← Chapters

🍼 Chapter 30 🍼 Qingqing Goes to Kindergarten

Vol. 4 Ch. 30

🍼 Chapter 30 🍼 Qingqing Goes to Kindergarten

Vol. 4 Ch. 30

အန်းရန် သည် ဖူမိသားစုအိမ်မှ မျက်ရည်စက်လက်ဖြင့် ထွက်ခွာသွားခဲ့သည်။ သို့သော် သူမသည် တိတ်ဆိတ်စွာ ရှိုက်ငိုခြင်းသာ ဖြစ်ပြီး ထွက်ခွာသွားသည့် အမူအရာမှာလည်း စနစ်တကျ ယဉ်ကျေးလွန်းလှသဖြင့် ဖူစစ်ချန်ပင် အပြစ်ရှာစရာ မတွေ့ခဲ့ပေ။

တကယ်တော့ ဖူစစ်ချန်သည် အန်းရန်အား ညရှစ်နာရီ ရုပ်ရှင်ထဲက မင်းသမီးတွေလို "ဖူစစ်ချန်... နင့်ကို ငါမုန်းတယ်!" ဟု အော်ဟစ်ပြီး ငိုယိုကာထွက်ပြေးသွားစေချင်သည်။ ထိုသို့ဆိုလျှင် သူသည်လည်း သူမ၏ဘဝထဲသို့ နောက်ထပ် ဘယ်တော့မှ ဝင်ရောက်မနှောင့်ယှက် တော့ဘဲ အေးအေးဆေးဆေး ၏နေသွားမည် ဖြစ်သည်။

"ဟင်း... နှမြောစရာပဲ..." ဘဝက သူ့အား ထိုသို့သော အခွင့်အရေးမျိုးမပေးခဲ့ပေ။

"ဟင်း..." ချင်ချင်က ရယ်စရာကောင်းသည်ဟု ထင်ကာ ဖူစစ်ချန်၏သက်ပြင်းချသံကိုလိုက်အတုယူသည်။ ထိုအခါ ဖူစစ်ချန်က စိတ်မရှည်သလိုဖြင့် သူမ၏ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ကာ— "ဘာလို့ ဒီအရွယ်နဲ့ သက်ပြင်းတွေလိုက်ချနေတာလဲ၊ သတိထားဦး နော်... အဘွားကြီး ဖြစ်သွားလိမ့်မယ်"

"ဦးဦး... စစ်ရှန်က ချင်ချင့်ကို အဘွားကြီးတဲ့!"

ချင်ချင်က ပါးလေးကိုဖောင်းကာ အော်ဟစ်တိုင်တန်းလိုက်သည်။

'ဟင်... ပါး ပြန်ရောက်နေပြီလား?!'

ဖူစစ်ချန်လည်ပင်းမှာ သံချေးတက်နေသော စက်ရုပ်တစ်ရုပ်လို တောင့်တင်းသွားကာ လှေကားထောင့်တွင် ရပ်ကြည့်နေသော အေးစက်စူးရှသည့် မျက်ဝန်းတစ်စုံကို ဖြည်းညှင်းစွာမော့ကြည့်လိုက်မိသည်။

"ပ... ပါး..."

သူသည် စကားပင် ကောင်းကောင်းမပြောနိုင်တော့ပေ။ မိမိ အစောပိုင်းပြောခဲ့သော စကားများကို ပြန်တွေးမိသည့်အခါ ဖူစစ်ချန်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး စိတ်ထဲတွင် မိမိကိုယ်ကိုယ် နာရေးအတွက် ကြိုတင်ဆုတောင်းနေမိတော့သည်။

"မင်းက... ငါ့ရဲ့ပါး လုပ်ချင်နေတာလား"

ဖူဟန်က မျက်ခုံးတစ်ဖက်ကို ပင့်ကာ မေးလိုက်သည်။ သူ၏ သံလိုက်ဓာတ်ပါသော အသံနက်ကြီးမှာ ဒေါသထွက်နေသည်လား၊ ဝမ်းသာနေသည်လား ခန့်မှန်းရခက်သော်လည်း ဖူစစ်ချန်မှာမူ ခြေဖျားလက်ဖျားများ တုန်ယင်လာကာ ချော်လဲမတတ်ဖြစ်သွားရသည်။ ကံကောင်းသည်မှာ သူ့ရင်ခွင်ထဲတွင် ချင်ချင် ရှိနေခြင်းပင်။ သူမကိုသာ လွှတ်ချလိုက်ပါက သူသည် သေဒဏ်မှ လွတ်မြောက်မည် မဟုတ်ပေ။

"မဟုတ်ပါဘူး... မဟုတ်ပါဘူး ပါးရဲ့၊ ကျွန်တော် ဘယ်လိုလုပ်ဝံ့မှာလဲ။ ခုနက ကျွန်တော့်ဦးနှောက်ထဲ ရေဝင်သွားလို့ပါ၊ လျှောက်ပြောမိတာပါ... တကယ်ပါ"

ဖူစစ်ချန်မှာ ရှက်ကိုးရှက်ကန်း ပြုံးပြရင်း သူ့ ကြောက်စိတ်ကို ဖုံးကွယ်ရန် ကြိုးစားနေရသည်။

"ဟက်... မနက်ဖြန် ငါ့ကုမ္ပဏီကို လာခဲ့ဦး"

ဖူဟန်က ခပ်အေးအေးရယ်လိုက်ပြီး မှင်သက်နေသော ဖူစစ်ချန်၏ လက်ထဲမှ ချင်ချင်ကို လွှဲပြောင်းရယူကာ အပေါ်ထပ်သို့ ချီသွားတော့ သည်။ သူ့သားငယ်မှာ အလုပ်အားလွန်းသဖြင့် ပါးစပ်ကအဓိပ္ပာယ်မရှိတာတွေ ထွက်နေသည်ဟု သူ ယူဆလိုက်သည်။

ခဏအကြာတွင် ဖူမိသားစု ဗီလာအတွင်းမှ နားမခံသာသော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာသည်။

"အဲ့ဒါ ဘာအသံလဲဟင်" ချင်ချင်က ဖူဟန့်ရင်ခွင်ထဲမှ ခေါင်းလေးပြူကာ စပ်စုသည်။

"ဘာမှမဟုတ်ပါဘူး၊ အိမ်ထဲကို ကြွက်တစ်ကောင် ဝင်လာလို့ ဖြစ်မှာပါ" ဟု ဖူဟန်က သူမ၏ ခေါင်းလေးကို အသာအယာ ဖိချကာ ဖြေလိုက်သည်။

"ချင်ချင်က မဲမဲညစ်ပတ်တဲ့ ကြွက်ကြီးတွေကိုမကြိုက်ဘူး" ဟု ဆိုကာ ချင်ချင် ဖူဟန့်ပခုံးပေါ်တွင် မျက်နှာပြန်အပ်လိုက်သည်။

---

ဖူဟန်သည် ချင်ချင်ကို စာကြည့်ခန်းထဲသို့ ခေါ်သွားကာ သူမအတွက် အထူးပြင်ဆင်ပေးထားသော စားပွဲလေးတွင် ထိုင်ခိုင်းလိုက်သည်။

"ဦးလေး... ချင်ချင်နဲ့အတူ ပန်းချီဆွဲမလို့လား"

ဖူဟန်က သူမ၏ လက်ထဲသို့ ဖောင်တိန်လေးတစ်ချောင်း ထည့်ပေးသည်။

"ပန်းချီမဆွဲချင်ရင် ဦးဦးက ချင်ချင့်ကို ကိုယ့်နာမည်ကိုယ် ရေးတတ်အောင် သင်ပေးမယ်လေ"

မူကြိုကျောင်း မတက်မီ ပထမဆုံးလုပ်ဆောင်ရမည့်အရာမှာ မိမိ၏နာမည်အပြည့်အစုံကို ရေးတတ်ရန် ဖြစ်သည်။

"နာမည်လား? ချင်ချင် ရေးတတ်တယ်!"

အခြားစာလုံးများကို မသေချာသော်လည်း သူမ၏ နာမည်ကိုမူ ချင်ချင် အလွန်ပင်ယုံကြည်မှု ရှိနေသည်။ ဖူဟန်က အံ့ဩသွားကာ— "ချင်ချင်က ရေးတတ်တယ်ပေါ့? ဒါဆို ဦးဦးကို ရေးပြပါဦး"

ချင်ချင်သည် ဖောင်တိန်ကိုကိုင်ကာ စက္ကူပေါ်တွင် တစ်လုံးချင်း သေချာစွာရေးသားပြသည်။ 'ကူးချင်ချင်'သည့် စာလုံးသုံးလုံးမှာ အနည်းငယ် ခက်ခဲသော်လည်း သူမသည် အလွန်သပ်ရပ်စွာရေးနိုင်လေသည်။

"အရမ်းတော်တာပဲ၊ ချင်ချင်က တကယ့်ကို တော်တဲ့ကလေးလေးပဲ!"

ဖူဟန်က ချီးကျူးစကားကို ရက်ရက်ရောရော ပြောလိုက်သည့်အခါ ချင်ချင်တစ်ယောက် ရှက်ပြုံးလေးပြုံးနေရှာသည်။

"ချင်ချင်... ဒူးခေါင်းဒဏ်ရာ လုံးဝပျောက်သွားရင် ဦးဦးနဲ့အတူ တစ်နေရာကို လိုက်ခဲ့မလား" ဟု ဖူဟန်က မေးလိုက်ပါတော့သည်။

ဖူဟန်သည် ချင်ချင်အား ကျောင်းတက်ချင်စိတ်ရှိလာစေရန် စိတ်ရှည်လက်ရှည် နားချနေတော့သည်။

"ဘယ်ကိုသွားမှာလဲဟင် ? အဲ့ဒီမှာ ပျော်ဖို့ကောင်းလား"

ကလေးငယ်များ၏အာရုံစိုက်မှုမှာ ရိုးရှင်းလှသည်။

"အဲ့ဒါက ပညာသင်ရတဲ့နေရာလေ၊ ဒါပေမဲ့ အဲ့ဒီမှာ ချင်ချင်နဲ့အတူ ကစားပေးမယ့် သူငယ်ချင်းတွေ အများကြီးရှိတယ်၊ မုန့်တွေ၊ ကစားစရာတွေ အတူတူဝေမျှစားရင်း သူငယ်ချင်းကောင်းတွေ ဖြစ်လာမှာပေါ့။ ပြီးတော့ ဒီနေ့ ချင်ချင်သွားလည်ခဲ့တဲ့ ကိုကိုလည်း အဲ့ဒီမှာရှိတယ်လေ"

"ကိုကိုနျန်ကောင်း!"

နျန်ကောင်းရှိသည်ဆိုသည့် စကားကြောင့် ချင်ချင့် အသံလေးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားကာ ဝမ်းသာသွားရှာသည်။ ဖူဟန်မှာမူ ချင်ချင်တစ်ယောက် အခြားသူကို အလေးပေးလွန်းသဖြင့် သူမအားထိုကျောင်းသို့ မပို့ချင်တော့သလိုပင်ခံစားလိုက်ရသည်။ သို့သော် ဆုံးဖြတ်ချက်ချပြီးသားဖြစ်၍ ပြင်ဆင်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

နှစ်ပတ်ခန့်အကြာတွင် ချင်ချင့်ခြေထောက်ဒဏ်ရာမှာ လုံးဝပျောက်ကင်းသွားပြီဖြစ်၍ ကျောင်းတက်ရန် အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ကြသည်။ ဩဂုတ်လလယ်ပိုင်းဖြစ်သဖြင့် ကျောင်းများတရားဝင်မဖွင့်သေးသော်လည်း ချင်ချင်မှာ စမ်းသပ်တက်ရောက်သူဖြစ် သဖြင့် ရွေးချယ်စရာများနိုင်ရန် စောစောစတင်ခဲ့ခြင်းဖြစ်သည်။

---

မူကြိုကျောင်းဂိတ်ဝသို့ ရောက်သည့်အခါတွင်မူ ချင်ချင်တစ်ယောက် အသည်းအသန် ငိုပါတော့သည်။ အပြစ်ကင်းစင်သော ကလေးငယ်မှာ လူကြီးများ၏လှည့်စားခြင်းကို ခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး မည်သည့်ရှင်းပြချက်ကိုမျှ နားမထောင်တော့ပေ။

"ဝါး... ချင်ချင် ကျောင်းမတက်ချင်ဘူး၊ မူကြိုကို မကြိုက်ဘူး... ဟီး... ဟင့်အင်း... မလုပ်ပါနဲ့..."

ကလေးမလေးမှာ တကယ်စိတ်တိုနေပြီး ဖူဟန့် ပခုံးကို သူမ လက်ကလေးများဖြင့် ထုရိုက်ကာ ခြေထောက်များဖြင့်လည်း တွယ်ကပ် ထားသည်။ မည်သို့ပင်ဖြစ်စေ ကျောင်းမြေပြင်ပေါ်သို့ခြေချရန် ငြင်းဆန်နေတော့သည်။

သူမ ငိုနေပုံမှာ အလွန်ပင် သနားစရာကောင်းလှသဖြင့် ဖူဟန်မှာ စိတ်မကောင်းဖြစ်ကာ အိမ်သို့ ပြန်ခေါ်သွားချင်စိတ်ပေါက်လာသည်။ သို့သော် သူ စိတ်ကိုတင်းကာ အခြားမိဘတစ်ဦး၏အကြံပေးစကားကို နားထောင်လိုက်သည်။

"ကလေးတိုင်း ဒီအဆင့်ကိုဖြတ်ကျော်ရမှာပဲလေ၊ မိဘတွေက စိတ်ခိုင်ဖို့လိုတယ်၊ အခု ငိုယိုတာကို လွှတ်ထားလိုက်ရင် ကြီးလာတဲ့အခါ သူ ဘာလုပ်တတ်မှာလဲ၊ ဒါက သူ့ကို ချစ်တာမဟုတ်ဘူး၊ နစ်တာနဲ့ အတူတူပဲ"

ထိုစကားကြောင့် ဖူဟန်သည် စိတ်ကိုတင်းကာ ချင်ချင့်အားစောင့်နေသော ဆရာမလက်ထဲသို့ ထည့်ပေးလိုက်သည်။

"ကျွန်တော့်ကလေးက နည်းနည်းတော့နုနယ်တယ်၊ ဆရာမတို့ ကောင်းကောင်း ဂရုစိုက်ပေးစေချင်ပါတယ်"

ဖူဟန်၏ လေးနက်သော အမူအရာမှာ ရှယ်ယာစာချုပ်လွှဲပြောင်းပေးနေသည့် အလားပင်။ ဆရာမသည်လည်း ချင်ချင့်အားကောင်းမွန် စွာစောင့်ရှောက်ပေးမည်ဟု ကတိပေးကာ အထဲသို့ခေါ်သွားတော့သည်။

---

စမ်းသပ်တက်ရောက်သည့် ကာလတွင် တစ်မနက်ခင်းသာ ကျောင်း၌ နေရမည်ဖြစ်ပြီး မိဘများအနေဖြင့်လည်း စောင့်ကြည့်ခန်းမှ တစ်ဆင့် ကင်မရာဖြင့် မိမိကလေးကိုလျှို့ဝှက်စောင့်ကြည့်နိုင်သည်။

ဖူဟန်သည် ဤသုံးရက်တာအတွက် သူ၏ အချိန်ဇယားများကို ကြိုတင်ရှင်းလင်းထားခဲ့ရသည်။ သူသည် အချိန်ပိုများစွာ ဆင်းခဲ့ရသဖြင့် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော်လည်း ချင်ချင်အတွက် စိတ်အားထက်သန်စွာ စောင့်ကြည့်နေမိသည်။ သူသည် ချင်ချင်တစ် ယောက် ပထမဆုံးကျောင်းမှာတင်အဆင်ပြေသွားပါစေဟု ဆုတောင်းနေမိသည်။ မဟုတ်ပါက နောက်သုံးရက်တွင် သူ၏သားများကို ဖြစ်စေ၊ ကူးလန်ကိုဖြစ်စေလွှတ်ရတော့မည် မဟုတ်ပါလား။

စောင့်ကြည့်ကင်မရာထဲတွင် ချင်ချင်မှာ ရှိုက်ငိုနေဆဲ ဖြစ်သည်။ ဆရာမက သူမကို ထိုင်ခုံလေးတွင် ထိုင်ခိုင်းကာ ချော့မော့သည့် အနေဖြင့် လော်လီပေါ့ (Lollipop) ချိုချဉ်ကလေး တစ်ချောင်းပေးလိုက်သည်ကို မြင်တွေ့လိုက်ရပါတော့သည်။

ချင်ချင်မှာ ငိုတော့ငိုနေသော်လည်း သူမလက်ထဲက ချိုချဉ်ကိုတော့ မေ့မသွားပေ။ ချိုချဉ်ကို နှစ်ချက်လောက် စုပ်လိုက်၊ အားရပါးရ နှစ်ချက်လောက် အော်ငိုလိုက်နှင့် အလုပ်ရှုပ်နေသည်။ ငိုရတာမောလာလျှင် ချိုချဉ်ကို ပြန်စုပ်လိုက်၊ ခဏနေလျှင် ပြန်ငိုလိုက်နှင့် သူမ ပုံစံလေးမှာ အလွန်ပင်ရယ်စရာကောင်းနေတော့သည်။

"ဟားဟား... ကြည့်ပါဦး မိန်းမရဲ့၊ ဒီကလေးမလေးက တကယ်ချစ်စရာလေးနော်"

ဘေးနားရှိ ဇနီးမောင်နှံနှစ်ဦးက ချင်ချင်ကိုကြည့်ကာချီးကျူးနေကြသည်။ ဖူဟန်သည် ထိုစကားကိုကြားလိုက်ရသည့်အခါ စိတ်ထဲမှ ကျေနပ်သွားပြီး ပြုံးမိသွားသည်။ သူတို့ ချင်ချင်လေးမှာ တစ်ကျောင်းလုံးမှာအချစ်စရာဆုံးကလေးဖြစ်ပြီး သူမ ငိုနေပုံလေးကအစ အသည်းယားစရာကောင်းလှသည် မဟုတ်ပါလား ?

---

စောင့်ကြည့်ကင်မရာထဲတွင် ဆရာမများမှာ အလွန်ပင် အလုပ်များနေကြသည်။ အတန်းထဲတွင် ကလေးအယောက်နှစ်ဆယ်ရှိ သော်လည်း ဆရာမက လေးဦးသာရှိသဖြင့် ကလေးတစ်ယောက်ချင်းစီကို လိုက်ချော့ရန်မှာမလွယ်ကူပေ။ အချို့ကလေးများက အပြင်ကို ပြေးထွက်ရန်ကြိုးစားနေကြသလို၊ အချို့ကလည်း ဆရာမကိုဖက်ကာ ငိုနေကြပြီး၊ အချို့မှာမူ ငိုလွန်းသဖြင့် ဘောင်းဘီထဲ ဆီးသွားမိသည်အထိပင်။

သို့သော် ချင်ချင်မှာမူ အလွန်လိမ္မာလှသည်။ သူမသည် မိမိခုံလေးမှာတင် ငြိမ်ငြိမ်လေးထိုင်ကာ ကိုယ့်ဘာသာ ကိုယ် ရှိုက်ငိုနေရှာသည်။ သူလေး ပုံစံလေးမှာ ကောင်းကင်ဘုံကဆင်းသက်လာသည့် နတ်မိမယ်လေးတစ်ပါးကဲ့သို့ အပြစ်ကင်းစင်လွန်းလှသဖြင့် အလုပ်များ နေသော ဆရာမများမှာ သူမကိုသတိမထားမိဘဲ ရှိနေကြသည်။

ဘယ်လောက်ပဲငိုငို ဘယ်သူမှလာမချော့မှန်း သိသွားသည့်အခါ ချင်ချင် ငိုတာကို ချက်ချင်းရပ်လိုက်သည်။ သူမ၏ မျက်လုံးဝိုင်းကြီး များဖြင့် ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ရှုနေစဉ် ဘေးနားမှ အခြားကလေးတစ်ယောက် ငိုနေသည်ကိုတွေ့သွားပြီး ထိုကလေးဆီသို့ အပြေးအလွှားသွားတော့သည်။

"မငိုနဲ့တော့နော်"

သူ့ မျက်လုံးလေးများထဲ မျက်ရည်များဝဲနေဆဲ ဖြစ်သော်လည်း လက်ထဲရှိလက်ကိုင်ပဝါလေးဖြင့် ထိုကလေး၏မျက်ရည်များကို သုတ်ပေးလိုက်သည်။ "အများကြီးငိုရင် မလှဘဲနေလိမ့်မယ်" ဟုလည်း သူမ၏ချိုသာသော အသံလေးဖြင့် ချော့မော့လိုက်ရှာသည်။

---

သနားစဖွယ်ငိုနေသော မိန်းကလေးငယ်လေးမှာ ချင်ချင်ကိုကြောင်ကြည့်ရင်း— "နင်... နင်က ဘယ်သူလဲ" ဟု ရှိုက်သံလေးနှင့် မေးသည်။

"ငါ့နာမည်က ချင်ချင်၊ ကူးချင်ချင်ပါ... နင့်နာမည်က ဘယ်သူလဲ"

ဖော်ရွေတတ်သော ချင်ချင်လေးက စတင်၍ ၏မိတ်ဆက်စကား ပြောလိုက်သည်။

"ဟန်... ဟန်ဟန်၊ မေမေနဲ့ ဖေဖေက ငါ့ကို ဟန်ဟန်လို့ ခေါ်တယ်"

ဟန်ဟန့်အသံထွက်မှာ မပီကလာ ပီကလာ ဖြစ်နေသော်လည်း ထိုအချက်ကပင် သူမကို ပိုချစ်စရာကောင်းအောင် ပြုလုပ်ပေးနေ သကဲ့သို့ ရှိသည်။

"ဟန်ဟန်... တို့တွေ သူငယ်ချင်းလုပ်ရအောင်လေ၊ ရော့... ဒါလေးစားမလား"

ချင်ချင် သူ့ အိတ်ကပ်ထဲမှ ချိုချဉ်လေးတစ်လုံးကိုထုတ်ကာ ဟန်ဟန့်အားပေးလိုက်သည်။ ဟန်ဟန်မှာ ဆရာမပေးထားသော ချိုချဉ် ပျောက်သွားသဖြင့် စိတ်မကောင်းဖြစ်နေစဉ် ချင်ချင်ပေးလာသည့်အတွက် တွေဝေသွားပြီးမှ လှမ်းယူလိုက်သည်။

ချိုချဉ်၏အချိုဓာတ်က ပါးစပ်ထဲပြန့်နှံ့သွားသည့်အခါ ဟန်ဟန်လေးမှာ ချိုသာစွာပြုံးလိုက်ပြီး— "ကျေးဇူးတင်ပါတယ်" ဟု ပြောရှာသည်။

"မလိုပါဘူး" ဟု ချင်ချင်ကလည်း ဝမ်းသာအားရပြန်ပြောလိုက်ပါတော့သည်။

All Chapters