← Chapters

🍼 Chapter 45 🍼 Green Radish

Vol. 5 Ch. 45

🍼 Chapter 45 🍼 Green Radish

Vol. 5 Ch. 45

ဖျော်ဖြေပွဲကျင်းပမည့်နေ့တွင် မူကြိုကျောင်းဝင်းအတွင်း၌ လူများဖြင့် ပြန်လည်စည်ကားနေပြန်သည်။

မိဘများမှာ မည်မျှပင် အလုပ်များကြစေကာမူ မိမိတို့ကလေးများ၏အရေးကြီးသော အခိုက်အတန့်များတွင် အချိန်ပေး၍ အတူရှိပေးရန် အတတ်နိုင်ဆုံးကြိုးစားကြသည်မှာ သဘာဝပင်။

ချင်ချင်လေးကို မူကြိုကျောင်းသို့ စောစောစီးစီးပို့ထားပြီးဖြစ်ရာ ယခုအခါ သူမသည် အခြားကလေးများနှင့်အတူ စာသင်ခန်းထဲတွင် ရှိနေသည်။ သူမတို့သည် ဆရာမနှင့် ကူညီပေးရန်ဖိတ်ကြားထားသော မိခင်အချို့မှမိတ်ကပ်လိမ်းပေးရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

သို့သော် ချင်ချင်လေးမှာမူ မိတ်ကပ်လိမ်းရန်မလိုပေ။ ကျောင်းကသုံးမည့် မိတ်ကပ်ပစ္စည်းများ၏အရည်အသွေး ကို စိုးရိမ်သဖြင့် ဖူစစ်ကျင်းသည် သူ့ကုမ္ပဏီမှ ထိပ်တန်းမိတ်ကပ်ပညာရှင်ကို အိမ်သို့ခေါ်ကာ ချင်ချင်လေး၏ ဆံပင်နှင့် မျက်နှာကိုသေချာပြင်ဆင်ပေးခဲ့ပြီးဖြစ်သည်။

ကုမ္ပဏရှိထိပ်တန်းမိတ်ကပ်ဆရာဟု အခိုင်အမာဆိုသူ ထိုအမျိုးသား၏ထူးခြားသော အသံနေအထားကြောင့်လားမသိ၊ အခြားကလေးများ မိတ်ကပ်ပြင်နေသည်ကိုမြင်ရသည့်အခါတိုင်း သူ့ ပိုပိုသာသာပြောတတ်သော အသံမှာ ချင်ချင်လေးနားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။

"အို... သမီးရဲ့ အသားလေးက အရမ်းနုညက်တာပဲ၊ ရေစက်ကလေးတွေ တောက်နေသလိုပဲနော်၊ ချစ်ဖို့ကောင်းလိုက်တာ! ငါ့မှာသာ ဒီလိုသမီးလေးရှိခဲ့ရင် နေ့တိုင်းအလှ ပြင်ပေးပြီး တစ်ကျောင်းလုံးမှာ အလှဆုံးဖြစ်အောင်ထားမှာ..."

ယောကျ်ားလေးတစ်ယောက်က မိမိကိုယ်ကိုယ် ဘာကြောင့် "မေမေ" ဟု ခေါ်နေမှန်း နားမလည်သည့် ချင်ချင်လေးမှာ ထိုတတွတ်တွတ်ပြောနေသော အသံများကို နားမခံနိုင်တော့သဖြင့် ဆရာမအား အိမ်သာသွားမည်ဟု အကြောင်းပြကာ အပြင်သို့ခိုးထွက်လာခဲ့သည်။

မမြင်ရလျှင် စိတ်မပူရတော့ပေ။ သူမသည် အသက် ၃ နှစ်သာရှိသေးသော်လည်း ဘဝအခြေအနေက သူမကို ထိုကဲ့ သို့သော စကားပုံများသိရှိနားလည်အောင် တွန်းအားပေးနေသကဲ့သို့ပင်။

ချင်ချင်လေးသည် အပြင်ဘက်တွင် ရည်ရွယ်ချက်မရှိ လျှောက်သွားနေရင်း မှောင်ရိပ်ကျနေသော စာသင်ခန်းတစ်ခုအနားမှဖြတ်သွားစဉ် ထူးဆန်းသော အသံအချို့ကို ကြားလိုက်ရသည်။

စပ်စုချင်စိတ်ဖြင့် သူမသည် ပြတင်းပေါက်မှတစ်ဆင့် အတွင်းသို့ ချောင်းကြည့်လိုက်ရာ ဆရာမနှစ်ဦးသည် သကြားလုံးအိတ်များကိုဖွင့်ကာ ကြေးမောင်းတစ်ခုအတွင်းသို့ အတင်းထိုးထည့်နေသည်ကို မြင်လိုက်ရသည်။ သူတို့ ဘာလုပ်နေမှန်း သူမ သေချာမသိပေ။

ပြတင်းပေါက်အပြင်ဘက်က ခေါင်းလေးကိုမြင်သွားသည့်အခါ ဆရာမတစ်ဦးမှာ လုပ်လက်စကိုရပ်လိုက်ပြီး ချက် ချင်းပြေးလာကာ ပြတင်းပေါက်ကိုပိတ်ပစ်လိုက်သည်။ ထို့နောက် ချင်ချင်လေးအားအပြင်တွင် လျှောက်မသွားဘဲ အတန်းထဲသို့ ချက်ချင်းပြန်ရန်မောင်းထုတ်လိုက်တော့ သည်။

ချင်ချင်လေးမှာ နှုတ်ခမ်းလေးစူကာ မကျေမနပ်ဖြစ်သွားသော်လည်း... မူကြိုကျောင်း၏ပထမထပ်တွင်ရှိသော မီးဖိုချောင်သို့သာ ပြေးသွားလိုက်တော့သည်။

ထိုနေရာတွင် အလွန်ကြင်နာတတ်သော စားဖိုမှူးကြီး တစ်ဦးရှိသည်။ သူမသည် အနားသို့လာသော ကလေးများကို အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နှင့် မုန့်ကျွေးတတ်သူပင်။

ကလေးတိုင်း သူမအား ချစ်ကြပြီး အချိုကြိုက်သော ကလေးအချို့မှာ ခဏခဏလာတတ်ကြသည်။ ချင်ချင်လေးမှာမူ အလာဆုံးနှင့် ထိုစားဖိုမှူးကြီးနှင့် အရင်းနှီးဆုံးကလေးဖြစ်သည်။

စားဖိုမှူးကြီးမှာ နေ့လယ်စာအတွက် ဟင်းသီးဟင်းရွက်များကို ဆေးကြောနေသည်။

အနီရောင် ဇလုံကြီးများထဲတွင် ဟင်းသီးဟင်းရွက်ပုံကြီးများကို တစ်ခုချင်း သေချာဆေးကြောနေခဲ့ခြင်းပင်။

ဤအရာများသည် ကလေးများအတွက်ဖြစ်သဖြင့် ဖုန်စင်သွားအောင် အနည်းဆုံး သုံးကြိမ်ခန့်ဆေးကြောရမည် ဖြစ် သည်။

မီးဖိုချောင်တွင် အငှားခန့်ထားသော အခြားအမျိုးသမီးနှစ်ဦးမှာ ထိုသို့လက်ဝင်သော အလုပ်များကိုစိတ်မရှည်ကြသဖြင့် အဘွားဖြစ်သူ စားဖိုမှူးကြီးကပင် ကိုယ်တိုင်လုပ် ဆောင်နေခြင်းဖြစ်သည်။

ခြေသံကြားရသဖြင့် သူမက ဟင်းသီးဟင်းရွက်ဆေးနေရာမှ မော့ကြည့်လိုက်သည်။

ချင်ချင်လေးဖြစ်နေမှန်း သိလိုက်ရသည့်အခါ အဘွား၏ ရင့်ရော်နေသော မျက်နှာပေါ် နူးညံ့သိမ်မွေ့သောအပြုံးများ ယှက်သန်းသွားပြီး မျက်နှာမှ အရေးအကြောင်းများမှာလည်း ပိုမိုထင်ရှားလာကာ ကြည့်ရသည်မှာ အလွန်နွေးထွေးလှသည်— "ချင်ချင်လေး ရောက်လာပြီလား"

"ချင်ချင် အဘွားကို ဟင်းရွက်ဆေးကူပေးမယ်"

ချင်ချင်လေးသည် ထိုင်ခုံပုလေးတစ်လုံးကို ဆွဲယူကာ အဘွားဘေးတွင်ထိုင်လျက် ဟင်းရွက်ဆေးရန် ကူညီပေးတော့သည်။

အစပထမတွင် အဘွားပေးသော မုန့်ကိုယူစားရသည်မှာ သူမအနေဖြင့် အားနာမိသလို၊ မူကြိုကျောင်း မီးဖိုချောင်မှ ခွင့်ပြုချက်မရှိဘဲ မုန့်ယူစားသည့်အတွက် အဆူခံရမည်ကိုလည်းစိုးရိမ်ခဲ့သည်။

နောက်ပိုင်းတွင် အစ်ကိုနျန်ကောထံမှတစ်ဆင့် ဤမူကြိုကျောင်းတစ်ခုလုံးမှာ အမှန်စင်စစ် အဘွားပိုင်ခြင်းဖြစ် ကြောင်း သိလိုက်ရသည်။ သူမသည် ကျောင်းအုပ်ဟောင်းဖြစ်ရုံသာမက လက်ရှိကျောင်းအုပ်ကြီး၏မိခင်လည်း ဖြစ်နေသည်။ ထိုအခါမှသာ ချင်ချင်လေးမှာ သူမ အထင်မှားခဲ့မှန်း သိလိုက်ရတော့သည်။

အဘွားသည် တစ်သက်လုံး ကလေးများအားချစ်မြတ်နိုးလာခဲ့သူဖြစ်ရာ အနားယူပြီးနောက်တွင်ပင် အိမ်တွင် အေးအေးဆေးဆေး မနေနိုင်ဘဲ ကလေးများ၏အစားအ သောက် ဘေးကင်းစေရန် မူကြိုကျောင်းသို့ပြန်လာကူညီပေးနေခြင်းဖြစ်သည်။ မိဘများစွာက ဤမူကြိုကျောင်းတွင် စိတ်ချလက်ချထားရခြင်းမှာလည်း ထိုစားဖိုမှူး အဘွားရှိနေသောကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။

သို့သော် ချင်ချင်လေးအတွက်မူ အဘွား၏အဆင့်အတန်းမှာ အရေးမကြီးပေ။ သူမထံမှ မုန့်များအလကားရခဲ့သည့် အတွက် တစ်ခုခုပြန်ကူညီပေးခြင်းဖြင့် ကျေးဇူးဆပ်ရမည်ဟုသာ ရိုးရိုးသားသားတွေးတောမိခြင်းဖြစ်တော့သည်။

ဒါက အဒေါ်ထင်းသင်ပေးထားသည့် သင်ခန်းစာတစ်ခုဖြစ်သော "လောကတွင် အလကားရသည့် ထမင်းတစ်နပ်ဟူ၍ မရှိ" ဟူသောစကားပင်။

ထို့ကြောင့်လည်း ချင်ချင်လေးသည် မီးဖိုချောင်ဘက်သို့ ရောက်လာတိုင်း စားဖိုမှူးကြီးအားတတ်နိုင်သည့်ဘက်မှ ကူညီလေ့ရှိသည်။ တစ်ခါတရံ ယခုကဲ့သို့ ဟင်းသီးဟင်း ရွက်ဆေးကြောပေးသလို၊ တစ်ခါတရံတွင်မူ ပစ္စည်းအသေးအဖွဲလေးများ ကူသယ်ပေးတတ်သည်။

ချင်ချင်လေး ကူညီမှုမှာ... အမှန်အတိုင်းဆိုရလျှင် စားဖို မှူးကြီး၏လုပ်ငန်းစဉ်ကို ထိရောက်စွာခရီးရောက်စေသည်တော့ မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ သူလေးသည် ခန္ဓာကိုယ်သေးငယ်ပြီး လက်ကလေးများကလည်း နုနယ်လွန်းသဖြင့် အလုပ်လုပ်ရာတွင် နှေးကွေးလှသည်။ သို့သော် သူမ၏ တစ်ခုတည်းသောအားသာချက်မှာ အလွန်စေ့စပ်သေချာခြင်းပင် ။ ချင်ချင်လေး၏လက်ကလေးများဖြင့် ဆေးကြောထားသည့် ဟင်းရွက်တိုင်းမှာစင်ကြယ်နေသဖြင့် စားဖိုမှူးကြီးမှာ နောက်တစ်ကြိမ် ထပ်မံဆေးကြောရန်ပင် မလိုတော့ချေ။

ချင်ချင်လေး၏အကူအညီမှာ လက်တွေ့တွင် သိပ်အရာမထင်လှသော်လည်း စားဖိုမှူးကြီးမှ သူ့စေတနာကို မည်သည့်အခါမျှ ငြင်းပယ်ခြင်းမရှိပေ။

ကလေးတစ်ယောက်အနေဖြင့် ဤမျှသိတတ်နားလည်ပြီး ကူညီလိုစိတ်ရှိခြင်းမှာ အလွန်ချီးကျူးစရာကောင်းသည့် အချက်ဖြစ်သည်။ ထို့ကြောင့် သူမ၏တက်ကြွမှုကို မဖျက် ဆီးဘဲ၊ ကြီးပြင်းလာသည့်အခါ အခြားသူများအားကူညီတတ်သူတစ်ဦးဖြစ်လာစေရန် အမြဲအားပေးသင့်သည်။

ချင်ချင်လေး၏အကူအညီအတွက် တုံ့ပြန်မှုအနေဖြင့် စားဖိုမှူးကြီးက အိမ်မှကိုယ်တိုင်လုပ်လာသော အရသာရှိသည့် မုန့်လေးများကို အမြဲကျွေးလေ့ရှိသည်။

အမှန်စင်စစ် သူမသည် သာမန်ထမင်းဟင်းထက် မုန့်များနှင့် ခေါက်ဆွဲလုပ်သည့်နေရာတွင် ပိုမိုကျွမ်းကျင်သူဖြစ် သည်။ သူမ ကလေးများကို ပေးကျွေးသည့်မုန့်များမှာ အိမ်မှ အထူးတလည်ယူလာခြင်းဖြစ်ပြီး မူကြိုကျောင်း၏ ပစ္စည်းများကို တစ်ခုမျှမထိပါးပေ။ ဤအချက်ကိုမူ ချင်ချင်လေး မသိရှာချေ။

ဟင်းသီးဟင်းရွက် ဇလုံကြီးတစ်လုံး ဆေးကြောပြီးသွားသောအခါ စားဖိုမှူးကြီး ချင်ချင်လေးအားအမြန်ပြန်ရန် တိုက်တွန်းလေသည်။

ယနေ့ကျောင်းတွင် ဖျော်ဖြေပွဲရှိသည်ကို သူမ သိသလို၊ ချင်ချင်လေး၏ဝတ်စုံကိုကြည့်ရုံဖြင့် ကပြရတော့မည်ကိုလည်း ရိပ်မိနေသည်။

"အဘွား... ချင်ချင် သွားတော့မယ်နော်" ဟု ချင်ချင်လေးလက်ကလေးများကိုဆေးကြောရင်း လိမ္မာပါးနပ်စွာနှုတ် ဆက်သည်။

"ခဏလေး နေဦး" ဟု စားဖိုမှူးကြီးလှမ်းခေါ်ကာ မီးဖို ချောင်ထဲသို့ အပြေးအလွှားဝင်သွားသည်။ သူမ ပြန်ထွက်လာသည့်အခါ ဆီစက္ကူဖြင့် ထုပ်ထားသော အထုပ်လေးတစ်ထုပ်ပါလာပြီး ချင်ချင်လေးထံ ပေးလိုက်သည်။

"ဒီနေ့ ချင်ချင်လေးတို့ မိဘဆရာအစည်းအဝေးလည်း ရှိတယ်မဟုတ်လား ? ဒီပဲနောက်ယိုမုန့်လေးတွေကို ယူသွားပြီး မေမေနဲ့ ဖေဖေတို့နဲ့အတူ ဝေမျှစားလိုက်နော်"

"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် အဘွား"

ချင်ချင်လေး မငြင်းဘဲ ထိုအထုပ်လေးကိုယူကာ စားဖိုမှူးကြီးကိုနှုတ်ဆက်ပြီး အမြန်ထွက်လာခဲ့သည်။

သူမသည် ကျောင်းဝင်းအတွင်းမှ တေးဂီတသံများ ကြားနေရပြီဖြစ်၍ အပြေးအလွှားသွားမိရာ၊ သူမကို လိုက်ရှာနေသော ဆရာမနှင့် ထိပ်တိုက်တိုးတော့သည်။

"ချင်ချင်! ဘယ်တွေသွားနေတာလဲ? မြန်မြန်လာ... အားလုံးနဲ့ တန်းစီတော့၊ တို့တွေရဲ့ ပထမဆုံးဖျော်ဖြေပွဲ စတော့မယ်"

ချင်ချင်လေးမှာ ရှင်းပြရန်အချိန်မရလိုက်ပေ။ ဆရာမ စိုးရိမ်တကြီးဖြင့် သူမကိုဆွဲခေါ်သွားပြီး လူတန်း၏ရှေ့နားတွင် နေရာချပေးလိုက်သည်။

အတန်းတိုင်းကို အရပ်အနိမ့်အမြင့်အလိုက် စီထားခြင်းဖြစ်ရာ ချင်ချင်လေးမှာ အရပ်အရှည်ဆုံးမဟုတ်သလို အပုဆုံးလည်း မဟုတ်သဖြင့် လူတန်းအလယ်လောက်တွင်သာ နေရာရလေသည်။

ဖူဟန်နှင့် သားနှစ်ယောက်မှာ အနည်းငယ်နောက်ကျမှ ရောက်လာကြသဖြင့် သူတို့ရောက်ချိန်တွင် ဖျော်ဖြေပွဲမှာ စတင်နေပြီဖြစ်သည်။

သူတို့ အရပ်အမောင်းကြောင့် လူအုပ်ကြားထဲမှ ပိုင်ချီယွီနှင့်ကူးလန်တို့ကို အလွယ်တကူရှာတွေ့သွားကြသည်။ ဖူဟန်မှ ကူးလန် ပုခုံးကိုပုတ်ကာ နှုတ်ဆက်ရင်း စင်ပေါ်ရှိကလေးများထဲ ချင်ချင်လေးကို လိုက်ရှာနေမိသည်။

"ချင်ချင်လေး ဘယ်မှာလဲ ?"

"သူ စင်ပေါ်မှာ ကပြနေတယ်လေ" ဟု ကူးလန် စင်ဘက်သို့ ညွှန်ပြလိုက်သည်။

ဖူဟန် လှမ်းကြည့်လိုက်သောအခါ အညိုရောင်အင်္ကျီလေးများဝတ်ပြီး ခေါင်းတွင် အဖြူရောင်ပုဝါလေးများ စည်းထားသည့် လယ်သမားဝတ်စုံနှင့် ကလေးတစ်စုကိုတွေ့ရသည်။ သူတို့မှာ "မုန်လာဥနီဆွဲကြစို့" သီချင်းဖြင့် ကပြနေကြခြင်းဖြစ်သည်။

ထိုမုန်လာဥလေးများပမာ ကလေးတစ်သိုက်မှာ အားလုံးပေါင်းလိုက်လျှင်ပင် စင်ပေါ်က မုန်လာဥပုံစံ အမြှုပ်ပြားကြီးလောက်ပင် မရှိကြပေ။ သူတို့က မုန်လာဥကိုဆွဲနေခြင်းလား၊ သို့မဟုတ် မုန်လာဥက သူတို့ကိုပြန်ဆွဲနေခြင်းလားဆိုသည်မှာပင် မသဲကွဲလှပါ။ သို့သော် အဓိကအချက်မှာ ချင်ချင်လေးအား ထိုကလေးများထဲ မတွေ့ရခြင်းပင်။

"ချင်ချင်လေးကို မတွေ့ပါဘူး၊ ဦးလေး... ကျွန်တော်တို့ကို လိမ်နေတာလား ?" ဟု သွက်လက်သော ဖူစစ်ချန်မှ ဖခင်နှင့်အစ်ကိုဖြစ်သူကိုယ်စား မေးလိုက်သည်။

"ငါက ဘာလို့ လိမ်ရမှာလဲ?"

ကူးလန် သူ့အား စကားမပြောနိုင်လောက်အောင်ကြည့်လိုက်ပြီးမှ မုန်လာဥကြီးဘက်သို့ မေးထိုးပြလိုက်သည်။

"ဟိုမှာကြည့်လေ၊ ငါတို့ ချင်ချင်လေးက အဆွဲခံနေရတဲ့ မုန်လာဥနီကြီး မဟုတ်ဘူးလား?"

တိုက်တိုက်ဆိုင်ဆိုင်ပင် ကုလန်စကားအဆုံးတွင် ဖျော်ဖြေပွဲက ပြီးဆုံးသွားသည်။ "မုန်လာဥနီကြီး" အဖြစ် သရုပ် ဆောင်သော ချင်ချင်လေးမှာ မုန်လာဥပုံထဲမှထွက်လာပြီး နောက်ကွယ်တွင် ပုန်းနေသည့် အခြားကလေးငါးယောက်နှင့်အတူ မြေပြင်ပေါ်သို့လူးလိမ့်ထွက်လာသည်။ သူတို့အားလုံးမှာ တောက်ပသော အနီရောင်ဝတ်စုံလေးများ ဝတ်ထားကြသဖြင့် တကယ့်ကို လုံးလုံးတိုတိုမုန်လာဥလေးများနှင့် တူနေပါတော့သည်။

ချင်ချင်လေး၏ ချစ်စဖွယ်ကောင်းသော အပြုအမူလေးများကြောင့် မိဘများအားလုံး သဘောကျကာ ဝိုင်းဝန်းရယ်မောကြပြီး အားတက်သရော လက်ခုပ်တီးအားပေးကြတော့သည်။

ဒါက ချင်ချင်လေးအတွက် ဒီနေ့ရဲ့ ပထမဆုံး ဖျော်ဖြေမှုသာရှိသေးသည်။ နောက်ထပ် ဖျော်ဖြေပွဲတစ်ခုလည်း ကျန်ပါသေးသည်။ မူလကတော့ အငယ်တန်းအတန်းက ဆရာမများက ဖျော်ဖြေပွဲတစ်ခုတည်းသာ ပြင်ဆင်ထားသော်လည်း နောက်ပိုင်းတွင် အချိန်မပြည့်သဖြင့် နောက်ထပ်တစ်ခုထပ်တိုးရန် အကြောင်းကြားစာရရှိခဲ့သည်။ ထို့ကြောင့် အတန်းထဲရှိ ကလေးအားလုံး ပါဝင်နိုင်သည့် "မုန်လာဥနီဆွဲကြစို့" ပြဇာတ်တိုလေးကိုပါ အလွယ်တကူ ထပ်မံပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ချင်ချင်လေးနှင့် သူ့ သူငယ်ချင်း ခြောက်ယောက်မှာ ဒုတိယမြောက် ဖျော်ဖြေပွဲတွင်လည်း ကပြရန်ရှိသဖြင့် ဆရာမများက သူတို့ကို မုန်လာဥပုံစံ အမြှုပ်ပြားများနောက်တွင် ပုန်းခိုင်းပြီး အဆွဲခံရမည့်မုန်လာဥနီများအဖြစ် သရုပ်ဆောင်ခိုင်းထားခြင်းဖြစ်သည်။ ဤသို့ ဖြင့် လတ်ဆတ်သောမုန်လာဥနီနီလေးခြောက်လုံး အဆင်သင့်ဖြစ်သွားတော့သည်။

"ဦးဦး!"

နောက်ထပ် ဖျော်ဖြေပွဲများစွာ ကျန်ရှိနေသေးသော်လည်း ချင်ချင်လေးမှာ သူမ အလှည့်မရောက်ခင် ဖူဟန်နှင့် အခြားသူများကို ရှာရန် အရင်ပြေးထွက်လာခဲ့သည်။ သူမ စင်ပေါ်မှာရှိနေစဉ်ကတည်းက သူ့ ဦးဦး၊ တိတိနှင့် သားဖြစ်သူတို့အားလုံး ရောက်ရှိ နေသည်ကိုမြင်ခဲ့သည်။

ချင်ချင်လေးမှာ အတိုင်းမသိ ဝမ်းသာနေတော့သည်။ ဖူဟန်မှာမူ ကူးလန်နှင့် ပိုင်ချီယွီတို့၏ မနာလိုသလိုကြည့်နေသည့် အကြည့် များကိုဂရုမစိုက်ဘဲ ချင်ချင်လေးကိုပွေ့ချီကာ အပေါ်သို့မြှောက်လိုက်ရာ ကလေးမလေးမှာ တခစ်ခစ်နှင့် ရယ်မောနေတော့သည်။

ဖူညီအစ်ကိုများမှာတော့ ဤမြင်ကွင်းကိုကြည့်ရင်း ထုံပေပေပင်ဖြစ်နေကြပြီ။ အမြဲတမ်း တင်းမာခက်ထန်နေတတ်သော သူတို့ဖခင်မှာ ချင်ချင်လေးအားမြင်လျှင် မြင်ချင်း မျက်နှာထားချက်ချင်းပြောင်းလဲသွားသည်ကို သူတို့ ရိုးအီနေအောင် မြင်ဖူးနေကြပြီ မဟုတ်ပါလား ?

အမှန်အတိုင်းပြောရလျှင် သူတို့ကိုယ်တိုင်ရော ထိုသို့ပင် မဟုတ်ပါလား? ချင်ချင်လေးက အလွန်ချစ်စဖွယ်ကောင်းလွန်းသဖြင့် မြင်ရသူတိုင်းက မြင်မြင်ချင်းချစ်ခင်မိကြသည်မှာ သဘာဝပင်။

"ဦးဦး... မုန့်စားပါဦး!"

ချင်ချင်လေးသည် စားဖိုမှူးအဘွားကြီးပေးလိုက်သော ပဲနောက်ယိုမုန့်လေးကို သတိရသွားပြီး တန်ဖိုးရှိသော ရတနာတစ်ခုပမာ ဖူဟန်ကို ပေးလိုက်သည်။

"ချင်ချင်လေးက ဦးဦးဖူကိုပဲ သတိရတာလား၊ ငါ့ကိုရော ?" ဘေးနားတွင် လိမ္မော်သီးစားနေသော ကူးလန်သည် မနာလိုစိတ်ကြောင့် အသံမှာ အချဉ်ပေါက်နေတော့သည်။

"တိတိလည်း စားပါဦး!"

ချင်ချင်လေး ချက်ချင်းဆိုသလိုကူးလန်ဘက်သို့ လှည့်ကာ ပုလဲလုံးလေးလို ဖြူဖွေးနေသော သွားလေးများ ပေါ်သည်အထိ အလိုလိုက်သည့် အပြုံးလေးဖြင့် ပြုံးပြလိုက်သည်။

"ဦးဦးပိုင်၊ အာကျင်းနဲ့ ရှောင်ချန်တို့လည်း စားကြနော်!"

ဤတစ်ကြိမ်တွင်မူ သူမ မည်သူ့ကိုမျှ ချန်မထားတော့ပေ။

"သူကတော့ တကယ့် မုန်လာဥလေးပါပဲ၊ စိတ်လည်း အရမ်းမြန်တယ်" ဟု ဖူစစ်ကျင်း ချင်ချင်လေး နှာခေါင်းလုံးလုံးလေးကို အသာအယာတို့ရင်း စနောက်လိုက်သည်။

"ချင်ချင်က မုန်လာဥနီလေးပါ၊ စိတ်မမြန်ပါဘူး" ဟု မုန်လာဥနီလေးက တည်တည်တံ့တံ့ပြန်ပြောလိုက်ရာ ဘေးနားရှိ လူကြီးများအားလုံး ပြုံးမိသွားကြသည်။

"ဒီကလေးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ" ဟု မိဘတစ်ဦးက မနေနိုင်ဘဲ ချီးကျူးစကား ဆိုလာသည်။

"ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ခင်ဗျားရဲ့ကလေးလည်း အရမ်းချစ်ဖို့ကောင်းပါတယ်" ဟု ဖူစစ်ကျင်းက ယဉ်ကျေးစွာ ပြန်လည်တုံ့ ပြန်လိုက်သည်။ သူသည် မိဘများအချင်းချင်း ဆက်သွယ်ပြောဆိုရမည့် နည်းလမ်းကောင်းကိုတတ်မြောက်သွားပြီဖြစ်သည်။ ကလေးကိုသာအမွှမ်းတင်ပြီး ချီးကျူးလိုက်လျှင် အဆင်ပြေသွားမည်သာ။ ထိုသို့ ချီးကျူးလိုက်ခြင်းက မိဘဖြစ်သူကို ချီးကျူးခြင်း ထက်ပင် ပိုထိရောက်ပြီးပျော်ရွှင်စေသည်။

"ဟားဟား... မဟုတ်ပါဘူးဗျာ၊ ကျွန်တော့်ရဲ့ မျောက်လောင်းလေးကတော့ နေ့တိုင်း ဆိုးလွန်းလို့ ကျွန်တော့်မှာ စိတ်မချမ်းသာရပါဘူး"

မျှော်လင့်ထားသည့်အတိုင်းပင် ထိုမိဘမှာအလွန်ဝမ်းသာသွားသည်။ သူသည် ဖူစစ်ကျင်းကို ရင်းနှီးနေသလိုခံစားရသဖြင့် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်သည်။

"ခွင့်ပြုပါ၊ ခင်ဗျားက Fu's Entertainment ရဲ့ ဥက္ကဋ္ဌ ဖူစစ်ကျင်း မဟုတ်လား?"

"ဟုတ်ပါတယ်"

ကြည့်ရသည်မှာ ဤလူသည်လည်း လုပ်ငန်းနယ်ပယ်တူမှဖြစ်ပုံရသည်။ ထို့ကြောင့်လည်း ဖူစစ်ကျင်းကို မြင်မြင်ချင်း ရင်းနှီးနေခြင်း ဖြစ်မည်။ ဖူစစ်ကျင်းက သူ့ လိပ်စာကတ်ကိုကမ်းပေးလိုက်ရာ တစ်ဖက်လူကလည်း အမြန်ယူပြီး သူ့လိပ်စာကတ်ကို ပြန်ပေးလာ သည်။

လိပ်စာကတ်ကို လက်ခံရရှိပြီး တစ်ချက်ကြည့်လိုက်သည့်အခါ ဖူစစ်ကျင်းမှာ အံ့သြသွားကာ— "ဒါရိုက်တာကောင်း လား?"

သူသည် ရုပ်ရှင်ရိုက်ကူးတိုင်း အောင်မြင်မှုရလေ့ရှိသော နာမည်ကျော် ထိပ်တန်းဒါရိုက်တာကြီး ကောင်းချုံးကွမ်ပင် ဖြစ်တော့သည်။

All Chapters