← Chapters

🍼 Chapter 44 🍼 Qingqing's Program

Vol. 5 Ch. 44

🍼 Chapter 44 🍼 Qingqing's Program

Vol. 5 Ch. 44

ချင်ချင်လေး နောက်တစ်နေ့တွင် နိုးလာခဲ့သည်။

သူမသည် ဝေဝေဝါးဝါးဖြင့် မျက်လုံးပွင့်လာပြီး အပေါ်က အဖြူရောင်မျက်နှာကြက်ကို စိုက်ကြည့်နေမိသည်၊ ပိုးသတ် ဆေးနံ့များကလည်း သူ့ နှာခေါင်းထဲသို့ တိုးဝင်လာ၏။ သူ မျက်တောင်ကို တစ်ချက်၊ နှစ်ချက် ခတ်လိုက်သည်။

သူ့အမြင်အာရုံထဲတွင် ခေါင်းကြီးငါးလုံး ရုတ်တရက် ပေါ်လာသည်— တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ သူတို့ အရမ်းနီးကပ်လွန်းသဖြင့် ချင်ချင်လေးမှာ ဘယ်သူဘယ်ဝါမှန်းမခွဲခြားနိုင်ဘဲ အနည်းငယ်ကြောက်လန့်သွားရသည်။

သူမ၏ ထိတ်လန့်နေသော အမူအရာကိုမြင်လိုက်ရသော အခါ ကူးလန်က ချက်ချင်းမျက်မှောင်ကြုတ်လိုက်ပြီး ကျန်အမျိုးသားလေးဦးကို ယင်ကောင်များမောင်းသလို လက်ယပ်မောင်းထုတ်လိုက်တော့သည်။

"ဖယ်ကြစမ်း၊ အားလုံး ဖယ်ပေးကြ! ခင်ဗျားတို့ ဒီမှာ ဘာလုပ်နေကြတာလဲ ? ငါတို့ ချင်ချင်လေးကိုလန့်အောင် လုပ်နေကြတာပဲ"

"မားက ကျွန်တော်တို့ မိသားစုပဲဟာကို..." ဖူစစ်ချန်က အမောင်းထုတ်ခံရသဖြင့် မကျေမနပ်နှင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

သို့သော် ကူးလန်မှ စူးစူးဝါးဝါး စိုက်ကြည့်လိုက်သောအခါ သူ ချက်ချင်း နောက်သို့ဆုတ်သွားပြီး အားနာသလိုပြုံးပြကာ သူ့နှုတ်ခမ်းနားတွင် ဇစ်ပိတ်သည့် အမူအရာလုပ်ပြလိုက်ပါတော့သည်။

ကျွန်တော် ပါးစပ်ပိတ်ထားပါ့မယ်၊ ပိတ်ထားပါ့မယ်။

"တိတိ" ခေါင်းကြီးများ ဖယ်သွားသည်နှင့် ချင်ချင်လေးသည် သူ့အရှေ့တွင် ရှိနေသူကို ချက်ချင်းမှတ်မိသွားသည်။ သူမသည် သွားလေးပေါ်အောင်ဖြီးပြရင်း တခိခိ ရယ်မောလိုက်တော့သည်။

ထိုအပြစ်ကင်းစင်သော အပြုံး၊ ညှိုးငယ်မှုကင်းသော အမူ အရာမှာ မည်သည့်ကြောက်ရွံ့မှုမှမရှိတော့သလို ယခင်ကကဲ့သို့ပင် တက်ကြွလန်းဆန်းနေဆဲပင်။

တစ်ခုခုတော့ မှားနေပြီ။ ဖူဟန်က အစမ်းသဘောဖြင့် ချင် ချင်လေး၏ဆေးသွင်းမထားသော အခြားလက်တစ်ဖက်ကို အသာအယာ ဆုပ်ကိုင်လိုက်ရာ ချင်ချင်လေးချက်ချင်း ပြန်ဆွဲထုတ်လိုက်သည်။ သို့သော် ၎င်းမှာ အကူအညီတောင်းနေသည့် ကလေးတစ်ယောက်၏ တင်းမာသော အမူအရာမျိုးမဟုတ်ဘဲ လွတ်လပ်ပြီး ယုံကြည်မှုရှိသည့် ရုန်းကန်မှုမျိုးသာ။

"ချင်ချင်၊ မနေ့က ဘာဖြစ်ခဲ့လဲဆိုတာ မှတ်မိလား?"

ဤမေးခွန်းက လူတိုင်းကို သတိရှိသွားစေသည်။ သူတို့ သည် ချင်ချင်လေး၏အဖြေကို ရင်တထိတ်ထိတ်ဖြင့် စောင့်ဆိုင်းနေကြ၏။

"မနေ့ကလား ?" ချင်ချင်လေး၏အပြစ်ရှိသလို ဖြစ်နေသော မျက်လုံးလေးများမှာ ဟိုကြည့်ဒီကြည့်နှင့် ကောင်း ကင်ကို ကြည့်လိုက်၊ မြေကြီးကိုကြည့်လိုက် လုပ်နေပြီး ဖူဟန့်အကြည့်ကို ရှောင်လွှဲနေသည်။

ဖူဟန် မလွှတ်တမ်း စိုက်ကြည့်နေသဖြင့် သူမ အမှန်တရားကို တိုးတိုးလေးထစ်ထစ်အအဖြင့် ဝန်ခံလိုက်ရသည်— "ချင်ချင်... ချင်ချင် ရန်ဖြစ်မိလို့ပါ"

သူ့ မိဘများ အခေါ်ခံရပြီးနောက် အိမ်အပြန်လမ်းတွင် ဖူဟန့် ဆူပူမှုကို ခံနေရစဉ် သူမ အိပ်ပျော်သွားခဲ့ခြင်းဖြစ် သည်။ သူ အခု အရိုက်ခံရတော့မှာလား? အလိုအလျောက်ပင် ချင်ချင်လေးမှာ နောက်သို့ဆုတ်သွားပြီး စောင်အောက်ထဲ သူ့ကိုယ် သူ ဂရုတစိုက် ဝှက်ထားလိုက်တော့သည်။

ချင်ချင့် တင်ပါးလေးကို စောင်အောက်ထဲအနက်ကြီး ဝှက် ထားသရွေ့တော့ ဦးဦး သူ့ကို ရိုက်လို့ရမှာ မဟုတ်ဘူး!

မျှော်လင့်ထားသည့် ဆူပူကြိမ်းမောင်းသံများ ထွက်မလာဘဲ ဤစကားကို ကြားလိုက်ရချိန်တွင် လူတိုင်းမျက်နှာအမူအရာများမှာ သိသိသာသာပြောင်းလဲသွားကြသည်။ ဖူစစ်ကျင်းနှင့် ဖူစစ်ချန် ညီအစ်ကိုနှစ်ဦးမှာမူ ဆရာဝန်ခေါ်ရန် အပြေးအလွှားထွက်သွားကြတော့သည်။

အဖြူရောင် ဝတ်စုံဝတ်ထားသော ဆရာဝန်ရောက်လာပြီး ချင်ချင်လေးကို စစ်ဆေးကြည့်သောအခါ သူ့ တင်းမာနေသော မျက်နှာမှာ အနည်းငယ်ပြေလျော့သွားသည်။

"ဆရာ ကလေး ဘယ်လိုနေလဲ ?" ဖူဟန့် အေးစက်သော မျက်ခုံးများကြားတွင် စိုးရိမ်စိတ်များပြည့်နှက်နေသည်။

သုံးရက်စာ မှတ်ဉာဏ်များပျောက်ဆုံးသွားခြင်းက ချင်ချင်လေး အသက်အရွယ်မှာ ထပ်မံနောက်ပြန်ဆုတ်သွားခြင်းကို ဆိုလိုတာလား? သူ အကောင်းမြင်ရန် ကြိုးစားသော် လည်း ချင်ချင်လေးအပေါ် ဖြစ်ပျက်နေသည့် အဖြစ်အ ပျက်များက သူ့အားစိတ်အေးလက်အေး မရှိစေပေ။

သူ့ဇနီးသည်မှာ အယ်လ်ဇိုင်းမားဝေဒနာရှင်များကဲ့သို့ တဖြည်းဖြည်းနှင့် သူ့ကိုယ် သူ မေ့လျော့ကာ မသိနားမလည်သော နို့စို့ကလေးတစ်ယောက်ဖြစ်သွားပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားမည်ကို သူ အလွန်ကြောက်ရွံ့နေမိသည်။ ဤဝေဒနာမှာ ဘေးနားရှိ လူများအတွက် အကြီးမားဆုံးသော နာကျင်မှုပင်။

ကံကောင်းစွာဖြင့် ဆရာဝန်၏ရောဂါရှာဖွေမှုက သူ့ကို မျှော်လင့်ချက် ပြန်ပေးလိုက်သည်။

"စိုးရိမ်စရာ မရှိပါဘူး၊ ကလေးရဲ့ ဦးနှောက်က နာကျင်စရာကောင်းတဲ့ မှတ်ဉာဏ်တွေကို ဖျောက်ဖျက်ပစ်လိုက်တဲ့ 'Stress Response Mechanism' (စိတ်ဖိစီးမှု တုံ့ပြန်မှု ယန္တရား) ကိုအလိုအလျောက် အသက်သွင်းလိုက်တာပါ"

၎င်းမှာ ရွေးချယ်ပြီး မှတ်ဉာဏ်ပျောက်ဆုံးခြင်းသာဖြစ်ပြီး၊ အသက်အရွယ် နောက်ပြန်ဆုတ်ခြင်း မဟုတ်ပေ။

လူတိုင်း သက်ပြင်းချနိုင်သွားကြပြီး ဆရာဝန်ကို ကျေးဇူး တင်စကားများပြောကာ ပြန်ပို့လိုက်ကြသည်။ ထို့နောက် ချင်ချင်လေးကို ဝိုင်းအုံကာ ဂရုတစိုက်ကြည့်ရှုကြတော့ သည်။ ချင်ချင်လေး၏ မျက်နှာမှာဖြူလျော့နေဆဲဖြစ်ပြီး၊ သေးငယ်သော ဆေးရုံဝတ်စုံနှင့် သူ့ ခန္ဓာကိုယ်လေးအား ကြည့်ရသည်မှာ စိတ်မကောင်းစရာပင်။

ဒုက္ခခံခဲ့ရသော ကလေးမလေးမှာမူ လူကြီးများကို စိုးရိမ်မနေရန် လူကြီးဆန်ဆန်ပြန်လည်နှစ်သိမ့်နေရှာသည်။ သူမသည် အတန်းဖော်များနှင့် ရန်ဖြစ်ခဲ့၍ ဒဏ်ရာရ၍ ဆေးရုံရောက်နေသည်ဟုသာ ထင်နေသည်။ သူ မည်သည့်နေရာမှ မနာသော်လည်း ဤသည်မှာ အတွင်းကြေ ဒဏ်ရာဖြစ်နိုင်သည်ဟု သူ တွေးနေမိသည်။

တီဗီဇာတ်လမ်းတွဲများထဲကလို တစ်ဖက်လူကို လက်သီးတစ်ချက်တည်းနှင့် အဝေးကြီး လွင့်ထွက်သွားအောင် လုပ်နိုင်သည့် ပညာမျိုးများလား ?

ချန်ချီနှင့် အခြားသူများမှာ သာမန်လူအယောင်ဆောင်ထားသည့် သိုင်းလောကမှ ထူးချွန်ထက်မြက်သည့် တပည့်များ ဖြစ်နိုင်သည်၊ သူတို့၏ပညာရပ်များကို လူမသိအောင် ဖုံးကွယ်ထားခြင်းသာ ဖြစ်လိမ့်မည်ဟု ချင်ချင်လေး တွေးနေမိသည်။

"ဟား ဟား ဟား ဟား..."

ချင်ချင်လေး၏ မယုံနိုင်စရာကောင်းလှသော စိတ်ကူးယဉ်အတွေးများကို ကြားလိုက်ရသောအခါ ဖူစစ်ချန်မှာ မအောင့်နိုင်တော့ဘဲ လူနာခုတင်ဘေးတွင် လဲကျသွားသည်အထိ အားရပါးရရယ်မောပါတော့သည်။ ကလေးတစ်ယောက်၏ စိတ်ကူးယဉ်နိုင်စွမ်းကို သူ တကယ်သြချရလောက်သည်၊ ဤမျှ ရယ်စရာကောင်းသည့်အရာကို သူ ဘယ်လိုများ တကယ်ယုံကြည်နေရသနည်း။

နောင်တစ်ချိန်တွင် သူမ ပြန်ကြီးလာခဲ့လျှင် ဤအချက်မှာ သူမအတွက် အရှက်ရစရာ အမည်းစက်တစ်ခုဖြစ်သွားမှာကို သူမ မစိုးရိမ်ဘူးလား? အကယ်၍ သူ့မားသာ နောင်တစ်ချိန် ပြန်ရောက်လာမည်ဆိုပါက ဖူစစ်ချန်သည် ဤမှတ်တမ်းကို ဗီဒီယိုရိုက်ထားချင်စိတ်ပင် ပေါက်သွားသည်။ သို့မှသာ ချင်ချင်လေးကို တစ်နှစ်ပတ်လုံး ဤအ ကြောင်းပြချက်ဖြင့် စနောက်နေနိုင်မည် မဟုတ်ပါလား ?

"ဟွန့်!"

ရှက်စရာကောင်းသည့် အခိုက်အတန့်ကို ဗီဒီယိုအရိုက်မခံရသော်လည်း ဖူစစ်ချန်မှာ သူ့အား လှောင်ပြောင်နေသည်ကို ချင်ချင်လေး သိလိုက်သည်။ သူ ချက်ချင်းဆိုသလို စိတ်ကောက်ကာ ဟိုဘက်လှည့်သွားပြီး သူ့အား ဂရုမစိုက်တော့ပေ။

နောက်ဆုံးတွင် တစ်ခုခုမှားနေပြီဟု သိလိုက်သော ဖူစစ်ချန်မှာ ပြုံးပြရင်း၊ ကစားစရာများနှင့် မုန့်များဝယ်ပေးမည်ဟု ကတိပေးကာ သူမ စိတ်ကျေနပ်သွားသည်အထိ အပူ တပြင်းချော့မြှူလိုက်ရသည်။ ဤတစ်ကြိမ်တွင် ချင်ချင်လေးမှာ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မဟုတ်သဖြင့် ဆေးရုံတွင် နှစ်ရက်ခန့်သာ နေလိုက်ရပြီး အိမ်သို့ပြန်ခေါ်လာခဲ့သည်။

ဆေးရုံမှဆင်းလာပြီဆိုလျှင် ကျောင်းပြန်တက်ဖို့မှာ ရှောင် လွှဲ၍မရသော ကိစ္စပင်။ သို့သော် ကလေး၏လုံခြုံရေးအတွက် ကူးလန်က ကျောင်းနှင့် ဆက်သွယ်ကာ ချင်ချင်လေးကို ကိုယ်ရံတော်နှစ်ဦးနှင့်အတူ ကျောင်းတက်ရန် ခွင့်ပြုချက်တောင်းခံခဲ့သည်။ ကိုယ်ရံတော်များမှာ စာသင် ခန်းအပြင်ဘက်မှသာ စောင့်ကြပ်ရမည်ဖြစ်ပြီး ကလေးများ၏သင်ခန်းစာများကို နှောင့်ယှက်ခွင့်မရှိပေ။

ဤကဲ့သို့သော ထိပ်တန်းမူကြိုကျောင်းမျိုးတွင် လုံခြုံရေးမှာ အစကတည်းက တင်းကျပ်ပြီးသားဖြစ်သော်လည်း ယခုအခါ ပရော်ဖက်ရှင်နယ် ကိုယ်ရံတော်များပါထပ်တိုးလိုက်သဖြင့် ချင်ချင်လေးမှာ သံမဏိခံတပ်ကြီးအတွင်း ရှိနေသကဲ့သို့ အကာအကွယ်အပြည့် ရရှိသွားတော့သည်။

၎င်းအပြင် သူမမှာ နောက်ဆုံးပေါ် စမတ်နာရီတစ်လုံးကိုလည်း ဝတ်ဆင်ထားသည်။ အရေးပေါ်အခြေအနေတွင် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် မိဘများထံ အချက်ပေးစနစ် ရောက်ရှိမည်ဖြစ်ကာ တည်နေရာကိုလည်းတိုက်ရိုက်ကြည့် ရှုနိုင်သည်။

နာရီတစ်လုံးတွင် မိသားစုဝင် ၅ ဦးအထိ ချိတ်ဆက်ထားနိုင်သော်လည်း ချိတ်ဆက်ထားသည့် အစဉ်အလိုက် (Ranking) နှင့် ပတ်သက်ပြီး ဤလူကြီး ၅ ဦးမှာ ရန်ဖြစ်နေကြပြန်သည်။ ဖူညီအစ်ကိုနှစ်ဦးမှာ မျိုးဆက်သစ်များဖြစ်သဖြင့် အလိုအလျောက် အောက်ဆုံးသို့ရောက်သွားကြသည်။

ကျန်ရှိသော သုံးဦးမှာတော့ ထိပ်တန်းတိုက်ပွဲပင်။ ကူးလန်မှာမောင်အရင်းဖြစ်သဖြင့် သွေးသားတော်စပ်မှုတွင် အနီးစပ်ဆုံးဖြစ်သည်။ ဖူဟန်မှာမူ တရားဝင်ခင်ပွန်းဖြစ်သဖြင့် ပိုခိုင်မာသည့် နေရာတွင်ရှိနေသည်။ ပိုင်ချီယွီမှာမူသွေး သားမတော်စပ်သော်လည်း ချင်ချင့် ဆယ်ကျော်သက်ဘဝ တစ်လျှောက်လုံးတွင် ရှိနေခဲ့သူဖြစ်သဖြင့် သူ့အား အနားလည်ဆုံးသူ ဖြစ်နေသည်။

"ဘယ်သူက ပိုအရေးကြီးလဲဆိုတာ ဆုံးဖြတ်လို့မရရင် ချင်ချင်လေးကိုပဲ ရွေးခိုင်းလိုက်ကြရအောင်"

နောက်ဆုံးတွင် သူတို့ သဘောတူညီမှု ရသွားကြသည်။ သို့ သော် သူတို့သုံးယောက်လုံး ချင်ချင်လေးအား ဝိုင်းမေးလိုက်သည့် မေးခွန်းမှာ—

"ငါတို့ သုံးယောက်ထဲမှာ ချင်ချင် ဘယ်သူ့ကို အချစ်ဆုံးလဲ ? ပြီးတော့ ဘယ်သူ့ကို အမုန်းဆုံးလဲ ?" ဟု ကူးလန်က မျှော်လင့်ချက် အပြည့်ဖြင့်မေးလိုက်သည်။

ဘေးမှဖြတ်သွားသော ဖူစစ်ကျင်း စိတ်ထဲမှနေ၍— "..." ( သုံးနှစ်အရွယ် ကလေးတစ်ယောက်ကို ဒီလိုကပ်ဆိုးဆိုက်မယ့် မေးခွန်းမျိုးမေးဖို့ တကယ်ရော လိုလို့လား?)

ချင်ချင်လေးမှာ သူ့ ပန်းချီအိမ်စာကို အပြီးသတ်ပြီး ဆိုဖာပေါ်တွင် ကာတွန်းကား ကြည့်နေခြင်းဖြစ်သည်။ သူမ ပျော်နေစဉ်မှာပင် လူကြီးသုံးယောက်က တီဗီကိုကွယ်လိုက်သဖြင့် သူလေး ဒေါသထွက်သွားသည်။ သူ တီဗီကိုမြင်ရရန် ခေါင်းကို ဟိုဘက်ဒီဘက်စောင်းကြည့်ရင်း လက်က လေးများကို ဝေ့ယမ်းကာ မောင်းထုတ်လိုက်တော့သည်။

"ဖယ်ကြ! ဖယ်ကြ! ချင်ချင်က ဒိုင်နိုဆောကြီးကို ကြည့်ချင်တာ!"

လူကြီးသုံးယောက်မှာ အနောက်သို့လှည့်ကြည့်လိုက်ရာ တီဗီထဲတွင် အမဲလိုက်နေသည့် ကြောက်မက်ဖွယ်ရာ ဒိုင်နို ဆော ကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။ ၎င်းမှာ ပါးစပ်ကြီးကို ဟကာ ဟိန်းဟောက်လိုက်ရာ သားကောင်များမှာ လန့်ဖျန့်ကာ ပြေးလွှားကုန်ကြတော့သည်။

ဤခန့်ညားပြီး အောင်မြင်လှသည့် လူကြီးမင်းသုံးယောက်မှာ စက္ကူပေါ်ရှိ ဒိုင်နိုဆောတစ်ကောင်ကိုတောင် မယှဉ်နိုင်ကြပါလား ?

လူကြီးသုံးဦးမှာလည်း အတော်လေး စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြရာ ဧည့်ခန်းထဲတွင် တီဗီကြည့်ရင်း ပျော်ရွှင်နေသည့် ချင်ချင်လေး တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

သူမသည် ဆိုဖာခုံကြားတွင် ဝှက်ထားသောမုန့်များကို ခိုးထုတ်စားရန် ဤအခွင့်အရေးကို အမိအရအသုံးချလိုက်သေးသည်။

ဖူညီအစ်ကိုနှစ်ဦးမှာ ထိုလူကြီးသုံးဦး မည်သို့ညှိနှိုင်းလိုက်ကြသည်ကို မသိသော်လည်း နောက်ဆုံး ချင်ချင်လေးနာရီထဲရှိဖုန်းနံပါတ်စာရင်းမှာ ဖူဟန်၊ ကူးလန်၊ ပိုင်ချီယွီ၊ ဖူစစ်ကျင်းနှင့် ဖူစစ်ချိန်တို့ ဖြစ်လာခဲ့သည်။

ထို့ပြင် ဖျက်ပစ်၍သော်လည်းကောင်း၊ ရွှေ့ပစ်၍ သော် လည်းကောင်း မရသည့် အရေးပေါ်ဖုန်းနံပါတ်တစ်ခုလည်း ပါဝင်သည်။ ယင်းကိုမြင်သည့်အခါ ဖူစစ်ချန်မှာ သူနောက် ဆုံးအဆင့်မဟုတ်သည့်အတွက် အတော်လေးစိတ်သက် သာရာ ရသွားရှာသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ချင်ချင်လေးမူကြိုကျောင်းစတက်သည်မှာ တစ်လနီးပါး ရှိလာခဲ့ပြီ။

ဤကာလအတွင်း အခြေအနေမှာ အတော်လေး အေးအေးချမ်းချမ်းရှိခဲ့ပြီး စိုးရိမ်ခဲ့ရသည့် အန္တရာယ်များလည်း ပေါ်ပေါက်လာခြင်းမရှိပေ။ သို့သော်လည်း ရန်သူမှာ ခဏတာငြိမ်သက်နေခြင်းသာဖြစ်ပြီး တကယ့်အန္တရာယ်မှာမပြီးဆုံးသေးကြောင်း ဖူဟန်နှင့် ကူးလန်တို့ နှစ်ဦးစလုံး ကောင်းကောင်းသိကြသည်။

အမျိုးသားနေ့ နီးကပ်လာသည်နှင့်အမျှ မူကြိုကျောင်းတွင် ဖျော်ဖြေပွဲတစ်ခု ကျင်းပရန်ပြင်ဆင်လာသည်။ ဆရာမသည် အတန်းထဲရှိ ကလေးအနည်းငယ်ကို ရွေးချယ်ကာ လေ့ကျင့်ပြီး ဖျော်ဖြေခိုင်းမည်ဟုပြောလိုက်သည်။

ချင်ချင်လေး အလွန်ဝမ်းသာသွားပြီး ဟန်ဟန်လေးကိုပါ ဆွဲကာ ချက်ချင်းလက်ထောင်လိုက်တော့သည်။ အမှန်စင်စစ်အတန်းထဲရှိ ကလေးအားလုံးမှာလည်းရွေးချယ်ခံရလိုသော မျှော်လင့်ချက်အပြည့်၊ တောက်ပသောမျက်ဝန်းလေးများဖြင့် ဆရာမကိုကြည့်ကာ လက်ထောင်နေကြခြင်း ဖြစ်သည်။

"ဆရာမ ခေါ်တဲ့သူတွေ ဒီဘက်ကိုလာရပ်ကြမယ်နော်— ကူးချင်ချင်၊ လျူဟန်၊ ကျန်းစစ်ယွီ၊ မော့လျန်..."

ဆရာမသည် အငယ်တန်းအတန်းအတွက် ကလေး ၆ ဦးကိုသာ ဖျော်ဖြေရန် စီစဉ်ထားသော်လည်း အတန်းထဲတွင် ကလေး ၂၀ ရှိသည်။ ရွေးချယ်မခံရသည့် ကလေးများမှာ စိတ်ပျက်သွားကြသော်လည်း ရွေးချယ်ခံရသည့် ကလေးများမှာမူ ထီပေါက်သကဲ့သို့ပျော်ရွှင်နေကြပြီး အချို့ဆိုလျှင် ဝမ်းသာအားရခုန်ပေါက်နေကြတော့သည်။

ထိုသို့ ဝမ်းသာအားရ ခုန်ပေါက်နေသူမှာ ချင်ချင်လေးပင်။

ချင်ချင်လေးသည် ပုံမှန်အားဖြင့် လိမ္မာပြီး အေးအေးဆေး ဆေး နေတတ်သော်လည်း စင်စစ်တွင်မူ သူ့ထံ ဖျော်ဖြေလိုစိတ်ပြင်းပြပြီး အခြားသူများ၏ ချီးကျူးမှုကိုခံယူလိုသည့်စိတ်ရှိသည်။ ထို့ကြောင့်လည်း သူလေး အတန်းထဲတွင် အတော်ဆုံးကျောင်းသူလေးဖြစ်နေရခြင်းပင်။

မကြာသေးမီ ချင်ချင်လေးသည် စီနီယာအတန်းမှ ကလေးများ ဝါသနာပါရာတစ်ခုခု သင်ယူနေကြသည်ကို သတိပြုမိသဖြင့် သူသည်လည်း ဝါသနာပါရာ အတန်းတစ်ခုခု ထားပေးရန် ဦးဦးကို ပူဆာသင့်၊ မပူဆာသင့် စဉ်းစားနေမိသည်။ သို့သော်လည်း လောလောဆယ်ဖျော်ဖြေပွဲအတွက် လေ့ကျင့်ရန်က ပိုအရေးကြီးသည်။

အငယ်တန်းအတန်းမှ ကလေးများမှာ အသက် ၃ နှစ်သာရှိသေးပြီး အကြီးဆုံးမှာ ၄ နှစ်ကျော်ရုံသာ ရှိသေးသဖြင့် ခက်ခဲသော ဖျော်ဖြေမှုများပြုလုပ်ရန်မှာ မဖြစ်နိုင်သ လောက်ပင်။

ထို့ကြောင့် ဆရာမက ရိုးရှင်းပြီး ချစ်စဖွယ်ကောင်းသော အကလေးတစ်ခုကိုသာ သင်ကြားပေးသည်။ ကလေးများက မမှတ်မိလျှင်ပင် ဆရာမက စင်အောက်မှနေ၍ ဦးဆောင်ကပြမည်ဖြစ်ရာ ကလေးများမှာလိုက်လုပ်ရုံသာ။

"ကဲ ကလေးတို့ရေ... ဆရာမနောက်က လိုက်ကကြမယ်နော်၊ ဘယ်ဘက်ကို သုံးပတ်လှည့်မယ်၊ ညာဘက်ကို သုံးပတ်လှည့်မယ်၊ ပြီးရင် လည်ပင်းလေးတွေကို လှုပ်မယ်..."

ချင်ချင်လေးသည် တက်ကြွစွာလိုက်ကနေသော်လည်း ဟန်ဟန်လေးမှာမူ ဘေးနားမှနေ၍ စက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်တောင့်ကြီး လိုက်လုပ်နေရှာသည်။ အခြားကလေးများမှာလည်း ဟိုတစ်ကွက်၊ ဒီတစ်ကွက်နှင့် စိတ်တိုင်းကျစရာမရှိလှပေ။

ကံကောင်းသည်မှာ ဆရာမက ဤသို့ဖြစ်မည်ကိုကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ စင်ပေါ်က ကလေးများက ချစ်ဖို့ကောင်းနေလျှင်ပင် လုံလောက်ပြီ မဟုတ်ပါလား ?

ဖျော်ဖြေပွဲတွင် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ကလေးတိုင်းသည် မိသားစုဝင်များကို လာရောက်ကြည့်ရှုရန် ဖိတ်ကြားနိုင်သည်။ သို့သော်လည်း ဖျော်ဖြေပွဲတွင် ပါဝင်သည့် ကလေးများ၏မိဘများကိုမူ ၎င်းတို့ ကလေးများအားအနီးကပ်မြင်နိုင်ရန် ရှေ့ဆုံးတန်းတွင် နေရာပေးထားသည်။ ၎င်းမှာ ကြိုးစားအားထုတ်သည့် ကလေးများအတွက် ဆုလာဘ်တစ်ခုပင်။

"ချင်ချင်လေး... မနက်ဖြန် စင်ပေါ်မှာ ကရမှာ မဟုတ်လား ?" ဟု မိသားစုထမင်းဝိုင်းတွင် ဖူစစ်ချန် ရုတ်တရက်မေးလိုက်သည်။

"အင်း..." ချင်ချင်လေး ပါးစပ်ထဲတွင် ဆန်ပြုတ်များ ရှိနေဆဲဖြစ်သည်။ သူ အသံကြားရာသို့ မော့ကြည့်ပြီးစကာပြောရန် ကြံသော်လည်း ဖူဟန်မှ ပုစွန်ပါသော ပင်လယ်စာဆန် ပြုတ်နောက်တစ်ဇွန်းကို သူမ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်ပြန်သည်။

"အရင် မျိုချလိုက်ဦး ပြီးမှပြော"

သူလေးသည် ပါးလေးများ ဖောင်းတက်နေသည့် ရှဉ့်ကလေးတစ်ကောင်လို ချက်ချင်းအားရပါးရဝါးလိုက်တော့သည်မှာ အလွန်ချစ်စဖွယ် ကောင်းလှပေသည်။

သူ စကားပြောရန် အခွင့်အရေးကိုစောင့်နေသော်လည်း တစ်လုတ်ကုန်သည်နှင့် ဖူဟန်မှ နောက်တစ်လုတ်ကို ကျွမ်းကျင်စွာပင် ခွံ့ကျွေးနေပြန်သည်။ ဆန်ပြုတ်တစ်ပန်းကန်လုံး ကုန်သွားသည့်အခါမှသာ ချင်ချင်လေး စကားပြောခွင့်ရတော့သည်။

"ချင်ချင် စင်ပေါ်တက်ကရမှာ! ဆရာမက မိသားစုတွေကို ဖိတ်လို့ရတယ်လို့ ပြောတယ်၊ အားလုံးလာခဲ့ကြပါနော်!"

သူမ အိတ်ထဲမှ ဆရာမပေးလိုက်သော ဖိတ်စာများကို ထုတ်ကာ ဖူဟန်နှင့် အခြားသူများကို တစ်ယောက်တစ်စောင်စီ ဝေပေးလိုက်ပြီး ကျန်နှစ်စောင်ကို ဖူစစ်ကျင်းအား ပေးလိုက်သည်။

"ဒါက တိတိနဲ့ ပိုင်ဦးဦးအတွက်၊ စစ်ကျင်း... မပျောက်စေနဲ့ဦးနော်"

"ကောင်းပါပြီ" ဖူစစ်ကျင်း ပြုံးပြီး ဖိတ်စာများကိုလက်ခံလိုက်သည်။

ပိုင်ချီယွီမှာ ဖိတ်စာမရှိလျှင်ပင် အုပ်ထိန်းသူအဖြစ်လာရောက်နိုင်သည်ကို သူ ချင်ချင်လေးကို သူ ထုတ်မပြောလိုက်ပါ။

ဤသည်မှာ ကလေးတစ်ယောက်၏စစ်မှန်သော စေတနာဖြစ်သဖြင့် သူလေးကို စိတ်မပျက်စေချင်ပေ။

All Chapters