အခန်း (၄၀၀၁-၄၀၀၅)
Vol. 203 Ch. 4001-4005
Chapter 4001
ဤအချိန်အခိုက်အတန့်တွင် သင်္ကေတအက္ခရာများမှ အားပျော့နေသောမှော်စွမ်းအားအလင်းတန်းများ နှိုင်းယှဉ်ပြစရာမရှိသည်အထိ မှေးမှိန်သွားသည်။
ရှဲ...ရှဲ...ရှဲ...
သွေးနီရောင်လ၏ရောင်စဥ်များ ထိုသင်္ကေတအက္ခရာများပေါ်သို့ ကျရောက်လာချိန်တွင် တရှဲရှဲအသံများကို ကြားလိုက်ရပြီးနောက် ညှော်နံ့များနှင့်အတူ အခိုးအငွေ့များ ထွက်ပေါ်လာသည်။
ထူးဆန်းသော သွေးနီရောင်အလင်းတန်းများသည် ဤမှော်သင်္ကေတအက္ခရာများကို တိုက်စားလိုပုံရသည်။
အကယ်၍ ဤမှော်သင်္ကေတအက္ခရာများသည်အထွတ်အထိပ်အခြေအနေ၌ ရှိနေပါက နတ်ဆိုးစွမ်းအားများအားလုံးကို ခြေမွှဖျက်ဆီးနိုင်ပေမည်။သို့ရာတွင် ယခုလက်ရှိ၌ အချိန်များကြာညောင်းနေသောကြောင့် မှော်သင်္ကေတအက္ခရာများအနက်မှအများစုသည် အထွတ်အထိပ်အခြေအနေမျိုး၌ ရှိမနေတော့ချေ။
ထိုအရာများမှအလင်းတန်းများ တဖျတ်ဖျတ်လှုပ်ခတ်နေကာ အချိန်မရွေး ငြိမ်းသေသွားတော့မည့်အလားပင်။
ဝုန်း...
အမှန်တရားနားထောင်သူသားရဲသည် သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးဖြင့် ဟန်ယွမ်နန်းတော်၏စင်မြင့်ကို ဆက်လက်၍ ပြင်းပြင်းထန်ထန်ဝင်ဆောင့်နေသည်။ထို့ကြောင့် စင်မြင့်မှနေ၍ ကျောက်စကျောက်န အမြောက်အများ မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။စင်မြင့်တစ်ခုလုံးသည် ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။
"ဒီမှော်သင်္ကေတအက္ခရာတွေမှာ စွမ်းအားတချို့ ကျန်နေသေးတယ်....အပြင်မှာရှိတဲ့ သရဲတစ္ဆေစစ်သားတွေက ချဉ်းကပ်နိုင်မှာမဟုတ်ဘူး"
လုယွီသည် စင်မြင့်ကို အဆက်မပြတ်ဝင်ဆောင့်နေသော အမှန်တရားနားထောင်သူသားရဲကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်၏။သရဲတစ္ဆေစစ်သားများသည် အမှန်တရားနားထောင်သူသားရဲ၏ နံဘေးပတ်လည်၌ရှိနေကာ သူတို့သည် ဤနေရာသို့ တွယ်တက်လိုပုံရသည်။
သရဲတစ္ဆေစစ်သားများသည် လုယွီတို့၏အနီးသို့ ချဥ်းကပ်မလာနိုင်သည်ကို မြင်တွေ့ချိန်၌ အမှန်တရားနားထောင်သူသားရဲသည် ပို၍ ရူးသွပ်စပြုလာသည်။
သူ၏မျက်လုံးများသည် သွေးနီရောင်သို့ လုံးလုံလျားလျား ပြောင်းလဲသွားလေပြီ။သူ့ထံမှနေ၍ ကျယ်လောင်သောဟိန်းဟောက်သံများအဆက်မပြတ်ထွက်ပေါ်နေကာ သူသည် လုယွီတို့ကို အရှင်လတ်လတ်ဝါးမြိုလိုသည့်အလားပင်။
ခွေးနက်ကြီးက ထိတ်လန့်တကြား ပြောဆိုလိုက်သည်။
"ကောင်စုတ်လေးလု...နည်းလမ်းတစ်ခုကို မြန်မြန်စဉ်းစားစမ်းပါ...မင်းမှာ မဟာကူးပြောင်းခြင်းအဆောင်လက်ဖွဲ့လိုအရာမျိုး မပါဘူးလား...ဒီသရဲတစ္ဆေတွေရှေ့ကနေ ရှောင်ပြေးပြီးတော့ ရတနာတိုက်ထဲကပစ္စည်းတွေကို ယူပြီးရင် ငါတို့ထွက်သွားကြရအောင်"
ယခုလက်ရှိချိန်ထိတိုင် ဤလောဘကြီးသောခွေးသည် ထန်အင်ပါယာဟောင်း၏တော်ဝင်ဘဏ္ဍာတိုက်အကြောင်းကို စဉ်းစားတွေးတောနေဆဲပင်။
"မဟာကူးပြောင်းခြင်း အဆောင်လက်ဖွဲ့က အသုံးဝင်မှာမဟုတ်ဘူး"
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ အမှန်တရားနားထောင်သူသားရဲကို ကြည့်လိုက်၏။
"ဒီယင်သားရဲမှာ နယ်မြေသခင်တစ်ယောက်ရဲ့စွမ်းအား ပိုင်ဆိုင်ထားတယ်...သူက ပတ်ဝန်းကျင်ရဲ့လေဟာနယ်ကို ချိတ်ပိတ်ထားပြီးပြီ...ငါတို့က မှော်သင်္ကေတအက္ခရာတွေရဲ့အကာအကွယ်အောက်မှာ ရှိနေတာကြောင့် ဒါကသက်ရောက်မှုမရှိတာပဲ...တကယ်လို့ ငါတို့ အပြင်ကို ထွက်လိုက်မယ်ဆိုရင် သူက လေဟာနယ်စွမ်းအားကို အသုံးပြုပြီးတော့ ငါတို့ကိုဖမ်းဆီးလိမ့်မယ်"
ခွေးနက်ကြီးက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ချမ်းသာကြွယ်ဝမှုတွေက အန္တရာယ်ကြားကနေ ရလာတာပဲ...မင်း ငါကိုကူညီပြီးတော့ ကာကွယ်ပေးထားပါလား...ငါ ရတနာတွေကို ယူပြီးတဲ့အချိန်ကျရင် ငါ ပြန်လာပြီးတော့ မင်းကိုကယ်မယ်"
ခွေးနက်ကြီး၏တောင်းဆိုမှုကို လျစ်လျှူရှု၍ လုယွီက ခြေလှမ်းရှေ့တိုးကာ စင်မြင့်၏အစွန်း၌ မတ်တတ်ရပ်လိုက်သည်။
"အဲ့ဒီလောက်ထိ ဒုက္ခအများကြီး ရှာစရာမလိုဘူး"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ငါ သူတို့အားလုံးကိုသတ်လိုက်ရင်...ငါတို့ အေးအေးဆေးဆေး ထွက်သွားလို့ရတယ်"
စင်မြင့်၏အစွန်းဘက်သို့ လုယွီရောက်ရှိလာသည်ကိုကြည့်ပြီး အမှန်တရားနားထောင်သူသားရဲက အလျှင်အမြန်တုံ့ပြန်ကာ သူ၏လက်သည်းဖြင့် ရိုက်ပုတ်လိုက်သည်။ ကြီးမားသောသားရဲလက်သည်းကြီး၏အောက်တွင် အေးစက်စက်ယင်ချီများ ဖြာထွက်နေပေ၏။ဤသည်မှာ ထိုသားရဲ၏လက်အတွင်း၌ ကမ္ဘာလောကတစ်ခု၏ငရဲ ရှိနေသည့်အလားပင်။
ဤသားရဲလက်သည်းဖြင့် ချိတ်ပိတ်ခံထားရသော မည်သူမဆို အကန့်အသတ်မရှိသောစိတ်ပျက်အားငယ်မှုကို ခံစားရပေမည်။ထိတ်လန့်ကြောက်ရွံ့မှုများ တုန်လှုပ်ချောက်ချားမှုများ စိတ်မအေးမှုများက ထိုလူ၏အကန့်အသက်အခြေအနေသို့ ရောက်ရှိလာကာ လှုပ်ရှားဝံ့တော့မည်မဟုတ်ချေ။
"ဘယ်လောက်တောင်ကောင်းတဲ့ ယင်သားရဲလဲ...သူ့ရဲ့အသိဉာဏ်တွေကို ဖုံးလွှမ်းပြီးတော့ သွေးဆာတဲ့သားရဲအဖြစ် ပုံစံပြောင်းခံထားရပေမယ့် လက်ဝါးရိုက်ချက်တစ်ချက်နဲ့ ကောင်းကင်နဲ့မြေပြင်ကို ပျက်စီးစေနိုင်တယ်...တကယ်လို့ ငါ့မှာသာ နယ်မြေသခင်တစ်ယောက်ရဲ့ခွန်အားမျိုး ရှိမနေရင် ငါက ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်နေရင်တောင် သူ့ရဲ့လက်ဝါးအောက်မှာ ချိတ်ပိတ်ခံရလိမ့်မယ်...ဒါဆိုရင် ငါ့မှာ အသက်ရှင်သန်ဖို့အခွင့်အရေး နည်းနည်းလေးတောင် ရှိမှာမဟုတ်ဘူး"
ဤလက်သည်းများနှင့်ရင်ဆိုင်ရချိန်တွင် လုယွီ၏မျက်နှာ သုန်မှုန်သွားသည်။သူသည် ရုတ်တရက် သူ၏လက်ကိုဖြန့်ကာ အမှန်တရားနားထောင်သူသားရဲရှိနေသောနေရာသို့ ဦးတည်၍ဖိနှိပ်လိုက်သည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် လုယွီ၏နောက်၌ မြေအောက်လောကနတ်ဘုရား၏ ကြီးမားသောပုံရိပ်ယောင်ကြီး ထွက်ပေါ်လာကာ လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသည်။
မြေအောက်လောကနတ်ဘုရား၏ နောက်တွင်အနက်ရောင်အလင်းဘီးကြီးတစ်ခုက ဖြည်းညှင်းစွာလည်ပတ်နေလေ၏။ဤသည်မှာပြန်လည်ဝင်စားခြင်းဥပဒေသ၏ ပုံရိပ်ယောင်ပင်။တစ်စုံတစ်ယောက်သည် ငရဲနယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနောက် ပြန်လည်ဝင်စားခြင်းဥပဒေသ၏ ထိန်းချုပ်ခြင်းကို ခံရပေမည်။
မြေအောက်လောကနတ်ဘုရား၏နတ်ဘုရားစွမ်းအားများက ရုတ်တရက် သရဲတစ္ဆေစစ်သားများအားလုံးပေါ်သို့ ကျရောက်သွားသည်။မူလက ရူးသွပ်စွာလှုပ်ရှားနေသော သရဲတစ္ဆေစစ်သားများအားလုံး၏ခန္ဓာကိုယ်များ တုန်ရီသွားကာ သူတို့၏သဘာဝရန်သူကို တွေ့လိုက်သည့်အလားပင်။သူတို့သည် အနည်းငယ်မျှ လှုပ်ရှားဝံ့ခြင်းမရှိတော့ချေ။
"ငါက မြေအောက်လောကတာအိုသခင်ပဲ...မင်းတို့အားလုံး နောက်ဆုတ်ကြစမ်း"
လုယွီသည် သူ၏မြေအောက်လောကနတ်ဘုရားပုံရိပ်ရောင်ကြီးမှ စွမ်းအားကိုငှားရမ်းကာ ကျယ်လောင်သောနတ်ဘုရားအသံဖြင့် ပြောဆိုလိုက်သည်။
Chapter 4002
အတိတ်ဘဝတွင် လုယွီ၏ကျင့်ကြံနည်းစနစ်များသည် ရှေးဟောင်းသရဲတစ္ဆေဧကရာဇ်ထံမှ အမွေဆက်ခံခဲ့ခြင်းပင်။
ရှေးဟောင်းခေတ်အတွင်း၌ သရဲတစ္ဆေဧကရာဇ်သည် မြေအောက်လောကနှင့် ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းကို ထိန်းချုပ်နိုင်သော နတ်ဘုရားတစ်ပါးပင်။
သူသည် လောကကြီးအတွင်းရှိ သရဲတစ္ဆေများနှင့်နတ်ဆိုးများအားလုံး၏ အရှင်သခင်ဖြစ်သည်။ဤနတ်ဆိုးသက်ရှိများကို ထိန်းချုပ်နိုင်သည့် ပြင်းထန်သော ဖိနှိပ်ချုပ်ကိုင်နိုင်မှုစွမ်းအား သူ့ထံ၌ ရှိနေသည်။
သရဲတစ္ဆေစစ်သားများအားလုံး ငြိမ်သက်နေကြသော်လည်း အမှန်တရားနားထောင်သူသားရဲ၏ မျက်လုံးများအတွင်း၌ မီးခိုးရောင်သင်္ကေတအက္ခရာတစ်ခု ထင်ဟပ်လာသည်။
"ဝေါင်း...."
အမှန်တရားနားထောင်သူသားရဲ၏ကျားခေါင်းမှနေ၍ ရုတ်တရက် သွေးပျက်ဖွယ်ကောင်းပြီး အရိုင်းဆန်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပေ၏။ထို့နောက် သူ၏မျက်လုံးများသည် အဖြူရောင်သို့ပြောင်းလဲသွားကာ မနှစ်မြို့ဖွယ်နှင့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
ဤသည်မှာ မြေအောက်လောကနတ်ဘုရား၏ဖိနှိပ်မှုကို ဖီဆန်နေသော ရူးသွပ်သည်နတ်ဆိုးတကောင်အလားပင်။နောက်ဆုံး၌ သူသည် ကြီးမားသောလက်သည်းကြီးဖြင့် လုယွီထံဦးတည်ကာ ရိုက်ပုတ်လိုက်သည်။
"အချိန်ကောင်းပဲ"
လုယွီသည် နောက်ဆုတ်ခြင်းမပြုချေ။သူသည်လည်း သူ၏လက်ဝါးကိုမြှောက်လိုက်ရာ ရွှေရောင်အလင်းတန်းတတန်း ဖြာထွက်လာသည်။ထို့နောက် သူသည် ထိုက်ယွမ်လက်ဝါးကိုအသုံးပြုကာ အမှန်တရားနားထောင်သူသားရဲ၏ ကြီးမားသောလက်သည်းကြီးထံဦးတည်ပြီး ရိုက်နှက်လိုက်၏။
သူ ထိုလက်ဝါးရိုက်ချက်ကို ရိုက်ထုတ်လိုက်ချိန်တွင် သူ့၏လက်ထံသို့ တိုးဝင်လာသော ကြီးမားသည်စွမ်းအားကို လုယွီက ခံစားမိသည်။
ဤသည်မှာ သူသည် ကြီးမားသောတောင်အမြောက်အများကို ကိုင်ထားရသည့်အလားပင်။ထိုတောင်များ၏အလေးချိန်ကို စိတ်ကူးယဉ်တွေးတောကြည့်၍ပင် မရနိုင်ချေ။
လုယွီက ဝူတင်းအမတ်ကြီးလီကျိုးစီထံ၌ပင် ဤကဲ့သို့ ပြင်းထန်သောစွမ်းအားမျိုး ရှိနိုင်မည်မဟုတ်ဟု ခန့်မှန်းမိသည်။
ဘန်း...
ကျယ်လောင်သောအသံတစ်သံနှင့်အတူ လုယွီသည် နောက်သို့ သုံးမီတာလေးမီတာခန့် ဆုတ်လိုက်ရသည်။
ခွေးနက်ကြီးသည် အံ့အားသင့်တုန်လှုပ်သွားပေ၏။
"မင်းတောင်မှ လွင့်ထွက်သွားခဲ့တယ်...ဒါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ မှော်သားရဲမျိုးလဲ"
ဤခွေးစုတ်သည် မှီခိုအားထား၍မရသော်လည်း အလွန်ကောင်းမွန်သောအမြင်ရှိသည်။အကြည့်တချက်ဖြင့် လုယွီ၏ယခုလက်ရှိခန္ဓာကိုယ်ခွန်အား အလွန်အစွမ်းထက်သည်ဟု သူ ပြောဆိုနိုင်သည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် လုယွီသည် အမှန်တရားနားထောင်သူသားရဲ၏ လက်ဝါးရိုက်ချက်ကို ခုခံနိုင်ခဲ့ခြင်းမရှိချေ။ဤသည်မှတဆင့် တစ်ဖက်ရန်သူ၏ခွန်အား မည်မျှထိကြောက်မက်ဖွယ်ကောင်းသည်ကို ပြသနေသည်။
"စိတ်ဝင်စားစရာပဲ...ငါ သိုင်းပညာသူတော်စင်နယ်ပယ်ကို ခြေချနိုင်ကတည်းက ဒီလိုအစွမ်းထက်တဲ့ရန်သူမျိုး တစ်ခါမှမကြုံတွေ့ခဲ့ရဘူး...တကယ်လို့ ငါက သိုင်းအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ချင်တယ်ဆိုရင် အစွမ်းထက်တဲ့ရန်သူတွေနဲ့ ရင်ဆိုင်ပြီးတော့ ငါ့ကိုယ်ငါ ပြန်လည်တည်ဆောက်ဖို့လိုအပ်တယ်...အရမ်းပြင်းထန်တဲ့ခွန်အားကိုအသုံးပြုမှသာ ငါ့ရဲ့ကိုယ်ပိုင်အကန့်အသတ်ကို ချိုးဖျက်နိုင်လိမ့်မယ်...ငါ သိုင်းပညာအင်မော်ဒယ်နယ်ပယ်ကို ရောက်နိုင်ဖို့အတွက် မင်းက အရမ်းကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ"
လုယွီ၏မျက်လုံးများအတွင်း၌ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။သူသည် ဒေါသထွက်ရမည့်အစား ပျော်ရွှင်သွားလေ၏။
သူ၏ကျင့်ကြံဆင့်ကိုချိုးဖျက်ရန် တိုက်ပွဲများထက် ပို၍လျှင်မြန်စေသောအရာ မရှိချေ။
လုယွီသည် မြေအောက်လောကနတ်ဘုရား၏နည်းစနစ်များကို အသုံးပြုခြင်းမရှိချေ။ထိုအစား သူသည် စင်မြင့်ပေါ်မှခုန်ထွက်ကာ အမှန်တရားနားထောင်သူသားရဲထံသို့ ပြေးဝင်လိုက်သည်။
ဟန်ယွမ်နန်းတော်စင်မြင့်၏ မှော်သင်္ကေတအက္ခရာများမှ ကာကွယ်ပေးမှုမရှိတော့သဖြင့် လုယွီသည် သူ၏ခန္ဓာကိုယ်သို့ ဖြတ်သန်းတိုက်ခတ်လာသော အေးစက်စက်ယင်ချီလှိုင်းများကို ခံစားမိသည်။
သို့ရာတွင် သူ၏စိတ်သည် တည်ငြိမ်နေဆဲပင်။ အတွေးတချက်နှင့်အတူ သိုင်းပညာသူတော်စင်၏သွေးချီများ မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာ သူ၏ခန္ဓာကိုယ်ကိုဝိုင်းရံပြီး အေးစက်မှုများအားလုံးကို ပျောက်ကွယ်သွားစေသည်။
လုယွီသည် သူ၏လက်ကို ဆန့်တန်းလိုက်ကာ သူ၏ခန္ဓာကိုယ်သည် လေးကြိုးဆွဲတင်ထားသော လေးတစ်စင်းအလားပင်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးအရွတ်များမှနေ၍ တဖျစ်ဖျစ်တဖြောက်ဖြောက်အသံများ ထွက်ပေါ်နေသည်။ ထိုနောက် လုယွီသည် အမှန်တရားနားထောင်သူသားရဲ၏နံဘေးသို့ ဖျတ်ခနဲရောက်ရှိသွားကာ သူ၏လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။ရုတ်ချင်းဆိုသလိုပင် အစွမ်းထက်သော အားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာကာ လုယွီ၏လက်သည် အမှန်တရားနားထောင်သူသားရဲ၏ ကြီးမားသောခေါင်းထက်သို့ ကျရောက်သွားတော့သည်။
ဘုန်း....
"မြင့်တက်စမ်း"
ထို့နောက် လုယွီက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပန်းထိုးပိုးထည်ဝတ်စုံသည် ချက်ချင်းကြေမွှပျက်စီးသွားကာ သူ၏သန်မာအားကောင်းသောကြွက်သားများ ထွက်ပေါ်လာသည်။
အမှန်တရားနားထောင်သူသားရဲသည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သော်လည်း လုယွီ၏လက်များသည် သူ၏နဖူးကို ဆွဲညှစ်ထားသော ပြုတ်တူတစ်လက်နှင့် တူညီနေသည်။လုယွီသည် သူ၏လက်ကို အထက်အောက်လှုပ်ယမ်းကာ အမှန်တရားနားထောင်သူသားရဲ၏ ကြီးမားသောခန္ဓာကိုယ်ကြီးကိုမ၍ အဝေးသို့လွှင့်ပစ်လိုက်သည်။
ဝုန်း...
အမှန်တရားနားထောင်သူသားရဲသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားလေ၏။ သူ၏ကျားခေါင်းကြီးသည် မာကျောသောကျောက်တုံးအုတ်များဖြင့် ရိုက်ခတ်မိကာ သွေးများ ဖြာခနဲထွက်လာသည်။ဤသည်မှာ သူ၏မျက်နှာတစ်ခုလုံးကို နှိုင်းယှဉ်ပြစရာမရှိသည်အထိ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်မျိုး ဖြစ်သွားစေသည်။
သရဲတစ္ဆေစစ်သားများသည်လည်း ရှေ့သို့တိုးလာကာ သူတို့၏ချွန်ထက်သောပါးစပ်ကြီးများကိုဖွင့်ဟ၍ အမှန်တရားနားထောင်သူသားရဲ၏ခန္ဓာကိုယ်ကို ကိုက်လိုက်ကြ၏။
ဤသည်မှာ မြေအောက်လောကနတ်ဘုရား၏ဓမ္မပုံရိပ်ယောင်မှ အမိန့်ပင်။ဤအချိန်အခိုက်အတန့်တွင် သူတို့သည် လုယွီ၏ကျေးကျွန်များအဖြစ်သို့ ပြောင်းလဲသွားကာ အမှန်တရားနားထောင်သူကို ပြန်လည်၍တိုက်ခိုက်လိုက်ကြသည်။
မမျှော်လင့်ဘဲ အမှန်တရားနားထောင်သူသားရဲသည် အဖြူရောင်အခိုးအငွေ့တချို့ကိုသာ မှုတ်ထုတ်လိုက်သည်။ထိုအခိုးအငွေ့များနှင့်အတူ သူ၏နံဘေးပတ်လည်ရှိ သရဲတစ္ဆေစစ်သားများအားလုံးသည် အမှုန်အမွှားများအဖြစ်သို့ပြောင်းလဲသွားလေ၏။
"ဘေးဖယ်ကြစမ်း"
လုယွီက အော်ဟစ်ကာ အမှန်တရားနားထောင်သူသားရဲထံသို့ လျှောက်လှမ်းသွားလိုက်သည်။ ထို့နောက် သူ၏လက်ကိုမြှောက်ပြီး အမှန်တရားနားထောင်သူသားရဲကို လက်ညှိုးညွှန်ကာ ပြောဆိုလိုက်၏။
"လာခဲ့စမ်း...ငါက မင်းနဲ့ ဆက်ပြီးတိုက်ခိုက်မယ်"
Chapter 4003
လုယွီသည် ယခင်ကဲ့သို့ သရဲတစ္တေစစ်သားများကို သတိထားရန်မလိုအပ်တော့သဖြင့် သူ ဂရုမစိုက်ချေ။
သို့ရာတွင် သူသည် အားကုန်ထုတ်၍ အမှန်တရားနားထောင်သူသားရဲ့နှင့် တိုက်ခိုက်စဉ်၌ ထိုသရဲတစ္ဆေစစ်သားများ၏ ရုန်းရင်းဆန်ခတ်နိုင်မှုသည် ကြီးမားသောအနှောက်အယှက်ကြီး ဖြစ်လာပေ၏။
ပတ်ဝန်းကျင်ရှိ သရဲတစ္ဆေစစ်သားများအားလုံးသည် အလွန်အမင်းအားနည်းသဖြင့် အမှန်တရားနားထောင်သူသားရဲ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ချေ။
အမှန်တရားနားထောင်သူသားရဲသည် ရန်စခြင်းခံရသဖြင့် အလွန်ဒေါသထွက်လာသည်။သူသည် ညအချိန်ထွက်ပေါ်လာသော သရဲတစ္ဆေတစ်ကောင်အလား အဆက်မပြတ်ဟိန်းဟောက်နေပေ၏။
သူသည် လဲကျနေရာမှ မတ်တတ်ထရပ်ကာ ဒေါသတကြီးဖြင့် လုယွီကို ခုန်အုပ်လိုက်သည်။
"ကောင်းလိုက်တဲ့ တိုက်ကွက်"
လုယွီက အေးစက်စက်အော်ငေါက်ကာ သူ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းတန်းတစ်တန်းဖြတ်ပြေးသွားသည်။ သူသည် အမှန်တရားနားထောင်သူသားရဲကို စူးစိုက်၍ကြည့်ကာ သူ၏ခန္ဓာကိုယ်မှ သွေးချီများ ပွင့်အံ့ထွက်လာသည်။သူ၏သွေးချီများသည် လေထုအတွင်းသို့ မြင့်တက်သွားကာ အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားလေ၏။
မည်သည့်မှော်စွမ်းအားကိုမျှ အသုံးပြုခြင်းမရှိဘဲ လုယွီ၏ကြွက်သားများပေါ်မှသွေးကြောများ ဖောင်းကြွလာသည်။ဤသည်မှာသူ၏ခန္ဓာကိုယ်ပေါ်၌ နဂါးတစ်ကောင် ကူးခတ်နေသည့်အလားပင်။သိုင်းပညာသူတော်စင်အထွတ်အထိပ်ကျင့်ကြံသူတစ်ယောက်၏ လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါ ထွက်ပေါ်လာကာ အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားသည်။
လုယွီ၏အသက် ရှူရှိုက်ခြင်းနှင့်အတူ ကြီးကျယ်ခမ်းနားသော စိတ်ဝိညာဥ်စွမ်းအားများ အဆက်မပြတ်ထွက်ပေါ်လာသည်။လုယွီ၏ခန္ဓာကိုယ်အတွင်းမှ သွေးချီများသည် ပြန့်ကားလာကာ အလွန်အားကောင်းပြီး ပျက်ပြယ်သွားခြင်းမရှိပေ။ထိုအရာများသည် သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် လှည့်ပတ်နေပေ၏။
ဘန်း...
နှစ်ဖက်စလုံးသည် နောက်ဆုံး၌ ထိပ်တိုက်ရင်ဆိုင်ရိုက်ခတ်မိလေ၏။
လုယွီ၏ယခုလက်ရှိခန္ဓာကိုယ်သည် အလွန်ကြီးမားသော အမှန်တရားနားထောင်သူသားရဲနှင့် နှိုင်းယှဉ်ပါက အသေးအမွှားပင်။
သူသည် လက်ကိုမြှောက်ကာ သူ့ထံသို့တိုးဝင်လာသော အမှန်တရားနားထောင်သူသားရဲ၏ဦးချိုကို ရုတ်တရက် ဖိနှိပ်လိုက်သည်။ ထိုသားရဲဦးချိုမှတဆင့် တလိမ့်လိမ့်စီးဆင်းလာသောစွမ်းအားများကို သူ ခံစားမိသည်။
လုယွီသည် သူ၏လက်နှစ်ဖက် ထုံကြင်လာသည်ကို ခံစားမိလေ၏။ဤခွန်အားသည် အလွန်အစွမ်းထက်သဖြင့် သူ၏ခန္ဓာကိုယ်မှအရိုးများ ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။
ဝေါင်း....
လုယွီ အသက်ရှင်သန်နေဆဲ ဖြစ်သည်ကိုကြည့်ပြီး အမှန်တရားနားထောင်သူသားရဲ ပို၍ဒေါသထွက်စပြုလာသည်။
သူ၏စွမ်းအားများသည်လည်း ပို၍ပြင်းထန်စပြုလာပေ၏။အမှန်တရားနားထောင်သူသားရဲသည် ပတ်ဝန်းကျင်ရှိ ယင်ချီများအားလုံးကို သူ၏ပါးစပ်နှင့်နှာခေါင်းပေါက်မှတဆင့် ရှုသွင်းလိုက်သဖြင့် သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော သတ်ဖြတ်လိုခြင်းအရှိန်အဝါများ ပို၍ပို၍ပြင်းထန်လာသည်။
သို့ရာတွင် အမှန်တရားနားထောင်သူသားရဲသည် ယခုလက်ရှိချိန်တွင် ရူးသွပ်နေသောအခြေအနေ၌ ကျရောက်နေသဖြင့် ဤအရာများကို လုယွီမှ တိတ်တဆိတ်ချေဖျက်နေကြောင်း သူ မသိရှိချေ။
"ရှေးဟောင်းအမှန်တရားနားထောင်သူသားရဲက ရွှေအင်မော်တယ်အဆင့် သားရဲတစ်ကောင်ပဲ....သူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေးက အကန့်အသတ်မဲ့ပြီးတော့ လောကကြီးထဲမှာရှိတဲ့ အရာရာတိုင်းကို ပိုင်းခြားသိမြင်နိုင်တယ်... ဒါပေမဲ့ ဒီယင်သားရဲမှာတော့ အရိုင်းဆန်တဲ့ခွန်အားပဲရှိတယ်...သူ့ရဲ့စိတ်ကို သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေက လွှမ်းမိုးထားတာကြောင့် ဘာနည်းစနစ်ကိုမှ အသုံးမပြုနိုင်တော့ဘူး"
လုယွီထံ၌ တိုက်ပွဲအတွေ့အကြုံအမြောက်အများရှိနေသည်။
သူသည် ခြေတစ်လမ်းရှေ့တက်ကာ အမှန်တရားနားထောင်သူသားရဲ့၏ဦးချိုကို သူ၏လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။
တချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ခွန်အားများကို အားကုန်ထုတ်သုံးလိုက်သည်။ သူ၏ခန္ဓာကိုယ်မှနေ၍ နဂါးဟိန်းသံတသံထွက်ပေါ်လာကာ သူ၏လက်ပေါ်ရှိ ကြွက်သားများအဆများစွာဖောင်းကြွလာသည်။ဤသည်မှာ အစစ်အမှန်နဂါးတစ်ကောင်၏စွမ်းအား ရုတ်တရက် ပွင့်အံ့ထွက်လာသည့်အလားပင်။
ထိုနောက် လုယွီက သူ၏လက်ကို နံဘေးတစ်ဖက်သို့ ဝှေ့ယမ်းလိုက်သည်။
သူ၏လက်မှနေ၍ တဖျစ်ဖျစ်တဖျောက်ဖျောက်အသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ကြီးကျယ်ခမ်းနားသောခွန်အားတစ်ရပ်သည် သူ၏ခန္ဓာကိုယ်အကန့်အသတ်ကို ချိုးဖျက်၍ အမှန်တရားနားထောင်သူသားရဲ့၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်သက်ရောက်သွားသည်။
ဝေါင်း....
ဒေါသတကြီးဟိန်းဟောက်သံတသံ ထပ်မံ၍ထွက်ပေါ်လာပြီးနောက် အမှန်တရားနားထောင်သူသားရဲသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ထိုသားရဲ မတ်တတ်ထမရပ်နိုင်သေးမီမှာပင် လုယွီက ပျံသန်းသွားကာ သားရဲ၏နဖူးပေါ်သို့ ခြေထောက်ဖြင့်ဆောင်နင်းလိုက်သည်။
ထိုခြေထောက်တစ်ဖက်သည် လေထုကိုဖြတ်သန်းကာ အမှန်တရားနားထောင်သူသားရဲ၏နဖူးပေါ်သို့ ကျရောက်သွားလေ၏။ထို့နောက် သားရဲ၏ခန္ဓာကိုယ်ပေါ်တွင် ကြီးကျယ်ခမ်းနားသော ရွှေရောင်ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ထိုအရာသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ပုံရိပ်ယောင်ဖြစ်ပေ၏။ထိုနတ်ဘုရားပုံရိပ်ယောင်ထွက်ပေါ်လာစဉ်တွင် လုယွီသည် သူ့ကိုယ်သူ အုပ်ချုပ်သူအရှင်တစ်ပါးအလား ခံစားမိသည်။ ရှေးဟောင်းကောင်းကင်နှင့်မြေပြင်အကြားမှ ဆက်သွယ်ချက်ကြောင့် သူ့အား စကြာဝဠာတစ်ခုလုံး၏အရှင်သခင်အလား ဖြစ်နေစေသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ရှေးနတ်ဘုရားများ မိုးကောင်းကင်ပေါ်သို့ ခြေဆောင့်နင်းခြင်း....
ပြင်းထန်သောခြေဆောင့်နင်းခြင်းနှင့်အတူ အမှန်တရားနားထောင်သူသားရဲ၏ ကြီးမားသောခေါင်းကြီးသည် မြေပြင်အတွင်းသို့ မီတာများစွာအနက်ထိ နစ်ဝင်သွားသည်။ထိုအရာကိုဗဟိုပြု၍ ပတ်ဝန်းကျင်ရှိမြေပြင် ရုတ်တရက်ပြိုကျသွားကာ ကျင်းနက်ကြီးတစ်ခုဖြစ်ပေါ်လာပေ၏။
Chapter 4004
"ဘန်း...ဘန်း...ဘန်း..."
လုယွီသည် ခြေတစ်ချက်ဆောင့်နင်းပြီးနောက် ရပ်တန့်ခြင်းမရှိချေ။ထိုအစား သူသည် ဆက်လက်၍ ကန်ကျောက်လိုက်၏။
သူ ခြေတစ်လှမ်းဆောင့်နင်းလိုက်သည့်အချိန်တိုင်း အလွန်ကြီးမားသော အားလှိုင်းတစ်ရပ်ကပ်ပါလာသည်။ဤသည်မှာ အလွန်အမင်းလေးလံကာ ပြင်းထန်သောစွမ်းအားများက ယင်သားရဲ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
အမှန်တရားနားထောင်သူသားရဲသည် ထပ်မံ၍ဟိန်းဟောက်ကာ သူ၏လက်သည်းများဖြင့် မြေပြင်ကို ပြင်းပြင်းထန်ထန် ဆွဲကုတ်လိုက်၏။
ပတ်ဝန်းကျင်ရှိ ရှေးဟောင်းအိမ်များအားလုံးသည် အစကတည်းက ပြိုလဲပျက်စီးစပြုနေသည်။သို့ရာတွင် အမှန်တရားနားထောင်သူ့သားရဲ၏လက်သည်းများအောက်တွင် ထိုအရာများအားလုံး တစ်ခုပြီးတစ်ခုကြေမွှပျက်စီးသွားကာ မြေပြင်ပေါ်၌ အမှုန်အမွှားများသာ ကြွင်းကျန်ရစ်သည်။
သူသည် ရူးသွပ်သောအခြေအနေ၌ ရှိနေသော်လည်း လုယွီ၏ထိန်းချုပ်မှုကို ချိုးဖျက်နိုင်ရန် ကြိုးစားနေဆဲပင်။
"ကောင်စုတ်လေးလု ရပ်လိုက်တော့...တစ်ခုခုမှားယွင်းနေတယ်လို့ ငါ ခံစားမိတယ်...မြန်မြန်ပြန်လာခဲ့တော့"
ခွေးနက်ကြီးက စင်မြင့်ပေါ်မှနေ၍ အော်ဟစ်လိုက်သည်။
ခွေးနက်ကြီးသည် ရှေးဟောင်းသင်္ချိုင်းဂူအမြောက်အများအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ဖူးသူဖြစ်သဖြင့် အန္တရာယ်ကို အာရုံခံနိုင်စွမ်း အလွန်အမင်းမြင့်မားသည်။သူ လုယွီကိုသတိပေးခြင်း၏နောက်ကွယ်တွင် အကြောင်းအရင်းတစ်ခုရှိနေမည်မှာ တိကျသေချာသည်။
အကယ်၍ ဤနေရာတွင် သာမန်သားရဲတစ်ကောင်ဆိုပါက လုယွီ၏တိုက်ခိုက်မှုအောက်၌ နေရာမှာပင်သေဆုံးသွားပေမည်။
သို့ရာတွင် အမှန်တရားနားထောင်သူသားရဲ၏အသက်စွမ်းအားသည် အလွန်အမင်းအားကောင်းပေ၏။
ဤအချိန်အခိုက်အတန့်တွင် အမှန်တရားနားထောင်သူသားရဲ၏ခေါင်းတွေ သွေးသံတရဲရဲဖြစ်နေကာ သူ၏ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်သောချေ။သို့ရာတွင် သူသည် တိုးညှင်းသောအသံဖြင့် ဒေါသတကြီးဟိန်းဟောက်နေဆဲပင်။
ထိုအချိန်မှာပင်...
မိုးကောင်းကင်ယံအတွင်းရှိ သွေးနီရောင်လသည် ရုတ်တရက် တစတစပို၍တောက်ပလာပေ၏။
သွေးနီရောင်လမှ အနီရောင်အလင်းတန်းများ ပို၍တောက်ပစပြုလာကာ ထိုအရာသည် လက်ဆတ်သောသွေးများကို စုပ်ယူလိုက်သည့်အလားပင်။ထိုအလင်းတန်းများသည် သွေးနီရောင်လမှနေ၍ သွေးစက်များ စီးကျနေသည်နှင့် တူညီနေသည်။
အေးစက်စက်လေများ ရုတ်တရက် ဖြတ်သန်းတိုက်ခိုက်လာကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ထူထပ်သိပ်သည်းသောမြူခိုးများ လွှမ်းခြုံသွားသည်။သွေးနီရောင်လ၏အလင်းရောင်ကသာ အလွန်အမင်းသိသာထင်ရှားစွာ ထွက်ပေါ်လာပေ၏။
သရဲတစ္ဆေစစ်သားများအားလုံး အော်ဟစ်နေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ကြသည်။သူတို့သည် လေးလံထိုင်းမှိုင်းစွာဖြင့် နေရာမှာပင် မတ်တတ်ရပ်ကာ သူတို့၏ခေါင်းများကိုမော့၍ အထက်ရှိသွေးနီရောင်လကို ကြည့်လိုက်ကြသည်။
အမှန်တရားနားထောင်သူသားရဲသည် ရုန်းကန်နေခြင်းကို ရုတ်တရက်ရပ်တန့်လိုက်၏။သူသည် ကြိုးပြတ်သွားသော ရုပ်သေးတစ်ရုပ်အလား အနည်းငယ်မျှ လှုပ်ရှားနိုင်ခြင်းမရှိတော့ချေ။
ဤမြင်ကွင်းမှာ အလွန်အမင်းထူးဆန်းနေသည်။
လုယွီသည် မိုးကောင်းကင်ယံအတွင်းရှိ သွေးနီရောင်လကို ကြည့်လိုက်သည်။သူ၏နတ်ဘုရားစိတ်အာရုံဖြင့် မြူခိုးများကိုထွင်းဖောက်ကာ သွေးနီရောင်လ၏အနှစ်သာရကို တွေ့မြင်နိုင်ခြင်းမရှိကြောင်း သူ ရှာဖွေတွေ့ရှိမိလေ၏။
"ဒါက ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခုပဲ...ဒီနေရာမှာရှိတဲ့ နေနဲ့လက ပြင်ပလောကနဲ့ ကွဲပြားခြားနားနေတယ်"
လုယွီက မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို ချက်ချင်းနားလည်သဘောပေါက်သွားသည်။
ဤနေရာသည် တောင်တစ်လုံး၏အောက်ခြေ၌ရှိသော မြေအောက်ဖြစ်ပုံရသည်။သို့ရာတွင် တစ်စုံတစ်ယောက်သည် ဤနေရာအတွင်းသို့ ခြေချပြီးနောက် မတူကွဲပြားသော ကမ္ဘာလောကတစ်ခုသို့ ရောက်ရှိသွားကာ ပြင်ပလောကနှင့် လုံးလုံးလျားလျား ကင်းကွာသွားပေမည်။
"ဒီသားရဲထက် ပိုပြီးအစွမ်းထက်တဲ့ တည်ရှိမှုကြီး ဆင်းသက်လာတော့မယ်လို့ ငါ ခံစားမိတယ်"
ခွေးနက်ကြီး၏အမွှေးများ ထောင်ထသွားကာ သူ၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်ကြောက်ရွံ့မှုများ ချက်ချင်းမြင့်တက်လာသည်။
ရုတ်ချည်းဆိုသလိုပင် ဗာမီလီယန်မီးငှက်လမ်း၏အဆုံးမှနေ၍...
သစ်သားတုတ်နှင့် မြေပြင်ကိုရိုက်ခတ်မိသည့်အသံများ ထွက်ပေါ်လာသည်။
ဒုတ်...ဒုတ်...ဒုတ်...
ဤနေရာတွင် ယခင်ကတည်းက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည်နှက်နေသည်။ ရုတ်တရက် ထွက်ပေါ်လာသောအသံသည် ဤနေရာအား ပို၍ထူးဆန်းသောအငွေ့အသက်မျိုး လွှမ်းခြုံသွားစေပေ၏။
ထူထပ်သိပ်သည်းသော မြူခိုးများအကြားမှနေ၍ ပုံရိပ်တစ်ခုက အလျှင်အမြန်ထွက်ပေါ်လာသည်။
ဤသည်မှာ တောင်ဝှေးတစ်ချောင်းကို အားပြု၍ လမ်းလျှောက်နေသော ဘုန်းတော်ကြီးတစ်ပါးပင်။သူ၏ခန္ဓာကိုယ်မှအသားများ ပုတ်သိုးဆွေးမြည့်သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူသည် အရိုးစုအဖြစ်သာကျန်ရှိတော့ပြီး သူ၏မျက်လုံးအိမ်များ ပိန်းပိတ်သည်အထိ မှောင်မည်းနေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိသင်္ကန်းသည် အတိတ်တွင်ကဲ့သို့ တင့်တယ်ခြင်းမရှိတော့ချေ။ဤအရာတွေ ဖုန်မှုန့်များလူးနေကာ ဟောင်းနွမ်းပျက်စီးနေပေ၏။
ဤဘုန်းတော်ကြီးသည် ဗုဒ္ဓငါးဆူရတနာသရဖူကို ဆောင်းထားသော်လည်း ထိုအရာပေါ်ရှိ ဗုဒ္ဓါရုပ်ထုများပေါ်တွင် အစက်အပျောက်များရှိနေသည်။ထိုဗုဒ္ဓရုပ်ထုငါးခု၏မျက်လုံးများအတွင်းမှ သွေးများယိုစီးနေပုံရကာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။
သို့ရာတွင် လုယွီသည် သူ၏မျက်လုံးများ စူးရှနာကျင်လာသည်ကို ခံစားမိသည်။ဤသည်မှာ ဘုန်းတော်ကြီး၏နောက်တွင် အသူရာငရဲရှိနေသည့်အလား အလွန်ချောက်ချားဖွယ်ကောင်းပေ၏။
"ကောင်းကင်ဘုံနံသာ ကျောက်စိမ်းအရိုး..ဒီဘုန်းတော်ကြီးက ဗုဒ္ဓကျင့်ကြံခြင်းလမ်းကြောင်းမှာအထွတ်အထိပ်အဆင့်ကိုရောက်နေတဲ့ ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"
လုယွီ၏နှုတ်ခမ်းတောင် ရှုံမဲ့သွားသည်။ သူ၏စိတ်နှလုံးသားအတွင်း၌ ဆိုးရွားသောနိမိတ်တစ်ခု ထွက်ပေါ်လာပေ၏။
ဗုဒ္ဓကျင့်ကြံခြင်းလမ်းကြောင်းတွင် နက်နဲသိမ်မွေ့သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများရှိနေသည်။သူတို့သည် အထွတ်အထိပ်အခြေအနေထိ ကျင့်ကြံပြီးနောက် သူတို့၏စွမ်းအားများအားလုံး သူတို့၏အရိုးများ၌ သိပ်သည်းသွားသည်။ထို့နောက် သူတို့၏ခန္ဓာကိုယ်ကို ကျောက်စိမ်းအရိုးများအဖြစ်သို့ ထိန်းညှိလိုက်ကြ၏။နှစ်သန်းပေါင်းဆယ်နှင့်ချီ၍ ကြာညောင်းလာသည့်တိုင် ထိုကျောက်စိမ်းအရိုးများသည် မာကျောနေဆဲဖြစ်ကာ အားပျော့သွားခြင်းမရှိချေ။
Chapter 4005
ဤဘုန်းတော်ကြီး၏အရိုးများပေါ်တွင် ထူထပ်သောဖုန်မှုန့်များ ဖုံးလွှမ်းနေသည့်တိုင် ထိုအရိုးများမှထွက်ပေါ်နေသော ပြင်းထန်သည့်ဖိအားအရှိန်အဝါသည် ပြောင်းလဲသွားခြင်းမရှိချေ။
ထိုဘုန်းတော်ကြီးထွက်ပေါ်လာချိန်တွင် လုယွီသည် သူ့ထံသို့တိုးဝင်လာသော ပြိုင်ဘက်ကင်းဖိအားအရှိန်အဝါတစ်ရပ်ကို ခံစားမိသည်။
ဤဘုန်းတော်ကြီး သေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သည့်တိုင် သေခြင်းရှင်ခြင်းနှင့် ပြန်လည်ဝင်စားခြင်းသံသရာစက်ဝိုင်းကို ထိန်းချုပ်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သောခံစားချက်မျိုး လူအများကို ပေးစွမ်းနိုင်သည်။ဤဘုန်းတော်ကြီးနှင့်ရင်ဆိုင်ရသောလူသည် သူ၏အသက်ကို သူ မပိုင်ဆိုင်သောသည့်အလား ခံစားရပေမည်။
ဝုန်း...
ဝုန်း...
ထိုဘုန်းတော်ကြီးထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်ရှိ သရဲတစ္ဆေစစ်သားများအားလုံးသည် နတ်ဘုရားတစ်ပါးကို တွေ့မြင်လိုက်ရသည့်အလား အရိုအသေပြုရန်အတွက် ဒူးထောက်လိုက်ကြ၏။
တချိန်တည်းမှာပင် အမှန်တရားနားထောင်သူ့သားရဲသည် နာခံရို့ကျိုးစွာဖြင့် မြေပြင်ပေါ်မှထရပ်ကာ ဘုန်းတော်ကြီးရှိရာဘက်သို့ ဦးတည်၍ ဝပ်တွားလိုက်သည်။
"ငါ လီတော်ဝင်မြို့တော်မှာ ဖတ်ခဲ့ရတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်မှာ ဒီဘုန်းတော်ကြီးရဲ့မူရင်းဇဇစ်မြစ်ပါနေတာကို ငါ အမှတ်ရသွားပြီ"
ခွေးနက်ကြီးသည် ရုတ်တရက် တည်ကြည်လေးနက်သောမျက်နှာအမူအယာဖြင့် လုယွီထံသို့ ပျံသန်းလာသည်။
ချန်အန်းမြို့သည် အလွန်ရုတ်တရက်ဆန်စွာ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
ဤထူးဆန်းသောမတော်တဆကိစ္စ မတိုင်မီကပင် ချန်အန်းမြို့အတွင်း၌ မူမမှန်သောအရာများစွာရှိသည်။
ထို့ကြောင့် နတ်ဆိုးများကို ဖိနှိပ်နိုင်ရန်အလို့ငှာ ထန်အင်ပါယာမှအရာရှိများသည် မြင့်မြတ်သောဘုန်းတော်ကြီးတစ်ပါးကိုဖိတ်ကြားခဲ့သည်။ထိုဘုန်းတော်ကြီး၏အမည်မှာ ရွှမ်ကျန်းပင်။သို့ရာတွင် နောက်ပိုင်း၌ အကန့်အသတ်မဲ့ကျယ်ဝန်းသော ကောင်းကင်ဘုံနယ်မြေအတွင်း၌ ချန်အန်းမြို့ပျောက်ကွယ်သွားခြင်းနှင့်အတူ မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို မည်သူမျှ အတိအကျမသိတော့ချေ။
"အဲ့ဒီရှေးဟောင်းစာအုပ်ကို ရွှမ်ကျန်းရဲ့တပည့်က ရေးသားခဲ့တာပဲ"
ခွေးနက်ကြီးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ညသန်းခေါင်အချိန်မှာ ဘုန်းကြီးကျောင်းထဲမှာရှိတဲ့လူတိုင်း အိပ်စက်နေကြတယ်...ဘုန်းတော်ကြီးရွှမ်ကျန်းက တရားထိုင်နေတာကနေ ရုတ်တရက် နိုးထလာခဲ့တယ်...သူက တပည့်တွေအားလုံးကို နှိုးပြီးတော့ အထုပ်အပိုးတွေကိုပြင်ဆင်ပြီး ချန်အန်းမြို့ကနေ အမြန်ဆုံးထွက်သွားဖို့ပြောခဲ့တယ်"
"ဒါပေမဲ့ တပည့်တွေအားလုံး ချန်အန်းမြို့ကနေ ထွက်ခွာပြီးသွားတဲ့အချိန်မှာ...သူတို့ရဲ့ခန္ဓာကိုယ်တွေက မမျှော်လင့်တဲ့အပြောင်းအလဲတွေနဲ့ ကြုံတွေ့ခဲ့ရတယ်...သူတို့ထဲက တချို့ရဲ့ခန္ဓာကိုယ်တွေက ပုတ်သိုးစပြုလာပြီးတော့ တချို့က အိပ်မက်ဆိုးတွေရဲ့အမဲလိုက်ခြင်းကိုခံရတယ်...သူတို့ထဲကတချို့ သေဆုံးသွားပြီးတဲ့နောက်မှာ အဲ့ဒီတပည့်က သူ့အတွက် အချိန်အများကြီးမကျန်တော့ဘူးဆိုတာ သိသွားခဲ့တယ်...ဒါကြောင့် သူက နိုးထလာတဲ့အချိန်အတောအတွင်းမှာ မှတ်တမ်းတိုလေးတစ်ခုကို ရေးသားခဲ့တယ်...အဲ့ဒါကိုရေးပြီးတော့ နောက်တစ်နေ့မှာ သူက ချောက်ကမ်းပါးတစ်ခုကနေပြုတ်ကျပြီးတော့ အရမ်းဆိုးရွားတဲ့ အခြေအနေမျိုးနဲ့ သေဆုံးသွားခဲ့တယ်"
"ချန်အန်းမြို့ထဲမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဘုန်းတော်ကြီးရွှမ်ကျန်းထောင် ဘာမှမတတ်နိုင်ခဲ့ဘူးလို့ မင်း ပြောချင်တာလား"
လုယွီ၏မျက်ခုံး မြင့်တက်သွားသည်။
ဤသည်မှာ အစစ်အမှန်ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ဖြစ်ကာ ရှေးဟောင်းအလယ်ခေတ်ဗုဒ္ဓလောက၏ ခေါင်းဆောင်ပင်။
ကောလာဟလများအရ ရွှမ်ကျန်းသည် ပြင်ပလေဟာနယ်အတွင်းရှိ ကြယ်များအကြားခရီးသွားလာကာ တခြားကမ္ဘာလောကများနှင့်သက်ဆိုင်သောမှတ်တမ်းများကို ရေးသားခဲ့သည်။နတ်ဆိုးများသည် သူ၏အနီးသို့ ချဉ်းကပ်ဝံ့ခြင်းမရှိသဖြင့် သူ့အား သူ၏မျိုးဆက်တွင် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ယောက်ဟု ယူဆနိုင်သည်။
ခွေးနက်ကြီးက ပြောဆိုသည်။
"ငါလည်း အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အများကြီးသိမထားဘူး...မင်း သိထားတဲ့အတိုင်းပဲ...ငါက ရတနာတွေကိုပဲ စိတ်ဝင်စားတာ...ဒါ့ပြင် ချန်အန်းမြို့ရဲ့လျှို့ဝှက်ချက်က လီတော်ဝင်မိသားစုရဲ့ အမြင့်မားဆုံးလျှို့ဝှက်ချက်ပဲ...ငါကထန်အင်ပါယာရဲ့တော်ဝင်ဘဏ္ဍာတိုက်ထဲကို ဝင်နိုင်ခဲ့ပေမယ့် အရေးကြီးကိစ္စတွေကိုတော့ လီကျီးက ငါ့ကို ကြည့်ခွင့်မပြုခဲ့ဘူး"
လုယွီ လေအေးတချက် ရှိုက်သွင်းလိုက်သည်။ အကယ်၍ ဤသည်မှာ ဘုန်းတော်ကြီးရွှမ်ကျန်း အမှန်တကယ်ဖြစ်နေပါက သူ ဒုက္ခနှင့်ရင်ဆိုင်တွေ့ရလေပြီ။
ဘုန်းတော်ကြီးရွှမ်ကျန်းသည် သေဆုံးသွားပြီးနောက် ယင်ဘုန်းတော်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။သူ၏ခွန်အားသည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို မည်သူမျှ မသိနိုင်ချေ။
လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားသွေးစက်များအားလုံးကို ဗုဒ္ဓလောက၏ဗုဒ္ဓအရှင်နှင့် တိုက်ခိုက်ရာ၌ အသုံးပြုခဲ့ပြီးဖြစ်သည်။ယခုအချိန်၌ သူသည် သူ၏ကိုယ်ပိုင်ခွန်အားကိုသာ မှီခိုအားထားရပေမည်။
ဒုတ်...ဒုတ်...ဒုတ်...
ဗာမီလီယန်မီးငှက်လမ်း၏ အလယ်သို့အရောက်တွင် ဘုန်းတော်ကြီးက ရပ်တန့်လိုက်သည်။
သူ့၏ဟောင်းလောင်းပေါက်မျက်လုံးအိမ်များအတွင်း၌ မည်သည့်မျက်လုံးမျှ ရှိမနေချေ။သို့ရာတွင် လုယွီသည် သူ့အား မရေမတွက်နိုင်သောမျက်လုံးအစုံများမှ စောင့်ကြည့်နေသည့်အလား ခံစားမိသည်။
"မကောင်းတော့ဘူး...သူက ငါ့ကို သတ်ချင်နေတာပဲ"
လုယွီ၏နောက်တွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက တဖန်ပြန်၍ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏စွမ်းအားကုန် ထုတ်ဖော်အသုံးပြုထားခဲ့သည်။သူ၏လက်များကို အပြည့်အဝဆန့်တန်းထားကာ လက်ဝဲဘက်လက်တွင် မှော်ရတနာတစ်ခုကို ဆုပ်ကိုင်ထားသည်။သူ၏လက်ယာဘက်လက်ကမူ လက်စည်းသင်္ကေတတစ်ခုကို ဖွဲ့စည်းထားကာ နားလည်ရန်ခက်ခဲသော ရှေးဟောင်းကျမ်းစာတချို့ကို စတင်၍ရွတ်ဆိုလိုက်၏။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နောက်တွင် ခရမ်းရောင်အလင်းဘီးကြီးတစ်ခု ထွက်ပေါ်လာသည်။
ဤအလင်းဘီးကြီး လည်ပတ်လာသည်နှင့်အတူ မြေအောက်လောက၏ပြန်လည်ဝင်စားခြင်းဥပဒေသက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
ဤသည်မှာ လုယွီသည် မြေအောက်လောကနတ်ဘုရားအဖြစ်သို့ အသွင်ပြောင်းလိုက်သည့်အလားပင်။သူ၏လက်အတွင်း၌ အကန့်အသတ်မဲ့ငရဲနယ်မြေရှိနေကာ သူသည် သရဲတစ္ဆေများအားလုံး၏ အရှင်သခင်ပင်။
Thank For Reading.