← Chapters

အခန်း (၃၉၆၆-၃၉၇၀)

Vol. 202 Ch. 3966-3970

အခန်း (၃၉၆၆-၃၉၇၀)

Vol. 202 Ch. 3966-3970

Chapter 3966

ဤတစ်ကြိမ်တွင် ခွေးနက်ကြီးသည် သူ့၏ဘွဲ့ထူးကိုရရှိခဲ့ခြင်းမှာ လှည့်ကွက်များကြောင့်မဟုတ်ဘဲ သူ၏ကိုယ်ပိုင်အရည်အချင်းနှင့်ခွန်အားကြောင့်ပင်။

လုယွီကို အံ့အားသင့်စေဆုံးကိစ္စမှာ ပိုင်ရီဖန်းနှင့်ပိုင်ချောင်းချောင်းတို့ မောင်နှမနှစ်ယောက်ပင်။

"ပိုင်မောင်နှမက အစကတော့ တော်ဝင်မြို့တော်မှာ နေထိုင်ကြတယ်...ဒါပေမဲ့ ပိုင်ချောင်းချောင်းကို နတ်ဆိုးကျင့်ကြံသူတစ်ယောက်က ခေါ်သွားပြီးတော့ ပျောက်ကွယ်သွားလိမ့်မယ်လို့ ဘယ်သူက တွေးထင်မိမှာလဲ"

"ပိုင်ရီဖန်းက မင်းရဲ့တပည့်ဆိုတာကို ငါသိတာကြောင့် ငါ့ရဲ့အိမ်တော်မှာနေဖို့ သူ့ကို ပြောခဲ့တယ်...ဒါပေမဲ့သူ့ရဲ့အစ်မ ဖမ်းဆီးခံရတယ်ဆိုတာကို ကြားတာနဲ့...သူက စာတစ်စောင်ချန်ထားခဲ့ပြီး ထွက်သွားမယ်လို့ ငါ ဘယ်လိုထင်မိမှာလဲ....ငါက သူ့ကိုရှာဖွေဖို့အတွက် လူတွေအများကြီးစေလွှတ်ခဲ့ပေမယ့် အခုထိ သူ့ကို ရှာမတွေ့သေးဘူး"

ခွေးနက်ကြီးက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

လုယွီ၏စိတ်အတွင်း၌ ဆင်းရဲသားရပ်ကွက်တွင်နေထိုင်သော ပိုင်မောင်နှမကို ချက်ချင်းအမှတ်ရသွားသည်။

"နတ်ဆိုးကျင့်ကြံသူတစ်ယောက်လား...."

လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး မင်း ဘာမှစိုးရိမ်စရာမလိုတော့ဘူး....ငါက စုံစမ်းစစ်ဆေးဖို့အတွက် တစ်ယောက်ယောက်ကို စေလွှတ်လိုက်မယ်...ငါ့ရဲ့တပည့်ကို ဘယ်သူဖမ်းသွားတာလဲဆိုတာ ငါလည်း သိချင်တယ်"

အောင်းကွမ်းက ရုတ်တရက် ခွေးနက်ကြီးကိုကြည့်လိုက်သည်။

"ဘိုးဘေး မင်းက တော်ဝင်မြို့တော်မှာ စိတ်လွတ်ကိုယ်လွတ်နေထိုင်ခဲ့ရတာ မဟုတ်လား.... ပစ္စည်းကောင်းလေးတစ်ခုခုများ ယူလာခဲ့သေးလား"

ထိုစကားလုံးများကိုကြားချိန်တွင် ခွေးနက်ကြီး၏မျက်နှာအမူအယာသည် ချက်ချင်းဆိုသလိုပင် တည်ကြည်လေးနက်သွားပေ၏။

"မင်းက တော်တော်လေးအနံ့ခံကောင်းတဲ့ ခွေးတစ်ကောင်ပဲ...ကောင်လေး ဒီနေ့ ငါ မင်းကိုကြည့်ခွင့်ပြုလိုက်မယ်...တကယ်လို့ ထန်အင်ပါယာမှာ မြင့်မားတဲ့အရာရှိလစာငွေသာမရရင် ငါက ဘာလို့ အဓိပ္ပါယ်မဲ့နေနေရမှာလဲ"

ထိုသို့ပြောဆိုပြီးနောက် ခွေးနက်ကြီးသည်သိုလှောင်အိတ်များကို အပုံလိုက်ထွေးထုတ်လိုက်သည်။

ထိုသိုလှောင်အိတ်များသည် တောင်ငယ်တလုံးစာခန့် စုပုံနေသည်။ထိုအရာများသည် တစ်ရာကျော်ခန့်ရှိနေပြီး အဆင့်မြင့်သိုလှောင်အိတ်များဖြစ်သည်။ထိုသိုလှောင်အိတ်များကို ပြုလုပ်သည့်ပစ္စည်းအရဖြစ်စေ ပုံပန်းသွင်ပြင်အရဖြစ်စေ ထိုအရာများသည် ပထမတန်းစားအဆင့်ပင်။

ဤသိုလှောင်အိတ်များအတွင်း၌ ပစ္စည်းတော်တော်များများ ဝင်ဆန့်ပုံရသည်။ထိုသိုလှောင်အိတ်များ မြေပြင်ပေါ်သို့ ကျရောက်သွားချိန်တွင် သိုလှောင်အိတ်အဝများပွင့်သွားသည်။

ပတ်ဝန်းကျင်တွင်ရှိနေသော စစ်ဗိုလ်ချုပ်များသည် သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်ကြသည်။သူတို့သည် ထိုသိုလှောင်အိတ်အတွင်းတွင် အဖိုးတန်ရှားပါးသော ရတနာမျိုးစုံဖြင့်ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။

လုယွီသည် ဧကရာဇ်အဆင့်မှော်ရတနာများ၏အငွေ့အသက်ကိုပင် ရရှိမိလေ၏။

အောင်းကွမ်းသည် ထိုနေရာသို့ အပြေးသွားကာ ရတနာများအနက်မှတစ်ခုကို သာမာန်ကာလျှံကာ ကောက်ယူလိုက်သည်။သို့ရာတွင် ထိုရွှေရောင်စည်းတံဆိပ်မှနေ၍ အလင်းတန်းတစ်တန်းထွက်လာကာ သူ့၏လက်ကို လောင်ကျွမ်းသွားစေသဖြင့် အောင်းကွမ်းသည် နာကျင်မှုကြောင့် စူးရှစွာအော်ဟစ်လိုက်သည်။

လုယွီ၏နှုတ်ခမ်းထောင့် မသိမသာမဲ့ရွဲ့သွားသည်။

ထိုရွှေရောင်စည်းတံဆိပ်ပေါ်တွင် 'ကောင်းကင်ဘုံသားတော်၏ရတနာ'ဟု ရေးထွင်းထားသည်။

ဤသည်မှာ ထန်ဧကရာဇ်လီကျီး၏ စာပေဆိုင်ရာစည်းတံဆိပ်ပင်။ထိုအရာသည် ဧကရာဇ်အခွင့်အာဏာစည်းတံဆိပ်လောက် အရေးကြီးခြင်းမရှိသော်လည်း အလွန်တန်ဖိုးရှိသော ပစ္စည်းတစ်ခုဖြစ်နေဆဲပင်။

ဤခွေးစုတ်ခွေးနာသည် သူ့၏အကူအညီကို လာရောက်ရှာဖွေသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။အမှန်အားဖြင့် ခွေးနက်ကြီးသည် ကောင်းမွန်သောကိစ္စ တစ်ခုတစ်လေကိုမျှ ပြုလုပ်ခဲ့ခြင်းမရှိချေ။

ခွေးနက်ကြီးက အပြုံးနှင့်ပြောဆိုသည်။

"မာလင်းကြယ်နယ်မြေရဲ့အပြင်မှာ ထန်စစ်တပ်ရဲ့စစ်သင်္ဘောတစ်စီးကို ရပ်နားထားတယ်... ကောင်လေး ဒီလိုလုပ်ခဲ့ရတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့...ငါက ထန်စစ်တပ်ရဲ့အထောက်အပံ့ပစ္စည်းတဝက်လောက်ကို မင်းဆီယူလာခဲ့တယ်"

စစ်ဗိုလ်ချုပ်များသည် ပြင်ပသို့ အလျှင်အမြန်ထွက်ကာ တစ်ချက်ကြည့်လိုက်ကြသည်။တိကျသေချာစွာပင် သူတို့သည် အထောက်အပံ့ပစ္စည်းများနှင့်ပြည့်နှက်နေသော ထန်စစ်သင်္ဘောတစ်စီးကို တွေ့မြင်မိလေ၏။

ဤအချိန်တွင် ပုန်းကွယ်နဂါးစစ်တပ်သည် အကျိုးအမြတ်အမြောက်အများ ရရှိသွားလေပြီ။

....

တချိန်တည်းမှာပင် ထန်စစ်သင်္ဘောပေါ်၌...

"ငါတို့စစ်တပ်ရဲ့သိုလှောင်ရုံတွေထဲမှာ ဘာမှမရှိတော့ဘူးလို့ မင်းတို့ ပြောလိုက်တာလား"

လီကျိုးစီသည် သူ၏လက်အောက်ငယ်သားများထံမှ သတင်းပို့မှုကို ကြားပြီးနောက် သူသည် မည်မျှပင် တည်ငြိမ်အေးဆေးသူဖြစ်နေပါစေ ဒေါသများ ပေါက်ကွဲလုနီးပါးပင်။

သူတို့ မထွက်ခွာခဲ့မီအချိန်၌ ခွေးနက်ကြီးသည် တော်ဝင်သံတမန်ဟူသောဘွဲ့ထူးကို အသုံးပြု၍ ထန်စစ်တပ်တွင် ကြွင်းကျန်သော မှော်ရတနာများ စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များ ဝင်္ကပါဖွဲ့စည်းပုံများနှင့် တခြားအထောက်အပံ့ပစ္စည်းများအားလုံးကို စစ်သင်္ဘောတစ်စီးပေါ်သို့ ပို့ဆောင်စေခဲ့သည်။

ယခုအချိန်၌ ထန်စစ်တပ်သည် ရန်သူနှင့်ရင်ဆိုင်ရန်အတွက် မှော်ရတနာနှင့်အရင်းအမြစ်များ မကျန်ရှိတော့ချေ။

"အရှင်အမတ်ကြီး...ကျွန်တော်တို့က အရှင်ဧကရာဇ်ရဲ့ရွှေစည်းတံဆိပ်ကို မလိုက်နာဘဲမနေဝံ့ဘူး"

စစ်တပ်အရာရှိတချို့က ညည်းတွား၍ စောဒကတက်လိုက်ကြသည်။

ခွေးနက်ကြီး ဤသို့ပြုလုပ်သွားသည်မှာ ရည်ရွယ်ချက်ကောင်း ရှိမနေနိုင်သည်ကို သူတို့၏စိတ်နှလုံးသားများအတွင်းမှ ကောင်းစွာသိရှိထားသည်။

သို့ရာတွင် ခွေးနက်ကြီးထံ၌ ဧကရာဇ်ကိုယ်တိုင်ချီးမြှင့်ထားသော ရွှေတံဆိပ်ပြားရှိနေသဖြင့် ဤအမိန့်များကို သူတို့သည် မလွန်ဆန်ဝံ့ဘဲ နာခံခဲ့ရသည်။

လီကျိုးစီ၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားကာ အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်၏။

"သောက်ရေးမပါတဲ့ ခွေးစုတ်..."

Chapter 3967

လော့ရွှေကြယ်မြစ် နယ်စပ်တစ်နေရာ၌...

အင်ပါယာနှစ်ခုမှစစ်တပ်များ ဤနေရာတွင် ရှိနေသည်။အကန့်အသတ်မရှိသော စစ်တန်းလျားများကို တွေ့မြင်နိုင်သဖြင့် ဤသည်မှာ အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

တာယွီစစ်တပ်၏အလယ်ဗဟိုတွင် ကြက်သွေးရောင်မီးတောက်နဂါးအလံ လူးလွန့်နေကာ ထိုအရာ၏နောက်တွင် ဧကရာဇ်၏ရောက်ရှိနေမှုကို သင်္ကေတပြသသောအလံတစ်ခု ရှိနေသည်။

ဤအချိန်အခိုက်အတန့်တွင် စစ်တန်းလျား၏အလယ်ဗဟို၌ ကြီးကျယ်ခမ်းနားသော နန်းတော်တခုရှိနေသည်။ထိုနန်းတော်ကို မြင့်မားသောနံရံများဖြင့် ဝိုင်းရံထားကာ ရွှေရောင်သံချပ်ကာဝတ်စုံဝတ် တော်ဝင်အစောင့်အမြောက်အများက ခေါက်တုံ့ခေါက်ပြန်ကင်းလှည့်၍ စောင့်ကြပ်နေသည်။

ဤနေရာကို ကောင်းကင်ဘုံနန်းတော်ဟု ခေါ်ဆိုပြီး ဧကရီနေထိုင်သည့် ရွှေ့ပြောင်းနိုင်သော မှော်ရတနာတစ်ခုပင်။

ဤကောင်းကင်ဘုံနန်းတော်အတွင်းတွင် နန်းဆောင်သုံးခုနှင့် ခန်းမဆောင်ခုနစ်ခုရှိသည်။ဤနေရာပတ်ဝန်းကျင်တွင် မြင့်မားသောအဆောက်အအုံ အမြောက်အများရှိနေသဖြင့် အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုပင်။

ကောင်းကင်ဘုံနန်းတော် အကန့်အသတ်မဲ့နန်းဆောင်...

ပြင်ပတွင် လေအေးများတိုက်ခတ်နေသော်လည်း နန်းဆောင်အတွင်း၌ နွေဦးကဲ့သို့နွေးထွေးနေသည်။

နဂါးကြိုးကြာရှစ်ကောင်ပုံစံ ထွင်းထုထားသော ကြေးနီမီးပြင်းဖိုကြီးတစ်ခုမှ အခိုးအငွေ့များသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ နန်းဆောင်တခုလုံးကို နွေးထွေးနေစေသည်။

နန်းဆောင်၏ခန်းမအတွင်း၌ ဘေးတစ်ဖက်တစ်ချက်တွင် မဟာအတွင်းဝန်ရုံးမှ အမတ်ကြီးတချို့ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေကြသည်။

မလှမ်းမကမ်းတစ်နေရာရှိ လိုက်ကာအောက်တွင် ဝိုးတဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ဤသည်မှာ တာယွီအင်ပါယာ တော်ဝင်နန်းတွင်း၏ ကောင်းကင်ဘုံဧကရီ ရှန်လင်းလုံပင်။

"ဧကရီအရှင်မ...အရှေ့အောင်နိုင်ခြင်းကြယ်မြေရဲ့စစ်ပွဲက အဆုံးသတ်သွားပါပြီ...ဒီတကြိမ်မှာလက်ဝဲစစ်တပ်ရဲ့တပ်မှူးလုယွီက ကြီးမားတဲ့အကျိုးဆောင်မှုကြီးကို ပြုလုပ်ခဲ့တယ်...အတွင်းဝင်ရုံးက လုယွီရဲ့စစ်ရေးအောင်မြင်မှုတွေအတွက် ပထမအဆင့်ရာထူးနေရာမျိုးကိုပေးဖို့ စာတစ်စောင်ပေးပို့ပြီး တောင်းဆိုထားတယ်"

ထိုစကားကိုပြောဆိုလိုက်သူသည် အသံဩဇာနှင့်ပြည့်စုံသော အရာရှိတစ်ယောက်ဖြစ်ပြီး သူ၏နဖူးပေါ်တွင် ဝင်္ကပါဖွဲ့စည်းပုံသင်္ကေတများ တဖျတ်ဖျတ်တောက်ပနေသည်။

သူသည် နတ်ဘုရားစည်းတံဆိပ်အမတ်ကြီးဖြစ်ကာ တာယွီအင်ပါယာ၏နတ်ဘုရားအမတ်ကြီးရှစ်ယောက်အနက်မှ တစ်ယောက်ပင်။သူ၏စွမ်းအားသည်အလွန်ကောင်းမွန်ကာ သူသည် တော်ဝင်နန်းတွင်း၏ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီး အနည်းစုအနက်မှ တစ်ယောက်ပင်။နတ်ဘုရားစည်းတံဆိပ်အမတ်ကြီးသည် ပြင်ပလေဟာနယ်တလျှောက်ကို စောင့်ရှောက်ကာ မရေမတွက်နိုင်သော နတ်ဆိုးများကိုနှိမ်နင်းခဲ့သည်။နောက်ပိုင်းတွင် တာယွီအင်ပါယာနှင့်ထန်အင်ပါယာတို့ တိုက်ခိုက်စဥ်၌ နတ်ဘုရားစည်းတံဆိပ်အမတ်ကြီးသည် ရှေ့တန်းသို့ပြန်လည်၍ပြောင်းရွှေ့လာခဲ့လေ၏။

"အခုလတ်တလောမှာ အဲ့ဒီလုယွီက တော်တော်လေးထင်ပေါ်ကျော်ကြားလာတယ်...သူက ဒီနှစ်တော်ဝင်စာမေးပွဲရဲ့ ထိပ်သီးကျောင်းတော်သားလို့ ငါ ကြားထားတယ်...ဒါပေမဲ့ ကံဆိုးချင်တော့ ငါက တော်ဝင်မြို့တော်မှာ ရှိမနေခဲ့ဘူး...ဒါကြောင့် ငါက အဲ့ဒီလူငယ်ပါရမီရှင်ကို မမြင်တွေ့ခဲ့ရဘူး"

ရှန်လင်းလုံ၏အသံသည် လိုက်ကာကိုဖြတ်သန်း၍ ကျရောက်လာသည်။

နတ်ဘုရားစည်းတံဆိပ်အမတ်ကြီးက မေးမြန်းသည်။

"တိုက်ပွဲအကျိုးဆောင်မှုတွေကို အခြေခံပြီးတော့ တော်ဝင်အတွင်းဝင်ရုံးက လုယွီကို ဗာမီလီယန်မီးငှက်စစ်စခန်းရဲ့ တပ်မှူးနေရာကို ရာထူးတိုးပေးစေချင်တယ်...ဗာမီလီယန်မီးငှက်စစ်စခန်းရဲ့တပ်မှူး ရှောင်ချွမ်က နာမကျမ်းမှုကြောင့် အနားယူသွားခဲ့ပြီ....ငါတို့က လုယွီကို ရာထူးလွှဲပြောင်းယူခွင့် ပြုလို့ရတယ်...ဘွဲ့ထူးအတွက်ကတော့ လုယွီမှာ ရွှယ်အင်မော်တယ်နယ်ပယ်ခွန်အားမျိုး ရှိလာတဲ့အချိန်မှပဲ အမတ်ကြီးရာထူးကို ချီးမြှင့်လို့ရမယ်"

"အသက်နှစ်ဆယ်နဲ့ အမတ်ကြီးရာထူး....သူက အရမ်းမငယ်လွန်းဘူးလား"

စစ်တပ်အရာရှိတစ်ယောက်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ငါတို့အင်ပါယာရဲ့ အသက်အငယ်ဆုံး အမတ်ကြီးက သွေးမိတ်ဆွေအမတ်ကြီးလုကျိုးရှောင်ပဲ...ဒီနှစ်မှာဆိုရင် သူက အသက်သုံးဆယ့်လေးနှစ်ရှိနေပြီ...ငါတို့က လုယွီကို နောက်ထပ်နှစ်နည်းနည်းလောက် ထပ်ပြီးလေ့ကျင့်ပေးတာ ပိုမကောင်းဘူးလား"

ထိုအချိန်မှာပင် ရှန်လင်းလုံ၏အသံကလိုက်ကာ၏နောက်မှ ထပ်မံ၍ထွက်ပေါ်လာသည်။

"ဘာစည်းမျဉ်းကိုမှ ထားမနေနဲ့တော့...အခုအချိန်က လူတွေကို အသုံးပြုရမယ့်အချိန်ပဲ... တကယ်လို့ သူက တော်ဝင်နန်းတွင်းအပေါ် သစ္စာစောင့်သိမယ်ဆိုရင် သူ့မှာလုံလောက်တဲ့စစ်ရေးအောင်မြင်မှုအမှတ်ရှိနေတာနဲ့...ဘာလို့ သူ့ကို အမတ်ကြီးရာထူး မချီးမြှင့်ဘဲနေရမှာလဲ"

"အဲ့ဒီလိုလုပ်လို့ မရသေးဘူး"

ထိပ်ဆုံးခေါင်းဆောင်နေရာတွင် ထိုင်နေသော ရှကွေ့ကျုံးက ရုတ်တရက်ပြောဆိုသည်။

"လုယွီက မကောင်းတဲ့ရည်ရွယ်ချက်တွေရှိတဲ့ ဝံပုလွေလိုကောင် ဖြစ်နေနိုင်တယ်...ငါတို့က သူ့ကို သတိထားပြီး စောင့်ကြည့်ရမယ်...အဓိကစစ်စခန်းလေးခုက တော်ဝင်မြို့တော်ရဲ့အရေးကြီးတဲ့အစောင့်တပ်တွေ ဖြစ်နေတယ်..ငါတို့ကဘယ်လိုလုပ်ပြီးတော့ အဲ့ဒီလိုနေရာကို ဝံပုလွေတစ်ကောင်ကို ပေးလို့ဖြစ်မှာလဲ"

"ကျုံးကော်စစ်ဗိုလ်ချုပ်ဆိုတဲ့ဘွဲ့ထူးက လုံလောက်ပြီလို့ ငါ ထင်တယ်...တကယ်လို့ သူ့ကို အမတ်ကြီးရာထူး ထပ်ပြီးပေးလိုက်မယ်ဆိုရင်...အဲ့ဒီကောင်လေးက မောက်မာထောင်လွှားပြီးတော့ မသင့်တော်တဲ့ကိစ္စတွေ လုပ်လာမှာသေချာပေါက်ပဲ...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အုပ်ချုပ်သူအရှင်က တိုက်ပွဲထဲမှာ သေသွားပြီမဟုတ်လား...သူ့ကို အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ အုပ်ချုပ်သူအရှင်ရာထူးကို လွှဲပြောင်း ပြောင်းယူခွင့် ပြုကြရအောင်"

ရှကွေ့ကျုံးသည် အရာရှိဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိချေ။ထိုအစား သူသည် ခမ်းနားထည်ဝါသော ပိုးထည်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသည်။သူ၏လက်အတွင်း၌ ကျောက်စိမ်းပုတီးတစ်ကုံးကို ကိုင်ဆောင်ထားကာ သူက ဖြည်းညှင်းစွာ ပြောဆိုသည်။

သူ၏နဖူးပေါ်၌ ဗုဒ္ဓသင်္ကေတတစ်ခုသည် တဖြည်းဖြည်းတောက်ပနေကာ သူ၏နောက်ကျောမှနေ၍ ဗုဒ္ဓအလင်းရောင်များထွက်ပေါ်နေသည်။တစ်ခါတစ်ရံတွင် ဗုဒ္ဓ၏ဗာဂျရာတောင်ဝှေးနှင့်ကျိုင်းကဲ့သို့သော ပုံရိပ်ယောင်များက သူ့၏နောက်၌ ဝိုးတဝါးထင်ဟပ်လာသည်။သူသည် ဗုဒ္ဓကျင့်ကြံနည်းစနစ်ကို အလွန်အမင်း နက်နဲသိမ်မွေ့သောအဆင့်ထိ ကျင့်ကြံထားသည်မှာ သိသာထင်ရှားလှ၏။

ရှကွေ့ကျုံးသည် စစ်ရေးဆိုင်ရာ အခွင့်အာဏာအကြီးမားဆုံး တပ်မှူးတစ်ယောက်ပင်။ သူ၏စကားများကိုကြားချိန်တွင် တခြားသူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

Chapter 3968

နတ်ဘုရားစည်းတံဆိပ်အမတ်ကြီး၏မျက်လုံးများ တောက်ပသွားကာ သူ၏လက်နှစ်ဖက်ကိုအလျှင်အမြန်ပူးဆုပ်ပြီး ပြောဆိုလိုက်၏။

"နတ်ဘုရားဓားအမတ်ကြီးရှပြောတာ အမှန်ပါပဲ...လုယွီက အသက်အရမ်းငယ်သေးတာကြောင့် သူ့ကို အမတ်ကြီးရာထူးချီးမြှင့်ဖို့ဆိုတာ မသင့်တော်သေးဘူး...သူ့ရဲ့စစ်ရေးအောင်မြင်မှုတွေက ထူးချွန်တယ်ဆိုပေမယ့် သူ့ကို အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အုပ်ချုပ်သူအရှင်ရာထူးကို တိုးမြှင့်ပေးရင် လုံလောက်ပါပြီ"

အကယ်၍ ဤမြင်ကွင်းကို အပြင်လူများ တွေ့မြင်ပါက ထိတ်လန့်တုန်လှုပ်သွားမည်မှာ သေချာပေါက်ပင်။

နတ်ဘုရားအမတ်ကြီးရှစ်ယောက်သည် မြင့်မားသောရာထူးရှိကာ တယောက်နှင့်တစ်ယောက် ခြေရာခြင်းတိုင်းနိုင်သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။

သို့ရာတွင် ဤမြင်ကွင်းကိုကြည့်ပါက နတ်ဘုရားစည်းတံဆိပ်အမတ်ကြီးသည် အစေခံတစ်ယောက်အလား ရှကွေ့ကျုံးကို အလွန်ရိုသေလေးစားစွာ ဆက်ဆံနေသည်။

တခြားစစ်တပ်အရာရှိများကမူ နတ်ဘုရားစည်းတံဆိပ်အမတ်ကြီးသည် အလွန်အမင်းအေးစက်သောဒေသမှနေ၍ ပြန်လည်ပြောင်းရွှေ့လာရသော အကြောင်းအရင်းမှာ ရှကွေ့ကျုံး၏အကွက်ချစီစဉ်ထားသော ကိစ္စများကြောင့်ဖြစ်ကြောင်း သတိပြုမိကြသည်။နတ်ဘုရားစည်းတံဆိပ်အမတ်ကြီးသည် ရှကွေ့ကျုံးကို သူ၏အရှင်သခင်အဖြစ် အသိအမှတ်ပြုထားကာ နယ်ရုပ်တစ်ရုပ်အဖြစ်နေရန် သူကိုယ်တိုင် ဆန္ဒရှိခဲ့သည်။

ရှကွေ့ကျုံးက သူ့၏လက်ကို ဝှေ့ယမ်းလိုက်၏။

"ဒီလိုပဲ လုပ်ကြတာပေါ့...မဟာအကြံပေးအဖွဲ့ကနေ အတွင်းဝန်ရုံးကို စာတစ်စောင်ပေး ပို့ပြီး ပြင်ဆင်ခိုင်းလိုက်တော့"

လိုက်ကာ၏နောက်တွင် တိတ်ဆိတ်ငြိမ်သက်နေသည်။ရှန်လင်းလုံသည် မည်သည့်စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိချေ။

ဧကရီအရှင်မသည် စကားပြောဆိုခြင်းမရှိသော်လည်း ရှကွေ့ကျုံးသည် ကြားဝင်စွက်ဖက်ကာ သူမ၏ဆုံးဖြတ်ချက်ကို တိုက်ရိုက်ပယ်ချခဲ့သည်။

ဤသည်မှာ အလွန်အမင်းရိုင်းပျသော အပြုအမူတစ်ခုပင်။

သို့သော် လက်ရှိနေရာတွင်ရှိနေသူများ အားလုံးထံ၌ တည်ငြိမ်အေးဆေးသောအမူအယာများရှိနေသည်။သူတို့သည် မျက်မမြင်နားမကြားသူများအလား ပြုမူနေကြသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

"ငါတို့က အမိန့်ကို နာခံပါ့မယ်"

"တခြားဘာကိစ္စမှမရှိတော့ဘူးဆိုရင် မင်းတို့အားလုံး ပြန်ကြတော့"

ရှကွေ့ကျုံးသည် သူ့၏လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် အကန့်အသတ်မဲ့နန်းတော်အတွင်းရှိ စစ်တပ်အရာရှိများအားလုံး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားတော့သည်။

အကန့်အသတ်မဲ့နန်းတော်၏ လေထုအတွင်း၌ ပြည့်နှက်နေသော နွေးထွေးသည့်မွှေးရနံ့များ တစ်ဖန်ပြန်၍ ငြိမ်သက်သွားသည်။

ရှန်လင်းလုံ၏အေးစက်စက်အသံက လိုက်ကာ၏နောက်မှ ထွက်ပေါ်လာသည်။

"သူတို့အားလုံး ထွက်သွားကြပြီ..နင်က ဘာလို့ ခုထိမသွားသေးတာလဲ"

ရှကွေ့ကျုံးသည် တုံ့ပြန်အဖြေပေးခြင်းမရှိချေ။။သူသည် မတ်တတ်ထရပ်ကာ စင်မြင်၏ရှေ့သို့ လျှောက်လှမ်းသွားပြီး လိုက်ကာကို မတင်လိုက်၏။

လိုက်ကာ၏နောက်တွင် အလွန်အမင်းလှပသော မိန်းကလေးတစ်ယောက် ထွက်ပေါ်လာသည်။ သူမသည် ကြက်သွေးရောင်ပန်းထိုးထားသည့် အနက်ရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည်။သူမ၏ခါး၌ တောက်ပသော အဝါရောင်ကျောက်စိမ်းခေါင်းလောင်းတလုံးကို ချည်နှောင်ထားလေ၏။သူမ၏ဝတ်ရုံရှည်ကြားမှနေ၍ နူးညံ့သေးသွယ်သော လက်တစ်ဖက်ထွက်လာကာ ကျောက်စိမ်းကဲ့သို့ဖြူဖွေးချောမွေ့သော သူမ၏နဖူးကို ညင်သာစွာသို့ထိလိုက်သည်။

ဇီဇဝါပန်းရနံ့ကဲ့သို့ သင်းပျံ့သည့်မွှေးရနံ့က လေထုအတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေလေရာ လူအများသည် ထိုရနံ့ကိုအချိန်တခဏကြာခန့် ရှူရှိုက်ပြီးနောက် အိပ်မက်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည့်အလား ခံစားရစေသည်။

ရှန်လင်းလုံက သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်၏။သူမ၏ရှည်လျားသောမျက်တောင်များ အနည်းငယ်တုန်ရီနေကာ သူမ၏မက်မွန်သီးပုံမျက်လုံးတစ်စုံဖြင့် ရှကွေ့ကျုံးကို စူးစိုက်၍ကြည့်လိုက်သည်။

"နင်က ပိုပြီးတော့ အတင့်ရဲလာပြီ...နင်က တကယ်ကိုပဲ ဒီအရှင်မကို နင်ရဲ့ရုပ်သေးရုပ် ဖြစ်စေချင်တာလား"

ရှကွေ့ကျုံးက သူ၏ခေါင်းကိုငုံ့ကာ ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"အရှင်မက ရယ်စရာပြောနေပြန်ပြီ...ငါတို့ရှမိသားစုက အရှင်မအတွက် တာဝန်ထမ်းဆောင်ပေးနေတာပါ"

ရှန်လင်းလုံသည် သူမ၏ခေါင်းကို ခါယမ်းကာ ထပ်မံ၍အငြင်းပွားနေခြင်း မရှိတော့ချေ။သူမက နူးညံညင်သာစွာ ပြောဆိုလိုက်သည်။

"နင်လိုချင်တဲ့အရာ အတိအကျက ဘာလဲ...ငါကိုယ်တိုင် စစ်တပ်ကိုဦးဆောင်ပြီး တိုက်ခိုက်တယ်ဆိုတာက ကြားလို့တော့ကောင်းတယ်...ဒါပေမဲ့ အခုချိန်မှာ ငါကတော်ဝင်နန်းတော်နဲ့ အဝေးကြီးကို ရောက်နေပြီ...တော်ဝင်မြို့တော်မှာကျန်နေခဲ့တဲ့ အိမ်ရှေ့စံမင်းသားက မျိုးရိုးနာမည်မတူညီတဲ့ ဧကရီဖြစ်တဲ့ငါ့ကို ဖြုတ်ချဖို့ကြံစည်နေတာ အချိန်အတော်ကြာနေပြီ....မင်းသားစုသေသွားတာကြောင့် ကျိုးမိသားစုမှာ ကျန်နေတဲ့မင်းသားတွေအားလုံး စိတ်မအေးကြတော့ဘူး...တော်ဝင်မြို့တော်မှာ ငါ့ရဲ့စီမံအုပ်ချုပ်မှုမရှိဘူးဆိုရင် အနှေးနဲ့အမြန် တစ်ခုခုဖြစ်လာလိမ့်မယ်"

"ဒါက အမှန်ပဲ...ငါက သူတို့အားလုံးကို ဖရိုဖရဲဖြစ်စေချင်တယ်"

ရှကွေ့ကျုံး၏မျက်လုံးအတွင်း၌ သင်္ကေတအက္ခရာများ တဖျတ်ဖျတ်တောက်ပနေသည်ကို မြင်တွေ့နိုင်သည်။

ရှန်လင်းလုံက မျက်မှောင်ကြုတ်လိုက်၏။

"နင် ဘာတွေစဉ်းစားနေတာလဲ...ရှမိသားစုရဲ့ပိုင်ဆိုင်မှုအများစုက တော်ဝင်မြို့တော်မှာ ရှိနေတယ်...ငါက နင်တို့ရှမိသားစုကို ထောက်ပံ့ပေးနေတယ်ဆိုရင်တောင် နင့်ရဲ့ချမ်းသာကြွယ်ဝမှုနဲ့အခွင့်အာဏာတွေကို တခြားသူတွေဆီ ပေးပစ်ဖို့ နင် ဆန္ဒရှိနေတာလား"

"လောကကြီးထဲမှာ ဘာကိုမှ ခန့်မှန်းလို့မရဘူး...သေသွားပြီဆိုရင် ဒီအတိုင်း ထားခဲ့ရမှာပဲ..ငါ့ရဲ့အမြင်အရဆိုရင် တာယွီတော်ဝင်နန်းတွင်း ပြိုလဲပျက်စီးသွားဖို့ဆိုတာ အချိန်အတိုင်းအတာတစ်ခုပဲ လိုလိမ့်မယ်...စာပေသူတော်စင်သုံးယောက်က တော်ဝင်မြို့တော်ကနေထွက်သွားပြီးတော့ ပြင်ပလေဟာနယ်ကိုရောက်နေတာ အချိန်အတော်ကြာနေပြီ...သူတို့က တခြားလူတွေထက် ပိုပြီးသိမြင်နိုင်တာကြောင့် ဒီအစီအစဉ်တွေကိုဆွဲထားတာ အချိန်အတော်ကြာနေပြီ...ဒီလောကကြီးထဲမှာ ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေရှိနေတယ်"

"တာယွီကောင်းကင်ဘုံအင်ပါယာကို စောင့်ကြပ်ပြီးတော့ ပင်ပန်းနွမ်းနယ်လွန်ပြီး သေဆုံးရမယ့်အစား...ငါတို့ရဲ့ခွန်အားတွေကို ထိန်းသိမ်းထားပြီးတော့ လောကကြီး ဆင့်ကဲပြောင်းလဲလာတဲ့အချိန် ရောက်ရှိလာဖို့ကို စောင့်ဆိုင်းနေတာ ပိုကောင်းလိမ့်မယ်...ငါက ရှမိသားစုရဲ့အင်အားအများစုကို သိမ်းဆည်းထားပြီးပြီ...ဖရိုဖရဲကိစ္စတွေ ပွင့်အံ့ထွက်လာတော့မယ့် အချိန်ကျရင် တိုက်ပွဲအတွက် ပြင်ဆင်ပြီးတော့ စွမ်းအားတွေကိုထိန်းသိမ်းပြီး လောကကြီး ဆင့်ကဲပြောင်းလဲလာမယ့်အချိန်ကို စောင့်ဆိုင်းရမယ်"

"အဲ့ဒီအိမ်ရှေ့စံမင်းသားနဲ့ ကျိုးမိသားစုကမင်းသားတွေဆိုတာ နယ်ရုပ်လေးတွေသက်သက်ပဲ....ကျားတစ်သိုက်က နဂါးတစ်ကောင်ရဲ့ ဝါးမြိုတာကို ခံရတာနဲ့ အတူတူပဲ... ကြယ်တွေအားလုံး ကြွေကျသွားတဲ့အချိန်ကျရင် အဲ့ဒီလူတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားလိမ့်မယ်"

Chapter 3969

ရှကွေ့ကျုံး၏စကားများကို နားထောင်ပြီးနောက် ရှန်လင်းလုံ၏မျက်တောင်များ မသိမသာ တုန်ရီသွားသည်။သူမ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်မှာ သိသာထင်ရှားလှ၏။

"ဒီကိစ္စကို တခြားဘယ်သူတွေ သိထားသေးလဲ"

ရှန်လင်းလုံက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

ရှကွေ့ကျုံးက တည်ငြိမ်စွာတုံ့ပြန်လိုက်၏။

"ဒီလောကကြီးက ကြီးမားကျယ်ပြန့်ပေမယ့် သက်ရှိတွေအားလုံးက နယ်ရုပ်အပိုင်းအစလေးတွေပဲ...ကျားစေ့ကိုကိုင်ပြီး စကားပြောနိုင်တဲ့လူဆိုလို့ အများကြီးမရှိဘူး"

"မင်းနဲ့ငါကလွဲပြီးတော့ ထန်ဧကရာဇ်လီကျီးရှိတယ်...အဲ့ဒီလူက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို တိုက်ခိုက်တယ်ဆိုတာ ရှေးဟောင်းချန်အမ်းမြို့တော် ဘယ်နေရာမှာရှိလဲဆိုတာ ရှာချင်လို့ပဲ...ကြည့်ရတာတော့ သူက အဲ့ဒီနေရာကိုရှာတွေ့သွားတာကြောင့် စစ်တပ်ကို နောက်ဆုတ်ဖို့အမိန့်ပေးလိုက်ပုံရတယ်...တကယ်လို့ သူကအရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ ဆက်ပြီးနေမယ်ဆိုရင် အကန့်အသတ်မရှိတဲ့စစ်ပွဲတွေကို သူ တိုက်ခိုက်ရလိမ့်မယ်...သူက သူ့ကိုယ်သူ ဒီလိုမျိုးနစ်မြုပ်ခံမယ့် လူစားမျိုး မဟုတ်ဘူး"

"ကျိုးအင်ပါယာရဲ့ ကျီးမိသားစုကလည်း နံဘေးဘက်ကနေပြီး အမြဲစောင့်ကြည့်နေတယ်...ဒါပေမဲ့ သူတို့ရဲ့အခြေခံအုတ်မြစ်က ထန်အင်ပါယာထက်တောင် ပိုပြီးနက်ရှိုင်းတာကြောင့် ငါတို့က သူတို့ကို သတိထားပြီးစောင့်ကြည့်ရလိမ့်မယ်"

ရှန်လင်းလုံက မေးမြန်းသည်။

"ဗုဒ္ဓအရှင်က နင့်ကို ဒီလိုအရေးကြီးတဲ့ကိစ္စမျိုးတွေ ပြောခဲ့တာလား...ဗုဒ္ဓလောကရဲ့ထွက်ပေါ်လာမှုကလည်း သူကိုယ်တိုင်စီစဉ်ထားခဲ့တာလို့ ဆိုလိုတာမဟုတ်လား"

"မဟုတ်ဘူး"

ရှကွေ့ကျုံးက ခေါင်းမော့ကာ သူ၏မျက်လုံးအတွင်း၌ ဗုဒ္ဓအလင်းရောင်များ တဖျတ်ဖျတ်တောက်ပနေသည်။

"တကယ်လို့ ငါက ဗုဒ္ဓလောကထွက်ပေါ်လာမှာကို ခွင့်မပြုဘူးဆိုရင်...ဗုဒ္ဓလောကက စိတ်ဝိညာဥ်တောင်ထဲမှာပဲ အမြဲတမ်းဖိနှိပ်ခံထားရလိမ့်မယ်...သူတို့ လှုပ်ရှားနိုင်မှာ မဟုတ်ဘူး"

"ငါက ဗုဒ္ဓကျင့်ကြံနည်းစနစ်တွေကို သင်ယူခဲ့ပေမယ့် ဗုဒ္ဓဂိုဏ်းဝင်တစ်ယောက် မဟုတ်ဘူး...ဗုဒ္ဓအရှင်က အစွမ်းထက်တယ်ဆိုပေမယ့် သူကလည်း နယ်ရုပ်တစ်ရုပ်ပဲ"

"ငါက သူတို့စွမ်းဆောင်နိုင်တဲ့အရာထက် အများကြီးပိုမြင်ထားတယ်"

....

ရှီးလျန်မြို့...

လက်ဝဲစစ်တပ်နယ်မြေ၏ အုပ်ချုပ်သူအရှင်အိမ်တော်...

"အရှင်...တော်ဝင်နန်းတွင်းကနေ သတင်းစကားတစ်ခု ပို့လိုက်ပါတယ်...သူတို့က အရှင့်ကို အရှေ့အောင်နိုင်ခြင်းကြယ်မြစ် အုပ်ချုပ်သူအရှင်ရာထူးကို တိုးမြင့်ပေးတာကြောင့် အရှင်က တော်ဝင်စစ်ရေးဌာနရဲ့ ဒုတိယအဆင့်အရာရှိဖြစ်သွားပြီ"

"အရှင့်ကို ဂုဏ်ပြုပါတယ်...အခုချိန်မှာ အရှင်က တော်ဝင်နန်းတွင်းတစ်ခုလုံးရဲ့ အသက်အငယ်ဆုံး အုပ်ချုပ်သူအရှင်ပဲ"

သူတို့သည် လုယွီ၏နောက်လိုက်များပင်။လုယွီ၏အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ သူတို့၏အဆင့်အတန်းသည်လည်း မြင့်မားလာပေမည်။

မဟာစစ်ဗိုလ်ချုပ်တချို့ကို ဥပမာယူ၍ ကြည့်ကြပါစို့။သူတို့၏ပါရမီအရည်အချင်းသည် အကန့်အသတ်ရှိသဖြင့် အသက်အရွယ်ရလာချိန်တွင် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ကို မြှင့်တင်နိုင်စွမ်း မရှိတော့ချေ။

သို့ရာတွင် အင်ပါယာ၏ကံကြမ္မာစွမ်းအားမှကောင်းချီးပေးမှုကြောင့် သူတို့သည် ထိုစွမ်းအားကို မှီခိုအားထားကာ သူတို့၏အကန့်အသတ်ကိုချိုးဖျက်ပြီး ပို၍မြင့်မားသောကျင့်ကြံဆင့်နယ်ပယ်သို့ တက်လှမ်းနိုင်သည်။

လုယွီထံ၌ အခွင့်အာဏာ ပို၍ကြီးမားလာလေလေ သူတို့အတွက် အခွင့်အရေးများ ပို၍ရရှိလာလေလေပင်။

"ဘာလို့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အုပ်ချုပ်သူအရှင်ရာထူး ဖြစ်နေတာလဲ...ဒီကိစ္စမှာ အခက်အခဲတချို့ရှိနေမှာကို ငါ စိုးရိမ်မိတယ်"

တခြားသူများအားလုံး ချီးမွမ်းဂုဏ်ပြုနေကြစဉ်တွင် ပေါင်လုံတုသည် နက်နက်နဲနဲ စဉ်းစားတွေးတောနေသည့်အလား မျက်မှောက်ကြုတ်ထားလေ၏။

လုယွီက မေးမြန်းသည်။

"လုံတု....မင်း ဘာပြောချင်တာလဲ"

ပေါင်လုံတုက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုသည်။

"အရှင်...ဒီလက်အောက်ငယ်သားက အတင့်ရဲမိတဲ့အတွက် ခွင့်လွှတ်ပေးပါ...အရှေ့အောင်နိုင်ခြင်းကြယ်မြစ် အုပ်ချုပ်သူအရှင်ရာထူးက လုပ်ဆောင်ဖို့ လွယ်ကူတဲ့ နေရာမျိုးမဟုတ်ဘူး"

"အရင်တုန်းက ငါ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးရာထူးကို ထမ်းဆောင်ခဲ့တဲ့အချိန်မှာ...ချမ်းသာကြွယ်ဝပြီးတော့ အစွမ်းထက်တဲ့မိသားစုတွေ အများကြီးက နေရာတနေရာမှာ အမြှစ်တွယ်နေတာကို ငါ ရှာတွေ့ခဲ့တယ်...အမှန်ပြောရမယ်ဆိုရင် သူတို့ရဲ့နောက်မှာ ချီဘုရင် ရှိနေတယ်...အတိတ်မှာတုန်းက ဝမ်မူကျီးက အရမ်းမောက်မာထောင်လွှားခဲ့ပေမယ့်....သူ လောဘတကြီးစုဆောင်းခဲ့တဲ့ အခွန်အခတွေထဲက များပြားတဲ့ပမာဏကို ချီဘုရင်ဆီကို တိတ်တဆိတ် လွှဲပြောင်းပေးနေရတယ်"

"ချီဘုရင်က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးကို သူ့ရဲ့ကိုယ်ပိုင်နယ်မြေလို့ ယူဆထားတယ်...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာရှိတဲ့ အင်အားစုတွေက တစ်ခုနဲ့တစ်ခု ပတ်သက်ဆက်နွယ်နေပြီးတော့ သူတို့ရဲ့နောက်မှာ ချီဘုရင်ရဲ့အရိပ်အယောင်တွေ ရှိနေတယ်....အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ အရင်အုပ်ချုပ်သူအရှင်က ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ခုပဲ...သူက ခုလိုမျိုး ရုတ်တရက်သေဆုံးသွားတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး... အရာရှိအသိုင်းအဝိုင်းမှာ ဒီကိစ္စက အရမ်းဝေဝါးပြီးတော့ သံသယတွေနဲ့ ပြည့်နှက်နေတယ်"

လုကျင်းရှန့်က အံ့အားတသင့် ပြောဆိုလိုက်၏။

'အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ အုပ်ချုပ်သူအရှင်ကို ချီဘုရင်က သတ်လိုက်တယ်လို့ မင်း သံသယဝင်နေတာလား"

"အဲဒီလိုဖြစ်နိုင်ချေ အရမ်းများတယ်"

ပေါင်လုံတုက တင်းမာခက်ထန်စွာ ပြောဆိုသည်။

"သွားလေသူ ဧကရာဇ်သက်ရှိထင်ရှားရှိစဉ်အချိန်တုန်းက နယ်မြေခံဘုရင်တွေရဲ့အခွင့်အာဏာတွေ အားနည်းသွားစေဖို့အတွက်...ကြယ်မြစ်တစ်ခုစီမှာ အုပ်ချုပ်သူအရှင်တစ်ယောက်ကို ခန့်အပ်ထားခဲ့တယ်... အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ အုပ်ချုပ်သူအရှင်က မြင့်မားတဲ့အခွင့်အာဏာကို ရထားပြီးတော့ စစ်ရေး လူမှုရေးနဲ့ စီးပွားရေးတွေအားလုံးက အုပ်ချုပ်ရေးရုံးတော်ရဲ့လက်ထဲမှာ ရှိနေတယ်...တကယ်လို့ ချီဘုရင်က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို အပြည့်အဝထိန်းချုပ်ချင်တယ်ဆိုရင် သူက အုပ်ချုပ်သူအရှင်ကို ရှင်းထုတ်ဖို့ လိုအပ်တယ်...တကယ်လို့ သူက အဲ့ဒီဆူးတစ်ချောင်းကို မဖယ်ထုတ်ဘူးဆိုရင် သူ ဘာပဲလုပ်လုပ် အများကြီးထိန်းချုပ်ကန့်သတ်ခံနေရလိမ့်မယ် "

"အစကတော့ မူမမှန်တဲ့အရာဆိုလို့ တစ်ခုကိုမှ ငါ သတိမထားမိဘူး...ဒါပေမဲ့ နောက်ပိုင်းမှာ ချီဘုရင်က ရှေ့တန်းမှာရှိတဲ့ စစ်သည်တွေအားလုံးကို အရှုံးပေးဖို့ သူကိုယ်တိုင် အမိန့်ထုတ်ပြန်လိုက်တာကို ငါ မြင်တွေ့ခဲ့ရတယ်...အဲ့ဒီအချိန်ကျမှ ချီဘုရင်ရဲ့ရည်မှန်းချက်က ကြီးမားတယ်ဆိုတာ ငါ သိခဲ့ရတယ်"

Chapter 3970

ပေါင်လုံတုသည် လုယွီကိုကြည့်ကာ ပြောဆိုလိုက်၏။

"တော်ဝင်နန်းတွင်းက အရှင့်ကို အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အုပ်ချုပ်သူအရှင်ရာထူးကို တိုးမြှင့်ပေးတာက ချီဘုရင်ကို စောင့်ကြည့်ဖို့အတွက် ဖြစ်နိုင်တယ်...ဒါပေမဲ့ တကယ်လို့ ချီဘုရင်က ကိစ္စကြီးတစ်ခုကို လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် သူက ပထမဆုံးအနေနဲ့ အရှင်လုကို ရှင်းထုတ်လိမ့်မယ်"

လုကျင်းရှန့်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ဒါဆိုရင် ဒါက အရှင့်ကို မီးတွင်းထဲ တမင်သက်သက် တွန်းပို့တာ မဟုတ်ဘူးလား"

တခြားမဟာစစ်ဗိုလ်ချုပ်များသည်လည်း အသိစိတ်ပြန်ဝင်လာကြလေ၏။

ချီဘုရင်သည် အုပ်ချုပ်သူအရှင်ရာထူးကို ယာယီရယူထားခဲ့သည်။အကယ်၍ လုယွီသည် အုပ်ချုပ်သူအရှင်ရာထူးကို လွှဲပြောင်းယူလိုက်ပါက ချီဘုရင်ထံမှအခွင့်အာဏာကို ခွဲခြမ်းယူလိုက်သည်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။

ဤသည်မှာ လုယွီနှင့်ချီဘုရင်အကြား၌ အလွန်ကြီးမားသောရန်ငြိုးများ ဖြစ်ပွားသွားစေနိုင်သည်။ထို့ပြင် ယခင်က လုယွီသည် ချီဘုရင်၏အမိန့်တော်ကို ထပ်ခါတလဲလဲ ဖီဆန်ခဲ့သဖြင့် ချီဘုရင်၏စိတ်မကျေမနပ်ဖြစ်မှုများ မြင့်တက်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

လုယွီက သူ၏လက်ချောင်းများဖြင့် စားပွဲကိုခေါက်ကာ အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်၏။

"စစ်သားတွေ ရောက်လာရင် စစ်ဗိုလ်ချုပ်တွေလည်း ရောက်လာမှာပဲ...တကယ်လို့ ချီဘုရင်က ငါ့ရဲ့လက်ထဲက အခွင့်အာဏာကို ယူချင်တယ်ဆိုရင် သူ့မှာ ခွန်အားရှိမရှိပေါ် မူတည်တယ်"

"နောက်ထပ်ကတော့ ပုန်းကွယ်နဂါးစစ်တပ်က ရှီးလျန်ကြယ်နယ်မြေပေါ်မှာ လေ့ကျင့်ရေးဆင်းပြီးတော့ စစ်သားအသစ်တွေကို ထပ်ပြီးခေါ်ယူရမယ်...ငါတို့က အနည်းဆုံး တပ်ရင်းလေးရင်းလောက်အထိ ထပ်ပြီးချဲ့ထွင်မယ်...စစ်သားတွေကိုခေါ်ယူတဲ့နေရာမှာ အရင်ဆုံး သူတို့ရဲ့ခွန်အားကိုမကြည့်ခင် သူတို့ရဲ့ရှေ့အလားအလာကို ကြည့်ရမယ်...တကယ်လို့ ပါရမီရှင်တစ်ယောက်မှာ ဘာအတွေ့အကြုံမှ မရှိဘူးဆိုရင်တောင် အဲ့ဒီလူကို ရာထူးတိုးပေးရမယ်...တပ်ရင်းတစ်ခုဆီမှာရှိတဲ့ တပ်မှူးတွေနဲ့စစ်ဗိုလ်ချုပ်တွေက မင်းတို့ရဲ့ကိုယ်ပိုင်တပ်ရင်းတွေကို ဦးဆောင်ပြီးတော့ ကျူးကျော်လာတဲ့ လေဟာနယ်ဓားပြတွေကို အမြစ်ပြတ်သုတ်သင်ရမယ်...နတ်ဆိုးဂိုဏ်းနဲ့တခြားကျင့်ကြံခြင်းဂိုဏ်းတွေထဲက အုပ်ချုပ်ရေးအဖွဲ့ရဲ့အခွင့်အာဏာကို မလိုက်နာတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်ရမယ်"

"အရှင်ရဲ့အမိန့်ကို နာခံပါ့မယ်"

စစ်ဗိုလ်ချုပ်များက တုံ့ပြန်သည်။

ဖေးထျန်ကွမ်းဦးဆောင်သော ကောင်းကင်ကွန်ယက်မှ သူလျှိုအရေအတွက်သည် ယခင်ထက် သုံးဆခန့် ပို၍များပြားလာလေပြီ။သူတို့သည် ချီဘုရင်၏တည်နေရာကို အာရုံစိုက်၍စုံစမ်းခြင်းအပြင် ဗုဒ္ဓလောကနှင့်ကျီးမိသားစု တို့၏ အကြောင်းများကိုလည်း စုံစမ်းနေကြသည်။

လုယွီသည် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် ပြောဆိုလိုက်၏။

"ဒါ့ပြင် သူလျှိုတွေကိုပေးတဲ့ အကျိုးကျေးဇူးတွေအားလုံးကို အရင်ထက် ငါးဆမြှင့်တင်လိုက်ပြီ...သူတို့က ငါ့အတွက် အလုပ်လုပ်ပေးနေမှတော့ ငါက သူတို့ကိုကူညီပြီး သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးရမယ်...ကောင်းကင်ကွန်ယက်ရဲ့လက်အောက်မှာရှိတဲ့ သူလျှိုတွေနဲ့ဆက်စပ်နေတဲ့ ဆွေမျိုးတွေအားလုံး စစ်တပ်ရဲ့အထောက်အပံ့တွေကို ခံစားခွင့်ရှိတယ်..သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်"

"ဒီလက်အောက်ငယ်သားက အမိန့်ကို နာခံပါ့မယ်"

ဖေးထျန်ကွမ်းက ရိုသေလေးစားစွာ ပြောဆိုသည်။

"အရှင်...တော်ဝင်အမိန့်တော်ကို ထုတ်ပြန်မယ့် မိန်းမစိုးတွေ ရောက်လာပါပြီ"

ထိုအချိန်မှာပင် အစောင့်တစ်ယောက်၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"အင်း...သူတို့ကို အရင်ဆုံး အပြင်မှာစောင့်ခိုင်းထားလိုက်အုံး"

ယခုလက်ရှိချိန်တွင် လုယွီသည် တခြားလူများ၏မျက်နှာအမူအယာကိုကြည့်ရန်မလိုအပ်တော့ချေ။

သူ၏လက်အတွင်း၌ စစ်သည်အင်အားအမြောက်အများရှိနေသဖြင့် အကယ်၍ တော်ဝင်အမိန့်တော်ကို လာရောက်ပေးအပ်သူများအား စောင့်ဆိုင်းခိုင်းလျှင်ပင် မည်သူကစကားတစ်ခွန်း ပြောဆိုဝံ့မည်နည်း။

အချိန်တစ်နာရီခန့်ကြာပြီးနောက် လုယွီသည် စစ်တပ် အုပ်ချုပ်ရေးနှင့် စီးပွားရေးကိစ္စများအတွက် အစီအစဉ်များကို ပြုလုပ်၍ပြီးစီးသွားကာ နောက်ဆုံး၌ သူ မတ်တတ်ထရပ်လိုက်သည်။

လုယွီသည် လက်ဝဲစစ်တပ်နယ်မြေရုံးတော်၏ဧည့်ခန်းထံသို့ ရောက်ရှိသွားချိန်၌ သူ့အား အချိန်အတော်ကြာ စောင့်ဆိုင်းနေသော မိန်းမစိုးသုံးယောက်ကို တွေ့မြင်မိသည်။

"ကုန်းကုန်းတို့...ငါက မင်းတို့ကို အချိန်အကြာကြီး စောင့်ခိုင်းခဲ့မိတယ်"

လုယွီက အခန်းအတွင်းသို့ ဝင်ရောက်သွားကာ ပြောင်ပြောင်တင်းတင်း ပြောဆိုသည်။

သူသည် အတိုင်းအတာတစ်ခုထိ အဆင့်အတန်း မြင့်မားနေလေပြီ။သူ့ထံတွင် အခွင့်အာဏာရှိနေသဖြင့် တော်ဝင်နန်းတွင်းမှမိန်းမစိုးများနှင့် ရင်ဆိုင်ရသောအချိန်တွင် သူ၏သြဇာအာဏာကြီးမားသော ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

မမျှော်လင့်ဘဲ ထိုမိန်းမစိုးအုပ်စုကိုဦးဆောင်သော အနီရောင်ဝတ်စုံဝတ်မိန်းမစိုးက မတ်တတ်ထရပ်ကာ တောင်းပန်သည့်အပြုံးဖြင့် ပြောဆိုသည်။

"အရှင်လုက ဘယ်လိုပြောလိုက်တာလဲ...အရှင်က စစ်ရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာလေ...ငါတို့က မင်းကို အနောက်အယှက်ပြုမိတဲ့အတွက် တောင်းပန်ပါတယ်...မင်းရဲ့အလုပ်ကိစ္စတွေက ပိုပြီးအရေးကြီးတယ်လေ"

ဤမိန်းမစိုးသုံးယောက်သည် အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ရသည့်တိုင် ဒေါသထွက်ပုံမရသည့်အတွက် လုယွီ အနည်းငယ်အံ့အားသင့်သွားသည်။ထိုအစား သူတို့ထံတွင် မျက်နှာချိုသွေးသော အမူအယာမျိုးပင် ရှိနေလေ၏။

အနီရောင်ဝတ်စုံဝတ်မိန်းမစိုးက တော်ဝင်အမိန့်တော်တစ်ခုကို လုယွီထံသို့ လက်ကမ်းပေးသည်။ထို့နောက် သူက အပြုံးနှင့်ပြောဆိုသည်။

"အရှင်လုကို ဂုဏ်ပြုပါတယ်...အရှင်က ဒီနေ့ကနေစပြီးတော့ တော်ဝင်နန်းတွင်းရဲ ဒုတိယအဆင့်အရာရှိတစ်ယောက် ဖြစ်သွားပြီ...အရှင့်မှာ ထူးချွန်တဲ့စစ်ရေးအောင်မြင်မှုတွေနဲ့ မြင့်မားတဲ့ပါရမီအရည်အချင်းတွေ ရှိနေတာကြောင့် အရှင်ရဲ့အနာဂတ်က အကန့်အသတ်ရှိမှာ မဟုတ်ဘူး"

"ကုန်းကုန်းတို့ ပင်ပင်ပန်းပန်း ကြိုးစားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...အရင်ဆုံး အနားယူလိုက်ကြပါအုံး"

လုယွီက ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုသည်။

အနီရောင်ဝတ်စုံဝတ်မိန်းမစိုးက သူ့၏လက်ကို ဝှေ့ယမ်းပြကာ ရိုသေလေးစားစွာ ပြောဆိုလိုက်၏။

"ဒီအစေခံတွေက အခုပဲ ထွက်သွားပါတော့မယ်... ငါတို့က ပြန်ပြီးသတင်းပို့ဖို့ လိုအပ်နေတုန်းပဲ..ဒီနေရာကိုမလာခင် အရှင်လုကို သေသေချာချာနှုတ်ဆက်ဖို့ ဘိုးဘေးက အမှာစကားပါးလိုက်ပါတယ်....အရှင်လု အဆင်ပြေနေတာမြင်တော့ ငါ စိတ်သက်သာရာရသွားပါပြီ"

လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။

"မင်းတို့ကို မိန်းမစိုးဝေ့က ဒီနေရာဆီ လွှတ်လိုက်တာလား"

All Chapters