အခန်း (၃၉၇၁-၃၉၇၅)
Vol. 202 Ch. 3971-3975
Chapter 3971
မိန်းမစိုးများမှနေ၍ ဘိုးဘေးဟု ခေါ်ဆိုသုံးနှုန်းသောလူမှာ တစ်ယောက်သာရှိသည်။ထိုလူသည် တော်ဝင်နန်းတွင်း၏ အတွင်းနန်းဆောင်ကို စောင့်ကြပ်သည့် တော်ဝင်စာပေနှင့်ယဉ်ကျေးမှုဌာန၏မိန်းမစိုးချုပ်ကြီး ဝေ့ကျုံးပင်။
ဝေ့ကျုံးသည် ယခင်က ကောင်းကင်ဧကရာဇ်ထိုက်ချန်၏ ယုံကြည်ရသောမိန်းမစိုးတစ်ယောက်ဖြစ်သည်။တချိန်က သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်၏ကိုယ်စား ကြီးမားသောကိစ္စများစွာကို ပြုလုပ်ခဲ့ရသည်။ သူ၏အခြေခံအုတ်မြစ်သည် တော်ဝင်နန်းတွင်း၌ နက်ရှိုင်းစွာအမြစ်တွယ်နေလေပြီ။
ရှန်လင်းလုံသည် တာယွီအင်ပါယာ၏ ဧကရာဇ်ပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့သည့်တိုင် ဝေ့ကျုံး၏နေရာသည် ကျောက်ဆောင်ကြီးတစ်ခုကဲ့သို့ ခိုင်မြဲနေကာ သူ၏အဆင့်အတန်းသည် အနည်းငယ်မျှ လျော့ပါးသွားခြင်းမရှိချေ။
သူသည် တော်ဝင်နန်းတွင်း၏အတွင်းနန်းဆောင်ကို စောင့်ကြပ်ကာ တံခါးမှူးတစ်ယောက်ကဲ့သို့ တာဝန်ယူခဲ့သည်။
ပြောရမည်ဆိုလျှင် ယခင်က ဝေ့ကျုံးသည် မြင့်မြတ်နယ်မြေတစ်ခု၏ မြင့်မြတ်အရှင်သခင်တစ်ယောက်ပင်။နောက်ပိုင်းတွင် သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်၏ သိမ်းသွင်းခြင်းကိုခံရပြီးနောက် တာယွီအင်ပါယာအပေါ် သစ္စာစောင့်သိခဲ့သည်။ဝေ့ကျုံးသည် တော်ဝင်နန်းတွင်းကို စောင့်ကြပ်နေစဉ်ကာလအတွင်း၌ တချို့လူများသည် ပြစ်မှုများကျူးလွန်ရန်အတွက် နန်းတွင်းသို့ ခိုးဝင်လိုကြသည်။သို့ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်ရက် ပြန်လည်ထွက်ခွာသွားနိုင်ခြင်းမရှိချေ။
အတွင်းနန်းဆောင်ရှိ မိန်းမစိုးများအကြားတွင် ဝေ့ကျုံးသည် ဒဏ္ဍာရီကြီးတစ်ခုပင်။
သို့ရာတွင် သူသည် ဝေ့ကျုံးနှင့် ယခင်က တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံခဲ့ဖူးခြင်းမရှိကြောင်း လုယွီက အမှတ်ရမိသည်။
သူတို့နှစ်ယောက်သည် အမှန်တကယ်အားဖြင့် သူစိမ်းများပင်။
မည်သည်ကြောင့် တော်ဝင်နန်းတွင်း၏အတွင်းနန်းဆောင်၌ နက်ရှိုင်းစွာခြေကုတ်ယူထားနိုင်သော မိန်းမစိုးချုပ်သည် ရုတ်တရက်ကြီး သူ့အား လာရောက်နှုတ်ဆက်ရသနည်း။
"ငါ တော်ဝင်မြို့တော်ကို ပြန်ရောက်လာတဲ့အချိန်ကျရင်....ငါကိုယ်တိုင် မိန်းမစိုးဝေဆီကို အလည်အပတ် လာရောက်ပါ့မယ်"
လုယွီက ပြောဆိုသည်။
အနီရောင်ဝတ်စုံမိန်းမစိုးသည် အလွန်ပျော်ရွှင်သွားပေ၏။
"ဒါက အရမ်းကောင်းတာပဲ...ငါက ပြန်သွားပြီးတော့ ဘိုးဘေးကို ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းပို့လိုက်ပါ့မယ်"
မိန်းမစိုးများသည် ဤနေရာ၌ အချိန်ကြာမြင့်စွာနေခြင်းမရှိဘဲ အလျှင်အမြန် ပြန်လည် ထွက်ခွာသွားတော့သည်။
လုယွီသည် သူ၏လက်ဖြင့် တော်ဝင်အမိန့်တော်ကို ဆုပ်ကိုင်ကာ ဖြည်းညှင်းစွာဖြန့်လိုက်၏။ ရုတ်တရက် ထိုအမိန့်တော်မှနေ၍ အလွန်ကြီးမားသော တော်ဝင်စွမ်းအားများ ပွင့်အံ့ထွက်လာသည်။
တော်ဝင်အမိန့်တော်မှနေ၍ ရွှေရောင်ကံကြမ္မာနဂါးတစ်ကောင် ရုတ်တရက်ပျံသန်းထွက်လာကာ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ရင်ဘတ်မှနေ၍ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ဧည့်ခန်းအတွင်းတွင်ရှိနေသော စားပွဲခုံများနှင့်ကုလားထိုင်များအားလုံး တစ်ခုပြီးတစ်ခု ကြေမွှပျက်စီးသွားကာ ပြင်းထန်သောအားလှိုင်းတစ်ရပ်က လေထုအတွင်း၌ ပျံ့နှံ့သွားသည်။
လုယွီက သူ၏စိတ်ဝိညာဥ်စွမ်းအား စုပ်ယူမှုအရှိန်နှုန်း ပို၍မြင့်တက်လာသည်ကို ခံစားမိလေ၏။
တာယွီအင်ပါယာ၏ အဆင့်နှစ်အရာရှိတစ်ယောက် ခံစားရသော ကံကြမ္မာစွမ်းအားသည် ယခင်ထက် အဆတစ်ရာခန့် ပို၍မြင့်တက်သွားသည်။
သာမန်အခြေအနေတွင် သူ၏စိတ်ဝိညာဥ်စွမ်းအား စုပ်ယူမှုနှုန်းသည် ကြောက်မက်ဖွယ်ကောင်းသည်အထိ လျှင်မြန်ပြီးဖြစ်သည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ၏စိတ်ဝိညာဉ်စွမ်းအားစုပ်ယူမှုအရှိန်နှုန်း ပို၍မြင့်တက်လာသဖြင့် သူ တစ်ရက်ခန့်ကျင့်ကြံခြင်းသည် တခြားသူများ ပြင်းပြင်းထန်ထန် ရက်တစ်ရာခန့် ကျင့်ကြံသည်နှင့် တူညီသွားပေမည်။
ဤသည်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်နှုန်းပင်။
ထို့ပြင် လုယွီ၏ကျင့်ကြံနည်းစနစ်များသည် အလွန်အမင်း နက်နဲသိမ်မွေ့ပေ၏။ထိုသို့မဟုတ်ဘဲ အကယ်၍ သူ့နေရာတွင် တခြားတစ်ယောက်ဖြစ်နေပါက ဤကဲ့သို့ စိတ်ဝိညာဥ်စုပ်ယူမှုအရှိန်နှုန်းကိုကြည့်ပြီး အလွန်ထိတ်လန့်တုန်လှုပ်သွားပေမည်။
ဤသည်ကြောင့် ကျင့်ကြံသူအမြောက်အများသည် သူတို့၏ခေါင်းများကိုငုံကာ တာယွီကောင်းကင်ဘုံအင်ပါယာ၏ အဆင့်မြင့်အရာရှိရာထူးကိုရရှိရန် ခက်ခက်ခဲခဲ ကြိုးစားနေကြခြင်းပင်။
ဤကဲ့သို့ ကျင့်ကြံမှုအရှိန်နှုန်းမျိုးကို မလိုချင်သူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ချေ။
ကျင့်ကြံသူတစ်ယောက်ဖြစ်ရန်မှာ ခက်ခဲသည့်အပြင် အစွမ်းထက်ပြီးအဆင့်မြင့်သော ကျင့်ကြံသူတစ်ယောက်ဖြစ်ရန်မှာ ပို၍ပင်ခက်ခဲသည်။
ကြီးကျယ်ခမ်းနားသော စိတ်ဝိညာဥ်စွမ်းအားများသည် နဂါးဖြူတစ်ကောင်အလား လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေသည်။
တလိမ့်လိမ့်ထနေသော စိတ်ဝိညာဉ်စွမ်းအားများသည် မြစ်ရေများအလား သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီဒါန်းများအားလုံး၌ စုဝေးနေသည်။သူ၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအားများဖြင့်ပြည့်နှက်နေကာ သူ၏အရှိန်အဝါသည်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည်ကို လုယွီက ခံစားမိလေ၏။ထို့ကြောင့် သူ ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်တော့သည်။
လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထက်ရှသောဓားတစ်စင်းအလား မိုးကောင်းကင်ယံအတွင်းသို့ ထိုးတက်သွားသည်။
လက်ဝဲစစ်တပ်နယ်မြေ အုပ်ချုပ်သူအရှင်အိမ်တော်၏ အထက်ကောင်းကင်ယံတွင် တိမ်မည်းများ ရုတ်တရက်ပြည့်နှက်သွားသည်။ထူထပ်သိပ်သီးသော တိမ်တိုက်များအကြားတွင် လျှပ်စီးမိုးကြိုးလှိုင်းများ တဖျတ်ဖျတ်တောက်ပနေကာ မိုးခြိမ်းသံများက မိုးကောင်းကင်ယံတခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။
လုယွီသည် မိုးကောင်းကင်ယံအတွင်းသို့ ခြေချမိချိန်တွင် အလွန်ကြီးမားသော ဖိအားအရှိန်အဝါတစ်ရပ်က သူ့ထံတိုးဝင်လာသည်ကို ခံစားမိလေ၏။ဤအချိန်အခိုက်အတန့်တွင် တစ်စုံတစ်ယောက်၏စိတ်နှလုံးသားသည် မည်မျှထိ သန်မာအားကောင်းသည်ဖြစ်စေ ဆုံးရှုံးမှုနှင့်ထိတ်လန့်ကြောက်ရွံမှုစသော ခံစားချက်မျိုးကို ခံစားရပေမည်။
ဤသည်မှာ စိတ်ဝိညာဉ်၏အနက်ရှိုင်းဆုံးနေရာမှလာသော ကြောက်ရွံ့မှုပင်။
ပြင်းထန်သော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများအောက်တွင် အမှုန်အမွှားများဖြစ်သွားခဲ့ရသည့် ကျင့်ကြံသူအမြောက်အများရှိသည်။
လုယွီ၏စိတ်လှုပ်ရှားသွားသည်။ရုတ်ချည်းဆိုသလိုပင် သူ၏စိတ်နှလုံးသားသည် ရေကဲ့သို့တည်ငြိမ်သွားကာ မိုးကောင်းကင်ယံအတွင်းရှိ မြင့်မားသောတစ်နေရာသို့ ပျံသန်းသွားလိုက်၏။
လေပြင်းများက သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်းတိုက်ခတ်နေသည်။လုယွီသည် သူ၏စိတ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းကာ ဘုန်းတော်ကြီးအိုတစ်ပါးအလား ထိုင်နေပြီးနောက် သူ၏စိတ်သည် သာမန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ်သွားလေ၏။
Chapter 3972
ဝုန်း...
ကောင်းကင်ဘုံမိုးကြိုးလှိုင်းများ ကျရောက်လာသည်နှင့်အတူ အလွန်ကျယ်လောင်သောအသံကြီးတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
လုယွီသည် မိုးကောင်းကင်ယံအတွင်းရှိ မီတာကိုးထောင်အမြင့်၌ ပျံသန်းနေကာ သူ၏နံဘေးပတ်ဝန်းကျင်ကို ထူထပ်သိပ်သည်းသော မိုးကြိုးတိမ်တိုက်များ လွှမ်းခြုံနေသည်။
ခရက်...ခရက်....
လျှပ်စီးမိုးကြိုးလှိုင်းများ လုယွီ၏ခန္ဓာကိုယ်ကိုရိုက်ခတ်မိချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်၌ အနီရောင်အရာရှိဝတ်စုံ ရုတ်တရက်ထွက်ပေါ်လာသည်။ထိုအရာသည် ကြေးနီရောင်ခြင်္သေ့တစ်ကောင်နှင့်တူညီကာ ကြည့်ရသည်မှာ အလွန်ကြီးကျယ်ခမ်းနားသည်။လျှပ်စီးမိုးကြိုးလှိုင်းများသည် ထိုအရာရှိဝတ်စုံ၏ ပိတ်ဆို့ဟန်တားမှုကြောင့် လုယွီ၏အနီးသို့ ချဉ်းကပ်နိုင်ခြင်းမရှိတော့ချေ။
ဤသည်မှာ ငြိမ်းချမ်းရေးဗုဒ္ဓဝတ်ရုံဖြစ်ပြီး တော်ဝင်နန်းတွင်း၏ အတွင်းနန်းဆောင်မှ ဖန်တီးထားခြင်းပင်။ဤဝတ်စုံကို တတိယအဆင့်နှင့်အထက် အရာရှိများအတွက် အထူးသီးသန့် ပြုလုပ်ပေးထားခြင်းဖြစ်ပေ၏။
ဤဝတ်ရုံကို နဂါးအကြောမျှင်ပိုးချည်နှင့် ပြုလုပ်ထားကာ ထိုပိုးချည်ကို နတ်ဆိုးဧကရာဇ်နယ်ပယ်တွင်ရှိသော ပိုးကောင်ထံမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ဤသည်မှာ မှော်လက်နက်များနှင့်မီးဒဏ်ကို ခုခံကာကွယ်နိုင်စွမ်း အလွန်အမင်းမြင့်မားသည်။
ဤသည်မှာ သာမန်နေ့ရက်များတွင် ဝတ်ဆင်ရန်မလိုအပ်သော ထိပ်တန်းအဆင့် မှော်ရတနာတစ်ခုပင်။တစ်စုံတစ်ယောက်သည် ဤအရာကို သူ့၏ခန္ဓာကိုယ်ပေါ်၌ ဝတ်ဆင်ရန်အတွက် ဆင့်ခေါ်ရန်မှာ အတွေးတချက်သာလိုအပ်ပေ၏။
ပတ်ဝန်းကျင်ကိုကြည့်ပါက အကန့်အသတ်မရှိသော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများသည် အရပ်မျက်နှာအဘက်ဘက်မှ ကျဆင်းနေကာ လုယွီကို ရိုက်ခတ်မိတော့လုနီးပါးပင်။
ငြိမ်းချမ်းရေးဗုဒ္ဓဝတ်စုံ၏ ကာကွယ်ပေးမှုရှိသည့်တိုင် လုယွီ၏ခန္ဓာကိုယ်ကို ပြင်းထန်သောလျှပ်စီးမိုးကြိုးများက ရိုက်ခတ်နေဆဲပင်။
သို့ရာတွင် ပြင်ပအားလှိုင်းများသည် ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိစေရုံသာရှိသည်။
ထိုကပ်ဘေးမိုးကြိုးများတွင် အတွင်းစိတ်နတ်ဆိုးများ၏ ဝိုးတဝါးပုံရိပ်များနှင့် ပြည့်နှက်နေကာ လုယွီ၏စိတ်နှလုံးသားကို အဆက်မပြတ် တိုက်စားနေသည်။
သေမျိုးလောကအတွင်း၌ အကယ်၍ တစ်စုံတစ်ယောက်သည် မိုးကြိုးပစ်ခတ်ခြင်းကြောင့် ထိတ်လန့်ကြောက်ရွံ့ပါက ရက်အနည်းငယ်ကြာသည်အထိ ထိတ်လန့်တကြားအခြေအနေ၌ ရှိနေပေမည်။သူတို့သည် ကောင်းမွန်စွာ စားနိုင်အိပ်နိုင်ခြင်း ရှိမည်မဟုတ်ချေ။သူတို့သည် နားဝေတိမ်တောင်ဖြစ်နေကာ မည်ကဲ့သို့ ပြုလုပ်ရမည်ကို သိရှိတော့မည်မဟုတ်ပေ။
ကျင့်ကြံသူများသည် မှော်စွမ်းအားများကို ပိုင်ဆိုင်ထားသည့်တိုင် ကောင်းကင်နှင့်မြေပြင်၏အထွတ်အမြတ်စွမ်းအားရှေ့တွင် နှိုင်းယှဉ်ပြစရာမရှိသည်အထိ အလွန်အမင်းသေးငယ်သည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ အတွင်းစိတ်နတ်ဆိုးများ ထကြွလာကာ ထိတ်လန့်ကြောက်ရွံဖွယ် အတွေးမျိုးစုံက သူ၏မျက်လုံးရှေ့၌ ထွက်ပေါ်လာသည်။
ဤအရာများအကြားတွင် သူ၏အတိတ်ဘဝအတွင်း၌ တစ်စုံတစ်ယောက်၏ လိုက်လံဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရသည့် မြင်ကွင်းတချို့ ပါဝင်သည်။သူသည် ထောင့်တစ်နေရာ၌ပုန်းအောင်းနေကာ နောက်ထပ်အချိန်အခိုက်အတန့်တွင် ဖမ်းဆီးသတ်ဖြတ်ခံရသောမည့်အလားပင်။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့် တိုက်ပွဲအတွင်း၌ သူ ရှုံးနိမ့်ခဲ့သော မြင်ကွင်းတချို့လည်းရှိနေသည်။ဤဘဝတွင် လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏လက်အောက်၌ ကျရှုံးခဲ့ရတာ သူ၏စိတ်ဆန္ဒအကြွင်းအကျန်မျှသာကျန်ရှိပြီး အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည့်မြင်ကွင်းပင်။
ဤမြင်ကွင်းများအားလုံးသည် အလွန်အမင်းအစစ်အမှန်နှင့်တူညီကာ လုယွီ၏စိတ်နှလုံးသားကို အဆက်မပြတ်တိုက်စားနေသည်။
"မဟုတ်ဘူး....ဒီမြင်ကွင်းတွေအားလုံးက အတုအယောင်တွေပဲ...ဒါတွေအားလုံးက အတုအယောင်တွေ...ငါက ငါ့ရဲ့နှလုံးသားစေညွှန်ရာကိုလိုက်ပြီးတော့ ဒီပုံရိပ်ယောင်တွေအားလုံးကို ချိုးဖျက်နိုင်မှသာ မဟာတာအိုကို ပြီးမြောက်အောင်မြင်နိုင်လိမ့်မယ်"
နားလည်သဘောပေါက်မှု အရိပ်အယောင်တချို့က ရုတ်တရက် လုယွီ၏စိတ်နှလုံးသားအတွင်း၌ ဖြတ်ပြေးသွားသည်။
ဤသည်မှာ အမှောင်ထုအတွင်း၌ ရုတ်တရက်တောက်ပသည့် မီးအိမ်တစ်လုံး ထွန်းလင်းလာသည့်အလားပင်။ထိုအရာသည် အရပ်မျက်နှာအဘက်ဘက်မှ အမှောင်ထုကြီးကို ပျက်ပြယ်သွားစေသည်။
ဤကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ၏ ရိုက်ခတ်ခြင်းကို ခံယူနေရခြင်းနှင့်အတူ လုယွီသည် သူ၏ခန္ဓာကိုယ်နှင့်စိတ်နှလုံးသားနှစ်ခုလုံး တစ်စတစ်စ ပို၍အားကောင်းလာသည်ကို ခံစားမိသည်။မည်သည့်အတွင်းစိတ်နတ်ဆိုးကမျှ လုယွီ၏ယခုလက်ရှိစိတ်အခြေအနေကို သက်ရောက်နိုင်ခြင်း မရှိတော့ချေ။
သူသည် ခြေတစ်လှမ်း ရှေ့တက်နိုင်သရွေ့ ရှေးဟောင်းရွှယ်အင်မော်တယ်တစ်ယောက် ဖြစ်တော့မည်ဟူသော ခံစားချက်မျိုးပင် ရရှိနေသည်။
ဤခြေတစ်လှမ်းကို လှမ်းရန်မှာ....
လုယွီသည် လျှပ်စီးမိုးကြိုးများအကြားရှိ နက်ရှိုင်းသောနေရာသို့ တိုးဝင်ရန် နောက်ထပ်ခြေတစ်လှမ်းလှမ်းလိုက်သည်။
သူ ဝတ်ဆင်ထားသော အရာရှိဝတ်ရုံသည်အစွမ်းထက်သော ကပ်ဘေးမိုးကြိုးများ၏ရိုက်ခတ်မှုကို တောင့်ခံနိုင်ခြင်းမရှိသောသဖြင့် ဘန်းခနဲမြည်သံနှင့်အတူ ကြေမွှပျက်စီးသွားတော့သည်။အစွမ်းထက်သောကပ်ဘေးမိုးကြိုးများက လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
အကယ်၍ လုယွီထံ၌ သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့် ရုပ်ခန္ဓာကိုယ် ရှိမနေပါက ကောင်းကင်ဘုံကပ်ဘေး မိုးကြိုးများကြောင့် သေဆုံးသွားပြီးဖြစ်ပေမည်။
"ကောင်စုတ်လေးလု...မင်း ရူးနေတာလား"
ထိုအချိန်မှာပင် လုယွီက ခွေးနက်ကြီး၏အသံကို ကြားလိုက်ရသည်။
သူသည် ရုတ်တရက် နိုးထလာပေ၏။အမှုမဲ့အမှတ်မဲ့ဖြင့် သူသည် မိုးကောင်းကင်ယံအတွင်းရှိ မီတာတစ်သောင်းအမြင့်သို့ ရောက်ရှိနေလေပြီ။
လုယွီ၏ရှေ့တွင် ကောင်းကင်ဘုံလျှပ်စီးမိုးကြိုးများမှ အသွင်ပြောင်းလဲထားသော မီတာတစ်သောင်းကျော် မြင့်မားသည့် ကြီးမားသောဓမ္မပုံရိပ်ယောင်ကြီး ရှိနေသည်။ထိုပုံရိပ်ယောင်ကြီးသည် လက်အတွင်း၌ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးမှိန်းကိုကိုင်ထားကာ လုယွီကိုဦးတည်ပြီး ပြင်းပြင်းထန်ထန်ထိုးစိုက်လိုက်သည်။
ဤသည်မှာ အလွန်အမင်း လျှင်မြန်သဖြင့် လုယွီသည် အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိချေ။
လုယွီသည် ရုတ်တရက် နိုးထလာခဲ့သော်လည်း အလွန်နောက်ကျသွားလေသည်။သူသည် မိုးကောင်းကင်ယံအတွင်း၌ ကောင်းကင်ဘုံလျှပ်စီးမိုးကြိုးမှိန်း၏ထိုးစိုက်ခြင်းကို ခံလိုက်ရသည်။သူ၏ပါးစပ်မှ သွေးတလုတ် အန်ထွက်လာကာ မိုးကောင်းကင်ယံအတွင်းမှ ပြုတ်ကျလာပေ၏။
Chapter 3973
လုယွီ၏ခန္ဓာကိုယ် တုန်ရီသွားသည်။ဤအချိန်အခိုက်အတန့်တွင် လေထုအတွင်း၌ တဝုန်းဝုန်းထနေသော စွမ်းအားလှိုင်းများသည်လည်း ပျက်ပြယ်သွားလေ၏။
သူသည် ထပ်မံ၍ တောင့်ခံမထားနိုင်တော့ချေ။သူသည် မြေပြင်ပေါ်သို့ပြုတ်ကျမလာမီ မိုးကောင်းကင်ယံအတွင်းရှိ မြင့်မားသောနေရာတွင် အချိန်တခဏကြာခန့်သာ မတ်တတ်ရပ်နိုင်ခဲ့သည်။
"ငါ တကယ်ကို ကျရှုံးသွားတာလား"
လုယွီသည် သူ၏ခန္ဓာကိုယ်မှ နာကျင်မှုများကိုခံစားမိသော်လည်း သူ၏မျက်ခုံးများကို တင်းတင်းကြပ်ကြပ် ကြုတ်ထားသည်။ဤသည်မှာ သူ၏ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုများကြောင့် မဟုတ်ချေ။
သူ ကျင့်ကြံခဲ့သည့်လမ်းကြောင်းတလျှောက်လုံးသူ့၏ယခင်ဘဝမှ အတွေ့အကြုံများကြောင့် လုယွီသည် ချောမွေ့သောခရီးကို လျှောက်လှမ်းနိုင်ခဲ့သည်ဟု ယူဆနိုင်လုနီးပါးပင်။မည်သည့်ကျင့်ကြံဆင့်နယ်ပယ်ကိုမဆို သူ လွယ်လင့်တကူ ဖြတ်ကျော်နိုင်ခဲ့သည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ရှေးဟောင်းတာအိုအင်မော်တယ်လမ်းကြောင်းသည် သူ၏ယခင်ဘဝအတွေ့အကြုံများနှင့် အလွန်အမင်းကွဲပြားခြားနားနေသည်။
သူ၏အတိတ်ဘဝတွင် ဤရှေးဟောင်းတာအိုအင်မော်တယ်လမ်းကြောင်း၏အကြောင်းကို တစ်ကြိမ်တစ်ခါမျှ ကြားခဲ့ဖူးခြင်းမရှိချေ။
လက်ဝဲစစ်တပ်နယ်မြေ၏ အုပ်ချုပ်သူအရှင်အိမ်တော်၌ရှိနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများနှင့် စစ်ဗိုလ်ချုပ်များသည် တစ်ချိန်တည်းပြေးထွက်လာပြီး လုယွီကို ဝိုင်းရံလိုက်ကြ၏။
"အရှင်...ကျွန်တော်တို့ ကာကွယ်ပေးဖို့အတွက် နောက်ကျသွားတယ်"
စစ်ဗိုလ်ချုပ်တစ်စုက လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
လုယွီသည် ယခုလက်ရှိချိန်တွင် ကြယ်မြစ်အုပ်ချုပ်သူအရှင်ဖြစ်သဖြင့် သူ့အားကာကွယ်ပေးရမည့်အဆင့်သည် ယခင်ထက် အဆများစွာမြင်တတ်သွားလေပြီ။လက်ဝဲစစ်တပ်နယ်မြေ အုပ်ချုပ်သူအရှင်အိမ်တော်၏နံဘေးပတ်ဝန်းကျင်တွင် စခန်းချထားသော ပုန်းကွယ်နဂါးစစ်တပ်မှ လက်ရွေးစင်စစ်သားများသည်လည်း ဤနေရာ၌ အလျှင်အမြန်စုဝေးလာကြသည်။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါ အဆင်ပြေပါတယ်....မင်းတို့ အခုထွက်သွားလို့ရပြီ"
ခွေးနက်ကြီးက ရုတ်တရက် လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။
"ကောင်စုတ်လေး ဘယ်လိုဖြစ်သွားတာလဲ...ငါ နည်းနည်းလေး အာရုံမစိုက်မိတာနဲ့ မင်းက ဒီနေရာကိုလာပြီး ရွှယ်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်နေတယ်...မင်း ရူးနေတာလား"
လုယွီက မေးမြန်းသည်။
"ဘာလို့ ဒီလိုဖြစ်ရတာလဲ"
ဤခွေးနက်ကြီးသည် မှီခိုအားထား၍မရသော်လည်း ရှေးဟောင်းခေတ်အချိန်ကာလကတည်းက အသက်ရှင်သန်လာခဲ့သည်ဖြစ်သဖြင့် လျှို့ဝှက်ချက်အမြောက်အများကို သိရှိထားသည်။
"ဟီး....ဟီး....တကယ်လို့ မင်းက ငါ့ကို ပြောစေချင်တယ်ဆိုရင် ရပါတယ်....မင်းမှာ မသေမျိုးအဆင့် မှော်ရတနာတွေ ရှိနေတယ်မဟုတ်လား...အဲ့ဒီအထဲက ငါ့ကို တစ်ခုပေးလေ...ဒါမှမဟုတ် ငါ့ကို လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာပေးမယ်ဆိုရင် ငါ မင်းကိုပြောပြမယ်"
ခွေးနက်ကြီးသည် သူ၏ဖြူဖွေးသောသွားများ ကို မြင်နေရသည်အထိ ရယ်ပြုံးကာ ပြောဆိုသည်။
လုယွီက ခွေးနက်ကြီး၏တင်ပါးကိုကန်ပြီး အော်ဟစ်လိုက်၏။
"မြန်မြန်ပြောစမ်း"
"ဒီဘိုးဘေးက စိတ်ကောင်းဝင်နေတာကြောင့် မင်းဆီကနေ အခွင့်အရေးမယူတော့ဘူး...မင်းကို အမှန်အတိုင်း ပြောပြလိုက်မယ်..ခုခေတ်အချိန်ကာလအတွင်းမှာ မင်း ရွှယ်အင်မော်တယ်နယ်ပယ်ထိ ကျင့်ကြံဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ခွေးနက်ကြီးက သူ၏တင်ပါးကို ပွတ်သပ်ရင်း ပြောဆိုသည်။
လုယွီက မျက်မှောင်ကြုတ်ကာ ရုတ်တရက် သူ၏မျက်လုံးများကိုစုံမှိတ်ပြီး စဉ်းစားတွေးတောလိုက်သည်။
"ဒါက မူလဘူတစွမ်းအားတွေ ကင်းမဲ့နေတာကြောင့်လား"
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာအတွင်း၌ ရှေးဟောင်းခေတ်အချိန်ကာလအတွင်းရှိ အသိပညာဗဟုသုတအမြောက်အများပါဝင်သည်။
လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ချိုးဖျက်ဝင်ရောက်ရန်အတွက် ဒြပ်စင်ငါးခုစွမ်းအားများကို စုဆောင်းခဲ့ရသည်။ထိုဒြပ်စင်ငါးခုသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိမှသာ သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပေ၏။
သို့ရာတွင် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန်အတွက်မှာမူ လွယ်ကူခြင်းမရှိချေ။
သူ၏မှော်စွမ်းအားများသည် အလွန်အမင်း အစွမ်းထက်ပြီး နက်နဲသိမ်မွေ့သည်။
ရှေးဟောင်းခေတ်အချိန်ကာလများအတွင်း၌ပင် ရွှယ်အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းလိုသော ကျင့်ကြံသူများသည်...ပြင်ပလေဟာနယ်ရှိ ရှေးဟောင်းနယ်မြေများသို့သွား၍ ကျင့်ကြံဆင့်ချိုးဖြတ်ရကာ အချိန်မရွေးထွက်ပေါ်လာနိုင်သော နတ်ဆိုးများရန်မှ ကာကွယ်စောင့်ကြပ်ရန်အတွက် အစောင့်များကိုလည်း ထားရှိရသည်။ထိုကျင့်ကြံသူသည် အလွန်ရှားပါးသော ကံကြမ္မာကောင်းမှတစ်ဆင့် ရှေးဟောင်းမူလဘူတခေတ်မှ ဆင်းသက်လာသော မူလဘူတစွမ်းအားများ၏အရိပ်အယောင်ကို ရှာဖွေရပေမည်။
နောက်ပိုင်းမျိုးဆက်များအတွင်းရှိ စိတ်ဝိညာဥ်စွမ်းအားများသည် မူလဘူတစွမ်းအားကဲ့သို့ နက်နဲသိမ်မွေ့ရန် အလွန်အလှမ်းကွာဟသည်။
ဤကဲ့သို့စွမ်းအားများသည် ရှေးဟောင်းခေတ်အချိန်ကာလအတွင်း၌ပင် အလွန်အမင်းရှားပါးပေ၏။
ယခုအချိန်၌ ထိုအရာများသည် မျိုးတုံးပျောက်ကွယ်လုနီးပါးပင်။
"မင်းသိထားတာ ကောင်းတယ်....ဒီလောက်အချိန်တိုအတွင်းမှာ မင်းက မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကိုရောက်သွားမယ်လို့ ဘယ်သူက ထင်မိမှာလဲ"
ခွေးနက်ကြီးက ပြုံးဖြဲဖြဲလုပ်ကာ ညစ်ကျယ်ကျယ်မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"မင်းက ဘာလို့ ငါနဲ့မပူးပေါင်းတာလဲ...မင်းရဲ့ရတနာတွေအားလုံး ငါ့ကိုပေးလေ...ငါက မင်း ကောင်းကင်ဘုံနယ်မြေထဲမှာ ကောင်းမွန်တဲ့ဘဝနဲ့နေပြီးတော့ ထင်ရာစိုင်းနိုင်ဖို့ အာမခံတယ်"
လုယွီက ခွေးနက်ကြီးကို အာရုံစိုက်ခြင်းမပြုတော့ချေ။
သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်းတည်ငြိမ်အေးချမ်းနေသည်။
ယခုလက်ရှိချိန်၌ သူ၏ကျင့်ကြံဆင့်နယ်ပယ် တိုးတက်လာခြင်းမရှိသည့်တိုင် အနည်းဆုံးအနေဖြင့် သူ၏ရုပ်ခန္ဓာကိုယ်သည် သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားလေပြီ။သူသည် နောက်တစ်ဆင့်တက်လှမ်းနိုင်ကာ သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသည်နှင့် တူညီသွားပေမည်။
ထိုအချိန်မှာပင် စာတစ်စောင်က လုယွီ၏လက်အတွင်းသို့ ကျရောက်လာသည်။
လုယွီက ထိုစာကိုဖွင့်ကြည့်လိုက်ရာ ထန်ယောင်ရှင်း ရေသားထားသောစာဖြစ်သည်ကို သိရှိလိုက်ရသည်။
ထိုစာပေါ်တွင် ရိုးရှင်းသောစာလုံးတချို့ကို ရေးသားထားသည်။
အကူအညီတောင်းခံရန်အတွက် ရေအင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိလာသော ဖန်ရှုယွင်သည် ပျောက်ကွယ်သွားခဲ့လေ၏။
Chapter 3974
"ဖန်ရှုယွင်...."
လုယွီ၏စိတ်အတွင်း၌ သန်မာသောမိန်းကလေးအကြောင်းကို တွေးတောလိုက်မိသည်။
ရေအင်မော်တယ်ဂိုဏ်းမှ အကူအညီရနိုင်ရန်အလို့ငှာ သူမသည် ခရီးရှည်ကြီး ထွက်ခဲ့လေ၏။ သူမထံတွင် ဒဏ်ရာများစွာ ရရှိခဲ့ပြီးနောက်အဆုံးသတ်၌ လုယွီနှင့်ဆုံတွေ့ရန် ကံကြမ္မာဖန်လာခဲ့သည်။
အကယ်၍ သူမကြောင့်သာမဟုတ်ပါက လုယွီသည် ပိုင်ဆုချင် မည်သည့်ကိစ္စများနှင့်ကြုံတွေ့နေရသည်ကို သိရှိနိုင်မည်မဟုတ်ချေ။
အစပထမ၌ သူသည် အောက်ဘုံအတွင်းရှိ ကြိုးကြာဖြူတောင်ထိပ်၌ ဖန်ရှုယွင်နှင့် ဆုံတွေ့ခဲ့ရသည်။
ဖန်ရှုယွင်သည် ကြိုးကြာဖြူတောင်ထိပ်၏ အကြီးဆုံးစီနီယာအစ်မဖြစ်ကာ လုယွီကို အလွန်အမင်းစောင့်ရှောက်ပေးခဲ့သည်။ဤကိစ္စများအားလုံးသည် လုယွီ၏စိတ်အတွင်း၌ အမြစ်တွယ်နေဆဲပင်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူမသည် ပျောက်ကွယ်သွားခဲ့သလော....
"ဒီလက်အောက်ငယ်သားက ထိတ်လန့်တုန်လှုပ်သွားတာကြောင့် ဂိုဏ်းမှာရှိတဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကို နေရာအနှံ့စေလွှတ်ပြီး စုံစမ်းခိုင်းနေပါတယ်...ဒီငယ်သားက အရှင်ကို ဖြေရှင်းချက်တစ်ခု သေချာပေါက်ပေးပါ့မယ်"
စာအတွင်း၌ ထန်ယောင်ရှင်း၏စာလုံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကာ အလွန်အမင်း နှိမ့်ချရို့ကျိုးနေသည်။
အတိတ်က လုယွီသည် သူ၏ခွန်အားကိုအသုံးပြု၍ ထန်ယောင်ရှင်းကို ဖိနှိပ်ခဲ့ရသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ကိစ္စများအားလုံး ကွဲပြားခြားနားသွားလေပြီ။
လုယွီသည် ကြယ်မြစ်အုပ်ချုပ်သူအရှင်အဖြစ် ခန့်အပ်ခံရသောသတင်းသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တခွင်လုံးအနှံ့ ပျံ့နှံပြီးဖြစ်သည်။ ထို့ကြောင့် ရေအင်မော်တယ်ဂိုဏ်းကဲ့သို့ ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းသည် ဤကိစ္စကို ချက်ချင်းသိရှိမည်မှာ သေချာပေါက်ပင်။
ယခုလက်ရှိချိန်၌ ထန်ယောင်ရှင်းသည် အလွန်ရို့ကျိုးနေပေ၏။လုယွီ၏ကိုယ်ပိုင်ခွန်အားကို ဘေးဖယ်ထားလျှင်ပင် လုယွီ၏လက်ရှိအဆင့်အတန်းဖြင့် သူ့အားဖိနှိပ်ရန် လုံလောက်သည်။
ထို့ပြင် လုယွီသည် ယုံယုံကြည်ကြည်ဖြင့်သူအားအပ်နှံထားသည့် မိန်းကလေးသည် သူ့ထံမှနေ၍ ပျောက်ဆုံးသွားခဲ့သည်။
ဤသည်မှာ အလွန်ကြီးမားသော ပြစ်မှုကြီးဖြစ်သဖြင့် အကယ်၍ လုယွီမှအပြစ်တင်လာပါက သူတို့သည် ဤကိစ္စကို ဖြေရှင်းနိုင်မည်မဟုတ်ချေ။
ထန်ယောင်ရှင်းသည် စာအတွင်း၌ သူ၏အပြစ်အတွက် ဆက်လက်၍ တောင်းပန်ထားသည်။ အကယ်၍ သူသည် ဖန်ရှုယွင်ကို ရှာမတွေ့ပါက သူ၏အပြစ်အတွက် သူ၏အသက်ဖြင့် ပြန်ပေးဆပ်မည်ဖြစ်ကြောင်းကိုလည်း ရေးသားထားလေ၏။
"အဓိပ္ပါယ်မရှိလိုက်တာ...သူက ဘာလို့ တောင်းပန်မှုတစ်ခုအတွက် သူ့ရဲ့အသက်ကို ပေးဆပ်မှာလဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ထိုစာကိုမီးရှို့လိုက်ပြီးနောက် လုယွီသည် သူ၏မျက်လုံးကိုမှိတ်ကာ သူ၏စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူ၏မျက်လုံးများအတွင်း၌ ကံကြမ္မာလမ်းကြောင်းများ ထွက်ပေါ်လာပေ၏။
သန်းရာနှင့်ချီသော ကံကြမ္မာလမ်းကြောင်းများသည် လုယွီ၏မျက်လုံးအတွင်း၌ ရောယှက်နေသည်။ဖန်ရှုယွင်နှင့်သူ့အကြားရှိ ယခင်က ပတ်သက်ဆက်နွယ်မှုအရ ဖန်ရှုယွင်၏ယခုလက်ရှိကံကြမ္မာလမ်းကြောင်းများကို လုယွီက အလျှင်အမြန် ရှာဖွေတွေ့ရှိသွားသည်။
ထိုကံကြမ္မာလမ်းကြောင်းများအားလုံးသည် နေရာတစ်နေရာသို့ ညွှန်ပြနေပေ၏။
"အဖြူရောင်တိမ်တိုက် ကြယ်နယ်မြေ..."
လုယွီသည် ဖန်ရှုယွင်ရှိနေသော ကြယ်နယ်မြေကို သိရှိသွားသည်။
ကံကြမ္မာလမ်းကြောင်းတွက်ချက်ခြင်းသည် လျှို့ဝှက်ဆန်းကြယ်သော်လည်း ဖန်ရှုယွင်သည်ကောင်းကင်ဘုံကိုအန်တုသည့် တည်ရှိမှုကြီးတစ်ခုမဟုတ်ချေ။ထို့ကြောင့် လုယွီသည် သူ၏အသက်စွမ်းအားများကိုလောင်ကျွမ်းရန် မလိုအပ်ချေ။သူသည် ရိုးရှင်းသောမှော်မန္တန်နည်းစနစ်ကို အသုံးပြု၍ ဖန်ရှုယွင်၏တည်နေရာကို တွက်ချက်နိုင်ခဲ့သည်။
အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေသည် လက်ဝဲစစ်တပ်နယ်မြေ၏ ကြယ်နယ်မြေသုံးဆယ့်ခြောက်ခုအနက်မှတစ်ခုပင်။
"ဘာလဲ....မင်း အပြင်ထွက်ပြီး လုပ်စရာတစ်ခုခုရှိနေလို့လား....ငါ့ကို မင်းနဲ့အတူ ခေါ်သွားစမ်းပါ....မင်းရဲ့ရုံးတော်မှာရှိနေတဲ့ လူတွေအားလုံးက သစ်တုံးကြီးတွေပဲ...ငါက ရှီးလျန်မြို့တော်မှာရှိတဲ့ ဆောင်ကြာမြိုင်တွေအားလုံးကို သွားပြီးလည်ပတ်ချင်တယ်...ဒီနေရာမှာက တကယ်ပဲ အရမ်းပျင်းဖို့ကောင်းတယ်"
ခွေးနက်ကြီးက အပြုံးနှင့်ပြောဆိုကာ ချောမောခန့်ညားသော လူငယ်တစ်ယောက်အဖြစ်သို့ သူကိုယ်သူ အသွင်ပြောင်းလိုက်သည်။
သူ၏လူသားပုံသဏ္ဍာန်သည် အမှန်တကယ်ကိုပြိုင်ဘက်ကင်းချောမောခန့်ညားသည်။ အမျိုးသမီးများပင်လျှင် သူ့ကိုမြင်တွေ့ပါက သူမတို့၏အလှနိမ့်ကျသည်ဟု ခံစားရကာ ရှက်ရွံသွားပေမည်။သို့ရာတွင် သူ၏မျက်နှာပေါ်ရှိ စပ်ဖြဲဖြဲအမူအယာသည် ပြောင်းလဲသွားခြင်းမရှိချေ။
"မင်း ငါ့ရဲ့နောက်ကို အမှီလိုက်နိုင်မှ ဆက်ပြီးပြောကြတာပေါ့"
လုယွီသည် လေထုအတွင်း၌ ပျံသန်းသွားကာချက်ချင်းဆိုသလိုပင် အရိပ်အယောင်မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။
အမှန်အားဖြင့် ဤခွေးနက်ကြီးထံတွင် အရည်အချင်းတချို့ရှိနေကြောင်း သက်သေပြနိုင်သည်။
ခွေးနက်ကြီး၏လှုပ်ရှားမှုနည်းစနစ်သည် အလွန်လျှင်မြန်ဖျတ်လတ်ကာ သူသည် လုယွီအား အမှန်တကယ်ကို အမီလိုက်နိုင်သည်။
တစ်ခုသိထားရသည်မှာ လုယွီသည် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်ပင်။ သူ၏ခွန်အားအရဖြစ်စေ အရှိန်နှုန်းအရဖြစ်စေ ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းရှိ ကျင့်ကြံသူများထက် များစွာပို၍သာလွန်သည်။
သို့ရာတွင် ဤခွေးနက်ကြီးကိုကြည့်ပါက သူသည် မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေသည့်တိုင် ပန်းခြံအတွင်း၌ အပန်းဖြေလမ်းလျှောက်နေသည်နှင့် တူညီနေပြီး သူ့ထံ၌ စွမ်းအားတချို့ ကျန်ရှိနေသေးပုံရသည်။
"ဘာလဲ...မင်း ဒီနည်းစနစ်ကို သင်ယူချင်တာလား...ကောင်စုတ်လေးလု ငါ့ကို ဘိုးဘေးလို့ခေါ်ရင် ငါ မင်းကို သင်ပေးမယ်"
ခွေးနက်ကြီးက မောက်မာထောင်လွှားစွာ ပြောဆိုသည်။
လုယွီသည် ခွေးနက်ကြီးကို စောင်းငဲ့၍ကြည့်လိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်သည် အသံ၏အရှိန်နှုန်းကို ကျော်လွန်သွားကာ မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် အရိပ်အရောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
"သောက်ချေးပဲ....ငါ့ကို စောင့်အုံး"
ခွေးနက်ကြီးသည် စူးရှကျယ်လောင်စွာအော်ဟစ်ကာ လုယွီ၏နောက်မှ အလျှင်အမြန် လိုက်သွားတော့သည်။
လုယွီသည် အလျင်လိုခြင်းမရှိချေ။
အကြောင်းအရင်းမှာ ကံကြမ္မာလမ်းကြောင်းတွက်ချက်မှုများအရ ဖန်ရှုယွင်ထံတွင် မည်သည့်အန္တရာယ်မျှ ရှိမနေသောကြောင့်ပင်။အရာအားလုံးသည် ပုံမှန်အတိုင်း ရှိနေပေ၏။
ဖန်ရှုယွင်သည် ရေအင်မော်တယ်ဂိုဏ်းမှ ထွက်ခွာသွားရန် ရွေးချယ်ခဲ့သဖြင့် သူမထံတွင် အကြောင်းအရင်းတစ်ခု ရှိနေပေမည်။
Chapter 3975
အဖြူရောင်တိမ်တိုက် ကြယ်နယ်မြေ...ပြိုင်ဘက်ကင်းမြို့...
ဤမြို့သည် အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်၌ အကြီးမားဆုံးမြို့တစ်မြို့ဖြစ်ပြီး အလွန်စည်ပင်ဝပြောသည်။
ကြယ်နယ်မြေအရှင်အိမ်တော်နှင့် အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေ စစ်ဗိုလ်ချုပ်ရုံးတော်သည် ဤမြို့၌တည်ရှိလေ၏။
မြို့တံခါး၏ရှေ့ရှိ ရပ်နားစခန်းတွင် ကုန်စည်များဖြင့် ပြည့်နှက်နေသော လေဟာနယ်သင်္ဘောများ ရပ်တန့်ထားသည်ကို တွေ့မြင်ရပေမည်။ ထောင်သောင်းချီသော ကုန်သည်များသည် ကုန်စည်များကို အဆက်မပြတ် ရွှေ့ပြောင်းနေကာ အလွန်အမင်း သက်ဝင်လှုပ်ရှားသောမြင်ကွင်းတစ်ခုပင်။
ပြိုင်ဘက်ကင်းမြို့သည် စီးပွားရေးမြို့တမြို့ဖြစ်ကာ ထိုမြို့၏စီးပွားရေးအခြေအနေသည် အလွန်ဖွံ့ဖြိုးတိုးတက်သည်။နေ့စဥ်နေ့တိုင်း ဤနေရာသို့ ကျင့်ကြံသူအမြောက်အများ လာရောက်ကြသည်။
လုယွီ၏နတ်ဘုရားစိတ်အာရုံသည် ပြိုင်ဘက်ကင်းမြို့တမြို့လုံးကို လွမ်းခြုံသွားပြီးနောက် ရုတ်ချည်းဆိုသလိုပင် ဖန်ရှုယွင်၏တည်နေရာကို ရှာဖွေတွေ့ရှိသွားသည်။
ဤအချိန်အခိုက်အတန့်တွင် ဖန်ရှုယွင်သည် မြေအောက်မှောင်ခိုစျေးတစ်ခုအတွင်း၌ ရှိနေပေ၏။
ဤကဲ့သို့မြို့ကြီးတစ်မြို့တွင် အလင်းဘက်ခြမ်းရှိနေသကဲ့သို့ အမှောင်ဘက်ခြမ်းလည်းရှိနေသည်။
ဤမြေအောက်မှောင်ခိုစျေးသည် ပြိုင်ဘက်ကင်းမြို့၏အစွန်အဖျားတစ်နေရာရှိ အလွန်အမင်းဝေးလံခေါင်သီသော နေရာတွင်တည်ရှိသည်။ထိုနေရာတွင် လုပ်ကြံသတ်ဖြတ်သူများ ဝရမ်းပြေးများ သူတောင်းစားများနှင့်နတ်ဆိုးကျင့်ကြံသူများ အတူတကွရောယှက်နေကာ မည်သူကမျှ သူတို့ကို ဂရုမစိုက်ကြချေ။
"ဖန်ရှုယွင်က ဒီနေရာမျိုးကို ဘာလာလုပ်တာလဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ဤသည်မှာ မည်သူမဆို လာရောက်နိုင်သည့်နေရာတစ်နေရာ မဟုတ်ချေ။ကျင့်ကြံခြင်းလောက၌ အတွေ့အကြုံနည်းပါးသူတချို့သည် ငွေကြေးရှာဖွေရန် ဤနေရာသို့ လာရောက်ကြပြီးနောက် တစ်ဦးတစ်ယောက်မျှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ခြင်းမရှိချေ။
မြေအောက်စျေး၏ဝင်ပေါက်သည် အလွန်ရိုးရှင်းပေ၏။ဤနေရာ၏ပြင်ပတွင် ဆိုင်တစ်ဆိုင်ကိုဗန်းပြထားပြီး တခြားမည်သည့်မသင်္ကာဖွယ်အချက်မျှ ရှိမနေချေ။
လုယွီက ဆိုင်တံခါး၏နံဘေးရှိ နံရံပေါ်တွင်ရေးထွင်းထားသော 'ပိုင် စန်း ယင် ရှီ'ဟူသော စာလုံးများကို သတိပြုမိသွားသည်။
ဤသည်မှာ မြေအောက်လောက၏ ဘာသာစကားပင်။ဆိုလိုရင်းမှာ ဤနေရာသည် မှောင်ခိုစျေးမြောက်ဘက်ခြမ်း၏ တတိယတံခါးဖြစ်ပြီး တစ်ရက်လျှင်တစ်ကြိမ်ဖွင့်လှစ်သည်။
အတိတ်ဘဝတွင် လုယွီသည် အညတရတစ်ယောက်ဘဝမှနေ၍ အစွမ်းထက်သောတာအိုသခင်တစ်ယောက်အဖြစ် ကြီးပြင်းလာခြင်းဖြစ်သည်။ထို့ကြောင့် သူသည် အနက်ရောင်လောက၏စည်းမျဉ်းများကို သူ၏လက်ဖမိုးကဲ့သို့ ကောင်းစွာသိရှိထားသည်။
ဤနေရာသည် ဆင်းရဲသားရပ်ကွက်၏အလယ်တွင်တည်ရှိပြီး တံခါးရှေ့တွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေချေ။ဤနေရာသို့ ပုံမှန်လာနေကျလူများသာ ဝင်ရောက်ကြသည်မှာ သိသာထင်ရှားလှ၏။
လုယွီနှင့်ခွေးနက်ကြီးတို့သည် မြေပြင်ပေါ်သို့ဆင်းသက်ပြီးနောက် သူတို့၏ခြေထောက်များကိုမြှောက်ကာ မှောင်ခိုစျေးထံသို့ဦးတည်၍ လျှောက်လှမ်းလိုက်ကြသည်။
"ခဏနေအုံး"
ထိုအချိန်မှာပင် တံခါး၏ရှေ့၌ အစောင့်တစ်ယောက် ရုတ်တရက်ထွက်ပေါ်လာကာ စိတ်မရှည်စွာပြောဆိုသည်။
"မင်းတို့ ဘာလာလုပ်တာလဲ...ဒီနေရာက မင်းတို့လာရမယ့်နေရာ မဟုတ်ဘူး...ထွက်သွားကြစမ်း"
လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"ငါတို့က မှောင်ခိုစျေးဖွင့်မယ့်အချိန်ကို လွဲချော်သွားခဲ့တယ်...ကျေးဇူးပြုပြီးတော့ ချွင်းချက်ထားပေးပါ"
ထိုသို့ပြောဆိုပြီးနောက် လုယွီက သူ၏အင်္ကျီလက်အတွင်းမှ ငွေလက်မှတ်တစ်ရွက်ကို ထုတ်ပေးလိုက်၏။
အင်မော်တယ်ကျောက်တုံး တစ်သောင်း...
အစောင့်သည် ထိုငွေလက်မှတ်ကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးများ တောက်ပသွားကာ အပြုံးနှင့်ပြောဆိုသည်။
"တကယ်တော့ ပြောရမယ်ဆိုရင် အရာအားလုံးမှာ ချွင်းချက်ရှိပါတယ်...မင်းတို့ အထဲကို ဝင်လို့ရပြီ"
ဆိုင်အတွင်း၌ ရိုးရှင်းသော ကူးပြောင်းရေးဝင်္ကပါတစ်ခု ရှိနေသည်။
လုယွီနှင့်ခွေးနက်ကြီးတို့သည် ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ ခြေချပြီးနောက် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူတို့သည် မှောင်မည်းနေသောအခန်းတစ်ခန်းစီ အတွင်းသို့ ရောက်ရှိသွားလေ၏။
ဤအခန်းသည် အကျဉ်းခန်းတစ်ခန်းနှင့်တူညီကာ သေးငယ်သောတံခါးတချပ်သာရှိနေပြီး တင်းတင်းကြပ်ကြပ်ပိတ်ထားသည်။
လုယွီ၏ရှေ့တွင် အနက်ရောင်ဝတ်စုံဝတ်လူတစ်စုထွက်ပေါ်လာကာ သူတို့၏မျက်လုံးအကြည်များက သူ့ထံသို့ အခိုင်အမာကျရောက်နေသည်။
"မှောင်ခိုစျေးထဲကို ဝင်ဖို့အတွက် စည်းမျဉ်းတွေရှိတယ်...မင်းရဲ့ခန္ဓာကိုယ်ကို ငါတို့ ရှာဖွေရလိမ့်မယ်...မင်းရဲ့သိုလှောင်အိတ်နဲ့မှော်ရတနာတွေအားလုံးကို ဒီနေရာမှာ ချန်ထားခဲ့ရမယ်"
အနက်ရောင်ဝတ်စုံဝတ်လူများအနက်မှ တစ်ယောက်သည် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် သူ၏မျက်လုံးအတွင်းတွင် လောဘအရိပ်အရောင်များ ထင်ဟပ်လာသည်။
လုယွီသည် ထိုလူများကို တစ်ချက်ကြည့်ပြီးနောက် ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။
ဤသည်မှာ သူအား သတ်ဖြတ်ခံရရန်စောင့်ဆိုင်းနေသည့် ဆူဖြိုးသောသိုးတစ်ကောင်ကဲ့သို့ ဆက်ဆံနေခြင်းပင်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် မည်သည်ကြောင့် သူတို့နှင့် အချိန်ဖြုန်းနိုင်မည်နည်း။သူသည် ခြေတစ်လှမ်းရှေ့တိုးလိုက်ပြီးနောက် သူ၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။
"ထွက်သွားကြစမ်း"
ပြင်းထန်သောအားလှိုင်းတစ်ရပ်က အနက်ရောင်ဝတ်စုံဝတ်လူများ၏ ခန္ဓာကိုယ်များကို ဖြတ်သန်းသွားသည်။ထိုလူများသည် ခုခံတိုက်ခိုက်ရန်ပင် အခွင့်အရေးမရရှိဘဲ နံရံနှင့်တိုက်မိကာ သတိလစ်မေ့မျောသွားတော့သည်။
လုယွီသည် ရှေ့သို့တိုးကာ လျှို့ဝှက်ခန်း၏တံခါးကို ကန်ဖွင့်လိုက်သည်။
တခြားတစ်ဖက်ရှိ အခန်းအတွင်းတွင် ခွေးနက်ကြီးရှိနေကာ အံ့တင်းတင်းကြိတ်ပြီး အော်ဟစ်သံများ ထွက်ပေါ်နေပေ၏။
"ငါ့ကိုထိဖို့ မင်းတို့ကို ဘယ်ကောင်က ပြောတာလဲ...ငါက မိန်းကလေးတစ်ယောက်လို့ မင်းတို့ ထင်နေကြတာလား...ငါ မင်းတို့အားလုံးကို သေတဲ့အထိယိုးပစ်မယ်"
"ဘန်း...."
လျှို့ဝှက်ခန်း၏တံခါး ဘန်းခနဲမြည်သံနှင့်အတူ ပေါက်ကွဲသွားသည်။အခန်းအတွင်းမှနေ၍ အနက်ရောင်ဝတ်စုံဝတ်လူများသည် ဖူးယောင်နေသောမျက်နှာများဖြင့် လွင့်ထွက်လာသည်။ ထို့နောက် ခွေးနက်ကြီးသည် ဒေါသတကြီးဖြင့် ပြေးထွက်လာပေ၏။