၌ ရိုးရှင်းသော လေနိယာမ အစီအရင်များချမှတ်ထားသည်။ အမှိုက်သရိုက်အားလုံးကို သီးခြား ဟင်းလင်းပြင်တစ်ခုအတွင်းသို့ လေဖြင့် တိုက်ခတ်ပို့ဆောင်ပေးသဖြင့်လမ်းမတစ်လျှောက်လုံး ဖုန်မှုန့်တစ်စက်မျှ မရှိဘဲ သန့်ရှင်းနေလေသည်။
မြို့အတွင်း၌ ကျင့်ကြံမှုအဆင့် အမြင့်ဆုံးသူမှာ နိယာမနယ်ပယ် အဆင့် ၂၂ စိတ်ဝိညာဉ်နတ်ဘုရား ပြည့်စုံခြင်းအဆင့်ရှိ လူတစ်ဦး ဖြစ်သည်။ ထိုသူသည် သုံးလက်မ အမြင့်ရှိသော အချက်အပြုတ်ခေါင်းဆောင်တို့၏ အမှတ်အသားဖြစ်သည့် အနီရောင်အစင်းကြောင်းပါ စားဖိုမှူးဦးထုပ်ကိုဆောင်းထားကာ ယခုအချိန်၌ မြို့လယ်ရှိ ခမ်းနားသော စားသောက်ဆိုင်ကြီးတစ်ခုတွင်ဟင်းလျာများကို ချက်ပြုတ်နေသည်။
သူ၏ လက်ထဲ၌ မည်းနက်ပြောင်လက်နေသော ဒယ်အိုးကြီးတစ်လုံး ရှိနေပြီး အဆက်မပြတ် လှုပ်ယမ်းနေကာ အောက်ဘက်တွင် မီးများကို ထုတ်လွှတ်ပေးနေသော မီးဖိုတစ်ခု ရှိသည်။ ထိုမီးဖိုမှ တောက်လောင်နေသော မီးလျှံများသည် ဒယ်အိုးကို အပူပေးနေပြီး ဒယ်အိုးအတွင်း၌ ဟင်းသီးဟင်းရွက် အချို့ကို ကြော်လှော်နေသည်။ ထူးခြားသည်မှာ ထိုသူသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအားများကို ဒယ်အိုးအတွင်းသို့ စနစ်တကျ ထည့်သွင်းပေးနေခြင်းဖြစ်၏။
ဆန်းကြယ်သော နည်းစနစ်တစ်ခု၏ လမ်းညွှန်မှုအောက်တွင် ဒယ်အိုးအတွင်းရှိ ဟင်းလျာများသည် ဝိညာဉ်စွမ်းအားများကို စုပ်ယူနေကြကာ မိနစ်အနည်းငယ် ကြာပြီးနောက် အရွက်ကြော်တစ်ပွဲ ပြီးစီးသွားသည်။ ဟင်းလျာမှ မွှေးပျံ့လှသော ရနံ့များ ထွက်ပေါ်လာပြီး ဝိညာဉ်အလင်းတန်းများ လင်းလက်နေ၏။ ဝိညာဉ်စွမ်းအား မပါဝင်သော သာမန်ဟင်းသီးဟင်းရွက်သည်ပင် သူ၏ ချက်ပြုတ်မှုအောက်တွင် ခန္ဓာကိုယ်ကို အကျိုးပြုနိုင်သော ဆေးဖက်ဝင်ဟင်းလျာတစ်ပွဲ ဖြစ်သွားရသည်။
ကျုံးရှန်သည် ဤမြင်ကွင်းကို ကြည့်ပြီး အတော်ပင် စိတ်ဝင်စားသွားမိသည်။ ဤ စီချွမ်မြို့အတွင်း၌ အများစုမှာ သာမန်လူသားများသာ ဖြစ်ကြသော်လည်း နိယာမနယ်ပယ် အထက်ကျွမ်းကျင်သူများမှာ လူဦးရေ၏ ငါးပုံတစ်ပုံခန့် ရှိလေရာ ဤအချိုးအစားသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးထက် များစွာ သာလွန်နေပေသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ သာမန်လူသားများမှာ မရေမတွက်နိုင်အောင် ရှိသော်လည်း နိယာမနယ်ပယ်အတွင်းသို့ ဝင်ရောက်နိုင်သူမှာ လူတစ်ရာတွင် တစ်ယောက်ပင် မရှိပါချေ။
ဤကမ္ဘာငယ်အတွင်း၌ နိယာမနယ်ပယ်သို့ ရောက်ရှိသူ အလွန်များပြားနေခြင်းမှာ ဝိညာဉ်စွမ်းအားများ ပါဝင်နေသော ထိုဟင်းလျာများနှင့် တိုက်ရိုက် ပတ်သက်နေနိုင်၏။ ဤသို့ တွေးမိလိုက်သောအခါ ကျုံးရှန်သည် သူ၏ ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်ပြီး သူ၏ ဝတ်စားဆင်ယင်မှုကို ပြောင်းလဲလိုက်လေသည်။
ယခုအခါ သူသည် စီချွမ်မြို့ရှိ လူများနှင့် အလားတူ ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အရှိန်အဝါကိုလည်း နိယာမနယ်ပယ် အဆင့် ၇ ဖြစ်သော တိမ်စီးနင်းခြင်း အဆင့်သို့ ပြောင်းလဲထားလိုက်၏။ သူ၏ လူငယ်လေးကဲ့သို့သော ပုံစံနှင့် ဤအဆင့်ကို ပေါင်းစပ်လိုက်လျှင် ပါရမီရှင် လူငယ်တစ်ဦးအဖြစ် ထင်မှတ်ရပေမည်။ ကျုံးရှန်သည် မိမိကိုယ်မိမိ ငုံ့ကြည့်လိုက်ပြီးနောက် အန္တရာယ်ကင်းသော အပြုံးလေးတစ်ခုကို ပြုံးလိုက်သည်။ ထို့နောက် နိယာမနယ်ပယ် အဆင့် ၇ ၏ စွမ်းအားကို အတုယူကာ ဝိညာဉ်စွမ်းအားများဖြင့် မြို့ဆီသို့ ပျံသန်းသွားလေသည်။ မိနစ်အနည်းငယ် ကြာသောအခါ သူသည် မုခ်ဦးကြီး၏ အောက်သို့ ရောက်ရှိသွား၏။
မြို့အတွင်းသို့ မဝင်ရသေးမီမှာပင် ထုံစပ်မွှေးပျံ့သော အစားအသောက်နံ့များသည် မြို့ထဲမှ ပျံ့နှံ့ထွက်ပေါ်လာသည်။ ထိုရနံ့မှာ လူတစ်ယောက်ကို သွားရည်ကျစေနိုင်လောက်အောင်ပင် ဆွဲဆောင်မှု ရှိပေသည်။ စီချွမ်စားဖိုမှူးမြို့သည် စားဖိုမှူးကမ္ဘာငယ်၏ အဓိက ဟင်းလျာရှစ်မျိုး ထဲမှ စီချွမ်ဟင်းလျာ အထူးလေ့လာလိုက်စားကြသည်။ စီချွမ်ဟင်းလျာ၏ အဓိက လက္ခဏာရပ်များမှာ ထုံစပ်ခြင်းနှင့် လတ်ဆတ်မွှေးပျံ့ခြင်းဖြစ်သည်။
ပူပြင်းသော စိတ်အားထက်သန်မှုများနှင့် ပူစပ်သော ဟင်းလျာများ။
စီချွမ် ဟင်းလျာ အတော်များများသည် ခန္ဓာကိုယ်ကို သန်မာစေနိုင်သော အစွမ်းရှိပြီး မီးနိယာမကို ကျင့်ကြံသူများအတွက်လည်း စွမ်းအားကို တိုးတက်စေနိုင်စွမ်း ရှိသည်။ စီချွမ်မြို့သည် အလွန် ကျယ်ဝန်းလှသဖြင့် မြို့အတွင်း၌ ပျံသန်းသွားလာခြင်းကို တားမြစ်ထားခြင်း မရှိပေ။ သာမန်လူသားများသည်ပင် မြန်ဆန်သော မြင်းများကို စီးနင်း၍ သွားလာနေကြသည်။ မြို့အတွင်း၌ စားသောက်ဆိုင်နှင့် အရက်ဆိုင်များမှာ လွန်စွာ များပြားလှပြီး မျက်စိတစ်ဆုံးပင် ဖြစ်၏။ အကြီးမားဆုံးသော စားသောက်ဆိုင်မှာ မြို့လယ်၌ ရှိပြီး နိယာမနယ်ပယ် အဆင့် ၂၂ ရှိသော စားဖိုမှူးကိုယ်တိုင် ချက်ပြုတ်နေသည့် ချွမ်ဖူလုံ ဖြစ်လေသည်။
ကျုံးရှန်သည် ဤမျှ အေးဆေးစွာဖြင့် လေထဲတွင် ပျံသန်းနေရသည်မှာ ကြာပြီ ဖြစ်သဖြင့် လွမ်းဆွတ်ဖွယ် ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။ သူ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ စတင်ရောက်ရှိလာစဉ်က အချိန်တိုအတွင်းမှာပင် အလွန်ကြီးမားသော စွမ်းအားများကို ရရှိခဲ့သဖြင့်နိယာမနယ်ပယ် အဆင့်၇ဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်း ကျော်ဖြတ်သွားခဲ့ရသော အဆင့်တစ်ခုသာ ဖြစ်သည်။ တိမ်များပေါ်တွင် စီးနင်းရင်း အေးဆေးစွာ ပျံသန်းကာ မြို့အတွင်းရှိ လူသားတို့၏ စည်ကားသိုက်မြိုက်မှုများကို ကြည့်ရှုနေရခြင်းမှာလည်း ထူးခြားသော ခံစားမှုတစ်မျိုး ဖြစ်၏။
ဆယ်မိနစ်ခန့် ပျံသန်းပြီးနောက် ကျုံးရှန်သည် မြို့လယ်ရှိ ချွမ်ဖူလုံ သို့ ရောက်ရှိလာခဲ့သည်။ ဤစားသောက်ဆိုင်ကြီးသည် အလွန် ကျယ်ဝန်းလှပြီး မြို့ငယ်လေးတစ်မြို့စာခန့် ရှိလေသည်။ ယင်းသည် မြို့လယ်၏ အကောင်းဆုံးသော နေရာကို ယူထားခြင်း ဖြစ်၏။ စားသောက်ဆိုင်ကြီးမှာ ကိုးထပ် မြင့်မားပြီး တစ်ပြိုင်နက်တည်း လူပေါင်း သိန်းချီ၍ ဧည့်ခံနိုင်စွမ်း ရှိလေသည်။
ဤကဲ့သို့သော အတိုင်းအတာရှိသည့် စားသောက်ဆိုင်ကို ဝမ်ရှန့်ကုန်းမြေတိုက်ကြီး၌ပင် တွေ့ရခဲလှသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးနှင့် နှိုင်းယှဉ်လျှင် ဤနေရာ၌ အချက်အပြုတ်ပညာသည် လူတိုင်း၏ နေ့စဉ်ဘဝအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်သည်။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ အချက်အပြုတ်လမ်းစဉ်ကိုလိုက်စားသောကျင့်ကြံသူအနည်းငယ်မှလွဲ၍ အခြားသူများသည် အထူးတလည် ချက်ပြုတ်စားသောက်လေ့ မရှိကြပေ။ တန်ဖိုးကြီးလှသော ဆေးဖက်ဝင်အပင်များကို ရရှိပါကလည်း ဆေးလုံးများအဖြစ်ဖော်စပ်၍သာ သုံးစွဲကြကုန်၏။ ကျင့်ကြံသူများအနေနှင့် ချီစွမ်းအင်ကိုကျင့်ကြံ၍ အစာရှောင်ခြင်း အဆင့်သို့ ရောက်ရှိပြီးသည်နှင့် အစားစားချင်စိတ်လျော့ပါးသွားသောကြောင့်လည်းဖြစ်၏။