အခန်း (၅၂-၅၄)
Vol. 4 Ch. 52-54
ကောင်းကျိုးမပေးသောသမီးပျို
အခန်း (၅၂)
ရှန်ကျီယီက အတွေးထဲမှာ နစ်မျောကာ နေဆဲဖြစ်ပါတယ်။
ဂူထဲက အခြေအနေကို အကဲခတ်လေ့လာနေတဲ့ ရှန်ယန်ရှောင်ဟာ သူမအား သူမရှေ့ကအမွှာနှစ်ကောင်က ထူးဆန်းတဲ့အမူအယာနဲ့ သူမကို ကြည့်နေတာကို သတိထားမိလိုက်ပါတယ်။အတော်ကြာစိုက်ကြည့်နေပြီးမှသာ သူတို့အကြည့်တွေကို ရုတ်သိမ်းလို့ မျက်နှာလွှဲသွားကြပါတယ်။
အဲ့နှစ်ကောင် ဘာထဖြစ်မှန်းသေချာမသိတဲ့ ရှန်ယန်ရှောင်ကတော့ အဲ့အကြောင်းကို တွေးမနေတော့ဘဲ ခေါင်းထဲက ထုတ်လိုက်ပါတယ်။
ရှူရဲ့ သင်ကြားပြသမှုအောက်က သူမဟာ အဆင့်၆ကို ရောက်ပြီးတာကြောင့် အပူဒဏ်ကို ခံနိုင်နေမှန်း သူမ မသိခဲ့ပါဘူး။ဂူထဲကို ဝင်ပြီးတည်းက ဘာမှထူးထူးခြားခြားမခံစားခံရတာကို ရေခဲပိုးချည်ချပ်ဝတ်ကြောင့်လို့ ထင်နေခဲ့တာပါ။သူမအတွေးထဲမှာ သူမရဲ့အဆင့်အကြောင်းကို မတွေးခဲ့မိလိုက်ပါဘူး။
လမ်းကြောင်းဟာ ရှည်လျားလွန်းကာ ဘယ်တော့မှ မဆုံးတော့မယ်ပုံပေါက်နေပါတယ်။ဇာမဏီငှက်ရဲ့အသိုက်နေရာကို ပထမဆုံးဝင်ရောက်ဖူးတဲ့ ဇာမဏီမိသားစုက ရှန်ယိဖန်တို့လိုလူတွေအဖို့ အလင်းထွက်ကျောက်တွေရဲ့ အလင်းရောင် ရှိနေတာတောင် သတိဝီရိယရှိနေစေပါတယ်။သူတို့ဟာ တန်ခိုးရှင်ရဲ့နောက်ကနေ ကပ်လိုက်လာကြကာ တန်ခိုးရှင်နဲ့ ဝေးနေရင် ဂူထဲက ဘာမှန်းမသိတဲ့အရာတစ်ခုခုက သူတို့ကို ရုတ်တရက် တိုက်ခိုက်လာမှာကို တွေးကြောက်နေကြပါပြီ။
ရှန်ယန်ရှောင်တစ်ယောက်သာပဲ တန်ခိုးရှင်နောက်မှာ ကြက်မကြီးနောက်ကြက်ကလေးတွေလိုက်သလို လိုက်နေကြတဲ့ ဇာမဏီမိသားစုရဲ့ တတိယမျိုးဆက်တွေကို သရော်ပြုံးမိနေကာ ဘာဖြစ်တာလဲဆိုတဲ့ပုံစံနဲ့ ကြည့်နေပါတယ်။
နောက်ဆုံးမှာတော့ လူတိုင်းတမ်းတနေတဲ့ လမ်းအဆုံးကိုရောက်ပြီး ကျယ်ဝန်းတဲ့ ဂူနေရာကို ရောက်လာကြပါတယ်။
ဂူတစ်ခုလုံးမှာ အလင်းထွက်ကျောက်၂၀ကျော်ကျော် ထွန်းထားပေမယ့် အခုမှာတော့ ဂူအတွင်းပိုင်းကို အလင်းပေးနေပါတော့တယ်။
အလင်းထွက်ကျောက်တွေရဲ့ အလင်းရောင်ကြောင့် ဂူအထဲက အရာတိုင်းကို လူတိုင်းတွေ့မြင်နေရပါတယ်။
နက်မှောင်နေတဲ့ ကျောက်တိုင်တစ်တိုင်က မြေပြင်ကနေ ဂူအမိုးထိ ထိစပ်နေပါတယ်။ကျောက်တိုင်ဟာ လူကြီးဆယ်ယောက်ဖက်စာလောက် ရှိပါတယ်။ကျောက်တိုင်မှာ အနီရင့်ရောင် အကောင်ပုံတစ်ခုက အပြည့်ရှိနေပါတယ်။ကြီးမားတဲ့ မီးသင့်ကျောက်တုံးကြီးတစ်တုံးက ကျောက်တိုင်ရဲ့အောက်နားမှာ ရှိနေပါတယ်။မီးသင့်ကျောက်ရဲ့ အပေါ်မှာတော့ လူခေါင်းလောက်ရှိတဲ့ ဥတစ်လုံးရှိနေပါတယ်။လူတိုင်းကို ဒီမြင်ကွင်းက ကြိုဆိုလိုက်တာဖြစ်ပါတယ်။
ဟုတ်ပါတယ် ဥတစ်လုံးပါ။
မီးလိုနီရဲနေတဲ့ဥခွံမှာ မီးတောက်ပုံရှိနေပါတယ်။ဥရဲ့အောက်ပိုင်းအနည်းငယ်က မီးသင့်ကျောက်နဲ့ တွဲစပ်လျက်ရှိနေပါတယ်။ဥအောက်ခြေက အက်ကွဲကြောင်းဟာ မီးသင့်ကျောက်တစ်ခုလုံးကို ပြန့်နှံ့နေပါတယ်။
ဇာမဏီငှက်ဥကိုတွေ့လိုက်ရတဲ့ တဒင်္ဂလေးအတွင်းမှာ ရှန်ယိဖန်ဟာ အကြည့်ကို မခွာနိုင်တော့ဘဲ နှလုံးခုန်မြန်လာပါတော့တယ်။
ဂူတစ်ခုလုံးကို ဖြုံလောက်ဖွယ် မီးဓာတ်တွေနဲ့ လွှမ်းခြုံနေပါတယ်။သို့ဖြစ်၍ အသက်ရှူလိုက်တိုင်း လည်ချောင်းတွေကို ပူလောင်သွားစေတာကို လူတိုင်းခံစားမိနေပါတယ်။လူတစ်ယောက်က အဆင့်၆ကိုရောက်ပြီးရင်တောင် ပြင်းထန်လှတဲ့ မီးဓာတ်ရဲ့ထိုးဖောက်မှုကို ခုခံနိုင်ဖို့ မတတ်နိုင်သေးပါဘူး။
မောင်နှမနှစ်ယောက်ဖြစ်တဲ့ ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ဟာ မီးဓာတ်တွေကို အဆုတ်ထဲထိ ရှူသွင်းထားရတာကြောင့် ချောင်းဆိုးရလွန်းလို့ မျက်စိတွေနီရဲနေသော်လည်း ဇာမဏီငှက်ဥကို လက်လွတ်ခံပြီးထွက်သွားချင်ပုံ မရပါဘူး။
"ဒါက ဇာမဏီငှက်လား"
မသေချာတာကြောင့် ရှန်ယိဖန်က တန်ခိုးရှင်ကို မေးလိုက်ခြင်းပါ။ဒီတစ်ဂူလုံးမှာလည်း ဇာမဏီငှက်နဲ့ ဆက်စပ်လို့ရနိုင်တာက ဒီဥပဲရှိပါတယ်။
တန်ခိုးရှင်က ပြုံးလိုက်ရင်းနဲ့ခေါင်းညိတ်ပြလိုက်ပါတယ်။အားကောင်းလှတဲ့ မီးဓာတ်တွေက သူ့အပေါ်ဘာမှ သက်ရောက်မှုမရှိပါဘူး။
နှစ်ရာကျော်ကြာအောင် အိပ်စက်နေခဲ့တာကြောင့် ဇာမဏီမိသားစုကို ကြီးမြတ်လှတဲ့ ဂုဏ်ထွန်းပြောင်စေခဲ့တဲ့ ဇာမဏီငှက်ဟာ အခုမှာတော့ ဥပုံစံနဲ့ လူတိုင်းမျက်စိရှေ့မှာ တွေ့မြင်နေရပါတော့တယ်။
ဥတစ်လုံး............
လူတိုင်းရဲ့နောက်မှာ ရပ်ကာကြည့်နေတဲ့ ရှန်ယန်ရှောင်ဟာ ထူးခြားပြောင်မြောက်ပုံပေါက်တဲ့ ဥကို တိတ်ဆိတ်စွာ ကြည့်နေသော်လည်း သူမစိတ်ထဲမှာတော့ သွေးထွက်မတက်ရယ်မောနေမိပါတယ်။
သူမဟာ နောက်ဆုံးမှာတော့ ဇာမဏီငှက်က အခုလို ကျယ်ပြောလှတဲ့ နေရာကြီးကို ဘာလို့ သိမ်းပိုက်ခဲ့သလဲဆိုတာကို သဘောပေါက်သွားပါပြီ............ဘာလို့လဲဆိုတော့ ရှိန်စရာကောင်းလှတဲ့ ဒဏ္ဍာရီသတ္တဝါရဲ့ ပုံစံက ဥတစ်လုံး ဖြစ်နေတာကိုး။မျက်စိမဖွင့်တဲ့ မှော်သားရဲတစ်ကောင်ကောင်ကသာ ဒီဥကို အစာမှတ်ပြီး စားလိုက်မယ်ဆိုရင်.....အထဲက ဇာမဏီငှက်အဖို့ အိပ်မက်မက်နေတုန်းမှာ သားရဲကောင်တစ်ကောင်ရဲ့ အစာအိမ်ထဲရောက်ရှိ စားသောက်ခံလိုက်ရတာကို သိရင်မှသိမှာလေ။
ဒီဥရဲ့ အရှိန်အဝါက အထင်ကြီးစရာဖြစ်သော်လည်း ဥ က ဥ ပဲလေ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၅၃)
ရှန်ယန်ရှောင်ဟာ အလွန်မယဉ်ကျေးစွာ....ခိုးကြောင်ခိုးဝှက်နဲ့ စိတ်ကူးထဲမှာ ရယ်မောနေရင်း....လူတိုင်းကို တိတ်တိတ်လေးလိုက် ကြည့်နေပါတယ်....ရှန်ယိဖန်အပါအဝင်ပေါ့လေ။ရှန်ယိဖန်ဟာ ဥကို အလွန်ရိုကျိုးလေးစားတဲ့ မျက်ဝန်းနဲ့ ကြည့်ရှုနေကာ နည်းနည်းလေး ပိုလိုက်မိရင် ဥရှိရာကို ပြေးလွှားသွားကာ အရိုအသေပေးတော့မယ့်ပုံပါပဲ။
"ကျွန်တော့်အနေနဲ့ တန်ခိုးရှင်ကို ဒုက္ခပေးရတော့မှာပဲဗျာ"
အသွေးအသားထဲက စိတ်လှုပ်ရှားနေမှုကို ဖုံးကွယ်ရင်း တန်ခိုးရှင်ကို ရှန်ယိဖန်က ခါးကိုင်းညွှတ်ကာ အရိုအသေပေးလိုက်ပေမယ့် သူ့ရဲ့ တုန်ရီနေတဲ့လက်တွေက သူစိတ်လှုပ်ရှားနေတာကို အထင်အရှားပြနေပါတော့တယ်။
ဒီအချိန်က တစ်ကယ့်အချိန်ပါပဲ။သူတို့မျက်စိရှေ့က ဇာမဏီငှက်ဟာ ဇာမဏီမိသားစုရဲ့ ဂုဏ်သိက္ခာကို အမြင့်ဆုံးရောက်အောင် လုပ်ဆောင်ပေးမယ့်အရာပါပဲ။ဒါကို စိတ်မလှုပ်ရှားဘဲ ရှန်ယိဖန်က ဘယ်လိုနေနိုင်မှာလဲ။စတည်းက ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ မောင်နှမနှစ်ယောက်ကို ရှန်ယိဖန်က မျက်စိထဲ ထည့်မထားခဲ့ပါ......ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်က ဝါ အရမှာရော တိုက်ခိုက်မှုနေရာမှာပါ သူ့ကို ယှဉ်နိုင်တာ မဟုတ်လို့ဖြစ်ပါတယ်။
ဇာမဏီငှက်က သူနဲ့ပဲ သက်ဆိုင်ဖို့ဖြစ်လာတာလေ။
ရှန်ကျီယီနဲ့ရှန်ကျီဝေတို့က ရှန်ယိဖန်ကို ခိုးကြည့်နေပါတယ်။သူတို့ရဲ့အရည်အချင်းတွေ ကောင်းမွန်ပေမယ့် ရှန်ယိဖန်ကိုယှဉ်ပြိုင်ဖို့က သိပ်မဝံ့ရဲဖြစ်နေပါတယ်။ပုံမှန်ဆိုရင် ရှန်ယိဖန်ကို ဇွတ်ယှဉ်နေမှာမဟုတ်ပါဘူး။သူတို့တွေက တစ်ဝမ်းကွဲ မောင်နှမတွေဖြစ်ပေမယ့် ရှန်ယူနဲ့ရှန်ဂျန်က အမြဲလိုလို မတည့်ကြပါဘူး....ဒီတော့ သူတို့ရဲ့ သားသမီးတွေလည်း ဆက်ဆံရေးအဆင်မပြေတာ မထူးဆန်းပါဘူးလေ။
ရှန်ယိဖန်သာ အစွမ်းအစမရှိရင် သူတို့နှစ်ယောက်ပေါင်းပြီး ရှန်ယိဖန်ကို နှိပ်ကွပ်တာ ကြာလှရောပေါ့။
ဒါပေမယ့်လည်း သူတို့ရှေ့က အလွန်ကြီးမားတဲ့ အခွင့်အရေးကြီးကို လက်လွှတ်လိုက်ရတော့မှာပါ။သူတို့မောင်နှမနှစ်ယောက်က စိတ်ထဲကနေ ရှန်ယိဖန်ကို ကျိန်ဆဲလိုက်တာက ဇာမဏီငှက်က သူ့ကို ဂရုမပြုပဲ စာချုပ်မချုပ်ဖြစ်ဖို့ပါ။ဒီလိုသာ ဖြစ်ခဲ့ရင် ဇာမဏီငှက်ကို ပိုင်ဆိုင်ဖို့ သူတို့အခွင့်အရေးရပြီလေ။
ဒီလိုချက်ချင်းလက်ငင်းအောင်မြင်မှု ရမယ့်အခွင့်အရေးမျိုးကို မလိုချင်သူဘယ်သူရှိမှာလဲ။သူတို့မရနိုင်မှာတော့ တစ်ခြားလူရသွားဖို့လည်း ခွင့်မပြုနိုင်ပါဘူး။
ဇာမဏီမိသားစု တတိယမျိုးဆက်တွေရဲ့ လူသိရှင်ကြားတိုက်ခိုက်မှုတွေနဲ့ နောက်ကွယ်မှာ ယှဉ်ပြိုင်နေမှုတွေကို နတ်ဘုံက နတ်တမန်တွေအနေနဲ့ ဘာမှမသိချင်သလို တစ်မိသားစုလုံးရဲ့ ပဋိပက္ခတွေကို ဝင်ရောက်ဖြေရှင်းဖို့လည်း စိတ်မဝင်စားပါဘူး။
နတ်တမန်၁၈ယောက်လုံးဟာ မီးသင့်ကျောက်တုံးနဲ့ ခြေဆယ်လှမ်းအကွာကနေ စက်ဝိုင်းပုံစံနဲ့ ဇာမဏီငှက်ကို ဗဟိုပြုဝန်းရံထားကြပါတယ်။
တန်ခိုးရှင်ဟာ ပြင်းထန်လှတဲ့ အပူရှိန်တွေ ထုတ်လွှတ်နေတဲ့ ဇာမဏီဥရှိရာကို ပုံမှန်ခြေလှမ်းနဲ့လှမ်းလျှောက်သွားပါတယ်။သူ့လက်ထဲက ရွှေရောင်သံလိုက်အိမ်မြှောင်က ဘယ်အချိန်မှာရောက်နေတာလဲဆိုတာ မသိကြပါဘူး။အိမ်မြှောင်ပေါ်မှာ အပိုင်းလေးပိုင်း ခွဲထားပါတယ်။စက်ဝိုင်းပုံ အပိုင်းတစ်ခုစီမှာ ရှေးဟောင်းပုံစံတစ်ချို့ ထွင်းထုထားတာကို တွေ့ရမှာပါ။စက်ဝိုင်းရဲ့ အပြင်ဖက်ဆုံးအပိုင်းမှာ ဒဏ္ဍာရီသတ္တဝါလေးကောင်ရဲ့ ပုံကို အရှေ့၊အနောက်၊တောင်၊မြောက် လေးမျက်နှာကနေ ထွင်းထုထားပါတယ်။
တန်ခိုးရှင်နဲ့ရှန်ယန်ရှောင်နေရာက တော်တော်လှမ်းတာကြောင့် တန်ခိုးရှင်လက်ထဲက ရွှေရောင်သံလိုက်အိမ်မြှောင်က အဆက်မပြတ် လှည့်ပတ်နေတာကို သူမ အဝေးကနေ တွေ့မြင်နေရပါတယ်။
ကျွတ်ဆတ်ဆတ်ထွက်ပေါ်လာတဲ့ မြည်သံနဲ့အတူ ရွှေရောင် သံလိုက်အိမ်မြှောင်က ရပ်သွားပါပြီ။ရေတွက်လို့ရနိုင်တဲ့ အလင်းတန်းအချို့က သံလိုက်အိမ်မြှောင်ကနေ ထွက်ပေါ်လာပါတယ်။အလင်းတန်းရဲ့အောက်မှာ မီးတန်းလိုအနီရောင်နဲ့အတူ အရိပ်တစ်ခုက လေထဲမှာ ထွက်ပေါ်လာပါတော့တယ်။ထိုအရိပ်ဟာ မီးလျှံငှက်တစ်ကောင်က အတောင်ပံတွေဖြန့်ကာ လေထဲပျံတက်နေတဲ့ ပုံမျိုးဖြစ်ပါတယ်။ထိုအရာက ဝင်းဝင်းတောက်နေတဲ့ မီးတောက်တွေကို နေရာအနှံ့ကို ထုတ်လွှတ်နေပါတယ်။ကြီးမားလှတဲ့ မီးလျှံငှက်တစ်ကောင်ဟာ လေထဲမှာ ဝဲပျံနေပါတယ်။မျက်တောင်တစ်ခတ်မျှကြာပြီးနောက်မှာ အဲ့အရာက အနီရောင်အလင်းတန်းအဖြစ် ပြောင်းသွားကာ ဇာမဏီငှက်ဥထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပါတော့တယ်။
မြင်တွေ့လိုက်ရသမျှအားလုံးက ဇာမဏီမိသားစုဝင် ၈ယောက်ကို မင်သက်သွားစေပါတယ်...တန်ခိုးရှင်လက်ထဲက ရွှေရောင်သံလိုက်အိမ်မြှောင်က ဘာလဲဆိုတာကို သူတို့မသိပါဘူး။သူတို့ဟာ ရုတ်တရက်ပေါ်လာကာ ဇာမဏီငှက်ဥထဲကို ဝင်သွားတဲ့ မီးလျှံငှက်က အမြင်မှားနေပြီး မြင်ချင်ရာတွေလျှောက်မြင်နေတာ ဟုတ်မဟုတ်လည်း မသိပါဘူး။
အခုဖြစ်နေတာတွေအားလုံးက သူတို့နဲ့ အလှမ်းဝေးလွန်းလှပါတယ်။
ရုတ်တရက်ဆိုသလို ကျယ်ပြန့်လှတဲ့ဂူကြီးက လှုပ်ရမ်းသွားပါတယ်။ရှန်ယန်ရှောင်ခြေထောက်အောက်က မြေကြီးက တုန်ခါနေရင်းမှ အက်ရာတွေအများကြီးဖြစ်ကာ ကွဲထွက်သွားပါတယ်။အက်ကြောင်းတွေကနေ သူမသေသေချာချာ တွေ့မြင်လိုက်တာက စီးဆင်းနေတဲ့ ချော်ရည်ပူတွေဖြစ်ပါတော့တယ်။မီးချော်ရည်တွေက သူမခြေထောက်အောက် သုံးမီတာအကွာလောက်မှာ ရှိပါတယ်။အဖြူရောင်ရေနွေးငွေ့တွေက အက်ကြောင်းတွေထဲကနေ အဆက်မပြတ်ထွက်နေပြန်ပါတယ်။အလွန်ပူပြင်းလှတဲ့ အပူရှိန်က လူတွေအားလ့ုးကို သူတို့ကိုယ်သူတို့ ရေနွေးငွေ့ပေါင်းအိုးထဲ ရောက်နေသလားလို့ ထင်မှတ်မိသွားစေပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၅၄)
ရှန်ယန်ရှောင်က သူမရှေ့ကအဖြစ်အပျက်အားလုံးကို အံ့အားသင့်စိတ်လှုပ်ရှားစွာ ကြည့်နေမိပါတယ်။နတ်တမန်တွေကလွဲလို့ ကျန်တဲ့ ဇာမဏီမိသားစုဝင် ၇ယောက်ဟာ ထိတ်ထိတ်လန့်လန့်နဲ့ ရှုပ်ရှက်ခတ်နေကြပါပြီ။မောင်နှမနှစ်ယောက်ဖြစ်တဲ့ ရှန်ကျီယီနဲ့ရှန်ကျီဝေတို့က စူးရှစွာအော်ဟစ်ပြီး သူတို့အစောင့်တွေအပေါ်ကို ခုန်တက်လိုက်ကြပါတယ်။အက်ကွဲကြောင်းတွေကို လျင်မြန်စွာ ရှောင်တိမ်းနေတဲ့ ရှန်ယိဖန်မျက်နှာဟာ အရင်တုန်းကရှိခဲ့တဲ့ ယုံကြည်မှုအပြည့်နဲ့ဟန်ပန်မျိုးက မရှိတော့တာကြာပါပြီ။တုန်လှုပ်မှုအောက်မှာ သူ့မျက်နှာက ဖြူစွတ်နေပါတယ်။
"ဇာမဏီငှက်က နိုးထတော့မယ်"
ရှူ့အသံက ရှန်ယန်ရှောင်စိတ်ထဲကို တိုးဝင်လာပါတယ်။
ကွဲအက်သံတွေက ရှုပ်ထွေးနေတဲ့ကြားကနေ ထွက်ပေါ်လာပါတယ်။မီးသင့်ကျောက်ပေါ်မှာ ငြိမ်သက်စွာတည်ရှိနေတဲ့ ဇာမဏီငှက်ဥရဲ့အခွံတွေက အက်ရာတွေဖြစ်ပေါ်လာကာ တောက်ပနေတဲ့အနီရောင် အလင်းတန်းတွေက အက်ရာတွေကနေ ထိုးထွက်နေပါတယ်။
တစ်ဂူလုံးကို ဖုံးလွှမ်းနေတဲ့ အပူနဲ့အတူ မီးလိုနီရဲရဲအရောင်က လူတိုင်းမျက်စိကို ဖုံးသွားပါတော့တယ်။
မီးနီရောင်ကလွဲရင် ကျန်တာကို ဘာမှမမြင်ရတော့ပါ။
တုန်လှုပ်မှုက လူတိုင်းရင်မှာဖြစ်တည်လာပါတယ်။
ကံကောင်းစွာနဲ့ မီးနီရောင်က တဖြည်းဖြည်းချင်း မှိန်ဖျော့လာပြီး မီးသင့်ကျောက်ပေါ်မှာ သွားရောက်စုစည်းနေပါတော့တယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ မီးသင့်ကျောက်ဟာ အရှိန်ပြင်းလှတဲ့ မီးတောက်နဲ့ရှို့ခံလိုက်ရသလို တောက်လောင်တောက်ပနေပါတယ်။
မီးတောက်အတွင်းကနေ သေးငယ်လှပလှသော လက်ကလေးက ဆန့်ထွက်လာပါတယ်။မီးတောက်က အသက်ရှိနေသလိုမျိုးနဲ့ လက်လေးကို ဆက်တိုက်လွှမ်းခြုံနေပါတယ်။အလွန်ပူပြင်းတဲ့ မီးတောက်က မီးချပ်ဝတ်လိုမျိုး ထိုလှပသေးငယ်တဲ့ လက်ကို ကာထားပါတယ်။
မီးတောက်အားလုံးက ပြောင်းလဲအပြီးမှာတော့ သုံးလေးနှစ်ခန့်ရှိမယ့် ကောင်လေးတစ်ယောက်က လူတိုင်းမျက်စိအောက်မှာ ထွက်ပေါ်လာပါတယ်။
အနီတောက်တောက် ဆံပင်ရှည်တွေက သူ့ပုခုံးပေါ်ထိကျရောက်နေပါတယ်။လှပပြည့်စုံတဲ့ သူ့မျက်နှာတစ်ခုလုံးဟာ မိုးကောင်းကင်ရဲ့ အကောင်းဆုံးအနုပညာလက်ရာတစ်ခုလိုပါပဲ။အကောင်းဆုံးအနုပညာလက်ရာတစ်ခုဟာ ဒီကလေးငယ်ရဲ့ ပုံစံနဲ့နှိုင်းယှဉ်ရင် အနုပညာလက်ရာက အနည်းဆုံး သုညဒဿမသုညတစ်0.01လောက် ညံ့နေနိုင်ပါသေးတယ်။
ထို ငယ်ရွယ်ပျိုမြစ် နူးညံ့ သေးငယ်လှတဲ့ ပြည့်စုံလှပလွန်းတဲ့မျက်နှာလေး....လူတွေကို အံ့သြတစ်ကြီးဖြစ်စေတဲ့မျက်နှာလေးမှာ...မီးတောက်လောင်နေသလို တရှိန်ရှိန်တောက်ပနေတဲ့ အနီရောင် မျက်လုံးတစ်စုံရှိနေပါတယ်။အဲ့ဒီမျက်လုံးတွေထဲမှာ ကလေးငယ်တစ်ယောက်ရဲ့ အပြစ်ကင်းစင်လှတဲ့ အမူအယာရှိမနေဘဲ လုံးဝကြီးမြတ်တဲ့အမူအယာပဲ ရှိနေပါတယ်။
မီးတောက်တွေက ကလေးငယ်ရဲ့ကိုယ်လုံးနဲ့ကွက်တိဖြစ်တဲ့ ကိုယ်ကျပ်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားကာ လေထဲမှာကလေးငယ်ကို အဖော်ပြုနေပါတယ်။
သူကအလွန်သေးငယ်တဲ့ခန္ဓာကိုယ်ရှိနေပေမယ့် ဆရာကြီးစတိုင်နဲ့ လေထဲမှာ ဂိုက်ပေးနေပါတယ်။အဲ့ဒီခြေထောက်သေးသေးလေးတွေက် ဘဝင်မြင့်စွာချိတ်ထားပါတယ်။အဲ့ဒီကောင်စုတ်လေးက လက်တစ်ဖက်နဲ့မေးကိုထောက်ရင်း သူ့ရဲ့မီးတောက်မျက်လုံးတွေနဲ့ အောက်ကကြောင်အအဖြစ်နေတဲ့လူတွေကို အပေါ်စီးကနေမိုးကြည့်နေလိုက်ပါတယ်။
ရှန်ယိဖန်တို့တစ်တွေဟာ ခေါင်းကိုမော့ပြီး အဆိုပါ ပုံမှန်မဟုတ်တဲ့ ကလေးလေးကို ကြည့်လိုက်ရင်း ကြောင်တက်တက်ဖြစ်နေပါတယ်။သူတို့ရင်ထဲမှာတော့ သူ့ရဲ့ ဇာတိသရုပ်မှန်ကို ခန့်မှန်းပြီးနေပါပြီ ဒါပေမယ့်.........
သူတို့အတွက် ဒီဘဝင်ခပ်မြင့်မြင့်နဲ့မာနကြီးတဲ့ကလေးငယ်ဟာ အိပ်ယာဝင်ပုံပြင်တွေထဲက ဒဏ္ဍာရီလာဇာမဏီငှက်ဖြစ်တယ်ဆိုတာကို လက်ခံရခက်နေပါတယ်။
ဆွေးနွေးပြောဆိုရမယ့် ဒဏ္ဍာရီသတ္တဝါတွေဘယ်ရောက်ကုန်တာလဲဟ..
"ငတုံးလူသားတွေ ငါ့ရဲ့အနားယူမှုကို နှောက်ယှက်တာရဲ့အကျိုးဆက်က ဘာလဲဆိုတာကို သိကြရဲ့လား"
ကြောက်မက်ဖွယ်အသံက ထိုကောင်လေးရဲ့ပါးစပ်ကနေထွက်ပေါ်လာတာပါ။ကြောက်စရာအသံနှင့်အတူ ကလေးတစ်ယောက်ရဲ့အသံတစ်စွန်းတစ်စ တွဲပါလာပါသေးတယ်။ဂူအတွင်းက အပူချိန်က ချက်ခြင်းမြင့်တက်သွားပြန်ပါတယ်။
ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ဟာ မြင့်တက်လာတဲ့အပူချိန်ကြောင့် အသက်ကို အငမ်းမရရှူသွင်းနေကာ...ထိုပူပြင်းလှတဲ့လေတွေကိုယ်ထဲကို ဝင်သွားရင် ထိခိုက်မိမှာ စိုးရိမ်တာကြောင့် လက်နဲ့နှာခေါင်းတွေပါးစပ်တွေကို အုပ်ထားကြပါတယ်။
ကောင်ကလေးက ဘယ်သူ့မှထီမထင်ဟန်နဲ့ ဂူထဲကလူတွေကို မျက်လုံးဝေ့ကြည့်လိုက်ပါတယ်။တန်ခိုးရှင်ရဲ့ ခပ်ပြုံးပြုံးအမူအယာကိုတွေ့လိုက်ချိန်မှာ မျက်မှောင်ကုပ်သွားပါတယ်။
"မင်းရဲ့ အဲ့အပြုံးမျိုးကို ငါအရွံမုန်းဆုံးပဲ"
လက်လေးကဝှေ့ယမ်းသွားတဲ့အခါ မြေပြိုလောက်တဲ့ မီးလုံးကြီးဟာ တန်ခိုးရှင်ရှိရာကို လှိုင်းလုံးတစ်လုံးလို ပြေးဝင်သွားပါတယ်။
တန်ခိုးရှင်လက်ကနေ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာက သူ့ဆီပြေးဝင်လာတဲ့ မီးလုံးကို ဝင်တိုက်လိုက်ပါတယ်။ကျယ်လောင်တဲ့ပေါက်ကွဲသံကြီး ထွက်ပေါ်သွားပါတော့တယ်။
"သေချာပေါက်ကိုပဲ သတင်းထွက်နေသလို ဇာမဏီငှက်က မာနအလွန်ကြီးတာပဲ။ရိုကျိုးလှသူကျွန်တော်က နတ်ဘုံရဲ့လက်ရှိတန်ခိုးရှင်ပဲ ဖြစ်ပါတယ်"
တန်ခိုးရှင်ရဲ့ သိမ်မွေ့တဲ့အသံဟာ ပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာပါတယ်။