← Chapters

အခန်း (၄၀၄၆-၄၀၅၀)

Vol. 206 Ch. 4046-4050

အခန်း (၄၀၄၆-၄၀၅၀)

Vol. 206 Ch. 4046-4050

Chapter 4046

နတ်ဆိုးသားရဲများသည် အရပ်မျက်နှာအဘက်ဘက်မှနေ၍ လုယွီကို တစ်ပြိုင်နက်တည်းတိုက်ခိုက်လိုက်ကြသည်။ရုတ်ချည်းဆိုသလိုပင်ပတ်ဝန်းကျင်နေရာတဝိုက်၌ နတ်ဆိုးသားရဲများ၏ ကျယ်လောင်သောဟိန်းဟောက်သံများဖြင့် ပြည့်နှက်သွားတော့သည်။

ဤနတ်ဆိုးသားရဲများသည် တောအုပ်၏ပြင်ပတွင် ကျင်လည်ကျက်စားနေသော နတ်ဆိုးသားရဲများနှင့် ကွဲပြားခြားနားသည်။

ဤနေရာမှ နတ်ဆိုးသားရဲတစ်ကောင်ချင်းစီသည် လူသားဘာသာစကားကို ပြောဆိုနိုင်နေပေ၏။သူတို့ထံ၌ အတော်အသင့်မြင့်မားသော ဉာဏ်ရည်ဥာဏ်သွေးရှိသည်။

နတ်ဆိုးသားရဲများ စတင်၍တိုက်ခိုက်လာချိန်တွင် ပြင်းထန်သောလေလှိုင်းတစ်ရပ်က ပတ်ဝန်းကျင်၌ ဖြတ်သန်းတိုက်ခတ်လာသည်။ ဤနတ်ဆိုးသားရဲများအနက်မှ မည်သည့်တစ်ကောင်မဆို နတ်ဆိုးဘုရင်အဆင့်ခွန်အားကို ပိုင်ဆိုင်ထားသည်။

"အရမ်းကောင်းတယ်...ငါက ဒီနတ်ဆိုးစွမ်းအားတွေကို ဝမ်းမြောက်ဝမ်းသာ လက်ခံပေးရလိမ့်မယ်"

သူ့အား နတ်ဆိုးသားရဲများမှ ဝိုင်းရံတိုက်ခိုက်နေသည်ကို မြင်တွေ့ချိန်၌ လုယွီသည် ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။ထိုအစား သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထင်ဟပ်လာပေ၏။

သူ၏စစ်ဖိနပ်ဖြင့် ရုတ်တရက် မြေပြင်ပေါ်သို့ခြေဆောင့်နင်းလိုက်ရာ သဲမှုန်များပျံ့လွင့်လာကာ လေထုအတွင်းသို့ မြင့်တက်သွားသည်။ ထို့နောက် လုယွီသည် သူထံတိုးဝင်လာသော နတ်ဆိုးသားရဲများထံဦးတည်၍ လက်သီးချက်အနည်းငယ် ထိုးနှက်လိုက်သည်။

လုယွီ၏လက်သီးချက်တိုင်းသည် နတ်ဆိုးသားရဲများ၏ဟာကွက်နေရာများသို့ ကျရောက်သွားပေ၏။

ဤနတ်ဆိုးသားရဲများ၏အရေခွံများသည် အလွန်အမင်းမာကျောသော်လည်း နုနယ်သောဟာကွက်နေရာသည် လုယွီ၏လက်သီးချက်များမှ စွမ်းအားဒဏ်ကို တောင့်ခံနိုင်ခြင်းမရှိချေ။

ဘန်း...ဘန်း...ဘန်း...

လက်သီးချက်ကျရောက်သွားသည့် အကြိမ်တိုင်း နတ်ဆိုးသားရဲများ၏ခန္ဓာကိုယ်ပေါ်မှ အရေခွံများ ချိုင့်ဝင်သွားသည်။ထိုနတ်ဆိုးသားရဲများသည် တကောင်ပြီးတကောင် လွင့်ထွက်ကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပြုတ်ကျသွားပေ၏။

သူတို့၏ပါးစပ်များအတွင်းမှနေ၍ သွေးများအန်ထွက်လာကြသည်။အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် လုယွီ၏ရှေ့၌ မတ်တတ်ရပ်၍ကျန်နေနိုင်သော နတ်ဆိုးသားရဲဟူ၍ မရှိတော့ချေ။

လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသား တဖန်ထပ်၍လည်ပတ်လာသည်။

ပတ်ဝန်းကျင်၌ မျောလွင့်နေသော နတ်ဆိုးစွမ်းအားများအားလုံးကို ထိုက်ကျိအမှတ်အသားမှ ဝါးမြိုကာ သန့်စင်သောစွမ်းအားများအဖြစ်သို့ ပြောင်းလဲပြီး လုယွီ၏ခန္ဓာကိုယ်ကို ဖြည့်တင်းပေးနေသည်။

ယခုလက်ရှိချိန်တွင် လုယွီအတွက် ဤစွမ်းအားများသည် ရေပုံးအတွင်းမှရေတစ်ပေါက်ပင်။သို့ရာတွင် ဤစွမ်းအားများကို တဖြည်းဖြည်းစုစည်းမိခြင်းဖြင့် သူ၏တိုးတက်လာမှုသည် နိမ့်ပါးခြင်းမရှိချေ။

"လူသား....မင်းက နေရာမှားပြီး ရောက်လာခဲ့တာပဲ"

ဧရာမကျားကြီးတစ်ကောင် ရှေ့သို့ခုန်ထွက်လာသည်။ထိုကျားနတ်ဆိုးသားရဲသည် ပတ်ဝန်းကျင်ရှိအိမ်များထက်ပင် ပို၍ကြီးမားပေ၏။သူ၏ထက်ရှသော သွားစွယ်နှစ်ချောင်းပေါ်တွင် သွေးများဖြင့်စွန်းထင်းနေသည်။

လုယွီက သူ့ထံတိုးဝင်လာသော ကြီးမားသည့်ဖိအားအရှိန်အဝါကို ခံစားမိသည်။ဤကျားနတ်ဆိုးသားရဲသည် ယခင်က သူရင်ဆိုင်ခဲ့ရသော နတ်ဆိုးသားရဲများထက် အဆများစွာပို၍ သန်မာအားကောင်းသည်။

လုယွီ၏ရှေ့တွင်ရှိနေသော ကျားနတ်ဆိုးသားရဲက ရုတ်တရက် ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ထိုကျားနတ်ဆိုးသားရဲ၏ဟိန်းဟောက်သံနှင့်အတူ လေဟာနယ်အတွင်း၌ ပြင်းထန်သောတုန်ခါမှုများ ဖြစ်ပွားသွားခဲ့သည်။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များအားလုံး သက်ရောက်ခြင်းခံရကာ ကျိုးကြေသွားကြသည်။

ဤနေရာပတ်ဝန်းကျင်တဝိုက်တွင် ကျားနတ်ဆိုးသားရဲ၏ဟိန်းဟောက်သံကသာ လွှမ်းခြုံနေပြီး တခြားမည်သည့်အသံကိုမျှ မကြားရနိုင်တော့ချေ။

ဝီ...ဝီ...ဝီ...

လုယွီသည် သူ၏နားစည်များ တုန်ခါလာသည်ကို ခံစားမိပေ၏။ထို့နောက် သူ၏စိတ်အတွင်းတွင် အထက်မှနေ၍ အရာရာတိုင်းကို အထင်အမြင်သေးစွာ ငုံကြည့်နေသည့် ဧရာမကျားကြီးတကောင်၏ပုံရိပ် ထွက်ပေါ်လာသည်။

ဤသည်မှာ စိတ်ဝိညာဉ်ဖိနှိပ်ခြင်းပင်။

အကယ်၍ တစ်စုံတစ်ယောက်၏စိတ်ဝိညာဉ်သည် လုံလောက်စွာသန်မာအားကောင်းခြင်းမရှိပါက ဤကျားဟိန်းသံနှင့်ရင်ဆိုင်ရချိန်တွင် သတိလက်လွတ် ဖြစ်သွားပေမည်။ထိုလူသည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံ့ကာ တဖြည်းဖြည်း ကျားနတ်ဆိုးသားရဲကို အရှုံးပေးလိုက်ရပြီး နောက်ဆုံး၌ သူ၏ကျေးကျွန်ဖြစ်သွားပေမည်။

"မင်းက ငါ့ကို ထိန်းချုပ်ချင်တာလား...ရယ်စရာကောင်းလိုက်တာ"

အတွေးတချက်နှင့်အတူ လုယွီသည် သူ၏စိတ်အတွင်း၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို ထင်ဟပ်စေပြီး ဧရာမကျားသားရဲကို တိုက်ခိုက်လိုက်၏။

မြေအောက်လောကနတ်ဘုရား၏ကြီးမားသောနတ်ဘုရားစွမ်းအားက ကျားနတ်ဆိုးသားရဲ၏စိတ်ဝိညာဥ်ထံသို့ ဆင်းသက်သွားသည်။

ဤစွမ်းအားသည် မြေအောက်လောကဆယ့်ရှစ်နယ်မြေအတွင်းရှိ နာကျည်းမုန်းတီးမှုများနှင့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို စုစည်းထားခြင်းပင်။

ဤကျားနတ်ဆိုးသားရဲကို စိတ်ဝိညာဥ်သားရဲတစ်ကောင်ဟု ယူဆနိုင်သည်။သူသည် ကောင်းမွန်သော ဉာဏ်ရည်ဥာဏ်သွေးကိုရရှိထားသည်မှာအချိန်အတော်ကြာမြင့်နေလေပြီ။သို့ရာတွင် မြေအောက်လောကနတ်ဘုရားနှင့်ရင်ဆိုင်ရချိန်၌ သူသည် ချက်ချင်းထိတ်လန့်ကြောက်ရွံ့သွားကာ သူ၏ခြေလက်များ ပျော့ခွေသွားပြီး မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

ဖူး...

အဖြူရောင်အမြှုပ်များက ကျားနတ်ဆိုးသားရဲ၏ပါးစပ်မှ ထွက်ပေါ်လာကာ သူ၏မျက်လုံးများ ပြူးကျယ်နေသည်။ကျားနတ်ဆိုးသားရဲသည် ထိတ်လန့်ကြောက်ရွံ့ခြင်းကြောင့် သေဆုံးသွားရလေပြီ။

"မင်းလို ထိပ်သီးအစွမ်းထက်ကျင့်ကြံသူမျိုး နယ်စပ်ကို ရောက်လာတယ်ဆိုတာ ငါ တစ်ခါမှမကြားခဲ့ဖူးဘူး"

အဝေးတစ်နေရာမှနေ၍ ရှေးဟောင်းနတ်ဆိုးနှစ်ကောင် ပျံသန်းလာကာ သူတို့၏ရွှေရောင်မျက်လုံးများအတွင်းတွင် လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။

လုယွီက သူတို့ကိုတစ်ချက်ကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။

"တခြားအပိုစကားတွေ ဘာမှမပြောနဲ့တော့ ....တကယ်လို့ ဒီနေ့ မင်းတို့နှစ်ယောက်က ငါ့ကိုအနိုင်ယူနိုင်ဘူးဆိုရင် လိမ်လိမ်မာမာနဲ့ မင်းတို့သေတဲ့အထိ ငါ့ရဲ့ရိုက်နှက်တာကိုခံကြစမ်း"

Chapter 4047

"မောက်မာလိုက်တာ"

ရှေးဟောင်းနတ်ဆိုးနှစ်ကောင်သည် လေထုအတွင်း၌ မတ်တတ်ရပ်နေကာ သူတို့၏မျက်လုံးများမှနေ၍ ရွှေရောင်အလင်းတန်းများဖြာထွက်နေသည်။သူတို့ကိုကြည့်ရသည်မှာ နှာတံရှည်များရှိသော ရုပ်ရည်ချောမောခံညားသည့် လူသားများနှင့်တူညီသည်။သူတို့၏နားရွက်များသည် သစ်ရွက်များနှင့်တူညီကာ နူးညံ့သိမ်မွေ့သော ပုံပန်းသွင်ပြင်မျိုးရှိပေ၏။သို့ရာတွင် သူတို့၏ပါးစပ်ထောင့်များတွင် သွေးစသွေးနများရှိနေဆဲဖြစ်သဖြင့် သူတို့ကို ကြည့်ရသည်မှာ အလွန်နတ်ဆိုးဆန်စေသည်။

သူတို့သည် လူအမြောက်အများကိုသတ်ဖြတ်ခဲ့သော အကြောင်းအရင်းကြောင့် သူတို့၏ခန္ဓာကိုယ်များ နံဘေးပတ်လည်တွင် ပြင်းထန်သော သတ်ဖြတ်လိုခြင်းအရှိန်အဝါများ ရစ်သိုင်းလွှမ်းခြုံနေသည်။သူတို့အား ရှေးဟောင်းနတ်ဆိုးများဟု မသိရှိသောလူများပင်လျှင် သူတို့၏ခန္ဓာကိုယ်များတွင် ရှိနေသော သတ်ဖြတ်လိုခြင်းအရှိန်အဝါများကြောင့် ကြောက်ရွံ့မှုကိုခံစားရပေမည်။

"မင်းကိုကြည့်ရတာ မရင်းနှီးဘူး...မင်းက နယ်စပ်ကလူတစ်ယောက် ဟုတ်ပုံမရဘူး...ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းမှာ အခုလိုခွန်အားမျိုးရှိနေတာ မဆိုးဘူး...မင်းရဲ့အသက် အလဟဿဆုံးရှုံးသွားရရင် ဘယ်လောက်ထိ နှမြောဖို့ကောင်းလိုက်မလဲ...ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...မင်းရဲ့စိတ်ဝိညာဉ်ကို ငါ့ဆီအပ်ပြီးတော့ မြင့်မြတ်ဘိုးဘေးကိုသစ္စာစောင့်သိမယ်လို့ မင်း ကျိန်ဆိုရမယ်...နောင်အနာဂတ်မှာ မြင့်မြတ်ဘိုးဘေးက လောကကြီးထဲကို ဆင်းသက်လာတဲ့အချိန်ကျရင် မင်းက ဆုလာဘ်တွေ ချီးမြင့်ခံရလိမ့်မယ်"

ရှေးဟောင်းနတ်ဆိုးသည် ဒေါသထွက်နေသော်လည်း မဆင်မခြင်ပြုလုပ်ခြင်းမရှိချေ။ထိုအစား သူသည် လုယွီမှအရှုံးပေးရန် မျှော်လင့်၍ စိတ်ရှည်လက်ရှည်သိမ်းသွေးနေသည်

လုယွီက သရော်တော်တော်ပြောဆိုသည်။

"နတ်ဆိုးကောင်တွေ...မင်းတို့လှုပ်ရှားမှု လုပ်ချင်တယ်ဆိုရင် အခုလိုမျိုး အဆင့်နိမ့်တဲ့လှည့်စားမှုတွေကို အသုံးမပြုစမ်းနဲ့...မင်းတို့နဲ့ အရင်ကပူးပေါင်းခဲ့တဲ့လူတွေရဲ့ စိတ်ဝိညာဥ်တွေကို မင်း တို့သတ်လိုက်ပြီမဟုတ်လား...သူတို့ရဲ့ခန္ဓာကိုယ်တွေကို မင်းတို့သိမ်းပိုက်ထားတာကြောင့် သူတို့က ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းကိုတောင် မဝင်နိုင်ကြဘူး...အဲဒီနိမ့်ကျတဲ့လှည့်ကွက်တွေကို ငါ့ရဲ့ရှေ့မှာ လာပြီးအသုံးမပြုစမ်းနဲ့"

လုယွီသည် သူတို့၏အကြံအစည်အား ထုတ်ဖော်ပြောဆိုလိုက်သည်ကို ကြားချိန်၌ ရှေးဟောင်းနတ်ဆိုးနှစ်ကောင် အလွန်ဒေါသထွက်သွားသည်။

"ငါတို့က မင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးပြီးပြီ...ဒါပေမဲ့ မင်းက ငြင်းဆန်ခဲ့တယ်...ကြည့်ရတာတော့ မင်းက တကယ်ကြီး သေချင်နေတဲ့ပုံပဲ"

ရှေးဟောင်းနတ်ဆိုးတစ်ကောင်က စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ထို့နောက် သူတို့၏လက်များအတွင်း၌ နတ်ဘုရားစွမ်းအားများကိုစုစည်းကာ လုယွီကို တိုက်ခိုက်လိုက်ကြ၏။

ဤရှေးဟောင်းနတ်ဆိုးနှစ်ကောင်၏ခွန်အားသည် နတ်ဆိုးသားရဲများထက် များစွာပို၍အားကောင်းသည်။

နတ်ဘုရားစွမ်းအားများသည် အကန့်အသတ်မရှိသော ရွှေရောင်အလင်းတန်းများအဖြစ်သို့ပြောင်းလဲကာ အရမ်းမျက်နှာအဘက်ဘက်ကို လင်းထိန်နေစေသည်။ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး အရောင်ပြောင်းလဲသွားပေ၏။

ဤသည်မှာ အလွန်ရှေးကျသော နည်းစနစ်တစ်ခုပင်။ထိုနတ်ဘုရားစွမ်းအားများသည် လှံတစ်လက်နှင့်တူညီကာ လေဟာနယ်ကိုထွင်းဖောက်ပြီး ဆုတ်ဖြဲနိုင်စွမ်းရှိသည်။

ကြီးကျယ်ခမ်းနားသော ဖိအားအရှိန်အဝါလှိုင်းများ ဆင်းသက်လာကာ တစ်စုံတစ်ယောက်၏ စိတ်ဆန္ဒကို တိုက်စားနိုင်သည်။ထို့ကြောင့် တစ်ဖက်ရန်သူသည် ဤနတ်ဆိုးနည်းစနစ်၏အောက်တွင် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ဘဲ ခုခံရန်သတ္တိများ လုံးလုံးလျားလျား ပျောက်ကွယ်သွားပေမည်။

နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာသောအချိန်အခိုက်အတန့်တွင် လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ကို လုံးလုံးလျားလျား ချိတ်ပိတ်ထားပြီးလေပြီ။

ဤသည်မှာ ရန်သူကို ထွက်ပြေးလွတ်မြောက်မသွားစေရန် ကာကွယ်ဟန့်တားခြင်းပင်။သူတို့သည် နတ်ဘုရားနည်းစနစ်ကိုအသုံးပြုပြီးနောက် ရန်သူ၏လွတ်မြောက်ရာလမ်းကြောင်းများအားလုံးကို ဖြတ်တောက်လိုက်သည်။ထို့ကြောင့် တစ်ဖက်ရန်သူထံတွင် နောက်ဆုတ်ရန်နည်းလမ်းမရှိတော့ဘဲ သူတို့အား ထိပ်တိုက်ရင်ဆိုင်ရပေမည်။

"ဒါက မင်းတို့ပိုင်ဆိုင်တဲ့ မှော်မန္တန်မဖြစ်နိုင်ဘူး ...မင်းတို့ ခန္ဓာကိုယ်အပိုင်စီးထားတဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူရဲ့ မှော်နည်းစနစ်တစ်ခုဖြစ်မှာကို ငါ စိုးရိမ်မိတယ်"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

ရှေးဟောင်းနတ်ဆိုးများသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ခန္ဓာကိုယ်ကို အပိုင်စီးချိန်၌ ထိုလူ၏ဘဝတစ်လျှောက်၌ သင်ယူခဲ့သောအရာအားလုံးကို ရရှိသွားသည်။

ထို့ကြောင့် ရှေးဟောင်းနတ်ဆိုးများသည် ထိပ်သီးအစွမ်းကျင့်ကြံသူများ၏ခန္ဓာကိုယ်များကို အပိုင်စီးရင်း တစတစပို၍သန်မာအားကောင်းလာကာ နောက်ဆုံး၌ မည်သို့မျှ မထိန်းချုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိလာသည်။

လုယွီ၏စိတ်နှလုံးသား လှုပ်ခတ်သွားခြင်းနှင့်အတူ သူသည် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်၏။

သူ၏ခြေထောက်ကိုမြှောက်ကာ နံဘေးတစ်ဖက်သို့ ရွေ့လျားပြီး တိုက်ခိုက်မှုကိုရှောင်တိမ်းလိုက်သည်။

အရပ်မျက်နှာအဘက်ဘက်တွင် လေဟာနယ်ချိတ်ပိတ်ထားမှုရှိနေသော်လည်း လုယွီကို အနည်းငယ်မျှ ဟန့်တားနိုင်ခြင်းမရှိချေ။

လုယွီ၏လှုပ်ရှားမှု စတင်လိုက်သည်နှင့် အလွန်ပြင်းထန်သော အားလှိုင်းတစ်ရပ်က ပတ်ဝန်းကျင်ရှိ လေဟာနယ်ချိတ်ပိတ်ထားမှုကို ချိုးဖျက်သွားသည်။

ဘုန်း...

တောက်ပသော နတ်ဘုရားအလင်းတန်းတတန်းက လုယွီ ယခင်က မတ်တပ်ရပ်နေသောနေရာထံသို့ ဆင်းသက်လာသည်။

ရုတ်ချည်းဆိုသလိုပင် ပြင်းထန်သောမှော်စွမ်းအားများကြောင့် မြေပြင်သည် ကြီးမားသောချိုင့်နက်ကြီးတစ်ခုအဖြစ် ကွဲထွက်သွားပေ၏။

ထိုတိုက်ခိုက်မှုကြောင့် ရွာတစ်ရွာလုံးပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။ရွာအတွင်းရှိ အိမ်အမြောက်အများသည် ကျယ်လောင်သော ဘုန်းခနဲမြည်သံများနှင့်အတူ ပြိုလဲသွားကြသည်။ဤသည်မှာ မြေပြိုမှုကြီးတစ်ခုဖြစ်နေသည့် မြင်ကွင်းပင်။

"ဒါက တကယ့်ကို အစွမ်းထက်တာပါလား"

လုယွီသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ တစ်ဖက်လူများ၏စွမ်းအားကို နားလည်သဘောပေါက်သွားသည်။

ရှေးဟောင်းနတ်ဆိုးတစ်ကောင်မှ သာမန်ကာလျှံကာ ရိုက်ထုတ်လိုက်သောလက်ဝါးရိုက်ချက်တစ်ချက်ကပင် ဤကဲ့သို့ကြီးမားသောပျက်စီးမှုကို ဖြစ်စေနိုင်သည်။ဤရှေးဟောင်းနတ်ဆိုးနှစ်ကောင်၏စွမ်းအားကို လျှော့တွက်၍မရချေ။

"ဟား ဟား ဟား...မင်းက ငါ့ရဲ့နတ်ဘုရားနည်းစနစ်ကို ရှောင်တိမ်းနိုင်တယ်..မင်းရဲ့ရုပ်ခန္ဓာကိုယ်က တော်တော်လေးကောင်းတာပဲ... မင်းက ငါ့ရဲ့အမြင်အာရုံကို ဖမ်းစားနိုင်မှတော့ မင်း ထွက်သွားဖို့မစဉ်းစားနဲ့"

ရှေးဟောင်းနတ်ဆိုး၏မျက်လုံးများ တောက်ပသွားကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

ထို့နောက် ရှေးဟောင်းနတ်ဆိုးနှစ်ကောင်သည်သူတို့၏နတ်ဘုရားနည်းစနစ်များကို တဖန်ထပ်၍အသုံးပြုလိုက်ကြသည်။သူတို့၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ ရွှေရောင်အလင်းတန်းများ ပို၍ပင်တောက်ပလာပေ၏။

Chapter 4048

အထွတ်အထိပ်ရွှေရောင်အလင်းဓာတ်များက ရှေးဟောင်းနတ်ဆိုးနှစ်ကောင်ကို အပြည့်အဝ ရစ်သိုင်းလွှမ်းခြုံထားသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ဤရှေးဟောင်းနတ်ဆိုးနှစ်ကောင်၏ မူရင်းဇစ်မြစ်ကိုမသိရှိပါက သူတို့အား တစ်ချက်ကြည့်မိရုံဖြင့် အထက်ကိုးကောင်းကင်ဘုံရှိနတ်ဘုရားများဟု တွေးထင်မိပေမည်။

"သေစမ်း"

ရှေးဟောင်းနတ်ဆိုးနှစ်ကောင်သည် နောက်ဆုံး၌ သူတို့ကိုသူတို့ မထိန်းချုပ်နိုင်တော့သဖြင့် လုယွီအားသတ်ဖြတ်ရန် နတ်ဘုရားနည်းစနစ်များကို တဖန်ထပ်၍အသုံးပြုလိုက်ကြသည်။

သို့ရာတွင် ဤတစ်ကြိမ်၌ လုယွီသည် ရှောင်တိမ်းရန် ကြံရွယ်မထားချေ။

သူသည် ရှေးဟောင်းနတ်ဆိုးများ၏ခွန်အားကို တွေ့မြင်ပြီးဖြစ်သည်။မည်သည်ကြောင့် သူသည် ဤရှေးဟောင်းနတ်ဆိုးနှစ်ကောင်ကို ဆက်လက်၍ မောက်မာထောင်လွှားခွင့် ပြုရမည်နည်း။

လုယွီ၏လက်အတွင်းမှနေ၍ ပြင်းထန်ပြီးအကန့်အသတ်မရှိသော စွမ်းအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာကာ ရက်စက်ကြမ်းကြုတ်သော နဂါးတစ်ကောင်သည် နှစ်ခြိုက်စွာအိပ်မောကျနေရာမှ နိုးထလာသည့်အလားပင်။ပြင်းထန်သောအားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာကာ အရပ်မျက်နှာအဘက်ဘက်၌ ပြည့်နှက်သွားသည်။

ဝေါင်း...

ထို့နောက် သူ၏ရင်ဘတ်မှနေ၍ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်နေရာတဝိုက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားလေ၏။

ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏လက်ဝါးကို လက်သည်းအဖြစ်သို့ ပြောင်းလဲလိုက်သည်။သူ၏ရှေ့ရှိလေဟာနယ် ချက်ချင်းတွန့်လိမ်သွားကာ တောင်များကိုပြိုလဲစေပြီး ပင်လယ်များကိုလှိုင်းထန်စေသည့် အားလှိုင်းတစ်ရပ်က ကျယ်လောင်သောမြည်ဟီးသံကြီးနှင့်အတူ ပွင့်အံ့ထွက်လာသည်။

လုယွီသည် ရုတ်တရက် သူ၏ခွန်အားကို ထုတ်ဖော်အသုံးပြုကာ ရှေ့သို့ဦးတည်၍ လက်ဝါးရိုက်ချက်တစ်ချက်ကို ရိုက်ထုတ်လိုက်သည်။

အစွမ်းထက်သောအားလှိုင်းတစ်ရပ်က အရပ်လေးမျက်နှာလုံးကို လွှမ်းခြုံသွားသည်။ရုတ်ချည်းဆိုသလိုပင် ရှေးဟောင်းနတ်ဆိုးနှစ်ကောင်၏ပုံရိပ်များ ချက်ချင်းတွန့်လိမ်သွားကာ လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။

ဟူး...

လုယွီက သူ၏နှာခေါင်းမှနေ၍ အဖြူရောင်အခိုးအငွေ့တချို့ကို မှုတ်ထုတ်လိုက်သည်။

သူ၏လက်သီးမှ ပွင့်အံ့ထွက်လာသော စွမ်းအားများတွင် ခြစ်ခြစ်တောက်ပူပြင်းသော လေစီးကြောင်းများ ရောယှက်ပါဝင်နေသည်။ဤသည်မှာ သူ၏လက်သီးပေါ်တွင် မီးတောက်များလောင်ကျွမ်းနေသည့်အလား ပတ်ဝန်းကျင်ရှိလေထုကို ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားစေသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်၏။

ဘုန်း...

ကျယ်လောင်သောမြည်ဟီးသံကြီးက ရွာတစ်ရာလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ရှေးဟောင်းနတ်ဆိုးနှစ်ကောင်ထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။သူတို့၏ခန္ဓာကိုယ်များ ကြေမွှပျက်စီးသွားကာ သူတို့၏အရိုးများပင်လျှင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။

သူတို့ပိုင်ဆိုင်ထားသော ခန္ဓာကိုယ်များသည် အတိတ်တွင်နာမည်ကျော်ကြားသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို အပိုင်စီးထားခြင်းဖြစ်သည်။သူတို့၏အရိုးများကို မချိုးဖျက်နိုင်သောစိန်အဆင့်ထိ ကျင့်ကြံထားသဖြင့် သတ္တုနဲ့ကျောက်တုံးကဲ့သို့ မာကျောသည်။

ကံအကြောင်းမလှစွာဖြင့် သူတို့သည် လုယွီနှင့် ရင်ဆိုင်တွေ့ခဲ့ရသည်။

ရှေးဟောင်းနတ်ဆိုးနှစ်ကောင်၏စိတ်ဝိညာဥ်များသည် သရဲတစ္ဆေအလား သူတို့၏ပျက်စီးသွားသောခန္ဓာကိုယ်များမှ ထွက်လာသည်။

"ငါတို့ရဲ့ခန္ဓာကိုယ်တွေ ပျက်စီးသွားပြီ...ဒီကောင်လေးက တကယ်တော့ သိုင်းပညာသူတော်စင်တစ်ယောက်ပဲ"

"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲစွမ်းအားလည်း...ငါက အကာအကွယ်မှော်ရတနာကို ဝတ်ဆင်ထားမိလို့သာပဲ...မဟုတ်ရင် ငါ့ရဲ့စိတ်ဝိညာဥ် ကြေမွှပျက်စီးသွားလောက်တယ်"

ရှေးဟောင်းနတ်ဆိုးများထံမှနေ၍ ထူးဆန်းသောအသံများ ထွက်ပေါ်နေကာ သူတို့သည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခုကို တွေ့မြင်နေရသည့်အလားပင်။

လုယွီက ခြေတလှမ်းရှေ့တိုးကာ အေးစက်တင်းမာသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ငါ အရင်ကတည်းက မင်းတို့ကိုပြောပြီးပြီ... တကယ်လို့ မင်းတို့က ငါ့ကို ဘာမှမလုပ်နိုင်ဘူးဆိုရင် မင်းတို့က ငါ သတ်တာကို ခံရလိမ့်မယ်"

ထိုသို့ပြောဆိုပြီးနောက် လုယွီက သူ၏လက်ဝါးကိုဖြန့်လိုက်ရာ သူတို့ပေါ်သို့ နတ်ဘုရားစွမ်းအားများ ဆင်းသက်လာသည်။ထို့နောက် သူသည်ရှေးဟောင်းနတ်ဆိုးနှစ်ကောင်၏စိတ်ဝိညာဥ်များကို ဖမ်းဆုပ်ရန် ဟန်ပြင်လိုက်၏။

"မကောင်းတော့ဘူး...သူက ငါတို့ကို တိုက်ခိုက်နေပြီ"

ရှေးဟောင်းနတ်ဆိုးများသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေကာ သာမာန်သူခိုးများအလား နောက်သို့ဆုတ်ခွာ၍ ထွက်ပြေးလိုက်ကြသည်။

ဤရှေးဟောင်းနတ်ဆိုးများထံတွင် အလွန်များပြားသော အတွေ့အကြုံများရှိသည်။ အကယ်၍ သူတို့သည် ဤအချိန်တွင် လွတ်မြောက်အောင် ထွက်ပြေးနိုင်ခြင်းမရှိပါက လုယွီ၏ဖမ်းဆီးခြင်းကိုခံရသည်နှင့် သူတို့သေဆုံးရမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"ငါတို့တွေက စိတ်ဝိညာဥ်စွမ်းအားကို အသုံးပြုပြီးတော့ သူ့ကိုသတ်ကြရအောင်...သူ့ရဲ့စိတ်ကိုရှုပ်ထွေးအောင်လုပ်ပြီး သူ့ကို ငါတို့ရဲ့ရုပ်သေးဖြစ်အောင် လုပ်ကြမယ်"

ရှေးဟောင်းနတ်ဆိုးနှစ်ကောင်သည် ရုတ်တရက်ပလ္လင်ခွေထိုင်လိုက်၏။ထို့နောက် သူတို့၏လက်များဖြင့် လက်စည်းတံဆိပ်များကိုဖွဲ့စည်းကာ သူတို့၏မျက်နှာများပေါ်၌ တည်ကြည်လေးနက်သောအမူအယာများ ထင်ဟပ်နေသည်။

သူတို့ထံမှနေ၍ အထွတ်အထိပ်ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လင်းထိန်သွားစေသည်။

ရုတ်ချည်းဆိုသလိုပင် ကြီးကျယ်ခမ်းနားသောနတ်ဘုရားအားလှိုင်းများက လုယွီအပေါ် စတင်၍သက်ရောက်လာသည်။သူ၏စိတ်အတွင်း၌ နတ်ဘုရားပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာကာ တည်ကြည်လေးနက်သောအမူအယာဖြင့် လောကကြီးအတွင်းရှိ သက်ရှိများအားလုံးကို ငုံကြည့်နေသည့်အလားပင်။

"နတ်ဘုရားဆီမှာ အညံ့ခံစမ်း...လောကကြီးရဲ့ ကံကြမ္မာအစစ်အမှန်အောက်မှာ လက်အောက်ခံစမ်း"

နတ်ဘုရားပုံရိပ်ယောင်ကြီးမှနေ၍ ကျမ်းစာများကို စတင်၍ရွတ်ဆိုလိုက်သည်။ထိုကျမ်းစာများအတွင်းမှ စကားလုံးတိုင်းသည် နတ်ဘုရားများကို ချီးမွမ်းသည့်သီချင်းများ သီဆိုနေသည့်အလားပင်။တစ်စုံတစ်ယောက်သည် အမှုမဲ့အမှတ်မဲ့ဖြင့် ထိုအရာများကို ယုံကြည်မိပါက နတ်ဘုရားထံတွင် အရှုံးပေးအညံ့ခံလိုက်ရပြီး သူ၏သစ္စာရှိနောက်လိုက်တယောက် ဖြစ်လာပေမည်။

"မင်းတို့က စိတ်ဝိညာဥ်ရဲ့စွမ်းအားတွေကို အသုံးပြုပြီးတော့ ငါ့ကို တိုက်ခိုက်ချင်တာလား"

လုယွီ၏စိတ် လှုပ်ရှားသွားသည်။မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိရသော်လည်း ယခင်က သူ ကြုံတွေ့ခဲ့ရသည့် ပန်ဂုနတ်ဘုရား၏ပုဆိန်ခုတ်ချက်မြင်ကွင်းက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။

Chapter 4049

ထိုနေ့တုန်းက ပုံရိပ်ယောင်ကမ္ဘာအတွင်းတွင် သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ အကြွင်းအကျန်စိတ်ဝိညာဥ်အပြင် ရှေးဟောင်းနတ်ဘုရားပန်ဂု၏ပုဆိန်ခုတ်ချက်ကိုလည်း မြင်တွေ့ခဲ့ရသည်။

ဧရာမပုဆိန်ကြီးကျရောက်လာချိန်တွင် မူလဘူတဖရိုဖရဲဖြစ်နေမှုများအားလုံး ကွဲထွက်သွားသည်။ထို့နောက်မှသာ ဤလောကကြီးအတွင်း၌ စိတ်ဝိညာဥ်စွမ်းအားများ တဖန်ပြန်၍ ထွက်ပေါ်လာခြင်းဖြစ်သည်။

သူသည် ပန်ဂုနတ်ဘုရား၏ပုဆိန်ခုတ်ချက်ကို မြင်တွေ့ခဲ့ရချိန်၌ သူ၏တာအိုသခင်စိတ်ဝိညာဥ်ဖြင့်ပင် ဒဏ်ရာရရှိသွားခဲ့သည်။သူ၏စိတ်ဝိညာဥ်ဒဏ်ရာကို ပြန်လည်ကောင်းမွန်လာစေရန် သူသည် အချိန်အတော်ကြာယူခဲ့ရပေ၏။

ဤသည်မှာ သူ ပိုင်ဆိုင်ထားသမျှအရာအားလုံးအနက် အစွမ်းထက်ဆုံးသတ်ဖြတ်ခြင်းလှုပ်ရှားမှုပင်။

ရှေးဟောင်းနတ်ဆိုးနှစ်ကောင်သည် သူတို့၏မြင့်မြတ်ဘိုးဘေးဓမ္မပုံရိပ်ယောင်ကို ထင်ဟပ်စေပြီးနောက် လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းမှ အရှုံးပေးလိုမှုကိုခံစားရကာ သစ္စာရှိယုံကြည်ကိုးကွယ်သူတစ်ယောက်ဖြစ်လာမည်ဟု တွေးထင်ခဲ့ကြသည်။

သို့ရာတွင် လုယွီထံ၌ ဤကဲ့သို့သတ်ဖြတ်ခြင်း လှုပ်ရှားမှုတစ်ခုရှိနေမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

လေဟာနယ်အတွင်း၌ ကြီးမားသောပုဆိန်ကြီးတစ်ခု၏ပုံရိပ်ယောင် ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်တခွင်လုံး တုန်ခါသွားသည်။မိုးကောင်းကင်အောက်၌ ကြွင်းကျန်သော ဥပဒေသများပင်လျှင် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရသည့်အလား ဤဧရာမပုဆိန်ကြီး၏အောက်၌ တုန်ရီနေသည်။

"အား...."

ရှေးဟောင်းနတ်ဆိုးနှစ်ကောင်ထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

သူတို့၏စိတ်ဝိညာဥ်များ ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်၏သူတို့သည် ပန်ဂုနတ်ဘုရားပုဆိန်၏အရှိန်အဝါကို တောင့်ခံနိုင်ခြင်းမရှိသဖြင့် ထိတ်လန့်ကြောက်ရွံကာ ရူးသွပ်သွားကြလေပြီ။

စိတ်ဝိညာဥ်တိုက်ခိုက်မှုများသည် အလွန်အမင်းအန္တရာယ်များပေ၏။အနည်းငယ်မျှ သတိလက်လွတ်နေမိရုံဖြင့် သူတို့၏ကျင့်ကြံဆင့်အခြေခံအုတ်မြစ်များကို ထိခိုက်သွားစေနိုင်သည်။

ဤရှေးဟောင်းနတ်ဆိုးနှစ်ကောင်သည် မူလက အလွန်မောက်မာထောင်လွှားသူများပင်။သူတို့သည် လူသားများအကြား၌ စိတ်ဝိညာဥ်စွမ်းအားခြင်းတိုက်ပွဲတွင် သူတို့အား အနိုင်ရမည့်သူမရှိဟု အခိုင်အမာယုံကြည်ထားကြသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် ကြီးမားသောအမှားကြီးကို ကျူးလွန်ခဲ့မိလေပြီ။

လုယွီသည် နောက်ဆုတ်ခြင်းမရှိချေ။သူသည် ထိုရှေးဟောင်းနတ်ဆိုးနှစ်ကောင်၏ စိတ်ဝိညာဥ်များကိုဆုပ်ကိုင်ကာ ထိုက်ကျိအမှတ်အသားအတွင်းသို့ ပစ်ထည့်လိုက်၏။

ထိုက်ကျိအမှတ်အသားမှနေ၍ အလင်းတန်းများဖြာထွက်လာကာ ဆာလောင်မွတ်သိပ်နေသော တက်တူတစ်ကောင်အလား ဟိုရှေးဟောင်းနတ်ဆိုးနှစ်ကောင်၏စိတ်ဝိညာဥ်များကို ဝါးမြိုလိုက်သည်။

လုယွီသည် သူ၏မျက်လုံးများကိုစုံမှိတ်ကာ သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသောကြီးကျယ်ခမ်းနားသည့် စိတ်ဝိညာဥ်စွမ်းအားများကို အာရုံခံလိုက်သည်။ထိုအရာများသည် သူ၏မရီဒါန်းများအတွင်း၌ စတင်၍ လှည့်ပတ်နေပေ၏။

သူ၏မှော်စွမ်းအားများ ယခင်ထက်မြင့်တက်သွားခဲ့သည်။

သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည်လည်း အစစ်အမှန်နဂါးတစ်ကောင်စာ ပို၍မြင့်တက်သွားလေပြီ။

သူ၏ခန္ဓာကိုယ်အတွင်း၌ စီးဆင်းနေသောစွမ်းအားများကို အာရုံခံရင်း လုယွီ၏မျက်လုံးအတွင်းမှ တောက်ပသောအလင်းတန်းတတန်း ဖြာထွက်လာသည်။

"နောင်အနာဂတ်မှာ ငါက ပြင်ပလေဟာနယ်တွေကိုသွားပြီးတော့ နတ်ဆိုးတွေကို အမဲလိုက်ရမယ်...ဒီလိုမျိုး ကျင့်ကြံဆင့်ချိုးဖျက်တာက တံခါးပိတ်ကျင့်ကြံတာထက် ပိုပြီးလျှင်မြန်နိုင်တယ်"

လုယွီ၏မျက်လုံးအတွင်း၌ နားလည်သဘောပေါက်သွားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

ပြင်ပလေဟာနယ်များသည် လူအများစု သွားရောက်ဝံ့ခြင်းမရှိဘဲ ရှောင်ရှားကြသော နေရာတစ်နေရာပင်။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ နတ်ဆိုးများကိုမြင်တွေ့ရသည်မှာ အလွန်အမင်းရှားပါးသည်။ သို့ရာတွင် ပြင်ပလေဟာနယ်များအတွင်း၌ ရှေးဟောင်းနတ်ဆိုးများသာမက ရှေးဦးမူလဘူတခေတ်မှ အသက်ရှင်လွတ်မြောက်လာသော မဟာနတ်ဆိုးကြီးများလည်း ရှိနေသည်။

ထိုနတ်ဆိုးများသည် အလွန်အမင်းအစွမ်းထက်ပေ၏။အကယ်၍ သူတို့သည် ကောင်းကင်ဘုံနယ်မြေအတွင်းသို့သာ ဝင်ရောက်နိုင်ပါက နယ်မြေတစ်ခုလုံးအတွက်လကြီးမားသောဘေးကပ်ဆိုးကြီး ဖြစ်ပွားလာပေမည်။

ကံကောင်းထောက်မစွာဖြင့် အလယ်ခေတ်မှစတင်၍ ကောင်းကင်ဘုံနယ်မြေအတွင်းရှိ အင်အားစုများအကြားတွင် အငြင်းပွားမှုများ အဆက်မပြတ်ရှိခဲ့သော်လည်း သူတို့သည် ပြင်ပလေဟာနယ်နယ်မြေများနှင့် အဆက်အဆံပြုလုပ်ခြင်းမရှိချေ။

ကောင်းကင်ဘုံနယ်မြေ၏ နယ်စပ်တစ်လျှောက် ၌ မရေမတွက်နိုင်သောစစ်တပ်များက နေ့ညမပြတ်စောင့်ကြပ်နေသည်။သူတို့၏တာဝန်သည် ပြင်ပမှနတ်ဆိုးများ ဝင်ရောက်လာမည်ကို ကာကွယ်ဟန့်တားရန်ပင်။

စစ်တပ်မှမဟာစစ်ဗိုလ်ချုပ်များသည် စစ်သားများကိုဦးဆောင်၍ ပြင်ပလေဟာနယ်နယ်မြေများကို အလှည့်ကျစောင့်ကြပ်ရသည်။

အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်သည် ပြင်ပလေဟာနယ်နယ်မြေများသို့သွား၍ မဟာနတ်ဆိုးတချို့ကို တိုက်ခိုက်ခဲ့သည်။ထို့ကြောင့် ပြင်ပလေဟာနယ်အတွင်းရှိ ကြယ်မြစ်များ၌ အချိန်အတော်ကြာသည်အထိ တည်ငြိမ်အေးချမ်းနေကာ မည်သည့်ကြီးမားသောအပြောင်းအလဲမျှ မဖြစ်ပွားတော့ချေ။

အလွန်နည်းပါးသောလူတချို့ကသာ ပြင်ပလေးဟာနယ်အတွင်းရှိ ကြယ်မြစ်များကိုစောင့်ကြပ်ရန်အတွက် သွားရောက်လိုကြသည်။

ထိုနေရာရှိပတ်ဝန်းကျင်အခြေအနေသည် အလွန်အမင်းကြမ်းတမ်းရုံသာမက အန္တရာယ်အလွန်များသည်။အကယ်၍ တစ်စုံတစ်ယောက်သည် သတိလက်လွတ်နေမိပါက ထိုနေရာ၌ သူ၏အသက် ဆုံးရှုံးသွားနိုင်သည်။

သို့ရာတွင် ထိုနေရာများ၌ ရှေးဟောင်းနတ်ဆိုးများ အခြေချနေထိုင်ကြသည်။

အကယ်၍ သူသည် ထိုနေရာများသို့သွားကာ ရှေးဟောင်းနတ်ဆိုးများကိုရှာဖွေပြီး ဝါးမြိုနိုင်ပါက သူ့၏ကျင့်ကြံဆင့်နယ်ပယ်သည် အဆင့်တစ်ခုထိမြင့်တက်သွားမည်မှာ သေချာပေါက်ပင်။

ရုတ်တရက် လုယွီသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ရောင်ကြီး၏ အလင်းဘီးထံသို့ တလိမ့်လိမ့်စီးဝင်နေသော စွမ်းအားများကို ခံစားမိသည်။

ဤသည်မှာ ကံကြမ္မာစွမ်းအားပင်။

ရှေးဟောင်းနတ်ဆိုးများကိုသတ်ဖြတ်ခြင်းသည် မိုးကောင်းကင်၏ကိုယ်စား တရားမျှတမှုကို ဆောင်ရွက်ခြင်းပင်။

ကောင်းကင်ဘုံနန်းတော် ပြိုလဲပျက်စီးနေသည့်တိုင် ကောင်းကင်နှင့်မြေပြင်အကြား၌ ကြွင်းကျန်နေသော ဥပဒေသများသည် လုယွီကို လုံလောက်သောပေးဆပ်မှုဖြင့် တုံ့ပြန်ခဲ့လေ၏။

Chapter 4050

သူသည် ရှေးဟောင်းနတ်ဆိုးများကိုပို၍သတ်ဖြတ်နိုင်လေလေ သူရရှိမည့် ဆုလာဘ်များ ပို၍များပြားလာလေလေပင်။

ထို့နောက် လုယွီသည် ရွာ၏ဘိုးဘေးခန်းမအတွင်းသို့ ဝင်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ခန်းမအတွင်း၌ အလောင်းများ တောင်ပုံရာပုံရှိနေသည်။လူသားများ၏ ခေါင်းများနှင့်အရိုးများသည် တောင်ငယ်လေးတစ်လုံးစာပမာဏမျှ စုပုံနေပေ၏။ဤခန်းမအတွင်း၌ သေဆုံးခဲ့ရသောလူများ မည်မျှထိများပြားသည်ကို မည်သူမျှမသိနိုင်ချေ။

အလွန်ကြီးမားသော နာကြည်းမုန်းတီးမှုအငွေ့အသက်များက အရမ်းမျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေသည်။ဤနေရာတွင် မရေမတွက်နိုင်သောသက်ရှိများ သေဆုံးသွားခဲ့ရသဖြင့် သူတို့၏စိတ်ဝိညာဥ်များသည် အချိန်အတော်ကြာသည်အထိ ပျက်ပြယ်သွားခြင်းမရှိချေ။

"ကြည့်ရတာတော့ ရှေးဟောင်းနတ်ဆိုးတွေက ဒီရွာမှာရှိတဲ့ လူတွေအားလုံးကို သတ်ဖြတ်ပြီးတော့ ရွာကိုသိမ်းပိုက်ထားပုံရတယ်...ငါက သက်ရှိလူသားတွေရဲ့အရှိန်အဝါကို အာရုံမခံမိတာ အံ့အားသင့်စရာမရှိတော့ဘူး"

ဤကဲ့သို့နည်းလမ်းတစ်ခုသည် အလွန်အမင်းရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သည့် ရူးကြောင်ကြောင်လုပ်ရပ်ပင်။

အကယ်၍ အတိတ်တွင် ဤကဲ့သို့ကိစ္စမျိုးကို ပြုလုပ်ပါက ကောင်းကင်ဘုံနန်းတွင်းမှ အာရုံခံမိသည်နှင့် မိုးကောင်းတာအို၏ပြစ်ဒဏ် ဆင်းသက်လာပေမည်။ထို့နောက် သူတို့သည် ကောင်းကင်ဘုံမိုးကြိုးများ၏ သတ်ဖြတ်ခြင်းကို ခံရပေမည်။

သို့ရာတွင် ယခုလက်ရှိခေတ်ကာလအရ အကဲဖြတ်ကြည့်လျှင် ကောင်းကင်ဘုံနန်းတော်မရှိတော့သောကြောင့် ရှေးဟောင်းနတ်ဆိုးများပို၍အတင့်ရဲကာ မောက်မာထောင်လွှားလာကြသည်။

လုယွီသည် ချီစောင့်ကြည့်ခြင်းနည်းစနစ်ကို ထပ်မံ၍အသုံးပြုကာ ပတ်ဝန်းကျင်ရှိနတ်ဆိုးချီစွမ်းအားများကို စူးစမ်းလေ့လာလိုက်သည်။နောက်ဆုံး၌ သူသည် နတ်ဆိုးချီစွမ်းအားများစုဝေးနေသောနေရာကို ရှာဖွေတွေ့ရှိသွားလေ၏။

အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော နတ်ဆိုးချီစွမ်းအားများအားလုံးသည် ဘိုးဘေးခန်းမ၏မြေအောက်အတွင်းမှ ရောက်ရှိလာခြင်းဖြစ်သည်။

"ဒီနေရာမှာ ဘာတွေပုန်းကွယ်နေတာလဲ"

မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ လုယွီသည် မြေပြင်ကိုလက်ဝါးတချက်ဖြင့်ရိုက်ကာ ကြီးမားသောအပေါက်ကြီးတစ်ခုအဖြစ် ပွင့်ထွက်သွားစေသည်။

ဤအပေါက်ကြီး၏အောက်၌ ထောင်သောင်းချီသောအရိုးများရှိသည့် ကျင်းနက်ကြီးတစ်ခုရှိနေသည်။

ဤနေရာ၌ လူမည်မျှထိများများ သေဆုံးခဲ့ရသည်ကိုမသိနိုင်ချေ။အရိုးများသည် တစ်လွှာပြီးတစ်လွှာထပ်၍ စုပြုံနေသည်။ထိုအရိုးများနက်မှတချို့သည် အချိန်ကာလများအလွန်ကြာညောင်းစွာ ဖြတ်ကျော်ခဲ့ရသဖြင့် ဆွေးမြည့်နေပုံရသည်။

ထိုအရိုးများအားလုံး၏အထက်တွင် ပိန်းပိတ်သည်အထိနက်မှောင်နေသော ရုပ်တုတစ်ခုရှိနေသည်။

ဤရုပ်ထုသည် စပါးကြီးမြွေတစ်ကောင်၏ပုံသဏ္ဍာန် ရှိပေ၏။ထိုအရာသည် မြွေတစ်ကောင်နှင့်တူညီသော်လည်း ခေါင်းကိုးလုံးရှိသည်။ကြီးမားသောမြွေခေါင်းများအားလုံးသည် သူတို့၏ပါးစပ်ကြီးများကို ဖွင့်ဟထားကာ ဟိန်းဟောက်နေကြသည့်ပုံအား ထွင်းထုထားခြင်းပင်။

ရုပ်ထုသည် အနက်ရောင်ဖြစ်သော်လည်း ထိုအရာ၏မျက်နှာပြင်ပေါ်တွင် ထူထပ်သိပ်သည်းသောသွေးအလွှာများဖြင့် လွမ်းခြုံထားပုံရသည်။ရုပ်ထုမှနေ၍ သွေးများတစ်စက်စက်ယိုစီးကျနေတာ စူးရှသောအနံ့ဆိုးများထွက်ပေါ်နေသည်။

"မြေကမ္ဘာနတ်ဆိုးဘိုးဘေးလား..."

လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။

သူသည် ဤရုပ်ထုကိုမြင်တွေ့ချိန်၌ အနည်းငယ်မူးဝေလာမှုကို ခံစားရကာ ဤရုပ်တုအတွင်း၌ အကန့်အသတ်မရှိသော နတ်ဆိုးစိတ်ဆန္ဒများ ကိန်းအောင်းနေသည့်အလားပင်။

မည်သူမည်ဝါဖြစ်နေပါစေ အကယ်၍ တစ်စုံတစ်ယောက်သည် ဤရုပ်တု၏အနီးသို့ချဉ်းကပ်မိသည်နှင့် အကန့်အသတ်မရှိသော အတွေးဆိုးများ ပေါက်ဖွားလာပေမည်။ထိုလူသည် တဖြည်းဖြည်းနှင့် မကောင်းသောအရာများကိုသာ ပြုလုပ်တတ်သည့် လူဆိုးလူမိုက်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပေမည်။

ဤနေရာသည် ယဇ်ပလ္လင်တစ်ခုပင်။ရှေးဟောင်းနတ်ဆိုးများသည် သူတို့ဖမ်းဆီးလာခဲ့သော သက်ရှိလူသားများကို ယဇ်ပူဇော်၍ နတ်ဆိုးဘိုးဘေးအတွက် ကံကြမ္မာစွမ်းအားများကို ထောက်ပံ့နေကြခြင်းဖြစ်သည်။

ရွှီ...

ထိုအချိန်မှာပင် လုယွီသည် မြွေတစ်ကောင်၏တွန်သံကို ရုတ်တရက်ကြားလိုက်ရသည်။

ဤသည်မှာ ပုံရိပ်ယောင်တစ်ခုပင်။ထိုရုပ်တုသည် တိုက်ခိုက်နိုင်ခြင်းမရှိသော်လည်း ပုံရိပ်ယောင်တချို့ကိုအသုံးပြု၍ ရုပ်ထုအား တွေ့မြင်မိသော မည်သူ့ကိုမဆို သက်ရောက်စေနိုင်စွမ်းရှိသည်။

"မင်းက ငါ့ရဲ့စိတ်ကို လွှမ်းမိုးချင်တာလား...ဒါဆိုရင်တော့ မင်းရဲ့အစီအစဉ်က မှားနေပြီ"

လုယွီ၏မျက်လုံးများ တောက်ပသွားသည်။ထို့နောက် သူ၏လက်သီးတစ်ချက် ထိုးနှက်လိုက်ခြင်းနှင့်အတူ ယဇ်ပလ္လင်သည် ချက်ချင်းပေါက်ကွဲသွားပေ၏။

ကျောက်ရုပ်ထုကြီးသည် ကြေမွှပျက်စီးနေသော ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ရုပ်ထုမှနေ၍အလွန်ကြီးမားသော နတ်ဆိုးစွမ်းအားများ ထွက်ပေါ်လာကာ ထိုက်ကျိအမှတ်အသား၏ဝါးမျိုခြင်းကို ခံလိုက်ရသည်။ထိုစွမ်းအားများသည် အနည်းငယ်မျှ လွတ်ထွက်သွားခြင်းမရှိချေ။

ရုပ်တု၏အောက်ခြေတွင် ဝင်င်္ကပါဖွဲ့စည်းပုံတချို့ကို ရေးထွင်းထားသည်။လုယွီသည် ထိုအရာကို အချိန်တခဏကြာခန့်ကြည့်ရှုပြီးနောက် မည်သည့်ဝင်္ကပါဖွဲ့စည်းပုံမျိုးဖြစ်သည်ကို သိရှိသွားသည်။

"အရပ်မျက်နှာအဘက်ဘက်မှာရှိတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေကို ဒီနေရာမှာ စုစည်းထားတာပဲ...ဒါက နတ်ဆိုးဘိုးဘေး ရောက်လာမယ့်အချိန်အတွက် အထူးသီးသန့် ပြင်ဆင်ထားတာပဲဖြစ်မယ်...အပြင်မှာရှိတဲ့သဲကန္တာရက အရမ်းခြောက်ကပ်နေတာ အံ့အားသင့်စရာမရှိတော့ဘူး....သဲကန္တာရမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေအားလုံးက ဒီနေရာကို စီးဝင်နေတာကြောင့် ...ဒီနေရာက အိုအေစစ်တစ်ခုလို ဖြစ်နေတာပဲ"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

ဤသည်မှာ ယုတ်ညံ့သောနည်းလမ်းတစ်ခုပင်။

ပြင်ပရှိ ပတ်ဝန်းကျင်အခြေအနေသည် တဖြည်းဖြည်း ပို၍ဆိုးဝါးလာမည်ဖြစ်သည့်အပြင် အိုအေစစ်နေရာများသည်လည်း မကြာမီမှာပဲ ညှိုးနွမ်းခြောက်သွေ့ကာ သဲကန္တာရအဖြစ်သို့ ပြောင်းလဲသွားပေမည်။

ရှေးဟောင်းနတ်ဆိုးများထံတွင် ဤနေရာကို ပြုပြင်ထိန်းသိမ်းရန် ရည်ရွယ်ချက်မရှိချေ။ ဤနေရာရှိ နတ်ဆိုးသားရဲများအားလုံးသည်လည်း သူတို့၏နယ်ရုပ်အပိုင်းအစများပင်။

ထိုအချိန်မှာပင် လုယွီက ရွာ၏ပြင်ပမှထွက်ပေါ်လာသော ခြေလှမ်းသံများကို ကြားလိုက်ရသည်။

"ထူးဆန်းတယ်...အစောပိုင်းက ဒီနေရာမှာ တိုက်ခိုက်နေတဲ့အသံတွေကို ငါ ကြားလိုက်ရတယ်...ဘာလို့ အဲ့ဒီအသံတွေက ရုတ်တရက်ကြီး ပျောက်ကွယ်သွားတာလဲ"

"အိုး ဘုရားရေ...ဒီနေရာမှာ နတ်ဆိုးသားရဲအမြူတေတွေ အများကြီးပါလား...ဟား ဟား ဟား ဒီလောက်ထိများပြားတဲ့ နတ်ဆိုးသားရဲအမြူတေတွေနဲ့ဆိုရင် ငါတို့အားလုံး ချမ်းသာပြီ"

ရွာ၏ပြင်ပ၌ ဝမ်းသာအားရအော်ဟစ်ရယ်မောသံများ ထွက်ပေါ်နေသည်။

All Chapters