← Chapters

အခန်း (၄၀၇၁-၄၀၇၅)

Vol. 207 Ch. 4071-4075

အခန်း (၄၀၇၁-၄၀၇၅)

Vol. 207 Ch. 4071-4075

Chapter 4071

သွေးနီရောင်အလုံးကြီး၏ ဝါးမြိုခြင်းကိုခံရပြီးနောက် လုယွီသည် သွေးရောင်လေဟာနယ်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။

ဤသည်မှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်ပင်။

သူသည် ဤသွေးများကို ကြားခံအဖြစ်အသုံးပြုကာ သူ၏ခန္ဓာကိုယ်ကို အသစ်တဖန်ဖွဲ့စည်းနေခြင်းဖြစ်သည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထိပ်သီးရှေးဟောင်းနတ်ဆိုးတစ်ကောင်ပင်။သူ၏ခွန်အားသည် အလွန်သန်မာအားကောင်းသော်လည်း သူ၏အစစ်အမှန်ခန္ဓာကိုယ်ဖြင့် အောက်ဘုံများအတွင်းသို့ ဆင်းသက်နိုင်ခြင်းမရှိချေ။

ထို့ကြောင့် သူသည် ဤလောကကြီးအတွင်း၌ သွေးခန္ဓာကိုယ်တစ်ခုကို ဖွဲ့စည်းသည့် နည်းစနစ်ကိုအသုံးပြုပြီး သူ၏အသိစိတ်ကို ဤသွေးခန္ဓာကိုယ်အတွင်းသို့ ပို့ဆောင်လိုက်ခြင်းဖြစ်ပေ၏။

လုယွီသည် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် မြေကမ္ဘာနတ်ဆိုးဘိုးဘေး အလိုရှိနေသောအရာနှင့် ထပ်တူကျနေသည်။

ယခင်က မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ကိုယ်ပွားသည်လည်း လုယွီ၏ခန္ဓာကိုယ်ကို အပိုင်စီးလိုခဲ့သည်။

ကံအကြောင်းမလှစွာဖြင့် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အဆုံးသတ်၌ ဆိုးဆိုးရွားရွားရှုံးနိမ့်သွားခဲ့ရကာ လုယွီ၏ဝါးမြိုခြင်းကို ခံလိုက်ရသည်။အဆုံးသတ်၌ သူ၏ကြီးမားသောကျင့်ကြံဆင့်စွမ်းအားများသည် လုယွီ၏အပိုင် ဖြစ်လာပေ၏။

ဤနေရာတွင် အမှောင်ထုကြီးဖြင့် ပြည့်နှက်နေသည်။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပါက သွေးစီးကြောင်းများ ဖြည်းညှင်းစွာစီးဆင်းနေသည်ကို တွေ့မြင်ရပေမည်။လေထုအတွင်း၌ အလွန်အမင်းစူးရှသော သွေးညှီနံ့များရှိနေသည်။

ရုတ်ချည်းဆိုသလိုပင် ကြီးမားသောဝါးမြိုခြင်းစွမ်းအားလှိုင်းတစ်ရပ်က လုယွီ၏နံဘေးပတ်ဝန်းကျင်ကို ဖြတ်သန်းတိုက်ခိုက်လာသည်။

ဤစွမ်းအားလှိုင်းသည် မမြင်နိုင်သောဧရာမလက်ကြီးတစ်ဖက်အလား သူ၏စိတ်ဝိညာဥ်ကို သူ၏ခန္ဓာကိုယ်မှ ဆွဲထုတ်လိုသည်အား လုယွီက ခံစားမိသည်။

ကံကောင်းထောက်မစွာဖြင့် လုယွီ၏စိတ်ဝိညာဥ်သည် အလွန်အမင်းတည်ငြိမ်ပေ၏။ထိုအရာသည် သူ၏ခန္ဓာကိုယ်အတွင်းမှ မိုးကောင်းကင်လှိုဏ်ဂူ၏အလယ်ဗဟိုတည့်တည့်၌ ထိုင်နေသည်။ဤသည်မှာ မည်သူမျှ ရွှေ့ပြောင်းနိုင်ခြင်းမရှိသော မြင့်မားသည့် တောင်ကြီးတစ်လုံးအလားပင်။

ဝါးမြိုခြင်းစွမ်းအားလှိုင်းသည် တဖန်ထပ်၍ပြင်းထန်လာသော်လည်း လုယွီ၏စိတ်ဝိညာဥ်ကိုရွေ့လျားအောင် ပြုလုပ်နိုင်စွမ်းမရှိချေ။

"အမ်...မင်းရဲ့စိတ်ဝိညာဥ်က တော်တော်လေး သိပ်သည်းတာပါလား...ဒါပေမဲ့ ဒီလောက်ပါပဲ ...မင်းက ငါ့ရဲ့ဝါးမြိုတာကိုခံရပြီးမှတော့ စဥ့်နီတုံးပေါ်တင်ခံထားရတဲ့ ငါးတစ်ကောင်ပဲ..မင်း ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

အမှောင်ထုအတွင်းမှနေ၍ အေးစက်စက်ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စကားများနှင့်အတူ ပတ်ဝန်းကျင်ရှိ ဝါးမြိုခြင်းစွမ်းအားများ ထပ်မံ၍မြင့်တက်လာသည်။

ဤကြောက်မက်ဖွယ်ကောင်းသောစွမ်းအားလှိုင်း သက်ရောက်လာချိန်တွင် လုယွီသည် အလွန်အမင်းစူးရှသော နာကျင်မှုကို ခံစားမိလေ၏။

"ငါက မြေအောက်လောကငရဲနယ်မြေရဲ့ အရှင်သခင်ပဲ"

လုယွီသည် သူ၏မျက်လုံးများကိုစုံမှိတ်ကာ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို ဆင့်ခေါ်လိုက်သည်။

လုယွီ၏နောက်၌ မြေအောက်လောကနတ်ဘုရား၏ကြီးမားသောပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။ထို့နောက် သန့်စင်သောကံကြမ္မာစွမ်းအားလှိုင်းများ တဖြည်းဖြည်းစုဝေးလာကာ တောက်ပသောအလင်းဘီးကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ဖြည်းညှင်းစွာလှည့်ပတ်နေပေ၏။

ထိုအလင်းဘီးကြီးပေါ်တွင် မြေအောက်လောကဥပဒေသ၏ သင်္ကေတအက္ခရာများရှိနေကာ အလင်းရောင်များ တောက်ပနေသည်။

ဤသည်မှာ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ စွမ်းအားကိုအသုံးပြု၍ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ဝါးမြိုခြင်းစွမ်းအားကို ပိတ်ဆို့ဟန့်တားကာ တိုက်ခိုက်လိုက်ခြင်းပင်။

"သောက်ချေးပဲ...ကောင်စုတ်လေး မင်းက သေလမ်းရှာနေတာလား...ဘယ်လိုလုပ်ပြီးတော့ မင်းက ဒီနေရာထိ ရောက်လာပြီးတော့ သေလမ်းရှာနေရတာလဲ"

ခွေးနက်ကြီး၏ထိတ်လန့်တကြားအသံက သိုလှောင်အိတ်အတွင်းမှ ထွက်ပေါ်လာသည်။

ဤခွေးနက်ကြီးသည် သိုလှောင်အိတ်အတွင်း၌ အိပ်မောကျနေပုံရသည်။အစောပိုင်းက ကြီးမားသောတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည့်တိုင် သူ နိုးထလာခဲ့ခြင်းမရှိချေ။

သို့ရာတွင် ယခုအချိန်၌ ဝါးမြိုခြင်းစွမ်းအား ပြင်းထန်လာသဖြင့် သိုလှောင်အိတ်အတွင်းရှိ လေဟာနယ်ကိုလည်း သက်ရောက်လာခဲ့သည်။

သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်းရှိ အရာအားလုံးသည် ဝါးမြိုခြင်းစွမ်းအား၏စုပ်ယူမှုလမ်းကြောင်းအတိုင်း နေရာတနေရာသို့ဦးတည်၍ လွင့်ပါသွားခဲ့သည်။

လုယွီသည် ခွေးနက်ကြီးကို တုံ့ပြန်အဖြေပေးခြင်းမပြုချေ။

ယခုလက်ရှိအချိန်၌ သူ၏စိတ်အာရုံအားလုံးကို ပတ်ဝန်းကျင်၌ အဆက်မပြတ်တိုးမြင့်လာသော ဝါးမြိုခြင်းစွမ်းအားများကို ခုခံကာကွယ်ရန်အတွက်သာ စူးစိုက်ထားသည်။

အကယ်၍ သူသည် အချိန်တခဏခန့် သတိလွတ်သွားလျှင်ပင် ဤဝါးမြိုခြင်းစွမ်းအား၏အောက်၌ ရှုံးနိမ့်သွားပေမည်။ထို့နောက် သူ၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ် ကင်းကွာကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ဝါးမြိုခြင်းကို ခံရပေမည်။

"သိုင်းပညာသူတော်စင်လေးတစ်ယောက်က ငါ့ကို တကယ်ပဲ အံ့အားသင့်စေတာပါလား"

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အသံသည် ကြီးမားသောခေါင်းလောင်းတစ်လုံး တီးခတ်သံနှင့်တူညီကာ တစ်စုံတစ်ယောက်၏စိတ်နှလုံးသားကို တုန်ရီသွားစေသည်။

ထိုနောက်မှနေ၍ ပတ်ဝန်းကျင်၌ လေပြင်းများ စတင်၍တိုက်ခတ်လာသည်။

အမှောင်ထုအတွင်းမှနေ၍ ပြင်းထန်သောရေစီးကြောင်းများ ရုတ်တရက်ထွက်ပေါ်လာကာ လုယွီထံဦးတည်၍ တိုးဝင်လာသည်။ ပတ်ဝန်းကျင်၌ ရေစီးဆင်းသံများကို ကြားနေရသည်မှာ အကန့်အသတ်မရှိချေ။

Chapter 4072

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ဒဏ္ဍာရီလာ ရေသားရဲတစ်ကောင်ပင်။

သူသည် ပါးစပ်ဟကာ အဆိပ်ရေများကို မှုတ်ထုတ်လိုက်သည်နှင့် မိုင်ပေါင်းထောင်နှင့်ချီအကွာအဝေးထိ ချက်ချင်းပျံ့နှံ့သွားကာ ကုန်းမြေတစ်ခုကို ရွှံဗွက်အိုင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။

အတိတ်တွင် တစ်ချိန်က ကျယ်ပြန့်သောကုန်းမြေတစ်ခု ရှိခဲ့ဖူးသည်။သို့ရာတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး ဖန်တီးခဲ့သော ဘေးကပ်ဆိုးကြောင့် ထိုကုန်းမြေတစ်ခုလုံး ပင်လယ်ပြင်ကြီးအတွင်းသို့ နစ်မြုပ်သွားခဲ့သည်။ထိုကုန်းပေါ်တွင်ရှိသောသက်ရှိများဖြစ်သည့် ဒေသခံသားရဲများအားလုံးသည်လည်း အကန့်အသတ်မရှိသော ပင်လယ်ရေများ၏ဝါးမြိုခြင်းကို ခံလိုက်ရသည်။

ဤအချိန်အခိုက်အတန့်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်အတွင်း၌ အလွန်အမင်းအဆိပ်ပြင်းထန်သောရေများ ထွက်ပေါ်လာသည်။ဤသည်မှာ လုယွီ၏စိတ်ဝိညာဥ်ကို ဖျက်ဆီးရန်အတွက် ပြင်ဆင်ထားခြင်းပင်။

လုယွီသည် သူ၏သိုလှောင်အိပ်အတွင်းမှ မှော်ရတနာတစ်ခုကို သာမန်ကာလျှံကာထုတ်ယူကာ ထိုအဆိပ်ရေများအတွင်းသို့ ထိုးစိုက်လိုက်သည်။

ထိုရေအတွင်းသို့ ဝင်ရောက်သွားသည်နှင့် မှော်ရတနာပေါ်တွင် ရှိနေသော စိတ်ဝိညာဥ်အမှတ်အသား ချက်ချင်းအရည်ပျော်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။ထို့နောက် လုယွီသည် ထိုမှော်ရတနာ၏တည်ရှိမှုကို ထပ်မံ၍အာရုံမခံနိုင်တော့ဘဲ ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားတော့သည်။

"ကောင်စုတ်လေး...မြန်မြန်ထလာခဲ့စမ်း ဒါက မင်း မျက်နှာပြရမယ့်အချိန်ပဲ"

ခွေးနက်ကြီးက အလျင်စလိုအော်ဟစ်လိုက်သည်။

သိုလှောင်အိတ်အတွင်းရှိ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ထံမှနေ၍ သေခြင်းရှင်ခြင်းအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

အရပ်မျက်နှာအဘက်ဘက်မှ စီးဆင်းလာသောအဆိပ်ရေများသည် သေခြင်းရှင်ခြင်းစိတ်ဆန္ဒ၏ ပိတ်ဆို့ဟန့်တားခြင်းကို ခံလိုက်ရသည်။ထိုရေများသည် လုယွီနှင့်မီတာအနည်းငယ်ခန့်အကွာတွင်သာ လှည့်ပတ်စီးဆင်းနေပြီး သူ၏အနားသို့ ချဉ်းကပ်နိုင်ခြင်းမရှိတော့ချေ။

လုယွီ၏နံဘေးပတ်ဝန်းကျင်တွင် မမြင်နိုင်သောအတားအဆီးအလွှာတစ်လွှာ ရှိနေသည့်အလား ပတ်ဝန်းကျင်ရှိအဆိပ်ရေများနှင့် လုံးလုံးလျားလျား ပိုင်းခြားထားသည်။

တစ်ဖက်သည် သေဆုံးခြင်းဖြစ်ပြီး တခြားတစ်ဖက်သည် ရှင်သန်ခြင်းပင်။

ဤသည်မှာ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ ထူးခြားသောစွမ်းအားပင်။သေချင်းရှင်ခြင်းတာအိုကို ကျွမ်းကျင်ထားသောလူများသည် လောကကြီးအတွင်း၌ အစွမ်းထက်ဆုံးနှင့်နက်နဲသိမ်မွေ့ဆုံး တာအိုများအနက်မှတစ်ခုကို ပိုင်ဆိုင်ထားခြင်းပင်။

"တစ္ဆေဧကရာဇ်ရဲ့သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ပဲ...ဒါက မင်းရဲ့လက်ထဲမှာရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

အမှောင်ထုအတွင်းမှနေ၍ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အသံကြီး ထပ်မံ၍ထွက်ပေါ်လာသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အတွေ့အကြုံရင့်ကျက်ပြီး အသိပညာဗဟုသုတကြွယ်ဝသူပင်။ထို့ကြောင့် သူသည် အဖိုးတန်ရှားပါးသော မှော်ရတနာများကို တစ်ချက်ကြည့်ရုံဖြင့် မူရင်းဇစ်မြစ်ကို သိရှိနိုင်သည်။

ဤအချိန်အခိုက်အတန့်၌ သူသည် လုယွီ၏ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး မပေါ့ဆဝံ့တော့ချေ။သူ၏ခန္ဓာကိုယ်အတွင်းရှိသွေးချီစွမ်းအားများ တုန်ခါလာပေ၏။ထို့နောက် ကြီးမားသောသွေးလက်ကြီးများအဖြစ် ဖွဲ့စည်းသွားကာ လုယွီထံဦးတည်၍ ဖမ်းဆုပ်လိုက်သည်။

သိုင်းပညာသူတော်စင်အထွတ်အထိပ်တစ်ယောက်၏ခန္ဓာကိုယ်သည် ရှေးဟောင်းနတ်ဆိုးများအတွက် အလွန်တပ်မက်ဖွယ်ရာတစ်ခုပင်။ သို့ရာတွင် ဤသည်မှာ မသေမျိုးအဆင့် မှော်ရတနာတစ်ခုလောက် အရေးကြီးခြင်းမရှိချေ။

အကယ်၍ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကိ ရရှိသွားပါက သေခြင်းရှင်ခြင်းမဟာတာအိုမှ အသိအမြင်များကို လေ့လာဆင်ခြင်ကာ သူ၏ခွန်အားသည်လည်း အဆများစွာခုန်ပြန်ကျော်လွှား၍ မြင့်တက်သွားပေမည်။

အမှောင်ထုအတွင်းမှနေ၍ မြွေခေါင်းကိုးခေါင်း ထွက်ပေါ်လာသည်။

ထို့နောက် မြွေခေါင်းတစ်ခေါင်းပေါ်ရှိ မြွေမျက်လုံးများမှနေ၍ ထူးဆန်းသောအနီရောင်အလင်းတန်းများ ဖြာထွက်လာသည်။ထိုအရာတွင် ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်ဖြင့် ပြည့်နှက်နေကာ လူအများကို ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီသွားစေနိုင်စွမ်းရှိသည်။

ထိုမြွေခေါင်းများ ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိ အမှောင်ထုကြီးအတွင်းမှနေ၍ အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံတွင် အလွန်ကောင်းမွန်သော အကြံအစည်တစ်ခုရှိနေသည်။ သူသည် သူ၏သွေးချီစွမ်းအားများကို အသုံးပြုကာ လုယွီ၏စိတ်ဝိညာဥ်ကို ဖိနှိပ်ထားခဲ့သည်။ ထို့နောက် သူသည် တခြားနည်းလမ်းတစ်ခုကိုအသုံးပြု၍ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို လုယူရပေမည်။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် လုယွီ၏မျက်လုံးအတွင်းမှနေ၍ ရုတ်တရက် တောက်ပသောအလင်းတန်းတစ်တန်းဖြာထွက်လာသည်။

"ဒါက ငါ စောင့်နေတဲ့အချိန်ပဲ...မင်းက နောက်ဆုံးတော့ မင်းရဲ့စိတ်ဝိညာဥ်ကို ထုတ်ပြလာခဲ့ပြီ"

လုယွီက အော်ဟစ်လိုက်သည်။

ဤသည်မှာ သွေးခန္ဓာကိုယ်တစ်ခုသာဖြစ်သော်လည်း မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အမှောင်ထုအတွင်း၌ တစ်ချိန်လုံးပုန်းအောင်းနေခဲ့လေ၏။

အကယ်၍ သူ၏စိတ်ဝိညာဥ်သာ ထွက်ပေါ်လာခြင်းမရှိပါက လုယွီသည် သူ၏ဝှက်ဖဲများကို မည်သို့မျှ အသုံးပြုနိုင်မည်မဟုတ်ချေ။

သို့ရာတွင် ယခုလက်ရှိအချိန်၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ် ထွက်ပေါ်လာသဖြင့် ကိစ္စများအားလုံး လွယ်ကူသွားလေပြီ။

ဤသည်မှာ ခံတပ်တစ်ခုအတွင်း၌ရှိနေသော တပ်မှူးတစ်ယောက်အလားပင်။အကယ်၍ သူသည် ခံတပ်အတွင်း၌ ပုန်းအောင်းနေပါက မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်မည်မဟုတ်ချေ။သို့ရာတွင် အကယ်၍ သူသည် ရှေ့တန်းသို့ရောက်ရှိသွားပါက ရန်သူ၏ခေါင်းကို ဖြတ်နိုင်သောအခွင့်အရေး ရှိလာနိုင်သည်။

လုယွီ၏ကျယ်လောင်သောအော်ဟစ်သံနှင့်အတူ ပြင်းထန်သော နတ်ဘုရားနဂါးဟိန်းသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

အလွန်အမင်းသန့်စင်သော ယန်ချီစွမ်းအားများတလိမ့်လိမ့်လူးလွန့်လာခြင်းနှင့်အတူ ကျယ်လောင်သော နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ဖိအားအရှိန်အဝါကို ပိတ်ဆို့ဟန့်တားလိုက်၏။

Chapter 4073

ဤသည်မှာ ရန်သူကိုအားနည်းသွားစေခြင်းဖြင့်တိုက်ခိုက်မှုကိုကာကွယ်သော အခြေအနေပင်။

လုယွီ၏သိုင်းပညာသူတော်စင်စွမ်းအားသည် အလွန်အမင်းအစွမ်းထက်ပေ၏။ရိုးရှင်းသောဟိန်းဟောက်သံတစ်သံနှင့်အတူ သူသည် အစစ်အမှန်နဂါးတစ်ကောင်အလား ကျယ်လောင်စွာဟိန်းဟောက်သည့်အလား ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည်။ပတ်ဝန်းကျင်ရှိ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စွမ်းအားများကို ပိတ်ဆို့ဟန့်တားနိုင်ခဲ့သည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည်လည်း အံ့အားသင့်တုန်လှုပ်သွားပေ၏။

အမှန်အားဖြင့် သူသည် လုယွီအပေါ် သတိထားမှုကို လျှော့ချထားခဲ့သည်။သူသည် လုယွီအား ထောင်ချောက်တွင်မိနေသော သားကောင်တစ်ကောင်ဟုသာ ယူဆခဲ့သည်။

သို့ရာတွင် ဤသားကောင်သည် ခွန်အားများ ကုန်ဆုံးသွားခြင်းမရှိသည့်အပြင် မသေဆုံးမီအချိန်၌ သူ့အား တဖန်ပြန်၍ကိုက်လိုသည်ဟု သူ မျှော်လင့်မထားမိချေ။

ဤဟိန်းသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။

ရုတ်ချည်းဆိုသလိုပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးကဲ့သို့ အစွမ်းထက်သောလူတစ်ယောက်ပင်လျှင် သူ၏အသိစိတ်လွတ်ကင်းသွားသကဲ့သို့ ခံစားရကာ သူ၏စိတ်ဝိဉာဉ်တုန်ခါစပြုလာသည်။

ထိုစိတ်ဝိညာဉ်တုန်ခါမှုသည် အသက်ရှူချိန်အနည်းငယ်ခန့်သာ ကြာမြင့်သည်။

သို့ရာတွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအကြားရှိ တိုက်ပွဲတစ်ပွဲတွင် အသက်ရှူချိန်အနည်းငယ်သည် အလွန်အမင်းအန္တရာယ်ကြီးသည်ဟု ယူဆနိုင်ပေ၏။

ဤအချိန်တိုအတွင်း၌ လုယွီက သူ၏လက်များကိုလှုပ်ရှားကာ လက်စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ထို့နောက် သူ၏လက်ညှိုးဖြင့် လေထုအတွင်းသို့ ညွှန်ပြပြီးနောက် လက်စည်းတံဆိပ်ကို ပြီးပြည့်စုံသွားစေသည်။

တချိန်တည်းမှာပင် လုယွီ၏ခန္ဓာကိုယ်မှ အရှိန်အဝါများကို ဖုံးကွယ်ထားမှုများအားလုံး ပျောက်ကွယ်သွားသည်။

အကယ်၍ သာမာန်အချိန်များဆိုပါက တခြားလူများသည် လုယွီကိုမြင်တွေ့ချိန်၌ သူသည် ကျောင်းတော်သားတစ်ယောက်၏ အရှိန်အဝါမျိုးရှိသော လူငယ်တစ်ယောက်ဟုသာ တွေးထင်ကြပေမည်။သို့ရာတွင် သူတို့သည် လုယွီ၏အစစ်အမှန်ခွန်အားကို ခန့်မှန်းနိုင်မည်မဟုတ်ချေ။

သာမာန်နေ့ရက်များတွင် လုယွီသည် အစဥ်အမြဲသတိကြီးစွာထားပြီး သူ၏အစစ်အမှန်ခွန်အားကို တချိန်လုံးဖုံးကွယ်ထားခဲ့သည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ သူသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ သွေးခန္ဓာကိုယ်အတွင်း၌ ရှိနေပေ၏။သူ ဤနေရာသို့ဝင်ရောက်နေချိန်၌ မည်သည့်ထိန်းချုပ်မှုမျိုးမျှ ပြုလုပ်ရန်မလိုအပ်တော့ချေ။

လုယွီသည် ကျင့်ကြံဆင့်နယ်ပယ်တွင် မြေကမ္ဘာအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။ လမ်းတလျှောက်လုံး၌ နတ်ဆိုးချီစွမ်းအားများကို စုပ်ယူပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံဆင့်စွမ်းအားများသည် အဆုံးစွန်ဆုံးအဆင့်ထိ မြင့်တက်နေလေပြီ။

သူ၏ခန္ဓာကိုယ်အတွင်းရှိ အကန့်အသတ်မရှိသောစွမ်းအားများသည် အတားအဆီးနေရာ၌ရှိနေသည်။သူသည် နောက်ထပ်ကျင့်ကြံဆင့်နယ်ပယ်တစ်ခုသို့ ရောက်ရန်အတွက် အတားအဆီးပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းပင်။

ဝုန်း....

အိုအေစစ်၏အထက်တွင် မူလက တိမ်မည်းများရှိနေသည်။

သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် ထိုတိမ်မည်းများ၏အလယ်မှနေ၍ အလွန်ကျယ်လောင်သော မိုးခြိမ်းသံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

အကယ်၍ တစ်စုံတစ်ယောက်သည်မိုးကောင်းကင်ယံကို မော့ကြည့်ပါက တိမ်မည်းများအကြားတွင် လျှပ်စီးမိုးကြိုးအလင်းရောင်များ တဖျတ်ဖျတ်တောက်ပနေသည်ကို တွေ့မြင်ရပေမည်။

ကောင်းကင်ပုံကပ်ဘေးမိုးကြိုးစင်သက်လာခြင်း

ယခုအချိန်၌ သူ၏ကြင်ကြံစိတ်နယ်ပယ်ကိုချိုးဖျက်ရန်ဆုံးဖြတ်လိုက်လေပြီ။

ရှေးဟောင်းအချိန်ကာလများအတွင်းတွင် အင်မော်တယ်အမျိုးအစားငါးမျိုးရှိသည်။ထိုအရာများမှာ သရဲတစ္ဆေအင်မော်တယ် လူသားအင်မော်တယ် မြေကမ္ဘာအင်မော်တယ် ရွှမ်အင်မော်တယ်နှင့် ရွှေအင်မော်တယ်တို့ပင်။

အမွေအနှစ်ဆက်ခံမှု အဆုံးသတ်သွားခြင်းကြောင့် လူသားအင်မော်တယ် မြေကမ္ဘာအင်မော်တယ် ရွှမ်အင်မော်တယ်တို့သာ ယခုခေတ်ကာလ၌ ကျန်ရှိတော့သည်။နယ်မြေသခင် တာအိုသခင်နှင့် တခြားအဆင့်မြင့်ကျင့်ကြံသူများရှိသော်လည်း အတိတ်မှအင်မော်တယ်များနှင့် ခွန်အားခြင်းကွဲပြားခြားနားကာ အားနည်းချက်အမြောက်အများရှိသည်။

ရွှေအင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်သည့်လမ်းကြောင်းသည် ချိတ်ပိတ်ခံထားရသည်မှာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်သောကြောင့် ဖွင့်လှစ်ရန်မဖြစ်နိုင်ချေ။

ထို့ကြောင့် နှောင်းပိုင်းမျိုးဆက်ရှိကျင့်ကြံသူများသည် တာအိုသခင်နှင့် အုပ်စိုးသူအရှင်အဆင့်များထိ ကျင့်ကြံနိုင်သည့်တိုင် ယခင်ကရွှေအင်မော်တယ်များကဲ့သို့ ထာဝရအသက်ရှင်နိုင်စွမ်းမရှိချေ။

သို့ရာတွင် ယခုအချိန်၌ လုယွီသည် အနာဂတ်မျိုးဆက်များ၏ မပြည့်စုံသောကျင့်ကြံခြင်းလမ်းကြောင်းကို ကျင့်ကြံနေခြင်းမဟုတ်ချေ။

သူ လျှောက်လှမ်းနေသည်မှာ ရှေးဟောင်းတာအိုအင်မော်တယ်များ၏ အစစ်အမှန်လမ်းကြောင်းပင်။

ရှေးဟောင်းကောင်းကင်ဘုံနန်းတွင်း၌ပင် ရွှေအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသူဟူ၍ လူနည်းစုသာရှိသည်။သူတို့အနက်မှတစ်ယောက်ချင်းစီသည် လောကကြီးကို လှုပ်ခတ်စွမ်းရှိသော တည်ရှိမှုကြီးတစ်ခုပင်။

မြေကမ္ဘာအင်မော်တယ်နယ်ပယ်မှနေ၍ ရွှေအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်းသည် ကျင့်ကြံခြင်းလမ်းကြောင်း၌ အလွန်ကြီးမားသောကွာဟချက်တစ်ခုကို တက်လှမ်းနိုင်ခြင်းဖြစ်သည်။

တစ်စုံတစ်ယောက်သည် ရွှေအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိမှသာ တာအိုကိုအစစ်အမှန်အောင်မြင်ပြီးမြောက်နိုင်ပြီး အစစ်အမှန်အင်မော်တယ်တစ်ယောက်ဟု ယူဆနိုင်သည်။ထိုလူသည် ရှေးဟောင်းကောင်းကင်ဘုံနန်းတွင်း၌ပင် အဆင့်အတန်းမြင့်မားသော နေရာတနေရာကို ရရှိနိုင်ပေ၏။

ထို့ကြောင့် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန်အတွက် ကြုံတွေ့ရသော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် သာလွန်ထူးကဲပေ၏။

ဤကောင်းကင်ဘုံကပ်ဘေးမိုးကြိုးအောက်၌ သေဆုံးသွားခဲ့ရသော မြေကမ္ဘာအင်မော်တယ်များနှင့် ပြိုင်ဘက်ကင်းကျင့်ကြံသူများ မရေမတွက်နိုင်အောင်ရှိသည်။

ယခုလက်ရှိချိန်တွင် စပါးကြီးမြွေတစ်ကောင်နှင့်တူညီသော လျှပ်စီးမိုးကြိုးလှိုင်းများသည် မိုးကောင်းကင်ယံအတွင်း၌ တဖျတ်ဖျတ်တောက်ပနေသည်။

Chapter 4074

"မင်းက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ငါ့ရဲ့သွေးခန္ဓာကိုယ်ထဲမှာ ရင်ဆိုင်ဖို့ ကြံစည်နေတာလား...ငါ မှားသွားတယ်...မင်းက အောက်ဘုံမှာ သိုင်းပညာသူတော်စင်တစ်ယောက် ဖြစ်ရုံတင်မကဘူး မြေကမ္ဘာအင်မော်တယ်တစ်ယောက်လည်း ဖြစ်နေတယ်...မင်းက ငါ့ကို အကွက်ချကြံစည်ဖို့အတွက် ဒီလိုနည်းစနစ်တစ်ခုကို အသုံးပြုခဲ့တာပါလား"

အမှောင်ထုအတွင်းမှနေ၍ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ဒေါသတကြီးအော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

လူသားတစ်ယောက်သည် ဤကဲ့သို့နည်းလမ်းတစ်ခုကို အသုံးပြု၍ သူ့အားရင်ဆိုင်မည်ဟု သူ တကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။

မိုးကောင်းကင်ယံအတွင်း၌ မိုးကြိုးလှိုင်းများစုဝေးနေကာ မိုးခြိမ်းသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။

ဝုန်း....

ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် လောကကြီးအတွင်း၌ အပြင်းထန်ဆုံးတည်ရှိမှုတစ်ခုပင်။

ရှေးဟောင်းနတ်ဆိုးများသည် ကောင်းကင်ဘုံနန်းတော်တစ်ခုလုံးကို လက်လွှဲယူခဲ့သော်လည်း အတိတ်တွင် ကောင်းကင်ဘုံနန်းတော်မှ ချမှတ်ထားသော ဥပဒေသများကို ပြောင်းလဲနိုင်စွမ်းမရှိခဲ့ချေ။

ထိုကောင်းကင်ဘုံဥပဒေသများသည် လောကကြီး၏အကောင်းဆုံးစိတ်ဆန္ဒကို သယ်ဆောင်ထားလေ၏။ရှေးဟောင်းနတ်ဆိုးများအကြားရှိ အစွမ်းထက်ဆုံးတည်ရှိမှုများပင်လျှင် ကောင်းကင်ဘုံဥပဒေသများကို တို့ထိဝံ့ခြင်းမရှိချေ။

ထို့ကြောင့် အင်မော်တယ်များသည် သူတို့၏ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ရင်ဆိုင်ရန်လိုအပ်လာသရွေ့ မိုးကောင်းကင်ယံ၌ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ ထွက်ပေါ်လာပေမည်။

"မကောင်းတော့ဘူး"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ဒေါသတကြီး အော်ဟစ်လိုက်၏။

ကံအကြောင်းမလှစွာဖြင့် ဤသည်မှာ အလွန်နောက်ကျသွားလေပြီ။

အရာအားလုံးသည် လုယွီ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခြင်းပင်။

လုယွီ၏စွမ်းအားများ ဆက်လက်၍မြင့်တက်လာခြင်းနှင့်အတူ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ ယဇ်ပလ္လင်ပေါ်သို့ ကျရောက်လာသည်။

ရုတ်ချည်းဆိုသလိုပင် ယဇ်ပလ္လင်၏နံဘေးပတ်လည်မှ နတ်ဆိုးချီများ မိုးကြိုးများကြောင့်ပျက်ပြယ်သွားတော့သည်။တောင်ပုံရာပုံရှိနေသော အရိုးဖြူများသည်လည်း ကြောက်မက်ဖွယ်မိုးကြိုးလှိုင်းများ၏အောက်တွင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားလေ၏။

ထိုမိုးကြိုးများတွင် သန့်စင်သောယန်စွမ်းအားများဖြင့် ပြည့်နှက်နေကာ အလွန်အမင်းပြင်းထန်သည်။

သေမျိုးလောကအတွင်းတွင် မိုးကောင်းကင်ယံမှ လျှပ်စီးမိုးကြိုးလှိုင်းများ ကျရောက်လာစဉ်‌၌ ပတ်ဝန်းကျင်တွင်ရှိသော နတ်ဆိုးများအားလုံး ဘေးလွတ်ရာသို့ ရှောင်ပြေးသွားရသည်။ဤသည်မှာ သူတို့သည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏စွမ်းအားကို ထိတ်လန့်ကြောက်ရွံသောကြောင့်ပင်။

ဝုန်း.....

အလွန်များပြားသော လျှပ်စီးမိုးကြိုးလှိုင်းများ မိုးကောင်းကင်ယံမှ ကျရောက်လာသည်။မြေကမ္ဘာနတ်ဆိုးဘိုးဘေးအဖြစ် ဖွဲ့စည်းနေသော သွေးနီရောင်အလုံးကြီးသည် အက်ကွဲစပြုလာပေ၏။

"အား...သောက်ချေးပဲ ငါ မင်းကို ခြေမွှဖျက်ဆီးပစ်မယ်...ပုရွက်ဆိတ်ကောင် ငါက မင်းရဲ့စိတ်ဝိညာဥ်ကိုဆွဲထုတ်ပြီးတော့ ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်မယ်"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

မိုးကြိုးလှိုင်းများသည် သူ၏သွေးခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ်ရိုက်ခတ်နေသည်။

ဤသွေးခန္ဓာကိုယ်သည် အောက်ဘုံတွင်ရှိနေသော သူ၏ကျေးကျွန်အမြောက်အများမှ အချိန်အတော်ကြာယူ၍ စုဆောင်းခဲ့ရသောအရာတစ်ခုပင်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး အောက်ဘုံသို့ အောင်မြင်စွာဆင်းသက်လာနိုင်ရန်အလို့ငှာ နောက်ဆုံးအချိန်အခိုက်အတန့်၌ ရှေးဟောင်း နတ်ဆိုးများအားလုံး၏စိတ်ဝိညာဥ်များကိုပင် စတေးခဲ့ရသည်။ထိုအချိန်ကျမှသာ သူ၏သွေးခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ပေ၏။

သို့ရာတွင် ယခုလက်ရှိအချိန်၌ ဤအင်အားစိုက်ထုတ်ခဲ့မှုများအားလုံး အလဟဿဖြစ်သွားလေပြီ။

ဘုန်း.....

သွေးနီရောင်အလုံးကြီးကို ကြည့်ရသည်မှာ ဖောင်းပွလာပုံရသည်။ထိုအရာသည် ပတ်ဝန်းကျင်ရှိ မိုးကြိုများကိုဝါးမြိုနေသော်လည်း တောင့်မခံနိုင်တော့သဖြင့် အလွန်လျှင်မြန်စွာ ပေါက်ကွဲသွားတော့သည်။

ထိုသွေးနီရောင်အလုံးကြီးအတွင်းမှနေ၍ ဝိုးတဝါးအနက်ရောင်ပုံရိပ်တစ်ခု ပျံ့လွင့်လာသည်။မြွေခေါင်းကိုးခေါင်းမှနေ၍ အလွန်ကျယ်လောင်သောအသံကြီးများ ထွက်ပေါ်လာကာ သူတို့၏အစွယ်များကိုဖြဲဟပြီး လုယွီထံသို့ဦးတည်၍ တိုးဝင်လာကြသည်။

ဤသည်မှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ စိတ်ဝိညာဥ်အမျှင်တန်းတစ်ခုပင်။

သူ၏အစစ်အမှန်ခန္ဓာကိုယ်သည် အလွန်ကြီးမားပေ၏။ထို့ကြောင့် အောက်ဘုံအတွင်းရှိ ယဇ်ပလ္လင်သို့ သူ၏စိတ်ဝိညာဥ်အမျှင်တန်းကိုသာ စေလွှတ်နိုင်စွမ်းရှိသည်။

"မင်း နောက်ဆုံးတော့ ထွက်လာခဲ့ပြီပဲ"

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန်စိတ်ဝိညာဥ်ကိုမြင်တွေ့ချိန်၌ လုယွီ၏မျက်လုံးများ တောက်ပသွားသည်။

သွေးခန္ဓာကိုယ်ပေါက်ကွဲသွားသဖြင့် လုယွီသည် အလင်းရောင်ကို တဖန်ပြန်၍မြင်တွေ့ရလေပြီ။ ရုတ်ချည်းဆိုသလိုပင် သူ၏အစွမ်းထက်ဆုံး သတ်ဖြတ်ခြင်းလှုပ်ရှားမှုကို အသုံးပြုကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန်စိတ်ဝိညာဥ်ကို တိုက်ခိုက်လိုက်တော့သည်။

လုယွီ၏နောက်၌ ကောင်းကင်ဘုံဆရာသခင်၏ပုံရိပ်ယောင် ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်သည် မလှမ်းမကမ်းအကွာတွင်ရှိနေသော မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန်စိတ်ဝိညာဥ်ကို လက်ညှိုးညွှန်လိုက်၏။

ရှေးဟောင်းအင်မော်တယ် မှော်နည်းစနစ် ကောင်းကင်ဘုံဆရာသခင်၏လမ်းကြောင်း....

အကန့်အသတ်မရှိသော တာအိုမှော်မန္တန်များသည် လေဟာနယ်အတွင်း၌ ထွက်ပေါ်လာကာ ကြီးမားသော ရွှေရောင်သင်္ကေတအက္ခရာများအဖြစ် ဖွဲ့စည်းသွားပြီး လေထုအတွင်း၌ တဖျတ်ဖျတ်တောက်ပနေသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန်စိတ်ဝိညာဉ်သည် သွေးခန္ဓာကိုယ်ပေါက်ကွဲသွားခြင်းကြောင့် ယခင်ကတည်းက ဒဏ်ရာရရှိပြီးဖြစ်သည်။

ယခုအချိန်တွင် လုယွီ၏တိုက်ခိုက်မှုကို ထပ်မံ၍ရင်ဆိုင်ရချိန်၌ သူ့ထံမှနေ၍ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်မှနေ၍ နတ်ဆိုးချီများ အဆက်မပြတ်ဖြာထွက်နေသည်။

"ကောင်စုတ်လေး ငါ မင်းကိုသတ်မယ်...မင်းကို အသက်ရှင်ခွင့် မပေးနိုင်ဘူး"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

Chapter 4075

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏မျက်လုံးအတွင်း၌ သည်းမခံနိုင်သော အရိပ်အယောင်များရှိနေသည်။

သူ၏အမြင်အရ လုယွီကဲ့သို့ လူသားတစ်ယောက်သည် အမှိုက်တစ်စထက် မပိုချေ။ လူသားများသည် သူ ဆန္ဒရှိသကဲ့သို့သတ်ဖြတ်၍ရသည့် အားနည်းသော ပုရွက်ဆိတ်လေးများပင်။

သို့ရာတွင် ယခုချိန်၌ သူ ဆန္ဒရှိသကဲ့သို့ သတ်ဖြတ်၍ရသော ပုရွက်ဆိတ်တစ်ကောင်သည် သူ့အား ပြောင်ပြောင်တင်းတင်းဆန့်ကျင်နေသည့်အပြင် သူ့၏သွေးခန္ဓာကိုယ်ကိုလည်း ဖျက်ဆီးခဲ့သည်။

ဤသည်မှာ အလွယ်ပြောရပါက သူ့အား ဖီဆန်အံ့တုနေသော လုပ်ရပ်တစ်ခုပင်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်မှ မြွေခေါင်းကိုးခေါင်းလုံး သူတို့၏ပါးစပ်များကို တပြိုင်နက်တည်းဖွင့်ဟလိုက်ကြကာ လုယွီကို ဝါးမြိုရန် ကြံရွယ်လိုက်ကြ၏။

အရပ်မျက်နှာအဘက်ဘက်တွင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဝါးမြိုခြင်းအားလှိုင်းတစ်ရပ် တဖန်ပြန်၍ပျံ့နှံ့သွားသည်။ဤအရာသည် နေ လနှင့်လောကကြီးတစ်ခုလုံးကို ဝါးမြိုတော့မည်အလားပင်။ဤကြောက်မက်ဖွယ်အားလှိုင်း၏အောက်တွင် မည်သူမဆို ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရပေမည်။

"မင်းက ငါ့ကို သတ်ချင်နေတာလား...ငါကလည်း မင်းကို သတ်ချင်နေတာပဲ"

လုယွီက ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးလိုက်ကာ သူသည် နောက်သို့ဆုတ်ခြင်းမပြုချေ။ထိုအစား သူသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံသို့ ပြေးဝင်လိုက်၏။

သိုလှောင်အိတ်အတွင်းတွင်ရှိနေသော ခွေးနက်ကြီးက အော်ငေါက်လိုက်သည်။

"သောက်ချေးပဲ...ကောင်စုတ်လေး မင်း ရူးနေတာလား...ဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ ဘာလို့ ထွက်မပြေးတာလဲ"

လုယွီ ရင်ဆိုင်နေသည်မှာ နတ်ဆိုးဘိုးဘေးအဆင့် တည်ရှိမှုကြီးတစ်ခုပင်။

ဤအချိန်အခိုက်အတန့်တွင် လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်းမှာကဲ့သို့ သူတို့အား ကူညီပေးမည့် အင်မော်တယ်များ ရှိမည်မဟုတ်ချေ။

လုယွီသည် ဤအစွမ်းထက်သောနတ်ဆိုးကို သူတစ်ယောက်တည်းဖြင့် ရင်ဆိုင်ရပေမည်။ဤသည်မှာ အနိုင်ရရှိရန်အတွက် မည်သို့မျှမဖြစ်နိုင်သော တိုက်ပွဲတစ်ပွဲပင်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ လုယွီသည် ခွေးနက်ကြီးပြောဆိုသမျှကို မကြားသည့်အလား ပြုမူနေသည်။

သူ၏မျက်လုံးအတွင်း၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသာ ရှိနေပေ၏။

လုယွီသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အနီးသို့ ရောက်ရှိသွားချိန်၌ သူ၏လက်ဖြင့် တခြားလက်စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ကြီးမားသောမှော်စွမ်းအားလှိုင်းများ တဝုန်းဝုန်းထလာကာ သူ့ရှေ့ရှိ မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို လွှမ်းခြုံသွားတော့သည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ် မိုးကောင်းကင်ကို တက်တူဝါးမြိုခြင်း...

မြေကမ္ဘာနတ်ဆိုးဘိုးဘေး မတုံ့ပြန်နိုင်သေးနီမှာပင် လုယွီက သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။ထို့နောက် သူသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုလိုက်၏။

"ဟား ဟား ဟား....ငတုံးကောင် ငါက မင်းကိုခန္ဓာကိုယ်အပိုင်စီးဖို့ ကြံရွယ်နေပေမယ့် မင်းကိုယ်မင်း ငါ့ဆီကိုဆက်သမယ်လို့ ငါ မျှော်လင့်မထားမိဘူး....ငါ့ရ့စိတ်ဝိညာဥ်ကို မင်းရဲ့ခန္ဓာကိုယ်ထဲ မင်းက ဆွဲခေါ်ဝံ့တယ်...ဒါက အရမ်းကောင်းတယ်...ငါက မင်းရဲ့ခန္ဓာကိုယ်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံပေးမယ်"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံမှနေ၍ ကျယ်လောင်စွာအော်ဟစ်လိုက်သော ရယ်မောသံကြီး ထွက်ပေါ်လာသည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်သည် လုယွီ၏ခန္ဓာကိုယ်အတွင်းမှ မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ ထွက်ပေါ်လာသည်။

ခန္ဓာကိုယ်အပိုင်စီးသည့်ကိစ္စကို ရှေးဟောင်းနတ်ဆိုးတစ်ယောက်ဖြစ်သော သူသည် အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။သူသည် မည်ကဲသို့ပြုလုပ်ရမည်ကို ရှင်းရှင်းလင်းလင်းသိရှိထားသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် လုယွီ၏မိုးကောင်းကင်လိုဏ်ဂူအတွင်းသို့ ဝင်ရောက်သွားပြီးနောက် သူ၏စိတ်ဝိညာဥ်ထံသို့ဦးတည်၍ ပျံသန်းသွားလိုက်သည်။

သို့ရာတွင် သူသည် လုယွီ၏စိတ်ဝိညာဥ်ကို မြင်တွေ့လိုက်ရသော အချိန်အခိုက်အတန့်၌...

လုယွီ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ မြေအောက်လောကနတ်ဘုရား ပုံရိပ်ယောင်ကြီးက မားမားမတ်မတ်တည်ရှိနေသည်။မဟာတာအိုးဂိတ်တံခါးနှင့်သက်ရှည်မီးအိမ်တို့၏ အထိမ်းအမှတ်သင်္ကေတများဖြစ်သော မဟာတာအိုသင်္ကေတအက္ခရာများက လေထုအတွင်း၌ မျောလွင့်နေသည်။ထိုအရာများသည် ထင်ထင်ရှားရှား ထွက်ပေါ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။မဟာတာအိုဂိတ်တံခါး၏ဘေးတစ်ဖက်တချက်တွင် ဆယ်နှင့်ချီသော တာအိုဥပဒေသများ အတန်းလိုက်ရှိနေသည်။ထိုတာအိုဥပဒေသများသည် တိုင်လုံးကြီးများအဖြစ် သိပ်သည်းနေကာ ထိုအရာများပေါ်တွင် ကောင်းကင်နှင့်မြေပြင်၏တာအိုစကားလုံးများဖြင့် ရေးသားထားသော ကျမ်းစာများရှိနေသည်။

လုယွီသည် သူ၏စိတ်ဝိညာဥ်ဖြင့် မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ကြည့်လိုက်၏။

ဤမိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ လုယွီ၏စိတ်ဝိညာဥ်အရွယ်အစားသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးထက် များစွာပို၍ကြီးမားသည်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ရောင်ကြီး၏ရှေ့တွင် ယခင်ကအလွန်ကြီးမားသော မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်သည်နှိုင်းယှဉ်ပြစရာမရှိသည်အထိ သေးငယ်နေပေ၏။

"ငါ့ရဲ့ခန္ဓာကိုယ်ထဲ မင်းကို ဝင်ခွင့်ပြုလိုက်တာနဲ့ ငါ့ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးနိုင်တော့မယ်လို့ မင်းက ထင်နေတာလား...မင်းက ငါ့ရဲ့ခန္ဓာကိုယ်ကိုလိုချင်တယ်...ဒါပေမဲ့ ငါက မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို အရမ်းစိတ်ဝင်စားနေတယ်...ဒါကြောင့် မင်းရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်ကို ငါ အလွတ်မပေးနိုင်ဘူး"

ထိုသို့ပြောဆိုပြီးနောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်များ ရုတ်တရက်ရှေ့သို့ဆန့်ထွက်လာသည်။ထိုလက်တစ်ဖက်ချင်းစီထံတွင် မတူကွဲပြားသော လက်စည်းသင်္ကေတများကို ဖွဲ့စည်းထားပေ၏။မြေအောက်လောက နတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်ဝါးများပေါ်တွင် မှော်သင်္ကေတအက္ခရာများ ထွက်ပေါ်လာကာ တောက်ပစွာလင်းလက်နေသည်။

ထို့နောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏မှော်စွမ်းအားပုံရိပ်ယောင်လက်ကြီးကို ထုတ်ဖော်အသုံးပြုကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံဦးတည်၍ ဖမ်းဆုပ်လိုက်သည်။

"ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ....စိတ်ဝိညာဉ်အရဆိုရင် မင်းက နိမ့်ကျတဲ့မြေကမ္ဘာအင်မော်တယ်နယ်ပယ်မှာပဲ ရှိလိမ့်မယ်"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက သရော်တော်တော်ပြောဆိုသည်။

All Chapters