အခန်း (၄၀၁၆-၄၀၂၀)
Vol. 204 Ch. 4016-4020
Chapter 4016
"ဒီမြို့နဲ့ပတ်သက်ပြီးတော့ ထူးဆန်းတာတခုခုရှိနေတယ်.....အစောပိုင်းက ဒီအတားအဆီးထဲကိုဝင်သွားတဲ့ လူတွေအားလုံး ခြောက်ကပ်သွားတဲ့အထိ သွေးစုပ်ခံလိုက်ရတယ်...ဒါက တကယ့်ကို ထူးဆန်းနေတယ်"
ထိပ်သီးမိသားစုကြီးများနှင့်မြင့်မြတ်နယ်မြေများမှ လာသောလူများသည် အတားအဆီးအတွင်းသို့ ဝင်ရောက်ဝံ့ခြင်းမရှိချေ။
ချန်အန်း၏ဆွဲဆောင်နိုင်မှုသည် အလွန်ကြီးမားသော်လည်း ဤသည်မှာ သူတို့နှင့်အနီးအနားတွင် ရှိနေခြင်းမဟုတ်ချေ။တံခါးပိတ်ကျင့်ကြံနေသော ကျင့်ကြံသူများပင်လျှင် ရတနာများကို ခွဲဝေရယူလိုသဖြင့် ဤနေရာသို့ အပြေးရောက်လာကြသည်။သို့ရာတွင် ချန်အန်းမြို့မ၏ပြင်ပတွင် လူအမြောက်အများစုဝေးနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထိုလူများအားလုံး ယခုချိန်ထိ မြို့အတွင်းသို့ မဝင်ရောက်နိုင်သောအချက်မှတဆင့် မည်မျှထိခက်ခဲသည်ကို ပြသနေသည်။
ဝုန်း....
ထိုအချိန်မှာပင် ရှေးဟောင်းစစ်ရထားလုံးတစ်လုံးသည် ရုတ်တရက် အဝေးတစ်နေရာမှ မောင်းနှင်လာပေ၏။ထိုရထားလုံးကိုဆွဲသောသားရဲသည် မျက်လုံးသုံးလုံးမီးတောက်ခြင်္သေ့ပင်။ထိုသားရဲ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် ပြင်းထန်သောမီးတောက်များ လောင်ကျွမ်းနေသည်။သူ၏မျက်လုံးသုံးလုံးအတွင်း၌ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်နေလေရာ သူ့အားကြည့်မိသော မည်သူ့ကိုမဆို ထိတ်လန့်ကြောက်ရွံ့မှုအား ပေါက်ဖွားစေနိုင်သည်။
ထိုစစ်ရထားလုံး၏နောက်တွင် အလံတစ်ခုက လေထုအတွင်း၌ လူးလွန့်နေသည်။ထိုအလံပေါ်၌ နဂါးတစ်ကောင်ရစ်ခွေကာ မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး ဟိန်းဟောက်နေသည့်ပုံစံကို ရေးဆွဲထားသည်။
ဤသည်မှာ တော်ဝင်မျိုးနွယ်၏အထိန်းအမှတ်သင်္ကေတပင်။
ထိုရထားလုံး၏ဘေးတစ်ဖက်တချက်တွင် ရာနှင့်ချီသောနဂါးအစောင့်များ မတ်တတ်ရပ်နေပြီး သူတို့တစ်ယောက်ခြင်းစီတွင်သည် လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး နက်နဲသိမ်မွေ့သောစွမ်းအားရှိသည်။
ရုတ်တရက် ထိုစစ်ရထားလုံးထံမှနေ၍ ကျယ်လောင်သောမြည်ဟီးသံကြီး ထွက်ပေါ်လာသည်။ထို့နောက် စစ်ရထားလုံး၏ မျက်နှာပြင်မှနေ၍ အရောင်အသွေးစုံလင်သော အလင်းတန်းများ ဖြာထွက်လာပေ၏။အကြည့်တစ်ချက်ဖြစ်ပင် ဤသည်မှာ သာမန်ပစ္စည်းတစ်ခုမဟုတ်ကြောင်း မည်သူမဆို ပြောဆိုနိုင်သည်။
တခြားကျင့်ကြံသူများသည် ထိုအရာကိုမြင်တွေ့ချိန်တွင် ချက်ချင်းအဝေးသို့ရှောင်တိမ်းသွားကာ အနီးသို့မချဉ်းကပ်ဝံ့ကြချေ။
တာယွီတော်ဝင်နန်းတွင်း၏ အတွင်းရေးအမွေအနှစ်ဆက်ခံမှုသည် အလွန်အမင်းတင်းကြပ်ကာ မည်သည့်ပုဂ္ဂိုလ်သည် မည်သို့သောအဆင်တန်ဆာမျိုးကို အသုံးပြုရမည်ဟု သတ်မှတ်ထားသည်။ရစ်ခွေနဂါးအလံမဆိုထားနှင့် နဂါးအစောင့်များ၏အလံပင်လျှင် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်ချေ။
တာယွီကောင်းကင်ဘုံအင်ပါယာ၏ထိပ်သီးတည်ရှိမှုကြီးဖြစ်သော ကျင်းယန်အမတ်ကြီး လုချန်ချင်းပင်လျှင် အဆင့်အတန်းအရ ယခုရောက်ရှိလာသူကို ယှဉ်ပြိုင်နိုင်မည်မဟုတ်ချေ။
"ချီဘုရင်ကို အရိုအသေပြုပါတယ်"
လုချန်ချင်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလိုက်၏။
ဝေ့မင်ထျန်းကလည်း ဦးညွှတ်အရိုအသေပြုကာ ပြောဆိုသည်။
"အရှင့်ကို အရိုအသေပြုပါတယ်"
သူတို့နှစ်ယောက်လုံးသည် ယခုရောက်ရှိလာသူ၏အဆင့်အတန်းကို သိရှိပြီးဖြစ်သည်။
ထို့နောက် အဝါရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူကြီးတစ်ယောက် ရထားလုံးအတွင်းမှထွက်လာသည်။သူ၏မျက်ခုံးတစ်စုံသည် ထက်ရှကာ သူ၏မျက်နှာသည် ခန့်ညားထည်ဝါပေ၏။ထိုလူ၏လက်အတွင်း၌ ကျောက်စိမ်းပုတီးတစ်ကုံးရှိနေသည်။ထိုပုတီးပေါ်တွင် ကြီးမားသောအနီရောင်ပုလဲတစ်လုံးရှိနေသဖြင့် ကြည့်ရသည်မှာ သာလွန်ထူးကဲသည်။
တာယွီအင်ပါယာ၏ချီဘုရင် ကျိုးထုံ...
သူသည် ကောင်းကင်ဘုံဧကရာဇ် ထိုက်ချမ် ကျိုးထျန်းရင်၏ညီပင်။အတိတ်က နန်းမွေအတွက် ယှဉ်ပြိုင်ပွဲတွင် သူသည် အသာစီးမရခဲ့ချေ။ထိုအစား သူသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ဟူသော စည်ပင်ဝပြောသော နေရာတစ်နေရာတွင် ချီဘုရင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
ကျိုးထုံသည် ဘုရင်တစ်ပါးဖြစ်ကာ မြင့်မားသော အဆင့်အတန်းရှိသူပင်။သူ့အား မြင့်မြတ်ပြီး အထွတ်အထိပ်အဆင့်အတန်းရှိသူဟု ယူဆနိုင်သည်။
ချီဘုရင်သည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာသော်လည်း သူတို့နှစ်ယောက်ကို လှည့်ကြည့်ခြင်းမပြုချေ။ထိုအစား သူသည် ရထားလုံးကိုပြန်လှည့်ကြည့်ကာ ပြောဆိုလိုက်၏။
"ဆရာကျိုး...ငါတို့ ရောက်ပါပြီ"
ရထားလုံးအတွင်းမှနေ၍ ကွန်ဖြူးရှပ်ပညာရှင်တစ်ယောက် ဆင်းသက်လာသည်။သူသည် နူးညံ့သိမ်မွေ့ပြီး သန့်စင်ပုံရကာ သူ၏အသက်သည် ငယ်ရွယ်ခြင်းမရှိတော့ချေ။သူ၏ခေါင်းပေါ်တွင် ဆံပင်ဖြူများနှင့် ပြည့်နှက်နေလေပြီ။
ချီဘုရင်သည် ဤကွန်ဖြူးရှပ်ပညာရှင်ကို အလွန်ရိုသေလေးစားစွာ ဆက်ဆံနေသည်ကိုကြ ည့်ပြီး လက်ရှိနေရာတွင်ရှိနေသူများသည် သိချင်စိတ်ပြင်းပြစွာဖြင့် စူးစိုက်၍ကြည့်လိုက်ကြသည်။
ကွန်ဖြူးရှပ်ပညာရှင်ကျိုး၏လက်အတွင်း၌ ခေါက်ယပ်တောင်တစ်လက်ကိုကိုင်ထားကာ သူက မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ပြီး ချန်အန်းမြို့ကို ကြည့်လိုက်သည်။ သူ၏လက်ချောင်းများ အဆက်မပြတ် လှုပ်ခတ်နေတာ တစ်စုံတစ်ခုကို တွက်ချက်နေပုံရသည်။
"ချန်အန်းမြို့မှာ ချိတ်စည်းတံဆိပ်တွေ ရှိနေတယ်...ချန်အန်းမြို့ ပျောက်ကွယ်သွားတဲ့အချိန်မှာ အဲ့ဒီမှော်သင်္ကေတအက္ခရာတွေက အလိုအလျောက် အသက်ဝင်လာခဲ့တယ်... အတိတ်မှာတုန်းက ချန်အန်းမြို့ထဲမှာ အတားအဆီးချိတ်စည်းတံဆိပ်တွေကို ခင်းကျင်းခဲ့တဲ့လူတွေက အရမ်းအစွမ်းထက်တဲ့ပညာရှင်တွေပဲ"
ကွန်ဖြူးရှပ်ပညာရှင်ကျိုးသည် အချိန်တခဏကြာခန့် စူးစိုက်ကြည့်ပြီးနောက် တည်ငြိမ်စွာပြောဆိုသည်။
"တကယ်လို့ အလယ်ခေတ်အချိန်ကာလအတွင်းမှာဆိုရင် အဲ့ဒီချိတ်စည်းတံဆိပ်တွေရဲ့စွမ်းအားကို ဘယ်လိုမှ ချိုးဖျက်နိုင်မှာမဟုတ်ဘူး...ဒါပေမဲ့ နှစ်တွေအများကြီးကြာတဲ့အထိ တိုက်စားခံထားရတာကြောင့် အခုချိန်မှာ အဲ့ဒီချိတ်စည်းတံဆိပ်တွေက အရမ်းအားပျော့နေပြီ...ငါတို့က အခွင့်အရေးတစ်ခုကို ရှာနိုင်တာနဲ့ အဲ့ဒီချိတ်စည်းတံဆိပ်တွေကို ဖျက်ဆီးပြီးတော့ အထဲကိုဝင်နိုင်လိမ့်မယ်"
တခြားလူများသည် ထိုစကားကိုကြားချိန်၌ အလွန်အမင်း အံ့အားသင့်တုန်လှုပ်သွားသည်။
လုချန်ချင်းက စူးစမ်းလိုက်၏။
"အရှင် ဒါက ဘယ်သူလဲ"
ချီဘုရင်က တည်ငြိမ်စွာပြောဆိုသည်။
"ဒါက ငါ ဖိတ်ကြားထားတဲ့ မဟာဆရာသခင်ကျိူးပဲ....သူက သမိုင်းမှတ်တမ်းမှာပါတဲ့ရှေးဟောင်းမိသားစုကြီးတစ်စုရဲ့မျိုးဆက်ပဲ...ဒါတင်မကဘူး သူက ဝင်္ကပါပညာရှင်တစ်ယောက်လည်း ဖြစ်တယ်"
Chapter 4017
လက်ရှိနေရာတွင်ရှိနေသူများသည် ဆရာကျိုး၏အဆင့်အတန်းကိုကြားချိန်တွင် သူတို့ထံ၌ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်သွားသည်။
ဝင်္ကပါမဟာဆရာသခင်များသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထိပ်သီးတည်ရှိမှုကြီးများအနက်မှတစ်ခုပင်။အရှေ့အောင်နိုင်ခြင်းကျယ်မြစ်တစ်ခုလုံးတွင် မဟာဝင်္ကပါပညာရှင်ဟူ၍ ဟွမ်ဖူဆောင် တစ်ယောက်တည်းသာရှိသည်။ပြောရမည်ဆိုလျှင် ထိုပညာရှင်များ၏အရေအတွက်သည် အလွန်နည်းပါးပေ၏။
သမိုင်းမှတ်တမ်းဝင် ရှေးဟောင်းမိသားစုတစ်စု၏မျိုးဆက်ဟူသော ကိစ္စကြောင့် ဆရာကျိုး၏အဆင့်အတန်းသည် ပို၍ပင်ဒဏ္ဍာရီဆန်သွားသည်။
ကျင့်ကြံခြင်းလောကအတွင်း၌ သမိုင်းမှတ်တမ်းဝင် ရှေးဟောင်းမိသားစုဟု သတ်မှတ်ခံရရန်မှာ အလွန်ခက်ခဲသည်။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ ကြယ်နယ်မြေသုံးဆယ့်ခြောက်ခုရှိပြီး ထိုကြယ်နယ်မြေများ၏လက်အောက်၌ ကုန်းမြေများ ဒေသကြီးများရှိနေကာ မရေမတွက်နိုင်သောသက်ရှိများ နေထိုင်ကြသည်။
သို့ရာတွင် ဤမျှထိ သက်ရှိများ များပြားသည့်တိုင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံး၌ သမိုင်းမှတ်တမ်းဝင်ရှေးဟောင်းမိသားစုဟူ၍ ရှိမနေချေ။
ကောင်းကင်ဘုံနယ်မြေအတွင်းတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်သည် တချိန်က ကွန်ဖြူးရှပ်ပညာရှင်များအားလုံးကို စုဝေးစေကာ 'တာယွီအင်ပါယာ၏အမှန်တရား'ဟူသောစာအုပ်ကို ရေးသားစေခဲ့သည်။ရှေးရိုးစဥ်လာများ ဓလေ့ထုံးတမ်းများ အစရှိသောအရာများအတွက် လူအများကြားတွေ သမိုင်းဆိုင်ရာမှတ်တမ်းများ ကွဲပြားနေသည်။သူတို့သည် သူတို့နေထိုင်သော ကြယ်နယ်မြေပေါ်တွင်ရှိနေသည့် သမိုင်းမှတ်တမ်းများကိုသာဖတ်ရှုခဲ့ရသည်။ကောင်းကင်ဘုံနယ်မြေတခွင်လုံးနှင့်ပတ်သက်သော မှတ်တမ်းများကို ဖတ်ရှုနိုင်ရန်မှာမူ သူတို့အတွက် အလွန်အလှမ်းကွာဟပေ၏။
သမိုင်းဝင်မိသားစုတစ်စုဖြစ်လာစေရန်အတွက် အနည်းဆုံးအနေဖြင့် ရှေးဟောင်းခေတ်မှစတင်ကာ မျိုးရိုးစဉ်ဆက်ဆင်းသက်လာသော မှတ်တမ်းတစ်ခု ရှိရရမည်။ထို့ပြင် ထိုအရာသည် ကြယ်မြစ်နှင့်အထက်နယ်မြေများတွင် တရားဝင်မှတ်တမ်းသွင်းထားသောအရာ ဖြစ်ရပေမည်။
ယခုလက်ရှိချိန်၌ ချန်အန်းမြို့၏အနီးပတ်ဝန်းကျင်တွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရှားပါးမနေချေ။သို့ရာတွင် ချန်အန်းမြို့၏လျှို့ဝှက်ချက်များကို သိရှိသူမှာမူ လူနည်းစုသာရှိပေ၏။
ချန်အန်းမြို့၏အကြောင်းကို လူအများစုသိရှိထားသည်မှာ တာအိုကျမ်းစာများတွင်ပါရှိသော ဖော်ပြချက်အနည်းငယ်ကြောင့်ပင်။အလွန်နည်းပါးသောလူတစ်စုကသာ ချန်အန်းမြို့အတွင်း၌ မည်သည့်ကိစ္စများ ဖြစ်ပွားခဲ့သည်ကို တိတိကျကျသိရှိထားကြသည်။
ဤရတနာနယ်မြေအတွင်းသို့ မရေမတွက်နိုင်သောလူများ ဝင်ရောက်လိုကြသည်။ဤနေရာတွင် ရတနာအမြောက်အများရှိနေမည်ကို သူတို့သိရှိထားသော်လည်း မည်သို့ဝင်ရောက်ရမည်မှကို မသိကြချေ။
လုချန်းချင်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဆရာကျိုး...ကျေးဇူးပြုပြီးတော့ ငါ့ကိုညွှန်ပြပေးပါအုံး"
မဟာဆရာသခင်ကျိုးသည် ချန်အန်းမြို့၏ပြင်ပရှိ နယ်နိမိတ်ကျောက်တိုင်ကို လက်ညှိုးညွှန်ပြကာပြောဆိုသည်။
"ချန်အန်းမြို့ရဲ့ပြင်ပမှာ ရှိနေတဲ့ မှော်သင်္ကေတအက္ခရာတွေက မြို့ရိုးရဲ့အပြင်မှာရှိတဲ့ အတားအဆီးပဲ...အဲ့ဒီမှော်သင်္ကေတအက္ခရာတွေကို ဖယ်ရှားနိုင်တာနဲ့ ငါတို့ ချောချောမွေ့မွေ့ ဝင်ရောက်နိုင်လိမ့်မယ်"
"ပြီးတော့ အဲဒီမှော်သင်္ကေတအက္ခရာတွေက ဒီနယ်နိမိတ်ကျောက်တိုင်ပေါ်မှာ ရှိနေတယ်"
လက်ရှိနေရာတွေရှိနေသူများအားလုံး စိတ်လှုပ်ရှားစပြုလာသည်။
"ငါ ကြိုးစားကြည့်မယ်"
လုချန်းချင်၏မျက်လုံးများ တောက်ပသွားသည်။ထို့နောက် သူ၏လက်ကိုဆန့်တန်းလိုက်ရာ အကန့်အသတ်မရှိသော မှော်စွမ်းအားများ ထွက်ပေါ်လာသည်။ထိုမှော်စွမ်းအားများသည် လေထုအတွင်း၌ ဧရာမအနက်ရောင်လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ်ဖွဲ့စည်းသွားကာ နယ်နိမိတ်ကျောက်တိုင်ရှိနေသောနေရာသို့ ဦးတည်၍ဖမ်းဆုပ်လိုက်၏။
လုချန်းချင်သည် မှော်မန္တန်တစ်ပုဒ်ကို အသုံးပြုလိုက်သည်အား မြင်တွေ့ချိန်၌ တခြားလူများသည် သတိကြီးစွာထား၍နောက်သို့ဆုတ်လိုက်ကြသည်။သူနှင့်နီးကပ်သောနေရာတွင်ရှိနေသည့် ကျင့်ကြံသူများအားလုံးဖျက်ဆီးခြင်းအရှိန်အဝါတစ်ရပ်ကို ခံစားမိသည်။ဤသည်မှာ နောက်ထပ်အချိန်အခိုက်အတန့်တွင် သူတို့သည် အမှုန်အမွှားများအဖြစ်သို့ ကြေမွှပျက်စီးသွားတော့မည့်အလားပင်။
ဝုန်း...
ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးသည် နယ်နိမိတ်ကျောက်တိုင်ပေါ်သို့ ကျရောက်သွားပေ၏။
သို့ရာတွင် ဤသည်မှာ လူတိုင်း၏မျှော်လင့်ချက်ထက် များစွာပို၍ကျော်လွန်နေသည်။ဤစွမ်းအားသည် တောင်တစ်လုံးကို ပြားချပ်သွားစေနိုင်သည့်တိုင် နယ်နိမိတ်ကျောက်တိုင်သည် အနည်းငယ်မျှ လှုပ်ခတ်သွားခြင်းမရှိချေ။ဤသည်မှာ မည်သည့်သက်ရောက်မှုမျှ မရှိသည့်အလားပင်။
နယ်နိမိတ်ကျောက်တိုင်မှနေ၍ တုန်ခါမှုလှိုင်းများထွက်ပေါ်လာကာ အချိန်အတော်ကြာ ချိတ်ပိတ်ခံထားရသော ကြေးနီခေါင်းလောင်းတစ်လုံးမှ ရုတ်တရက် အသံထွက်လာသည့်အလားပင်။
ဆရာကျိုးက ပြောဆိုသည်။
"လူတစ်ယောက်တည်းနဲ့ခွန်အားနဲ့ အဲ့ဒီအရာကို လှုပ်ခတ်အောင်လုပ်ဖို့ဆိုတာ အရမ်းခက်ခဲလိမ့်မယ်...အခုအချိန်မှာ အဲ့ဒီမှော်သင်္ကေတအက္ခရာတွေက အရမ်းအားပျော့နေပြီဆိုပေမယ့် ဒါတွေက ရှေးဟောင်းခေတ်အချိန်ကာလအတွင်းက ထိပ်သီးအစွမ်းထက်ပညာရှင်တွေ ဖန်တီးထားခဲ့တာပဲ...အဲ့ဒီနယ်နိမိတ်ကျောက်တိုင်ပေါ်မှာ ထန်အင်ပါယာရဲ့တော်ဝင်စည်းတံဆိပ်တွေလည်းရှိနေတယ်...အဲ့ဒါတွေက လျော့တွက်လို့ရတဲ့ အရာတွေမဟုတ်ဘူး"
"အခုအချိန်မှာ ငါတို့က အတိတ်မှာရှိခဲ့တဲ့ ရန်ငြိုးရန်စတွေအားလုံးကို စွန့်လွှတ်ပြီးတော့ အတူပူးပေါင်းပြီး ချိတ်စည်းတံဆိပ်ကို ချိုးဖျက်ရလိမ့်မယ်...အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်အရှင် နင် ဘယ်လိုသဘောရလဲ"
ဝေ့မင်ထျန်းက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
သူမ၏အသံသည် စူးရှပြီး သတ္တုအချင်းချင်းထိခတ်လိုက်သည့် အသံအလားပင်။ဤသည်မှာ ဓားတစ်လက်မှထွက်ပေါ်လာသော လေခွင်းသံနှင့်တူညီကာ အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်အရှင်၏နားအတွင်းသို့ ဝင်ရောက်သွားသည်။
အဝေးတစ်နေရာတွင်ထိုင်နေသော အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်အရှင်က မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"ချန်အန်းမြို့တံခါးကိုဖွင့်ပြီးရင် အထဲမှာရှိတဲ့ရတနာတွေကို ငါတို့ ဘယ်လိုခွဲဝေကြမှာလဲ"
Chapter 4018
ချန်အန်းမြို့အတွင်းတွင်ရှိနေသော ရတနာများနှင့်ပတ်သက်ပြီး မြင့်မြတ်နယ်မြေအရှင်များ စိုးရိမ်ပူပန်နေကြသည်။
လုချန်းချင်က အေးစက်စက်နှာတစ်ချက်မှုတ်ကာ မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။
"ဟမ့်...ဒါက မင်းတို့မှာ အရည်အချင်းရှိမရှိပေါ်မူတည်တယ်...ချန်အန်းမြို့တံခါးကို ဖွင့်ပြီးတာနဲ့ အရာအားလုံးက မင်းတို့ရဲ့ခွန်အားနဲ့ပဲ သက်ဆိုင်လိမ့်မယ်"
မြင့်မြတ်အရှင်များအားလုံး၏မျက်လုံးများ တောက်ပသွားသည်။သူတို့သည် နတ်ဘုရားစိတ်အာရုံများဖြင့် အချင်းချင်းဆက်သွယ်ကာ မကြာမီမှာပင် သူတို့အားလုံး သဘောတူညီလိုက်ကြ၏။
"ဒါဆိုရင်လည်း ကောင်းပြီလေ...ငါတို့တွေ အတူပူးပေါင်းပြီးတော့ ချိတ်စည်းတံဆိပ်ကို ချိုးဖျက်ကြမယ်...ဒါပေမဲ့ ဒီနေရာမှာ တော်ဝင်နန်းတွင်းကလူတွေက အစွမ်းအထက်ဆုံးပဲ...မြို့တံခါးပွင့်တာနဲ့ ငါတို့ကို အရင်ဆုံးဝင်ခွင့်ပေးဖို့ ငါတို့တောင်းဆိုပါရစေ"
အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်အရှင်က ပြောဆိုသည်။
ထိုလူ၏ကျင့်ကြံဆင့်နယ်ပယ်သည် ပြီးပြည့်စုံခြင်းအထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေလေပြီ။သူ စကားပြောဆိုလိုက်သောအချိန်တွင် မိုးကောင်းကင်တာအိုနှင့် ဆက်နွယ်မှုများ ဝိုးတဝါးရောယှက်နေပေ၏။သူ ပြောဆိုလိုက်သော စကားလုံးတိုင်း၌ အထွတ်အထိပ်မိုးကောင်းကင်တာအို၏စွမ်းအား အနည်းငယ်ရောယှက်နေပြီး သူသည် မိုးကောင်းကင်သာအို၏ကိုယ်စား ပြုမူနေသည့်အလားပင်။
"မင်းတို့တွေ အရင်ဆုံးဝင်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး"
တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေသော ချီဘုရင်က အသံနက်ကြီးဖြင့် ပြောဆိုလိုက်သည်။
"ဒီနေရာက ငါရဲ့ပိုင်နက်နယ်မြေပဲ...ဒါကြောင့် ငါအရင်ဆုံး ဝင်ရလိမ့်မယ်...အဲ့ဒီနောက်ကနေ ဘယ်သူပဲဝင်ဝင် ငါ ဂရုမစိုက်ဘူး.. မင်းတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်"
သူ၏အသံသည် အလွန်အမင်းနက်ရှိုင်းကာ အကန့်အသတ်မရှိသော အခွင့်အာဏာများနှင့် ပြည့်နှက်နေပုံရသည်။လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူအများစုသည် ထိုအသံကိုကြားချိန်၌ သူတို့၏စိတ်နှလုံးသားများ တုန်ရီသွားသည်ကိုခံစားမိလေ၏။ဤသည်မှာ သူတို့၏ခေါင်းများထက်သို့ ကြီးကျယ်ခမ်းနားသော ကောင်းကင်ဘုံစွမ်းအားများ ဆင်းသက်လာသည့်အလားပင်။
ဤသည်မှာ တော်ဝင်အမိန့်အာဏာ၏လွှမ်းမိုးမှုပင်။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သည် ချီဘုရင်၏ကံကြွေးခံမြေပင်။ထိုကြောင့် ချီဘုရင်သည် ဤနေရာ၏အရှင်သခင်ဖြစ်နေသောကြောင့် လက်ရှိနေရာတွင်ရှိနေသော တခြားလူများအားလုံးထက် ပို၍အခွင့်အာဏာကြီးမားသည်။
"ဟုတ်ကဲ့ပါ အရှင်"
လုချန်းချင်နှင့်ဝေ့မင်ထျန်းတို့က ရိုသေလေးစားစွာပြောဆိုသည်။
တခြားမြင့်မြတ်အရှင်များသည်လည်း မည်သည့်စကားတစ်ခွန်းမျှ မပြောဆိုဝံ့ချေ။
သူတို့သည် အလွန်အမင်းအစွမ်းထက်သဖြင့် တော်ဝင်နန်းတွင်းကို စိန်ခေါ်ဝံ့သည်။သို့ရာတွင်သူတို့သည် အကယ်၍ ဘုရင်တစ်ပါးကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လိုက်ပါက သေလမ်းရှာဖွေခြင်းဖြစ်ပေမည်။
ချီဘုရင်က အေးစက်တင်းမာစွာ ပြောဆိုသည်။
"ဒီလိုဆိုမှတော့ ငါတို့ အခုချက်ချင်း စလိုက်ကြရအောင်"
လုချန်းချင်က လခြမ်းဆေဘာဓားကို ဆုပ်ကိုင်ထားသော သူ၏လက်အား ဆန့်တန်းလိုက်သည်။
"ငါတို့တွေအားလုံး အတူပူးပေါင်းပြီးတော့ ချန်အန်းမြို့တံခါးကိုဖွင့်မယ်....ဒီကိစ္စနဲ့မသက်ဆိုင်တဲ့လူတွေအားလုံး မြန်မြန်ထွက်သွားမလား ဒါမှမဟုတ် အသေခံကြမလား"
အစွမ်းထက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည်။ဤနေရာ၌ ရောယောင်၍ရှိနေကာ အခွင့်ကောင်းကိုရှာဖွေလိုသော လေလွင့်ကျင့်ကြံသူများနှင့် ဂိုဏ်းငယ်လေးများမှလူများသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံကာ နောက်သို့ဆုတ်ခွာသွားကြတော့သည်။
မိုးကောင်းကင်ယံအတွင်း၌ အင်အားစုကြီးများမှ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများသည် သူတို့၏အထွတ်အထိပ်မှော်နည်းစနစ်များကို တပြိုင်နက်တည်း အသုံးပြုလိုက်ကြ၏။
ဘုန်း...
တောက်ပသော မှော်မန္တန်အလင်းရောင်များက မိုးကောင်းကင်ယံကို လွှမ်းခြုံသွားကာ နေရောင်ကိုပင် ပိတ်ဖုံးသွားစေသည်။သူတို့အားလုံးသည် နယ်နမိတ်ကျောက်တိုင်ကို တပြိုင်နက်တည်းပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။ဤနေရာတဝိုက်တွင် မှော်မန္တန်များမှထွက်ပေါ်နေသည့် ပြင်းထန်သောအသံများ ပဲ့တင်ထပ်နေသည်။ကျင့်ကြံဆင့်နယ်ပယ်အားနည်းသော ကျင့်ကြံသူတချို့သည် ဤကျယ်လောင်သောအသံများကို တောင့်ခံနိုင်ခြင်းမရှိချေ။ရုတ်ချည်းဆိုသလိုပင် သူတို့၏သွေးချီများ ဗြောင်းဆန်သွားသည်ကို ခံစားရကာ သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာပြီး သတိလစ်မေ့မြောသွားတော့သည်။
ကြွင်းကျန်သောလူများသည် နောက်သို့ထပ်မံ၍ဆုတ်လိုက်ကြပြီး ချန်အန်းမြို့အနီးသို့ ချဉ်းကပ်ဝံ့ခြင်း မရှိတော့ချေ။အချိန်တိုအတွင်းမှာပင် ချန်အန်းမြို့၏ရှေ့၌ ကြီးမားသောမြေကွက်လပ်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။
ချီဘုရင်သည် သူ၏အခွင့်အာဏာစည်းတံဆိပ်ကို ဆင့်ခေါ်ကာ ကံကြမ္မာစွမ်းအားများကိုအသုံးပြု၍ နယ်နိမိတ်ကျောက်တိုင်ကို တိုက်ခိုက်လိုက်သည်။
ဝုန်း...
အလွန်အမင်းကျယ်လောင်သော တုန်ခါသံတစ်သံနှင့်အတူ နယ်နိမိတ်ကျောက်တိုင်သည် နောက်ဆုံး၌ အသက်ဝင်လာလေ၏။
ထိုကျောက်တိုင်အထက်ရှိ 'ချန်အန်း'ဟူသော စာလုံးမှနေ၍ သွေးများယိုစီးကျလာသည်။ ကျောက်တိုင်၏မျက်နှာပြင်ပေါ်မှ ကျောက်သားလွှာများကွာကျသွားကာ အတွင်း၌ ထူထပ်သိပ်သည်းသော မှော်သင်္ကေတအက္ခရာများ ထွက်ပေါ်လာသည်။
ဤမှော်သင်္ကေတအက္ခရာများကို ရှေးဟောင်းခေတ်အတွင်းတွင် နာမည်ကျော်ကြားသော အစွမ်းထက်ပညာရှင်များမှ ဖန်တီးထားခြင်းပင်။
ထိုမှော်သင်္ကေတအက္ခရာများအနက်မှတချို့ကို ထန်အင်ပါယာ၏ဧကရာဇ်ကိုယ်တိုင် ရေးသားခဲ့ခြင်းဖြစ်သဖြင့် တော်ဝင်စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ထိုကျောက်တိုင်ကို မြို့ရှေ့၌စိုက်ထူထားခြင်းဖြင့် နေရာဒေသတစ်ခု၏ဖုန်းရွှေကိုတည်ငြိမ်စေပြီး ကံကြမ္မာစွမ်းအားဖြင့် တခြားလူများကို ဖိနှိပ်ထားနိုင်သည်။
ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် နယ်နိမိတ်ကျောက်တိုင်သည် ပြိုလဲလုဆဲဆဲဖြစ်နေသော်လည်း မားမားမတ်မတ်ရပ်တည်နေဆဲပင်။ထိုကျောက်တိုင်၏မျက်နှာပြင်ပေါ်ရှိ မှော်သင်္ကေတအက္ခရာများမှနေ၍ တောက်ပသော ရွှေရောင်အလင်းတန်းများ အဆက်မပြတ်ဖြာထွက်နေသည်။
"ဒီလိုမျိုး ပူးပေါင်းတိုက်ခိုက်မှုကတောင် ဒါကို မချိုးဖျက်နိုင်ဘူးလား...အတိတ်မှာတုန်းက ချန်အန်းမြို့က ဘယ်လောက်ထိ အင်အားကောင်းခဲ့လဲဆိုတာ ငါ မသိတော့ဘူး"
အဝေးတစ်နေရာတွင်ရှိနေသော ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်ကြသည်။
Chapter 4019
ဘုန်း...
ကျယ်လောင်သောပေါက်ကွဲသံတသံနှင့်အတူ နယ်နိမိတ်ကျောက်တိုင်းပေါ်၌ ကြီးမားသောအက်ကွဲကြောင်းကြီးများ ထွက်ပေါ်လာသည်။ထိုနောက် ပို၍များပြားသော မှော်သင်္ကေတအက္ခရာများ ပေါ်လွင်လာပေ၏။
ထိုမှော်သင်္ကေတအက္ခရာများမှ အကန့်အသတ်မရှိသော စွမ်းအားများသည် ဒီရေအလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ကြီးမားကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသည်။
"ချန်အန်းမြို့ရဲ့ကံကြမ္မာစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ နယ်နိမိတ်ကျောက်တိုင်လို့ မပြောရဘူး... တကယ့်ကို အသိအမှတ် ပြုထိုက်တဲ့အရာပဲ"
ချီဘုရင်သည် အနည်းငယ်ထိတ်လန့်တုန်လှုပ်နေကာ သူ၏မျက်နှာပေါ်တွင် အံ့အားသင့်နေသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းတွင် သူသည် တော်ဝင်စည်းတံဆိပ်၏အခွင့်အာဏာကို ပိုင်ဆိုင်ထားသဖြင့် အထွတ်အထိပ်အခွင့်အာဏာကို ရရှိထားသည်။ထိုကံကြမ္မာစွမ်းအားများ ကျရောက်သွားသည့် မည်သည့်အရာမဆို ဟန့်တားနိုင်ခဲ့ခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူရှေ့ရှိနယ်နိမိတ်ကျောက်တိုင်သည် အနည်းငယ်မျှသက်ရောက်ခြင်းမရှိသည့်အလား ပြိုကွဲသွားခြင်းမရှိချေ။
"နယ်နိမိတ်ကျောက်စာတိုင်ပေါ်မှာရှိတဲ့ မှော်အက္ခရာတွေရဲ့စွမ်းအားက အရမ်းအားကောင်းတယ်...ဒါပေမဲ့ အဲ့ဒါကိုချိုးဖျက်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး..အဲ့ဒီမှော်သင်္ကေတအက္ခရာတွေရဲ့စွမ်းအားကို အားပျော့သွားစေနိုင်တဲ့ ရတနာတစ်ခု ငါ့မှာ ရှိနေတယ်"
ဆရာကျိုးက တည်ငြိမ်စွာပြောဆိုသည်။
တခြားလူများအားလုံးသည် အလွန်ပျော်ရွှင်သွားကာ ချီဘုရင်က အလျင်စလိုပြောဆိုသည်။
"ဆရာကျိုးကို ကျေးဇူးတင်ပါတယ်"
ဆရာကျိုးသည် သူ၏အင်္ကျီလက်အတွင်းမှ စာလိပ်တစ်လိပ်ကိုထုတ်ယူကာ ဖြည်းညှင်းစွာဖြန့်လိုက်၏။
ထိုစာလိပ်ပေါ်တွင် ဖားလောင်းများနှင့်တူညီသည့် သေးငယ်သောစာလုံးများ ထူထပ်သိပ်သည်းစွာ အတန်းလိုက်ရှိနေသည်။ထိုစာလုံးများအားလုံးသည် သာမန်နှင့်မတူညီဘဲ ထူးဆန်းနေကာ လျှို့ဝှက်ဆန်းကြယ်သော မျိုးနွယ်စုတစ်စုမှ ရေးသားထားသည့်အလားပင်။
ဆရာကျိုးသည် တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်၏။မကြာမီမှာပင် ထိုစာလိပ်ပေါ်မှစာလုံးများအားလုံး စတင်၍ရွေ့လျားသွားသည်။ထိုနောက် စာလိပ်မှနေ၍ နတ်ဆိုးဆန်ပြီးပြင်းထန်သော အရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသည်။
"ဖိနှိပ်စမ်း..."
ကျယ်လောင်သော အော်ဟစ်သံတသံနှင့်အတူ စာလိပ်သည် နယ်နိမိတ်ကျောက်တိုင်ထံသို့ ဦးတည်၍ပျံ့လွင့်သွားသည်။
တခြားထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် တပြိုင်နက်တည်းရပ်တန့်လိုက်ကြကာ မည်သည့်ကိစ္စများ ဖြစ်ပျက်လာမည်ကို စောင့်ကြည့်လိုက်ကြ၏။
နယ်နိမိတ်ကျောက်တိုင်၏ အနီးတွင်ရှိနေသော ချီလင်သားရဲသည် ခြိမ်းခြောက်မှုကိုအာရုံခံမိပုံပင်။ထိုသားရဲသည် စာလိပ်တိုးဝင်လာသည်ကိုမြင်တွေ့ချိန်၌ အလွန်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
သို့ရာတွင် နယ်နိမိတ်ကျောက်တိုင်၏နံဘေးပတ်ဝန်းကျင်၌ အတားအဆီးတစ်ခုရှိနေသည်။ ပြင်ပရှိ ကျင့်ကြံသူများ မဆိုထားနှင့် အတွင်းတွင်ရှိနေသော ချီလင်သားရဲပင်လျှင် နယ်နိမိတ်ကျောက်တိုင်အနီးသို့ ချဉ်းကပ်နိုင်ခြင်းမရှိချေ။
ဤစာလိပ်သည် ကြီးမားသော ပိုက်ကွန်တစ်ခုအလားပင်။ထိုအရာသည် ပျံ့လွင့်သွားပြီးနောက် ချက်ချင်းဆိုသလို နယ်နိမိတ်ကျောက်တိုင်ကို လွှမ်းခြုံသွားသည်။
စာလိပ်မှနေ၍ ရုတ်တရက် အလွန်အမင်းနတ်ဆိုးဆန်သော အရှိန်အဝါတစ်ရပ် ဖြာထွက်လာသည်။ထို့နောက် စာလိပ်မှနေ၍ အနက်ရောင်သွေးများ ယိုစီးကျလာကာ နယ်နိမိတ်ကျောက်တိုင်ကို အဆက်မပြတ်တိုက်စားနေလေ၏။
ရှဲ...ရှဲ...ရှဲ...
နယ်နိမိတ်ကျောက်တိုင်မှနေ၍ အစိမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။
နယ်နိမိတ်ကျောက်တိုင်ပေါ်တွင် မူလကရှိနေသော ရွှေရောင်သင်္ကေတအက္ခရာများသည် အနက်ရောင်သွေးစက်များ၏တိုက်စားမှုကြောင့် တဝက်ခန့်အားပျော့သွားခဲ့သည်။ထိုအရာများမှထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းများသည် ယခင်ကဲ့သို့ တောက်ပခြင်းမရှိတော့ချေ။
"အဲ့ဒီမှော်သင်္ကေတအက္ခရာတွေရဲ့စွမ်းအားက အရင်ထက် အများကြီးအားပျော့သွားပြီ"
ရွှေရောင်ကောင်းကင်ဘုံမြင့်မြတ်အရှင်၏နဖူးပေါ်၌ ဒေါင်လိုက်မျက်လုံးတစ်လုံး ထွက်ပေါ်လာကာ ထိုအရာအတွင်း၌ အကန့်အသတ်မရှိသော ဉာဏ်ပညာအလင်းတန်းများ ကိန်းအောင်းနေသည်။
လုချန်ချင်းက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
"အဲ့ဒီပစ္စည်းက နတ်ဆိုးအငွေ့အသက်တွေနဲ့ပြည့်နှက်နေပြီးတော့ မင်္ဂလာမရှိတဲ့အရာတစ်ခုလို့ ငါ ဘာလို့ခံစားနေရတာလဲ"
ဆရာကျိုးက ရှင်းပြသည်။
"ချန်အန်းမြို့ရဲ့နယ်နိမိတ်ကျောက်တိုင်ကို ထန်အင်ပါယာရဲ့ပထမဆုံးမျိုးဆက်က စိုက်ထူထားပြီးတော့ မြင့်မြတ်တဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားတယ်....ဒီကျောက်တိုင်ပေါ်မှာ မှော်သင်္ကေတအက္ခရာတွေကို ရေးထွင်းခဲ့တဲ့လူတွေက အတိတ်ကထန်အင်ပါယာဟောင်းရဲ့ ထိပ်သီးအစွမ်းထက်ပညာရှင်တွေပဲ...အဲ့ဒီမှော်သင်္ကေတအက္ခရာတွေက အစွမ်းထက်ပြီးတော့ ယန်စွမ်းအားကြွယ်ဝတယ်...အဲ့ဒီအရာတွေကို ယင်စွမ်းအားကြွယ်ဝတဲ့ နတ်ဆိုးပစ္စည်းတွေနဲ့ပဲ ဖိနှိပ်နိုင်လိမ့်မယ်"
လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ခေါင်းညိတ်လိုက်ကြသည်။နယ်နိမိတ်ကျောက်တိုင်ကို ဖျက်ဆီးနိုင်ရန်အတွက် နတ်ဆိုးဆန်သော ရတနာတစ်ခုကို အသုံးပြုသည်မှာ ပြဿနာမရှိချေ။ဤသည်မှာ ကျိုးကြောင်းဆီလျော်ပေ၏။
"ငါတို့ ဆက်လုပ်ကြစို့...မြို့တံခါးရဲ့ရှေ့မှာ ငါတို့အချိန်ဖြုန်းနေတာ အတော်လေးကြာနေပြီ"
"ကောင်းပြီလေ"
ကြယ်တာရာကောင်းကင်အတွင်း၌ အစွမ်းထက်သော မှော်စွမ်းအားအလင်းတန်းများ တဖန်ပြန်၍ လွှမ်းခြုံသွားသည်။ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံးသည် သူတို့၏အစွမ်းထက်ဆုံး မှော်နည်းစနစ်များကို စတင်၍အသုံးပြုလိုက်ကြ၏။အစွမ်းထက်သော မှော်စွမ်းအားလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ လူအများ၏စိတ်နှလုံးသားများကို ထိတ်လန့်ကြောက်ရွံ့ပြီး တုန်ရီနေစေသည်။
ခရက်...
နောက်ဆုံး၌ သူတို့အားလုံး၏ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် နယ်နမိတ်ကျောက်တိုင်သည် အက်ကွဲသွားကာ မှော်သင်္ကေတများမှအလင်းရောင်များ ပျောက်ကွဲသွားတော့သည်။
အတားအဆီးသည်လည်း ကြေမွှပျက်စီးသွားလေပြီ။
ရှေးဟောင်းအရှိန်အဝါတစ်ရပ်က သူတို့အားလုံးထံသို့ တိုးဝင်လာသည်။
ထိုအချိန်မှာပင် ဒေါသထွက်နေသော ချီလင်သားရဲသည် ဟိန်းဟောက်ကာ အတားအဆီး၏ပြင်ပသို့ တစ်ဟုန်ထိုးပြေးထွက်လာပေ၏။
Chapter 4020
"ဒါက ချန်အန်းမြို့ရဲ့ အစောင့်အရှောက်မှော်သားရဲပဲ...သူ အပြင်ကို ထွက်လာပြီ"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
သူတို့သည် အတားအဆီး၏ကာကွယ်ပေးခြင်းကို ခံထားရသော်လည်း ချီလင်သားရဲထံမှ တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါကို ခံစားမိဆဲပင်။
ချီဘုရင်၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာသည်။
"အဲ့ဒီသားရဲကို ဖျက်ဆီးလိုက်စမ်း"
သူ၏လက်ဝါးအတွင်း၌ ရွှေရောင်စည်းတံဆိပ်တစ်ခု ထွက်ပေါ်လာပြီးနောက် ကြီးမားကျယ်ပြန့်သော ဖိအားအရှိန်အဝါတစ်ရပ် ဆင်းသက်လာသည်။ဤသည်မှာ သန်းနှင့်ချီသောတောင်များ အောက်သို့ကျရောက်သွားသည်နှင့်တူညီကာ အလွန်အမင်းပြင်းထန်သော ဖိအားအရှိန်အဝါတစ်ရပ် ရောယှက်နေသည်။
အလွန်အမင်းပြင်းထန်သော ကံကြမ္မာစွမ်းအားအရှိန်အဝါသည် ချီလင်သားရဲပေါ်သို့ ကျရောက်သွားလေ၏။
ရှေ့သို့တရကြမ်းတိုးဝင်လာသော ချီလင်သားရဲ၏မျက်လုံးအတွင်းတွင် ရုတ်တရက် စူးရှသောအနီရောင်အလင်းတန်းများ ဖြတ်ပြေးသွားသည်။သူ၏ထက်ရှသောလက်သည်းများကို ဝှေ့ယမ်းကာ ကံကြမ္မာစွမ်းအား၏ဖိအားအရှိန်အဝါကို ဆုတ်ဖြဲလိုက်သည်။
ထို့နောက် ချီလင်သားရဲဆယ်ကောင်ကျော် ထပ်မံ၍ထွက်ပေါ်လာသည်။ထိုသားရဲတစ်ကောင်ချင်းစီသည် အလွန်မောက်မာထောင်လွှားကာ ယခုလက်ရှိနေရာတွင်ရှိနေသော ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများကို အနည်းငယ်မျှအရေးမစိုက်ချေ။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ချီဘုရင်က ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
သူသည် အရှေ့အောင်နိုင်ခြင်းကြယ်မြေအတွင်းရှိ ကံကြမ္မာစွမ်းအားများကို ထိန်းချုပ်ကာ အခွင့်အာဏာစည်းတံဆိပ်ကို အသုံးပြု၍ ဖိနှိပ်ခဲ့သည့်တိုင် ဤအစောင့်အရှောက်သားရဲများကို အနည်းငယ်မျှ ထိခိုက်စေနိုင်စွမ်းမရှိချေ။
"နတ်ဆိုးသက်ရှိတွေ မင်းတို့က သေလမ်းရှာနေကြတာလား"
လုချန်းချင်သည် သူ၏လက်အတွင်းရှိ လခြမ်းဆေဘာဓားကို မြှောက်လိုက်၏။ထို့နောက် သူသည် မိုးကြိုးပစ်ခတ်သကဲ့သို့ ပြင်းထန်သည့်အရှိန်ဖြင့် ထိုဆေဘာဓားကို အောက်သို့လွှဲယမ်းလိုက်သည်။
ထိုဆေဘာဓားချီသည် လေထုကိုဖြတ်သန်းသွားကာ မိုးပြာနဂါးတစ်ကောင်၏ဟိန်းဟောက်သံကို ဓားထိပ်ဖျားမှနေ၍ ဝိုးတဝါးကြားနေရသည်။အရပ်မျက်နှာအဘက်ဘက်ရှိ လေဟာနယ်သည် တစတစပြိုလဲသွားကာ အက်ကွဲကြောင်းတချို့ ထွက်ပေါ်လာသည်။
ထိုဓားချီနှင့် ထိပ်တိုက်ရင်ဆိုင်မိသော ချီလင်သားရဲ၏ မာကျောသောအကြေးခွံများ ကွဲထွက်သွားသည်။သူ၏ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသောဒဏ်ရာကြီးတစ်ခု ထွက်ပေါ်လာကာ အနက်ရောင်သွေးများ ယိုစီးကျလာသည်။ ထိုသားရဲ၏ခေါင်း တစ်ဖက်ခြမ်းသို့တိမ်းစောင်းသွားကာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
စစ်သူတော်စင်မိသားစု၏အဖွဲ့ဝင်များဖြစ်သော လုမိသားစုမျိုးဆက်ဟောင်းမှ အကြီးအကဲများအားလုံးနီးပါးသည် နယ်မြေသခင်များပင်။
လုချန်းချင်သည် သူ့၏လခြမ်းဆေဘာဓားကို ထပ်မံ၍ဝှေ့ယမ်းကာ ချီလင်သားရဲသုံးကောင်ကို ဆက်တိုက်ခုတ်ပိုင်းလိုက်သည်။သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။
လက်ရှိနေရာတွင်ရှိနေသော တခြားထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည်လည်း သူတို့၏မှော်နည်းစနစ်များကို ထုတ်ဖော်အသုံးပြုကာ ချီလင်သားရဲများကို ရင်ဆိုင်လိုက်ကြသည်။
သို့ရာတွင် ထိုချီလင်သားရဲများထံတွင် မသေနိုင်သောခန္ဓာကိုယ် ရှိနေပုံရသည်။ချီလင်သားရဲတချို့၏ခေါင်းများသည် ပြတ်တောက်ကာနံဘေးတစ်ဖက်သို့ ပြုတ်ကျသွားပြီး သူတို့၏လည်ပင်းငုတ်တုတ်များသာ ကျန်ရှိတော့သည်။သို့ရာတွင် သူတို့၏သွေးထွက်သံယိုခန္ဓာကိုယ်များကို တရွတ်တိုက်ဆွဲ၍ ဒယိမ်းဒယိုင်ဖြင့် အရပ်မျက်နှာအဘက်ဘက်သို့ ခုန်အုပ်နေဆဲပင်။
ထိုချီလင်သားရဲများသည် နာကျင်မှု ကြောက်ရွံ့မှုတို့ကို ခံစားရပုံမရချေ။သူတို့၏စိတ်အတွင်း၌ သတ်ဖြတ်လိုခြင်းသာရှိသည်။သူတို့သည် ကျူးကျော်ဝင်ရောက်လာသူများအားလုံးကို မသတ်နိုင်မခြင်း နောက်ဆုတ်မည်မဟုတ်ချေ။
ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် ဤထူးဆန်းသောအချက်ကို သတိပြုမိသွားပေ၏။
"ဒီချီလင်သားရဲတွေက ချန်အန်းမြို့ကိုစောင့်ကြပ်နေတဲ့ ရုပ်သေးတွေပဲဖြစ်မယ်...ဒါပေမဲ့ သူတို့က အရမ်းအစွမ်းထက်တယ်...သူတို့ကို ရှင်းပစ်ဖို့ဆိုတာ မလွယ်ဘူး"
ဝေ့မင်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။
ထိုချီလင်သားရဲတစ်ကောင်ချင်းစီထံတွင် နယ်မြေသခင်အဆင့်ခွန်အားကို ပိုင်ဆိုင်ထားပေ၏။
ဤနေရာတွင် ချီလင်သားရဲများနှင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် တစ်ဖက်နှင့်တစ်ဖက် ပြင်းပြင်းထန်ထန်ရင်ဆိုင်တိုက်ခိုက်နေကြသည်။သို့ရာတွင် အချိန်အတော်ကြာမြင့်လာသည့်တိုင် တစ်ဖက်ကိုတစ်ဖက် အမြစ်ပြတ်သုတ်သင်နိုင်ခြင်းမရှိချေ။
"သူတို့က အသိဉာဏ်မရှိတဲ့ သားရဲတွေပဲ...ဒါကြောင့် မင်းတို့အားလုံး ဘာမှ စိုးရိမ်ပူပန်နေစရာမလိုဘူး"
ဆရာကျိုးသည် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ ဝင်္ကပါအလံဆယ်ခုကျော် ပျံ့လွင့်သွားကာ ချီလင်သားရဲများအားလုံးကို ဝိုင်းရံသွားသည်။
ထိုဝင်္ကပါအလံများပေါ်တွင် ရေးဆွဲထားသော အမှတ်အသားများမှနေ၍ အနက်ရောင်အလင်းတန်းများ ဖြာထွက်လာသည်။ထို့နောက် ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများ ပျံ့နှံ့သွားကာ အတွင်းရှိ ချီလင်သားရဲများအားလုံးကို လွှမ်းခြုံသွားလေ၏။
ဝေါင်း....
ချီလင်သားရဲများသည် တဖြည်းဖြည်းရူးသွပ်စပြုလာသည်။မြူခိုးများအကြားတွင် သူတို့သည် တိုက်ခိုက်မည့်ပစ်မှတ်ကို ဆုံးရှုံးသွားပုံရသည်။
"ဒါက ဝင်္ကပါတစ်ခုလား"
ချီဘုရင်၏မျက်ခုံးများ မြင့်တက်သွားသည်။
ဤချီလင်သားရဲများတွင် နယ်မြေသခင်အဆင့်ခွန်အားကို ပိုင်ဆိုင်ထားကာ အခွင့်အာဏာစည်းတံဆိပ်၏ထိန်းချုပ်မှုကိုပင် လျစ်လျူရှုထားနိုင်စွမ်းရှိသည်။အစောပိုင်းက ချီဘုရင်၏ကံကြမ္မာစွမ်းအားဖိနှိပ်မှုကို ထိုချီလင်သားရဲများက လွယ်လင့်တကူ ချိုးဖျက်နိုင်ခဲ့လေ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ ဆရာကျိုးသည် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရုံဖြင့် ဝင်္ကပါအတွင်း၌ ချီလင်သားရဲများအားလုံးကို လှောင်ပိတ်ကာ သူတို့၏တိုက်ခိုက်မည့်လမ်းကြောင်းများ ပျောက်ဆုံးသွားစေသည်။
ဆရာကျိုးက နှိမ့်ချသောလေသံဖြင့် ပြောဆိုသည်။
"ဒါက လှည့်ကွက်ငယ်လေးတစ်ခုပါ...အရှင့်အတွက်တော့ ဒါက ရယ်စရာတစ်ခုဖြစ်နေလိမ့်မယ်"
ချီဘုရင်က သက်ပြင်းရှိုက်လိုက်သည်။
"ဆရာကျိုးက ဝင်္ကပါမဟာဆရာသခင်လို့ ခေါ်ဆိုခံရဖို့ တကယ့်ကိုပဲ ထိုက်တန်ပါတယ်....မင်းရဲ့တိုက်ခိုက်မှုတွေက အရမ်းသာလွန်ထူးကဲတယ်...ချန်အန်းမြို့ထဲကို ဝင်ပြီးတဲ့အချိန်ကျရင် ငါ မင်းကို စိတ်မပျက်စေရဘူး"