← Chapters

🍼 Chapter 25 🍼 Qingqing is very ferocious

Vol. 3 Ch. 25

🍼 Chapter 25 🍼 Qingqing is very ferocious

Vol. 3 Ch. 25

အဖွားထင်း၏နေအိမ် ဧည့်ခန်းမဆောင်အတွင်းရှိ စားပွဲဝိုင်းကြီးတစ်ခုတွင် အဖွားထင်းနှင့် ကူးလန်တို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ချင်ချင်မှာမူ အဖွားထင်းပေါင်ပေါ်တွင် ရောက်ရှိနေပြီး သူမ၏ နုနယ်သော ကိုယ်လုံးလေးမှာ ရှိုက်သံတိုးတိုးနှင့်အတူ တုန်ရီနေဆဲဖြစ်ရာ ကြည့်ရသည်မှာ အလွန်သနားစရာကောင်းလှသည်။

"သခင်မလေး... မငိုနဲ့တော့နော်၊ ကျွန်မ သခင်မလေးက အလိမ္မာလေးပဲဟာ..."

အဖွားထင်းသည် မေတ္တာအပြည့်ရှိသော မျက်နှာဖြင့် ချင်ချင်ကိုပွေ့ချီထားရင်း သူမ၏ကြမ်းတမ်းပြီး အရေးအကြောင်းများထင်နေ သော လက်အစုံဖြင့် ချင်ချင့်ကျောပြင်လေးကို အသာအယာပုတ်ကာချော့မြှူနေရှာသည်။

ခဏအကြာတွင် ချင်ချင်ရှိုက်သံများတိတ်သွားသော်လည်း သူလေးမျက်လုံးလေးများမှာမူ ယုန်ကလေးကဲ့သို့ နီရဲဖောင်းအစ်နေကာ ဝိုင်းစက်သော လက်ကလေးများဖြင့် မျက်လုံးကိုပွတ်တိုက်ရင်း အိပ်ငိုက်လာတော့သည်။ ငိုရလွန်း၍ ပင်ပန်းသွားကာ အိပ်ချင်နေပုံရ သည်။

"သခင်လေး... ခဏလောက် စောင့်ပေးပါဦးနော်"

အဖွားထင်းသည် ကူးလန်ကိုအားနာသလို ပြုံးပြရင်း ချင်ချင်ကိုအိပ်ခန်းထဲသို့ချီသွားသည်။ သို့သော် သူမသည် ကလေးကိုအိပ်ရာ ပေါ်တွင် တိုက်ရိုက်မသိပ်ဘဲ ဗီရိုထဲမှအသစ်လျှော်ထားသော စောင်တစ်ထည်ကိုထုတ်ကာ ချင်ချင်ကို ဂရုတစိုက်ထုပ်ပိုးလိုက်ပြီး ဧည့်ခန်းထဲသို့ ပြန်ခေါ်လာခဲ့သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ကလေးငယ်တစ်ဦးအတွက် သက်သောင့်သက်သာရှိသော အိပ်ရာထက်ပိုအရေးကြီးသည်မှာ လုံခြုံမှုရှိသောပတ်ဝန်းကျင်ပင်ဖြစ်တော့သည်။

---

"ဒေါ်ဒေါ်ထင်း... ကျဲ ဘာလို့ ဒီလိုဖြစ်သွားတာလဲဆိုတာကို ဒေါ်ဒေါ် မမေးတော့ဘူးလား"

ကူးလန်သည် ပြင်ပလူများရှေ့တွင် ချင်ချင်ကို "ကျဲ" ဟု ခေါ်လေ့မရှိသဖြင့် ထိုသို့ပြောလိုက်ပြီးနောက် သူကိုယ်တိုင်ပင် အနည်းငယ် မှင်သက်သွားမိသည်။

"ဘာလို့ မေးနေရမှာလဲ သခင်လေးရယ်" အဖွားထင်းသည် အိပ်ပျော်နေသော ချင်ချင့် မျက်နှာလေးကို ငုံ့ကြည့်ကာ တိုးညှင်းသော လေသံဖြင့်— "သူ တစ်ခါ ထပ်ပြီးအနိုင်ကျင့်ခံလိုက်ရပြန်တာပဲ၊ ကျွန်မ အများကြီးထပ်မေးနေရင် သခင်မလေး စိတ်မကောင်း ဖြစ်ရဦးမယ်၊ ကျွန်မလည်း ရင်နာရမှာပေါ့"

အဖွားထင်းသည် ကုမိသားစု၏ကလေးထိန်းတစ်ဦးသာမက ချင်ချင်၏နို့ထိန်းလည်း ဖြစ်ခဲ့ဖူးသည်။ ချင်ချင့်အား မွေးဖွားပြီးနောက်တွင် မိခင်ဖြစ်သူမှာ သူမ၏ကိုယ်လုံးကိုယ်ပေါက်ကို အမြန်ဆုံးပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် ကလေးအား နို့ချိုတိုက်ကျွေးရန် ငြင်းဆန်ခဲ့သည်။ ချင်ချင်မှာ နို့မှုန့်နှင့် အာဟာရမပြည့်စုံသဖြင့် ထိုစဉ်က မျောက်ကလေးတစ်ကောင်လိုပိန်ချုံးနေပြီး နေ့တိုင်း ငိုယိုနေတတ်ရာ ကြည့်ရသူအဖို့ ရင်နာစရာကောင်းလှသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနှစ်၌ အဖွားထင်းသည်လည်း သူမ၏အငယ်ဆုံးသားလေးကို မွေးဖွားထားချိန်ဖြစ်သည်။ စားဝတ်နေရေး ခက်ခဲမှုကြောင့် ကလေးအသက် တစ်လအရွယ်မှာပင် ကလေးထိန်းအလုပ်ဝင်လုပ်ခဲ့ရသည်။ သခင်မလေး သနားစရာကောင်းအောင် ငိုနေသည်ကို မြင်ရသောအခါ အဖွားထင်းမှာ မနေနိုင်ဘဲ သူမ၏နို့ကို ခိုး၍တိုက်ကျွေးခဲ့မိသည်။ ဤအကြောင်းကို မိခင်ဖြစ်သူ သိသွား သည့်အခါ အဖွားထင်းမှာအလုပ်ပြုတ်မည်ဟု ထင်ထားသော်လည်း အံ့ဩစရာကောင်းသည်မှာ မိခင်ဖြစ်သူက သူမကိုလစာပိုပေးကာ ချင်ချင်ကို ဆက်လက်နို့တိုက်ခွင့်ပြုခဲ့ခြင်းပင်။

ချင်ချင်ကို အဖွားထင်းကသာ လက်ပေါ်တွင် ပြုစုပျိုးထောင်ခဲ့သည်ဟုဆိုနိုင်သည်။ နှစ်ရှည်လများအတွင်း သူမသည် ဤကလေးကို သမီးအရင်းကဲ့သို့ချစ်ခင်လာခဲ့သည်။ နေ့စဉ်လိုအပ်ချက်များကို ဂရုစိုက်ပေးရုံသာမက စာသင်ပေးခြင်း၊ အကျင့်စာရိတ္တ သွန်သင်ပေး ခြင်းတို့ကို မိခင်အရင်းသဖွယ်ဆောင်ရွက်ခဲ့သည်။ အကယ်၍ မိခင်ဖြစ်သူက ချင်ချင်သည် သူ့ထက် အဒေါ်ထင်းကို ပိုတွယ်တာနေ သည်ကိုမနာလိုဖြစ်ကာ အလုပ်မှမထုတ်ပစ်ခဲ့ပါက ချင်ချင်နောက်ပိုင်း ဤမျှလောက်အထိ ဒုက္ခခံစားရမည်မဟုတ်ပေ။ အနည်း ဆုံးတော့ သူလေးအား တကယ်တမ်း ဂရုစိုက်မည့်သူ တစ်ယောက်ရှိနေဦးမည်ဖြစ်သည်။

---

အဖွားထင်းစကားများကြောင့် ကူးလန်မှာ စိတ်လှုပ်ရှားသွားပုံရပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ— "တောင်းပန်ပါတယ်" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် သူ့ကျဲကို မကာကွယ်နိုင်ခဲ့သဖြင့် တောင်းပန်သင့်သည်ဟု ခံစားမိနေခြင်းဖြစ်သည်။ မိမိနှင့် မိမိအစ်မအပေါ် မေတ္တာထားသော ဤလူကြီးရှေ့တွင် ကူးလန်သည် ကြာမြင့်စွာမေ့လျော့နေခဲ့သော အားငယ်မှုနှင့် အပြစ်ရှိစိတ်တို့ကို ခံစားလိုက်ရသည်။

"သခင်လေး... တောင်းပန်စရာ မလိုပါဘူး၊ တကယ်လို့ တစ်စုံတစ်ယောက်က တောင်းပန်ရမယ်ဆိုရင် အဲ့ဒါ သခင်မလေးပဲ ဖြစ်ပါလိမ့်မယ်၊ သူ အရင်က သခင်လေးအပေါ် ထားခဲ့တဲ့ အပြုအမူတွေကို ကျွန်မ အကုန်သိတာပေါ့"

ချင်ချင်သည် သူ့တိတိအပေါ်တွင် ကောင်းမွန်စွာဆက်ဆံလေ့မရှိခြင်းမှာ ကုမိသားစုရှိ အစေခံအားလုံးသိကြသည့် အချက်ပင် ဖြစ်သည်။

"သူ ကျွန်တော့်ကို မချစ်ဘူးဆိုတာ ကျွန်တော် သိတာကြာပါပြီ"

ကူးလန် မျက်နှာမှာအနည်းငယ် တင်းမာသွားသော်လည်း သူ့ကျဲ ခံစားချက်ကို သူ နားလည်ပေးနိုင်ခဲ့သည်။ မိသားစုတွင် ကလေး တစ်ယောက်တည်းရှိစဉ်က မိဘများ၏အာရုံစိုက်မှုကို သူမ တစ်ဦးတည်းရရှိခဲ့သည်။ သို့သော် နောက်ထပ် တိတိတစ်ယောက် ရောက်ရှိလာသည့်အခါ ကျန်ရှိနေသော မေတ္တာတရားအနည်းငယ်ကိုပါ ခွဲဝေပေးလိုက်ရသဖြင့် မည်သူမဆိုစိတ်ဆိုး ဒေါသထွက် ကြမည်မှာ အမှန်ပင်။

ကူးလန်အတွက်မူ ထိုမေတ္တာတရား အနည်းငယ်မှာ သူ အလေးထားရလောက်အောင် တန်ဖိုးမရှိခဲ့သော်လည်း ချင်ချင်အတွက်မူ ထိုသို့ မဟုတ်ခဲ့ပေ။

ကူးလန်အနေဖြင့် မိခင်ဖြစ်သူသာ ယခုမှကိုယ်ဝန်မရဘဲ လွန်ခဲ့သောဆယ်စုနှစ်တစ်ခု သို့မဟုတ် နှစ်နှစ်ဆယ်ခန့်က ကိုယ်ဝန်ရခဲ့မည် ဆိုလျှင် သူကိုယ်တိုင်လည်း ကူးချင်ချင်ထက်ပင် ပိုဆိုးရွားစွာတုံ့ပြန်မိလိမ့်မည်ဟု တွေးတောနေမိသည်။

"သခင်မလေးက သခင်လေးကို မချစ်ဘူးလို့ ဘယ်သူပြောလဲ"

အဖွားထင်း ကူးလန်၏စကားကိုကြားသောအခါ အနည်းငယ်အံ့ဩသွားပုံရသည်။

"အဲ့ဒါက အမှန်ပဲ မဟုတ်ဘူးလား" ကူးလန် မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်သည်။

"လုံးဝမဟုတ်ပါဘူး သခင်လေးရယ်၊ သခင်မလေးကို ကျွန်မကိုယ်တိုင် လက်ပေါ်မှာပြုစုပျိုးထောင်ခဲ့တာပါ၊ သူ့စိတ်ကို ကျွန်မ ဘယ်လိုလုပ် နားမလည်ဘဲ နေပါ့မလဲ ? သခင်လေးရောက်လာတာက သူ့အတွက် မထင်မှတ်ထားတဲ့အရာဖြစ်ခဲ့ပေမဲ့ သူ သခင်လေးကို တစ်ခါမှ မမုန်းခဲ့ပါဘူး"

အဖွားထင်းသည် ချင်ချင်ငယ်စဉ်က အမှတ်တရများကိုပြန်လည်ပြောပြလာလေသည်။ ထိုစဉ်က ချင်ချင်သည် ဒုတိယကလေးမယူရန် မိခင်ဖြစ်သူအား အမြဲပူဆာလေ့ရှိသည်။ ထိုအချိန်က ကူးမိသားစု၏လုပ်ငန်းများကို တစ်ဦးတည်းစီမံခန့်ခွဲနေရသော မိခင်ဖြစ်သူမှာ လည်း ကလေးနောက်တစ်ယောက်ယူရန် စိတ်ကူးမရှိသဖြင့် သမီးဖြစ်သူဆန္ဒကို လိုက်လျောခဲ့သည်။

သို့သော် မထင်မှတ်ဘဲ ချင်ချင် မူလတန်းကျောင်းဆင်းပြီးစ အချိန်မှာပင် သူမ၌တိတိတစ်ယောက် ရတော့မည်ဖြစ်ကြောင်း သိလိုက်ရသည်။ အဖွားထင်း မှတ်မိသလောက်ဆိုလျှင် ချင်ချင် အနည်းငယ်စိတ်ပျက်သွားသော်လည်း သူ့တိတိ ရောက်လာမည့် အချိန်ကို စိတ်လှုပ်ရှားစွာစောင့်မျှော်နေကြောင်း အဖွားထင်းအား သီးသန့်ပြောပြခဲ့ဖူးသည်။

"သခင်မလေးရဲ့ စိတ်ပျက်မှုက ကတိဖျက်တဲ့ သူ့ အမေအပေါ်မှာပဲရှိတာပါ၊ သခင်လေးအပေါ်မှာ မဟုတ်ပါဘူး၊ သခင်လေး မမွေးခင် ကတည်းက သခင်မလေးက သူကိုယ်တိုင် ဘယ်လိုမျိုး အစ်မကောင်းတစ်ယောက်ဖြစ်အောင်လုပ်မလဲ၊ မိဘတွေဆီက မရခဲ့တဲ့ မေတ္တာတွေကို သူ ဘယ်လိုမျိုး အစားထိုးပေးရမလဲဆိုတာတွေကို အမြဲစိတ်ကူးယဉ်‌နေခဲ့တာပါ"

"..."

ကူးလန်မှာ ဘာပြန်ပြောရမှန်းမသိအောင် မှင်သက်သွားတော့သည်။ အဖွားထင်းသည် လိမ်ညာတတ်သူမဟုတ်ကြောင်း သူ သိသဖြင့် ဤအမှန်တရားမှာ သူ့အတွက် အလွန်ပင်ထူးဆန်းနေတော့သည်။

"ကူးချင်ချင်က ကျွန်တော့်ကို ချစ်တယ်ပေါ့လေ ? သူ ကျွန်တော့်ကို အမုန်းဆုံးမဟုတ်ဘူးလား၊ ကျွန်တော် မမွေးလာခဲ့ရင် ကောင်းမယ်လို့ ဆုတောင်းခဲ့တာ မဟုတ်ဘူးလား"

စိတ်လှုပ်ရှားမှု ပြင်းထန်သွားသဖြင့် ကူးလန်သည် သူ့ရင်ထဲ၌ နှစ်ရှည်လများသိမ်းဆည်းထားခဲ့သော သံသယများကိုမသိစိတ်ဖြင့် ဖွင့်ဟပြောဆိုမိတော့သည်။

---

"မဟုတ်ဘူး၊ ချင်ချင် မမုန်းပါဘူး"

ကလေးငယ်တစ်ဦး၏အသံလေး ရုတ်တရက်ထွက်ပေါ်လာသဖြင့် လူကြီးနှစ်ဦးစလုံး၏ အာရုံမှာ ချင်ချင်ထံသို့ရောက်ရှိသွားသည်။

ချင်ချင် နိုးလာခဲ့ပြီဖြစ်သည်။ သူမသည် စောင်လေးထဲမှ လက်ကလေးကိုအပြင်သို့ ထုတ်ကာ ကူးလန်၏လက်ကြီးကို အမိအရ လှမ်းကိုင်ရန်ကြိုးစားနေသည်။ ကူးလန်သည် သူလေး လက်ကလေးကို ငေးကြည့်နေပြီးနောက် သူ့လက်ကို ခပ်ရဲရဲဆန့်ထုတ်ပေး လိုက်သည့်အခါ ချင်ချင် ကူးလန်၏လက်ချောင်းနှစ်ချောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်တော့သည်။

"ချင်ချင်က တိတိကိုမမုန်းပါဘူး"

ကူးလန် မယုံမည်ကို စိုးရိမ်သဖြင့် ချင်ချင် အလျင်အမြန်ထပ်ပြောလာသည်။

"ချင်ချင်က တိတိကို အချစ်ဆုံးပါ၊ နောက်ဆိုရင်... ချင်ချင် လူကြီးဖြစ်လာရင် တိတိကို ကစားကွင်းခေါ်သွားမယ်၊ သကြားလုံးတွေ ဝယ်ကျွေးမယ်၊ ပြီးတော့..."

ချင်ချင်သည် ပြောစရာများ အများကြီးရှိနေသော်လည်း စိတ်လှုပ်ရှားလွန်းသဖြင့် အကုန်မေ့သွားကာ ရှိုက်ကြီးတငင်နှင့် ထပ်မံ ငိုကြွေးပြန်တော့သည်။

"ဘာလို့ ငိုပြန်တာလဲ ? ငါက မင်းကို အပြစ်တင်တယ်လို့ မပြောမိပါဘူး၊ ကလေးစုတ်လေးရဲ့"

ကူးလန်သည် ချင်ချင့်အားစားပွဲပေါ်မှ လှမ်းဆွဲကာ ရင်ခွင်ထဲသို့ထည့်လိုက်သည်။ ပါးစပ်ကသာ စိတ်ပျက်သလိုပြောနေသော်လည်း သူ့ တန်ဖိုးကြီးအင်္ကျီလက်ဖြင့် သူမ မျက်ရည်များကို ညင်သာစွာသုတ်ပေးနေမိသည်။ ထို့နောက် အိတ်ကပ်ထဲမှ သကြားလုံးတစ်လုံးကို ထုတ်ပေးလိုက်သော်လည်း သူမကိုအနိုင်ကျင့်လိုသဖြင့် အခွံကိုမူ နွှာမပေးဘဲထားလိုက်သည်။

"သကြားလုံး!"

ကလေးသဘာဝအတိုင်း ချင်ချင်သည် ချက်ချင်းပင် ငိုနေရာမှရယ်ပြတော့သည်။ သူမသည် သကြားလုံးအခွံကို အသည်းအသန် နွှာနေရင်း သူ ဘာကြောင့် ငိုခဲ့သည်ကိုပင် မေ့သွားပုံရသည်။

---

"သခင်လေး... ကျွန်မ သခင်လေးကို တစ်ခါမှမပြောပြဖူးတဲ့ ကိစ္စတစ်ခုရှိသေးတယ်"

ချင်ချင် သကြားလုံးစားနေစဉ်မှာပင် အဖွားထင်း ကူးလန်အား လေးနက်စွာကြည့်ရင်း စကားစလိုက်သည်။

"ဟုတ်ကဲ့ ဒေါ်ဒေါ်ထင်း... ပွင့်ပွင့်လင်းလင်းသာပြောပါ" ဟု ကူးလန်ကဆိုသည်။ သူ့အစ်မအပေါ် ထားရှိခဲ့သော အထင်အမြင် အမှားများမှာ ပျောက်ကွယ်သွားပြီဖြစ်၍ နောက်ထပ်အမှန်တရားများကိုလည်း သူ ရင်ဆိုင်ရန်အဆင်သင့် ဖြစ်နေသည်။

"ကုမိသားစုက ဘာဖြစ်လို့ ဆွေမျိုးနီးစပ်တွေနဲ့ အဆက်အသွယ် ဖြတ်လိုက်ရလဲဆိုတာ သခင်လေး သိပါသလား"

"ကျွန်တော့်ရဲ့ ဝမ်းကွဲအစ်ကိုတွေက ကျွန်တော့်ကို အနိုင်ကျင့်ခဲ့ကြလို့မဟုတ်လား" ဟု ကူးလန် ပြန်ဖြေလိုက်သည်။ ထိုအဖြစ် အပျက်ကို သူ ကောင်းကောင်း မှတ်မိနေသေးသည်။

ထိုစဉ်က ကူးလန်သည် ငယ်ရွယ်သေးသည့်အပြင် မိဘများနှင့် အစ်မဖြစ်သူ၏မျက်နှာသာပေးခြင်းကိုလည်း မခံရသဖြင့် ပြင်ပလူအများစုက သူ့ကို အနိုင်ကျင့်ရလွယ်သော ကလေးတစ်ဦးဟုထင်မှတ်ခဲ့ကြသည်။

၎င်းတို့အထဲတွင် သူ့မိခင်ဘက်မှ ဝမ်းကွဲအစ်ကိုနှစ်ဦးလည်း ပါဝင်သည်။ ထိုနှစ်ဦးမှာ အလိုလိုက်ခံထားရသဖြင့် တစ်ဖက်သားအပေါ် ဗိုလ်ကျစိုးမိုးတတ်ပြီး လူတိုင်း ၎င်းတို့ကိုဖားယားနေကြရမည်ဟု ထင်နေသူများဖြစ်သည်။ ကူးလန်သည်လည်း ငယ်စဉ်ကတည်းက ဒေါသကြီးသူဖြစ်ရာ သူတို့နှင့်တွေ့ဆုံသည့်အခါ ပဋိပက္ခဖြစ်ရန်မှာ မလွဲဧကန်ပင်။

မည်သို့စတင် ငြင်းခုံခဲ့ကြသည်ကို သူသေချာမမှတ်မိတော့သော်လည်း အသက်ရှစ်နှစ်သားအရွယ် ကူးလန်ကို ထိုဝမ်းကွဲနှစ်ဦးက ရေကူးကန်ထဲသို့တွန်းချခဲ့ပြီး ဆော့ရင်းပြုတ်ကျခြင်းဖြစ်သည်ဟု မဟုတ်မမှန်စွပ်စွဲခဲ့ကြသည်ကိုမူ သူ မှတ်မိနေဆဲဖြစ်သည်။ ထိုအဖြစ်အပျက်ကြောင့် ကူးလန်မှာ ဖျားနာခဲ့ရုံသာမက မိဘများ၏ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခြင်းကိုလည်းခံခဲ့ရသည်။

ထိုနေ့မှစ၍ ကူးလန်သည် မိဘများအပေါ် လုံးဝစိတ်ပျက်သွားခဲ့ပြီး သူတို့ဆီမှ မေတ္တာတရားရရန် ဘယ်သောအခါမှမမျှော်လင့် တော့ပေ။ သို့သော် နောက်ပိုင်းတွင် ထိုဆွေမျိုးများမှာ ကူးမိသားစုနှင့် အဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့သည်။ ထိုစဉ်က ကူးလန်မှာ အကြောင်းရင်းကိုသေချာမသိခဲ့ဘဲ သူအနိုင်ကျင့်ခံရမှုနှင့် ပတ်သက်လိမ့်မည်ဟုသာ ဝေဝါးစွာသိခဲ့သည်။

ယခု အဖွားထင်းက ဤအကြောင်းကို ပြန်ပြောပြသည့်အခါမှသာ နောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသောဇာတ်လမ်းရှိနေကြောင်း သူ သိလိုက်ရတော့သည်။

---

အဖွားထင်းသည် ချက်ချင်းအဖြေမပေးဘဲ ကူးလန်ရင်ခွင်ထဲမှ ချင်ချင့်ကိုကြည့်ကာ ဂုဏ်ယူဝင့်ကြွားစွာရယ်မောလိုက်သည်။

"ဟားဟား... သခင်လေး မသိဘူးလား ? အဲ့ဒီတုန်းက သခင်မလေးက အရမ်းကိုကြောက်ဖို့ကောင်းတာ၊ သခင်လေး အနိုင်ကျင့်ခံရ တာကို သိသိချင်းမှာပဲ သူ အဲ့ဒီဝမ်းကွဲနှစ်ယောက်နောက်ကို သူတို့ကျောင်းအထိ လိုက်သွားခဲ့တာ၊ အတန်းထဲကနေ အိမ်သာထဲအထိ အတင်းဆွဲခေါ်သွားပြီး ရေပိုက်ဖွင့်ပြီး သူတို့ကို ရေချိုးပေးလိုက်တယ်လေ၊ စိတ်မကြည်သေးရင် ကြည်သွားအောင် ကူညီပေးတာလို့ တောင် ပြောလိုက်သေးတယ်"

"..."

ကူးလန်တစ်ယောက် မှင်သက်သွားသည်။ သူ့ကျဲသည် ပြတ်သားရက်စက်တတ်မှန်း သိထားသော်လည်း ဤမျှအထိ ဖြစ်လိမ့်မည်ဟု သူ တစ်ခါမှမတွေးဖူးခဲ့ပေ။

"ဒါတင်မကဘူးနော်... အဲ့ဒီနောက်ပိုင်း သခင်လေးအပေါ် မကောင်းတဲ့စကားတစ်ခွန်းပြောရဲတဲ့သူတိုင်းကို သခင်မလေးကကွယ်ရာမှာ ပြင်းပြင်းထန်ထန် ဆုံးမခဲ့တာ၊ အချိန်အတော်ကြာတော့ လူတွေအားလုံးက သခင်လေးကိုမတွေ့မိအောင် ရှောင်သွားကြရတာပေါ့" ဟု အဖွားထင်းက ဆက်ပြောလာသည်။ တစ်ဖက်သားကိုအနိုင်ကျင့်ရခြင်းမှာ ပျော်စရာကောင်းသော်လည်း မိမိအသက်ဘေးက ပိုအရေး ကြီးသည်မဟုတ်ပါလား။

ဤတစ်ကြိမ်တွင် ကူးလန်မျက်နှာမှာ ဖော်ပြမတတ်အောင် ရှုပ်ထွေးသွားရသည်။ သူသည် မိမိရင်ခွင်ထဲမှ ချင်ချင်ကိုငုံ့ကြည့်လိုက်မိ သည်။ ပါးဖောင်းဖောင်းလေးနှင့် ချင်ချင်မှာ သကြားလုံးစားရင်း ကူးလန်လက်ချောင်းများကို တစ်၊ နှစ်၊ သုံး၊ လေး ဟု ရေတွက်ကာ ဆော့ကစားနေသည်။ သို့သော် ခုနစ်ဂဏန်းကိုအမြဲကျော်သွားသဖြင့် မည်သို့ပင် ရေတွက်စေကာမူ အဖြေကမှန်မလာပေ။

"ဒီလောက် အူကြောင်ကြောင်နိုင်တဲ့သူက ငါ့ကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တာလား ?" ဟု သူ တွေးမိသည်။ အမှန်တကယ်တော့ အသိနောက်ကျခဲ့သည့် သူကိုယ်တိုင်ကသာ ပိုအူကြောင်ကြောင်နိုင်ခဲ့ခြင်းပင်။

---

"သခင်လေး..."

အဖွားထင်း၏စိုးရိမ်တကြီး ခေါ်သံကြောင့် ကူးလန် သတိဝင်လာသည့်အခါမှ သူ့မျက်နှာပေါ်တွင် မျက်ရည်များစိုစွတ်နေသည်ကို သိလိုက်ရသည်။

"တိတိ ငိုနေတယ်!" ချင်ချင်ကလည်း သတိပြုမိသွားပြီး "ရယ်လည်း ရယ်နေတယ် ?" ဟု နားမလည်နိုင်စွာမေးသည်။ ကူးလန်က ဘာကြောင့် ငိုရင်းရယ်ရင်း ဖြစ်နေသည်ကို ကလေးငယ်တစ်ဦးအနေဖြင့် သူမ နားမလည်နိုင်ပေ။

သို့သော် သူမသည် ကူးလန်ကို ချော့မြှူရန်မမေ့ပေ။

"တိတိ မငိုနဲ့တော့၊ ငိုရင် ရုပ်ဆိုးသွားလိမ့်မယ်" ဟု ပြောရင်း လက်ကလေး များဖြင့် ကူးလန်၏ မျက်ရည်များကို သုတ်ပေးရန် ကြိုးစားနေသည်။ သို့သော် သူ့ လက်မှာ ကလေးလက်ဖြစ်သဖြင့် မျက်ရည်များကို ပိုပျံ့နှံ့သွားစေကာ ချင်ချင်တစ်ယောက် အသည်း အသန်ဖြစ်လာတော့သည်။

"ဒေါ်ဒေါ်ထင်း... တိတိ ငိုနေတယ်၊ သူ့ကို ကူပြီး ချော့ပေးပါဦး"

ဤစကားမှာ အလွန်ရင်းနှီးလှသောစကားဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကလည်း ကူးလန် ငိုသည့်အခါတိုင်း ချင်ချင်သည် အဖွားထင်းကို ဤကဲ့သို့ပင် အကူအညီတောင်းလေ့ရှိသည်။ သို့သော် ယခုတစ်ကြိမ်တွင် အဖွားထင်းက ခေါင်းကိုညင်သာစွာ ခါယမ်းကာ ပြုံးလျက်— "ရပါတယ် သခင်မလေးရဲ့၊ သခင်လေးက အရမ်းပျော်လွန်းလို့ ငိုနေတာပါ" ဟု ပြောလိုက်သည်။

"ပျော်ရင် ဘာလို့ ငိုတာလဲဟင်"

ဤမေးခွန်းမှာ ကလေးတစ်ဦး၏ ဉာဏ်ရည်နှင့် နားလည်ရန် ခက်ခဲလွန်းလှသည်။

"ဒါကတော့... ချင်ချင် လူကြီးဖြစ်လာရင် နားလည်သွားမှာပါ"

ချင်ချင် နှုတ်ခမ်းကလေးကိုဆူကာ သူ့ လက်မောင်းလေးများကို ဆန့်ပြရင်း— "ချင်ချင်က လူကြီးဖြစ်နေပြီပဲဥစ္စာ၊ အကြီးကြီး အကြီးကြီးပဲ" ဟု ပြန်ပြောလိုက်သည်။ အဖွားထင်းမှာ ချင်ချင်၏ချစ်စရာကောင်းသော အမူအရာကြောင့် ရယ်မောကာ

"ဒါဆိုရင်တော့ နည်းနည်းလေး ထပ်ကြီးဖို့လိုသေးတာပေါ့" ဟု ပြန်ပြောလိုက်ပါတော့သည်။

All Chapters