အခန်း (၄၀၀၆-၄၀၁၀)
Vol. 204 Ch. 4006-4010
Chapter 4006
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ ကူညီထောက်ပံ့မှုကြောင့် လုယွီသည် အမွှေးနံ့သာစွမ်းအားများကို ချက်ချင်းခံစားမိသည်။
မြေအောက်လောကတာအိုသခင် သေဆုံးသွားခဲ့သည်မှာအချိန်ကြာမြင့်ပြီဖြစ်သည့်တိုင် မြေအောက်လောကနတ်ဘုရား၏အမွေအနှစ်သည် အကောင်းပကတိကျန်ရှိနေဆဲပင်။ မြေအောက်လောက၌ မရေမတွက်နိုင်သောသက်ရှိများသည် မြေအောက်လောကနတ်ဘုရားကို အစဥ်အမြဲဝတ်ပြုကိုးကွယ်ကြလေ၏။
အကန့်အသတ်မရှိသော အမွှေးနံ့သာစွမ်းအားများ၏ ကူညီထောက်ပံ့မှုအောက်တွင် လုယွီ၏နတ်ဘုရားစွမ်းအားများ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိလာသည်။
ထိပ်သီးအစွမ်းထက်ပညာရှင်များအကြားမှ တိုက်ပွဲတစ်ပွဲစတင်မှုသည် အချိန်အနည်းငယ်ခန့်သာကြာမြင့်ပေ၏။
ဤသည်မှာ လုယွီသည် ယင်ဘုန်းတော်ကြီးနှင့်ရင်ဆိုင်ကြုံတွေ့ရသည့် ပထမဆုံးအကြိမ်ပင်။သို့ရာတွင် ထိုယင်ဘုန်းတော်ကြီးသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအပြည့်ဖြင့် သူ့အားသတ်ဖြတ်ရန်ကြိုးစားနေသည်ကို လုယွီက ခံစားမိသည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏မျက်လုံးအတွင်းမှနေ၍ ခပ်ဖျော့ဖျော့မီးတောက်များ ဖြာထွက်လာသည်။
ထို့နောက် ဓမ္မပုံရိပ်ယောင်ကြီး၏လက်အတွင်းမှ ထက်ရှသောဓားရှည်တစ်လက် မြောက်တတ်သွားကာ ယင်ဘုန်းကြီးထံဦးတည်၍ ဝှေ့ယမ်းလိုက်၏။
ထိုဓားချက်ကို ဝှေ့ယမ်းလိုက်ချိန်တွင် လေဟာနယ်ကိုဖြတ်သန်းသွားသော ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။ထိုဓားချီသည် လေထုကိုဖြတ်သန်းပြီးနောက် ရုတ်တရက် ကျရောက်သွားချိန်၌ ဤသည်မှာ မိုးကောင်းကင်ယံကို ပိုင်းဖြတ်လိုက်သည်အလားပင်။
ဥုံ...
ယင်ဘုန်းတော်ကြီးသည် ရုတ်တရက် သူ၏ပါးစပ်ကိုဖွင့်ဟကာ မှော်မန္တန်တစ်လုံးကို ရွတ်ဆိုလိုက်၏။
ဤသည်မှာအလွန်ကျယ်လောင်သောအော်ဟစ်ကြုံဝါးသံတစ်သန်းအလားပင်။
ချန်အန်းမြို့၏မြေပြင်တပြင်လုံး တုန်ခါသွားကာ ယင်ဘုန်းတော်ကြီး၏ပါးစပ်မှ ထွက်ပေါ်လာသောအသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဝုန်း...
ဤကျယ်လောင်သောအသံအောက်တွင် မရေမတွက်နိုင်သောအဆောက်အအုံများနှင့်ခန်းမဆောင်များ ပြိုလဲပျက်စီးကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။
လုယွီ၏မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် မုန်တိုင်းအတွင်း၌ရှိနေသော လှေငယ်လေးတစ်စင်းနှင့်တူညီနေကာ အချိန်မရွေး ပျက်စီးသွားနိုင်သည်ဟု သူ ခံစားမိသည်။
လုယွီ၏ယခုလက်ရှိကျင့်ကြံဆင့်နယ်ပယ်နှင့်ပင် သူသည် ဤအသံကို တောင့်ခံနိုင်စွမ်းမရှိချေ။
ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာသည်ကို ခံစားမိလေ၏။ထိတ်လန့်ကြောက်ရွံ့မှုများ တုန်လှုပ်ချောက်ချားမှုများ စိတ်မအေးမှုများနှင့် မကောင်းသဘောဆောင်သည့် စိတ်ခံစားချက်မျိုးစုံ အတူတကွရောယှက်လာကာ သူ့အား ရူးသွပ်လုမတတ် ခံစားရစေသည်။
လုယွီသည် ထပ်မံ၍တောင့်မခံနိုင်တော့ချေ။ သူ၏ဓမ္မပုံရိပ်ယောင်ကြီးသည်လည်း တုန်ခါနေကာ ပျက်ပြယ်သွားတော့မည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဝေါင်း...."
ထိုအချိန်မှာပင် ဒေါသတကြီးဟိန်းဟောက်သံများက ပတ်ဝန်းကျင်မှထွက်ပေါ်လာသည်။
အမှန်တရားနားထောင်သူသားရဲသည် သူ၏အဖြူရောင်မျက်လုံးတစ်စုံဖြင့် လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်၏။
ထိုနောက်မှနေ၍ အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော သရဲတစ္ဆေစစ်သားအမြောက်အများသည် သူတို့၏ခေါင်းများကို တပြိုင်နက်တည်းလှည့်ကာ လုယွီကို ကြည့်လိုက်ကြသည်။
မြေအောက်လောကနတ်ဘုရားသည် သူတို့အား ထပ်မံ၍ ထိန်းချုပ်ဟန့်တားနိုင်စွမ်းမရှိတော့ချေ။
ဤသရဲတစ္ဆေစစ်သားများသည် ငရဲမှလွတ်မြောက်လာသော နတ်ဆိုးဝိညာဉ်များနှင့်တူညီနေပေ၏။သူတို့သည် နောက်ဆုံး၌ တားမြစ်ကန့်သတ်ခံထားရမှုကို ချိုးဖျက်နိုင်ပြီးနောက် သူတို့၏အရှင်သခင်ကို ပြန်လည်၍ဝါးမြိုလိုကြသည်။
"လုယွီ...နည်းလမ်းတစ်ခုကို မြန်မြန်လေးစဉ်းစားစမ်း"
ခွေးနက်ကြီးက ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။သူသည် ခြေထောက်များကိုလှုပ်ယမ်းကာ သူ၏ခန္ဓာကိုယ်ကို အဆများစွာကြုံလိုက်ပြီးနောက် လုယွီ၏ပခုံးထက်သို့ဆင်းသက်လာသည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ ဗုဒ္ဓအသံနည်းစနစ်တစ်ခုလဲ...ဒါက ပထမဆုံးတိုက်ခိုက်မှုပဲ ရှိသေးတယ်....ရွှမ်ကျန်းသေသွားတာ နှစ်တွေအကြာကြီးရှိနေပြီ...ဒါပေမယ့် သူ့မှာ ဒီလိုခွန်အားမျိုး ရှိနေတုန်းပဲ"
လုယွီက သူ၏ဦးရေပြား ထုံကျင်လာသည်ကို ခံစားမိသည်။
အတိတ်တွင် သူသည် ဗုဒ္ဓလောကအတွင်းရှိ ဗုဒ္ဓဘုရားလောင်းအမြောက်အများနှင့် ရင်ဆိုင်ခဲ့ရချိန်၌ နတ်ဘုရားသွေးစက်များ၏ ကောင်းချီးပေးမှုကြောင့် သူသည် သူတို့အားလုံးကို ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည်။
သို့သော် ယခုလက်ရှိချိန်၌ သူ့ထံတွင် နတ်ဘုရားသွေးစက်များ ကုန်ဆုံးသွားလေပြီ။သူ၏ယခုလက်ရှိခွန်အားဖြင့် ဤကဲ့သို့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နိုင်ရန် အလွန်ခက်ခဲနေသည်။
"လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာ...ငါ့ရဲ့စိတ်ကို ကာကွယ်ပေးစမ်း"
လုယွီက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာအတွင်းရှိ ကျမ်းစာတစ်ပုဒ်ကို တိတ်တဆိတ်ရေရွတ်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူ၏စိတ်အတွင်း၌ အေးမြမှုကို ခံစားလိုက်ရသည်။အစောပိုင်းက သူ့ထံသို့ သက်ရောက်နေသော မလိုလားအပ်သည့် အတွေးများအားလုံး အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားလေ၏။
လုယွီ အသက်ရှင်သန်နေဆဲဖြစ်သည်ကိုကြည့်ပြီး ယင်ဘုန်းတော်ကြီးသည် သူ၏ပါးစပ်ကိုဖွင့်ဟကာ ဗုဒ္ဓသင်္ကေတအက္ခရာတစ်ခုကို အော်ဟစ်လိုက်သည်။
"မူ...."
ထိုအသံသည် အလွန်ကျယ်လောင်သောခေါင်းလောင်းသံနှင့်တူညီကာ လူတစ်ယောက်၏စိတ်ဝိညာဉ်ကို တုန်ခါစေနိုင်စွမ်းရှိသည်။
ဟန်ယွမ်နန်းတော်၏တိုင်လုံးများတွင် ရေးထွင်းထားသော မှော်သင်္ကေတအက္ခရာများ ရုတ်တရက် မှေးမှိန်သွားကာ ယခင်ကဲ့သို့ ရွှေရောင်အလင်းတန်းများ တောက်ပနေခြင်း မရှိတော့ချေ။
လုယွီသည် သူ၏စိတ်ဝိညာဥ် တုန်လှုပ်ချောက်ချားနေခြင်းမှ နိုးထလာသောအချိန်မှာပင် ယင်ဘုန်းတော်ကြီး၏လက်မှနေ၍ အေးစက်ပြီးနတ်ဆိုးဆန်သော အရှိန်အဝါတစ်ရပ် ပျံ့လွင့်လာကာ သူ့ထံသို့တိုးဝင်လာသည်ကို မြင်တွေ့မိသည်။
"ချန်အန်းက ပျက်စီးသွားခဲ့ပြီ...မင်းတို့အားလုံး သေသင့်တယ်"
လုယွီက နောက်ဆုတ်ခြင်းမပြုချေ။ထိုအစား သူသည် ရှေ့သို့တိုးလိုက်ကာ သူ့၏မျက်လုံးအတွင်း၌ ခရမ်းရောင်မီးတောက်များ လူးလွန့်နေသည်။သူ့၏နောက်တွင် ကောင်းကင်ဘုံဆရာသခင်ကျန်း၏ပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။ထို့နောက် သူသည် ဓားကိုမြှောက်ခါ ယင်တော်ကြီးရွှမ်ကျန်းထံဦးတည်၍ ချိန်ရွယ်လိုက်၏။
Chapter 4007
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ကောင်းကင်ဘုံဆရာသခင်၏လမ်းကြောင်း...
ဤကဲ့သို့အစွမ်းထက်သော ရန်သူတစ်ယောက်နှင့်ရင်ဆိုင်ရချိန်တွင် ကောင်းကင်ဘုံဆရာသခင်ကဲ့သို့ အစွမ်းထက်သောလူမျိုးကသာ ခွန်အားကုန်အသုံးပြု၍ ရင်ဆိုင်နိုင်ပေမည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏နောက်ရှိ ကောင်းကင်ဘုံဆရာသခင်ဓမ္မပုံရိပ်ယောင်ကြီး၏လက်အတွင်း၌ မှော်သင်္ကေတအက္ခရာများ ထွင်းထုထားသော ဓားတစ်လက်ထွက်ပေါ်လာသည်။ဤဓားကို 'အစစ်အမှန်မူရင်းဇစ်မြစ်ဓား'ဟု ခေါ်ဆိုသည်။ထိုအရာတွင် မူလအစသို့ပြန်ရောက်ခြင်းနှင့် နက်နဲသိမ်မွေ့သောအမှန်တရား၏အဓိပ္ပာယ်များ ပါဝင်နေသည်။ ရှေးဟောင်းအချိန်ကာလတွင် ဤသည်မှာ အလွန်အမင်းအစွမ်းထက်သော အင်မော်တယ်မှော်လက်နက်တစ်ခုပင်။
ထိုဓားကိုဆွဲထုတ်လိုက်သော အချိန်အခိုက်အတန့်တွင် လေထုအတွင်း၌ ကျယ်လောင်သောပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
ဤသည်မှာ လုယွီထံတွင်ရှိသော အစွမ်းထက်ဆုံး အင်မော်တယ်မှော်မန္တန်များအနက်မှတစ်ခုပင်။ဤဓား၏စွမ်းအားသည် အလွန်ကြီးမားပေ၏။အကန့်အသက်မဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားလှိုင်းများက ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ဤအရာသည် မူလက ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွှမ်းခြုံထားသော ယင်ချီများကိုပင် ပျက်ပြယ်သွားစေသည်။
လုယွီ၏ဓားချက်နှင့် ရင်ဆိုင်ရချိန်တွင် ယင်ဘုန်းတော်ကြီးသည် နောက်ထပ်မှော်မန္တန်တစ်လုံးကို ရွတ်ဆိုခြင်းမပြုတော့ချေ။
ထိုအစား သူ၏အရိုးလက်ကိုမြှောက်ကာ ဗုဒ္ဓဂိုဏ်း၏လက်စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
သူ၏နောက်တွင် ရွှေရောင်အလင်းတန်းများတောက်ပနေသော ကွင်းအနည်းငယ်ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝိုင်းရံထားသည်။အဝေးမှာကြည့်ပါက သူသည် ဗုဒ္ဓအရှင်တစ်ပါးအလားပင်။သို့ရာတွင် သူ့ထံ၌ ဗုဒ္ဓ၏သနားကြင်နာမှုနှင့် ငြိမ်းချမ်းသောစွမ်းအားများ အနည်းငယ်မျှရှိမနေချေ။ထိုအစား သူ့ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ နတ်ဆိုးဆန်မှုများနှင့် ပြည့်နှက်နေပေ၏။
အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ယင်ဘုန်းတော်ကြီး၏လက်အတွင်း၌ ကြီးမားသောလက်စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းပြီးလေပြီ။
ထိုလက်စည်းတံဆိပ်သည် လေထုအတွင်းသို့ ကျရောက်သွားချိန်၌ အလွန်အမင်းကြီးမားလာသည်။ဤအရာသည် ပေတထောင်ကျော်ခန့် ကြီးမားကျယ်ပြန့်လာကာ မိုးကောင်းကင်ယံကို ပိတ်ဖုံးလုမတတ်ပင်။ထိုအရာ၏ရှေ့တွင် ကောင်းကင်ဘုံဆရာသခင်ကျန်း၏ပုံရိပ်ယောင်ကြီးပင်လျှင်အလွန်အမင်းသေးငယ်နေပုံရသည်။
"သူ့မှာ ဘာအသိစိတ်မှမရှိတော့ဘူး...သူ့မှာကျန်နေတာက သတ်ဖြတ်ဖို့ပဲ..သူ ဒီလက်စည်းတံဆိပ်ကို သာမန်ကာလျှံကာအသုံးပြုလိုက်တာက ဒီနည်းစနစ်ကို သူ့ရဲ့ဘဝမှာ အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့တာကြောင့် သူ့ရဲ့မှတ်ဉာဏ်တွေထဲမှာ စွဲထင်နေတာပဲ...သူ သေဆုံးခဲ့တာ နှစ်တွေအများကြီး ကြာနေခဲ့တာတောင် ဒီနည်းစနစ်ကို လွယ်လွယ်ကူကူ ထုတ်သုံးနိုင်တယ်..သူ အသက်ရှင်နေတုန်းက ဘယ်လောက်ထိအစွမ်းထက်လဲဆိုတာ ငါ သိချင်မိတယ်"
လုယွီ၏စိတ် အနည်းငယ်လှုပ်ရှားသွားသော်လည်း သူသည် ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိချေ။ထိုအစား သူသည် သတိမပြတ်ထားကာ ကောင်းကင်ဘုံဆရာသခင်၏ဓမ္မပုံရိပ်ယောင်ကြီးကို ထိန်းချုပ်လိုက်သည်။
အစစ်အမှန်မူရင်းဇစ်မြစ်ဓားမှ စွမ်းအားများသည် လေထုကိုဖြတ်သန်းသွားကာ ဗုဒ္ဓလက်စည်းတံဆိပ်ကြီးနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိလေ၏။
ဘုန်း...
ပတ်ဝန်းကျင်ရှိလေဟာနယ် ပုံပျက်စပြုလာသည်။
ဤမှော်မန္တန်နှစ်ခု၏စွမ်းအားများသည် အလွန်အစွမ်းထက်သဖြင့် လေဟာနယ်၏တောင့်ခံနိုင်စွမ်းထက် ကျော်လွန်နေသည်။
လုယွီသည် အတိတ်တွင် ကောင်းကင်ဘုံဆရာသခင်လမ်းကြောင်းကို အသုံးပြုခဲ့စဉ်၌ ကျီးကန်းနက်နတ်ဘုရားကဲ့သို့ နယ်မြေအရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ သူသည် ဗုဒ္ဓလက်စည်းတံဆိပ်နှင့် ရိုက်ခတ်မိချိန်တွင် အချိန်အတော်ကြာသည်အထိ အနိုင်ရသူကို ဆုံးဖြတ်နိုင်စွမ်းမရှိချေ။
ဤသည်မတစ်ဆင့်တဘက်ရန်သူသည့်မည်မျှထိအစွမ်းထပ်သည်ကိုပြသနေပေ၏
အစစ်အမှန်မူရင်းတိုက်ပွဲစွမ်းအားနှင့်ဗုဒ္ဓလက်သီးစွမ်းအားတို့ ပြင်းပြင်းထန်ထန်ရိုက်ခတ်မိပြီးနောက် လေဟာနဲ့အတွင်း၌ပေါက်ကွဲသံများထွက်ပေါ်လာသည်
ထိုလက်စည်းတံဆိပ်အတွင်းတွင် ထောင်နှင့်ချီသော ဗုဒ္ဓကျမ်းစာစာလုံးများ ရှေ့နောက်လှည့်ပတ်နေကာ ကောင်းကင်နှင့်မြေပြင်၏အထက်တွင် ရပ်တည်နိုင်သည့် အထွတ်အထိပ်စွမ်းအားမျိုး ရောယှက်ပါဝင်နေသည်။
လုယွီသည်လည်း ထိုလက်စည်းတံဆိပ်ကို ဂရုတစိုက်ကြည့်လိုက်သည်။အချိန်တိုအတွင်းမှာပင် သူသည် ဗုဒ္ဓမှော်မန္တန်များနှင့်ပတ်သက်ပြီး နားလည်သဘောပေါက်မှုအသစ်တချို့ကို ရရှိသွားခဲ့သည်။
"ဗုဒ္ဓလောကရဲ့မှော်မန္တန်တွေက ပြင်းထန်ပြီးတော့အစွမ်းထက်တယ်...အရင်တုန်းက ငါတိုက်ခိုက်ခဲ့တဲ့ ဗုဒ္ဓဘုရားလောင်းတွေက အကန့်အသတ်မရှိတဲ့ အမွှေးနံ့သာစွမ်းအားတွေကို ထိန်းချုပ်နိုင်ကြတယ်...သူတို့ရဲ့အမွှေးနံ့သာစွမ်းအားတွေ မကုန်ဆုံးသေးသရွေ့ သူတို့က အားအကောင်းဆုံးတိုက်ခိုက်မှုကို ဆက်ပြီးအသုံးပြုနိုင်တယ်...ဒါပေမဲ့ ငါ့ရဲ့ခွန်အားက နတ်ဘုရားသွေးစက်ကြောင့် မြင့်မားနေမယ်လို့ သူတို့ မျှော်လင့်မထားခဲ့ကြဘူး..ဒါကြောင့် ငါ အနိုင်ရခဲ့တာပဲ...အခုချိန်မှာ ငါက အတိတ်ဘဝကခွန်အားရဲ့ ဆယ်ရာခိုင်နှုန်းကို ပြန်ရခဲ့ရင်တောင် ငါ သူ့ကို ချက်ချင်းသတ်ဖြတ်နိုင်တယ်...ငါက သူတို့နဲ့ ဆက်ပြီးတိုက်ခိုက်ဖို့လိုမှာ မဟုတ်ဘူး"
လုယွီက နတ်ဘုရားသွေးစက်များ၏စွမ်းအားများကို ယခုလက်ရှိအချိန်၌ သူ မရရှိနိုင်ကြောင်း သိရှိထားသည်။
သူ၏ယခုလက်ရှိခွန်အားဖြင့် သူသည် ဗုဒ္ဓလောက၏ အဆင့်မြင့်ထိပ်သီးကျင့်ကြံသူများကို ခုခံနိုင်မည်မဟုတ်ချေ။သူသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ မရောက်ရှိသေးသည့်အပြင် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည်လည်း သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ မရောက်ရှိသေးချေ။
ဗုဒ္ဓလက်စည်းတံဆိပ်သည် လုယွီကို မသတ်ဖြတ်နိုင်သည်ကိုကြည့်ပြီး ယင်ဘုန်းတော်ကြီး၏တိုက်ခိုက်မှု ပို၍ပြင်းထန်လာသည်။
သူ၏အနက်ရောင်မျက်လုံးအိမ်အတွင်းမှနေ၍ သွေးနီရောင်အလင်းတန်းနှစ်တန်း ရုတ်တရက်ထွက်ပေါ်လာသဖြင့် သူ့ကိုကြည့်ရသည်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
ယင်ဘုန်းတော်ကြီးသည် ရုတ်တရက် သူ၏လက်အတွင်းရှိတောင်ဝှေးကို လုယွီရှိနေသောနေရာသို့ ဦးတည်၍ ပြင်းပြင်းထန်ထန် ပစ်လွှတ်လိုက်သည်။
Chapter 4008
ဤသည်မှာ ဒေါသများကို ပုံချလိုက်သောတိုက်ခိုက်မှုမဟုတ်ဘဲ ကောင်းမွန်စွာကြိုတင်ပြင်ဆင်ထားသော သေစေနိုင်သည့် တိုက်ခိုက်မှုတစ်ခုပင်။
ယင်ဘုန်းတော်ကြီး၏လက်အတွင်းရှိ တောင်ဝှေးသည် သာမာန်ပစ္စည်းတစ်ခု မဟုတ်ချေ။ဤအရာသည် အလွန်အဆင့်မြင့်သော မှော်ရတနာတစ်ခုပင်။
တောင်ဝှေးသည် လေထုကိုဖြတ်သန်း၍ ပျံ့လွင့်လာသည်။ထိုတောင်ဝှေး၏လက်ကိုင်တွင် နှစ်မြုပ်ထားသော ပုလဲတချို့မှနေ၍ ပေတစ်သောင်းကျော်မြင့်မားသော ရွှေရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။ ထိုတောင်ဝှေး၏မျက်နှာပြင်ပေါ်တွင် ဗုဒ္ဓမှော်မန္တန်များကို အတန်းလိုက်ရေးထွင်းထားပေ၏။ဗုဒ္ဓစွမ်းအားများ၏ ကောင်းချီးပေးမှုကြောင့် ထိုအရာ၏စွမ်းအားမှာ အလွန်ကြီးမားနေသည်။
"မင်းက ငါနဲ့ မှော်ရတနာချင်း ယှဉ်ပြိုင်ချင်တာလား"
လုယွီထံတွင် တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများနှင့်ပြည့်နှက်နေသည်။သူသည် နောက်ဆုတ်ခြင်းမရှိဘဲ ထိုအစား သူ၏မီးတောက်ဆေဘာဓားကို ထုတ်ယူလိုက်၏။
ထိုဆေးဘာဓားကို ဆွဲထုတ်လိုက်သည်နှင့် ထိပ်ဖျားတွင် မီးတောက်တစ်ခုတောက်လောင်နေသည်။ထိုမီးတောက်မှအပူရှိန်သည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်ရှိလေထုကို လောင်ကျွမ်းပြီး ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားစေသည်။
လုယွီထံတွင် မသေမျိုးအဆင့် မှော်လက်နက်သုံးခုရှိသည့်အနက် မီးတောက်ဆေဘာဓားသည် သတ်ဖြတ်ရာ၌ ခေါင်းဖြတ်ဓားကဲ့သို့ လျှင်မြန်ခြင်းမရှိချေ။ထိုအရာသည် သတ်ဖြတ်ရာတွင် လျှင်မြန်ခြင်းမရှိသော်လည်း အစွမ်းထက်ဆုံးဖြစ်ပေ၏။
တစ်ချိန်က မြေအောက်လောကဆယ့်ရှစ်နယ်မြေအတွင်းတွင် ပုန်ကန်မှုတစ်ခု ဖြစ်ပွားခဲ့သည်။မြေအောက်လောကတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားကာ ငရဲအကျဉ်းထောင်မှနေ၍ မရေမတွက်နိုင်သောသရဲတစ္ဆေများ လွတ်မြောက်သွားကြသည်။လုယွီသည် ထိုနေရာသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခြင်းမပြုချေ။ထိုအစား သူသည် မီးတောက်ဆေးဘာဓားကို ဆင့်ခေါ်၍ မိုင်ပေါင်းသန်းသုံးဆယ်အကွာသို့ ဖြတ်သန်းသွားစေခဲ့သည်။ထိုဆေဘာဓားသည် သန်းရာနှင့်ချီသော သရဲတစ္ဆေများကိုသတ်ဖြတ်ကာ ငရဲကြီးကိုးထပ်အတွင်း၌ မီးတောက်များတောက်လောင်နေစေသည်။ထိုမီးတောက်များသည် ဆယ်ရက်နှင့်ဆယ်ညတိုင်တိုင် လောင်ကျွမ်းခဲ့လေ၏။
"ဖြတ်တောက်စမ်း"
မည်သည့်အချိန်ဖြုန်းခြင်းမျှမရှိဘဲ လုယွီက အော်ဟစ်လိုက်သည်။ထို့နောက် သူသည် မီးတောက်ဆေဘာဓားကိုမြှောက်ကာ လေထုအတွင်းမှနေ၍ သူ့ထံပျံ့လွင့်လာသော တောင်ဝှေးကို ခုတ်ပိုင်းလိုက်၏။
မှော်စွမ်းအားနှစ်လှိုင်း ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသည်။သူ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ပြင်းပြင်းထန်ထန်တုန်ခါသွားသည်ကို လုယွီက ရုတ်တရက်ခံစားမိသည်။
တစ်ချိန်တည်းမှာပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ခံယူလိုက်ရသော အားလှိုင်းသည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်လာသည်။
လုယွီက သူ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်တုန်ခါသွားသည်ကို ခံစားမိသည်။ဤသည်မှာ သူ၏ခန္ဓာကိုယ်ပေါ်သို့ တောင်များထောင်သောင်းချီ၍ ဖိစီးလာသည့်အလားပင်။ဤအချိန်အခိုက်အတန့်တွင် ထိုကဲ့သို့ အစွမ်းထက်သောအားလှိုင်းကို သူ တောင့်ခံနိုင်ခြင်းမရှိချေ။
"သောက်ချေး ဒါက တကယ့်ကို ရွှမ်ကျန်းပဲ...ဒါက သူ့ကို ရှေးဟောင်းထန်ဧကရာဇ်က ချီးမြှင့်ထားတဲ့ မြေကမ္ဘာမှော်တောင်ဝှေးပဲဖြစ်မယ်...အဲ့ဒီတောင်ဝှေးမှာ ဗုဒ္ဓရဲ့အထွတ်အထိတ်စွမ်းအားတွေ ရောယှက်ပါဝင်နေတယ်...ဒီပစ္စည်းက တကယ်တော့ မသေမျိုးတစ်ဝက်အဆင့်မှော်ရတနာပဲ...ကံဆိုးချင်တော့ အဲ့ဒီရွှန်ကျန်းက အရမ်းအစွမ်းထက်သာကြောင့် ငါ တောင်ဝှေးကိုသိမ်းသွင်းဖို့ မဖြစ်နိုင်ဘူး... ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ...ဒီလိုပစ္စည်းကောင်းတစ်ခုက မြေအောက်ကဖုန်တွေကြားမှာ အချိန်အကြာကြီးရှိနေခဲ့ရတယ်"
ခွေးနက်ကြီးသည် 'စိတ်ပျက်ဖို့ကောင်းတယ်'ဟူသောစကားကို ထပ်ခါတလဲလဲ ပြောဆိုနေသည်။
"ဒါက တကယ့်ကို ရတနာကောင်းတစ်ခုပဲ...ဒါပေမဲ့ အဲ့ဒီရတနာနဲ့ ငါ့ကိုထိခိုက်နာကျင်အောင် လုပ်နိုင်မှာမဟုတ်ဘူး"
လုယွီက အေးစက်စက်အော်ငေါက်လိုက်သည်။ သူသည် တောင်ဝှေးမှလာသောစွမ်းအားကို အတင်းအကြပ်တောင့်ခံခြင်း မပြုတော့ချေ။ထိုအစား သူ၏မီးတောက်ဆေဘာဓားကို ဝှေ့ယမ်းကာ ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်သည်။
ဆေဘာဓားသည် တုန်ခါသွားကာ တောင်ဝှေးကို ရိုက်ခတ်မိပြီး မူလလမ်းကြောင်းမှ သွေဖည်သွားစေသည်။
တောင်ဝှေးသည် ရုတ်တရက်ပစ်မှတ်ပျောက်ဆုံးသွားသဖြင့် အနောက်ရှိ ဟန်ယွမ်နန်းတော်စင်မြင့်ထံသို့ တိုးဝင်သွားသည်။
ထိုစင်မြင့်မှနေ၍ အလွန်အမင်းပြင်းထန်သော ဧကရာဇ်အရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသည်။စင်္ကြန်လမ်းတလျှောက်ရှိ တိုင်လုံးများပေါ်မှ မှော်သင်္ကေတအက္ခရာများသည် မှေးမှိန်သွားခဲ့သော်လည်း ဧကရာဇ်အရှိန်အဝါ ထွက်ပေါ်လာပြီးနောက် အလင်းတန်းများ တဖန်ပြန်၍တောက်ပလာသည်။
ဤအချိန်အခိုက်အတန့်မှာပင် လုယွီသည် မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန်တုန်ခါသွားသည်ကို ခံစားမိလေ၏။
ဝုန်း....
ထို့နောက် ကျယ်လောင်သောတုန်ခါသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ ချန်အန်းမြို့၏မြေပြင်တစ်ပြင်လုံး ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။
ခွေးနက်ကြိးက ထိတ်လန့်တကြားပြောဆိုသည်။
"ဒီနယ်မြေအတွင်းမှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခု ဖြစ်လာတော့မယ်...အရင်ဆုံး ငါတို့ရဲ့အသက်တွေကို မဆုံးရှုံးအောင်ကာကွယ်တာ ပိုကောင်းလိမ့်မယ်"
လုယွီက ရုတ်တရက် နောက်သို့လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
လိပ်နက်ဂိုဏ်းမှစတင်၍ နက်ရှိုင်းသောအက်ကွဲကြောင်းကြီးတစ်ခုက ရုတ်တရက် မြေပြင်ပေါ်၌ ထွက်ပေါ်လာသည်။မြေပြင်သည် ရုတ်တရက်ကွဲထွက်သွားကာ ချန်အန်းမြို့ကို အလယ်မှနေ၍ ပိုင်းခြားလိုက်သည်။
အဆောက်အအုံများ နန်းဆောင်များနှင့် ခန်းမဆောင်များသည် အတိတ်တွင် မည်မျှထိ ကြီးကျယ်ခမ်းနားခဲ့ပါစေ ယခုလက်ရှိအချိန်တွင် ထိုအက်ကွဲကြောင်းအတွင်းသို့ ကျရောက်သွားပေ၏။
ထိုအက်ကွဲကြောင်းအတွင်းတွင် အဝါရောင်စမ်းချောင်းရှိနေကာ နေရာတနေရာသို့ ဦးတည်၍ စီးဆင်းနေသည်။
ဤသည်မှာ နိမိတ်သင်္ကေတတစ်ခုအလားပင်။
အမှောင်ထုအတွင်းမှနေ၍ စူးရှရှအော်သံများ တစ်သံပြီးတသံထွက်ပေါ်လာကာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အခြေအနေမျိုးသို့ ရောက်ရှိလာသည်။
လုယွီက ရုတ်တရက် သူ၏နောက်မှ တိုးဝင်လာသော ချမ်းစိမ့်မှုကို ခံစားမိသည်။
သူ့၏ခေါင်းကို ရုတ်တရက် နောက်သို့လှည့်ကြည့်လိုက်ရာ ကြီးမားသောသွေးနီရောင်မျက်လုံးတစ်လုံးက သူ့အား စူးစိုက်ကြည့်နေသည်ကို သူ မြင်တွေ့မိသည်။ထိုမျက်လုံးမှနေ၍ အနီရောင်သွေးစက်များက ဖြည်းညှင်းစွာယိုစီးကျနေသည်။
Chapter 4009
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
ဤမျက်လုံးကြီးသည် အလွန်ကြီးမားကာ ဟန်ယွမ်နန်းတော်တခုလုံးထက်ပင် ပို၍ကြီးမားသည်။
ထိုမျက်လုံးကြီးပွင့်လာပြီးနောက် အမှောင်ထုအတွင်းမှနေ၍ မရေမတွက်နိုင်သောအေးစက်စက်မျက်လုံးအစုံများစွာ ထွက်ပေါ်လာသည်။
ထိုမျက်လုံးများအတွင်း၌ မည်သည့်စိတ်ခံစားချက်မျိုးမျှ ရှိမနေချေ။ထိုအရာများထံတွင် အလွန်အမင်းပြင်းထန်သော အေးစက်မှုများဖြင့်သာ ပြည့်နှက်နေသည်။
ထို့နောက် ဟန်ယွမ်နန်းတော်၏အထက်မှနေ၍ ထူးဆန်းသော ဧရာမမျက်နှာကြီးတစ်ခု ထွက်ပေါ်လာသည်
ထိုဧရာမမျက်နှာကြီးသည် အလွန်ထူးဆန်းပေ၏။မျက်နှာ၏ဘယ်ဘက်တခြမ်းသည်ငိုကြွေးနေပုံရသော်လည်း တခြားမျက်နှာတစ်ဖက်ခြမ်းသည် ပျော်ရွှင်နေပုံရသည်။ထိုမျက်နှာကြီးမှမျက်လုံးတစ်စုံသည် လုံးလုံးလျားလျားနက်မှောင်နေကာ အတွင်း၌ အဖြူရောင်တစိုးတစိမျှ ရှိမနေချေ။
ထိုဧရာမမျက်နှာကြီး၏နောက်တွင် တူညီသောမျက်နှာကြီးများ အစုလိုက်အပြုံလိုက်ရှိနေသည်။ထိုမျက်နှာတစ်ခုစီထံတွင် အပြုံးတစ်ခုစီရှိနေသော်လည်း ပြုံးနေသည်နှင့်မတူညီဘဲ အလွန်အမင်းထူးဆန်းသော အမူအယာမျိုး ရှိနေသည်။
"ဟီး...ဟီး...ဟီး...."
ထိုဧရာမမျက်နှာကြီးထံမှနေ၍ ဇီးကွက်တစ်ကောင်၏အော်မြည်သံကဲ့သို့ ထူးဆန်းသောအော်သံတစ်သံ ထွက်ပေါ်လာသည်။
"ဒါက ဘာကောင်ကြီးတွေလဲ"
ခွေးနက်ကြီးသည် ထိတ်လန့်တကြားခုန်ပေါက်လိုက်၏။
အနက်ရောင်မြူခိုးများအကြား၌ နတ်ဆိုးသက်ရှိများ ရှိနေပုံရသည်။
အမှန်အားဖြင့် ထိုနတ်ဆိုးသက်ရှိများကို အထူးတလည်အာရုံခံနေရန် မလိုအပ်ချေ။ဤနေရာ၌ မတ်တတ်ရပ်နေရုံဖြင့် နတ်ဆိုးသက်ရှိများ၏ဧရာမမျက်နှာကြီးများကို မြင်တွေ့နိုင်သည်။
လုယွီက သူ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး အနည်းငယ်လှုပ်ခတ်စပြုလာသည်ကို ခံစားမိသည်။
အတိတ်ဘဝတွင် လုယွီသည် မြေအောက်လောက၌ သရဲတစ္ဆေများ နတ်ဆိုးများအားလုံး၏ အရှင်သခင်ပင်။သူသည် မြေအောက်လောကကို ထိန်းချုပ်နိုင်သော နတ်ဘုရားတစ်ပါးဖြစ်သည်။
သို့ရာတွင် သူသည် အမှောင်ထုအတွင်းရှိ ထူးဆန်းသောနတ်ဆိုးသက်ရှိများနှင့် ရင်ဆိုင်ရချိန်၌ သူ၏မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးပင်လျှင် အကြီးအကျယ်သက်ရောက်ခြင်းခံရသည်။
ထို့နောက် အမှောင်ထုအတွင်းမှနေ၍ ဧရာမလက်ကြီးတစ်ဖက် ရုတ်တရက်ဆန်တန်းလာကာ လုယွီထံသို့ ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။
ဤလက်ဝါးရိုက်ချက်တွင် အထွတ်အထိပ်ဥပဒေသတစ်ရပ်၏စွမ်းအား ပါဝင်နေသည်။
ဤစွမ်းအားကို အဆင့်မြင့်နယ်မြေသခင်တစ်ယောက်၏စွမ်းအားနှင့် နှိုင်းယှဉ်နိုင်သည်။
ထိုလက်ဝါးရိုက်ချက် ဆင်းသက်လာသည်နှင့်အတူ ပတ်ဝန်းကျင်ရှိလေဟာနယ် တစတစပြိုလဲလာသည်။လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ် လုံးလုံးလျားလျား ချိတ်ပိတ်ခြင်းခံလိုက်ရကာ အလုံပိတ်နေရာတစ်ခု အလားပင်။လုယွီအား ထိုနေရာအတွင်း၌ ချိတ်ပိတ်ထားကာ သူ့အား ပြင်ပသို့မထွက်နိုင်စေရန် ဟန့်တားထားသည်။
ဘန်း...
လုယွီထံ၌ ထိုလက်ဝါးရိုက်ချက်ကို ခုခံနိုင်သောစွမ်းအား ရှိမနေချေ။
အစွမ်းထက်သော အားလှိုင်းတစ်ရပ်ကြောင့် လေထုအတွင်းရှိ မြေအောက်လောကနတ်ဘုရား၏ ဥပဒေသစွမ်းအားများ ပျက်ပြယ်သွားခဲ့သည်။လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးချီများကိုလှည့်ပတ်ကာ သူ၏နံဘေးပတ်လည်၌ အတားအဆီးအလွှာတစ်ခုကို ဖွဲ့စည်းလိုက်၏။ထိုအချိန်ကျမှသာ သူသည် ထိုစွမ်းအားကို ခုခံနိုင်ခဲ့သည်။
သို့ရာတွင် အစွမ်းထက်သောအားလှိုင်းသည် သူ့အား ဆက်လက်၍ဖိနှိပ်နေဆဲဖြစ်ကာ တလိမ့်လိမ့်စီးဆင်းနေသော အဝါရောင်စမ်းချောင်းအတွင်းသို့ သူ့ကို ကျရောက်သွားစေသည်။
ခွေးနက်ကြီးသည် နာကျင်မှုကြောင့် ညည်းတွားလိုက်၏။သူသည် လုယွီ၏လည်ပင်းကို သိုင်းဖတ်ထားကာ လွတ်ထွက်သွားမည်ကို စိုးရိမ်ပူပန်နေခဲ့သည်။
"ချန်အန်းမြို့ထဲမှာရှိတဲ့ သရဲတစ္ဆေတွေက ငါ ထင်ထားတာထက် ပိုများနေပါလား"
နောက်ထပ်အချိန်အခိုက်အတန့်တွင် လုယွီသည် ချန်အန်းမြို့တစ်မြို့လုံးကို မြင်တွေ့မိလေ၏။
မြေပြင်တပြင်လုံး ဆက်လက်၍တုန်ခါနေကာ ချန်အန်းမြို့အတွင်းရှိ တောင်တန်းများလည်း လှုပ်ခတ်စပြုလာသည်။ပြင်းထန်သောတုန်ခါမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် အဆောက်အအုံအမြောက်အများသည် မြေပြင်ပေါ်သို့ ပြိုလဲကျကာ ပျက်စီးသွားတော့သည်။
ထိုအပျက်အစီးများအကြားမှနေ၍ ကြီးမားသောနတ်ဆိုးသက်ရှိများ တကောင်ပြီးတစ်ကောင် ထွက်ပေါ်လာသည်။
သူတို့အနက်မှ တချို့ထံတွင် ခေါင်းသုံးခေါင်းနှင့်လက်ခြောက်ဖက်ရှိကာ တချို့ထံတွင် မြွေခေါင်းနှင့်ကျားခန္ဓာကိုယ်ရှိသည်။တချို့နတ်ဆိုးသက်ရှိများတွင် ခေါင်းသက်သက်သာရှိပြီး လေထုအတွင်း၌ မျောလွင့်နေပေ၏။
ထိုနတ်ဆိုးသက်ရှိများသည် လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်၏ထိန်းချုပ်မှုကို ခံထားရပုံရကာ မြို့အတွင်း၌ ဦးတည်ရာမဲ့ လှည့်လည်သွားလာနေသည်။
"ငါရဲ့မှော်စွမ်းအားတွေ ပျောက်ကွယ်သွားပြီ"
အဝါစမ်းချောင်းအတွင်းသို့ ဝင်ရောက်မိသည်နှင့် လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းရှိမှော်စွမ်းအားများအားလုံး ချိတ်ပိတ်ခံလိုက်ရကာ အနည်းငယ်မျှ အသုံးပြု၍မရတော့သည်ကို ခံစားမိသည်။
လုယွီက မျက်လုံးစုံမှိတ်ကာ သူ၏စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူ့၏နတ်ဘုရားစိတ်အာရုံသည်လည်း အကျိုးသက်ရောက်မှုဆုံးရှုံးသွားကြောင်း သူ သိရှိလိုက်ရသည်။
သူ၏စိတ်ဝိညာဥ်သည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ လေးလံထိုင်းမှိုင်းလာကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် အလွန်လေးလံသောဝန်ထုပ်ကြီးကို တင်ထားရသည့်အလားပင်။
အကယ်၍ သူ၏စိတ်ဝိညာဉ်သာ အားနည်းနေပါက ယခုလက်ရှိချိန်တွင် သူ ပြိုလဲကျသွားနိုင်သည်။
လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းရှိ မလိုလားအပ်သော အတွေးများအားလုံးကို ရှင်းထုတ်ကာ သူ၏စိတ်ဝိညာဥ်နှင့်ခန္ဓာကိုယ်ကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်လိုက်သည်။နောက်ဆုံး၌ သူသည် အဝါရောင်စမ်းချောင်းအတွင်းတွင် မြေပြန့်လွင်ပြင်တစ်ခု၌ လမ်းလျှောက်နေသည့်အလား လျှောက်လှမ်းနိုင်ခဲ့သည်။
Chapter 4010
ဤသည်မှာ လုယွီ၏ ယခုလက်ရှိရုပ်ခန္ဓာကိုယ်ခွန်အားသည် လုံလောက်သည်အထိ သန်မာအားကောင်းနေသောကြောင့်ပင်။
ထိုသို့မဟုတ်ပါက တာအိုသခင်စိတ်ဝိညာဥ်၏စွမ်းအားသည် အလွန်ကြီးမားသည်သည့်တိုင် သူ၏ရုပ်ခန္ဓာကိုယ် ချက်ချင်းကြေမွှပျက်စီးသွားပေမည်။
"ကောင်စုတ်လေးလု...ငါတို့ ဒီတိုင်းဆက်သွားနေလို့ မဖြစ်ဘူး...မင်းမှာ တခြားနည်းလမ်းတစ်ခုခုရှိသေးလား"
ခွေးနက်ကြီးသည် အလွန်အမင်းစိုးရိမ်ပူပန်နေပေ၏။
ဤအချိန်အခိုက်အတန့်တွင် သူသည် လုယွီ၏ပခုံးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားကာ အဝါရောင်စမ်းချောင်းမှရေနှင့် မတော်တဆထိတွေ့မိမည်ကို ထိတ်လန့်ကြောက်ရွံနေသည်။
အစောပိုင်းက အမှောင်ထုအတွင်းမှ ဧရာမမျက်နှာကြီးတစ်ခုသည် သူ၏လက်ကိုမြှောက်၍ ရိုက်နှက်ကာ လုယွီကို အဝါရောင်စမ်းချောင်းရေအတွင်းသို့ ကျရောက်သွားစေသည်။သူသည်အဝါရောင်စမ်းချောင်းအတွင်းသို့ မီတာထောင်နှင့်ချီဝေးကွာသောနေရာသို့ ကျရောက်ခဲ့ပေ၏။
အဝါရောင်စမ်းချောင်းသည် မြေအောက်ရှိနက်ရှိုင်းသောတစ်နေရာသို့ ဦးတည်နေပုံရသည်။
တိတ်ဆိတ်ငြိမ်သက်နေသော အဝါရောင်စမ်းရေများသည် အမျိုးအမည်မသိရသော နေရာတစ်နေရာသို့ ဦးတည်၍စီးဆင်းနေသည်။ဤသည်မှာ အဆုံးသတ်ကိုမသိနိုင်သော ချောက်နက်ကြီးတစ်ခုနှင့်တူညီပြီး ထိုနေရာ၌ မည်သည့်အရာများ ပုန်းအောင်းနေမည်ကို မှန်းဆ၍မရနိုင်ချေ။
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ငါ့ရဲ့စိတ်ဝိညာဥ်စွမ်းအားနဲ့ အခုအခြေအနေကို ထိန်းသိမ်းထားနိုင်တာတောင် ငါ့အတွက် အရမ်းခက်ခဲနေပြီ"
ယခုအချိန်၌ သူသည် ပျံသန်းနိုင်ခြင်းမရှိချေ။
ထိုအချိန်မှာပင် အဝါရောင်စမ်းချောင်းအတွင်းမှနေ၍ ဆူညံသံများ ထွက်ပေါ်လာသည်။
လုယွီက အသံထွက်ပေါ်လာသောနေရာသို့ကြည့်လိုက်ရာ ယင်စမ်းချောင်းအတွင်းမှနေ၍ ယင်သရဲသစ္ဆေအမြောက်အများ ထွက်ပေါ်လာသည်ကို သူ မြင်တွေ့မိသည်။
သူတို့သည် သက်ရှိများ၏အငွေ့အသက်ကို အာရုံခံမိသွားပုံပင်။ယင်သရဲသစ္ဆေများသည် စိတ်လှုပ်စားစွာဖြင့်အော်ဟစ်ကာ လုယွီထံဦးတည်၍ ကူးခတ်လာကြသည်။
"ထွက်သွားကြစမ်း"
လုယွီက အေးစက်တင်းမာသောအကြည့်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။မြေအောက်လောကနတ်ဘုရား၏ဖိအားအရှိန်အဝါက ချက်ချင်းပွင့်အံ့ထွက်လာကာ ပတ်ဝန်းကျင်နေရာတဝိုက်ကို ပျံ့နှံ့သွားသည်။
အကယ်၍ ဤသည်မှာ သာမန်ငရဲနယ်မြေဆိုပါက လုယွီ၏မြေအောက်လောကနတ်ဘုရားမှ အရှိန်အဝါဖြင့် သာမာန်သရဲတစ္ဆေများအားလုံး သေဆုံးသွားပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ အခြေအနေသည်ကွဲပြားခြားနားနေလေပြီ။
ဤနေရာရှိ ယင်သရဲတစ္ဆေများသည် အားလှိုင်းတစ်ရက်၏ထိန်းချုပ်မှုကို ခံထားရပုံပင်။သူတို့သည် မြေအောက်လောကနတ်ဘုရား၏ဖိအားအရှိန်အဝါကို အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိချေ။ထိုယင်သရဲတစ္ဆေများသည် တစ်ကောင်ပြီးတစ်ကောင် လုယွီပေါ်သို့ ခုန်အုပ်လိုက်ကြ၏။
ရုတ်ချည်းဆိုသလိုပင် အဝါရောင်စမ်းချောင်းအတွင်း၌ ရုန်းရင်းဆန်ခတ်ဖြစ်လာသည်။
ယင်သရဲသစ္ဆေအမြောက်အများသည် အဆုံးမရှိသော ရူးသွပ်မှုအတွင်းသို့ ကျရောက်နေပုံရကာ သူတို့သည် လုယွီတို့၏နောက်သို့ အားကုန်လိုက်လံဖမ်းဆီးကြသည်။
"မင်းတို့က သေလမ်းရှာနေတာလား"
လုယွီ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းတန်းတတန်း ဖြတ်ပြေးသွားပေ၏။သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ သူ့ထံသို့တိုးဝင်လာသော ယင်သရဲတစ္ဆေတစ်ကောင်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူ၏လက်ကို တစ်ချက်လှည့်လိုက်ခြင်းနှင့်အတူ ယင်သရဲတစ္ဆေ၏လည်ပင်းကို ချိုးလိုက်၏။
ဘန်း...
ထို့နောက် လုယွီ၏လက်သီးချက်တချို့ ကျရောက်သွားခြင်းနှင့်အတူ ရာနှင့်ချီသော ယင်သရဲသစ္ဆေများ သူ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
အမှန်အားဖြင့် ဤသည်မှာ တစ်ဖက်သတ်အခြေအနေပင်။ယခုလက်ရှိချိန်၌ လုယွီသည် မှော်စွမ်းအားကို အသုံးမပြုနိုင်သော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်ပင်။သူ၏ခန္ဓာကိုယ်တွင်ရှိနေသောခွန်အားသည် ယင်သရဲတစ္ဆေများ ချဉ်းကပ်နိုင်သည့် တစ်စုံတစ်ခုမဟုတ်ချေ။
လုယွီ၏ရှေ့တွင် နေရာလွတ်တစ်ခု ထွက်ပေါ်လာသည်။
သို့ရာတွင် ထိုယင်သရဲတစ္ဆေများသည် ကြောက်ရွံခြင်းကို မသိရှိကြချေ။
သူတို့၏အပေါင်းအဖော်များကို လုယွီမှသတ်ဖြတ်လိုက်သည့်တိုင် အမှောင်ထုအတွင်းမှနေ၍ ယင်သရဲတစ္ဆေအမြောက်အများ ထပ်မံ၍ထွက်ပေါ်လာကာ သူ့ထံဦးတည်၍ ကူးခတ်လာကြသည်။
"ငါက မှော်လက်နက်ကိုတောင် အသုံးပြုလို့မရဘူး...ဒါက ဘယ်လိုနေရာမျိုးလဲ"
ခွေးနက်ကြီးသည် အဋ္ဌဂံပုံစံရှိသော ကြေးနီမှန်တစ်ချပ်ကိုထုတ်ယူကာ တချိန်တည်းမှာပင် ထိုမှော်လက်နက်ကို ထိန်းချုပ်လိုက်၏။သို့ရာတွင် သူ မည်သည့်မှော်နည်းစနစ်ကိုဘအသုံးပြုသည်ဖြစ်စေ အဋ္ဌဂံကြေးနီမှန်သည် မည်သည့်အရာကိုမျှ အာရုံခံမိပုံမရချေ။ထိုအရာသည် မှေးမှိန်ပြီး မှုန်ဝါးနေဆဲပင်။
အဝါရောင်စမ်းချောင်းရေအတွင်းရှိ အရာရာတိုင်းသည် ပြင်ပလောကနှင့် လုံးလုံးလျားလျား ပိုင်းခြားထားပုံရသည်။
"သေစမ်း"
လုယွီသည် လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်လွှတ်ပြီးနောက် ရာနှင့်ချီသော ယင်သရဲတစ္ဆေများ ထပ်မံ၍သေဆုံးသွားခဲ့သည်။
ဤနေရာတွင် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် ပြင်ပလောကတွင် အသုံးပြုသည်ထက် အဆပေါင်းဆယ်နှင့်ချီ၍ ပိုပြီးအကျိုးသက်ရောက်မှုရှိသည်။
ဘန်း....
သူသည် အချိန်နှစ်နာရီခန့်ကြာအောင် ဆက်တိုက်တိုက်ခိုက်ခဲ့သည်။
သို့ရာတွင် သူ့ရှေ့ရှိ ယင်သရဲတစ္ဆေများသည် အကန့်အသတ်ရှိပုံမရချေ။
လုယွီသည် မောပန်းနွမ်းနယ်လာခြင်းကို ခံစားရပြီး သူ၏စိတ်နှလုံးသား ကူကယ်ရာမဲ့စွာဖြင့် လေးလံလာသည်။
အကယ်၍ သာမန်လူတစ်ယောက်ဆိုပါက ဤမျှထိအချိန်ကြာမြင့်စွာ တိုက်ခိုက်သဖြင့် မောပန်းနွမ်းနယ်သည်မှာ သာမန်ကိစ္စတစ်ရပ်ပင်။သို့ရာတွင် သိုင်းပညာသူတော်စင်တစ်ယောက်၏သွေးချီများသည် အလွန်ပေါကြွယ်ဝကာ ထိုစွမ်းအားများက သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ လှည့်ပတ်နေသည်။သူသည် အပြင်းအထန် ဒဏ်ရာရရှိခြင်းမရှိပါကအားနည်းသွားမည်မဟုတ်ဘဲ အစဉ်အမြဲ ခွန်အားများပြည့်ဝနေပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် သူ၏မျက်ခွံများ တစတစလေးလံလာသည်ကိုခံစားရကာ သူသည် သုံးရက်လေးရက်ခန့် မအိပ်ရသေးသော သေမျိုးတစ်ယောက်အလားပင်။
ဤသည်မှာ မောပန်းနွမ်းနယ်ခြင်း၏သင်္ကေတပင်။
ဝုန်း...
ရုတ်တရက် လုယွီက ပြင်းထန်သောရေစီးသံကိုကြားလိုက်ရသည်။
"သောက်ချေးပဲ...ငါတို့ ပြုတ်ကျတော့မယ်"
ခွေးနက်ကြီးက အော်ဟစ်လိုက်သည်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီသည် အဝါရောင်စမ်းချောင်း၏စီးဆင်းမှု သိသိသာသာပြောင်းလဲသွားကာ သူသည် ချောက်နက်ကြီးအတွင်းသို့ ကျသွားသည့်အလား ခံစားလိုက်ရသည်။