← Chapters

🍼 Chapter 43 🍼 Qingqing faints from fright

Vol. 5 Ch. 43

🍼 Chapter 43 🍼 Qingqing faints from fright

Vol. 5 Ch. 43

ချင်ချင်လေး ခန္ဓာကိုယ်သေးသွားကတည်းက ဖူဟန်နှင့် ကူးလန်တို့သည် သူမ တည်နေရာကိုဖုံးကွယ်ရန် အစွမ်း ကုန်ကြိုးစားခဲ့ကြသည်။ ချင်ချင်လေးအတွက် တရားဝင်အဆင့်အတန်းတစ်ခု ဖန်တီးပေးရုံတင်မကဘဲ၊ ချင်ချင်လေး (ကူးချင်ချင်)မှာ ပြည်ပသို့ ခရီးထွက်နေသည်ဟူ သော အထင်အယောင်ကိုလည်း ဖန်တီးခဲ့ကြသည်။ မည် သူမှ အမှန်တရားကိုမသိစေရန် သူတို့ အစွမ်းကုန်ကြိုးစားခဲ့ကြခြင်းပင်။

ထိုသို့သော အခြေအနေမျိုးတွင် တစ်စုံတစ်ယောက်က ချင်ချင်လေးအား တိတ်တဆိတ် စုံစမ်းနေသည်ကို သူတို့ ချက်ချင်းသတိပြုမိသွားကြသည်။ သို့သော် ထိုသူမှာ ပိုင်ချီယွီဖြစ်နေသည်ကို သိလိုက်ရသောအခါ ဖူဟန့် မျက်နှာအမူအရာမှာ ခဏမျှထူးဆန်းသွားခဲ့သည်။

နောင်တွင် ပိုင်ချီယွီသည် သူ့အစ်မ အလယ်တန်း၊ အထက် တန်းမှသည် တက္ကသိုလ်အထိ အတန်းဖော်ဖြစ်ခဲ့ပြီး နှစ်ဦးသားမှာ အလွန်ရင်းနှီးခဲ့ကြသူများဖြစ်ကြောင်း သိလိုက်ရသောအခါ ကူးလန် မျက်နှာမှာလည်း ပြုံးစိစိဖြစ်သွားရတော့သည်။

သူ့အစ်မထံ ဤမျှရင်းနှီးသည့် ရည်းစားဟောင်းတစ်ယောက်ရှိနေမည်ဟု သူ မထင်ထားခဲ့ပေ။ သူ့ယောက်ဖ ဖူဟန်တစ်ယောက် ဘာကြောင့် ဤမျှထူးထူးခြားခြားပြုမူနေသည်မှာ မထူးဆန်းတော့ပေ။

အချစ်ပြိုင်ဘက်နှင့် တိုးနေခြင်းသာ! ထိုက်ပေသည်ဟု ကူးလန်တွေးမိသည်။

"ခင်ဗျားရဲ့တစ်ဖက်သတ် အချစ်ရေးတွေကြောင့် ကျွန်တော့် အစ်မမှာ ခင်ဗျားရဲ့ပရိသတ်တွေဆီကနေ နှစ်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ရတာ"

ကူးလန် သူ့အစ်မတွင် ပိုင်ချီယွီကဲ့သို့သော အမျိုးသားသူငယ်ချင်းဆယ်ယောက်ခန့်ရှိနေပြီး သူ့ယောက်ဖအား ဒေါသထွက်အောင် လုပ်နိုင်ရန်ပင် ဆုတောင်းနေမိသည်။ သို့မှသာ သူ့အစ်မထြစ်သူ ပိုက်ဆံအမြောက်အမြားနှင့် နောက်အိမ်ထောင်ပြုနိုင်ပြီး ထိုရူးသွပ်နေသောအမျိုးသမီး ရန်မှလည်း ကင်းဝေးနိုင်မည်ဖြစ်သည်။

သို့သော် ပိုင်ချီယွီမှာ သာမန်လူမဟုတ်ကြောင်း ကူးလန်နှင့် ဖူဟိန်တို့ ကောင်းကောင်းသိသည်။ သူတို့ မည်မျှပင် ဖုံးကွယ်ထားပါစေ ပိုင်ချီယွီ အမှန်တရားအား သိသွားရန်မှာ အချိန်တစ်ခုသာလိုအပ်သည်။ သူ သံသယဝင်နေပြီးသားဖြစ်သည်။

အမှန်တရားကို သိနိုင်ရန် ချင်ချင်လေး DNA ကို ယူပြီး ကူးယန့်ယွီနှင့် စစ်ဆေးကြည့်ရုံဖြင့်သိနိုင်သည်။ ချင်ချင်လေး၏ လူသိရှင်ကြားအဆင့်အတန်းမှာ မိခင်ဘက်မှ ဆွေမျိုးဟုပြောထားသဖြင့် မျိုးရိုးနာမည် "ကူး" ချင်းတူနေသော်လည်း ကူးယန်ယွီနှင့် သွေးသားတော်စပ်ရန်မဖြစ်နိုင်ပေ။

ထို့ကြောင့် ကူးလန်တို့မှာ ပိုင်ချီယွီအား အမှန်တရားအချို့ကိုထုတ်ပြောပြရန် ဆုံးဖြတ်လိုက်ကြသည်။ ပိုင်ချီယွီသည် ယုံကြည်စိတ်ချရသူဖြစ်ပြီး ချင်ချင်လေးအပေါ် ဘယ် တော့မှ အန္တရာယ်ပြုမည့်သူမဟုတ်ကြောင်း သူတို့ ယုံ ကြည်ကြသည်။

"ချင်ချင်... သူ ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံ ဖြစ်သွားရတာလဲ?"

ချင်ချင်လေး အမှန်တရားကို သိသွားပြီးနောက် ပိုင်ချီယွီမှာ ရင်ထဲတွင် မကောင်းဖြစ်ကာ သူလေးကိုကြည့်နေမိ သည်။ သူ မရှိသည့်အချိန်တွင် သူမ မည်မျှဒုက္ခရောက်ခဲ့ရသနည်း။

"ကျွန်တော်တို့လည်း အခုထိ မသိသေးဘူး" ကူးလန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါပြသည်။

"စုံစမ်းတာ ကြာပြီ၊ ဒါပေမဲ့ အကြောင်းရင်း ရှာမတွေ့ဘူး၊ တစ်ညတည်းနဲ့ ဘာအစအနမှမကျန်ဘဲ သေးသွားတာ"

"ဆရာသမားတွေနဲ့ရော မတိုင်ပင်ကြည့်ဘူးလား?" ပိုင်ချီယွီ မေးလိုက်သည်။

"လုပ်တာပေါ့၊ ဒါပေမဲ့ အများစုက လူလိမ်တွေ ဒါမှမဟုတ် ဘာမှမရှင်းပြနိုင်တဲ့သူတွေပဲ၊ ဆရာကောင်းဆိုတာ ပိုက်ဆံရှိတိုင်း၊ အာဏာရှိတိုင်း ငှားလို့ရတာမှမဟုတ်တာ၊ ဗုဒ္ဓ ဘာ သာ စကားနဲ့ ပြောရရင်တော့ 'ကံတရား' ပေါ်မှာပဲ မူတည်နေတာပေါ့"

ပိုင်ချီယွီ စကားလမ်းကြောင်းပြောင်းလိုက်ပြီး— "ချင်ချင့်ရဲ့ကိုယ်တွင်းပိုင်းမှာ ပြဿနာရှိနေတာမျိုးရော ဖြစ်နိုင်မလား ? တစ်ခုခု ထူးဆန်းတဲ့ ရောဂါမျိုးပေါ့" သိပ္ပံနည်းကျရှုထောင့်မှ သူ စဉ်းစားကြည့်သည်။

"တစ်ကိုယ်လုံး စစ်ဆေးမှုတွေ အကြိမ်ကြိမ်လုပ်ပြီးပါပြီ၊ အစီရင်ခံစာတွေအရ ချင်ချင်လေးက လုံးဝကျန်းမာနေတာပဲ၊ သူက သာမန်သုံးနှစ်အရွယ် ကလေးတစ်ယောက်လိုပဲ၊ အဲ့တာကြောင့် ပိုပြီးတော့ ပုံမှန်မဟုတ်သလို ခံစားနေရတာ"

ကူးလန် အသံကို နှိမ့်လိုက်ပြီး— "ဒါတွေကို ထားလိုက်ပါဦး၊ တစ်စုံတစ်ယောက်က ကျွန်တော့်အစ်မကို တိတ်တ ဆိတ် ခြိမ်းခြောက်နေတာကို ခင်ဗျား သိထားလား?"

ပိုင်ချီယွီသည် ချင်ချင်လေး၏ငယ်ဘဝတွင်အချိန်အတော်ကြာ ပါဝင်ခဲ့ဖူးသဖြင့် တစ်ခုခုသိနိုင်သည်ဟု သူ မျှော်လင့်နေမိသည်။

"တိတ်တဆိတ် ခြိမ်းခြောက်နေတယ် ဟုတ်လား ?" ပိုင်ချီယွီ မျက်နှာမှာ ချက်ချင်းတင်းမာသွားတော့သည်။

ပိုင်ချီယွီ အကြည့်များသည် အိမ်ထဲမှဆွဲထုတ်လိုက်သော ဓားတစ်လက်ကဲ့သို့ စူးရှသွားပြီး သူ့ အရှိန်အဝါကြောင့် ကူးလန်မှာ မသိမသာတင်းမာသွားကာ ကြက်သီးမွေးညင်းများပင် ထသွားရသည်။

"အခြေအနေက အတိအကျ ဘယ်လိုလဲ? ကျွန်တော့်ကို အသေးစိတ် ပြောပြပါ"

ထိုသူများ ဖြစ်နိုင်မလား? မဟုတ်သေးပါ၊ ထိုသူက ထောင်ထဲက မထွက်ရသေးဘူးလေ၊ သူ မဖြစ်နိုင်ပါဘူး။

“ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပဲ။ တစ်ဖက်လူက ဘယ်သူလဲဆိုတာ အခုထိ သေချာမသိသေးဘူး၊ သိရသလောက်တော့ အမျိုးသမီးတစ်ယောက်ပဲ၊ ဖူဟန့်ကို အရူးအမူးစွဲလမ်းနေတဲ့ ပရိသတ်တစ်ယောက်ပေါ့၊ ဖူဟန်နဲ့ ကျွန်တော့်အစ်မ လက်ထပ်ကတည်းက သူ အစ်မအပေါ် ရန် ငြိုးထားခဲ့တာ၊ ဆယ်ရက် တစ်ပတ်လောက်တစ်ခါ အစ်မဆီကို ပါဆယ်တွေ ပို့တတ်တယ်၊ အချို့ပါဆယ်တွေထဲမှာ ဖူဟန်နဲ့ တခြားမိန်းကလေးတွေရဲ့ဓာတ်ပုံတွေ၊ ကျိန်စာရေး ထားတဲ့ စာအိတ်တွေ ဒါမှမဟုတ် ထူးဆန်းတဲ့ပစ္စည်းတွေ ပါတတ်တယ်”

ဥပမာအားဖြင့် အပ်တွေစိုက်ထားတဲ့ အရုပ်တွေ၊ ဆေးနီတွေပေနေတဲ့ ဖိနပ်ဖြူတွေ၊ ကျိုးနေတဲ့ ဓားတွေနဲ့ ကွာရှင်းစာချုပ် မူကြမ်းတွေပေါ့။ သာမန်လူတစ်ယောက်အတွက်တောင် ဒီလိုပစ္စည်းတွေလက်ခံရတာ တုန်လှုပ်စရာကောင်း တာ၊ ချင်ချင်လေးကတော့ နှစ်ပေါင်း ၂၀ ကျော်လောက် ဒါတွေကို လက်ခံခဲ့ရခြင်းပင်။

ဒီဒဏ်တွေကို သူ ဘယ်လိုများ တောင့်ခံခဲ့ပါလိမ့်?

အိမ်ဆောက်ကစားစရာ အတုံးလေးများနှင့် အမိုးကို ဂရု တစိုက် ဆောက်နေသည့် ချင်ချင်လေးအားကြည့်ရင်း ကူးလန် စိတ်ထဲလေးလံသွားရသည်။

မဟုတ်မှလွဲရော... သူ့စိတ်တွေက တကယ်ပြိုလဲသွားခဲ့လို့ ဒီလိုပုံစံ ဖြစ်သွားတာလား? အပြစ်ကင်းစင်ပြီး ပူပန်မှုမရှိတဲ့ ကလေးဘဝကပဲ သူ့အတွက် အလုံခြုံဆုံး ဖြစ်နေလို့လား?

---

"ပြီးပြီ!"

ချင်ချင်လေးက ပျော်ရွှင်စွာ လက်ခုပ်တီးပြီး အောင်ပွဲခံလိုက်ကာ၊ နျန်ကောဆီကနေ ချီးကျူးစကားကြားရဖို့ ဂုဏ်ယူဝင့်ကြွားစွာ မတ်တတ်ရပ်လိုက်သည်။

"ချင်ချင်လေး တကယ်တော်တာပဲ!"

"ဟီးဟီး... သိပ်လည်း မဟုတ်ပါဘူး၊ နည်းနည်းပါပဲ။"

"အရှက်မရှိတဲ့ ကလေးလေး"

ကူးလန် တိုးတိုးလေး ရယ်မောလိုက်ပြီး ချင်ချင်လေးကို နူးညံ့စွာ ကြည့်လိုက်သည်။

"တကယ်တော့ သူ ပြန်မကြီးလာနိုင်တော့ဘူးဆိုရင်တောင်၊ ဒီလို တစ်ခါပြန်ပြီး ကြီးပြင်းလာရတာက သိပ်မဆိုးပါဘူး"

ဤသည်မှာ ကူးလန် ရင်ထဲမှလာ‌သော အမှန်တရားဖြစ်သော်လည်း သူ နှုတ်မှထုတ်မပြောလိုက်မိပါ။ သို့သော် သူနှင့်ထပ်တူထပ်မျှ တွေးနေသည့် လူတစ်ယောက်ရှိနေသည်ကို သိလိုက်ရသဖြင့် အံ့သြစွာလှည့်ကြည့်လိုက်မိသည်။

"သိပ်မအံ့သြပါနဲ့"

ကူးလန် အကြည့်ကို သတိပြုမိသွားသဖြင့် ပိုင်ချီယွီ သူ့ လက်ပတ်နာရီကို အသာအယာ ပြန်ပြင်လိုက်သည်။

"ချင်ချင်ရဲ့ ကလေးဘဝက... သိပ်မကောင်းခဲ့ဘူးထင်တယ်၊ ကျွန်တော် သူနဲ့ စတွေ့ကတည်းက သူ မိသားစုအကြောင်းပြောရင် သူ့ မျက်နှာမှာ စိတ်ပျက်တဲ့အရိပ်အ ယောင်တွေကို ခဏခဏတွေ့ရတတ်တယ်၊ အဲ့ဒီတုန်းက သူ တကယ်ပျော်ခဲ့တဲ့ အချိန်က ရှားတယ်၊ သူ့ ဘဝမှာ တကယ်ပျော်ခဲ့ရတဲ့ အချိန်ဆိုတာ..."

တက္ကသိုလ်တက်နေတုန်း သူမ မိသားစုက စီးပွားရေးအရ လက်ထပ်ပေးဖို့ စီစဉ်ပေးခံရတဲ့အခါ၊ သူမ တိတ်တဆိတ်ချစ်နေရတဲ့သူက သူမနဲ့ လက်ထပ်ရမယ့်သူ ဖြစ်နေတဲ့ အချိန်ပေါ့။

ထိုစဉ်က ပိုင်ချီယွီသည် ဤလက်ထပ်မှုကို အပြင်းအထန် ကန့်ကွက်ခဲ့ဖူးသည်။ ပိုင်မိသားစုမှာ မချမ်းသာသည် မဟုတ်၊ ကူးမိသားစုနှင့် ဂုဏ်ဒြပ်ချင်းတူသည်။ အရေး ကြီးဆုံးမှာ သူ ကူးချင်ချင်အား ချစ်သော်လည်း ဖူဟန်ကမူ မချစ်ခြင်းပင်။

မချစ်တဲ့သူနဲ့ လက်ထပ်ရတာ သူ တကယ်ပျော်နိုင်ပါ့မလား ?

ကံမကောင်းစွာဖြင့် ထိုစဉ်က ချင်ချင့် သဘောထားမှာ အလွန်ခိုင်မာခဲ့သည်။ သူမသည် သူ့ကို ငြင်းပယ်ခဲ့ရုံတင်မကဘဲ ဖူဟန့်ကိုသာ လက်ထပ်ချင်ခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ဦးစကားများပြီး လမ်းခွဲခဲ့ကြခြင်းဖြစ်သည်။ သူ ချစ်ရသောအမျိုးသမီး အခြားတစ်ယောက်နှင့် လက်ထပ်သည်ကိုမကြည့်ရက်သဖြင့် မိသားစုစီစဉ်မှုအတိုင်း စစ်တပ်ထဲဝင်ကာ အတိတ်နှင့် ဝေးရာသို့ထွက်ခွာခဲ့သည်။

[T/N:ဒီနေရာမှာ လမ်းခွဲတာက သူငယ်ချင်းဆက်ဆံရေးကို ရပ်တန့်လိုက်တာကိုပြောတာပါ]

နှစ်အတော်ကြာပြီး စစ်တပ်မှထွက်လာသောအခါ၊ သာယာချမ်းမြေ့သည့် အိမ်ထောင်ရေးနှင့် ပျော်ရွှင်နေသော အမျိုး သမီးတစ်ဦးကိုမြင်ရမည်ဟု မျှော်လင့်ခဲ့သော်လည်း၊ ယခုတွေ့လိုက်ရသည်မှာ ဒဏ်ရာအနာအဆာများဖြင့် ပြည့်နေသည့် ကလေးငယ်တစ်ဦးသာ။

ဘယ်လောက်တောင် နာကျင်ခဲ့ရလို့များ ပြတ်သားတဲ့ လူကြီးတစ်ယောက်က အတိတ်ကိုပြန်မသွားချင်တော့ဘဲ အပြစ်ကင်းတဲ့ ကလေးဘဝကို ရွေးချယ်ခဲ့ရတာလဲ ?

"ဒါကြောင့်... သူ့ကို ဒီအတိုင်း အသစ်ကနေပြန်စခိုင်းတာကပိုကောင်းမယ်လို့ ကျွန်တော် ထင်တယ်၊ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းနဲ့ဆိုရင် အနည်းဆုံးတော့ သူ့ကိုပျော်ရွှင်တဲ့ ကလေးဘဝတစ်ခု ပေးနိုင်တာပေါ့"

“ငှက်ကလေးလား ?”

ကစားစရာများနှင့် ဆော့နေသည့် ချင်ချင်လေး ရုတ်တ ရက်မော့ကြည့်လိုက်ပြီး ဝရန်တာဘက်ကို စိုက်ကြည့်နေသည်။ သူ အမြန်ထရပ်လိုက်ပြီး ကစားစရာအတုံးတွေကိုကျော်ကာ ဝရန်တာဆီ ပြေးသွားတော့သည်။

“ချင်ချင်!” ပိုင်ချီယွီ အမြန်ဆုံး တုံ့ပြန်လိုက်သည်။

ကျားသစ်တစ်ကောင်ကဲ့သို့ အဟုန်ဖြင့် ပြေးသွားကာ ချင်ချင်လေးအား အနောက်မှ လှမ်းဖမ်းလိုက်ပြီး၊ သူမကို ပွေ့ချီကာ ဝရန်တာနှင့် ဝေးရာသို့ခေါ်ဆောင်သွားသည်။ ကလေးတစ်ယောက်အတွက် ဝရန်တာသည် အလွန်အန္တရာယ်များလှသည်။

'ဖုန်း!'

ချင်ချင်လေးကို ပွေ့ချီလိုက်စဉ် တစ်ခုခုမြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ခြေတစ်လှမ်း နောက်ကျပြီးရောက် လာသော ကူးလန်သည် အလိုအလျောက် အောက်သို့ ငုံ့ကြည့်လိုက်ရာ၊ သူ့မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလို ပျက်ယွင်းသွားတော့သည်။

“ဒီနေ့မနက်က ပါဆယ်ထုတ်ပဲ!”

ပါဆယ်ပေါ်မှာ ရေးထားသည့် နာမည်ကိုကြည့်ပြီး ကူးလန် တစ်ယောက် လုံးဝမှားစရာအကြောင်းမရှိပါ။

“မကိုင်နဲ့!”

ပါဆယ်ကို ကောက်ဖို့ပြင်နေသည့် ကူးလန် လက်ကိုတားလိုက်ပြီး ပိုင်ချီယွီ ချင်ချင်လေးအား ကူးလန်ရင်ခွင်ထဲ အတင်းထိုးထည့်ပေးလိုက်သည်— “ချင်ချင်နဲ့ နျန်ကောကို အပြင်ခေါ်သွား၊ ပြီးရင် ရဲကို ဖုန်းဆက်လိုက်”

ဒီပါဆယ်ထဲမှာ အန္တရာယ်ရှိသောပစ္စည်းများ ပါလာနိုင်တာကြောင့် အစစအရာရာ သတိထားဖို့လိုသည်။ ပါဆယ်ထဲမှ အချိန်ကိုက်ဗုံးလိုမျိုး စက္ကန့်တွက်သံတွေ မကြားရသဖြင့် ပိုင်ချီယွီ အနည်းငယ် စိတ်သက်သာရာရသွားသည်။

အခြေခံကာကွယ်ရေးတွေ လုပ်ပြီးတဲ့နောက်မှာတော့ သူ ပါဆယ်ကို ဂရုတစိုက်ဖွင့်ကြည့်လိုက်သည်။ အထဲမှာ အသံဖမ်းစက် voice recorder တစ်လုံး ရှိနေသည်။

ပါဆယ်ပွင့်သွားသည်နှင့် အလိုအလျောက် ပွင့်လာအောင် စီစဉ်ထားပုံရပြီး ထိုစက်ထဲမှနေ၍ စက်ရုပ်သံလိုတုန်ခါနေသည့် အသံတစ်သံထွက်ပေါ်လာသည်။ ကျား၊ မ ခွဲခြားလို့မရဘဲ အေးစက်စက်နှင့် ကြောက်စရာကောင်းလှသော ထိုအသံမှာ မြွေဟောက်တစ်ကောင်၏လျှာသံကဲ့သို့ တရှူးရှူး မြည်နေသည်။

စကားတစ်ခွန်းတည်းသာ ထွက်လာသည်— “ရှာတွေ့သွားပြီ”

“အားးးးးး...”

တံခါးအပြင်ဘက်မှ ချင်ချင်လေး၏ စူးစူးဝါးဝါးအော်သံကြီးထွက်ပေါ်လာသည်။ ထို့နောက် ကူးလန်၏အလန့်တ ကြား အော်ဟစ်သံနှင့် နျန်ကော ကြောက်လန့်တကြားငိုသံတို့သာ ဆက်တိုက်ဆိုသလိုထွက်လာတော့သည်။

ပိုင်ချီယွီ အပြေးအလွှားထွက်ကြည့်လိုက်သောအခါ ကူးလန် ရင်ခွင်ထဲတွင် မျက်နှာလေးဖြူလျော့ပြီး သတိလစ်နေသော ချင်ချင်လေးအား တွေ့လိုက်ရသည်။

“လူနာတင်ကား ခေါ်ပေးပါဦး!”

ကူးလန် အသံမှာ စိုးရိမ်လွန်းသဖြင့် အက်ကွဲနေသည်။ ပိုင်ချီယွီသည်လည်း တုန်ရင်နေသောလက်များဖြင့် အရေးပေါ်ဖုန်းနံပါတ်ကို ချက်ချင်းနှိပ်လိုက်တော့သည်။ မကြာခင်မှာပင် လူနာတင်ကားရောက်ရှိလာပြီး သတိလစ်နေသော ချင်ချင်လေးအား တင်ဆောင်သွားတော့သည်။

တိတ်ဆိတ်နေသော ဆေးရုံစင်္ကြန်လမ်းတွင် အပြေးအ လွှားခြေသံများဖြင့် ပဲ့တင်ထပ်လာသည်။ ပိတ်ထားသော လူနာဆောင်တံခါးကြီး ရုတ်တရက်ပွင့်သွားပြီး ဖူမိသားစုမှ အမျိုးသားသုံးဦးမှာ ဖရိုဖရဲပုံစံများဖြင့် ပေါ်လာကြသည်။

“ချင်ချင်လေး ဘယ်လိုနေသေးလဲ ?”

အပြေးအလွှားလာခဲ့ရသဖြင့် အမောမပြေသေးသော ဖူဟန်က အရင်ဆုံးမေးလိုက်သည်။

“အခုတော့ အဆင်ပြေသွားပါပြီ၊ ဆရာဝန်ပြောတာတော့ သူ ရုတ်တရက် အရမ်းလန့်သွားပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြောင့် သတိလစ်သွားတာတဲ့”

ကူးလန်သည် ချင်ချင့် ခုတင်ဘေးတွင်ထိုင်ရင်း သူမ၏ အေးစက်နေသော လက်ကလေးကိုတင်းတင်းဆုပ်ကိုင်ထားသည်။ သူ့ မျက်ဝန်းများမှာလည်း ငိုထားသဖြင့် နီရဲလို့နေ၏။

“ဘယ်သူလဲ ? ဘာလို့ သူ့ကို ဒီလောက်အထိ ဒုက္ခပေးနေရတာလဲ!”

ဖူစစ်ချန်မှာ ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဂယောက်ဂယက် ဖြစ်နေသည်။ သူ့ချင်ချင်လေးကို ထိခိုက်အောင်လုပ်သည့်သူကို ရှာမတွေ့သေးတာကြောင့် ဒေါသတကြီးဖြင့် ဟိုဟိုဒီဒီလမ်းလျှောက်နေမိသည်။

“ရဲတွေကတော့ ပါဆယ်ပို့တဲ့ လိပ်စာကို စစ်ဆေးနေပြီလို့ ပြောတယ်။ ကျွန်တော့်ဘက်က လူတွေလည်း ဘယ်သူပို့တာလဲဆိုတာကို ဝိုင်းပြီးစုံစမ်းပေးနေပါတယ်” ဟု ပိုင်ချီယွီ အေးစက်စက်မျက်နှာဖြင့် ပြောလိုက်သည်။

နျန်ကောအား သူ့မိဘများထံ ပြန်ပို့ပေးလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ယခုအခါ ချင်ချင်လေး လူနာခန်းထဲ အမျိုး သားငါးဦးရှိနေပြီး အားလုံး၏မျက်နှာများမှာ မှောင်မှိုင်နေကြတော့သည်။

All Chapters