← Chapters

🍼 Chapter 35 🍼 Qingqing Attends the Banquet

Vol. 4 Ch. 35

🍼 Chapter 35 🍼 Qingqing Attends the Banquet

Vol. 4 Ch. 35

"ဂါဝန်လေး! အရမ်းလှတာပဲ!"

ချင်ချင်လေးသည် အဆင့်မြင့် ကလေးအဝတ်အထည်ဆိုင်သို့ ရောက်ရှိသွားရာ သူ့ မျက်လုံးအစုံမှာ လှပသော မင်းသမီးဝတ်စုံလေးများကို ကြည့်ရင်း တောက်ပနေတော့သည်။

"သူ့ကို ပါတီပွဲမှာ ဝတ်ဖို့ ဝတ်စုံတစ်စုံလောက်ရွေးပေးလိုက်ပါ”

အချိန်ကပ်နေပြီဖြစ်သလို၊ အိမ်ပြန်ပို့လျှင်လည်း ချင်ချင် ကို စောင့်ရှောက်မည့်သူ မရှိပေ။ သူစိမ်းများလက်ထဲတွင်လည်း စိတ်မချသဖြင့် ဖူဟန်သည် သူမကို ပါတီပွဲသို့ အတူခေါ်သွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့ပါ၊ သမီးလေး... အန်တီနဲ့ ခဏလိုက်ခဲ့ပေးမလားဟင်?"

သေသေသပ်သပ် ဝတ်ဆင်ထားသော အရောင်းဝန်ထမ်းအမျိုးသမီးက ပြုံးလျက်နှုတ်ဆက်ကာ ချင်ချင်လေးနားတွင် ဒူးထောက်၍ လက်ကမ်းကာ ချော့မော့ခေါ်ယူသည်။ ချင်ချင်သည် ဖူဟန်ကို လှမ်းကြည့်လိုက်ရာ သူ ထိုနေရာတွင်ပင် ရှိနေပြီး သူမကို ပစ်မသွားမှန်း သိလိုက်သည့်အခါမှ ယုံကြည်မှုအပြည့်ဖြင့် အရောင်းဝန်ထမ်းလက်ကိုကိုင်လိုက်သည်။

သူမကို အဝတ်လဲခန်းထဲသို့ ခေါ်ဆောင်သွားကြသည်။

ဤဆိုင်ရှိအရောင်းဝန်ထမ်းများမှာ ကျွမ်းကျင်စွာလေ့ကျင့် ထားသူများဖြစ်ရာ ချင်ချင့် ပုံစံနှင့် လိုက်ဖက်မည့် လှပသော အဖြူရောင်ဂါဝန်လေးကို လျင်မြန်စွာရှာဖွေပေး လိုက်ကြသည်။ ချင်ချင်သည် နုနယ်ချစ်စဖွယ်ကောင်းပြီး အသားအရေမှာလည်းဖြူစင်သဖြင့် မည်သည့်အဝတ်အ စားနှင့်မဆို လိုက်ဖက်လှသည်။

ထို့ပြင် သူမသည် အလွန်ပင် ယဉ်ကျေးသိမ်မွေ့လှသည်။ အဖြူရောင်ဂါဝန်လေးမှာ အဆင့်အတန်းမြင့်ပြီး သူမ၏ လိမ္မာပါးနပ်သော ပုံစံလေးကိုပိုမိုပေါ်လွင်စေသည်။ခါးပတ် မပါသော Babydoll ဂါဝန်ပုံစံလေးမှာ ချင်ချင်၏အနည်း ငယ် ဝဝကောက်ကောက် ခန္ဓာကိုယ်လေးကို ဖုံးကွယ်ပေးထားသဖြင့် စင်ကြယ်သန့်ရှင်းသော နတ်မိမယ်လေးတစ် ပါးနှင့်ပင် တူနေတော့သည်။

အစပိုင်းတွင် ချင်ချင်လေးမှာ ချစ်စရာကောင်းရုံသာ ဖြစ်သော်လည်း ယခုမူ မည်သူမဆို အိမ်သို့ခိုးယူသွားချင်လောက်အောင် ဆွဲဆောင်မှုရှိသော ချစ်စဖွယ်လေးဖြစ်နေပြီဖြစ်သည်။ သူ့ အလှမှာ လူတိုင်းရင်ကို လှုပ်ခတ်သွားစေနိုင်သည်။

ဖူဟန်ပင်လျှင် ချင်ချင်၏ဖြူနုသော ပါးပြင်လေးကို ဆွဲညှစ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် သတိကပ်နေသေးသဖြင့်သာ တော်တော့သည်။ မဟုတ်ပါက သူမကို မတော်တဆထပ်ငိုအောင် လုပ်မိလျှင် ပြန်ချော့ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

"ကျွန်မတို့ဆီမှာ ကလေးသုံးအလှကုန်တွေလည်း ရှိပါတယ်၊ သမီးလေးကို အနည်းငယ်ပြင်ပေးချင်ပါသလား?" အရောင်းဝန်ထမ်းက သူမ ကုန်ပစ္စည်းကို အလိုက်သင့် အကြံပြုသည်။

"မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်”

ဖူဟန်က ငြင်းလိုက်သည်။ ချင်ချင်လေးမှာ ရှိရင်းစွဲအတိုင်းပင် လှပနေပြီးသားဖြစ်ရာ တခြားအရာများ ထပ်ပေါင်းရန် မလိုအပ်ပေ။

"ဟုတ်ကဲ့ပါရှင်”

အရောင်းဝန်ထမ်းမှာ စိတ်ပျက်ခြင်းမရှိဘဲ သူမ၏ အလုပ်သဘောအပြုံးကို ဆက်လက်ထိန်းသိမ်းထားသည်။ ဤဂါဝန်တစ်ထည် ရောင်းရရုံနှင့်ပင် သူမသည် ကော်မရှင်ခ ယွမ်တစ်ထောင်နီးပါးရရှိမည်ဖြစ်ရာ အလှကုန်ပစ္စည်း မရောင်းရခြင်းမှာ ကိစ္စမရှိပေ။

ဖူဟန်သည် နာရီကိုကြည့်လိုက်ပြီး ချင်ချင့်လက်ကလေးကိုဆွဲကာ ငွေရှင်းကောင်တာသို့ သွားလိုက်သည်။

ကားထဲသို့ ပြန်ရောက်သည့်အခါ ကားဆရာကို မတွေ့သဖြင့် ချင်ချင်လေးမှာ ထူးဆန်းနေမိသည်။ သူမ လှမ်းမေးရန် ပြင်လိုက်စဉ်မှာပင် ကားဆရာမှာလှပသောလက် ဆောင်အိတ်လေးကို ကိုင်လျက် အပြေးအလွှားရောက် လာသည်ကို တွေ့လိုက်ရသည်။

"ဥက္ကဋ္ဌ..."

ကားဆရာက လက်ဆောင်အိတ်ကို ဖူဟန်ထံ ရိုသေသေ ပေးလိုက်သည်။

"ကျေးဇူးပဲ၊ ဒုက္ခများသွားရပြီ”

ဖူဟန် အိတ်ကိုယူ၍ အတွင်းရှိ ဘူးလေးကို ဖွင့်လိုက်ရာ စိန်များဖြင့် စီခြယ်ထားသော နုနယ်လှပသည့် သရဖူပုံစံ ကလစ်လေးတစ်ခု ထွက်ပေါ်လာသည်။

"ဒီကို လာဦး" သူက ချင်ချင့်ကို လက်ယပ်ခေါ်လိုက်ရာ သူမသည် ချက်ချင်းပြေးလာတော့သည်။

"ဒါ ချင်ချင်အတွက်လေ”

"ဟုတ်!" ချင်ချင်လေးမှာ အလွန်ပျော်ရွှင်သွားသည်။ ဖူဟန်က သူမကို ခေါင်းလေးငုံ့ခိုင်းပြီး ကလစ်ကိုတပ်ပေးလိုက်သည်။

အဝတ်လဲနေစဉ်မှာပင် ဆိုင်မှဝန်ထမ်းများက သူမ၏ ဆံပင်ကို တစ်ဖက်စောင်း ဆံပင်ထုံးလေးပြုလုပ်ပေးထားသဖြင့် ထိုကလစ်လေးနှင့် အလွန်လိုက်ဖက်သွားတော့ သည်။

ခေါင်းပေါ်တွင် အလေးချိန် အနည်းငယ်တိုးလာသည်ကို ခံစားမိသည့်အတွက် ချင်ချင်လေးမှာ နောက်ကြည့်မှန်ကို မော့ကြည့်လိုက်ပြီး မှန်ထဲက သူ့ ပုံရိပ်လေးကိုကြည့်ကာ မှင်တက်သွားတော့သည်။

"ဟီး ဟီး ဟီး..."

သူမသည် ပါးလေးကို လက်နှင့်အုပ်ကာ တခိခိ ရယ်မောနေပြီး လက်ဆောင်ပေးသောသူကိုလည်း ကျေးဇူးတင်ရန် မမေ့ပေ။

"ကျေးဇူးတင်ပါတယ် ဦးဦး၊ ချင်ချင် အရမ်းကြိုက်တယ်!"

သူမသည် ဖူဟန်၏ ပါးကို ချက်ချင်း ရွှတ်ခနဲ နမ်းလိုက်သည်။ သူ့ အပြုံးမှာ ခရင်မ်ကို ခိုးစားထားသောကြောင်လေးတစ်ကောင်အလား အလွန်ကျေနပ်အားရနေပုံရသည်။

"ဒီမျောက်မလေးကတော့..."

သူသည် ချင်ချင့် နဖူးလေးကို အသည်းယားစွာဖြင့် အသာအယာ တောက်လိုက်ရာ၊ သူမကလည်း လိမ္မာပါးနပ်စွာဖြင့် အနောက်သို့လန်ကျသလိုမျိုး ဟန်ဆောင်လိုက်သည်။ သို့သော် လမ်းတစ်ဝက်တွင်ပင် ဖူဟန့်လက်ကို အတင်းဆွဲကာ ပြန်လည်ထိုင်လာပြန်သည်။ ဖူဟန်က သူမကို လက်ညှိုးလေးဖြင့် အသာအယာ ပြန်တွန်းချလိုက်တိုင်း သူမသည် တခိခိနှင့် သဘောတကျရယ်မောနေတော့သည်။

ဤသို့ဖြင့် ထပ်တလဲလဲ ကစားနေကြသည့် ထိုကစားနည်းလေးမှာ ရိုးရှင်းလွန်းပြီး ကလေးကလားနိုင်လှသော်လည်း၊ သူတို့နှစ်ဦး စလုံးမှာမူ ထိုအချက်ကိုသတိမပြုမိကြဘဲ မိမိတို့ဘာသာ ပျော်ရွှင်ကြည်နူးစွာဆော့ကစားနေကြတော့ သည်။

ပါတီပွဲကျင်းပရာနေရာသို့ ရောက်ရှိလာသည့်အခါ ဖူဟန့်မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားတော့သည်။ သူသည် ချင်ချင်၏ဖရိုဖရဲဖြစ်နေသော ဆံပင်လေးများနှင့် ဂါဝန်လေးကို သေသေသပ်သပ်ဖြစ်အောင် ဂရုတစိုက်ပြင် ဆင်ပေးလိုက်သည်။ အရာအားလုံး အဆင်ပြေပြီဟု အတည်ပြုပြီးနောက်တွင်မှ လူအများ၏ စူးစိုက်ကြည့်ရှုမှုများအကြား သူမ လက်ကလေးကိုဆွဲကာ ကားပေါ်မှ ဆင်းလာခဲ့သည်။

"ဥက္ကဋ္ဌဖူ၊ နောက်ဆုံးတော့ ရောက်လာပြီပဲ၊ ကြွပါ... ကြွပါ... အားလုံးက ခင်ဗျားကို စောင့်နေကြတာ”

တံခါးဝတွင်ရှိနေသော ဝဝကောက်ကောက် လူလတ်ပိုင်းအမျိုးသားတစ်ဦးက ဖူဟန်ကို မြင်သည်နှင့် နွေးထွေးသောအပြုံးဖြင့် ဆီးကြိုနှုတ်ဆက်သည်။

ထို့နောက် ဘေးရှိ ကလေးငယ်ကို သတိထားမိသွားသည့်အခါ ထိုအမျိုးသားမှာ အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ— "ဒါ ခင်ဗျားရဲ့ သမီးလေးထင်တယ်၊ အရမ်းလှတာပဲ" ဟု ပြုံးလျက် ဆိုလိုက်သည်။

ဖူဟန်တွင် အရွယ်ရောက်ပြီးသား သားနှစ်ယောက်သာရှိသည်ဟု ကောလာဟလများ ထွက်နေသဖြင့် ဤမိန်းက လေးငယ်မှာ မည်သူမည်ဝါဖြစ်ကြောင်း သံသယဖြစ်စရာပင်။

ထိုအမျိုးသားသည် သူ့မကောင်းသော အတွေးများကို မျက်နှာထက် ပေါ်အောင်မပြသော်လည်း၊ ဖူဟန်ကမူ ထိုသူ့ခဏတာ တုံ့ဆိုင်းသွားမှုထဲမှ ဆိုလိုရင်းကိုရိပ်မိလိုက်သည်။

"ဒါ ကျွန်တော့်ဇနီးရဲ့ ဝမ်းကွဲညီမလေးပါ" ဟု သူအေးအေး ဆေးဆေးပင် ရှင်းပြလိုက်သည်။

ဘေးပတ်ဝန်းကျင်မှ လူအများမှာလည်း စပ်စုချင်သဖြင့် ခိုး၍နားထောင်နေကြရာ၊ ထိုစကားကို ကြားသည့်အခါ အချို့သောသူများမှာ ချင်ချင်ကို မနေနိုင်ဘဲလှမ်းကြည့်ကြသည်။

သူမ မျက်နှာမှာ ဖူဟန့်ဇနီးနှင့် အလွန်တူနေသည်ကိုမြင်လိုက်ရသည့်အခါတွင်မှ လူအများစိတ်ထဲတွင်ရှိနေသော မနာလိုမှုနှင့် မကောင်းသော သံသယများမှာကွယ်ပျောက်သွားတော့သည်။

"ဪ... ဒါဆိုရင် ကူးမိသားစုက သမီးလေးပေါ့၊ တွေ့ရတာ ဝမ်းသာပါတယ်"

မိမိအထင်လွဲသွားမှန်း သိလိုက်သော ထိုလူလတ်ပိုင်းအမျိုးသားမှာ ရယ်မောလျက် ချင်ချင့် လက်ကလေးကို လှမ်းဆွဲရန် ကြိုးစားသော်လည်း၊ ချင်ချင်လေးမှာ ကြောက်ရွံ့စွာဖြင့် ရှောင်ဖယ်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖူဟန့်နောက်ကွယ်တွင် ဖုံးကွယ်ထားလိုက်တော့သည်။

"အားနာပါတယ်၊ ကလေးက လူရှက်တတ်လို့ပါ"

ဖူဟန် ချင်ချင့်အားကာကွယ်ပေးထားပြီး ထိုအမျိုးသားနှင့် ယဉ်ကျေးစွာ စကားအနည်းငယ်ပြောဆိုပြီးနောက် တခြားသူများ၏ဖိတ်ကြားမှုကြောင့် ရှေ့သို့ ဆက်ထွက်လာခဲ့သည်။

သူသည် မည်သူနှင့် စကားပြောနေသည်ဖြစ်စေ ချင်ချင့် လက်ကလေးကို တစ်ချိန်လုံး တင်းတင်းဆုပ်ကိုင်ထားပြီး သူမကို သူ့အနားမှမခွာစေပေ။

ဤကဲ့သို့သော ပါတီပွဲမျိုးမှာ အထက်တန်းလွှာ လူမှုရေးပွဲဟု အမည်တပ်ထားသော်လည်း အမှန်တကယ်မှာမူ လူမျိုးစုံ ရောပြွမ်းနေသည့်နေရာ ဖြစ်ရာ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို လွတ်လပ်စွာလျှောက်သွားခွင့်ပေးခြင်းမှာ ပညာရှိရာမကျပေ။

ချင်ချင်က သူ့အင်္ကျီကို လှမ်းဆွဲနေသည်ကို သတိပြုမိသဖြင့် ဖူဟန်သည် တစ်ဖက်လူကို ယဉ်ကျေးစွာခေါင်း ညိတ်ပြကာ နှုတ်ဆက်လိုက်ပြီး၊ ချင်ချင်ကို ထောင့်တစ်နေရာသို့ ခေါ်သွားကာ "ဘာဖြစ်လို့လဲ? အသက်ရှူကျပ်လို့လား?"

ချင်ချင်လေးက ခေါင်းခါပြပြီး သူ့ ဗိုက်ကလေးကို ပွတ်ကာ— "ဗိုက်ဆာလို့" ဟု ပြောရှာသည်။

ယခုအခါ ညရှစ်နာရီကျော်နေပြီဖြစ်သော်လည်း ချင်ချင် ဘာမှမစားရသေးသဖြင့် သူ့ ဗိုက်ကလေးမှာ နာကျင်လာပြီး ဆန္ဒပြနေခြင်းသာ။

"အားနာလိုက်တာ၊ မင်း မစားရသေးတာကို ဦးဦး မေ့သွားတယ်"

ဖူဟန်က ချင်ချင့်ပြားချပ်နေသော ဗိုက်ကလေးကိုအသာ အယာ ပွတ်ပေးလိုက်သည်။ ဤအစားအသောက် မက်သော ကလေးမလေးမှာ မည်သို့သော စိတ်ရှည်မှုဖြင့် ယခုအချိန်အထိ အောင့်ထားနိုင်သည်ကို သူ မသိတော့ပေ။

ပါတီပွဲတွင် အစားအသောက်များ ရှိသော်လည်း အများစုမှာ အေးစက်နေပြီဖြစ်ကာ၊ အချို့မှာလည်း ကလေးများနှင့် မသင့်တော်သော အအေးစာများသာ။

ဖူဟန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ချင်ချင် ဗိုက်အရင်ငြိမ်သွားစေရန် ကိတ်မုန့်အသေးလေး နှစ်ခုနှင့် ရေခဲမပါသော ဖျော်ရည်တစ်ခွက်ကိုသာ ပေးလိုက်နိုင်သည်။

"ချင်ချင်၊ ဗိုက်အရင်တည်အောင် ဒါလေးအရင်စားထားနော်၊ ခဏနေ အိမ်ပြန်ရောက်ရင် ဦးဦး ကောင်းကောင်းကျွေးမယ်၊ ဟုတ်ပြီလား?"

"ဟုတ်" ချင်ချင်လေးသည် ဖူဟန့်လက်ထဲမှ ကိတ်မုန့်ကို လောလောလောလတ်လတ် လှမ်းယူလိုက်သည်။

သူ အလွန်ဗိုက်ဆာနေပြီ ဖြစ်ရာ ယခုအချိန်တွင် ဘာပေးပေး စားနိုင်သည့် အခြေအနေဖြစ်နေသည်။

ပါတီခန်းမရှိ လိုက်ကာများ အနောက်ဘက်တွင် ကျယ်ဝန်း သော ဝရန်တာတစ်ခုရှိပြီး ဥရောပစတိုင် ဝိုင်းလေးများနှင့် ထိုင်ခုံများချထားသည်။

ဤနေရာမှာ သူတို့ကဲ့သို့ အေးအေးဆေးဆေး နေချင်သူ များ သို့မဟုတ် ဗိုက်ဆာလွန်းသဖြင့် အစားအသောက်ကို မထိန်းနိုင်တော့သူများအတွက် ဖြစ်သည်။

လူအများရှေ့တွင် အစားစားခြင်းမှာ အဆင့်မရှိဟု ယူဆကြပြီး လှောင်ပြောင်ခံရနိုင်သဖြင့် မည်သူမျှ လူကြားထဲတွင် အစားမစားကြပေ။

ဖူဟန်နှင့် ချင်ချင်တို့သည် ထောင့်စွန်းရှိ အလွတ်စားပွဲတစ်ခုကို ရွေးလိုက်ကြသည်။ ထိုနေရာမှာ လိုက်ကာနှင့်နီးပြီး အနည်းငယ် မှောင်သဖြင့် သေသေချာချာ မကြည့်လျှင် သူတို့ကို မြင်နိုင်ရန် ခဲယဉ်းသည်။

ချင်ချင်လေးသည် ပထမဆုံး ကိတ်မုန့်တစ်ပဲ့ကို အားရပါး ရ ကိုက်လိုက်သည့်အခါ အနည်းငယ် နင်သွားရှာသည်။ ဖူဟန်က ပိုက်ပါသော ဖျော်ရည်ခွက်ကို အမြန်ကမ်းပေး လိုက်ရာ ချင်ချင်လေးက ခွက်ကိုအတင်းဆွဲယူပြီး အငမ်း မရ သောက်တော့သည်။ သူ့ လည်ပင်းကလေးမှာ မြိုချလိုက်တိုင်းလှုပ်ရှားနေသည်ကို ကြည့်ပြီး ဖူဟန်မှာ သူမ သီးသွားမည်ကို စိုးရိမ်နေမိသည်။

သူ ထင်သည့်အတိုင်းပင်၊ ကလေးမလေးမှာ သီးသွားပြီး တဟွတ်ဟွတ် ချောင်းဆိုးတော့ရာ ဖူဟန်မှာ ထိတ်လန့်သွားပြီး သူ့ကျောကို အသာအယာ ပုတ်ပေးလိုက်ရသည်။

"ဖြည်းဖြည်းစားပါ၊ ဘယ်သူမှ လုမစားပါဘူး"

"ဟွတ်... ဟွတ်... ချင်ချင်... ဟွတ်... ဗိုက်ဆာလို့ပါဆို"

သူမမှာ တဟွတ်ဟွတ် ချောင်းဆိုးနေသော်လည်း အသက် ရှူပြန်မှန်လာသည်နှင့် ဖျော်ရည်ကို ဆက်ပြီးသောက်နေပြန်ပါတော့သည်။

ချင်ချင်လေးသည် ဖျော်ရည်ကို ပြန်သောက်နေသော် လည်း ယခုတစ်ကြိမ်တွင်မူ တစ်ငုံချင်းစီသာ အသာအယာ သောက်နေတော့သည်။

ဝရန်တာတစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားပြီး ညဉ့်သန်း ခေါင်ယံ၏ ပုစဉ်းရင်ကွဲ အော်သံလေးများနှင့် ရေမြိုချသံသဲ့သဲ့မှအပ ဘာသံမျှ မကြားရတော့ပေ။

ဤကဲ့သို့ တိတ်ဆိတ်လွန်းသော ပတ်ဝန်းကျင်မျိုးသည် အမြဲတမ်းပင် မမျှော်လင့်ထားသော ကိစ္စရပ်များဖြစ်ပေါ်လာတတ်စမြဲပင်။

“မစ္စပိုင်... ကျွန်မကို ဒီနေရာကို ဘာလို့ခေါ်လာတာလဲဆိုတာ မသိပေမဲ့၊ ထွေထွေထူးထူး ကိစ္စမရှိဘူးဆိုရင်တော့ ကျွန်မ အလုပ်ပြန်လုပ်ဖို့ သွားရပါလိမ့်မယ်”

အကျွမ်းတဝင်ရှိလှသော နူးညံ့သည့် အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာရာ ချင်ချင်လေး အာရုံကိုဆွဲဆောင်သွားတော့သည်။

သူလေး နားစွင့်လိုက်ပြီး အသာအယာ ချောင်းကြည့်လိုက်မိသည်။

တခြားတစ်ဖက်ရှိ လိုက်ကာအနောက်တွင် သွယ်လျသော အမျိုးသမီးပုံရိပ် နှစ်ခုကို ဝေဝါးစွာမြင်နေရပြီး သူတို့၏ အရပ်အမောင်းနှင့် ခန္ဓာကိုယ်တည်ဆောက်ပုံမှာပင် အနည်းငယ် ဆင်တူလှသည်။

“မင်းနာမည်က ယိယိတဲ့လား”

နောက်ထပ် အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာပြန် သည်။ ထိုအသံသည်လည်း နူးညံ့သိမ်မွေ့သော်လည်း ထူးဆန်းသော အထက်စီးဆန်မှုမျိုး ပါဝင်နေကာ— “ငါ ဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ မင်းကို မြင်ဖူးချင်ရုံ သက် သက်ပါပဲ”

“ကြည့်လို့ ဝပြီလား ?”

ယိယိသည် သူ့ရှေ့က အမျိုးသမီးအား လုံးဝနားမလည်နိုင်တော့ပေ။

“တခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျွန်မ သွားပါတော့မယ်”

သူ လှည့်ထွက်သွားရန် ပြင်လိုက်သော်လည်း ပိုင်စစ်ယိ၏ စကားလုံးများကြောင့် သူ့ ခြေလှမ်းများတန့်သွားရသည်။

“စစ်ကျင်း အမြဲတမ်းချစ်ခဲ့တဲ့ အမျိုးသမီးက ငါပဲဆိုတာ နင် သိတယ်မဟုတ်လား?”

ယိယိ ကျောပြင်လေးမှာ အနည်းငယ် တောင့်တင်းသွားပြီး သူ့ လက်ဖဝါးများကိုလည်း မသိမသာ ဆုပ်ထားမိသည်။

သူ စစ်ကျင်းကို ယခင်က တစ်ကြိမ်အထင်လွဲခဲ့ဖူးပြီးသား ဖြစ်ရာ၊ ယခုတစ်ကြိမ်တွင်မူ သူ့ကို အကြွင်းမဲ့ယုံကြည်ရန် ဆုံးဖြတ်ထားသည်။ အကယ်၍ တစ်ခုခုမှားယွင်းနေပါက သူ ကိုယ်တိုင် ပြန်မေးမည်ဖြစ်ပြီး ယခုကဲ့သို့ သူစိမ်းတစ်ယောက်၏အဓိပ္ပာယ်မရှိသော စကားများကို နားထောင်နေရန်မလိုအပ်ပေ။

ယိယိ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ခေါင်းကို မော့ကာ ဆက်လက် လျှောက်လှမ်းရန်ပြင်လိုက်သည်။ သို့သော် မမျှော်လင့်ဘဲ ပိုင်စစ်ယိသည် သူမဆီသို့ပြေးလာပြီး သူမ လက်ကောက်ဝတ်ကိုဆွဲကာ အကျယ်ကြီးအော်ဟစ်လိုက်တော့သည်။

“မစ္စယိ... ရှင် ဘာလုပ်တာလဲ ? အား—!”

ယိယိ မျက်စိရှေ့မှာတင် ပိုစီယာသည် ဝရန်တာပေါ်မှ ပြုတ်ကျသွားပြီး အောက်ရှိ ရေကူးကန်ထဲသို့ ဝုန်းခနဲ ကျသွားရာ ရေများလည်း ဖွားခနဲ စင်ထွက်သွားတော့သည်။

သူ့ အနောက်ရှိ လိုက်ကာကြီးမှာ ရုတ်တရက် ပွင့်ထွက်သွားပြီး ဆူညံသံကြောင့်ပြေးလာကြသော ဧည့်သည်များအားလုံးသည် ယိယိမှ ပိုင်စစ်ယိအား ဝရန်တာပေါ်မှ တွန်းချလိုက်သည်ဟုသာ မြင်လိုက်ကြရတော့သည်။

ဧည့်သည်အများအပြားမှာ ထိတ်လန့်တကြား အော်ဟစ်ကြပြီး အချို့မှာလည်း အောက်သို့အပြေးအလွှားသွား ရောက် ကူညီကြသည်။

ဖူစစ်ကျင်းသည် လူအုပ်အားတိုးဝှေ့ကာ ထိုအချိန်မှာပင် ရောက်ရှိလာတော့သည်။

“စစ်ကျင်း...”

ယိယိမှာ ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် တုန်လှုပ်နေဆဲပင်။ သူ့ လက်ဖဝါးနှင့် ခြေဖဝါးများမှာ အေးစက်နေပြီး၊ ဖူစစ်ကျင်းကို ထိတ်လန့်တကြား ကြည့်ကာ— “သူ... သူဘာသာ သူ ပြုတ်ကျသွားတာပါ” ဟု အားနည်းသော အသံဖြင့် ရှင်းပြရှာသည်။

ပိုင်စစ်ယိသည် သူမကိုအပြစ်ဖို့ရန်အတွက် ဤမျှအထိ လုပ်လိမ့်မည်ဟု ယိယိ လုံးဝမထင်ထားခဲ့ပေ။

သို့သော် ဤတိုက်ခိုက်မှုမှာ တကယ်ပင် ထိရောက်လှသည်ကိုတော့ သူ ဝန်ခံရမည်ဖြစ်သည်။

“မင်း အထဲကို အရင်ဝင်နှင့်လိုက်”

မျက်နှာထားတင်းမာနေသော ဖူစစ်ကျင်းသည် ဝရန်တာ အစွန်းသို့ လျှောက်သွားကာ အောက်တွင် ဝန်ထမ်းများ၏ ကယ်ဆယ်ခြင်း ခံထားရသော ပိုင်စစ်ယိကို ငုံ့ကြည့်လိုက်သည်။ သူ့ မျက်နှာပေးမှာ ကြောက်စရာကောင်းလောက်အောင် အေးစက်နေသည်။

“ရှင်...”

သူမသည် စစ်ကျင်းထံ သူ့အား မယုံကြည်ဘူးလားဟု မေးချင်သော်လည်း ယခုအချိန်တွင် မေးနေရုံဖြင့် ဘာထူးမည်နည်း။

ယိယိသည် ဖြူဖျော့စွာပြုံးလိုက်ပြီး လှည့်ထွက်သွားကာ— “ကောင်းပြီလေ၊ ကျွန်မ အထဲမှာ ရှင့်ကိုစောင့်နေမယ်” ဟု ပြောလိုက်သည်။

ရှင့်ရဲ့ စီရင်ချက်ကို ကျွန်မ စောင့်နေပါ့မယ်။

All Chapters