အခန်း (၄၀၃၁-၄၀၃၅)
Vol. 205 Ch. 4031-4035
Chapter 4031
ရှေးဟောင်းအချိန်ကာလများအတွင်း၌ သိုင်းပညာသူတော်စင်များသည် လူသားမျိုးနွယ်အတွင်းတွင် အလွန်မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။
မျိုးနွယ်စုအမြောက်အများသည် သိုင်းပညာသူတော်စင်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို ပိုင်ဆိုင်ရပါက မျိုးနွယ်စုကြီးအဖြစ်သို့ အဆင့်မြင့်တက်သွားပေမည်။
မည်သို့ပင်ဆိုစေကာမူ မျိုးနွယ်တစ်စုအတွင်း၌ သိုင်းပညာသူတော်စင်တစ်ယောက်ရှိနေပါက အဟန့်အတားကြီးတစ်ခုကဲ့သို့ တည်ရှိနေလေရာ တခြားမျိုးနွယ်စုများမှ ရန်စဝံ့တော့မည်မဟုတ်ချေ။
ယခုအချိန်၌ ဝံပုလွေတက်တူးနှင့်လူသည် သူ၏ခေါင်းကို အောက်သို့ငုံ့ထားသည့်တိုင် တခြားလူများသည် သူ့အား အထင်အမြင်သေးခြင်းမရှိချေ။ထိုအစား ဤသည်မှာ အလွန်သာမန်ဖြစ်သည်ဟုသာ သူတို့ ခံစားမိသည်။
သိုင်းပညာသူတော်စင်တစ်ယောက်၏ရှေ့တွင် သူ၏အမှားကိုဝန်ခံခြင်းမှာ ရှက်ရွံ့ဖွယ်ရာ ကိစ္စတစ်ရပ်မဟုတ်ချေ။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ထွက်သွားစမ်း...ငါ ဒီနေ့ မင်းနဲ့အငြင်းမပွားချင်ဘူး"
သူ့ရှေ့ရှိလူများသည် သေဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သူတို့သည် သူတို့ကိုယ်သူတို့ ရှင်းရှင်းလင်းလင်းမမြင်တွေ့နိုင်သော်လည်း လုယွီသည် သေလူတစ်ယောက်နှင့်ငြင်းခုံရန် အလွန်ပျင်းရီငြီးငွေ့နေသည်။
ဝံပုလွေတက်တူးနှင့်လူသည် သေဘေးမှလွတ်မြောက်သွားသည့်အလား ခံစားမိသည်။သူသည် သူ၏လက်အောက်ငယ်သားများကိုအလျှင်အမြန်ခေါ်ဆောင်ကာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားတော့သည်။
ခန်းမအတွင်း၌ မူလက ပြင်းထန်နေသော သတ်ဖြတ်လိုခြင်းအရှိန်အဝါများသည်လည်း နောက်ဆုံးတွင် ပျက်ပြယ်သွားပေ၏။
ဗိုလ်ချုပ်မုန့်သည် ကျယ်လောင်စွာအော်ဟစ်ရယ်မော၍ ရှေ့သို့လျှောက်လှမ်းလာကာ လုယွီ၏ပခုံးကို ပုတ်လိုက်သည်။
"ကောင်းတယ်...မင်းက အောင်မြင်မှုကြီးကြီးမားမားရထားတဲ့ လူငယ်တစ်ယောက်ပဲ...မင်းရှိနေရင် ငါ့ရဲ့အစီအစဉ်က အရင်ထက်တစ်ဝက်ကျော်လောက် ပိုပြီးအောင်မြင်နိုင်ချေရှိတယ်"
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
"ဗိုလ်ချုပ်မုန့်က အရမ်းယဉ်ကျေးလွန်းနေပြီ...ငါက တောနက်ကြီးထဲမှာတစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံနေခဲ့တာ အချိန်အတော်ကြာသွားခဲ့တယ်...ငါ ခုမှဒီနေရာကိုရောက်တာမလို့ ငါက စည်းမျဉ်းတွေကို ဘာမှနားမလည်သေးဘူး...ဗိုလ်ချုပ်မုန့်က ငါ့ကိုလမ်းညွှန်မှုတချို့ပေးနိုင်မယ်လို့ ငါ မျှော်လင့်မိတယ်"
"ဒါက အရမ်းလွယ်တဲ့ကိစ္စပဲ"
ဗိုလ်ချုပ်မုန့်က အလွန်ညင်သာစွာ ပြောဆိုသည်။ထို့နောက် သူသည် လုယွီကို ခန်းမ၏ပြင်ပသို့ ခေါ်ဆောင်သွားလေ၏။တခြားဧည့်သည်တော်များကိုမူ သူသည် လှည့်ကြည့်ခြင်းပင်မပြုတော့ချေ။
သူ၏အမြင်အရ ခန်းမအတွင်း၌ လုယွီထက်ပို၍ အဖိုးတန်သောလူမရှိချေ။
"ငါ့ကို စောင့်ကြအုံး"
ခွေးနက်ကြီးသည် လုယွီပျောက်သွားမည်ကို စိုးရိမ်သဖြင့် သူ၏ခန္ဓာကိုယ်ကို လက်ဖဝါးတစ်ခုစာအရွယ်အစားသို့ ချက်ချင်းပြောင်းလဲလိုက်သည်။ထို့နောက် သူသည် လုယွီ၏ပခုံးပေါ်သို့ ခုန်တက်ကာ သူ၏အမြှီးကို ဝှေ့ယမ်းလိုက်၏။
ဗိုလ်ချုပ်မုန့်သည် လုယွီကို ဘဏ္ဍာတိုက်ထံသို့ ခေါ်ဆောင်သွားခဲ့သည်။
ဤဘဏ္ဍာတိုက်၏နံဘေးပတ်လည်တွင် အစောင့်အကြပ်များကို ထူထပ်စွာနေရာချထားသည်။ထိုနေရာအတွင်းသို့ လုယွီ ဝင်ရောက်သွားသောအချိန်တွင် ရာနှင့်ချီသောမျက်လုံးအကြည့်များက သူ့အားစူးစိုက်ကြည့်နေသည်ကို သူ ခံစားမိသည်။
ဤနေရာတွင် ပြောင်ပြောင်တင်းတင်းနေရာချထားသော အစောင့်အမြောက်အများရှိနေသည်။ထို့ပြင် ခြုံခိုကာ စောင့်ကြပ်နေသော အစောင့်များလည်းရှိနေသောကြောင့် ဤနေရာ၏လုံခြုံရေးသည် အလွန်အမင်းတင်းကြပ်ပေ၏။
အကယ်၍ သူ၏နံဘေးတွင် ဗိုလ်ချုပ်မုန့်ရှိနေခြင်းကြောင့်သာမဟုတ်ပါက ထိုလူများသည် သူ့ထံသို့ ချက်ချင်းတိုးဝင်တိုက်ခိုက်ကြပေမည်။
"ငါ အစကတော့ ငါနဲ့အတူ ကိစ္စကြီးတချို့ကိုလုပ်ဖို့အတွက် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကို ခေါ်ယူချင်ခဲ့တယ်...ဒါပေမဲ့ သိုင်းပညာသူတော်စင်တစ်ယောက် ရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒါ့ပြင် မင်းက သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်မှာရှိနေတယ်...မင်းရှိနေတာကြောင့် ဒီကိစ္စအပေါ် ငါ့ရဲ့အောင်မြင်နိုင်တဲ့အခွင့်အရေးက အများကြီးမြင့်တက်သွားပြီ"
ဗိုလ်ချုပ်မုန့်၏မျက်နှာပေါ်၌ ရှားရှားပါးပါး အပြုံးတစ်ခု ထင်ဟပ်လာသည်။
တပ်ရင်းတစ်ခု၏တပ်မှူးဖြစ်သဖြင့် ဗိုလ်ချုပ်မုန့်သည် သူ၏စိတ်ခံစားချက်များကို သူ၏မျက်နှာပေါ်၌ ပြသလေ့မရှိချေ။လုယွီကြောင့် သူ အော်ဟစ်ရယ်မောခဲ့ခြင်းသည် သူ၏မျှော်လင့်ချက်များထက် ကျော်လွန်နေခြင်းကြောင့်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။
လုယွီက မေးမြန်းသည်။
"တပ်မှူးက ဘာတွေစီစဉ်နေတာလဲဆိုတာ ငါ သိခွင့်ရမလား"
"ဒါက စစ်ရေးလျှို့ဝှက်ချက်တစ်ခုပဲ...အချိန်ကျလာရင် ငါ မင်းကိုပြောပြမယ်...အခုကတော့ ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်ထဲကိုဝင်လာတဲ့လူတွေက အကျိုးကျေးဇူးရဖို့အတွက်ပဲ...ငါ မင်းကို အဲ့ဒါတွေ အရင်ဆုံးပြပေးမယ်"
ဗိုလ်ချုပ်မုန့်သည် လုယွီကို ဘဏ္ဍာတိုက်၏ပထမအလွှာသို့ ခေါ်ဆောင်သွားပြီး လက်ဝဲလက်ယာကွေ့၍ လျှောက်လှမ်းလိုက်သည်။ဤသည်မှာ သူတို့သည် ဝင်္ကပါတစ်ခုအတွင်း၌ လမ်းလျှောက်နေသည့်အလားပင်။
သို့ရာတွင် ဤဘဏ္ဍာတိုက်၏ပြင်ပ၌ ရှေးဟောင်းဝင်္ကပါတစ်ခုရှိမည်ဟု လုယွီက ဝိုးတဝါးခန့်မှန်းမိသည်။
ဤဝင်္ကပါသည် အလွန်ဆန်းကြယ်ပေ၏။ထိုအရာသည် ကျူးကျော်ဝင်ရောက်လာသူကို အမှတ်တမဲ့ဖြင့် ထောင်ချောက်အတွင်းသို့ ဝင်ရောက်သွားစေသည်။အကယ်၍ ထိုလူသည်ဟဝင်္ကပါကို မည်သို့ချိုးဖျက်ရမည်အား မသိရှိပါက အတွင်း၌လှောင်ပိတ်မိနေပြီး ထွက်လမ်းကို ရှာဖွေနိုင်တော့မည်မဟုတ်ချေ။
နောက်ဆုံး၌ သူတို့သည် ကြေးနီတံခါးတစ်ခု၏ရှေ့သို့ ရောက်ရှိလာသည်။
"တံခါးပွင့်စမ်း..."
ဗိုလ်ချုပ်မုန့်က ရေရွတ်လိုက်သည်။
ကျွီ....
ကြေးနီတံခါးသည် ဖြည်းညှင်းစွာပွင့်သွားပြီးနောက် အတွင်း၌ ရတနာများ၏အလင်းရောင်ဖြင့်တောက်ပနေသော လှိုဏ်ဂူတစ်ခုရှိနေသည်။
"ငါတို့စစ်တပ်က စစ်ရေးအောင်မြင်မှုတွေအပေါ်မှာ အဓိကထားတယ်...တကယ်လို့ မင်း ငါ့ကို ကိစ္စကြီးတချို့မှာ ကူညီပေးနိုင်မယ်ဆိုရင် ငါကမင်းကို စစ်ရေးအောင်မြင်မှုအမှတ်တွေပေးဖို့ ကပ်တွက်နေမှာမဟုတ်ဘူး...မင်းက လုံလောက်တဲ့
စစ်ရေးအောင်မြင်မှုရမှတ်တွေရသရွေ့ ဒီနေရာကနေ မင်းလိုချင်တဲ့ ဘယ်အရာကိုမဆိုရွေးချယ်နိုင်တယ်"
ဗိုလ်ချုပ်မုန့်က ပြောဆိုသည်။
လုယွီက လှိုဏ်ဂူအတွင်းသို့ ဝင်ကာဝေ့ဝိုက်၍ကြည့်လိုက်သည်။
ဤလျှို့ဝှက်နယ်မြေအတွင်းရှိ အရာရာတိုင်းသည် အစစ်အမှန်အလားပင်။အကယ်၍ ဤနေရာတွင် ရတနာများ အမှန်တကယ်ရှိနေပါက သူသည် ထိုအရာများကို ရယူရန်အတွက် တိုက်ခိုက်ရပေမည်။
လုယွီသည် လှိုဏ်ဂူအတွင်းသို့ဝင်ရောက်ပြီးနောက် သူ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက်ကျဉ်းမြောင်းသွားကာ သူ၏အသက်ရှူနှုန်း ပြင်းထန်စပြုလာသည်။
Chapter 4032
ဤလှိုဏ်ဂူအတွင်း၌ ရတနာများ တောင်ပုံရာပုံရှိနေသည်။
ဤနေရာတွင် လောကကြီးအတွင်းရှိ ရတနာမျိုးစုံ စုဝေးနေသည်ဟုပင် ပြောနိုင်ပေ၏။ထိုရတနာများအနက်တချို့မှနေ၍ အလွန်အမင်းတောက်ပသော အလင်းရောင်များဖြာထွက်နေကာ ဖန်သားပြင်များနှင့်တူညီသည်။
ဤသည်မှာ ထိုရတနာတစ်ခုစီ၏ပြင်ပတွင် တားမြစ်စည်းတစ်ခုရှိနေပြီး အခိုင်အမာကာကွယ်စောင့်ကြပ်ထားခြင်းပင်။
မှော်လက်နက်များ ဆေးလုံးများ ဝင်္ကပါဖွဲ့စည်းပုံများ အဆောင်လက်ဖွဲ့များ....
လုယွီသည် ထိုအရာများကို ဝေ့ဝိုက်၍ကြည့်ပြီးနောက် ထိုရတနာများအနက်မှအများစုသည် ပျောက်ဆုံးသွားသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ကြောင်း သူ ရှာဖွေတွေ့ရှိမိသည်။
ယခုလက်ရှိကောင်းကင်ဘုံနယ်မြေမှ ကျင့်ကြံနည်းစနစ်အများစုသည် ရှေးဟောင်းအချိန်ကာလများမှ လက်ဆင့်ကမ်းဆင်းသက်လာသော မပြည့်စုံသောကျင့်ကြံနည်းစနစ်များမှတဆင့် ဖန်တီးထားခြင်းဖြစ်သည်။
အကယ်၍ သူ၏ရှေ့၌ရှိနေသောအရာများအနက်မှ မည်သည့်အရာမဆို ပြင်ပလောကသို့ ပျံ့နှံသွားပါ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးအတွင်း၌ အုတ်အော်သောင်းနင်းဖြစ်သွားပေမည်။
သို့ရာတွင် လုယွီသည် ထိုရတနာများအနက်မှတစ်ခုကိုမျှ အာရုံစူးစိုက်ခြင်းမရှိချေ။
သူ၏အကြည့်သည် ဘဏ္ဍာတိုက်၏အမြင့်ဆုံးနေရာတွင်ရှိနေသော ကျောက်စိမ်းသေတ္တာထံတွင်သာ အစဥ်အမြဲကျရောက်နေသည်။
ထိုကျောက်စိမ်းသစ်သား၏အတွင်း၌ ဆေးလုံးတစ်လုံးရှိနေကာ လေထုအတွင်း၌ မျောလွင့်နေသည်။ဤအရာကို ဖန်သားပြင်နှင့်တူညီသော အတားအဆီးအလွှာတစ်ရပ်က ရစ်သိုင်းလွှမ်းခြုံထားသည်။ဤဆေးလုံးသည် ကျောက်စိမ်းကဲ့သို့ဖြူဖွေးနေကာ မည်သည့်မသန့်စင်မှုမျှ မရှိချေ။ထိုဆေးလုံးမှနေ၍ ရှေးကျသောအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။
"နဂါးဘိုးဘေး ရွှေအမြူတေဆေးလုံးလား"
လုယွီ၏အသက်ရှူနှုန်း လျှင်မြန်စပြုလာကာ သူ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
သူသည် တော်ဝင်မြို့တော်၌ရှိနေစဉ်တွင် နဂါးဧကရာဇ်တစ်ကောင်၏နဂါးအမြူတေကို ဝါးမြိုခဲ့သည်။ထိုအရာတွင် အကန့်အသတ်မရှိသောစွမ်းအားများပါဝင်နေကာ အဆုံးသတ်၌ သူသည် သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သိုင်းပညာသူတော်စင်မှနေ၍ သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် အလွန်အမင်းခက်ခဲသည်။
ရှေးဟောင်းအချိန်ကာလများအတွင်း၌ပင် သိုင်းပညာသူတော်စင်အမြောက်အများသည် သူတို့၏ ကျန်ရှိသောဘဝတစ်လျှောက်လုံး ဤနယ်ပယ်၌ ချောင်ပိတ်မိနေကာ နောက်တဆင့်သို့ တက်လှမ်းနိုင်ခြင်းမရှိချေ။
ယခုအချိန်၌ လုယွီသည် ကျင့်ကြံဆင့်နယ်ပယ်အရဖြစ်စေ ရုပ်ခန္ဓာကိုယ်နယ်ပယ်အရဖြစ်စေ အတားအဆီး၌ရောက်ရှိနေသည်။
အကယ်၍ သူသည် ကျင့်ကြံဆင့်နယ်ပယ်ကို ချိုးဖျက်လိုပါက အနည်းဆုံးအနေဖြင့် သူ့၏စွမ်းအားကို ထောက်ပံ့မှုရရှိရန်အတွက် အစွမ်းထက်သော ပြင်ပစွမ်းအားတချို့လိုအပ်သည်။
သူ့ရှေ့ရှိ နဂါးဘိုးဘေးရွှေအမြူတေသည် သူလိုအပ်သောအရာ အတိအကျပင်။
ကောလဟာလများအရ နဂါးဘိုးဘေးသည် ရှေးဟောင်းကောင်းကင်ဘုံနန်းတွင်း၌ရှိနေစဉ်တွင် ကောင်းကင်ဘုံဧကရာဇ်၏နောက်လိုက်ဖြစ်ခဲ့သည်။သူ့ထံတွင် ရိုသေလေးစားခံရသောအဆင့်အတန်းနှင့်အလွန်ကြီးမားသောခွန်အားကိုပိုင်ဆိုင်ထားကာ ရွှေမော်တယ်တစ်ယောက်လည်းဖြစ်သည်။
ဤကဲ့သို့တည်ရှိမှုကြီးတစ်ခု၏ ရွှေအမြူတေထံတွင် နှိုင်းယှဉ်ပြစရာမရှိသည်အထိ ကြီးကျယ်ခမ်းနားသောစွမ်းအားများ ပါဝင်နေသည်။သူသည် ဤအမြူတေကို ဝါးမြိုနိုင်ပါက သူ၏ခွန်အား အဆများစွာခုန်ပြန်ကျော်လွှား၍ မြင့်တက်သွားပေမည်။သူသည် ဤစွမ်းအားကိုအမှီပြု၍ သူ၏ကျင့်ကြံဆင့်အတားအစီးကို ချိုးဖျက်ကာ သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားနိုင်သည်။
သူ၏ကိုယ်ပိုင်ခွန်အားနှင့် နှိုင်းယှဉ်ပါက တခြားမည်သည့်ရတနာမဆို ပြင်ပစွမ်းအားများသာဖြစ်ပြီး များစွာအသုံးဝင်ခြင်းမရှိချေ။
"ဒါ...ဒါ...ဒါက ထာဝရကောင်းကင်ဘုံရနံ့ဆေးမီးဖိုနဲ့ ရစ်ခွေနတ်ဘုရားတိုက်ပွဲဝင်သံချပ်ကာပဲ...အဲဒီရတနာတွေကပျောက်ကွယ်သွားခဲ့တာအချိန်အတော်ကြာမြင့်နေပြီမဟုတ်လား။
ခွေးနက်ကြီးသည်လည်း သူ၏လက်နှစ်ဖက်ကိုပွတ်သပ်ကာ အလွန်အမင်းစိတ်လှုပ်ရှားနေသည်။
ခွေးနက်ကြီးသည် ဘဏ္ဍာတိုက်အတွင်းသို့ ရောက်ရှိချိန်၌ သူ၏အကျင့်စရိုက်များ ပွင့်အံ့ထွက်လာကာ မလှုပ်ရှားဘဲမနေနိုင်တော့ချေ။
သူ၏လက်များကို ပွတ်သပ်လိုက်ပြီးနောက် ခွေးနက်ကြီးသည် အနက်ရောင်အလင်းတန်းအသွင်သို့ ပြောင်းလဲသွားကာ ရတနာများအနက်မှတစ်ခုထံသို့ ဦးတည်၍ပျံသန်းသွားလိုက်၏။
သို့ရာတွင် သူ ထိုရတနာအနီးသို့ မချဉ်းကပ်နိုင်သေးမီမှာပင် ထိုရတနာ၏ ပြင်ပတွင်ရှိနေသော မမြင်နိုင်သည့်လေနံရံကြီးက ရတနာကို လုံးလုံးလျားလျားချိတ်ပိတ်လိုက်သည်။
ဘန်း....
ရှေ့သို့ပြေးသွားသော ခွေးနက်ကြီးသည် လေနံရံကြီးနှင့်တိုက်မိကာ ခပ်အုပ်အုပ်အသံတစ်သံထွက်ပေါ်လာသည်။
ခွေးနက်ကြီးသည် စူးရှာနာကျင်စွာအော်ဟစ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။
"ကောင်စုတ်လေးလု...ငါတို့ချမ်းသာပြီ...ဟား ဟား ဟား ဟား..."
ခွေးနက်ကြီး၏ခေါင်း၌ ကြီးမားသောဘုကြီးတစ်ဘု ထွက်ပေါ်လာသည့်တိုင် ဤသည်မှာ သူ၏စိတ်လှုပ်ရှားနေမှုကို အနည်းငယ်မျှ သက်ရောက်ခြင်းမရှိချေ။
လုယွီက ထိုခွေးစုတ်ကို ဂုတ်မှဆုပ်ကိုင်ပြီး သူ၏အနီးသို့ ပြန်ခေါ်လာလိုက်သည်။
"ဗိုလ်ချုပ်မုန့်...တကယ်လို့ ငါက အဲ့ဒီရတနာထဲက တစ်ခုခုကိုလိုချင်တယ်ဆိုရင်...ငါက စစ်ရေးအောင်မြင်မှုရမှတ်တွေရဖို့ပဲ လိုအပ်တာလား"
လုယွီက မေးမြန်းသည်။
ခွေးနက်ကြီးသည်မက သူသည်လည်း ဤရတနာများအနက်မှ တချို့အပေါ်တွင် မျက်စေ့ကျမိသည်။
ဤရတနာများအနက် တစ်စုံတစ်ယောက်၏ရုပ်ခန္ဓာကိုယ်ခွန်အားကို မြှင့်တင်ပေးနိုင်သောအရာများသာမက သေရေးရှင်ရေးအခြေအနေများတွင် လူတစ်ယောက်၏အသက်ကို ကယ်တင်ပေးနိုင်သည့် အရာများလည်း ပါဝင်သည်။သူ့ထံတွင် ရန်သူအမြောက်အများရှိသဖြင့် သူ့ကိုယ်သူကာကွယ်ရန်အတွက် ကောင်းမွန်သောရတနာများရှိနေရန် လိုအပ်သည်။
ဗိုလ်ချုပ်မုန့်က ပြောဆိုသည်။
"သေချာတာပေါ့...ဒီဘဏ္ဍာတိုက်ထဲမှာရှိတဲ့ရတနာတိုင်းကို စစ်ရေးအောင်မြင်မှုရမှတ်တွေနဲ့ လဲလှယ်နိုင်တယ်...တကယ်လို့ ငါပေးမယ့်တာဝန်ကို မင်း အောင်မြင်အောင်လုပ်နိုင်မယ်ဆိုရင် မင်း ရမယ့် စစ်ရေးအောင်မြင်မှုအမှတ်တွေက အရမ်းများတယ်...ဒါကြောင့် ဒီရတနာတွေထဲက ဘယ်အရာနဲ့မဆို မင်းလဲလှယ်လို့ရတယ်"
Chapter 4033
"အဲ့ဒီတာဝန်ကို အောင်မြင်အောင်လုပ်ဖို့မလွယ်ကူမှာကို ငါ စိုးရိမ်မိတယ်"
လုယွီက ပြောဆိုသည်။
ဗိုလ်ချုပ်မုန့်က အပြုံးနှင့်တုံ့ပြန်သည်။
"တကယ်လို့ မင်း ရတနာတွေကိုလိုချင်တယ်ဆိုရင် တန်ကြေးတစ်ခုတော့ ပြန်ပေးဆပ်ရမှာပဲလေ...ဒါပေမဲ့ မင်းက သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာကြောင့် ဒီတာဝန်ကို မင်းအောင်မြင်အောင်လုပ်နိုင်မယ့် အခွင့်အရေးက အရမ်းမြင့်မားတယ်...ဒီရက်အနည်းငယ်အတွင်းမှာ မင်းက စစ်တပ်ထဲမှာရှိတဲ့ ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင်မင်းကိုယ်မင်းလုပ်သင့်တယ်"
"အခုလက်တလောအချိန်မှာ တိုက်ပွဲတချို့ရှိနေတယ်...မင်းက အဲ့ဒီတိုက်ပွဲတွေမှာလည်း ပါဝင်ဆင်နွှဲလို့ရတယ်...စစ်ရေးအောင်မြင်မှုအမှတ်တွေကို မင်း ရတာနဲ့ ဒီနေရာမှာရှိတဲ့မှော်ရတနာတချို့နဲ့လဲလှယ်ပြီးတော့..နောက်ထပ်ခုနစ်ရက်ကြာရင် လုပ်ရမယ့်တာဝန်အတွက် ကြိုပြီးပြင်ဆင်ထားရမယ်...ငါ မင်းကို သတိပေးပြီးပြီ"
ထို့နောက် ဗိုလ်ချုပ်မုန့်သည် လုယွီနေထိုင်ရန်အတွက် သီးသန့်နေရာတစ်နေရာကိုစီစဉ်ပေးသည်။
စစ်စခန်းအတွင်း၌ စစ်သားအမြောက်အများသည် စစ်တမ်းလျားများအတွင်း၌ နေထိုင်ကြသည်။
ဗိုလ်ချုပ်မုန့်စီစဥ်ပေးသော စစ်တဲအတွင်းသို့ လုယွီဝင်ရောက်သွားသောအချိန်၌ အတွင်းရှိလေဟာနယ် ရုတ်တရက်ကြီးမားကျယ်ပြန့်သွားသည်ကို တွေ့မြင်မိသည်။ဤနေရာတွင် စားပွဲများကုလားထိုင်များ ကုတင်များ ရေချိုးခန်းတစ်ခန်းနှင့်ဧည့်ခန်းတို့ ပါဝင်သည်။
ဤသည်မှာ လေဟာနယ်ဝင်္ကပါကို ခင်းကျင်းထားခြင်းဖြစ်ပြီး တဲအတွင်းရှိလလေဟာနယ်ကို ကြီးမားကျယ်ပြန့်သွားစေသည်။
တိုက်ပွဲစစ်မြေပြင်၌ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်ရှိသော်လည်း လုယွီသည် ဤကဲ့သို့ ကောင်းမွန်သောနေရာမျိုး၌ နေထိုင်ရပေ၏။
ဤသည်မှတဆင့် ဗိုလ်ချုပ်မုန့်သည် သူ့အား မည်မျှထိအလေးထားသည်ကို မြင်တွေ့နိုင်သည်။
လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်သော်လည်း အနီးပတ်ဝန်းကျင်တွင် ချောင်းမြောင်း၍နားထောင်နေသူ တစ်ယောက်မျှမရှိသည်ကို တွေ့ရှိမိသည်။
ထို့ကြောင့် သူသည် စစ်တပ်တဲ၏နံဘေးပတ်လည်၌ တခြားလူများ ချောင်းမြောင်း၍မကြည့်နိုင်စေရန်အတွက် ဖုံးကွယ်ခြင်းဝင်္ကပါတစ်ခုကို ခင်းကျင်းလိုက်သည်။
"ဒီနေရာက ဘယ်လိုနေရာလဲဆိုတာ မင်း သိလား"
လုယွီက မေးမြန်းသည်။
ခွေးနက်ကြီးက လုယွီကို မျက်စောင်းထိုးကြည့်ကာ ညည်းသွားလိုက်၏။
"တကယ်လို့ ငါသိရင် ငါ ဘာလို့ ဒီလောက်ထိထိတ်ထိတ်ပြာပြာဖြစ်နေမှာလဲ...ဒါပေမဲ့ ဒီနေရာရဲ့ပတ်ဝန်းကျင်အရ အကဲဖြတ်ကြည့်မယ်ဆိုရင် ဒါက ရှေးဟောင်းအချိန်ကာလအတွင်းမှာ ဖြစ်ပုံရတယ်....ငါတို့က အဝါရောင်စမ်းချောင်းထဲကိုကျပြီးတော့ တခြားကမ္ဘာလောကတစ်ခုကို ရောက်သွားတာများလား"
"မင်းက ရှေးဟောင်းအချိန်ကာလတွေနဲ့ အရမ်းရင်းနှီးကျွမ်းဝင်တယ် မဟုတ်လား"
လုယွီက မေးမြန်းသည်။
ခွေးနက်ကြီးသည် ရှေးဟောင်းခေတ်မှ အသက်ရှင်ကျန်ရှိနေခြင်းပင်။အကယ်၍ သူတို့သည် အတိတ်သို့ ပြန်လည်ရောက်ရှိနေသည်ဆိုလျှင် ခွေးနက်ကြီးသည် ဤနေရာရှိအခြေအနေများနှင့် ပို၍ရင်းနှီးကျွမ်းဝင်နေသင့်သည်။
ခွေးနက်ကြီးက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"ဒီလိုနေရာအစုတ်အပြတ်အကြောင်းကို ငါက ဘယ်လိုလုပ်ပြီးသိမှာလဲ...ရှေးဟောင်းခေတ်ရဲ့သက်တမ်းက အရမ်းရှည်လျားတယ်.... ကောင်းကင်ဘုံနန်းတော် ပျက်စီးပြိုလဲပြီးတဲ့နောက်မှာတောင် ရှေးဟောင်းခေတ်ကာလကုန်ဆုံးဖို့ အချိန်အများကြီးကြာခဲ့တယ်... ပြီးတော့ ငါ့ရဲ့အဆင့်အတန်းနဲ့ ကောင်းကင်ဘုံနန်းတွင်းကအင်မော်တယ်တွေတောင် ငါ့ကို လေးလေးစားစား ဆက်ဆံရတယ်...ဘယ်လိုလုပ်ပြီးတော့ ငါက ဒီလိုအစုတ်အပြတ်နေရာမျိုးကို လာဖူးမှာလဲ"
ခွေးနက်ကြီးသည် သူ၏မျက်လုံးကိုဝေဝိုက်၍ကြည့်ပြီးနောက် စားပွဲပေါ်မှ မီးဖိုချောင်သုံးကြေးနီးပစ္စည်းတချို့ကို ယူလိုက်သည်။သူ၏စကားအရ ဤအရာများအားလုံးသည် ရှေးဟောင်းပစ္စည်းများပင်။အကယ်၍ သူသည် ပြင်ပသို့ထွက်နိုင်ရန် အခွင့်အရေးရရှိပါက ထိုအရာများကို မြင့်မားသောဈေးနှုန်းဖြင့် ရောင်းချနိုင်ပေမည်။
"ကောင်စုတ်လေးလု...မင်းက ဝင်္ကပါပညာရှင်တစ်ယောက် မဟုတ်ဘူးလား...ငါတို့တွေ ဘဏ္ဍာတိုက်ထဲကို ခိုးဝင်ပြီးတော့ အထဲမှာရှိတဲ့ရတနာတွေအားလုံးကို ခိုးယူကြရအောင်"
ခွေးနက်ကြီးက လုယွီကို တိုက်တွန်းနှိုးဆော်သည်။
လုယွီသည် ဤလောဘကြီးသောခွေးကို အာရုံမစိုက်တော့ချေ။သူသည် ပလ္လင်ခွေထိုင်ကာ စတင်၍စဉ်းစားတွေးတောလိုက်၏။
ဤရတနာများကြောင့် သူ စိတ်မလှုပ်ရှားဟုပြောဆိုပါက အလိမ်အညာတစ်ခုဖြစ်ပေမည်။
သို့ရာတွင် ဘဏ္ဍာတိုက်၏လုံခြုံရေးသည်လအလွန်အမင်းတင်းကြပ်ပေ၏။ထိုရတနာတစ်ခုစီတိုင်းကို လေဟာနယ်ဝင်္ကပါတစ်ခုဖြင့် ကာကွယ်စောင့်ကြပ်ထားသည်။
ထို့ပြင် ဘဏ္ဍာတိုက်ကို အစွမ်းထက်ထိပ်သီးကျင့်ကြံသူအမြောက်အများစောင့်ကြပ်နေသည့်အပြင် ဗိုလ်ချုပ်မုန့်လည်း ရှိနေသည်။
ဗိုလ်ချုပ်မုန့်သည် မည်သို့မျှ မပြောဆိုခဲ့သော်လည်း သူသည် လုယွီကို ဘဏ္ဍာတိုက်အား ပြောင်ပြောင်တင်းတင်း ဖွင့်လှစ်ပြသခဲ့သည်။ဤသည်မှတဆင့် သူသည် ဤရတနာများအား လုယွီမှခိုးဝှက်ယူမည်ကို စိုးရိမ်ထိတ်လန့်ခြင်းမရှိဟု ဆိုလိုခြင်းပင်။လုယွီ၏ခန့်မှန်းချက်အရ ဗိုလ်ချုပ်မုန့်သည် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးဖြစ်ပေမည်။
ဤကဲ့သို့စိမ်းသက်သက်နေရာတနေရာတွင် အရာရာတိုင်းကို ဂရုစိုက်သည်က ပို၍ကောင်းမွန်ပေမည်။ရတနာတချို့အတွက်ဖြင့် သူတို့ စွန့်စားရမည်မှာ မထိုက်တန်ချေ။
အချိန်တခဏခန့် တိတ်ဆိတ်ငြိမ်သက်ပြီးနောက် လုယွီသည် စိတ်ဝိညာဥ်စွမ်းအားများကို အရပ်မျက်နှာအဘက်ဘက်မှစုပ်ယူပြီး ကျင့်ကြံရာ၌ အာရုံစူးစိုက်လိုက်တော့သည်။
နောက်တစ်နေ့တွင် လုယွီသည် စစ်တပ်၏လေ့ကျင့်ရေးကွင်းပြင်ရှေ့သို့ ရောက်ရှိလာသည်။
ယခုအချိန်၌ သူ့ထံတွင် စစ်တပ်အကြီးအကဲတစ်ယောက်၏အဆင့်အတန်းမျိုး ရှိနေသည်။လုယွီ၏ခါးတွင် ကြေးနီရောင်တံဆိပ်ပြားတစ်ခုကို ချိတ်ဆွဲထားလေ၏။
ပတ်ဝန်းကျင်ရှိစစ်သားများသည် လုယွီကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်လုံးများအတွင်း၌ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။သူတို့အားလုံးသည် နေရာ၌ရပ်တန့်ကာ လုယွီကို အရိုအသေပြုကြသည်။
စစ်သားသစ်ခေါ်ယူနေသော အချိန်အတောအတွင်းတွင် သိုင်းပညာသူတော်စင်တစ်ယောက် ရောက်ရှိလာသည်ဟူသော သတင်းသည် စစ်စခန်းတခုလုံးအတွင်း၌ ပျံ့နှံ့နေလေ၏။
ယခုအချိန်တွင် လူတိုင်းသည် လုယွီ၏အဆင့်အတန်းကို သိရှိထားသဖြင့် သူတို့အားလုံးသည် သူ့အား အလွန်အမင်းရိုသေလေးစားစွာ ဆက်ဆံကြသည်။
မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် ရိုသေလေးစားခံရလေ၏။
Chapter 4034
မြို့ရိုးပေါ်တွင် အချက်ပြခံတပ်တစ်ခုရှိသည်။
ထိုနေရာတွင် စစ်သားအမြောက်အများ နေ့ညမပြတ် စောင့်ကြပ်နေကာ မြို့ရိုး၏ပြင်ပရှိ အရာရာတိုင်းကို သတိကြီးစွာထား၍ စောင့်ကြည့်နေကြသည်။
မြို့ရိုး၏ပြင်ပကိုကြည့်ပါက အဝါရောင်သဲသောင်ပြင်ကြီးရှိနေသည်။ထိုနေရာတွင် ထူထပ်သိပ်သည်းသော သဲမှုန်များဖြင့် ပြည့်နှက်နေပါ၏။တစ်စုံတစ်ယောက်သည် အကြည်တစ်ချက်ဖြင့် အဝေးတစ်နေရာရှိမြင်ကွင်းကို တွေ့မြင်နိုင်မည်မဟုတ်ချေ။
မြို့ရိုးသည် ပိုင်းခြားကန့်သတ်ထားသော စည်းတစ်ခုနှင့်တူညီနေသည်။မြို့ရိုး၏အတွင်းဘက်တွင် ငှက်များတေးသီဆိုနေပြီး သစ်ပင်ပန်းမန်များ၏ရနံ့များဖြင့် သင်းပျံ့နေသည်။မြို့ရိုး၏ပြင်ပ၌မူ သဲကန္တာရတစ်ခုရှိနေပေ၏။ ဤနေရာနှစ်ခုရှိ ရှုခင်းများသည် လုံးလုံးလျားလျား ကွဲပြားခြားနားကာ မိုးနှင့်မြေအလား ဆန့်ကျင်နေသည်။ဤသည်မှာ အလွန်ကြီးမားသောအားလှိုင်းတရပ်မှနေ၍ ကမ္ဘာလောကကြီးကို နှစ်ခြမ်းပိုင်းခြားထားသည့်အလားပင်။
"သိုင်းပညာသူတော်စင်ကို နှုတ်ဆက်ပါတယ် ...မင်းက အစောကြီးရောက်လာတာပါလား...တိုက်ပွဲတွေက ခုထိမစသေးဘူး"
စစ်ဗိုလ်ချုပ်တစ်ယောက်သည် လုယွီကိုမြင်တွေ့ချိန်၌ ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုကာ ပြောဆိုသည်။
ဤသည်မှာ မနက်မိုးသောက်စအချိန်ဖြစ်ပြီး မိုးကောင်းကင်ယံမှနေရောင်သည် မြို့တံခါးပေါ်၌ ဖြာကျနေသည်။
တခြားဧည့်အကြီးအကဲများအားလုံးသည် အနားယူနေကြလေ၏။ဤသည်မှာ သူတို့သည် ပျင်းရိသောလူများ ဖြစ်နေခြင်းကြောင့်မဟုတ်ချေ။သူတို့သည် တိုက်ပွဲကြီးမစတင်မီ အချိန်ကြာမြင့်စွာအိပ်စက်၍ သူတို့၏အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေရန်ပြင်ဆင်နေခြင်းပင်။
တိုက်ပွဲဖြစ်နေစဉ်အချိန်အတွင်း၌ သူတို့သည် အရပ်မျက်နှာအဘက်ဘက်မှလာသော ရန်သူများနှင့် ရင်ဆိုင်ရပေမည်။ဤသည်မှာ အလွန်အမင်းအန္တရာယ်များသဖြင့် သူတို့သည် သတိကြီးစွာထားရန်လိုအပ်ပေ၏။ကျင့်ကြံသူတစ်ယောက်၏စိတ်စွမ်းအားသည် အစွမ်းထက်သည့်တိုင် အနားယူရန်လိုအပ်နေဆဲပင်။
လုယွီသည် ဤနေရာသို့ အစောဆုံးရောက်ရှိနေပြီး တခြားသူများသည် ယခုထိ ရောက်ရှိလာခြင်းမရှိချေ။
လုယွီက မေးမြန်းသည်။
"ငါတို့ရင်ဆိုင်ရမဲ့ရန်သူတွေက ဘယ်သူတွေလဲ"
ထိုစစ်ဗိုလ်ချုပ်က အလျှင်အမြန်တုံ့ပြန်အဖြေပေးသည်။
"မြို့ရိုးရဲ့အပြင်မှာ နတ်ဆိုးတွေရှိနေတယ်...သူတို့က အရေအတွက်အရမ်းများပြားတဲ့ နတ်ဆိုးမှော်သားရဲတွေကို မွေးမြူထားတယ်...အဲ့ဒီမှော်သားရဲတွေက ဗဟိုလွင်ပြင်ကိုဖြတ်ပြီးတော့ တစ်နှစ်ပတ်လုံး လုယက်ဖျက်ဆီးနေကြတယ်....ငါတို့က အဲ့ဒီနတ်ဆိုးတွေကို ရင်ဆိုင်ဖို့အတွက် ဒီနေရာကို စောင့်ကြပ်နေရတာ..ဒါကြောင့် ငါတို့က အဲ့ဒီသားရဲတွေကို သတ်ရမယ်"
"တကယ်လို့ မင်းက မြို့ရိုးရဲ့အပြင်ကိုထွက်ပြီး နတ်ဆိုးသားရဲတစ်ကောင်ကို သတ်မယ်ဆိုရင် နတ်ဆိုးအမြူတေတစ်ခု ရလာလိမ့်မယ်..မင်းက နတ်ဆိုးတစ်ကောင်ကို သတ်လိုက်တယ်ဆိုရင်တော့ သူ့ရဲ့ခေါင်းတွေကိုဖြတ်ယူလာပြီးတော့ စစ်ရေးအောင်မြင်မှုရမှတ်တွေနဲ့ လဲလှယ်နိုင်တယ်"
လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။
"တကယ်လို့ ငါက အဲ့ဒီကောင်တွေအားလုံးကို သတ်လိုက်မယ်ဆိုရင် စစ်ရေးအောင်မြင်မှုအမှတ်တွေကို ငါ ရမယ်မဟုတ်လား"
"ဒါက အမှန်ပဲ....စစ်ရေးအောင်မြင်မှုအမှတ်ရဲ့ နောက်ဆုံးတွက်ချက်မှုတွေက မင်း သတ်ခဲ့တဲ့ရန်သူအရေအတွက်ပေါ် မူတည်တယ်"
ထိုစစ်ဗိုလ်ချုပ်က သတိပေးသည်။
"သာမန်အနေနဲ့တော့ ငါတို့က အနည်းဆုံးလူငါးယောက်ကို အုပ်စုတစ်စုဖွဲ့ထားတယ်...ဒါက တိုက်ခိုက်ခြင်းနဲ့ခုခံခြင်းကို ပူးပေါင်းထားတဲ့အဖွဲ့ပဲ...မင်းက ဘာလို့ တခြားလူတွေကို မစောင့်တာလဲ...ဗိုလ်ချုပ်မုန့်နဲ့တခြားဧည့်အကြီးအကဲတွေအားလုံး ဒီနေရာကို ခဏနေကျရင် ရောက်လာလိမ့်မယ်"
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"သူတို့ကို စောင့်နေဖို့မလိုဘူး...ငါတစ်ယောက်တည်းသွားပြီး စမ်းကြည့်မယ်"
ထိုသို့ပြောဆိုပြီးနောက် လုယွီက မြို့ရိုးပေါ်မှခုန်ဆင်းလိုက်သည်။
လက်ရှိနေရာတွင်ရှိနေသောစစ်သားများအားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။မြို့ရိုး၏ပြင်ပ၌အန္တရာယ်များသော်လည်း မည်သို့ပင်ဆိုစေကာမူ လုယွီသည် သိုင်းပညာသူတော်စင်အထွတ်အထိပ်တစ်ယောက်ပင်။သူ သွားလိုသော မည်သည့်နေရာတွင်မဆို သူ့အား မည်သူမျှဟန့်တားနိုင်မည် မဟုတ်ချေ။
စစ်ဖိနပ်တစ်စုံက သဲကန္တာရပေါ်သို့ ကျရောက်သွားသည်။ရုတ်ချည်းဆိုသလိုပင် ပူပြင်းခြောက်သွေ့သောလေများက သူ့ထံသို့ ဖြတ်သန်းတိုက်ခတ်လာသည်။
ဟူး...ဟူး...
လုယွီသည် သူ၏နံဘေးပတ်ဝန်းကျင်ရှိ လေထုအတွင်း၌ ကြမ်းတမ်းသောကျောက်စကျောက်နများဖြင့် ပြည့်နှက်နေကြောင်း ခံစားမိသည်။
ဤသည်မှာ လူသားများနေထိုင်ရန်အတွက် မသင့်တော်သောနေရာပင်။အနည်းဆုံးအနေဖြင့် သေမျိုးများနှင့်သာမန်သိုင်းပညာရှင်များသည် ဤနေရာ၌ အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။ဤနေရာရှိ လေထုသည် ရှူရှိုက်ရန်မသင့်တော်သဖြင့် ကျင့်ကြံဆင့်အားနည်းသူတချို့ပင်လျှင် အချိန်ကြာမြင့်စွာနေထိုင်ပါက ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်သည်။
ခွေးနက်ကြီးသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ သူ၏သိုလှောင်အိတ်အတွင်းမှ အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်သည်။ထို့နောက် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ကို ရေဘောလုံးတစ်ခုကဝန်းရံသွားသည်။ထိုရေဘောလုံးအတွင်း၌ ရေများ ဖြည်းညှင်းစွာစီးဆင်းနေကာအနီးပတ်လည်ရှိ ကျောက်စကျေက်နများအားလုံးကို အဝေးသို့ဖယ်ထုတ်လိုက်၏။
"ဒီလိုနေရာအစုတ်အပြတ်တစ်ခုကို ဘာလို့ စောင့်ကြပ်နေကြတာလဲ...ဒီလောကထဲမှာရှိတဲ့ မဟာနတ်ဆိုးတွေအားလုံးကသက်သောင့်သက်သာရှိတဲ့ နေရာတွေမှာပဲနေထိုင်တယ်...အဆင့်နိမ့်နတ်ဆိုးတွေကသာ ဒီလိုခြောက်ကပ်ပြီးတော့ ဆိုးရွားတဲ့နေရာမျိုးမှာ နေထိုင်လိမ့်မယ်"
ခွေးနက်ကြီးက အထင်အမြင်သေးစွာပြောဆိုသည်။
သူသည် ဤသို့ပြောဆိုလိုက်သော်လည်း လုယွီနှင့်ဝေးကွာသောနေရာတွင် မနေဝံ့ချေ။ထို့ကြောင့် သူသည် လုယွီ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ နောက်မှထပ်ချပ်မကွာလိုက်လာခဲ့လေ၏။
လုယွီသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သော်လည်း မည်သည့်မှော်စွမ်းအားကိုမျှ အသုံးမပြုချင်ချေ။အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ပြင်းထန်သောအားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ကို ဝိုင်းရံသွားသည်။
Chapter 4035
လုယူ၏ခန္ဓာကိုယ်နံဘေးပတ်လည်မှ အားလှိုင်းသည် မမြင်နိုင်သောလေနံရံကြီးတစ်ခုအလား သူ့ကို ကာကွယ်ပေးထားသည်။
ပြင်ပရှိသဲမှုန်များသည် လုယွီ၏အနီးသို့ ချဉ်းကပ်လာကြသော်လည်း လေနံရံကြီး၏ပိတ်ဆို့ဟန့်တားမှုကြောင့် မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။
ဤသည်မှာ သိုင်းပညာသူတော်စင်တစ်ယောက်၏စွမ်းအားပင်။သူတို့သည် လောကကြီးအတွင်း၌ လျှောက်လှမ်းနေစဉ်တွင် အဆိပ်များအားလုံးနှင့်ပိုးမွှားများအားလုံး၏ အန္တရာယ်များကို ပျက်ပြယ်စေနိုင်စွမ်းရှိသည်။
သိုင်းပညာသူတော်စင်တစ်ယောက်၏ ရုပ်ခန္ဓာကိုယ်စွမ်းအားကို လောကကြီးအတွင်းရှိအစွမ်းထက်ရတနာအမြောက်အများနှင့်နှိုင်းယှဉ်နိုင်ပြီး ဥပဒေသအမြောက်အများကို လျစ်လျူရှုထားနိုင်သည်။
လုယွီက သဲကန္တာရ၏နက်ရှိုင်းသောနေရာသို့ဦးတည်၍ လျှောက်လှမ်းခဲ့သည်။
သူ၏အရှိန်နှုန်းသည် အလွန်လျင်မြန်သဖြင့်အချိန်အနည်းငယ်အတွင်းမှာပင် မီတာတစ်ထောင်ကျော်အကွာအဝေးသို့ ရောက်ရှိနေလေပြီ။
လုယွီသည် မည်သည့်မှော်စွမ်းအားကိုမျှ အသုံးပြုခြင်းမပြုဘဲ သူ့၏ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ကိုသာ အသုံးပြုထားသည်။ သူ၏ခြေထောက်ကို မြေပြင်ပေါ်၌ ညင်သာစွာထိတွေ့လိုက်ရုံဖြင့် လေထုအတွင်းသို့ ခုန်တက်နိုင်ကာ အဝေးတစ်နေရာသို့ ရောက်ရှိသွားသည်။
လုယွီသည် အနီးပတ်ဝန်းကျင်မှ သက်ရှိများကိုလေ့လာဆန်းစစ်လိုက်၏။
ထိုအချိန်မှာပင် တဝီဝီအသံများက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် အလွန်ဝေးကွာသောနေရာများထိ မြင်တွေ့နေနိုင်သည်။ပတ်ဝန်းကျင်တွင် သဲမှုန်များဖြင့်ဖုံးလွှမ်းနေသော်လည်း သူ့ရှေ့ရှိမြင်ကွင်းသည် သူ၏အမြင်အာရုံအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
ဤသည်မှာ နကျယ်ကောင်များ ပြန်သန်းလာခြင်းပင်။
ထိုနကျယ်ကောင်းတစ်ကောင်ချင်းစီသည် လက်သီးဆုပ်အရွယ်အစားခန့်ရှိကာ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် အရောင်အသွေးစုံသောအခွံတစ်ခွံရှိနေသည်။အဆိပ်ဆူးများနှင့်တူညီသည့် သူတို့၏အစွယ်များသည် အလွန်ထက်ရှပြီး သူတို့၏ခန္ဓာကိုယ်များပေါ်တွင် အဆိပ်များမှအလင်းရောင်များဖြင့် တောက်ပနေသည်။
နကျယ်ကောင်များ တောင်ပံခတ်လိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိလေထု တုန်ခါသွားသည်။
ထိုနကျယ်ကောင်များ၏နံဘေးပတ်လည်တွင် မှော်စွမ်းအားအရှိန်အဝါများ လှည့်ပတ်နေသည်။သူတို့တစ်ကောင်ချင်းစီသည် မှော်စွမ်းအားများကို ပိုင်ဆိုင်ထားသော နတ်ဆိုးသားရဲများဖြစ်ပေ၏။
ထိုနကျယ်ကောင်များအနက်မှ မည်သည့်တစ်ကောင်မဆို လူတစ်ယောက်၏ခန္ဓာကိုယ်ပေါ်သို့ သူ၏အစွယ်ဖြင့်ထိုးစိုက်ကာ သတ်ဖြတ်နိုင်စွမ်းရှိသည်။ယခုအချိန်၌ နကျယ်ကောင်အမြောက်အများ အုပ်စုဖွဲ့၍ အတူတကွရှိနေသဖြင့် ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။
မရေမတွက်နိုင်သော နကျယ်ကောင်များ အတူတကွ ပျံသန်းလာကာ ထူထပ်သိပ်သည်းသောမြူခိုးထုကြီးအလား လုယွီထံသို့တိုးဝင်လာပြီး တိုက်ခိုက်ကြသည်။
ပတ်ဝန်းကျင်ကိုကြည့်ပါက အရပ်မျက်နှာအဘက်ဘက်တွင် တဝီဝီအသံများဖြင့် ပြည့်နှက်နေသည်။ထိုအသံများ အတူတကွစုဝေးသွားချိန်၌ လူတစ်ယောက်၏ဦးရေပြားကိုပင် ထုံကြင်သွားစေနိုင်သည်
လုယွီ၏လက်အတွင်း၌ မီးတောက်တစ်ခုထွက်ပေါ်လာကာ သူသည် ထိုအရာကို အရပ်မျက်နှာအဘက်ဘက်မှ သူ့ထံတိုးဝင်လာသောနကျယ်ကောင်များထံ ပစ်ခတ်လိုက်၏။
ထိုမီးတောက်သည် လေထုအတွင်းသို့ မြင့်တက်သွားပြီးနောက် မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားကာ နကျယ်ကောင်များအားလုံးကို ဝါးမြိုသွားတော့သည်။
ဟူး...ဟူး...ဟူး...
လေပြင်း၏ကူညီထောက်ပံ့မှုအောက်တွင် မီးတောက်များ ပို၍ပို၍ပြင်းထန်စွာ လောင်ကျွမ်းနေသည်။နကျယ်ကောင်များသည် ပြာများဖြစ်သည်အထိ အဆက်မပြတ်လောင်ကျွမ်းခံနေရပြီး လေထုအတွင်းမှ ပြုတ်ကျလာသည်။
သို့ရာတွင် တချို့နကျယ်ကောင်များ၏ခွန်အားသည် အလွန်အမင်းကြီးမားပေ၏။သူတို့သည် မီးပင်လယ်ကြီးကိုဖြတ်သန်းကာ လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။
သူတို့၏အရှိန်နှုန်းသည် အလွန်လျှင်မြန်ကာ သူတို့၏ရှေ့ရှိလူသည် အဟန့်အတားတစ်ခုဖြစ်သည်ဟု အာရုံခံမိသည့်အလား ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြသည်။
ထိုနကျယ်ကောင်များအနက်မှတချို့သည် သူတို့၏အရှိန်နှုန်းကိုမြှင့်တင်ကာ ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ရုတ်ချည်းဆိုသလိုပင် သူတို့သည် လုယွီ၏ရှေ့သို့ ရောက်ရှိလာပေ၏။ထို့နောက် သူတို့၏ထက်ရှသောအစွယ်များကိုဆန့်ထုတ်ကာ လုယွီ၏ခန္ဓာကိုယ်ကိုထိုးစိုက်ရန် ဟန်ပြင်လိုက်သည်။
အကယ်၍ ဤအဆိပ်ရှိအစွယ်များသည်တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်အတွင်းသို့ ထိုးစိုက်မိသွားပါက သာမန်လူတစ်ယောက်ဆိုလျှင် နေရာမှာပင် သေဆုံးသွားပေမည်။
"ရက်စက်ကြမ်းကြုတ်တဲ့ အဆိပ်ရှိနကျယ်ကောင်တွေပဲ'"
လုယွီကမျက်မှောင်ကြုတ်ကာ သူ၏ခါးကို အောက်သို့ကွေးညွှတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် အနက်ရောင်ကိုယ်ပိုင်နယ်မြေတစ်ခုက လုယွီ၏နံဘေးပတ်လည်၌ ဖွဲ့စည်းသွားသည်။အချင်းဝက်မီတာသုံးရာအတွင်းရှိမြေပြင်သည် တူးခြစ်သည်အထိ နက်မှောင်သွားလေ၏။မြေပြင်မှနေ၍ မရေမတွက်နိုင်သော အရိုးစုများတိုးထွက်လာကာ လေထုအတွင်း၌ သရဲတစ္ဆေများ၏ငိုကြွေးမြည်တမ်းသံများဖြင့် ပြည့်နှက်သွားတော့သည်။
ဤသည်မှာ မြေအောက်လောကနတ်ဘုရားနယ်မြေပင်။
ဤနတ်ဘုရားနယ်မြေထွက်ပေါ်လာခြင်းကြောင့် လုယွီသည် ဤနယ်မြေ၏ အကြွင်းမဲ့အုပ်ချုပ်သူအရှင်ဖြစ်သည်။ဤသည်မှာ နယ်မြေသခင်တစ်ယောက်၏ နည်းစနစ်များနှင့် တူညီသည်။သူသည် ဤနယ်မြေအတွင်းတွင် နတ်ဘုရားတစ်ပါးဖြစ်ကာ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးပင်။
သို့ရာတွင် သူသည် အဆိပ်ရှိနကျယ်ကောင်များကို ရင်ဆိုင်ရန်အတွက် သူ၏ခွန်အားကုန်ထုတ်ဖော်အသုံးပြုရန် မလိုအပ်ချေ။
နတ်ဘုရားနယ်မြေကို ဖြန့်ကျက်လိုက်သည်နှင့် အဆိပ်ရှိနကျယ်ကောင်များသည် ထောင်နှင့်ချီသောတောင်များ၏ဖိနှိပ်ခြင်းခံရသည့်အလား အက်ကွဲသွားကာ သူတို့၏အလောင်းများ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
ခရက်...ခရက်....
မရေမတွက်နိုင်သော နကျယ်ကောင်အလောင်းများသည် မိုးသီးပေါက်များအလား မြေပြင်ပေါ်သို့ ပြုတ်ကျလာပေ၏။တချို့နကျယ်ကောင်များ၏ အက်ကွဲသွားသောခန္ဓာကိုယ်များမှနေ၍ သလင်းကျောက်ကပ်သို့ကြည်လင်သော နတ်ဆိုးအမြူတွေများ ထွက်ပေါ်လာသည်။