← Chapters

🍼 Chapter 37 🍼 Qingqing's Child Rearing

Vol. 5 Ch. 37

🍼 Chapter 37 🍼 Qingqing's Child Rearing

Vol. 5 Ch. 37

အဆင်ပြေပြေ ကျင်းပနေသည့် စီးပွားရေးပွဲတော်တစ်ခုမှာ ဟာသပြဇာတ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး အရေးအပါဆုံးသော ဧည့်သည်တော်ကြီးပင် စိတ်ပျက်လက်ပျက် ထွက်ခွာသွားခဲ့ရသည်။ ပွဲစီစဉ်သူမှာ ဒေါသထွက်လွန်းသဖြင့် ပိုင်စစ်ယိနှင့် သူ့ အပေါင်းအပါများကို ယဉ်ကျေးစွာဖြင့် အပြင်သို့မောင်းထုတ်ရန် လုံခြုံရေးများကိုချက် ချင်း အမိန့်ပေးလိုက်တော့သည်။ ဤဖြစ်ရပ်မှာ လူသိရှင် ကြား ပျံ့နှံ့သွားသည့်အခါ ပိုင်စစ်ယိ ဂုဏ်သိက္ခာမှာလည်း အဖတ်ဆယ်မရအောင် ပျက်စီးသွားခဲ့ရသည်။

ယနေ့မှစ၍ သူမသည် အထက်တန်းလွှာ လူ့အဖွဲ့အစည်း၏ မည်သည့်တရားဝင် ပွဲလမ်းသဘင်ကိုမျှ ထပ်မံဖိတ်ကြားခံရတော့မည် မဟုတ်ပေ။ သူမသည် မိမိစိုက်ခဲ့သည့် အသီးကိုသာ ပြန်လည်ခံစားလိုက်ရခြင်းပင်။

ဖူဟန်နှင့် ချင်ချင်တို့မှာ ဖူစစ်ကျင်းနှင့်အတူ ပြန်ရန်စောင့်ချင်သဖြင့် အိမ်သို့ ချက်ချင်းမပြန်ကြသေးပေ။

သားဖြစ်သူကို ခေါ်သွားရခြင်းမှာ အထွေထွေထူးထူး ကိစ္စမဟုတ်သဖြင့် ဖူဟန်က ကားဆရာကို အနည်းငယ်ထပ်စောင့်ရန်သာ ပြောလိုက်သည်။

သို့သော် မမျှော်လင့်ဘဲ သူတို့သည် နောက်ထပ်ပြင်းထန်သော သုံးပွင့်ဆိုင် အချစ်ဒရာမာကြီးတစ်ခုနှင့် ထပ်မံတိုးပြန်သည်။

မိမိတို့မှာ ကံဆိုးမိုးမှောင်ကျပြီး အတင်းအဖျင်းသတင်းများကို အမြဲတမ်း ရှေ့ဆုံးတန်းကနေကြည့်နေရသလားဟုပင် ဖူဟန် တွေးမိတော့သည်။

ကားဂိုဒေါင်အတွင်း၌ မီးရောင်မှိန်ပျပျသာရှိပြီး ဖူဟန်တို့ကလည်း ကားမီးမဖွင့်ထားသဖြင့် အပြင်ဘက်ရှိ ဖူစစ်ကျင်းနှင့် ယိယိတို့မှာ သူတို့ကို လုံးဝသတိမထားမိကြပေ။

ထိုသူနှစ်ဦးမှာ အကြီးအကျယ်စကားများနေကြခြင်းဖြစ် သည်။

အမှန်စင်စစ်တွင် ယိယိကသာ ဖူစစ်ကျင်းကို တစ်ဖက် သတ် ဒေါသထွက်နေခြင်းဖြစ်ပြီး ဖူစစ်ကျင်းကမူ သူမကို ပြန်လည် ချော့မော့ရန်ကြိုးစားနေခြင်းသာ။

ကားဂိုဒေါင်၏တိတ်ဆိတ်မှုကြောင့် သူတို့စကားများသံကို ဖူဟန်နှင့် ချင်ချင်တို့မှာ အတိုင်းသားကြားနေရသည်။

"ဖူစစ်ကျင်း... ကျွန်မတို့ အတူရှိခဲ့တဲ့ နှစ်နှစ်တာ သံယော ဇဉ်ကို ငဲ့ညှာပြီး အမှန်အတိုင်းပြောစမ်းပါ၊ ရှင် ကျွန်မကို စပြီး ချဉ်းကပ်ခဲ့တာ ပိုင်စစ်ယိရဲ့အစားထိုးတစ်ယောက်အဖြစ်မြင်လို့လား?"

နှလုံးသားတစ်ခုလုံး ကြေကွဲနေသည့်တိုင် ယိယိလေယူ လေသိမ်းမှာ နူးညံ့နေဆဲပင်။

မိမိချစ်ရသူကို သူ မပြစ်မှားရက်သော်လည်း၊ သူ့ ဂုဏ် သိက္ခာက ယခုကဲ့သို့ ဝေဝါးသောအခြေအနေတွင် ဆက်ရှိနေရန် ခွင့်မပြုနိုင်တော့ပေ။

ယခင်က တမင်လျစ်လျူရှုထားခဲ့သော ပဋိပက္ခများသည် ယခုအခါ အလွန်ကြောက်စရာကောင်းသော ဗုံးတစ်လုံးကဲ့သို့ အပြင်သို့ ပွင့်ထွက်လာခဲ့ပြီဖြစ်သည်။

ခြေလှမ်းတစ်ချက် မှားလိုက်သည်နှင့် သူတို့နှစ်ဦးစလုံး မှတ်မိနိုင်စွမ်းမရှိလောက်အောင် ပျက်စီးသွားပေလိမ့်မည်။

"..."

ဖူစစ်ကျင်းမှာ အချိန်အတော်ကြာ တိတ်ဆိတ်နေမိသည်။ သူ တကယ်ကြောက်ရွံ့နေမိပြီး စိတ်ထဲမှလည်း ထိုမေးခွန်း ကိုရှောင်လွှဲချင်နေသော်လည်း ယိယိကမူ မလျှော့သောဇွဲဖြင့် ထပ်မံဖိအားပေးလိုက်သည်။

"ကျွန်မကို မလိမ်ပါနဲ့”

မျက်ရည်ဝဲနေသော သူ့ မျက်ဝန်းများမှာ မှန်ကန်သော အဖြေတစ်ခုကိုသာ ရှာဖွေရင်း ဖူစစ်ကျင်းကိုစိုက်ကြည့်နေသည်။

သူ့မေးရိုးများမှာ တင်းမာသွားပြီး ဖူစစ်ကျင်းသည် နောက် ဆုံးတွင် သူချစ်ရသူအကြည့်အောက်၌ အရှုံးပေးလိုက်ရတော့သည်။

သူသည် ယိယိအကြည့်ကို ရှောင်လွှဲကာ ခေါင်းကို အောက်သို့ ငိုက်စိုက်ချလိုက်ပြီး၊ သူ့ အမှောင်မိုက်ဆုံးနှင့် အနက် ရှိုင်းဆုံး လျှို့ဝှက်ချက်ကို တုန်ရီစွာဖြင့် ဖွင့်ဟလိုက်သည်။

"... ဟုတ်တယ်"

သူ့ အသံမှာ အလွန်အက်ကွဲနေသည်။

ဖူစစ်ကျင်း ယိယိအပေါ် ထားရှိသောအချစ်မှာ သူမ၏ ပိုင်စစ်ယိနှင့် ခုနစ်ပုံခန့် တူညီသော အသွင်အပြင်နှင့် စရိုက်တို့ကြောင့်ပင်။ ဤသည်မှာ ခံစားချက်ကိုဗြောင်ကျကျ လွှဲပြောင်းယူခြင်းဖြစ်သည်။

သူသည် မိမိကိုယ်ကိုယ်လည်း မလိမ်နိုင်သလို၊ အပြစ်ကင်းသော ယိယိကိုလည်း မလှည့်စားနိုင်တော့ပေ။

ယိယိမှာ ခြေလှမ်းများယိုင်နဲ့သွားပြီး လဲကျမတတ် ဖြစ်သွားသော်လည်း စိုးရိမ်တကြီးဖြင့် လှမ်းလာသော ဖူစစ်ကျင်းအကူအညီကို ငြင်းပယ်လိုက်သည်။

သူမသည် ခေါင်းကို အသာအယာခါယမ်းကာ တစ်လှမ်းချင်း အနောက်သို့ ဆုတ်သွားရင်း မျက်ရည်များပါးပြင်ပေါ် စီးကျနေသော်လည်း ဖူစစ်ကျင်းကို အမြဲတမ်း စိတ်အေးစေခဲ့သော ထိုနူးညံ့သောအပြုံးကို ဆက်လက်ထိန်း သိမ်းထားဆဲပင်။

"ရှင် ကျွန်မကို ဒီလိုပြုံးတာ ကြိုက်တယ်လို့ ပြောခဲ့တယ် မဟုတ်လား?"

ဖူစစ်ကျင်း ဘာမှပြန်မပြောနိုင်ခင်မှာတင် ယိယိက ဆက်ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ကျွန်မရဲ့အပြုံးက ပိုင်စစ်ယိနဲ့ အတူဆုံးမို့လို့လေ၊ ကျွန်မ ပြုံးနေတာကို မြင်ရင် ပိုင်စစ်ယိက ရှင့်နားမှာ ရှိနေသေးတယ်၊ သူ ရှင့်ကို ဘယ်တော့မှ ပစ်မသွားဘူးလို့ ရှင် ဟန်ဆောင်နိုင်တာကိုး..."

သူမ ဆက်မပြောနိုင်တော့ပေ။ စကားတစ်လုံးချင်းစီမှာ သူမ နှလုံးသားကို ဓားနှင့်မွှန်းနေသကဲ့သို့ ခံစားနေရသည်။

ယိယိသည် မျက်ရည်များကို သုတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ ပြောလိုက်သည်မှာ— "သူပြောတာ မှန်ပါတယ်၊ ရှင်တို့နှစ်ယောက်က ပထမဆုံးအချစ်ကနေ စခဲ့တဲ့ စစ်မှန်တဲ့အချစ်တွေဖြစ်ပြီး၊ ကျွန်မကတော့ ကြားထဲက ဝင်ရှုပ်တဲ့ တတိယလူပါပဲ”

"အဲ့လိုမဟုတ်ပါဘူး! ငါ ရှင်းပြတာကို နားထောင်ပါဦး”

ဖူစစ်ကျင်းက ယိယိအနားသို့ ချဉ်းကပ်ရန် ကြိုးစားသော် လည်း သူမကမူ ရှောင်ဖယ်လိုက်သည်။

"ကျွန်မကို မထိပါနဲ့!"

ရုတ်တရက် ထွက်ပေါ်လာသော စူးရှသည့် အော်ဟစ်သံကြောင့် သူတို့နှစ်ဦးစလုံးလန့်သွားကြသည်။

ယိယိသည် သူ့ စိတ်လှုပ်ရှားမှုမှာ သူမ ထင်ထားသည်ထက်ပင် ပိုမိုပြင်းထန်နေကြောင်း သိလိုက်ရသည်။

ဘာမှမတတ်နိုင်သည့်အဆုံး သူ မြေပြင်ပေါ်သို့ဆောင့် ကြောင့်ထိုင်ချလိုက်ပြီး မိမိကိုယ်ကိုယ်တင်းတင်းကျပ် ကျပ်ဖက်ထားရင်း အေးစက်လှသော ဤရင်ခွင်ထဲမှနွေးထွေးမှုအနည်းငယ်ကို ရရန်ကြိုးစားနေရှာသည်။

"တောင်းပန်ပါတယ်”

ယိယိကို မိမိဒဏ်ရာပေးမိခဲ့မှန်း သိသဖြင့် ဖူစစ်ကျင်းသည် အားနည်းလှသော တောင်းပန်စကားမှအပ ဘာမှမတတ်နိုင်တော့ပေ။

"ရှင် တောင်းပန်စရာမလိုပါဘူး”

မတ်တပ်ရပ်လိုက်သည့်အခါ ယိယိ မျက်နှာထက်မှအတင်း အကျပ် လုပ်ယူထားသော အပြုံးမှာလည်းပျောက်ကွယ်သွားတော့သည်။ ယခုအခါ သူ့မျက်နှာတွင် ပြတ်သားသော အေးစက်မှုသာ ကျန်ရှိတော့သည်— "ဘာပဲဖြစ်ဖြစ်...ကျွန်မ ရှင့်ကို ခွင့်မလွှတ်ဖို့ ဆုံးဖြတ်ထားပါတယ်”

ဖူစစ်ကျင်း ရင်ထဲတွင် တင်းကျပ်သွားကာ မကောင်းသော နိမိတ်တစ်ခုကို ရုတ်တရက်ခံစားလိုက်ရသည်။

"ယိ..."

အနှစ်သာရမရှိသော ရှင်းပြချက်များကို မကြားချင်တော့သဖြင့် ယိယိသည် စကားကိုချက်ချင်း ဖြတ်ပြောလိုက်ပြီး လက်ရှိအခြေအနေနှင့် လုံးဝမသက်ဆိုင်သော အကြောင်း အရာတစ်ခုကို စတင်ပြောဆိုလိုက်တော့သည်။

"ကျွန်မကိုယ်စား အဲ့ဒီကလေးလေးကို တောင်းပန်ပေးနိုင်မလား ? သူ့နာမည်က ချင်ချင်လို့ ခေါ်တာမလား? အရမ်းချစ်ဖို့ကောင်းတဲ့ နာမည်လေးပဲ၊ သူ ကိုယ်တိုင်လည်း အရမ်းချစ်စရာကောင်းပါတယ်၊ တကယ်ချစ်ဖို့ကောင်းတဲ့ ကလေးလေးပါ၊ အရင်က သူ့ရဲ့ နောက်ခံကို ကျွန်မ အထင်လွဲခဲ့မိတယ်၊ ပြီးတော့ သူ့ရှေ့မှာတင် ရှင့်ကို ရိုက်မိခဲ့သေးတယ်၊ တောင်းပန်ပါတယ်... သူ့အပေါ်မှာ ကျွန်မနဲ့ပတ်သက်ပြီး မကောင်းတဲ့ အထင်အမြင်တွေ ပေးမိခဲ့တဲ့အတွက် တကယ်တောင်းပန်ပါတယ်၊ သူ ကျွန်မကိုခွင့် လွှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဒါပေမဲ့ သူ ခွင့်မလွှတ်လည်း ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ထပ်တွေ့ကြတော့မှာမှ မဟုတ်တာ”

"မင်း... ဘာကို ဆိုလိုတာလဲ ?"

ဖူစစ်ကျင်း၏ချောမောသော မျက်နှာမှာ ဖြူလျော်သွားတော့သည်။ ယိယိသည် မော့ကြည့်လိုက်ရာ မျက်ရည်ဝဲနေသော သူမ မျက်ဝန်းများမှာ သူ့မျက်လုံးများကို တည့်တည့်စိုက်ကြည့်နေပြီး၊ စကားတစ်လုံးချင်းစီမှာ ဖူစစ်ကျင်း နားထဲသို့ ရှင်းလင်းစွာရောက်ရှိသွားသည်။

"လမ်းခွဲကြရအောင်၊ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကျွန်မတို့ တစ်ခါမှ မဆုံခဲ့ဖူးသလိုပဲ သဘောထားလိုက်ကြရအောင်”

"..."

အချိန်အတော်ကြာသွားသည်။ ယိယိသည် လှည့်ထွက်သွားခဲ့ပြီဖြစ်ရာ ကားဂိုဒေါင်တစ်ခုလုံးတွင် ဖူစစ်ကျင်း တစ်ယောက်တည်း ကြောင်စီစီဖြင့်ကျန်ရစ်ခဲ့တော့သည်။ သူသည် ပြတ်သားလှသော 'လမ်းခွဲစကား' ကြောင့် စိတ်ဝိညာဉ် လွင့်ထွက်သွားသကဲ့သို့ဖြစ်နေရှာသည်။

"တီ... တီ..."

ရုတ်တရက် ထွက်ပေါ်လာသော ကားဟွန်းသံကြောင့် သူ သတိပြန်ဝင်လာသည်။ ဖူစစ်ကျင်းသည် ဝေဝါးစွာဖြင့် ခေါင်းလှည့်ကြည့် လိုက်ရာ၊ ချင်ချင်လေးသည် ကားမှန်ပြတင်းပေါက်ကို မှီလျက် သူ့ကို စိုးရိမ်တကြီးကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဖူစစ်ကျင်း သူမကို သတိထားမိသွားသည်ကိုမြင်သည့်အခါ ချင်ချင်လေးသည် ကားထဲသို့အမြန်ဝင်ရန် လက် ယပ်ခေါ်တော့သည်။

ကားထဲတွင် ဖူဟန်သည် အတွင်းဘက်ဆုံးထိုင်ခုံတွင် မျက် စိမှိတ်၍ ထိုင်နေသည်။ ဖူစစ်ကျင်းကမူ ကားအရှေ့ဘက်တွင်ထိုင်လျက် တိတ်ဆိတ်စွာပင် ငေးမောနေဆဲဖြစ်သည်။ ချင်ချင်လေးသည် ဖူစစ်ကျင်းအနားသို့ တိုးကပ်သွားပြီး သူ့ကို စိုးရိမ်တကြီး ကြည့်နေသည်။

"စစ်ကျင်းလေး..."

သူမသည် ဖူစစ်ကျင်း၏လက်မောင်းကို အသာအယာ ပုတ်လိုက်ပြီး၊ ကလေးအသံလေးဖြင့် စိုးရိမ်တကြီး မေးရှာသည်— "စစ်ကျင်းလေး အဆင်ပြေရဲ့လား?"

"..."

ဖူစစ်ကျင်း ဘာမှ ပြန်မပြောသော်လည်း ချင်ချင်လေး၏ စကားစမြည် ပြောဆိုမှုများမှာ ရပ်တန့်မသွားပေ။

"ချင်ချင် အဲ့ဒီလှတဲ့ကျဲကျဲကို မမုန်းတော့ပါဘူး၊ သူ စစ်ကျင်းကို အရင်ကရိုက်ခဲ့လို့ ချင်ချင် စိတ်ဆိုးနေတုန်းပဲ ဆိုပေမဲ့၊ ကျဲကျဲက တောင်းပန်ခဲ့တယ်လေ၊ ပြီးတော့ စစ်ကျင်းကလည်း သူ့ကို ချစ်နေတဲ့ပုံဆိုတော့ ချင်ချင် သူ့ကို ခွင့်လွှတ်ပေးသင့်တာပေါ့”

သူမသည် တကယ်ပင် အလိုက်သိတတ်သော ကလေးလေးဖြစ်သည်။

"ငါက သူ့ကို ချစ်တယ် ဟုတ်လား?"

ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါမှ ဖူစစ်ကျင်းသည် အနည်းငယ်တုံ့ပြန်မှုရှိလာသည်။

သူသည် ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ အပြုံးမှာ ငိုမဲ့မဲ့ပုံစံထက်ပင် ပိုနာကျင်စရာကောင်းနေပြီး— "ကလေးဖြစ်တဲ့ မင်းတောင် အမှန်တရားကိုမြင်နိုင်တာပဲ၊ သူကတော့ ဘာလို့ ငါ့ကို မယုံရတာလဲ?" ဟု အက်ကွဲသောအသံဖြင့် ဆိုလိုက်သည်။

ချင်ချင်လေးသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး ဖူစစ်ကျင်းကို အချိန်အတော်ကြာစိုက်ကြည့်နေသည်။ ထို့နောက် သူ့ လက်ကလေးကို မြှောက်ကာ သူ့ မျက်ဝန်းထောင့်မှ မသိမသာစီးကျလာသော မျက်ရည်စကို အသာ အယာ သုတ်ပေးလိုက်သည်။

"ကျဲကျဲက မယုံတာမဟုတ်ပါဘူး၊ သူ ယုံပါတယ် စစ်ကျင်းက သူ့ကို အရမ်းအရမ်း ချစ်သလိုမျိုး၊ သူလည်း စစ်ကျင်းကို အရမ်းအရမ်း ချစ်တယ်ဆိုတာ သူ သိတာပေါ့”

ဖူစစ်ကျင်း နားမလည်မှာစိုးသဖြင့် ချင်ချင်လေးက သူမ ကိုယ်ပိုင်စကားလုံးများဖြင့် ရှင်းပြပြန်သည်— "ဒါက ချင်ချင်က ဦးဦး၊ အစ်ကိုကြီး၊ စစ်ကျင်းနဲ့ ရှောင်ချန်တို့ကို ချစ်သလိုမျိုးပေါ့၊ စစ်ကျင်းတို့က ချင်ချင်ရဲ့ချစ်ခြင်းမေတ္တာကို ခံစားလို့ရတယ်လေ၊ အပြန်အလှန်အားဖြင့် စစ်ကျင်းက ချင်ချင့်ကို ချစ်ရင်လည်း ချင်ချင် ခံစားလို့ရတာပဲ၊ အားလုံးက အချင်းချင်းချစ်ကြတဲ့အခါ ခံစားချက်တွေ ရှိလာတယ်၊ ခံစားချက်ဆိုတာ အလိမ္မာဆုံးကလေးလေးနဲ့ တူတယ်၊ သူတို့က ဘယ်တော့မှ မလိမ်တတ်ဘူး”

"သူက ငါ့ကို ချစ်တယ်လို့ယုံကြည်နေရင် ဘာလို့ ငါ့ကို ထားခဲ့ရတာလဲ?"

ဖူစစ်ကျင်း စိတ်ထဲရှုပ်ထွေးနေသည်။ သူ့ ကျိုးကြောင်းဆင်ခြင်မှုများက အဖြေတစ်ခုကို အတင်းအကျပ်ရှာဖွေနေမိသည်။

ထိုအဖြေမှာ သူ့ကို အချိန်အတော်ကြာအောင် နှိပ်စက်နေခဲ့သော အဖြေဖြစ်ကာ၊ ယိယိနှင့် မဆုံခင် သို့မဟုတ် ပိုင်စစ်ယိကို မသိခင်ကတည်းက သူ သိချင်နေခဲ့သော အဖြေလည်းဖြစ်သည်။

— သူ ချစ်ရသမျှသောသူတွေက ဘာကြောင့် သူ့ကို တစ်ယောက်ပြီးတစ်ယောက် ထားခဲ့ကြတာလဲ ?

ထိုသူ ပြောသလိုပင်၊ သူကဲ့သို့သော သူမျိုးသည် အချစ်နှင့် မထိုက်တန်တာကြောင့်လား ? မိသားစုအချစ်ဖြစ်စေ၊ ချစ်သူ အချစ်ဖြစ်ဖြစ်ပေါ့။

မမြင်နိုင်သော အမှောင်ထုတစ်ခုသည် ဖူစစ်ကျင်းကိုလွှမ်း ခြုံထားပြီး သူ့ သိစိတ်ကို အမှောင်ကမ္ဘာထဲသို့ ဆွဲခေါ်သွားတော့သည်။

သူသည် ရှေ့လျှောက်ရမည့် လမ်းကိုလည်းမမြင်ရတော့သလို၊ အလင်းရောင်ကိုလည်းမမြင်ရတော့ပေ။ မိမိကိုယ်ကိုယ် သိရှိနိုင်စွမ်းပင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။

ချင်ချင်လေး၏ ဘေးနားရှိ အပြင်လောကတွင် သူ့ သိစိတ်အစအနလေးတစ်ခုသာကျန်ရှိနေပြီး၊ နောက်ဆုံးသော မျှော်လင့်ချက်ကို ဆုပ်ကိုင်လျက် သူလေး အဖြေကိုနား ထောင်နေမိသည်။

"ဘာလို့လဲဆိုတော့ စစ်ကျင်းက အမှားတစ်ခုလုပ်ခဲ့လို့လေ၊ အစ်မကြီးရဲ့နှလုံးသားကို နာကျင်အောင်လုပ်ခဲ့တာ”

ချင်ချင်လေးသည် ဖူစစ်ကျင်း၏ထူးဆန်းသောအခြေ အနေကို သတိပြုမိသွားသည်။ သူမသည် အလိုအ လျောက်ကြောက်ရွံ့လာပြီး သူက သူမကို ထပ်မံထားခဲ့မည်ကို စိုးရိမ်သဖြင့် သူ့ လက်မောင်းကိုတင်းတင်းကျပ် ကျပ်ဆုပ်ကိုင်ထားမိသည်။ သို့သော် သူမ အမှန်တရားကိုတော့ ရိုးသားစွာပြောပြနေဆဲပင်။

"ငါ မှားခဲ့တာလား?"

ဟုတ်ပါသည်၊ သူ မှားခဲ့သည်။ လှည့်စားခြင်းဖြင့် စတင်ခဲ့သော အချစ်တစ်ခုမှာ ထာဝရတည်မြဲရန် သူ မည်သို့မျှော် လင့်ရဲပါမည်နည်း။

အမှောင်ထုမှာ ပိုမိုနက်ရှိုင်းလာတော့သည်။

"ဟုတ်တယ်"

ချင်ချင်လေး ဆက်ပြောပြသည်— "အရင်က ချင်ချင့်မှာ ယုန်ကလေးတစ်ကောင် ရှိဖူးတယ်၊ အိမ်နီးနားချင်း အန်တီက ပေးတာ၊ အမွေးလေးတွေက ဖြူဖွေးနေပြီး နားရွက်ရှည်ရှည်၊ မျက်လုံးလေးတွေက နီနီလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာ၊ ချင်ချင် ယုန်တွေကိုသိပ်ချစ်တာပဲ”

သူလေး တစ်ဖက်တွင်ရှိသော ဖူဟန်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ချင်ချင်ကိုကြည့်လိုက်သည်။

"ဒါပေမဲ့ နောက်တော့ အဲ့ဒီယုန်ကလေး သေသွားတယ်၊ အန်တီထင်းကတော့ ဒီယုန်ကလေးက အသက်မရှည်မယ့် ကံပါလာတာမို့လို့ သေတာဟာ သဘာဝပဲလို့ပြောပေမဲ့၊ ချင်ချင်ကတော့ အရမ်းဝမ်းနည်းပြီး အကြာကြီးငိုခဲ့ရတယ်”

ဖူဟန်သည် သူ့ဖုန်းကို ထုတ်လိုက်ပြီး အဖြူရောင်ယုန်ကလေးများကို ရှာဖွေလိုက်ရာ၊ အိမ်မွေးယုန်ဖြူလေးများ ရောင်းချသည့် အွန်လိုင်းအရောင်းဆိုင်များစွာ ချက်ချင်းပေါ်လာတော့သည်။

"နောက်တော့ အန်တီထင်းက ချင်ချင် အရမ်းဝမ်းနည်းပြီး ငိုနေတာကို မြင်တော့ ယုန်အသစ်တစ်ကောင် ဝယ်ပေးတယ်၊ ယုန်အသစ်ကလေးကလည်း အရမ်းချစ်ဖို့ကောင်းတာပဲ၊ အရင်ယုန်ကလေးနဲ့ အတိအကျတူတာ၊ အမွေးကလည်းဖြူ၊ နားရွက်ကလည်းရှည်၊ မျက်လုံးကလည်းနီပြီးတော့ အရင်ယုန်ကလေးထက်တောင် ပိုပြီးသွက်လက်သေးတယ်၊ သူက ချင်ချင့်အနားမှာ အကြာကြီးအဖော်ပြုပေးနိုင်မှာ”

သူသည် ဖုန်းစခရင်ကိုပွတ်ဆွဲကာ အဆင့်သတ်မှတ်ချက် အကောင်းဆုံးဆိုင်ကို ရွေးချယ်လိုက်ပြီး အဖြူရောင်ယုန်ကလေးတစ်ကောင်ချင်းစီကို သေသေချာချာရွေးနေမိ သည်။

"ဒါပေမဲ့ ချင်ချင် ခံစားမိတာက တစ်ခုခုတော့မှားနေပြီဆိုတာပဲ” ချင်ချင်လေးသည် သူ့ မျက်တောင်ရှည်ကြီးများကို ငုံ့ချလိုက်ပြီး မျက်ဝန်းထဲမှ ဝမ်းနည်းမှုများကို ဖုံးကွယ်ထားလိုက်သည်။

"သူက အရင်ယုန်ကလေး မဟုတ်ဘူး၊ အရင်ယုန်ကလေးကို ချစ်သလိုမျိုး ချင်ချင်က ယုန်အသစ်ကို မချစ်နိုင်ဘူး၊ ယုန်အသစ် ကလေးက ဒါကို ခံစားမိသွားတယ်၊ သူ အရမ်းဝမ်းနည်းသွားပြီး အစာလည်းမစား၊ ရေလည်းမသောက်တော့ဘူး၊ ရက်အနည်း ငယ်ကြာတော့ သူလည်း သေသွားပြန်ရော”

ဖူဟန်သည် ဖုန်းစခရင်ကို ရုတ်တရက်ပိတ်လိုက်ပြီး ဘေးရှိထိုင်ခုံပေါ်သို့ ဖုန်းကိုပစ်တင်လိုက်သည်။ ထို့နောက် ဘာမှမဖြစ်ခဲ့သည့်အလား ထိုင်ခုံအောက်မှ သတင်းစာကို ကောက်ယူကာ ဖတ်နေလိုက်တော့သည်။

"စစ်ကျင်းလေး... ယုန်နှစ်ကောင်လုံး သေသွားပြီ၊ ဘယ်သူ့မှာ အပြစ်ရှိတယ်လို့ ထင်သလဲ ?"

"ငါ မသိဘူး” ဖူစစ်ကျင်းသည် ထိုမေးခွန်းကိုမဖြေနိုင်ခဲ့ပေ။

"ချင်ချင့်မှာ အပြစ်ရှိတာ”

ချင်ချင်လေး သူ့ ဘာသာ အဖြေပေးလိုက်သည်— "ချင်ချင်က ယုန်အသစ်တစ်ကောင် ရခဲ့တဲ့အတွက် အရင်ယုန်ကလေးက အရမ်းဝမ်းနည်းသွားတယ်၊ ယုန်အသစ်ကလေးကလည်း ချင်ချင်က သူ့ကို အရင်ယုန်ကလေးကို ချစ်လို့သာ ချစ်တာဖြစ်ပြီး၊ အရင်ယုန်ကလေးကို တကယ်ချစ်သလိုမျိုး သူ့ကို မချစ်ဘူးဆိုတာ သိသွားတဲ့အတွက် သူလည်း အရမ်းဝမ်းနည်းသွားရတယ်”

"ဒါပေမဲ့ တကယ်တော့ ယုန်အသစ်ကလေး သေသွားတဲ့အခါမှာလည်း ချင်ချင် အကြာကြီးငိုခဲ့ရတာပါပဲ”

ချင်ချင်လေးသည် ဖူစစ်ကျင်း ဝေဝါးနေသော မျက်ဝန်းများကိုစိုက်ကြည့်ကာ အလွန်လေးနက်စွာပြောပြလိုက်သည်။

"ချင်ချင်က ယုန်နှစ်ကောင်လုံးကို ချစ်ပါတယ်၊ ဒါပေမဲ့ တစ်ကောင်က တစ်ကောင်ကို အစားထိုးလို့မရဘူး၊ သူတို့က မတူကြဘူးလေ တစ်ကောင်ကို တစ်ကောင်ရဲ့အစား ထိုးစရာအဖြစ်ပဲ သုံးမယ်ဆိုရင် နှစ်ကောင်လုံးဝမ်းနည်းရလိမ့်မယ်”

"ယုန်ကလေးတွေ ဝမ်းနည်းတယ်ဆိုရင် လှတဲ့ကျဲကျဲလည်း ဝမ်းနည်းနေမှာပေါ့”

ကလေးလေး ချင်ချင်သည် ဖူစစ်ကျင်းခေါင်းကိုပုတ်လိုက်ပြီး လူကြီးတစ်ယောက်၏ လေယူလေသိမ်းကို အတုယူကာ အားပါးတရပြောလိုက်သည်မှာ— "အားကျင်း မှားသွားပြီ၊ အားကျင်း ချစ်တဲ့လူကို တခြားသူနဲ့အစားထိုးလို့ မရဘူး”

"မင်းနဲ့ အဲ့ဒီမိန်းမ အမြန်ဆုံးလမ်းခွဲလိုက်စမ်း” သူ့ မှတ် ဉာဏ်ထဲမှ မြင်ကွင်းတစ်ခု ပြန်လည်ပေါ်လာရသည်။

လေယူလေသိမ်းချင်း မတူသလို၊ မြင်ကွင်းချင်း မတူသော် လည်း၊ ထူးဆန်းစွာပင် ယခုအချိန်တွင် ထိုအရာနှစ်ခုသည် ထပ်တူကျသွားပါတော့သည်။

All Chapters